သို့ ဖြင့် နောက်ညများမှာ ဘယ်လို အလွယ်တကူ အိပ်မောကျစေမလဲ တွေးပြီး ညပိုင်း အပြင်ထွက်ဖြစ်ကြပါသည်။ ဘာပဲဖြစ်ဖြစ် အပြင်မှာ သားက ပျော်ခဲ့ မောခဲ့ပါက နဲနဲတော့ အိပ်ရလွယ်စေမည်ဟု ထင်မိဖြင်းဖြင့် တစ်နေ့ တစ်နေရာ သွားခဲ့ကြပါသည်။
သားကတော့ ညနေရောက်သည်နှင့် .. မှောင်လာပြီ၊ မီးလာပြီ၊ ဖေဖေလာတော့မယ်၊ ၀ူးကြီးနဲ့ ပြင်ပြင်သွားမယ်…ဆိုတာ ရွတ်ရင်း ညနေတိုင်း ပျော်နေပါသည်။ ထမင်းစားပြီးသည်နှင့် အဖေကို အ၀တ်လဲခိုင်းပါသည်။ အ၀တ်စဉ်က အကျီ င်္တွေ ဆွဲယူပေး ၊ ခါးပါတ်တွေ ဆွဲချဖြင့် ဇွတ်ခိုင်းတတ်ပါသည်။
အိမ်တံခါးဝ ထွက်ကတည်းက အော်ဟစ်ဆူညံနေပြီး ပျော်နေပါသည်။ ကားကို ဘယ်နားထားထား ဘယ်လောက်ဆင်တူကားတွေများများ အဝေးကပင်.. ဟိုးမှာ ဖေဖေ့ကား…ဟု ရွေးတတ်ပါသည်။ ကျမတို့ ပင် ကားနံပါတ်မြင်မှ သိပေမဲ့ သားကတော့ ဘယ်နေရာမှာ ဖြစ်ဖြစ်မှတ်မိ၏။ ဘာကိုမှတ်ပြီး သိနေသလဲတော့ မေးမရပါ။ ကားပေါ်ရောက်သည်နှင့် လက်နက်ချပြီးသား ဖွင့်ပေးပါ ဖေဖေ…ဟု လေးဖြူသီချင်းဖွင့်ပေးဖို့ တောင်းဆိုပြီးသား။
သွားပြီဆိုသည်နှင့် ပါးစပ်က သီချင်းလိုက်ဆိုတတ်သလို တွေ့ သမျှ မြင်သမျှကို မေး၊ ကျေနပ်သည့်အဖြေမရမချင်းမေးလို့ မပြီးတတ်။ သူအကြိုက်ဆုံးက ရထား။ ဂျုံးဂျုံးဂျက်ဂျက်ရထားတွေမှာ ဘီးပါလား၊ မီးခိုးထွက်လား…ဒါက သူအမြဲမေးနေကျ။ သူကြည့်နေကျ တီဗွီထဲကလို၊ သူ့ အရုပ်လို ရထားက ဘီးလုံးတွေ မီးခိုးတွေ မမြင်ရတော့ ကျမ အဖြေတိုင်းကို မကျေနပ်။
နောက်တစ်မျိုးက မမုန်းတမ်း တွေ့ သမျှ ကားကို ၀ယ်တော့၏။ ဖြတ်သွားသမျှ ဘေးနားက ကားတွေကို လက်ညှိုးထိုးပြီး ဟို ကားဝယ်မှာနော် ဒီကားရော ၀ယ်မှာနော် ဒီကားနီရောင်လေးဝယ်မှာ …ဖြင့် မဆုံးနိုင်ပါ။ သူ့ အကြိုက် အနီရောင် မာစီးဒီး အမြဲဝယ်၏။ ခရီးအနီး အဝေးလိုက်လို့ တစ်နေ့ တစ်နေ့ အစီး ၂၀က ၅၀လောက်ဝယ်၏။ ကျမတို့ က.. အေးအေးဝယ်ဝယ် သားသားကြိုက်ရင် ၀ယ်…ဟု ပြောလိုက်ပါက .. ဟေး ၀ယ်မှာ နီရောင်လေး ၀ယ်မှာ မာချီဒီး…ဟု ဆိုတတ်၏။
