Tuesday, August 30, 2011

လွမ်းသလေလေ့..


ငယ်ငယ်က ဒီလို တော်သလင်းလထဲဝင်လာပြီဆို လွှတ်ပျော်တာပေါ့ဗျာ။ အနယ်နယ်အရပ်ရပ်မှ ၁၂ ပွဲဈေးသယ်တွေ အာရုံထားကြတဲ့ မိတ္ထီလာ ကန်ဘေးက ဖေါင်တော်ဦးဘုရားပွဲ၊  မကြာခင် စတော့မယ်လေ။

ဘုရားကို ဖေါင်တော်ကြီး ( ကရ၀ိတ်ငှက်ပုံ ) တည်ထားပါတယ်။ အဲဒီတော့ အတွင်းပိုင်းမှာ ခန်းမအရှည်ကြီးရှိနေပြီး၊ ဒီခန်းမကို တခါတရံ တရားပွဲကျင်းပရာမှာ သုံးလေ့ရှိပါတယ်။ အဲဒီ့ခန်းမ အစွန်တနေရာမှာ လှေနှစ်စင်းဟာ တနှစ်တာရဲ့ ကျန်တဲ့အချိန်တွေမှာ စဉ်ကြီးပေါ်မှာ မှောက်လျှက် ငြိမ်ငြိမ်သက်သက်နဲ့။ 

အခုလို တော်သလင်းလထဲရောက်လာရင်တော့ လှေနှစ်စင်းကို  ပွဲညှက်တွေနဲ့ဖာ.. အနက်ရောင် အောက်ခံ အနီရောင် ဘောင်အနားသပ်တွေကို ဆေးအသစ်သုတ်ပါတယ်။ လပြည့်ခါနီးလို့ ဘုရားပွဲနားနီးလျှင်သူတို့ဟာ ခန်းမအလယ်မှာနေရာယူပြီး  ဘုရားပွဲရဲ့ အဓိကကျသော  လှေပြိုင်ပွဲအတွက် အဆင်သင့် ဖြစ်နေပြီပေါ့။

လှေနှစ်စင်းမှာ သူ့နာမည်နဲ့သူရှိပါတယ်။ တစင်းက ကြံတိုင်းအောင်၊ နောက်တစင်းက ရန်ကင်းမောင်တဲ့။ ဘယ်လိုကစ စိတ်စွဲနေတယ်တော့မသိ၊ ကျွန်တော်တို့ သူငယ်ချင်းတစုမှာ အစွဲလေးတခုရှိပါတယ်။ လှေနှစ်စင်းမှာ ကြံတိုင်းအောင်က အကြီး၊ ရန်ကင်းမောင်က အငယ်၊ ရန်ကင်းမောင်က ပိုသွက်တယ်၊ တော်ရုံတန်ရုံအသင်း ရန်ကင်းမောင်ကို မဲနိုက်လို့ လှော်ခွင့်ရရင် နိုင်ဖို့များတယ်လို့ တရားသေမှတ်နေတာပါ။

ကန်အလယ် ဘုရားအရှေ့မှာ မြောက်ဖက်ကန်ကနေ တိုင်တွေတန်းစီစိုက်လာပြီး အလံတိုင် အနီရယ် အဖြူရယ် နှစ်တန်းလုပ်ပါတယ်။ တာလွှတ်တဲ့နေရာ ရေလည်ခေါင်မှာစဉ်တခုထိုး၊ အမိုးလေးတခုနဲ့၊ နောက် ပန်းအ၀င်မှာ တိုင်တွေကို အပ်ချည်ကြိုးနဲ့ ကန့်လန့်ချည်ထားပါတယ်။ လှေဦးမှာ ဓါးပြားပုံ  အလံလွင့်တဲ့တိုင်အပြားလေးကိုယ်စီရှိတော့ အဲ့ဒီတိုင်လေးနဲ့ အပ်ချည်ကြိုးအရင်ထိုးဖြတ်သွားတဲ့ အဖွဲ့ က အနိုင်ပဲ။ အငြင်းမပွားအောင်လို့ ဒိုင်တယောက်က လှေနဲ့ ပန်းဝင်မှာစောင့်ကြည့်နေပါတယ်။ ရေလယ်မှာဆိုတော့ ဘုရားပေါ်ကအဖွဲ့သိသာအောင် နိုင်တဲ့ လိုင်းရဲ့အလံအရောင် ( အနီ၊ အဖြူ ) ထောင်ပြလေ့ရှိပါတယ်။

