အော်ပါတယ်။ ကျယ်နိုင်သမျှကျယ်၊ ပါးစပ်ကို ဟနိုင်သမျှဟလို့ ။
ပြောပါတယ်။ မရပ်တမ်း မနားတမ်း တစ်နေကုန်။
ခုန်ပါတယ်၊ မြင့်နိုင်သမျှ အားကုန်ပါ။
ကျမတို့ ရဲ့ သားလေး အော်ဟစ် ဆူညံ လို့  ပျော်ရွှင်စွာ ခုန်ပေါက် ဆော့ကစား နေတာပါ ။
ဒီနေ့ ကတော့ ၁၇.၆.၁၁ သောကြာနေ့ ပါ။ သားလေး ဆေးကုမှုယူပြီးလို့ ၁၁ရက်မြောက်နေ့ ပါ။ ကျမတို့ နှစ်ယောက်လည်းပဲ သူလုပ်သမျှ သူပျော်သမျှ သူနဲ့ အတူ လိုက်ပျော်နေမိကြပါတယ်။ မိသားစု၃ယောက်လုံးရဲ့  အပျော်ဆုံးနေ့ များထဲက တစ်နေ့ ပါ။
ကျမတို့ ရဲ့  ၂နှစ်၈လအရွယ် သားလေး... ခွဲစိတ်ကုသမှုအောင်မြင်လို့ မူလပုံမှန်နီးပါး ပျောက်ကင်းသက်သာလာပါပြီ။ ညအိပ်ချိန်မှာလည်း နာကျင်မှုကင်းလို့ ချောမွေ့ စွာ အိပ်နိုင်လာပါပြီ။ အရည်သာမက အဖတ်ပျော့ပျော့ပါ ပြန်လည် စားနိုင် လာပါပြီ။
+ + +
သားလေး.. ပါးစပ်ကို ပိတ်လို့ နှာခေါင်းနဲ့ လေအပြည့်ရှူရင်း အေးဆေး ချောမွေ့ တိုးတိတ် ညင်သာစွာ နဲ့ တခဏအတွင်းမှာပင် အိပ်ပျော်သွားခဲ့တာကို စောင့်ကြည့်ရင်း ပြီးခဲ့တဲ့ညက ကျမတို့ အတိုင်းမသိ ၀မ်းသာခဲ့ကြရပါတော့သည်။ သားလေး ဒီလိုအိပ်မပျော်နိုင်ခဲ့တာ ၁နှစ်ကျော် ကြာခဲ့ပါပြီ။ မသိမသာကနေ တဖြည်းဖြည်း သိသိသာသာနဲ့ နေရခက်လာခဲ့တာ၊ ဘေးလူတွေဖြစ်တဲ့ ကျမတို့ တတွေမှာပင် သူ့ ကိုကြည့်ရင်း မောမောပန်းပန်းဖြစ်ခဲ့ရတာပါ။
ကျမတို့ တွေ နောက်ကြောင်းပြန်စဉ်းစားမိကြတော့ စိတ်မကောင်းဖြစ်ကြရပါသည်။ ကျမတို့ နှစ်ယောက် သားခံစားနေရတဲ့ အဖြစ်မှန်ကို မမှန်းဆမိပဲ မသိ နားမလည်နိုင်ခဲ့ကာ ကုန်လွန်ခဲ့သော ညပေါင်းများစွာ သူ့ ကို ဆူပူခဲ့မိကြပါသည်။ ငေါက်ခဲ့မိကြပါသည်။ အော်ခဲ့မိကြပါသည်။ ငိုအောင်လုပ်ခဲ့မိကြပါသည်။ သားလေး ပင်ပန်းကြီးစွာ ဖြတ်သန်းခဲ့ရပါလိမ့်မည်။ အဖြစ်မှန်ကို သိနားလည်လာခဲ့ရတော့ စိတ်မကောင်းခြင်းကြီးစွာဖြင့် သနားရမိပါတော့သည်။ ကျမတို့ မှာ အကြွေးတင်နေပါပြီ။ သားလေး ကြီးပြင်းနားလည်လာချိန်ကျရင်ဖြင့် ရှင်းပြရင်း တောင်းပန်ရပါအုန်းမည်။