တစ်ခါတလေကျ အဆောက်အဦးတွေဝယ်မှာ…ဟု ဆိုတတ်ပြန်၏။ တစ်ရက်ကတော့ ဒူဘိုင်းကို ၀ယ်မယ်နော်…ဟု ပြောပါတော့သည်။ ၀ယ် ၀ယ် မပြောမချင်း ပြောနေသဖြင့် ကျမက.. ကဲကဲ ၀ယ်ဝယ်..လို့ ပြောလိုက်တော့ ပျော်နေပါတော့သည်။တစ်ခါ အဆောက်အဦးတွေ ၀ယ်အုံးမှာ…ဟု ပြောပြန်တော့ ကျမက.. ဒူဘိုင်းဝယ်ပြီးမှတော့ အကုန်ပါတယ် ၀ယ်စရာ မလိုတော့ဘူးနော်…ဟု ပြောလိုက်ရပါတော့သည်။ မပြီးနိုင် မစီးနိုင် တွေ့ သမျှ ၀ယ်လို့ မဆုံးသလို ၀ယ်ဝယ်လို့ ပြော၇တာလည်း မောလှပါပြီ။ ဒါကိုတောင် မရပ်သေးပဲ မက်ကွင်း နီရောင်ဝယ်မှာ…လို့ အော်ရင်း .. ၀ယ်ပေးမှာနော် ၀ယ်ပေးမှာနော်…နဲ့ စကားပြန်စောင့်နေသေး၏။
+ + +
ဒီလိုနဲ့ မောလိုက် ပူလိုက် ရင်တုန်လိုက်ဖြင့် မျှော်နေသော ၁.၆.၁၁ ရက်နေ့ ကိုရောက်လာပါပြီ။ ခွဲစိတ်မည့် အဖွဲ့ များဖြင့် တွေ့ ဆုံ ဆွေးနွေးရမည့်နေ့ ။ခွဲစိတ်မည့် အကြိုနေ့ ဆိုပါတော့။ သိချင်သမျှ မသေချာခဲ့သမျှ သိရပါတော့မည်။
ဆေးရုံကို နေ့ လည် ပိုင်း ချိန်းထားသည့်အချိန်ထက်စောစွာ ရောက်သွားကြပါသည်။ စိတ်စောနေတာလည်း ပါ ပါမည်။ ဧည့်ကြိုကောင်တာမှာ ရောက်ကြောင်းစာရင်းပေးအပြီး ခဏပါကို တော်တော်စောင့်လိုက်ရပါသည်။သားကတော့ဖြင့် ခလေး ကစားခန်းမှာ စိတ်ကြိုက်ဆော့လို့ ။ ဘာမှ မသိရှာပါ။
ခဏအကြာ နာ့စ်က လာခေါ်တော့လိုက်သွားပြီး အခန်းထဲမှာ ထပ်စောင့်ရပြန်ပါသည်။ ပထမဦးဆုံး မေ့ဆေးဆရာဝန်ရောက်လာတော့ အချင်းချင်းနှုတ်ဆက်အပြီး စကားမရှည်တော့ပဲ tonsils & adenoids ဖြတ်ရပါမယ် ...လို့ ပြောပါသည်။ သူ့ လုပ်ငန်းစဉ်ကို ရှင်းပြပြီး သိလိုသမျှ မေးပါဟု ဆိုပါသည်။ သားအဖေကလည်း မေးဖို့  ကြိုတင်စဉ်းစားထားသည့် အကြောင်းများကို မေးဖြစ်ပါသည်။ ပြန်ရှင်းပြပါသည်။ နောက်ဆက်တွဲအဖြစ် စိုးရိမ်စရာမဟုတ်ကြောင်း၊ မိနစ် ၂၀ သာကြာမဲ့ ခွဲစိတ်မှုဖြစ်ကြောင်း ထပ်ပြောပါသည်။ သားအဖေက နောက်ဆက်တွဲ ဆိုးကျိုးတွေရှိလား မေးတော့ တကယ်လို့ များ ခလေးက နှာစီးနေမယ်၊ ချောင်းမပြတ်ဆိုးနေမယ်၊ ဖျားနေမယ် ၊ နားမှာ တစ်ခုခုခံစားနေရမယ် ဆိုရင်တော့ ဒါတွေ အားလုံး ပုံမှန်အခြေအနေဖြစ်အောင် လုပ်ပြီးမှ ခွဲလို့ ရမယ်။ နောက်ပြီး အဲလို ဖြစ်နေမှလဲ ခွဲတာမှာ အခက်တွေ့ စေမှာဖြစ်တယ်လို့ ..ရှင်းပြပါသည်။ သားက ဘာမှ မဖြစ်သလို ပျော်ပျော်ပါးပါးဆော့ကစားနဲ့ မို့ ဘာမှ စိုးရိမ်စရာ မရှိကြောင်း ပြောပြပါသည်။ ကျမတို့ လည်း သိလိုသမျှ မေးပြီး နောက်တစ်ယောက် နဲ့ တွေ့ ဖို့ စောင့်ရပြန်ပါသည်။
နောက်တစ်ခန်းကို ကူးပြီး ခွဲစိတ်မှု စီစဉ်သူနဲ့ တွေ့ စဉ် ခွဲစိတ်မှုအဆင့်ဆင့်နဲ့ လာရမဲ့အချိန် နေရာတို့ ကအစ အသေးစိတ်ပြောပြပါသည်။ သူတို့ ဘက်က အစစ အဆင်သင့်ဖြစ်နေကြပါပြီ။ ကျမတို့ ကလည်း သိသင့်သမျှသိလိုသမျှ အားလုံးသိလို့ ခွဲမဲ့နေ့ စောင့်ရုံသာ ကျန်ပါတော့သည်။ သေချာတာတစ်ခုကတော့ tonsils ရော adenoids ပါ ဖြတ်ရမည်ဆိုသည်ပါပင်။ သူတို့ အဆိုအရ မိုင်နာပါ။ လွယ်ပါသည်၊ စိုးရိမ်စရာမလိုပါ။ ကျမတို့ ကို စိတ်အေးစေပါသည်။ ကံကောင်းသည်ဟုလည်း ဆိုချင်ပါသည်။ သားက ကျန်းမာရေးကောင်းသလို အခြေအနေ စောစောကြိုသိခဲ့သည့်အတွက် ရိုးရှင်းသော ခွဲစိတ်မှုတစ်ခုအဖြစ်သာ။
+ + +
အိမ်ပြန်ရောက်တော့ ၄ရက်အတွင်း လိုအပ်သည်များ ပြင်ဆင်ဖို့ စာရင်းလုပ်ကြပါတော့သည်။ ချောချော သတိပေးသလို သားအကြိုက် အရုပ်တွေ စုထားရမည်။သားရဲ့  မူပိုင်စိတ်ကြိုက် ကားရုပ်ရှင်ကားနှင့် သိုးလေးတွေပါသော ကာတွန်းကားကြည့်ရန် အဖြစ်မနေယူရမည့် ကွန်ပြူတာကို အားဖြည့်ထားဖို့ သားအဖေကို သတိပေးရသေးသည်။ ထို့ ပြင် သား အကြိုက် ကားပုံများပါသည့် စာအုပ်အသစ်တစ်အုပ်ထပ်ဝယ်ရမည် ဟု သားအဖေက ဆိုပါသည်။ လက်ရှိစာအုပ်က ၀ယ်ချင်သည့် ကားကို နေ့ စဉ်ကြည့်သဖြင့် ဟောင်းနေ စုတ်နေပါပြီ။ ဒါတောင် လွန်ခဲ့သည့် ၂ရက်လောက်က သား ဘယ်လို စိတ်ကူးရသည်မသိပါ။ ဘီရိုထဲက တိပ်အကြည်ခွေကို ယူလာပြီး ပြဲနေသည့် စာရွက်တွေ ကပ်ခိုင်းသဖြင့် သားစိတ်ကြိုက် ကပ်ပေးထားရပါသည်။
