Wednesday, August 24, 2011
ဝမ်းသာရင်း ကျေးဇူးတင်နေမိပါသည်... ( ၁၁ )
အခန်းထဲက ထိုင်ခုံရှည်ပေါ် ခြေပစ် လက်ပစ် ထိုင်ချလိုက်အပြီး မှန်ပြုတင်းပေါက်ကနေ ဆေးရုံဝင်ပေါက် မျက်နှာစာကို ကြည့်နေမိပါသည်။ ကားတွေ ကားတွေ တစ်စီးပြီး တစ်စီး ၀င်လာလိုက် ထွက်သွားလိုက်နဲ့ က မပြတ်သလောက်ရှိနေပါသည်။ ခုကျမတို့ ရောက်နေရာ ခလေးဆောင်က ဟိုး အရင်ဦးဆုံး ပင်မဆောင်ပါ။ ကျမ စပြီး ဆေးစစ်စဉ် ၂၀၀၄တုံးက ဒီ ပင်မဆောင် တစ်ခုပဲ ရှိခဲ့ပါသေးသည်။
ပင်မဆောင် ညာဘက်က ပြင်ပလူနာဆေးခန်းများရှိရာ အဆောက်အဦးက မှတ်မိသလောက် ၂၀၀၇ လောက်က ဆောက်ပြီးသည် ထင်ပါသည်။ သားလေး ခွဲစိတ်ရသည့် အဆောင်က ပင်မဆောင် ဘယ်ဘက်က နောက်ဆုံး ဆောက်ထားသည့် အဆောက်အဦး ၂၀၁၀က ပြီးခဲ့ပါသည်။ အကြီးဆုံးနဲ့ အကောင်းဆုံးပါ။ ယခုတော့ ဆေးရုံသည် စီပုံ အဆောက်အဦး ၃ခုဖြင့် ၂၄နာရီ မပြတ်လည်ပတ်နေရပါသည်။ ကျမကြည့်နေမိပါသည်။ တကယ်ကို ၂၄နာရီမပြတ်ပါ။ လူနာများ တစ်ယောက်ပြီး တစ်ယောက် ရောက် ရောက်လာပါသည်။ အော်..မကျန်းမာသူတွေ ပေါလိုက်တာ… ဟုတွေးနေဖြစ်ပါသည်။
ခလေးများတွေ့ ရရင်တော့ သားလေးပမာ စိတ်မသက်မသာ ဖြစ်ရပါသည်။ ကုလို့ ရသည့် ရောဂါလား…ဒီထက်မက ဆိုးသည့် ဝေဒနာများ ခံစားနေရသလား…။လူကြီးများဆိုပါကလည်း မိဘများနှင့်ယှဉ်လို့ သာမာန်လူကြီးရောဂါလား…ဒါ သူတို့ နောက်ဆုံးချိန်အတွက်ပဲလား…။ကျမမှာ ကြည့်စရာ မရှိသဖြင့် လျှောက်ကြည့်ရင်း မောနေမိပါသည်။
ခဏကြာတော့ သားအဖနှစ်ယောက်ကစားခန်းက ပြန်ရောက်လာကြပါသည်။ ရောက်မဆိုက်ဆိုသလို သားအဖေက ..နဲနဲစ နာလာပြီထင်တယ်။ ကစားနေရာက အီလာလို့ ပြန်လာတာ…ဟု သတင်းပေးလာပါသည်။ ကျမက သားကို ချီလိုက်ရင်း စကားတွေ ပြောနေလိုက်ပါသည်။
မကြာပါ သူနာပြုဝင်လာပြီးသွေးပေါင်ချိန်တိုင်း၊ အဖျားတိုင်း၊ နာတယ်ထင်လား၊ ဘာဖြစ်သေးလဲ…အစရှိသဖြင့်မေးရင်း ဆေးတိုက်ဖို့ ပြင်ပါသည်။ ပိုးသတ်ဆေးနဲ့ အနာသက်သာစေမည့်ဆေးတို့ ရော တိုက်ပါသည်။ သားမှာ ကြောက်နေပါပြီ။ ချိုပေမဲ့ ပထမဆုံးဆေးက ခါးလိုက်သဖြင့် နောက် ဘာဆေးတိုက်တိုက် မလွယ်တော့ပါ။ ချော့ကာ ပြောကာဖြင့် တစ်ဝက်ဝင် တစ်ဝက်ဖိတ်ဖြင့် ပြီးသွားပါသည်။
