Sunday, August 28, 2011

ဘလော့ဒေး ( ၂၀၁၁ )


ကျွန်တော် ၄လသားအရွယ်တုန်းကပေါ့။ ကျွန်တော့အကိုက ၄ နှစ်ကွာတော့ အမေ မအားတဲ့ချိန်တွေဆို ကျွန်တော်အိပ်နေလျှင်ဖြစ်ဖြစ်၊ နိုးပေမဲ့ ရစ်မနေတဲ့အချိန်တွေဆို စောင့်ကြည့်ဘို့ တာဝန်ယူရပါတယ်။ ဒီလိုနဲ့တရက် ကျွန်တော်နိုးနေပြီး အုအုအဲအဲ လုပ်နေချိန်မှာ သူက မြူဖို့ကြိုးစားပါတယ်။ သူတတ်သမျှ မှတ်သမျှပေါ့။ “ ခေါင်းတုန်တုန် လည်တုန်တုန်ရေ့.. ခေါင်းတုန်တုန် လည်တုန်တုန်ရေ့..”တဲ့ ။ ၄လ သားဆိုတော့ ဇက်က မခိုင့်တခိုင် လက်တွေခြေတွေကလဲ သန်သန်စွမ်းစိမ်းမရှိသေးတော့ သူက တုန်ချိတုန်ချိလို့ပဲ မြင်နေတာပေါ့။

အခု ကိုညိမ်းနိုင်က ဘလော့ဒေးအတွက် တက်ဂ်လုပ်တယ်ဆိုတဲ့ စာဖတ်နေချိန်မှာတော့ အဲဒီ့ “ ခေါင်းတုန်တုန် လည်တုန်တုန်ရေ့.. ခေါင်းတုန်တုန် လည်တုန်တုန်ရေ့..” ဆိုတဲ့အသံ ကိုပဲ ပြန်ကြားမိနေပါတယ်။

ရေးမယ်ဆိုတော့ ထုံးစံအတိုင်း ရှေ့က ရေးထားကြတာတွေကိုလိုက်ဖတ်ပါတယ်။ သိရတာကတော ဒီနှစ့်မှာ ကိုအောင် ( ပျူနိုင်ငံ) က စတင်လှုံ့ဆော်ပေးပါတယ်တဲ့။ နောက် ရို့ ကနေပြီး ဘယ်လိုရေးလေ့ရှိတယ်ဆိုတာကို အသေးစိတ် ရှာရှာဖွေဖွေ ဖေါ်ပြထားပါတယ်။ အဲ့ဒီအတိုင်းပဲ ပုံစံဖွဲ့ ရေးပါရစေ။

ဘလော့တွေရေးတဲ့သူတွေမှာ တချို့က သိထား တတ်ထားတဲ့ ပညာရပ်အမျိုးမျိုး ကို စေတနာတွေနဲ့ ရေးကြပြီး၊ ရင်ဘတ်ကြီးနဲ့လာပြီး ရသအမျိုးမျိုးကို သေသပ်လှပစွာဖွဲ့ကြသူများ၊ နောက် ကဗျာများကို ချစ်မြတ်နိုးကြသူ ကဗျာရေးဖွဲ့နေကြသူများ၊ တနေ့တာအကြောင်းလေးများကို ဒိုင်ယာရီသဖွယ် နှစ်လို့ဖွယ် ရေးကြသူများ၊ သီချင်းနှင့် ဖွယ်ဖွယ်ရာရာ စားစရာလေးများအကြောင်းရေးနေကြသူများ၊  သိကြ ကြားရသည်များကို ဝေမျှပေးနေတဲ့ သတင်းရေးသူများများ စသည်ဖြင့် အမျိုးမျိုးရှိနေကြပါတယ်။

အဲဒီတော့ ဒီဘလော့ရွာကြီးကို မင်းက ဘာတွေများ ယူလာပါသလို့မေးရင် ကျွန်တော့ပုံက အရင်ဆုံး ဒီလိုဖြစ်သွားပါလိမ့်မယ်။