သားအဖေကလည်း ရုံးမှာ မှာစရာရှိသည်တို့ မမေ့အောင်သတိထားရင်း မှာကြားရပါသည်။ လိုအပ်ပါက ဖုန်းဆက်ဖို့ ပါ မှာဖို့ သတိပေးရပါသည်။
၆.၆.၁၁ ရက်နေ့ မရောက်မှီ ကြားရက်တွေမှာတော့ လိုမယ်ထင်တာလေး ကောက်လုပ်လိုက်၊ ထည့်လိုက်၊ လုပ်စရာရှိတာ စာရင်းမှတ်ထားလိုက် အားရင် ချည်ထိုးလိုက် သားနဲ့ စကားတွေ အပြန်အလှန်ပြောလိုက် မေးလိုက် ဖြေလိုက် ။
တစ်ချက် တစ်ချက် တွေးရင်းငိုင်သွားပါက သားက ကျမနား အပြေးလာပြီး .. မေမေ နေကောင်းပါတယ်နော်...လို့ မျက်နှာငယ်လေးနဲ့ လာမေးလိုက်။ ကျမက.. ကောင်းပါတယ် ကောင်းပါတယ် သားရယ်...လို့ ပြောရင်တော့ ၀မ်းသာသွားကာ.. မေမေနေကောင်းပါတယ် သားသားကြီးလဲ နေကောင်းပါတယ်နော်...ဟု ပြောတတ်၏။ ကျမက မကောင်းဘူး တကယ်မကောင်းဘူး...ဟု ပြောရင်တော့ နာလို့ လား...ဟုမေးရင်း .. ဥုံဖွ လုပ်ပေးမယ်နော်..ဆိုကာ သူပါးစပ်ကို ကျမတစ်ကိုယ်လုံးအနှံ့ လိုက်ထိရင်း ပါးစပ်ကလည်း .. ဥုံဖွ ဥုံဖွ.. ဆိုပြီး လုပ်ပေးပါတော့သည်။ ကျမက .. ကောင်းပြီ ကောင်းသွားပြီ...ဟု ပြန်ပြောမှသာရပ်ပါတော့သည်။ မျက်နှာကတော့ စိတ်ပူနေဟန်လေးက မပျောက်သေးပါ။ ကျမက သေချာထပ်ပြောလိုက်ရင်တော့ ၀မ်းသာသွားတတ်ပါသည်။ တစ်ခါတစ်လေကျလည်း ဘာစိတ်ကူးရသည် မသိပါ။ မျက်နှာကို ပါး ဘယ်ညာ နဖူး မေးစေ့အနှံ့ လာနမ်းတတ်ပြန်၏။ ကျမမှာ သတိထားရင်း သူ့ ရှေ့မှာ ပြုံးနေရပါသည်။
ဒီကြားထဲ တစ်ညကတော့ သားအဖေက ဘယ်လိုစိတ်ကူးရသည်မသိ သားကို အား... ဟု သံရှည်ဆွဲ အော်ခိုင်းပြီး သား အာခေါင်ထဲ ဓါတ်ပုံရိုက်ကြည့်ပါသည်။ ကျမတို့ ဓါတ်ပုံကို ကွန်ပြူတာထဲ အကြီးချဲ့ ကြည့်တော့ ဘယ်ညာ tonsils နှစ်ခုကို လုံးဝ ထင်မထားသည့်ပုံစံမျိုးဖြင့် တွေ့ လိုက်ရပါသည်။ တကယ်ကို ကြီးနေသည်မှာ အလယ်က အာသီးလေးအတွက်သာ နေရာ ကျန်တော့သလောက်ပါ။ ကျမတို့ မှာ ထိုအခါမှ အံ့သြကြီးစွာ ဖြစ်ကြရပါသည်။သားအဖေက .. ဒါကြောင့် အစား စားရင် အတုံးကြီးတာမမျိုနိုင်တာကိုး ...