ဆရာမထွက်သွားတော့ သားက ပုံမှန်ပြန်ဖြစ်သွားပါသည်။ တစ်ခါ သားအဖေနဲ့ ကစားခန်းသွားဖို့ ပြင်ကြပြန်ပါသည်။ ဒီတစ်ခါ ကျမပါ လိုက်သွားပါသည်။ ကျမတို့ ထွက်လာကြတော့ သူနပြုဆရာမနဲ့ လမ်းမှာ ဆုံစဉ် သူမက ... ခလေးကို သက်သာအောင်ဒီ ရေခဲခြစ်လေးတွေ ကျွေးကျွေးပေးပါ … ဆိုကာ ရေခဲခွက်ကလေးပေးရင်း ကုန်ရင် ထပ်ယူဖို့ ပါ ရေခဲခြစ်စက်ထားရာနေရာ၊ ရေဗူးထားရာနေရာတို့ ကို လိုက်ပြပါသည်။ 
သား ကစားနေစဉ် ကျွေးပါသော်လည်း သားက မစားပါ။ ရေခဲမုန့် ကျွေးစဉ်ကလည်း မစားပါ။ သူ ကြိုက်လှသည့် အစားမဟုတ်သည့်အတွက် ခုလိုချိန်ဆိုတော့ ပိုလို့ ကျွေးရခက်လှပါသည်။ ရေခဲ၏ အအေးက လည်ချောင်းကို ထုံသွားစေပြီး အနာသက်သာစေသည့်အတွက် ဆေးများတိုက်သည်ထက် ရေခဲမုန့် နဲ့ အအေးစာများသာ စားသလောက်ကျွေးပေးရန် အကြံပေးပါသည်။ သို့ သော် သားက ဘာမှ မမျိုချင်လောက်အောင် ရှိနေပါသေးသည်။ သူ မစားချင်သည်ကို ဇွတ်တော့လည်း မကျွေးချင်သဖြင့် စိတ်သက်သာစေရန် ကစားတာကိုပဲ အဖေါ်လုပ်ပေးနေရပါတော့သည်။
ကစားနေစဉ် ကောင်းကောင်းမထိုင်နိုင်သဖြင့် တစ်ခါ ထပြီးကစားရသည်ကိုပဲ ထပ်ခါထပ်ခါ ကစားနေရတော့ ပျင်းလာသည်ထင်ပါသည်။ အခန်းကိုပဲ ပြန်ခဲ့ကြပါတော့သည်။ 
အခန်းရောက်တော့ စကားတွေကိုသာ ဘာရယ်မဟုတ် အဆက်မပြတ်ပြောပေးနေရပါသည်။ ညနေရာက်နေပေမဲ့ အိပ်ချင်ပုံမရပါ။ ကျမတို့ က အိပ်စေချင်ပါသည်။ သူ့ အတွက် အကောင်းဆုံးက အိပ်ပျော်နေခြင်းပဲ ရှိပါသည်။ သို့ သော် အိပ်မဲ့ပုံ မရှိသေးပါ။ ကားရုပ်ရှင် ကြည့်မလား… မေးတော့  ခေါင်းညိတ်ပြသဖြင့် ကုတင်ပေါ်ကျမက ထိုင်၊ သူက ရင်ခွင်ထဲထိုင်လို့ ကြည့်ကြပါသည်။ အစပထမတစ်ခါလောက် အော်ဖို့ စိတ်မရှိရှာပါ။ ညနေစောင်းပြီမို့ နေရကောင်းပုံမရပါ။ သို့ သော် ငြိမ်နေသည်ကလွဲလို့ ဘာမှတော့ မပြောရှာပါ။ကျမတို့ မှာလည်း သူ့ ကိုသာ ကြည့်နေရပါသည်။
