ဒီရက်အတောအတွင်း သားလေးကတော့ ဆော့မြဲ၊ စားမြဲ ၊ တီဗွီကြည့်မြဲ ။ သူသိချင်တာတွေ မေးမြဲ။စူးစမ်းမြဲ ။
တရက်ကတော့ တီဗွီကြည့်ရင်း ကုတင်ပေါ်မှာ တီဗွီထဲက အရုပ်တွေ လို ပတ်လည်လှည့်လို့  ကစားနေရာက မူးပြီး လဲပါတော့သည်။ သူလဲတော့ ကုတင်ဘောင်နဲ့ ခေါင်းနဲ့ စောင့်ပြီး ချိုစောင်းမှာ ဘုကြီးထလာပါသည်။ တော်ရုံဘာဖြစ်ဖြစ် မငိုတတ်ခဲ့သည့် ခလေး..ဒီတခါတော်တော်ငိုသဖြင့် သေချာကြည့်လိုက်တော့ စောင်းအလိုက် သွေးပါထွက်နေတာ တွေ့ လိုက်ရပါသည်။ ကျမမှာ အာပူမှုတ်ပေးရင်း၊ နှုတ်က ဘုရားစာလဲ ရွတ်ရင်း ၊ သူ့ ကိုလည်း ကောင်းသွားမှာ ခဏနော် ခဏပဲ..ဟု ပြောရင်း… တကယ်ပါပဲ ခဏနေတော့ အငိုတိတ်ပြီး ပြန်ဆော့ပြန်ပါတော့သည်။ဘုကြီးကတော့ တဖြည်းဖြည်း ကြီးလာပါသည်။
တစ်ခါတစ်လေတော့လည်း စဉ်းစဉ်းစားစားမေးတတ်၏။ ရထားတွေမှာ ၀ူးတွေလို( ၀ူး ဆိုသည် သူ့ အခေါ် ကားပါ ) ဘီးလုံးတွေပါသလား…ဟု ။ ကျမက ပါတောပေါ့ သားရဲ့ ..ပြန်ဖြေတော့ သူ မှတ်ထားလိုက်ပုံရပါသည်။ တရက်ညနေပိုင်း အပြင်ထွက်ကြတော့ ရထားလည်း မြင်ရော ထပ်မေးပြန်ပါသည်။
မေမေ ဂျုံးဂျုံးဂျက်ဂျက်ရထားတွေမှာ ၀ူး တွေလို ဘီးလုံးပါလား..ပါလားလို့ …စိတ်မရှည်သလို ပါ။( ဒီက မြို့ ပတ်ရထားလမ်းက အမြင့်မှာ ဆိုတော့ ကျမပြောထားသလို ဘီးလုံးက မမြင်ရပါ။ သို့ ကြောင့်လည်း မေးခြင်းဖြစ်ပါလိမ့်မည်။ ) ကျမက ပါတာပေါ့ သားရဲ့ …ဆိုတော့ တစ်ခါ သူက.. ၀ူးက ဘီးလုံးတွေလို ဒီလိုဒီလို လည်လား…ဟု လက်ကို ဘီးလည်သလို လှည့်ပြရင်း မေးပြန်ပါသည်။ ထိုအခါ ကျမက.. လည်တာပေါ့ သားရဲ့ ၊ အဲလို လည်မှ ရထားက ရှေ့ကို သွားတာလေ…ဟု ရှင်းပြလိုက်ပါသည်။ သူနားလည်သေးမှာ မဟုတ်ပေမဲ့ ထပ်တော့ မမေးတော့ပါ။( သူ့ ကို ရထားနဲ့ တစ်နေရာရာ ပို့ ဖို့ ဆုံးဖြတ်လိုက်ပါသည်။သူမေးနေကျ သားသားရထားလို မီးခိုးထွက်လားဆိုတာကိုလည်း ထွက် မထွက် ပြရပါအုံးမည်။)