နောက် အကျီ အိပ်ကပ်တွေနှိုက်ကြည့်လိုက်၊ ဘောင်းဘီအိပ်ကပ်တွေစမ်းကြည့်လိုက် ၊ ဟိုရှာသလိုလို ဒီရှာသလိုလိုနဲ့ အတော်ဗျာများပြနေဖြစ်မှာပါပဲ။ ရေးနေတာကတော့ ကျွန်တော်က ဟိုရောက် ဒီရောက် အကြောင်းများ၊ ကျွန်တော့ဇနီးက သူမအတွေးဆိုတဲ့ခေါင်းစဉ်နဲ့ သားအကြောင်း မှတ်မိနေစရာလေးများကို ရေးနေဖြစ်တာပါပဲ။ ဒီတော့ ဖတ်လို့ အဆင်ပြေရုံကိုပဲ ကြိုးစားရေးနေရတဲ့ အားထုတ်မှု့ကိုသာ ကောက်ရိုးတမျှင်လိုပဲ ဖက်တွယ်ထားရပါတယ်။

အရင်တုန်းက ဘလော့တခု ရှိခဲ့ဖူးပါတယ်။ စိတ်ဖြေရာ ကနေ ဝေး..စိတ်ဖြေ ဆိုပြီး နာမည်ပြောင်းရေးခဲ့ပါတယ်။ အဲဒီဘလော့ကတော့ ရေးလို့ သက်တမ်းတနှစ် ကျော်ကျော်မှာ အကြောင်းကြောင်းကြောင့် ပျက်သွားပါတယ်။ အခု ဒီဘလော့လေးတော့ အဲဒီလိုမဖြစ်အောင်၊ ရေရှည်လေးတည်တံ့အောင် ကျိုးစားနေမိပါတယ်။

မှတ်မိပါသေးတယ်။ ကျွန်တော် ဘလော့တခုလုပ်တော့မယ်ဆိုတော့ သူငယ်ချင်းတယောက်ဆီမှာ အကူအညီတခုတောင်းဖူးပါတယ်။ သူက လိုအပ်တာ ကူညီရင်း တလက်စထဲ ဘာသတိပေးလဲဆိုတော့ မင်းသတိတော့ထားနော်.. သိပ်ပြီးစိတ်နစ်မသွားစေနဲ့၊ No Turning Point ကိုသတိထား၊ ပြီးရင်ရပ်ဖို့မလွယ်တော့ဘူးတဲ့။

 အခုတော့ သူ့ကို အရပ်ဟာသတခုနဲ့ ပြန်ပြောရလိမ့်မယ်။ မူးနေတဲ့သူတယောက်က ပြောတာ  “ မင်းတို့အရက်ကွာ  စွဲတယ်.. စွဲမယ်နဲ့ ငါသောက်လာတာဖြင့် ၁၀နှစ်တောင်မကတော့ဘူး.. ဘယ်မှာစွဲလို့လဲ ”  တဲ့။

ဘယ်တွေရောက်ဖြစ်သလဲဆိုတာကတော့ အမြဲရောက်ဖြစ်တာက ကျွန်တော့ ဘလော့စာရင်းထဲကအတိုင်းပါပဲ။ အသစ်ညွှန်းဖို့ဆိုတာကတော့ ကိုယ်ကိုယ်တိုင်က လပိုင်းပဲရှိသေးတာဆိုတော့  သူလဲအသစ် ကိုယ်လဲအသစ်ပေါ့။ အဲဒီ့ဘလော့တွေကတော့

Let me think... ( မိသားစု အကြောင်းနဲ့ သူ့အတွေးတွေကို တိုတိုရှင်းရှင်း ရိုးရိုး ရေးနေသော သူငယ်ချင်းတဦး)

သနပ်ခါးမေ ( အမျိုးသမီးတွေအတွက် သိသင့်တာတွေကို စေတနာများစွာနဲ့ ရှာဖွေတင်ပြနေသူ )

ကျေးဇူးတင်မိသူတွေကတော့ ဒီဘလော့ကို စေတနာထားပြီး လူသိအောင် ဘလော့စာရင်းမှာ တင်ပေးခဲ့သော ကိုညီလင်းသစ်၊ ကိုညိမ်းနိုင်၊ ကိုမန်းကိုကို၊ အပြုံးပန်း၊ မမြတ်ကြည်၊ လိုအပ်တာရှိလျှင် ခင်မင်စွာ ပြောပြပေးနေသော မခင်ဦးမေနှင့် ပေါက်နှင့်  တို့ပါပဲ။ ထို့အတူ စိတ်ရှည်လက်ရှည်ဖတ်ကာ အားပေးတတ်သော မရီတာနှင့် တစက္ကန့်မျှကအစ အမြဲမပြတ် လာရောက်ဖတ်ကြ အားပေးကြသူများကိုလဲ အထူးပဲ ကျေးဇူးတင်မိပါတယ်။