ညနေ၆နာရီရောက်တော့ သူနာပြုရောက်လာကာ တစ်ခါ အဖျားတိုင်း၊ သွေးပေါင်ချိန်တိုင်းပါသည်။ ကံကောင်းပါသည်။ အဖျားလုံးဝမရှိပါ။ တော်ပါသေးသည်။ အဖျားဆေးပါ တိုက်စရာ မလိုလို့ ပါ။ ခုချိန်မှ မဟုတ်ပါ။ မွေးစမှစ ထိုးခဲ့ရသည့် ကာကွယ်ဆေးများထိုးပြီးတိုင်းလည်း ဘယ်တော့မှ အဖျားမရှိခဲ့ပါ။ ခလေးနာလာသည်ထင်ပါက လာပြီး အကြောင်းရန်နှင့် တစ်ခုခု အခြေအနေထူးလာပါက လာခေါ်ပါရန်ပြောအပြီး သူနာပြုလည်း ပြန်ထွက်သွားပါသည်။ ကျမတို့ ညစာ စားချိန်လည်း ကျလာပါပြီ။
၇ နာရီကျော်တော့မှ ညစာပြီးကြပါသည်။ သားကတော့ သူ့ အတွက် အစားကို နဲနဲသာ စားနိုင်ပါသည်။ ရေခဲမုန့် ကိုဖြင့် ထိတောင် မထိပါ။ ရေအေးအေးကိုသာ နဲနဲချင်း ခဏခဏတိုက်ပေးနေရပါသည်။ မငို မအီ မဂျီ မဖျားသဖြင့်လွန်စွာ ၀မ်းသာရပါသည်။  
၇နာရီကျော်တော့ တစ်ခါ ကစားခန်းသွားကြပြန်ပါသည်။ ညပြန်လာကြတော့ တစ်ခါ ရုပ်ရှင်ကြည့်ပြန်ပါသည်။ ခါတိုင်းလို မက်ကွင်း မက်ကွင်း.. တို့ ဂွတ်ချ..တို့ နိုးနိုးနိုး ရက်စ်ရက်စ်ရက်စ်..တို့ တော့ လိုက် မအော်နိုင်ရှာသေးပါ။ ငြိမ်လို့ သာ ကြည့်နေပါသည်။
ဒီလိုနဲ့ သာ ညအိပ်ချိန်ရောက်လာပါပြီ။ ညဆေးများလည်း တိုက်ပြီးပါပြီ။ သို့ သော် အိပ်မည့်ပုံမပြသေးပါ။ အိပ်ရအောင်နော် သားသား…ပြောလည်း ဘာမှ ပြန်မဖြေပါ။ တဖြည်းဖြည်းနဲ့ ကျမတို့ တစ်ခုကို သွား သတိရလိုက်ပါသည်။ သားလေး အိပ်ဖို့ ကြောက်နေတာများလား…ဆိုတာကိုပင်။
မျက်လုံးများက ဆေးရှိန်များကြောင့် တစ်နေ့ လည်လုံး မအိပ်ရသေးသောကြောင့် အိပ်ချင်လှနေပါပြီ။ သို့ သော် အိပ်ဖို့ ပြောတိုင်း ခေါင်းခါပြီးသာ ငြင်းနေပါသည်။ သားအဖေကတော့ .. ဆေးတွေလည်းသောက်ထားတာ၊ တစ်နေ့ လည်လုံးလည်း မအိပ်ရသေးဘူး။ အိပ်ကို အိပ်မှ ရမယ်၊ အိပ်တာ သူ့ အတွက် အကောင်းဆုံးပဲ…ဆိုကာ ဇွတ် အိပ်ခိုင်းပါသည်။ သူပါ ကုတင်ပေါ်တက်လှဲပြီး အတူတူ အိပ်ဖို့ ကြိုးစားပါသည်။ 