ကျမတို့ အသိ တစ်ခု ၀င်လာပါသည်။ သူမေးတိုင်း ဘယ်တော့မှ လက်လွတ်စပါယ် မဖြေမိစေဖို့ ၊ နားလည်လွယ်အောင် သူအသိလေးနဲ့ သိနိုင်စေမဲ့ အဖြေမျိုးဖြစ်ဖို့ နဲ့ မေးတိုင်း စိတ်ရှည်ရှည်နဲ့ သူသိချင်သလောက် မေးနေသလောက် ဖြေဖို့ ပါ။ သိလာရသလောက်ကလည်း သူကျေနပ်သည့် အဖြေမရမချင်း မေးနေတတ်၏။
မှတ်မိတာ တစ်ခုရှိပါသည်။ တိုက်တွေ တွေ့ တော့ လက်ညှိုးထိုးပြပြီး.. ဘာတုံး…ဟု သူ စပြီး မေးတတ်ခါစ ၂နှစ် ၅လအရွယ် လောက်က မေးဘူး၏။ ကျမက ထိုစဉ်က.. အဆောက်အဦးတွေ သားရဲ့ …ဟု ဖြေခဲ့၏။ နောက်တစ်ခါ အပြင်ထွက်စဉ် ထပ်မေးပြန်တော့ အဆောက်အဦးဆိုတော့ ပြောရခက်မယ်တွေးမိပြီး တိုက်တွေ သားရဲ့ …ဟု ပြန်ပြောတော့ မေမေကလဲ အဆောက်အဦးတွေပါ…ဟု စိတ်တို သံလေးနဲ့ ပြန်ပြောလိုက်ပါသည်။ ထိုစဉ်ကစလို့ ရိပ်မိသွားသလို နောက်ပိုင်း ထိုသို့  များစွာ တွေ့ ကြုံခဲ့ရပါသည်။
+ + +
ဒီလိုနဲ့ ပဲ တစ်ရက်ပြီး တစ်ရက် ကုန်လာလို့ ၂၀.၅.၁၁ နေ့ ကို ကျော်လွန်လာခဲ့ပါပြီ။ ၁၈.၅.၁၁ ရက်နေ့ က ကိုကြီးနဲ့ အွန်လိုင်းကနေ စကားပြောဖြစ်ကြတော့ သူတို့ တွေလည်း သားရဲ့ ရောဂါအကြောင်း အင်တာနက်မှာ ရှာပြီး ဖတ်ကြည့်ကြကြောင်းနဲ့  ကျမတို့ ပါ ဖတ်ဖို့ လင့်ခ် တစ်ခု မက ပေးလာပါသည်။ နောက် သူက သူဖတ်ထားသမျှ ဝေငှပါသည်။ ထပ်ဖတ်ကြည့်ဖို့ နဲ့ အကျိုးရှိကြောင်း ပြောလာပါသည်။ ကျမကလည်း ၀မ်းသာစွာနဲ့ ချက်ချင်း ရှာကြည့်ပြီး တွေ့ တဲ့ အကြောင်းနဲ့ သေချာဖတ်မဲ့အကြောင်း ပြောလိုက်ပါသည်။ စိတ်မပူဖို့ နဲ့ အိမ်ကလည်း အားလုံး ဆုတောင်းပေးနေကြောင်း သတင်းပေးပါသည်။ ကျမ ယုံကြည်ပါသည်။
ကျမ တကယ်ဖတ်ကြည့်တော့ ပိုသိလာပြီး ပိုစိတ်ရှုပ်လာပါသည်။ ထို့ ကြောင့် ချက်ချင်းပင် သားအဖေဆီ လင့်ခ်ကို ပို့ လိုက်ပြီး .. ညီးပဲ ဖတ်ပြီး ပြန်ပြောပြ။ဖတ်ရင်း ခေါင်းတွေ ကိုက်လာလို့ ..ဟု သူ့ ကိုပဲ တာဝန်ပေးလိုက်ပါသည်။ ပိုလဲ သိချင်ပါသည်။ သိလည်း သိသင့်ပါသည်။သို့ သော် ပိုသိလာလေ ပိုတွေးလာလေဖြင့် ပို စိတ်ပူရပါသည်။ သားအဖေ ပြောသလောက်ပဲ သိလိုက်ပါတော့မည်။ ဘာတွေပြင်ဆင်ထားသင့်သလဲ... ကိုပဲ အဓိကအနေဖြင့် သိချင်ပါတော့သည်။ နောက် ခွဲပြီး မည်သို့ မည်ပုံ ပြုစုဖို့ လောက်။ တခြားမြောက်မြားစွာသော အကြောင်းအရာများ မသိလိုတော့ပါ။
