Monday, August 22, 2011
ဝမ်းသာရင်း ကျေးဇူးတင်နေမိပါသည်... ( ၁၀ )
ကဲ ဘာလုပ်ကြမလဲ ကျမတို့ နှစ်ယောက်…တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း သက်ပြင်း မသိမသာချဖြစ်ပါသည်။ ခုချိန်ထိတော့ သားလေး ပုံမှန်အိပ်သလို အိပ်ပျော်နေရှာပါသေးသည်။ ရင်ဆိုင်ဖို့ အသင့် အနေအထားဖြင့် ကုတင်ဘေးရပ်လို့ သားကိုသာ ကြည့်နေမိကြပါသည်။ 
ကြာလာတော့ သားအဖေက …ညီး နားပါအုံး။ နိုးလာတော့ လုပ်စရာ ရှိတာလုပ်ကြတာပေါ့။… ဆိုတော့ ကျမလည်း ထိုင်ခုံပေါ်ပြန်ထိုင်ချလိုက်ရင်း မျက်စိကတော့ သားဆီက မခွာဖြစ်ပါ။ ရေသောက်လိုက် ထလိုက် လျှောက်လိုက် ထိုင်လိုက်ဖြင့် လူအငြိမ်မနေနိုင်ပါ။ စိတ်ကလည်း လှုပ်ရှားလျှက်။ သား နိုးလာပါက ဘယ်လိုများ နေပါမလဲ…တွေးလျှက်။
ဒီလိုနဲ့ ၁၁နာရီ ခွဲလုပါပြီ။ သားလေးလည်း လူးလွန့် စပြုလာပါသည်။ ကျမတို့ ပြိုင်တူပင် သားအနားကပ်သွားပြီး ငုံ့ ကြည့်လိုက်ကြပါသည်။ ဆရာမလည်း ရောက်နေပါပြီ။ ထင်ထားသလိုပင် မကြာပါ သား နိုးလာပါတော့သည်။ ကိုယ်ကို လှုပ်တော့ ထူးခြားနေတာ သိပြီး ရုန်းကန်စပြုပါတော့သည်။ နောက်တော့ တစ်ခုခုဖြစ်နေတာ သိသွားသည့်အလား လက်တွေ၊ ခြေတွေ လှုပ်ကြည့်ပြီး ၊ မျက်စိကလည်း သူ့ တစ်ကိုယ်လုံးကို လိုက်ကြည့်ရင်း ငိုပါတော့သည်။ 
အဆင်သင့်အနေအထားဖြစ်နေကြသည့် ကျမတို့ တတွေ ချက်ချင်းပင် ကောက်ချီသူက ချီပြီး နှုတ်ကလည်း ချော့နေကြပါသည်။ အားလုံးပါးစပ်က မတိုင်ပင်ရပဲ ချော့နေ ပြောနေကြပါသည်။ သားကတော့ ဘာမှ မကြား မသိ နားမလည်နိုင်သလို သူ့ ကိုယ်သူကို သာ ကြည့်ရင်း ငိုရင်း ငိုရင်းနဲ့ သာပါ။
ပထမ သားအဖေ ချီနေရာက ကျမ တလှည့် ပါးစပ်ကလဲ ချော့ရင်း လက်လွှဲယူချီလိုက်ပါသည်။ သူနာပြုမကလည်း ချော့ရင်း လက်တွေက ဆေးပိုက်နဲ့ လက်မောင်းက သွေးဖိအားတိုင်းအပါတ်တို့ ကို ပြန်ပြင်ပေးရင်း… မေမေက ချီလိုက်။ နောက် မေမေပါ ကုတင်ပေါ် သားနဲ့ အတူ ထိုင်လိုက်။ရတယ်၊ ရတယ်။ သူ စိတ်သက်သာအောင်လုပ်ဖို့ က အရင်ပဲ… အကြံပေးတော့ ကျမက …