မည်သည့် လိုအပ်ချက်မဆို ထောက်ပြ လမ်းညွှန်ပေးကြပါ။

ဒါနဲ့ ဘလော့ဒေးရှေ့မှာ ဟဲပီးတို့ ဂွတ် တို့ဘာတို့တပ်လို့ရမလားတော့မသိ၊ ရရင်တော့ မင်္ဂလာရှိသော ဘလော့ဒေးပါလို့  ဗျိုးဟစ်ချင်မိပါတယ်။

10 comments:

  1. မင်္ဂလာရှိသော ဘလော့ဂ်ပါ။
    ကွန်မန့်ဆို သိပ်မရေးတတ်ပါဘူး၊
    ဖတ်တာတော့ ဖတ်တတ်တယ်၊
    အားလပ်တဲ့အခါ စကားလုံးတွေ သွန်ချပါအုံးလို့
    မဒမ်ကိုလည်း ပြောပေးပါ။

    ReplyDelete
  2. ကွန်မန့်ကို အခုမှ ရေးလို့ရတယ်။
    ဂျီမေးလ်အကောင့်နဲ့တုန်းက မရဘူး။
    ဘလော့ဂ်လင်ခ့်နဲ့မှ ရတော့တယ်။

    ReplyDelete
  3. ဟောဗျာ...ဝေး စိတ်ဖြေက အစ်ကို့ဘလော့လား....ဖတ်ဖူးတယ်ဗျ....၊
    ဒါဖြင့် ဘယ်မှာခေါင်းတုန်တုန်လည်တုန်တုန်လို့တုန်း...အတော်ခိုင်နေပြီပဲ....
    ဇာတ်ပြောပါတယ်....:))) ဘာရေးရေး ရေးချင်တာသာရေး...ကျွန်တော်ကတော့
    ခံစားပေးမယ်...ရင်ဘတ်ကြီးနဲ့....ဂယ်.....:)))

    ReplyDelete
  4. ရေးတတ်သူများကျ...
    ရေးတတ်လိုက်ကြတာ..။


    ပုံ။
    လက်လက်ထနေသူ

    ReplyDelete
  5. ဆက်သာ ရေးပါဗျာ၊ ဟိုအရင် "ဝေး..စိတ်ဖြေ" မှာ နောက်ဆုံး ရေးခဲ့တဲ့'ဧည့်သည်လုပ်ခွင့် ခဏ ရခဲ့ပါတယ်..' ဆိုတဲ့ ပို့စ်မျိုးတွေ၊ အာရပ်နိုင်ငံတွေက လူနေမှု ဘဝတွေ၊ ပုံတွေ.. အများကြီးပဲ ဖတ်လို့ ကောင်းပါတယ်၊ သား အကြောင်းတွေလည်း ကြိုက်တယ်၊ Carry on ....!!

    ReplyDelete
  6. ကို အအစစ၊ ကျွန်တော်ရေးလိုက် ကျွန်မရေးလိုက်ဖြစ်နေတာ ဒါကြောင့်ကိုး။ နောက်စာလေးတွေ မျှော်နေမယ်။

    ReplyDelete
  7. ဝေး...စိတ်ဖြေ တုန်းက ရောက်ဖြစ်ပါတယ်...။

    S-C ဘလော့ဂ်ဆိုက်ဘားမှာ အခြားသော ဘလော့ဂ်ဒေး အမှတ်တရ ပို့စ်တွေနဲ့ အတူထားဖို့ ဒီပို့စ်လေး ယူသွားပါရစေနော်

    ReplyDelete
  8. ဘလော့လောကလေးထဲမှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ ဆက်လက်ရေးသားနိုင်ပါစေ။ အမြဲတမ်း အားပေးနေမှာပါ.
    ခင်မင်လေးစားလျက်
    သဒ္ဓါ

    ReplyDelete
  9. အလည်ရောက်ပါတယ်။ မသီတာရဲ့ S-C ကနေ လင့်ခ်လေးတွေ့လို့ လာအားပေးပါတယ်ခင်ည။ ဆက်လက် ဘလော့ဂ်ကင်းနိုင်ပါစေ။

    ReplyDelete