+ + +
ကျမ တစ်ယောက်တည်း တွေးလိုက် ပူလိုက် မေးလိုက်ဖြင့် ရှုပ်နေစဉ် သားကလည်း ဘေးနားကပ်လို့ တစ်နေ့ တစ်နေ့ မေးခွန်းများ မပြတ်မေးဆဲပါ။ စကားများကလည်း သောကြာသားရှုံးလောက်အောင် မနားတမ်းပြောပါသည်။ တော်တော်လေးလည်း သိလာ တတ်လာပါပြီ။ ခုတလော သူနဲ့ ကျမ အပြန်အလှန် မေးခွန်းများ မေးရင်း ဖြေရင်း ရယ်မောခဲ့ရသည်များက ပူပန်စိတ်တွေ အတွေးပူတွေကို လျော့စေတာအမှန်ပါ။
ဘာရယ်မဟုတ် နေ့ လည် နေ့ ခင်း စကားပြောဖြစ်ကြစဉ် သူ့ ကို အမှတ်တမဲ့ မေးကြည့်လိုက်သည်က စပါသည်။ မထူးခြားသည့် အမေးပါ။ တစ်နေ့ ကျမက .. သားသား မေမေက လှလား..ဟုပါ။ သူက မဆိုင်းမတွ ဖြေပါသည်။ လှဘူး...ဟုပါ။ ကျမက ရယ်ချင်မိကာ.. တကယ် မလှဘူးလား..မေးပြန်တော့ လှဘူးလေ... ဟု ဆိုပါသည်။
ကျမက ထပ်ပြီး .. မေမေ့ကို လှဘူး ပြောရင် မေမေက သားသားကို ခေါ်ဘူး...ဆိုတော့ ခဏစဉ်းစားပြီး သားသားက ခေါ်တယ်လေ...တဲ့။ သားသားက ခေါ်ပေမဲ့ မေမေက ခေါ်ဘူး... ဆိုပြန်တော့ သားသားက ချစ်တယ် ခေါ်တယ်လေ...တဲ့။ ဟုတ်တယ်လေ၊ သားသားက လှဘူးပြောမှတော့ မေမေကတော့ ချစ်လဲ ချစ်ဘူး၊ ခေါ်လဲ ခေါ်ဘူး... ဇွတ်ပြောကာ ကျမက ထပ်မေးကြည့်၏။
ကဲ ထပ်ပြော မေမေက လှလား... ဆိုတော့ အမေ့မျက်နှာကြည့်ပြီး လေးလေးတွဲ့ တွဲ့ ဖြင့်.. လှတယ်...ဟု ဖြေလေသည်။ ကျမက ပြုံးရင်း .. သေချာတယ်နော် မေမေလှတာ၊ အိုကေ မေမေက လှတယ် ဆိုရင် သားသားကို မေမေက ခေါ်တယ်... လို့ ပြောရင်း.. မေမေ တကယ်လှတာနော် ..လို့ ထပ်မေးလိုက်တော့ ချက်ချင်းပင် တိုတိုပြတ်ပြတ် လေသံဖြင့်.. ချစ်တယ် ခေါ်တယ် လှဘူး... ဟု အော်ပါတော့သည်။