ဟု ဆိုရင်း အခြေအနေမှန်ကို သိလိုက်ရပါတော့သည်။ ဘာပဲဖြစ်ဖြစ် တစ်ခြားနောက်ဆက်တွဲ ရောဂါတွေ မခံစားရသေးတာကပင် ကံကောင်းဖို့ လုံလောက်နေပြီ ခံစားရပါသည်။ စောပေလို့ စောပေလို့ သာ..ဟုသာ ရွတ်နေမိပါသည်။
နေ့ လည်ပိုင်းတွေမှာတော့ ထုံးစံအတိုင်း ကျမနှင့်သား စကားပြောလိုက် စားလိုက် ။သူကကစားလိုက် ကျမက တွေးလိုက် ငေးလိုက်။ သတိရလိုက် ဘုရားစာရွတ်လိုက် ဆုတောင်းလိုက်။မအားရပါ။
တွေးရင်းက သားအကြောင်းပါမက သားအဖေပါ တစ်ခါတစ်လေမက ပါတတ်၏။ တကယ်ဆိုပါမူ သားအဖေသည်လည်းပဲ သားကဲ့သို့ အသက်ရှူသံပြင်းသည်သာပါ။ ကျမ ဒီဆေးရုံကို စပြစဉ် ၂၀၀၄ကတည်းက ပြောခဲ့ပါသည်။ ပြကြည့်ပါ၊ အကြောင်းရင်း သိရတာပေါ့၊ ဒီဆေးရုံမှာ ကုတာ မကုတာကနောက်မှ စဉ်းစားကြတာပေါ့…။ ကျမက ပြောတိုင်း သူက ဝေေ၀၀ါးဝါးသာ ။ တစ်ခါတစ်လေတော့ ရီမောနေတတ်သည်။အခြေအနေ သိတ်မဆိုးခင် ဘာကြောင့်ဆိုတာ သိရရုံပါ..ပြောလည်း မရခဲ့ပါ။ခုတော့ သူလည်းနဲနဲ တော့ စိတ်ဝင်စားလာသည် ထင်ပါသည်။ ထင်ရုံပါ။
ဒါကြောင့်လည်း ကျမ အတွေးက သားအဖေဆီပါ ရောက်ဖြစ်နေလေသည်။ သားအကြောင်းသိစက အဘူဒါဘီက ညီမငယ်မှ ပြောဖူး၏။ မကြီး ခလေးပဲ လုပ်ပေးမနေနဲ့ အုံး။ကိုကြီးလဲ ဖြစ်နေတာပဲ သူ့ လဲ ကုပေးအုံးလေ…ဟု ပြောဖူး၏။ ကျမက.. အေးဟေ ခလေးက အရင်ပဲ။ဒီမှာက ဈေးကြီးတော့ ။ အကြောင်းရင်းသိရပြီပဲ သူ့ တော့ အိမ်ပြန်ပြီး လုပ်တာပေါ့။… ဟု ပြန်ဖြေခဲ့ပါသည်။ တကယ်ဆိုပါက သားအဖေကိုလည်း တစ်ပြိုင်နက် လုပ်စေချင်ပါသည်။ ငွေကုန်တာတော့ ကုန်တာပေါ့လေ…ဟု စဉ်းစားမိပေမဲ့ လက်တွေ့ က .. သားအရင် သားက အရင်နဲ့ ..ဟုသာ ခလေးက ဦးစားပေးဖြစ်နေခဲ့ရပါသည်။ စိတ်ထဲတော့ မကောင်းလှပါ။