သားသား မေမေရှိတယ်လေ။ မေမေ ချီထားတယ်လေ၊ သားသားနာတာ မေမေတို့ သိပါတယ် သားရယ်။ ခဏပါ သားရယ် ခဏပါ။ ခဏနေကျ ကောင်းသွားမှာပါနော်။သားသား ကောင်းအောင်လို့ လေ၊ မုန့် မုန့် တွေ များကြီး စားလို့ ရအောင်လို့ လေ။ မေမေတို့ ဖေဖေတို့ က ချစ်တယ်၊ ခေါ်တယ်လေ။ သားသားက ဂွတ်ဘွိုင်းလေးလေ….အို ကျမ ပါးစပ်က မနားတမ်း တတ်သမျှ ချောပြော ပြောရင်း လက်ကလဲ သူ့ ကိုယ်လေးကို ပုတ်ပေးရင်း .. သားသားကောင်းတော့မှာနော်…ကိုပဲ ထပ်ခါထပ်ခါ ပြောနေမိပါသည်။ သားအဖေကလဲ တတွတ်တွတ်ရွတ်လျှက်…။
မကြာပါ သားလေးငြိမ်လို့ အငိုရပ်သွားပါသည်။ ကုတင်ပေါ်မှာ ကျမက ခြေဆင်းထိုင်လျှက်၊ သားက ကျမ ပုခုံးပေါ် ခေါင်းမှီပြီး ကျမ ကိုယ်ကို တင်းတင်းဖက်လို့ ။ ဆရာမနဲ့ တကွ ကျမ ၊ သားအဖေတို့ ပါ နှုတ်က မရပ်ကြသေးပေမဲ့ အငိုတိတ်တာ သတိထားမိပြီး ၀မ်းသာသွားကြပါသည်။ ပါးစပ်ကလေးဟ အသက်ရှူရင်းလုံးဝ အငိုတိတ်သွားပါတော့သည်။ 
ကျမတို့ ၃ယောက်လုံး ၀မ်းသာသွားကြကာ …သားသားက လိမ်မာတယ်နော်၊ လိမ်မာတယ်နော်…နဲ့ တွင်တွင်ပြောရင်း သူ့ ကိုယ်လေးကို ကိုင်ကာ နှစ်သိမ့်ပေးနေကြပါသည်။
သားလေး ခံစားရမှာပါ။ နာမှာပါ၊ နာမှာပါဆိုတာထက် ခံရခက်နေမှာပါ။ တိတ်စေချင်သည်။ တကယ်တမ်း ကြိတ်မှိတ်ပြီး သီးခံ နေရှာတာလေးတွေ့ ရပြန်တော့ ၀မ်းသာရင်း သနားနေမိရပါသည်။ ဆရာမကတော့ ကြုံနေကျ ငိုယို ကန်ကျောက် ပြေးလွှားတွေကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေရာက ခဏတာအတွင်း ချော့ရုံ၊ ပြောရုံလေးနဲ့ အငိုတိတ်လို့ ငြိမ်နေရှာတော့ သူမအတော် ၀မ်းသာသွားပုံရပါသည်။ ပါးစပ်ကလည်း ဂွတ်ဘွိုင်း၊ ဂွတ်ဘွိုင်း …နဲ့ အကြိမ်ကြိမ်ရွတ်ရင်း ဆေးပိုက်များကို ပိုမို အဆင်ပြေအောင်ပြန်ဆင်ရင်း .. မေမေ ၊ ဖေဖေတို့ ဂုဏ်ယူကြပါ။ဒီလို သားမျိုးလေးအတွက်…ဟု ၀မ်းသာသံအပြည့်ဖြင့် ပြောနေပါသည်။ သူမလည်း စိတ်သက်သာရာ ရသွားဟန်ပါ ပါသည်။ ပြုံးပြုံးဖြင့် လုပ်စရာရှိတာတွေ လုပ်အပြီး … မေမေ ဖေဖေတို့ ဂုဏ်ယူပါ ဒီလို သားမျိုးအတွက်…ဆိုတာကိုသာ ရွတ်ရင်း နှုတ်ဆက်ထွက်သွားပါတော့သည်။
ကျမတို့ ဝမ်းသာမှု ဂုဏ်ယူမှုကိုတော့ ဘယ်လောက်တောင်ဆိုတာ ပြောပြဖို့ လိုမည် မထင်တော့ပါ။ ခွဲစိတ်မှုအောင်မြင်သလို၊ တနာရီအတွင်း သားလေး အသက်ရှူတာ ထူးခြားကောင်းမွန်လာသည်ကို တွေ့ လိုက် ရပြီးပါပြီ။ သားလေးအနိုး ဆိုးဆိုးရွားရွား ထိတ်လန့် မှုမဖြစ်လိုက်သလို ၊ မိဘတို့ အကြိုက် နာကျင်မှုနဲ့ ခံရခက်မှုတို့ ကို သီးခံနေရှာတာကို … အို ပြောစရာ စကားမရှိအောင်ကို ၀မ်းသာနေရပါသည်။ စိုးရိမ်ခဲ့ရမှုတို့ လည်း အဝေးသို့ လွှင့်သွားလို့ သားလေးကို ကြည့်ရင်း အသနားပို ကျေးဇူးတင်နေပါတော့သည်။