ကျမမှာ ရယ်လို့ မဆုံး၊ သတိရတိုင်း မေးလို့ မဆုံး၊ မေးတိုင်းလဲ အဖြေက အတူတူပင် မပြောင်း။ သား ဖေဖေကရော လှလား ...မေးခဲ့ရင်တော့ မပြောင်းလဲစွာ.. ဖေဖေက လှတယ်...ဟု ဖြေပါသည်။ သားအဖေကို ကျမက.. ဘယ်အချိန်မေးမေး အဖေကိုတော့ လှတော်မူသတဲ့တော်...လို့  ပြန်ပြောပြတော့ အဖေဖြစ်သူက တပြုံးပြုံးနဲ့ သဘောတွေကျလို့ ။ ကျမကလည်း နေ့ တိုင်းလို မေး၊ သူကလည်း အသံအနိမ့် အမြင့်သာ ပြောင်းသွားပါသည်။ အဖြေကတော့ နှစ်ယောက်လုံး အပေါ် မခြားနားပါ။ ကျမတို့ ကတော့ သူ့ အမြင်ကို သဘောတွေ့ နေကြပါသည်။
ဒါတင်လားဆို မဟုတ်ပါ။ ကျမက သီချင်းဆိုပြလျှင်လည်း ကျမနား အပြေးရောက်လာတတ်ကာ သူ့ လက်ညှိုးကို ပါးစပ်ရှေ့မှာ ဘယ်ညာရမ်းပြီး.. နိုး နိုး နိုး ၊ ကောင်းဘူး။ ဆိုနဲ့ လေ... ဟု တားတတ်၏။ သူက တားလေ ကျမက ဆိုလေဖြင့် ပျော်ကြရပါ၏။
သူကတော့ အပြင်ထွက်တိုင်း သူ့ အဖေကို တောင်းဆိုတတ်၏။ ဖေဖေ လုပ်နဲ့ လုပ်နဲ့  လက်နက်ချပြီးသား ..( လေးဖြူ၏ မလုပ်နဲ့  မလုပ်နဲ့ လက်နက်ငါ ချပြီးသား ) သီချင်းဖွင့်ပေးပါ...ဟု ။ အဖေက လေးဖြူ သီချင်းခွေ မပြတ်ဖွင့်တော့ သီချင်းအားလုံးနီးပါး လိုက်ဆိုတတ်နေပါပြီ။ ကျမက သီချင်း တစ်ပုဒ်မဆိုထားနဲ့ တစ်ကြောင်းပင် အစအဆုံး မမှန်ချင်။ သားကတော့ သူကြားသည့် အသံအတိုင်း ဆိုတတ်သလို လိုက်ဆို၏။ တီးလုံးများပင် ပါးစပ်တီးလုံးသံ လိုက်တတ်သေး၏။ သူက သီချင်းကို အလွန်ကြိုက်၏။ သူ့ ဟာသူတော့ဖြင့် .. တားတားဆိုတာ ကောင်းတယ်လေ...တဲ့။
ဒါတင်မက ကျမတို့ ကများ .. သားသား ဒီလို မလုပ်ရဘူးလေ၊ ဟိုဟာ မလုပ်နဲ့ ... လို့ များ တားမိရင် သူက.. လုပ်နဲ့ လုပ်နဲ့ လက်နက်ချပြီးသား...လို့ ဆိုတော့၏။ နားလည်နေသဖြင့် ဆိုနေသလိုလိုပါ။ ၂နှစ် ၇လကျော်မှ တော်တော်ကို သိနေ နားလည်နေပါပြီ။ ကျမတို့ သူ့ ရဲ့ နားလည်သိတတ်မှုလေးက သူ့ ခွဲစိတ်မှုကျ အထောက်အကူပြုလိမ့်မည်လို့  မျှော်လင့်ထားပါသည်။ ကျမတို့ ဖတ်မိသမျှ စာတွေကလည်း ဆိုထားပါ၏။ မခွဲခင် ဖြစ်လာမဲ့ အခြေအနေမှန်ကို ရှင်းပြထားခြင်းဖြင့် တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ပါသည်.ဟု သူတို့ တွေ၏ အတွေ့ အကြုံ အရပါ။