တာလွှတ်လိုက်ပြီဆိုတာနဲ့ အသံချဲ့စက် ( လော်စပီကာ လို့ကျွန်တော်တို့ခေါ်တဲ့ အော်လံ ) မှာ ဆိုင်းသံ ဗုံသံတွေဖွင့်ပြီး အဲ့ဒီံတီးလုံးနောက်ခံနဲ့ ပြိုင်ပွဲအကြောင်းကို တဦးက ကြေညာပေးပါတယ်။ ဆိုပါတော့ ကန်စွယ်အရပ်က အနီလိုင်းကနေ ရန်ကင်းမောင်လှေကို လှော်ခပ်လာတာ လှေဦးတဖျားသာနေပါတယ် ဆိုတာမျိုး။ ကြေညာပုံက  ရင်ခုန်လှုပ်ရှားဖွယ်အတိ။ လှေတလျားလုံး အပြတ်နိုင်တဲ့အဖွဲ့က ဂုဏ်အရှိဆုံးပါ။ 

ပြိုင်တာကတော့ ရှုံးထွက်ပွဲတွေပါပဲ။ အဲဒီတုန်းက နာမည်ကြီးတဲ့အဖွဲ့တွေကတော့ စောစောက ပြောခဲ့တဲ့ ကန်စွယ်ရပ်က။ သူတို့က တနေကုန် ကန်အလယ်မှာ ငါးဖမ်းနေတတ်တဲ့သူတွေဆိုတော့ လှေနဲ့ကျွန်းကျင်ပြီးသား။ ကျန်တဲ့ ရပ်ကွက် ကိုယ်စားပြု ၊ အစိုးရအဖွဲ့တွေကတော့ နီးပြီဆိုမှ လူစု၊ လှေငှားကြ၊ ကျင့်ကြနဲ့ဆိုတော့ နိုင်ခဲပါတယ်။ ဒါပေမဲ့ နိုင်လိုစိတ်အပြည့်နဲ့ အားလုံး အလေးအနက်ထား ပြိုင်ကြတဲ့ပွဲပါပဲ။

နိုင်သွားတဲ့အဖွဲ့က ပန်းတိုင်ကျော်သွားတာနဲ့ တက်တွေမြှောက်၊ ရေထဲကို တယောက်ပြီးတယောက်ခုန်ဆင်း အောင်ပွဲခံ၊ အတန်ကြာမှ လှေပေါ်တက် ဘုရားဆီသွား၊ နောက်နှစ်ဖွဲ့က လှေတွေယူ၊ အဲဒီနောက် တာလွှတ်တဲ့နေရာကို လှော်သွား ဆိုတော့ တပွဲနဲ့တပွဲ အတော်စောင့်ရပါတယ်။ ကျွန်တော်တို့တသိုက် အလွန်ဆုံး စိတ်ပါရင် ၂ ပွဲ ၃ ပွဲပဲ။ ဘုရားပွဲဈေးလှည့်ရတာလောက် မပျော်ကြပါ။

ဘုရားပွဲဈေးကတော့ မြို့လယ် မင်းရပ်၊ မြို့မ ရပ်ကွက်က ရှိသမျှလမ်းကြား ဘယ်ညာမှာ ဆိုင်တွေစီနေတာပဲ။ ဆိုင်ခန်းတွေကို ဘုရား ဂေါပကအဖွဲ့က အကွက်ရိုက် ပေးထားတာ။ အဲဒီရပ်ကွက်မှာရှိတဲ့အိမ် တွေအတွက် အိမ်ရှေ့မှာ အ၀င်ပေါက်သေးသေးလေးချန်ပြီး နေရာချပေးထားပါတယ်။ ဆိုင်ကြီးရင် ၃ ခန်း ၄ ခန်း ဆက်ယူပေါ့။ 