သို့ သော် ဒီနေ့ ကစလို့  ကျမတို့ မိသားစုလေးအတွင်း နားမလည်မှုတွေ ရှင်းလို့ ဝမ်းသာမှုတွေနဲ့ စခဲ့ရပါပြီ။
+ + +
တကယ်တော့ ကျမတို့ တတွေ ဒီလိုနေ့ ဒီလိုအချိန်မျိုးကို စောင့်ခဲ့ရတာ ကြာခဲ့ပါပြီ။ တကယ်တော့ သားလေး ပုံမှန်မဟုတ်မှန်းသတိထားခဲ့မိသည်က သူ့ အသက် ၁နှစ်အရွယ်ကတည်းကပါ။ သို့ ဆိုပါကမူ ၁နှစ်၈လခန့် ကို ကြာခဲ့ပါပြီ။ သို့ သော် သိသိသာသာဖြစ်လာသဖြင် ဆေးကုသဖို့ စစီစဉ်သည်က စခဲ့ပါက ၈လခန့် ရှိပါပြီ။
နှာရည်လည်းမထွက်ပါပဲ နှာစီးနေသကဲ့သို့ ၊ နှာခေါင်းတွင်းတစ်ခုခုရှိနေသကဲ့သို့ အသက်ရှုနေရ သည်ကို သတိထားမိသဖြင့် ၁နှစ်အရွယ် (အောက်တိုဘာ ၂၀၀၉ ခုနှစ်) ကာကွယ်ဆေးထိုးစဉ်က သား၏ ခလေးဆရာဝန်မကို ပြောပြဖူးပါသည်။
ဆရာမက နှာခေါင်းတွင်းသို့ ဆေးရည်ထည့်ပေးဖို့ ( ဆေးရည်က နှာခေါင်းတွင်း နှာရှိနေခဲ့ပါက အရည်ပျော်ပြီးထွက်လာစေရန် ရည်ရွယ်ပြီး) အကြံပြုခဲ့ပေမဲ့ ၁လကြာသုံးခဲ့သော်လည်း မထူးခဲ့သဖြင့် ဆက်ပြီး မသုံးတော့ပဲ ရပ်ခဲ့ကြပါသည်။
၁နှစ်နှင့် ၂နှစ်အတွင်းကတော့ သိတ်ထူးခြားမှုမရှိသည်မို့ ပုံမှန်သာ နေခဲ့ကြပါသည်။ ဖျားခြင်းနာခြင်း အလျင်းမရှိသလို နှာစီးနေသည် ထင်ရပေမဲ့ နှာရည်ထွက် နှာရည်ယိုနေခြင်းမျိုးကလည်း မရှိခဲ့။ ထိမိခိုက်မိပြီး အနာတရ မရှိရအောင်လည်း အထူးဂရုစိုက်ခဲ့ကြသဖြင့် သေးသေးမွှားမွှားလောက်သာ နာဖူး၏။
တစ်ခါ ၂နှစ်ရွယ် ( အောက်တိုဘာ ၂၀၁၀ ) ကာကွယ်ဆေးထိုးစဉ်နှင့် ပုံမှန်ဆေးစစ်သည့်အချိန်ကျမှ ပိုမိုလည်း အသက်ရှူသံပြင်းလာသလို နှာစီးနေသလိုကလည်း ကြာလာခဲ့ပြီမို့ ထပ်မံပြီး ဆရာမနှင့် ဆွေးနွေးခဲ့ကြပါသည်။
ဆရာမက ပြင်ပမှ ဘာမှ ထူးခြားနေမှုမရှိသဖြင့် ဓါတ်မှန်ရိုက်ဖို့ အကြံပေးခဲ့ပါသည်။ ဓါတ်မှန်ပေါ်က အဖြေအရ ဆက်လက်ဆောင်ရွက် ဆေးကုသမှုယူရပါလိမ့်မည်ဟု ပြောလာပါသည်။ ထိုစဉ်က ကျမတို့ က အိမ်ပြန်ရန် အစစစီစဉ်ထားပြီးမို့ ပြန်လာမှပဲ ဆက်လက်လုပ်ကြရန် ဆုံးဖြတ်ခဲ့ကြကာ ၅လကြာ ခရီးရှည်ထွက်ခဲ့ကြပါသည်။
+ + +