ကျမတို့ လည်း တိုင်ပင်ထားကြပါသည်။ ရှင်းပြပါမည်။ သူနားလည်ခဲ့ပါက ကျမတို့ အတွက် အမြတ်ပါ။ သားလေး ငယ်သေးပေမဲ့ အနည်းငယ်တော့ နားလည် လက်ခံနိုင်လိမ့်မည်ဟုလည်း မျှော်လင့်ထားပါသည်။
+ + +
တစ်ရက်ပြီးတစ်ရက်လွန်လာခဲ့ရာက ၂၀ ရက်ကျော်များကိုရောက်လာပါပြီ။ စောင့်ရတာလည်းကြာလှပါပြီ။ ဒီရက်တွေအတွင်း သားလေးက ကစားလိုက် စားလိုက် တီဗွီကြည့်လိုက်ကနေ ၀လုံးလည်း အနားနှစ်ဖက် ထိစပ်အောင်ရေးတတ်သွားပါပြီ။ သူ စရေးတတ်သည်ဆိုကာနဲ့ .. တားတားကြီး ၀ရုံးရေးတတ်ပြီ…ဆိုကာ အော်ဟစ်ပြီး သူရေးထားသည့် ၀ှိုက်ဘုတ်ကို အဖေနဲ့ အမေကို ပြရသည်မှာ အမောပါ။ မှတ်မှတ်ရရ ၂၃.၅.၁၁ ရက်နေ့ ပါ။
ထို့ ပြင် ကျမတို့ သားကို သတိထားကြည့်နေရာ ပိုပိုသိလာ တွေ့ လာရသည် က များလာပါသည်။ နှာစီးသည်က ၂လနီးပါးရှိလာပါပြီ။ ညအိပ်တိုင်း ခြေဖ၀ါးနှစ်ဖက်နဲ့ ရင်ပတ်ကို ပရုတ်ဆီလေးလိမ်းပေးရ၏။ သားကလည်း နေရသက်သာသလိုပင် လိမ်းပေးပါ ဟု ညတိုင်း တောင်းဆိုတတ်၏။ ကျမတို့ စာတွေ ဖတ်ကြည့်မိခါမှ နှာစီးသည်က သားအသက်ရှူခက်ရခြင်းအကြောင်းနဲ့ ဆက်စပ်မှုရှိနေသည်ကို သိလာရပါသည်။
ကျမတို့ ညအိပ်ချိန်တိုင်း ရင်ဆိုင်ရမြဲ ။ သားက အလွယ်တကူ အိပ်ဖို့ ပိုပိုပြီး ငြင်းဆန်လာသလို ကျမတို့ က ပိုပိုပြီး အော်ရ ပြောရ ချော့ရ ကြာလာပါသည်။ ညစဉ်အိပ်ခါနီးပြီဆိုသည်နှင့် .. ဖေဖေသိပ်ပါ မေမေသိပ်ပါ သားသားကို…ဆိုတာက စပါသည်။
နောက်ဆုံးတော့ ထုံးစံအတိုင်း ကျမဘယ်လက်မောင်းပေါ် ခေါင်းတင်ပြီး ပက်လက်အနေအထား အိပ်ဖို့ ပြင်ရာ ကနေ ခဏအကြာ ဘယ်ဘက်ကို စောင်းဖို့ ပြင်ပါသည်။ စောင်းအပြီး ကျမ ညာလက်ကို သူ့ ခါးပေါ်တင် ဖက်ခိုင်းပြီး ငြိမ်လို့ အိပ်ဖို့ ပြင်ပြန်ပါသည်။ တအောင့် အကြာ ဘယ်ဘက်မှ ညာဖက်လှည့်ရင်း ကျမနဲ့ မျက်နှာချင်းဆိုင် အိပ်ဖို့ ပြင်ပြန်ပါသည်။ ကျမက ကဲ..