ကျမကတော့ ဇွတ်မသိပ်ချင်ပါ။ သူ့ ဟာသူ အိပ်ချင်လွန်းပါက အလိုလို အိပ်ပျော်သွားနိုင်ပါသည်။ ထိုသို့ အိပ်ပျော်သည်ကိုပဲ အချိန်ကြာချင်ကြာပါစေ စောင့်ချင်ပါသည်။ ဒီလိုအချိန်မျိုးမှာတော့ လုပ်သင့် အိပ်သင့်တာပဲဆိုတာထက် သူ့ စိတ်အလိုကို လိုက်ပြီး သူ့ သဘောအတိုင်းသာ ထားချင်ပါသည်။ ဘာကိုမှ ထပ် ၀န်မပိုစေချင်ပါ။ သူ့ မှာ ခုလို ခံစားနေရတာပင်များလှပါပြီ။
သားကတော့ ကျမတို့ ထင်သလို ဖြစ်နေပါသည်။ အိပ်ဖို့ ကြောက်နေပါပြီ။ မနက်တုံးက အိပ်ပျော်သွားရာကနိုးလာတော့ သူ့ ပါးစပ်အတွင်း တစ်ခုခုဖြစ်နေတာသိသွား ခံစားလိုက်ရတော့ အိပ်ရမှာ ကြောက်နေပုံရပါသည်။ ကျမတို့ မည်သို့ သူ့ စိတ်အစွဲကို ရှင်းရပါမည်နည်း? တကယ့် အခက်အခဲကို ယခုမှ စတွေ့ ရတော့ပါသည်။ ကျမတို့ မျှောင်လင့်ထားခဲ့ပါသည်။ သို့ သော်ကြုံလာရတော့ နည်းနည်းတော့ စိတ်ပူသွားကြရပါသည်။
ကျမတို့ စောင့်ကြည့်ဖို့ ပဲ ညှိလိုက်ကြပါသည်။ လုံးဝကို ငြင်းဆန်ပြီး လုံးဝမအိပ်မှသာ ဆရာမတွေမေးပြီး တစ်ခုခု စီစဉ်ရပါတော့မည်။ ခုတော့ စောင့်ကြည့်နေရုံနဲ့ သူ လုပ်ချင်တာ လိုက်လုပ်ပေးရုံသာ ဆုံးဖြတ်လိုက်ပါသည်။
စောင့်ကြည့်နေရင်းက သားခေါင်းက ညိတ်ညိတ်ကျသွားတာ တွေ့ ရတော့ ကျမနဲ့ သားအဖေတို့ နေရာလဲ ယူလိုက်ပါသည်။ ကျမနဲ့ အတူ ကုတင်ပေါ်လှဲရင်း ရုပ်ရှင်ကြည့်နေကြပါသည်။ သားက အိပ်ရမှာကြောက်နေသလို လှဲနေရာက ဇွတ်ထထိုင်ပါသည်။ ကျမက .. သားသားဇိမ်ကျအောင် မေမေ့လိုလေး လှဲကြည့်ပါလား…ပြောပါက မယုံရဲစွာ မလှဲချင်လှဲချင်လှဲပါသည်။ ခဏအကြာ ပြန်ထ ပြန်ထိုင်ပြန်ပါသည်။
ကားရုပ်ရှင်လည်း ဘယ်နှကြိမ်ရှိနေပြီလဲတောင် မသိတော့ပါ။ ဒီလိုနဲ့ ပဲ ကျမရင်ခွင်တွင်း မှီထိုင် ကြည့်နေရင်းက အိပ်ပျော်သွားပါတော့သည်။ သားအဖေက ၀မ်းသာသွားကာ လေသံခပ်တိုးတိုးဖြင့်.. ပျော်သွားပြီ… ပြောအပြီး သားက တစ်ချက် လူးလွန့် လိုက်ပါတော့သည်။ ကျမတို့ လည်း ငြိမ်နေလိုက်ကာ စောင့်ကြည့်နေကြပါသည်။ တခဏ ခြေ လက်တွေ လူးလွန့် ပြီးတော့ ပြန်အိပ်ပျော်သွားပါတော့သည်။ ည ၁၂နာရီလည်းကျော်နေပါပြီ။ ကျမတို့ လည်း သက်ပြင်းချနိုင်ပြန်ပါပြီ။