နေကြတဲ့သူ အတော်များများတော့ ဘုရားပွဲရက်တွေ မှာ စိတ်ညစ်ရပါတယ်။ လင်းထိန် ဆူညံနေတာပဲ။ ပြေလည်အောင် ပေါင်းကြသူတွေကျတော့လဲ နောက်ပိုင်းမှာ ဆိုင်တွေနဲ့ အမျိုးတွေလို ခင်သွားကြတာလဲရှိပါတယ်။ ဘုရားပွဲ စတော့မယ်ဆို သိထားတဲ့ဆိုင်တွေအတွက် နေရာကိုတောင် ကြိုယူပေးထားတတ်ပါတယ်။

ဘုရားပွဲ ကဆိုင်တွေမှာ နေ့ပိုင်းအချိန်တွေဆိုရင် မြို့ခံတွေ လည်ကြတာက နည်းပါတယ်။ အနီးနား ရွာနီးချုပ်စပ်က သူတွေကပိုများပါတယ်။ အရောင်လွင်လွင် အ၀တ်အစားသစ်တွေနဲ့၊ ပါးနီတွေနဲ့၊ ချွေးတပြိုက်ပြိုက်နဲ့၊ ပျော်ပျော်ပါးပါးနဲ့။ ကျွှန်တော်တို့လဲ တခါတလေ ဦးတည်ရာမဲ့ လျှောက်ကြတာပါပဲ။

အဲဒီ့လိုနေ့ခင်းဖက်လည်ရင်း တရက်က ဘုရားပွဲဈေး ကန်စောင်းမှာ ရေချိုးနေတဲ့ အမျိုးသမီးတဦးတွေ့တော့ ကျွန်တော်တို့ အံ့သြတကြီးဖြစ်ခဲ့ပါတယ်။ အဲဒီ့အမျိုးသမီးဟာ အရင်ရက်က ငါးမူးပေး ကြည့်ခဲ့တဲ့ အာကာသမှ ပန်ကန်ပြားမယ်။  အဲဒီတုန်းက သူမဟာ ရုံထဲမှာ စားပွဲခုံပေါ်က ဒန်ပန်းကန်ပြားလေးပေါ်မှာ ခေါင်းလေးပဲရှိတဲ့သူ။ မိတ်ကပ်တွေနဲ့ မျက်နှာသေလေးနဲ့။ ကျွန်တော်ကိုယ်တိုင် သူ့ပါးစပ်ထဲ ကြောက်ကြောက်နဲ့ ဘီစကွတ်တချပ် ခွံ့ ပေးဖူးပါတယ်။ အကောင်းအတိုင်း မြင်ရတော့ အကုန် တအံ့တသြနဲ့ ၀ိုင်းအော်တော့ လစ်ရောပဲ။ 

တခါတလေ ဇာတ်ရုံတွေထဲ ညအတွက် ပြင်ဆင် နေတာတို့ ယိမ်းအတွက် ညှိကြ ပြင်ကြဆင်ကြ လုပ်နေတာတွေပါ ( ဗုံသံကြားရင် ) ၀င်ငေးတာပါပဲ။ ကလေးဆိုတော့ နေရာစုံအောင် လဲ ရောက်ပါတယ်။

သူငယ်ချင်းတယောက်ကတော့ မျက်လှည့်ဝါသနာပါတယ်။ အမြဲဝင်ကြည့်လေ့ရှိပါတယ်။ ပြီးရင် စာအိတ်လေးတွေနဲ့ ထည့်ရောင်းတဲ့လုပ်နည်းတွေဝယ်၊ ကျင့်ပြီး နောက် ဘုရားပွဲပြီးချိန်မှာ ပြန်လုပ်ပြလေ့ရှိပါတယ်။ 