၁၁နာရီ ၅၅မိနစ်ရောက်တော့ သားက ကျမရင်ခွင်အတွင်းထိုင်လို့ ကွန်ပြူတာနဲ့ ကားရုပ်ရှင်ကို ကြည့်လို့ .. မက်ကွင်းကြီး၊ မက်ကွင်းကြီး…နဲ့ ပါ အော်ဟစ်နိုင်နေပါပြီ။ သို့ သော် သားလေးအသံကတော့ ကွဲရှရှ ခြောက်ကပ်ကပ်…။
ကျမတို့ အချိန်ကို စောင့်ရပါလိမ့်အုံးမည်။ အချိန်တန်ရင်တော့ အားလုံးပုံမှန်ပြန်ရောက် လိမ့်မည် မျှော်လင့်ရပါသည်။
သို့ သော် ခုအခြေအနေမှာပင် ကျမတို့ ကျေနပ်ရပါပြီ။ ဆရာဝန်တို့ အဆိုအရ ၆ပါတ်ကို ကျော်လွန်ပါက ပြန်လည် ကောင်းသွားပါလိမ့်မည်။ စောင့်နိုင်ပါသည် ၊ အရာရာ ကောင်းဖို့ အတွက်၊ စောင့်ခဲ့လည်း စောင့်ခဲ့ပြီးပြီမို့ ဒီ့အတွက်တော့ဖြင့် ကျမတို့ အတွက် ၀န်မလေးတော့ပါ။
သားလေး အော်ဟစ် ပြီး ရုပ်ရှင်ကြည့်နေနိုင်ကာမှပင် ကျမတို့ လည်း ဗိုက်ဆာတာသတိရသလို သားကို ကျွေးဖို့ ကိုပါ သတိရ လာပါသည်။ သားက မနေ့ ညကတည်းက ဘာမှ မစားခဲ့ရသေးတော့ ဆာလှရောပေါ့။ သားအဖေက စားသောက်ဆောင်သို့ ဖုန်းခေါ်ပြီး ကျမတို့ အတွက် ၊ သား လူနာအတွက် စပါယ်ရှယ် စားစရာတို့ ကိုမှာလိုက်ရပါတော့သည်။
ဘာပဲပြောပြော အားလုံးကျေနပ်စရာ အခြေအနေတွေချည်းပဲ…ဟု သားအဖေက ဆိုရင်း အပြုံးမျက်နှာကို မရပ်နိုင်ပါ။ သူလည်းပဲ ကျမအတွက် အားတင်းဖုံးဖိထားခဲ့ရပေမဲ့  အဖေတစ်ယောက်အနေနဲ့ သူလဲ တွေးဖြစ် စိုးရိမ်ခဲ့ဖြစ်ပါလိမ့်မည်။
အေးအေ ကျုပ်ဖြင့် ညီးမျက်နှာကို မကြည့်ရဲဘူး။တစ်ခါတည်း ဖြစ်နေလိုက်တာ မျက်နှာက…ဟု နောက်တော့ ပြန်ပြောပြပါတော့သည်။ ဘာပဲဖြစ်ဖြစ် ကျမနဲ့ လိုက်ပြီး ကျမလို လိုက်ပူပန်ဟန် မပြတာကိုပဲ ကျေးဇူးတင်ရပါသည်။
တဖန် သားက ပါးစပ်ကလေး ဟ ဟ ပြောနေသည်ကို ကြည့်ရင်း သူ့ အတွက် မသက်မသာ ခံစားရပြန်ပါသည်။ ဘယ်လောက်ထိ ခံရခက်နေမလဲ..ဟုလည်း တွေးနေမိပါသည်။ ခွဲစဉ်က ပါးစပ်ကို အကြာကြီး ဟ ထားခဲ့ရသဖြင့် ပါးစပ် ပိတ်ဖို့ ခက်နေသည်ပဲလား…။ ခံရခက်သဖြင့် နေရခက်ကာ ဟ ထားသည်ပဲလား..။ အစဉ် ပါးစပ်ကလေး ဟ ထားသဖြင့် ပါးစပ်က သွားရည်လေးများက စီးကျလို့ ပါ။ 