ဆရာမ တစ်ခါ ၀င်လာပြန်ကာ အဖျားတိုင်း သွေးပေါင်ချိန်တိုင်းလုပ်ပါသည်။ အားလုံးကောင်းပါသည်။
ကျမတို့ လည်း နားဖို့ ပြင်ကြပါသည်။ သားအဖေက သားဘေးမှာ အိပ်ဖို့ ပြင်ချိန် ကျမက ခုံတန်းရှည်ပေါ် ခြေပစ်လက်ပစ် လှဲလိုက်ပါတော့သည်။ မကြာပါ အိပ်ပျော်သွားပါတော့သည်။ ၃နာရီလောက်ကျ တစ်ခါ ဆရာမ၀င်လာကာ အကြောဆေးသွင်းတာ စစ်ဆေးပြီး ပြန်ထွက်သွားပါသည်။
မကြာခင်ဟု ထင်ပါသည်။ သားက ချောင်းဆိုးကာ နိုးလာပါသည်။ ချောင်းဆိုးရင်း အန်ပါတော့သည်။ သားအဖေက ဆရာမခေါ်သည့် အရေးပေါ်ခလုတ်ကို နှိပ်ပြီး ဆရာမကိုခေါ်လိုက်ပါသည်။ ကျမလည်း ထိတ်နေပါပြီ။ သောက်ထားသမျှ ရေ၊ နို့ နဲနဲ အားလုံးကုန်ပါပြီ။ သားလည်း မောနေ ပင်ပန်းနေပါသည်။ ဆရာမရောက်လာတော့ သားက မအန်တော့ပါ။သို့ သော် မောနေ ငိုချင်နေပါသည်။
မျက်နှာလေးညှိုးနေကာ တကိုယ်လုံးလည်း ချွေးတွေ စို့ နေပါသည်။ သားကို အကျီ င်္အသစ်လည်းပေးလိုက်ပြီး ပြန်အိပ်ပျော်ဖို့ တဖန် ကြိုးစားရပြန်ပါသည်။ ကြောက်နေပြန်ပါပြီ။ သို့ သော် အချိန်ကြာတော့ ပင်ပန်းကာ အိပ်ပျော်သွားပါတော့သည်။ ကျမတို့ လည်း တစ်ခါ ဟင်းချနိုင်ပြန်ပါသည်။ 
+                                                          +                                                          +
ဒီလိုနဲ့ မနက်မိုးလင်းတော့ ကြည်ကြည်သာသာပင် နိုးလာပါသည်။ မနက် ၁၀နာရီလောက်ကျ ဆေးရုံက ဆင်းနိုင်ပါပြီ။ မနက်တာဝန်ကျ သူနာပြုဆရာမလည်း လိုအပ်တာများ လာလုပ်ပေးပြီးသွားပါပြီ။ မနက်စာကို ကျမနဲ့ သားအဖေက စားကောင်းသလောက် သားကတော့ ထိရုံသာ။အိမ်ရောက်မှ ကျွေးရပါတော့မည်။ 