ညပိုင်း အချိန်တွေမှာတော့ ကျွန်တော်တို့အပျော်ဆုံးပဲ။ ပွဲဈေးကို ဆိုင်တိုင်းစေ့ လျှောက်ကြည့်ကြပါတယ်။ ၀ယ်ချင်တဲ့ ကစားစရာတွေလဲ စိတ်ကူးယဉ်ကြပါတယ်။ အိမ်က စည်းကမ်းတခု လုပ်ပေးထားတာရှိပါတယ်။ ပွဲတော် နောက်ဆုံးနေ့ရောက်ရင် ကြိုက်တဲ့ကစားစရာ တခုပြော၊ လိုက်ဝယ်ပေးလေ့ရှိပါတယ်။ ဒီတော့ ဘယ်ဆိုင်က ဘာလိုချင်လဲဆိုတာကို စေ့စေ့စပ်စပ် လိုက်ကြည့်ထားမိပါတယ်။ အဲဒီတုန်းက သဘောကျတာက စတီးဆွဲကြိုးတွေ၊ ငြိမ်းချမ်းရေးသင်္ကေတတို့၊ သိမ်းငှက်တို့၊ အဆွဲအမျိုးမျိုးနဲ့။ အဲဒီတုန်းက အခုလို ဟစ်ဟော့တွေ မပေါ်သေးပေမဲ့ သိပ်ဆွဲချင်တာ။

အိမ်ကတော့ အဲဒီ့ဆွဲကြိုးတွေကို ဘယ်တော့မှ ၀ယ်ခွင့်မပေးပါ။ သူတို့ပြောတာက စတီးဆွဲကြိုးတွေက သိပ်ခိုင်တော့ တခုခုနဲ့ ငြိနေရင် ပြတ်မထွက်ဖူး၊ ကျွန်တော်ကလဲ အငေးသန်တော့ မြင်းလှည်းအဆင်းတို့ ဘာတို့မှာ ငြိမိရင် အသက်အန္တရာယ် ရှိတယ်တဲ့။ မ၀ယ်ရလေ ငမ်းလေပါပဲ။ နောက် သဘောကျတာကတော့ အရုပ်သေနတ်အမျိုးမျိုး။ များသောအားဖြင့်တော့ သေနတ်ပဲဝယ်ဖြစ်ပါတယ်။ ဘုရားပွဲအပြီးမှာ ကျွန်တော်တို့တသိုက် ကစားလေ့ရှိတာကလဲ သေနတ်အသစ်ကိုယ်စီနဲ့ သေနတ်ပစ်တမ်းပဲ။

အဓိကကတော့ ဘာဝယ်လာတယ်ဆိုတာကို ကြွားကြတာပဲ၊ အဲဒီတုန်းကတည်းက အကြွားမှာ ဇ'ကလေးနဲ့ သူငယ်ချင်းတစုပေါ့။ လေထိုး မှော်ဘီဘော်လုံး ၀ယ်ဖြစ်တဲ့နှစ်ဆိုရင်လဲ လက်ညှိုးမှာ ဘော်လုံး ကြိုးအိတ်ကလေးကိုချိတ် တဘုတ်ဘုတ်နဲ့ ကန်ရင်း လျှောက် သွားပြနေတာပေါ့။

ပွဲဈေးလည်ဖို့ မုန့်ဘိုးကတော့ ညတိုင်းလိုလိုပေးပါတယ်။ သိပ်တော့မများပါဘူး။ ဒါကိုစုထားနိုင်ရင်တော့ ကိုယ်ကြိုက်တာ ကိုယ်ဝယ်ပေါ့။ ဒါပေမဲ့ စုခဲပါတယ်။ ပွဲဈေး တပတ်ပတ်ရင် ၀ယ်စားချင်တဲ့မုန့်တို့ တကျပ်ဖိုး သုံးကား ကြည့်ချင်တဲ့စိတ်တို့၊ ထူးထူးဆန်းဆန်းလေးတွေ ( မျက်လှည့်တို့  အာဖရိကက မြွေကြီးတို့ ) ကြည့်ချင်တဲ့စိတ် ပေါ်လာလေ့ရှိတယ်ဆိုတော့ များသောအားဖြင့် အိမ်ပြန်ရင် အိတ်ကပ်ဗလာပါပဲ။