သားသားအိပ်တော့နော် မေမေရှိတယ် ဖက်ထားတယ်…ဟုဆိုကာ တင်းတင်းဖက်ရင်း သိပ်ရပါသည်။ ငြိမ်လို့ အသက် ရှူသံပြင်းပြင်း မှန်မှန်ထွက်လာသဖြင့် အိပ်ပျော်တော့မည်ဟု ထင်ကာရှိသေး ထ ထိုင်ကာမှောက်ရက် အိပ်ဖို့ ပြင်ပြန်ပါသည်။ လက်နှစ်ဖက်ပေါ် မျက်နှာမှောက် ဖင်ထောင်အိပ်ဖို့ လုပ်နေရာက တစ်ခါ ပက်လက်ပြန်လှန် လက်နှစ်ဖက်ကို ဟိုလုပ် ဒီလုပ်ဆော့နေပြန်ပါသည်။
ကျမတို့ နှစ်ယောက်အနက် တစ်ယောက်ယောက်က တစ်ခုခုပြောလျှင် ပြောသလို လုပ်ပေမဲ့ ဒီကြားထဲ ဟိုလှည့် ဒီလှည့်က လေး၊ ငါးခါထက်မနည်းပါ။ ထိုအတိုင်း အကြိမ်ကြိမ်လုပ်လို့ မောကာမှ အနည်းနဲ့ အများချော့မှ ငေါက်မှသာ နောက်ဆုံးပိတ် မောမောနဲ့ လူးလူးလိမ့်လိမ့် အိပ်ပျော်သွားတတ်ပါသည်။ လူးလူးလိမ့်လိမ့်ဖြင့် ခေါင်းမှာပင် ခေါင်းချွေးများထွက်လို့ စိုနေတတ်၏။ တစ်ည မဟုတ်သလို ညစဉ် ညတိုင်းဆိုသလိုပါ။ အလွန်အအိပ်ခက်သည့် ခလေးလို့ ပဲ မှတ်ချက်ချလိုက်ကြပါသည်။
ဒီလိုနဲ့ တစ်ညကတော့ ထုံးစံအတိုင်း တော်တော်မောမှ အိပ်ပျော်သွားခဲ့ပါသည်။ ကျမတို့ နှစ်ယောက် သူ အိပ်တာကို သတိထားကြည့်မိလိုက်ကြပါသည်။ တိုင်ပင်ထားသလို ၂ယောက်လုံး သူ အသက်ရှူတာကို စိုက်ကြည့်နေမိကြပါသည်။ နောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း အခြေအနေတစ်ခုကို သိလိုက်ရပါတော့သည်။ သားလေးအသက်ရှူရတာ တော်တော်ခက်နေပါပေါ့လား ဆိုသည်ကိုပင်။
သားက ပက်လက်က ခေါင်းအုံးနှစ်လုံးကြား ၁၀ဒီကရီလောက် စောင်းပြီးအိပ်ပျော်နေပါသည်။ ပါးစပ်ကပါဟလို့ အသက်ရှူနေရပါသည်။အသက်ရှူသံပြင်းပြင်းက လမ်းတစ်ဝက်မှာပင် ရပ်ရပ်သွားပါသည်။ သူများတွေ တစ်ဝက် အသက်အောင့်သလိုပါပင်။ ခဏကြာမှ ပါးစပ်က လေပြန်မှုတ်ထုတ်ပါသည်။