သားကို သူ့ အကျီ င်္၊ ဘောင်းဘီတို့ ဝတ်ပေးပြီး ဆင်းဖို့ အဆင်သင့် ဖြစ်နေပါပြီ။ သားကလည်း ဆေးရုံမှ ဆက် မနေရတော့ဘူးဆိုတာ သိနေပါပြီ။ ၈နရီခွဲလောက်ကျ ခွဲစိတ်ဆရာဝန်လက်ထောက်ရောက်လာကာ လိုအပ်သည်များ ပြောပြ ရှင်းပြပါသည်။ ခွဲစိတ်ခနဲ့ ဆေးဖိုးများ ရှင်းပြီးပါက ဆင်းနိုင်ပါပြီ။ အားလုံး အဆင်ပြေပြေမို့ ဝမ်းသာကြရပါသည်။
သားနဲ့ သူ့ အဖေတို့ ကစားခန်းထွက်သွားကြပြန်ပါသည်။ ကျမကတော့ သိမ်းစရာရှိသည်များ သိမ်းဆည်းနေရပါသည်။ မကြာပါ သားတို့ သားအဖ ပြန်ရောက်လာပါသည်။ သားအဖေက ပြုံးလို့ ။ ကျမက ဘာဖြစ်လာကြတာလဲ… မေးတော့ သားအဖေက … ဟား ညီးသားကအလည်။ မနက်က အကျီ င်္မလဲခင် ကစားခန်းသွားတုံးက သူနာပြုဆရာမက ဟိုင်း ဖိုက် ဆိုပြီး လက်ချင်းရိုက်ဖို့ လက်ပေးတာ ဆရာမကို မျက်စောင်းထိုးကြည့်ပြီး ခြေက ဆောင့်လိုက်သေးတယ်။ ဆရာမကို ရှောင်ကွေ့ ပြီး ထွက်လာတာ။ အဲဒါ ဆရာမက ရီကျန်ရစ်တယ်။ နောက်ပြီး ဆေးတိုက်မှာ ကြောက်လို့ နေမှာ လို့ ပြောပြီး ဆက်ရီနေတယ်။ ခုတွေ့ တော့ ဆရာမက ဟေး ဘေဘီ ပြန်ရတော့မှာပေါ့လေ ဆိုကာရှိသေး ဘိုင့်ဘိုင် လုပ်နေတာ မပြီးတော့ဘူး။ ဆရာမတွေက သူသိတယ် သူသိတယ် ပြန်ရတော့မယ်ဆိုတာ လို့ ပြောပြီး သဘောတွေကျနေကြတယ်… ဟု ပြောပြပါသည်။
ကျမတို့ လည်း ပြန်ချင်လှပါပြီ။ အိပ်ရောက်ရင်တော့ဖြင့် ကြောက်နေ ထိတ်နေ လန့် နေတာတွေ ပျောက်ကောင်းပါပြီလည်း မျှော်လင့်ရပါသည်။ ပုံမှန်အိပ်တတ်ဖို့ စားဖို့ သောက်ရမည့်ဆေးများ မငြင်းမဆန်သောက်ဖို့ …အားလုံးလွယ်ကူလိမ့်မည် ထင်ပါသည်။ သို့ အတွက် အိပ်ပြန်ဖို့ စိတ်စော နေကြပါသည်။
၁၀နာရီထိုးတော့ ဆရာမက သောက်ဆေးများနဲ့ လိုအပ်သည့်ဆေးများ လာပေးရင်း တိုက်နည်း တိုက်ချိန်များရှင်းပြပေးပါသည်။ နောက်တော့ ဆင်းနိုင်ပါပြီ ပြောပါသည်။ သားအဖေလည်း ငွေရှင်းရာက ပြန်ရောက်လာပါသည်။ ကျမတို့ ၃ယောက်လည်း ချက်ချင်း အိတ်များဆွဲလို့ ဆေးရုံ အခန်းက ထွက်လိုက်ကြပါတော့သည်။