အချိန်အကုန်ဆုံးနေရာကတော့ တကျပ်ဖိုး သုံးကားအရှေ့မှာပါပဲ။ အသံချဲ့စက်နဲ့ သူညွှန်းနေတာကို သိပ်သဘောကျတယ်၊ နောက် လိုက်ကာဖွင့်အပေး အမြည်းကြည့်ရတာကို ကြိုက်တယ်၊ ဒီတော့ ရုံထဲဝင်ကြည့်မိသလို ရုံအရှေ့မှာစောင့်ရင်း သူတို့အခေါ် နမူနာ.. ဆိုတဲ့အမြည်းကိုလဲ စိတ်ရှည်လက်ရှည် စောင့်ကြည့်လေ့ရှိပါတယ်။အကြိုက်ဆုံးကားတွေကတော့ လူကိုနေထိ အရည်ပျော်ခြင်း၊ စွမ်းအားရှင်တိုက်ပွဲ၊ ပညတ်တော် ၁၀ ပါး ၊ လူရိုင်းနီရဲ့ ဂလဲ့စား တို့ပါ။ 

နှစ်တိုင်း ဒီကားတွေပဲ ပြတာဆိုပေမဲ့ ကြည့်ရတာ ရိုးသွား အီသွားတယ်လို့မရှိ၊ နောက်ပိုင်း ရုံထဲက အသံကြားရုံနဲ့ ဒါဘယ်အခန်းဆိုတာ အလွတ်ရလာသည်အထိ ကြည့်နေမိတာပါပဲ။

နောက် အခုတိုင် သတိတရ အရှိဆုံးက  ပွဲဈေးတန်းက မုန့်ပေါင်းစုံ။ မုန့်သိုင်းခြုံ၊ မုန့်လင်မယားကအစ နောက်ဆုံး ကြံပန်းခိုင်အထိ ခုံခုံမင်မင် ၀ယ်စားဖြစ်ပါတယ်။ အဲဒီတုန်းက ရောင်းသူတွေနဲ့ စားသူတွေအကြား ယုံကြည်မှု့မှာ အစွန်းအထင်းလဲ မရှိ၊ အိမ်ကလူကြီးတွေက ဘာဘာညာညာ ၀ယ်စားမနေနဲ့လို့ မှာလေ့မရှိ၊  သူတို့ကိုယ်တိုင်တောင်  ပွဲဈေးမှ ၀ယ်လာတဲ့မုန့်ဆိုပြီး အိမ်နီးချင်းတွေပါ ဝေငှနေကြပါသေးတယ်။

အိမ်အတွက် ပရိဘောဂတို့ ဘုရားစဉ်၊ ဖျာ စတာတွေကိုတော့ ဘုရားပွဲ နောက်ဆုံးရက်တွေမှာ လူကြီးတွေ ထွက်ဝယ်ကြပါတယ်။ အဲ့ဒီ့အချိန်ဆိုရင် ဈေးက အတော်လျှော့ပေးပါတယ်။ နောက် ကျွန်တော်ကြိုကြည့်ထားတဲ့ ကစားစရာ လိုက်ဝယ်ပေးပါတယ်။ အပျော်ဆုံးနေ့ပါပဲ။ 

ဒီဘုရားပွဲဈေးကို ငယ်စဉ်ကနေ ၁၀တန်းအောင်သည်အထိ ပျော်ပျော်ကြီး လည်လေ့ရှိခဲ့ပါတယ်။ နောက်ပိုင်းနယ်ဝေးမှာ ပညာသင်၊ နောက်အလုပ်ထဲရောက် နဲ့ ဝေးသွားလိုက်တာ အခုဆိုရင် ဝေးခဲ့တဲ့နှစ်တွေဟာ များလှပြီပေါ့။