ဒီအကြောင်းစိတ်ကရောက်တိုင်း ကျမအမေပြောဖူးသော အကြောင်းကို သတိရမိပြန်တတ်သည်။ ၂၀၀၀ခုနှစ်ပါတ်ဝန်းကျင်ကပါ။ကျမအစ်ကိုငယ်ဆီသို့ ရွာငံမှ မိသားစု လစဉ်လိုလို ဆေးလာကုပါသည်။ ကုသည်ထက် ပြန်လာစစ်သည်ဟု ပြောမှ မှန်ပါလိမ့်မည်။ ၈ နှစ်အရွယ် သားလေး တီဘီရောဂါရနေသဖြင့် ဆေးစားပြီး လစဉ် လာလာစစ်ခြင်းပါ။
လာခဲ့ပါက အဖေ၊အမေ၊ သားရောဂါသည်နှင့် သမီးငယ်ပါ မိသားစုလိုက်လာကြပါသည်။ ခရီးစရိတ်က မထောင်းလှသည်မို့ ရွာငံက ဆရာဝန်နဲ့ ပဲ ပြပါ။ မန်းလေးထိ ဆင်းလာဖို့ မလိုပါ ပြောလည်း မရပါ။ ဆေးကုခက မယူတော့ လက်ဆောင်အဖြစ် လက်ဘက်ခြောက်မျိုး ၊ဒေသထွက် အသီးအနှံမျိုးကလည်း ယူလာသေး၏။ ကျမအမေကပါ ၀င်ပြောလည်း မရပါ။ ရိုးသားလှစွာသော တောင်ပေါ်သားများအစွဲကလည်း ဘယ်သူမှ ၀င်ပြောလို့ မရပါ။လာမြဲ လာဆဲ ၊ ဆေးသောက်ရသည့် ၂နှစ်ကျော်ကာလအတွင်း အခေါက်ပေါင်းများစွာ မိသားစုလိုက်။
ကျမက အမေ့ကို ဘာကြောင့် ဒီပဲလာရတာလဲမေးကြည့်တော့ သူတို့ မိသားစု မန်းလေးကို အလည်လာတုံး ခလေးက ဖျားရော။အဲဒီတော့ နီးရာ အစ်ကို့ ဆေးခန်းမှာ ၀င်ပြရင်း ရောဂါနဲ့ ဆေးနဲ့ ကိုက်ပြီး သက်သာလို့ အမြဲ ဒီကိုပဲ လာပြပါသည်တဲ့။ ခဏခဏဖြစ်ခဲ့ပြီး ဆရာဝန်တွေနဲ့ ပြဘူးပေမဲ့ မသက်သာပဲ ကျမအစ်ကိုနဲ့ ကျမှသာ အဆင်ပြေသွားသဖြင့် ရွာငံမှ တကူးတက လာကြပါသည်တဲ့။ ကျမက ဒိအကြောင်းကို အော် …ဟုသာ အကြောင်းသိသွားသဖြင့်ရွတ်မိပါသည်။ ကျမအမေက ဆက်ပြောပါသည်။
အင်း..တစ်ခုတော့စဉ်းစားမိတယ်။ ကိုယ့် သား၊သမီးအတွက်ဆိုတော့ ဘယ်လောက် ကုန်ကုန် မိဘတွေက ဖြစ်အောင်ကုကြတယ်။ တကယ်လို့ များ အဖေ၊ အမေ တစ်ယောက်ယောက်ဖြစ်ခဲ့ရင်ရော ဒီလောက်ထိ ကုပေးပါ့မလား…လို့ ဟု ပြောပါသည်။ ထိုစဉ်က ကျမအတွက် ထိုမျှသာပါ။ ယခုတိုက်ဆိုင်လာတော့ အတွေးထဲ ထိုအကြောင်းက ပြန်ဝင်လာပါသည်။ ငါ ဆိုရင်ရော ငါဆိုရင်ရော….။