တစ်ခါတစ်ခါပြီးဖို့ အရေး တော်တော်ခက်ခဲသလို ပင်ပန်းလှရှာပါသည်။ ကျမတို့ ကြည့်ရင်း စိတ်မောမောဖြင့် ထထိုင်ကာ ဆက်ကြည့်နေမိကြပါသည်။ နောက်တော့ သားအဖေက စလို့ .. ဆေးရုံက ၁၁.၅.၁၁ ရက်နေ့ ရတယ် ဆိုတာ မယူခဲ့မိတာ မှားများနေပြီလား မသိဘူး…ဟု တိုးတိတ်စွာ ပြောလာပါသည်။ ကျမဘာမှ ပြန်မပြောနိုင်လောက်အောင် စိတ်မကောင်းပဲ ဖြစ်နေမိပါသည်။
ကျမတို့ ၆.၆.၁၁ ရက်ကိုရွေးခဲ့စဉ်ကတည်းက ဆုတောင်းခဲ့ကြပါသည်။ ဒီရက် ၃၀ အတွင်း ဘာမှ မဖြစ်ပါစေနဲ့ ဟု။ယခု ကြုံလာရပြီလား။ မတွေးချင်ပါ။နောင်တ မရချင်ပါ။ ကျမတို့ အတတ်နိုင်ဆုံး ဂရုစိုက်ခဲ့ကြပါသည်။ ကျမတို့ သက်ပြင်းမောချရင်း စိတ်မကောင်းစွာနဲ့ ပဲ အိပ်ခဲ့ကြရပါသည်။ ကျန်တဲ့ ၁ပါတ်အတွင်းဘာတွေများဖြစ်လာမလဲ တွေးရင်း စိတ်မောနေပြန်ပါသည်။
ကျမတို့ ထင်မှတ်ခဲ့ကြသော ယုံကြည်ခဲ့ကြသော ခလေးသဘာဝ အဆော့မက်လို့ အအိပ်ခက်တာ ဆိုသော အကြောင်းထက်ပိုသော အကြောင်းရင်း ရှိနေပြီဆိုသည်ကို သိလာ လက်ခံလာရပါပြီ။
ထိုညက မှတ်မှတ်ရရ ၂၈.၅.၁၁ရက်နေ့ ညကပါ။ကျမက သားအဖေကို ဗွီဒီယိုရိုက်စမ်းပါ ဆိုသဖြင့် ကင်မရာယူပြီး ရိုက်ပါသည်။ နောက်ရက်တွေ ပြန်ကြည့်မိကြတိုင်း စိတ်မကောင်း တော်တော် ဖြစ်ကြရပါသည်။
အမှန်တကယ်တော့ တဖြည်းဖြည်းနဲ့ မသိမသာလေး ပိုပိုဆိုးလာတာကိုတော့သိနေပါသည်။ လက်မခံချင် မဖြစ်စေချင်ပေမဲ့ အမှန်တရားမို့ မြင်နေသိနေရပါသည်။ အစာ စားပါကလည်း တဖြည်းဖြည်း ပိုပို ဂရုစိုက်လာရပါပြီ။ အစက အဖတ်နဲနဲကြီးတာလောက် မျိုချနိုင်ပေမဲ့ ခုတော့ မမျိုချနိုင်သလောက်မို့ အားလုံးကို ဂျစ်နဲ့ ခြစ်ပြီး ချက်နေရပါပြီ။ ခရမ်းချဉ်သီးလည်း အခွံအကာမပါအောင် အလယ်သားကို ပဲ ဂျစ်နဲ့ခြစ်၊ ကြည်သွန်နီ ဖြူကိုပါမကျန်ခြစ်ပြီး အရည်နီးပါးထိ ကျေအောင်ချက်ပြီး ကျွေးနေရပါသည်။
အစားမပျက် အဆော့မပျက်နဲ့ ကျန်းမာနေသဖြင့် ၀မ်းသာနေရပါသည်။ အားမပျက်သလို ကျန်တာအားလုံးကတော့ ပုံမှန်မို့ တော်ပါသေးသည် တွေးနေရပါသည်။
ဖတ်သွားပါတယ်..။
ReplyDeleteပေါက်