သို့ပေမဲ့ စိတ်ထဲ စွဲနေအောင်မှတ်မိနေလို့ တခါတလေ စိတ်ကူးထဲမှာ တံတားထိပ်ကနေ တလှမ်းချင်း ဈေးဆိုင်တန်းထဲဝင်.. ညာဖက်မှာက ရဟတ်ကြီးနဲ့ ရုပ်ရှင်ရုံ၊ တဖြေးဖြေးနဲ့ နိဗ္ဗန်ကုန်ဆိုင်တွေ.. နောက် ဖျာတွေ...ထိုးမုန့်ဆိုင်တွေနဲ့ ချိုအီအီရနံ့များနဲ့ မုန့်သိုင်းခြုံဆိုင်တွေ၊ ဈေးဝယ်ခေါ်နေတဲ့ အသံတွေ... မှတ်မိနေတုန်းပါ။

အခုနေများ အကြောင်းတိုက်ဆိုင်လို့ ပြန်ကြုံဖြစ်ခဲ့ရင် ဆိုင်တန်းတွေအကြားမှာ သွားရင်း ပျော်နေမဲ့အစား အရင်တုန်းက ပျော်ခဲ့တာတွေပဲ ပြန်တွေးဖြစ်နေမလားပဲ မသိ.....

4 comments:

  1. ဟုတ်တယ်...။
    ဘုရားပွဲတွေက မုန့်သိုင်းခြုံ မစားရမနေနိုင်..။
    မုန့်ဆီကြော်လဲ ကောင်းတယ်..။
    ကျနော်တို့ဖက်မှာဆို..
    မရွေး..ရှမ်းမရွေးတွေ အချိန်နဲ့ရောင်းတတ်တယ်..။
    မုန့်လေပွေ နှီးကြိုးနဲ့ သီရောင်းတယ်..။
    တုတ်ထိုးရုပ်သေးကြည့်ရတာ သိပ်ကြိုက်တယ်..။
    သူက ဇာတ်လမ်းလေးနဲ့..။
    ကစားစရာတော့ သိပ်မကြိုက်ဘူး.။
    အရုပ်တွေ..။
    အိုးပုပ်တွေ စိတ်မဝင်စားဘူး.။
    ဖုန်တလောင်းလောင်းနဲ့ရောင်းတဲ့ မုန့်ဆိုင်တွေ
    မုန့်ဟင်းခါးတွေလောက်ပဲ စိတ်ဝင်စားတယ်.။
    ရဟပ်လဲစီးတယ်.။
    အကြီးတော့ မဟုတ်..အသေးလေးပါ.။
    အဟိ..။
    ခုနေ...ခခကိုသာ ပွဲဈေးပေးလည်ရင်..
    သေနပ်တွေ...ဝါးဓါးရှည်တွေ..ခြင်းလုံးတွေပဲ
    တောင်းဆိုတော့မှာ မြင်ယောင်သေးတယ်..။



    ပေါက်

    ReplyDelete
  2. 31 Aug 11, 01:09 AM
    Pauk: ဟို ဘလော့က ဘုရားပွဲဈေးအကြောင်းရေးတာ..သေနပ်ပြစ်တန်းကစားတယ်တဲ့.. ( သေနပ် ပစ် ရတာ ထင်တယ်..) ထင်တာနော်..။ ထင်ပဲ ထင်တာပါ.။ မပြင်ရဲပါဘူး


    ဟီးးဟီးး

    ReplyDelete
  3. ပြင်လိုက်ပါပြီ။ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  4. အကိုရေးလိုက်မှ ငယ်ငယ်က ဘုရားပွဲဈေးလည်တာကို ပြန်အမှတ်ရမိတယ်..။
    စတိးဆွဲကြိုးလေးတွေကိုငမ်းဖြစ်တာ၊အထူးအဆန်းပြတဲ့ရုံလေးတွေကို သိပ်စိတ်
    ဝင်စားတာ၊မုန့်မျိုးစုံစားရတာတွေ ပြန်သတိရမိတယ်...အကိုရာ....။

    ReplyDelete