ကျမ ယခုပင် တွေးဖြစ် ပြောဖြစ်နေပါပြီ။ သားအဖေကျ ငွေကုန်နည်းမည့် နေရာမှာ ကုဖို့ ။ တရားသလား မတရားသလား၊ ဒါသားအဖေကိုယ်တိုင်က ငြင်းနေခဲ့တဲ့အရာလား….။ ကျမ စိတ်တော့ မကောင်းဖြစ်မိတာအမှန်ပါ။ ဒါဆို ကျမတို့ မိဘများဆိုခဲ့ရင်ရော…။
သေချာတာကတော့ ယခုအချိန်ထိ မိဘများကို တတ်နိုင်သလောက် ဂရုစိုက်ခဲ့ကြပါသည်။ သူတို့ လိုအပ်တာမှန်သမျှ တတ်နိုင်သလောက်ဖြည့်ဆည်းပေးခဲ့ကြသည်သာ။ လိုအပ်သည့် ဆေးဝါးကုသမှုများလည်း ကုပေးခဲ့ကြပါသည်။ စဉ်းစားရင်း တွေးရင်းသာ ကျန်းမာရေးကောင်းကြသော မိဘများကို ကျေးဇူးအထူးတင်နေမိပါသည်။ ဂရုစိုက်စောင့်ရှောက်နေကြသော အစ်ကိုမောင်ဖွားမိသားစုဝင်များကိုသာ ကျေးဇူးတင်လျှက် အားလုံးကျန်းမာစေဖို့ ကို ဆုတောင်းနေမိပါသည်။ ကျမတို့ အလှည့်ကျ လုပ်ပေးမလား မပေးဘူးလားဆိုသော အကြောင်းကိုတော့ မိဘများ မကျန်းမမာဖြစ်စေပြီး လက်တွေ့ မသိချင်ပါ။ သူတို့ အားလုံးကို ကျန်းမာစေချင်ပါသည်။ ကျမမှာ အဝေးတစ်နေရာမှ သတိရရင်း ဘုရားစာရွတ်ရင်း ဆုတောင်းရင်းဆိုတာပဲ တတ်နိုင်ပါသည်။
ကျမတို့ က သူတို့ အတွက် ဆုတောင်းသတိ၇နေသလို သူတို့ ကလည်း နေ့  ညမပျက် ဆုတောင်း ဘုရားစာရွတ်ပေးနေသည်မှာ ကျမတို့ သူတို့ ဆီက ခွဲခွာခဲ့သည့်နေ့ က စလို့ တစ်ရက် မပြတ်ခဲ့ပါတဲ့။ ယခုတဖန် သားအတွက် စိတ်ပူဆုတောင်းလုပ်နေကြရပြန်ပါသည်..တဲ့။ ကျမ ယောင်းမနဲ့ ဂျီတော့ခ်က စကားပြောကြတိုင်း ပြောပြတတ်၏။
ထို့ ပြင် ယောင်းမက သားလေးအတွက် ဘုရားမှာ ရေသက်စေ့လောင်းလှူပေးပြီး ရွှေသင်ကန်းလည်း ကပ်လှူပေးကြောင်းနဲ့ အားလုံးအဆင်ပြေပြေဖြစ်မှာပါ၊ စိတ်မပူပါနဲ့ …ဟု ကျမစိတ်ပူနေမှန်းသိကာ အားပေးတတ်ပါသည်။ ထို့ ကြောင့်လည်း အားလုံး အားလုံးသော ဆုတောင်းများကြောင့် သားလေး ၏ ခွဲစိတ်မှု ချောမွေ့ အဆင်ပြေပြီး အမြန်ဆုံး ပြန်ကောင်းဖို့  မျှော်လင့်နေ၇ပါသည်။ ကျမမှာ မိဘများဆီက ခုချိန်ထိ ယူဆဲ ပါတကား။
No comments:
Post a Comment