အခန်းဝက တံခါးဖွင့်ထွက်တော့ မျက်နှာချင်းဆိုင် အခန်းက ခလေးငယ်လူနာသမီးလေးက တောင်ကြည့် မြောက်ကြည့်ဖြင့် ကုတင်ပေါ်ထိုင်လို့ ။ အဖေနဲ့ အမေက ကုတင်ဘေးက လိုက်လို့ ။ ခွဲခန်းကို သွားမည့်ပုံပါ။ ကျမ မထင်မှတ်စွာ အဖေနဲ့ အမေကို ကြည့်တော့ သူတို့ မျက်နှာများက မနေ့ မနက်က ကျမတို့ နှစ်ယောက်မျက်နှာများပမာ စိုးရိမ်ပူပန်စိတ်အပြည့်ဖြင့်။ ကျမလည်း ကိုယ်ချင်းစာလို့  အစစအဆင်ပြေဖို့  စိတ်ထဲက ဆုတောင်းပေးနေမိပါသည်။ ကျမတို့ က လွန်မြောက်ခဲ့ပေမဲ့ သူတို့ တွေအတွက်က ခုမှ အစ။
ကျမတို့ သားအမိ တတွေ ထပ်ဆိုင်းမနေတော့ပဲ ထွက်ခဲ့ကြပါတော့သည်။ သားပုံက ဆေးရုံတက် လူနာပုံမျိုးမဟုတ်။ ဆေးရုံမှ သာမာန်ကာကွယ်ဆေးထိုးပြီး ပြန်ကြသည့်ပုံ။ သားအဖေက တိုးတိုးပြောရင်း ၀မ်းသာနေပါသည်။ သားကတော့ တွေ့ သမျှ ၀န်ထမ်းများကို လက်တပြပြနဲ့ ဘိုင့်ဘိုင် လုပ်လို့ မပြီးတော့ပါ။ သူလည်း ၀မ်းသာနေပုံရပါသည်။ ကျမတို့ ဆေးရုံက ကားမောင်းထွက်လာတော့ ၀မ်းသာစွာ ပေါ့ပါးစွာ စိတ်ချမ်းသာစွာ အားလုံးကို ကျေးဇူးတင်စွာ ပျော်ရွှင်စွာနဲ့ ပါ။
၇.၆.၁၁ ရက်နေ့  နေ့ လည် ၁၂နာရီထိုးတော့ အိမ်ပြန်ရောက်ကြပါပြီ။ စားပွဲခုံပေါ်မှာက ဆေးရုံမသွားခင်သောက်ဖို့ ဖျော်ထားခဲ့သော ကော်ဖီနှစ်ခွက်က တစ်ဝက်တပျက်နဲ့ ကြိုလျှက်။  မနေ့ က ဆေးရုံမသွားမီ သောက်နိုင်မည်ထင်ပြီး ဖျော်ပေမဲ့ မသောက်နိုင်ခဲ့ကြပါ။
အိမ်ရောက်သည်နှင့် သားမျက်နှာက ပြုံးချိုရွှင်လန်းနေပါပြီ။ လက်က အပါတ်ကလေးလဲ ဖြုတ်မပေးရသေးတော့ သားအဖေက.. ဟာ သားသားလက်က ဘာလေးတုံးဟ။ အော် ဘန်တန်း လက်ပါတ်လေးထင်တယ်။ မိုက်တယ်ကွာ...ဆိုတော့ သားကပါ.. ဘန်တန်းလိုလေ ဘန်တန်းလို ...လို့ အော်ဟစ်နေပါသည်။
2 comments:
  1. သားသားလေးသနားပါတယ်ဗျနော်...သူ့ခမြာ အိပ်ဖို့တောင်ကြောက်သွားရှာတယ်
    သူနာပြုဆရာမလေးကို ခြေဆောင့်ပြီးမျက်စောင်းထိုးသွားတာလေးဖတ်ရတော့
    သဘောကျလိုက်တာ....။
    ReplyDelete
  2. အားလုံး ဖတ်လာပြီး ခံစားရတာကို ဘာရေးပြရမယ် မသိ။ အတွေးတွေ လိုက်တွေးမိတယ်။
    ReplyDelete