မတ်လ ၂၀၁၁ ခုနှစ်။ ကျမတို့ မိသားစု ခရီးရက်ရှည်ထွက်ရာမှ အိမ်ကို ပြန်ရောက်ကြတော့ သားကို ၂နှစ်ခွဲ ကာကွယ်ဆေးထိုးပေးဖို နဲ့ပုံမှန် ဆေးစစ်ဖို့ ကို ချက်ချင်းသတိရကြသည်။ အမှန်မှာတော့ သားခံစားနေရတဲ့ အခြေအနေနဲ့ ပါတ်သတ်သည့် အကြောင်းရင်းကို သိချင်စိတ်များနေတာလည်းပါ ပါသည်။ နဂိုကတည်းက ကျန်းမာရေးအတွက်ဆို နောက်မကျဖို့ သတိထားတတ်ခဲ့သလို ဒီတခါမှာတော့ နဲနဲလည်း စိုးရိမ်စိတ်ပါလာပါပြီ။ သို့ ဖြင့် ဆေးရုံကို လှမ်းချိတ်ရပါသည်။ အချိန်ကိုက်ပင် ၂နှစ်ခွဲအမှီ ၉.၄.၁၁နေ့ မှာ ရပါသည်။
၉.၄.၁၁ နေ့ က သားကို ပုံမှန် စစ်ဆေးပြီးတော့ ဆရာမကို တဖန်ပြန်မေးဖြစ်ခဲ့ပါသည်။ လွန်ခဲ့သော ၆လခန့် အောက်တိုဘာလ ၂၀၁၀တုံးက တစ်ခါ မေးခဲ့ဘူးသည့် သားလေးရဲ့ အသက်ရှူသံပြင်းသော အကြောင်းပဲ ဖြစ်ပါသည်။ ဆရာမက အပြင်မှ ထပ်ခါပြန်စစ်ရင်း ပြင်ပအခြေအနေအရ အားလုံးပုံမှန် ပါဟု ပြောရင်း အကြံပေးလာပါသည်။ပြီးခဲ့တဲ့ ၆လက အဖြေအတိုင်း ဓါတ်မှန်ရိုက်ကြည့်ဖို့ ပါပင်။
ကျမတို့ လည်း သားအဖေအားသည့် ၁၆.၄.၁၁ စနေနေ့ ကိုပင်ရွေးလို့  အမြန်ဆုံး ဓါတ်မှန်ရိုက်ဖြစ်ခဲ့ပါသည်။ ကျမတို့ ထပ်ပြီးနောက်မကျချင်တော့ပါ။ ယခုပင် ၆လခန့် ကြာခဲ့ပါပြီ။ ၆လအတွင်း သားလေး အိပ်ချိန်ကျ အသက်ရှူသံ ပိုပြင်းလာတာ သိသိသာသာ ဖြစ်လာခဲ့သည့်အတွက်လည်း ပိုပူပင်လာမိခြင်း ဖြစ်ပါသည်။
( ယခုမှ သေချာ ပြန်စဉ်းစားကြည့်မိတော့ ကျမတို့ လွဲခဲ့ကြပါသည်။ တကယ်ဆိုပါလျှင် လွန်ခဲ့သော ၆လကပင် ဆရာဝန်မက အကြံပေးခဲ့သည့်အတိုင်း ဓါတ်မှန်ရိုက်ခဲ့ဖို့ စစ်ခဲ့ဖို့ ကောင်းပါသည်။ ထိုစဉ်က ၂နှစ်အရွယ် ဓါတ်မှန်ရိုက်တာ ငယ်လွန်းသေးသည်ဟုလည်း စိုးရိမ်စိတ်လွန် တွေးရင်း ဆုံးဖြတ်ခဲ့တာပါ ပါသည်။ အမှန်အတိုင်းဆိုရပါက အိမ်ပြန်ချင်စိတ် များနေလွန်းတာလည်းပါ ပါသည်။ ထို့ ပြင် အိမ်ရောက်တော့ အစ်ကိုတွေနဲ့ တိုင်ပင်ကြသေးတာပေါ့ ဆိုသော အကြောင်းပြချက်လည်းပါ ပါသည်။ တိုင်ပင်ခဲ့ပါက ဟိုမှာပဲ ပြနေကျ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး လိုအပ်သလို လုပ်လိုက်ပါလို့ ပြောမှာသိရက်နဲ့ ကို တိုင်ပင်ဖို့ ဟူသော အကြောင်းဖြင့် ရက်ရွှေ့ ခဲ့တာဖြစ်ပါသည်။