ကျမ ပါးခုံးပေါ် မှီနေစဉ်ကလည်း  သူ့ သွားရည်များ ကျကုန်သဖြင့် ကျမ အကျီ င်္ကို သူ့ လက်ကလေးဖြင့် ပွတ်တိုက် သုတ်ပေးနေပါသေးသည်။ ကျမက ဘာလို့ လဲ..ဟုမေးစဉ် ပါးစပ်က ပီပီသသ မပြောနိုင်သေးသဖြင့် လက်ဖြင့်သာ ပွတ်ရင်း ဟင်း ဟင်း..ဆိုကာ လက်ဖြင့် ပုခုံးကို ပုတ်ပြတော့သည်။ ကျမတို့ နားလည်သွားကာ .. အော် ရတယ် သားသား ရတယ်။နေနေ မေမေ့ဘက်သူ လုပ်ပါမယ် သားရယ်…ပြောမှ ရပ်တော့သည်။
နာကျင်မှုသက်သာအောင်ပေးထားသောဆေး အာနိသင် မကုန်မချင်းတော့ သားလေး နာကျင်မှု ပြင်းပြင်းခံစားရလိမ့်အုံးမည် မထင်ပါ။ ကျမတို့ စောင့်ရပါအုံးမည်။ ညနေချိန် ဆေးအာနိသင်ကုန်ချိန်၊ နာကျင်မှုစချိန်။ သူနာပြုက မှာထားပြီးသဖြင့် တစ်ခါ ထိုအချိန်ကို စောင့်ရပြန်ပါသည်။ ခုချိန်ထိတော့ အဆင်ပြေနေသဖြင့် ကျေးဇူးတင်ရပါသည်။
ကျမတို့ နေ့ လည်စာစားပြီးတော့ ၂နာရီကျော်ပါပြီ။ ဗိုက်ဆာနေပေမဲ့ ၂ယောက်လုံး တို့ ကနန်း ဆိတ်ကနန်းသာ စားနိုင်ပါသည်။ စားနိုင်ပါသည် ဆိုသည်ထက် စားဖြစ်ကြပါသည်။ အလိုလို ၀ သွားသလိုပင် မစားနိုင်ကြပါ။
စားအပြီး သူနာပြုဆရာမ ၀င်လာကာ ခွဲစိတ်ဆောင်မှ ခလေးဆောင်သို့ ပြောင်းရန် ပြင်ကြပါတော့သည်။ သားအတွက် လက်တွန်းလှည်းယူလာတော့ မေမေပါ ထိုင်လိုက်ပါ … ဟု သူနာပြုက အကြံပေးသဖြင့် ကျမက ထိုင်၊ သားက ကျမအပေါ်ထိုင်ကာ အဆောင်ပြောင်းကြပါသည်။
ခလေးဆောင်အသွား လမ်းမှာ ခလေး ကစားခန်းမြင်တော့ သား က ပျော်ရွှင်စွာ.. ကစားမယ် ကစားမယ်… အော်နေသဖြင့် ၀မ်းသာသွားရပါသည်။ ကစားချင်စိတ်ရှိနေသည်က သားလေး ပုံမှန်ပါ ပြနေသလိုပါပင်။ လူကြီးများပြောဖူးသလို ခလေးတွေငြိမ်နေပြီဆို ဒါ သူတို့ နေမကောင်းဘူးဆိုတာ ပြောတာပဲ..ဆိုခဲ့ကြဘူးတော့ ကစားချင်စိတ်ရှိနေတာ ပုံမှန် ခလေးသဘောလေးမို့ သဘောကျနေကြပါသည်။
သားအဖေက .. အေးအေး ဖေဖေတို့ သွား ကစားကြမယ်နော်…ကို ၀မ်းသာအားရ ပြန်ပြောလိုက်ပါသည်။ အခန်းရောက်တော့ အိတ်တွေ နေရာချအပြီး သားနဲ့ သားအဖေတို့ ကစားခန်းသွားဖို့ ပြင်ကြပါသည်။ နောက် ထွက်သွားကြပါသည်။ ကျမမှာ ခုမှ စိတ်အေးချမ်းစွာ နားနိုင်ပါတော့သည်။
No comments:
Post a Comment