တကယ်လည်း အစ်ကိုများနဲ့ တိုင်ပင်တော့ ထင်သည့်အတိုင်းပင် အကြံပေးပါသည်။ သူတို့ တွေ ကျွမ်းကျင် သိသည့် ရောဂါမဟုတ်သလို ပိုကောင်းမည်လို့ ယုံကြည်ရသည့် ဒီမှာပင် လုပ်ဖို့ ပြောလာခဲ့ပါသည်။ တကယ်တော့ ကျမတို့ ကိုယ်တိုင်ကလည်း သဘောတူပါသည်။ ဘာကြောင့်ဆိုတာ သူတို့ ရဲ့ အမြင်ခန့် မှန်းချက်ကို သိလိုစိတ်နဲ့ အသိပေးဖို့ သက်သက်သာ ဖြစ်တာမို့ သူတို့ တွေ ကုသဖို့ နှင့်ဆိုင်ရာ ဘာမှ မပြောတာကိုလည်း လက်ခံပါသည်။ သူတို့ က တစ်ခွန်းသာပဲဆိုလာပါသည်။ ချက်ချင်းပြဖို့ နဲ့ အမြန်ဆုံးကုသဖို့ ကို နှေးနေ မေးမနေနဲ့ လုပ်စရာရှိတာ အမြန်လုပ် ဟု ပြတ်ပြတ်ပြောပါတော့သည်။ )
၁၆.၄.၁၁ စနေနေ့ ဓါတ်မှန်ရိုက်ဖို့ ဆေးရုံကိုရောက်တော့ ဧည့်ကြိုကောင်တာ မှာ စာရင်းပေးရင်း မဖြစ်မနေရိုက်ရတော့မည့် အချိန်ဖြစ်ပါလျှက် စိတ်ပူပင်စွာ ကောင်တာ က တာဝန်ခံ ၀န်ထမ်းကို မေးကြည့်ကြပါသေးသည်။ ၂နှစ်ခွဲအရွယ် ရိုက်တာ ဘေးဆိုးကျိုးရှိ မရှိမေးတော့ လိုအပ်လို့ ရိုက်နေကြတာ လသားအရွယ်လေးတွေတောင်မှ..ဟု သူမတို့ အတွက် မဆန်းသည့်လေသံဖြင့်ပြောလာတော့ နည်းနည်း ပေါ့သွားပါသည်။ သူမတို့ ပြောသလို သားအတွက် လိုအပ်လို့ လုပ် ရတာပါလေ လို့ စိတ်သွင်းလိုက်တော့ စိတ်တထင့်အေးသွားပါသည်။ တကယ်တော့ ရိုက်ဖို့ ၁၀မိနစ်ပင် မလိုတော့သည့် အချိန်အခါမှာပါ။
ရိုက်ဖို့ အချိန်ကျလို့  ဓါတ်မှန်ရိုက်သည့် ဌာနမှ မှ တာဝန်ရှိသူက လာခေါ်တော့ သားက ဧည့်ကြိုကောင်တာ မှ တီတီများနဲ့ အပြန်အလှန် လက်ပြနှုတ်ဆက်နေသေးသည်။ ကျမတို့ ပါ ၀င်လိုက်သွားခဲ့ပါသည်။ အခန်းထဲရောက်ဆို ခုံပုလေးပေါ် သားကိုထိုင်ခိုင်းရင်း ဓါတ်မှန်ရိုက်မည့် သူမက သားရဲ့ မေးကို ဘေးတိုက်ကိုင်ခိုင်းပါသည်။ အဖေလုပ်သူက မေးကိုကိုင်ရင်း သားကို တီတီက ဓါတ်ပုံရိုက်မလို့ ပြုံးပြုံးလေးလို့ စပြော ပြောတော့ သားက ပြုံးကာစပင်ရှိသေး ရိုက်သူမမက ပြီးပါပြီဟု ပြောလာပါသည်။
ကျမတို့ မှာ စိတ်အပူပန်ကြီးပူကာ မျှော်မောခဲ့သမျှ တခဏအတွင်းပြုတ်ကျသွားပါတော့သည်။ အော်.. ဒီလိုကျလည်း ဘာမှ မဟုတ်သလိုပါပဲလားဟု ကောက်ချက်ချမိရပါတော့သည်။ နောက်မှ အဖေလုပ်သူက ခလေးတော့မသိဘူး၊ သူ့ လက်တော့ တချက်ကျင်ခနဲခံစားလိုက်ရတယ်.. ဟု ပြန်ပြောပြပါသည်။ ကွန်ပြူတာပေါ်က ပုံကို တချက်လှမ်းကြည့်ရင်း ဘာဖြစ်နေသည်ကို သိချင်စွာ မေးကြည့်မိပါသည်။ ရှင်းပါသည်။ အဖြေကို သက်ဆိုင်ရာ ဆရာဝန်ဆီပို့ ပေးမှာမို့ သက်ဆိုင်သူကပဲ အကြောင်းကြားပေးပါလိမ့်မယ်.. ဟု ဆေးရုံထုံးစံအရ ဖြေပါသည်။ ကျမတို့ နားလည်လျှက်က သိလိုစိတ်စောကာ မေးမိခြင်းဖြစ်ပါသည်။
ကျမတို့ နောက်ထပ် ၃ရက်စောင့်ရပါအုန်းမည်။ တစ်ခု ပူပန်မှုလျော့တော့ နောက်တစ်ခု အဖြေကို စောင့်ရင်း မောရပြန်ပါသည်။ ဘာမှ ဆိုးဆိုးရွားရွား မဖြစ်ပါစေနဲ့ လို့ ဆုတောင်းနေရုံမှတစ်ပါး ဘာမှ မတတ်နိုင်ပါ။ စောင့်ရင်း မျှော်၊ မျှော်ရင်းမောနေရပါသည်။
အော်...
ReplyDeleteကလေး..သနားပါတယ်။
ဝေဒနာကို မပြောပြနိုင်တော့ ...
ပေါက်
ကျနော် ပို့စ်ကို သေချာနားလည်တယ် ဆိုရင်တော့ အခု ခွဲစိတ်မှု ပြီးသွားလို့ သားလေး ကျန်းမာပျော်ရွှင်နေပြီလို့ ယူဆပါတယ်၊ အဲဒါ အမှန်ဆိုရင် မိသားစုလေးရဲ့ အပျော်တွေကူးပြီး ဝမ်းသာမိပါတယ်၊ ဒီလိုမှ မဟုတ်ဘဲ စောင့်ဆိုင်းနေရဆဲ ဆိုရင်တော့ အရာရာ ချောမွေ့ပါစေလို့ ဆုတောင်းပါတယ် ဗျာ...။
ReplyDeleteခွဲစိတ်ကုသမှုမရခင်က ကလေးခမျာ သနားပါတယ်ဗျနော်...ပြောလည်းမပြော
ReplyDeleteတတ်၊လူကြီးတွေကလည်း ဘယ်သိပါ့မလဲလေ..၊ခုတော့အားလုံးကျမ်းမာပျော်
ရွှင်ရပြီပေါ့လေ..၊အရင်ပို့စ်က သားလေးသုံးသွားတဲ့ လက်နက်ချပြီးသားလေ
ဆိုတာလေးဖတ်ရတော့ သဘောကျမိတယ်..၊သာလေးကအသွက်ကလေး..:)
ကျမ လည်း အသက် ၂ နှစ် အရွယ် လောက်တုန်းက ဆေးရုံတက်ခဲ့ရဖူးတယ်။ ခလေးက ငယ်သေးတော့ မိဘတွေ စိတ်ပူရတာ ကိုယ်ချင်းစာ မိတယ်။ ဘလောက်ဒေး မှာ မိတ်ဆက်ပေးလို့  ကို N/A ကျေးဇူးတင်ပါတယ်ရှင့်
ReplyDeleteခင်မင်စွာဖြင့်