Sunday, August 14, 2011
ဝမ်းသာရင်း ကျေးဇူးတင်နေမိပါသည်... ( ၅ )
ဒီလိုန့ဲ ဒီမှာပဲ ခွဲစိတ်ဖို့ စိတ်ဆုံးဖြတ်ချအပြီး ၇.၅.၁၁ နေ့  စနေနေ့ ရောက်တော့ သားအဖေက ဆေးရုံသို့ သွားကာ စရံငွေပေးခဲ့ပြီး ခွဲမဲ့ရက် သတ်မှတ်ခဲ့ပါသည်။ ဆေးမှတ်တမ်းများလည်း တောင်းလာပါသည်။ (ဓါတ်မှန်အဖြေထဲမှာက Adenoids က ကြီးနေတယ်လို့ ပါတော့ တစ်ခါ Adenoidsကိုပဲ ဖြတ်ရမှာလား ဆိုသည့် အတွေးက ၀င်လာကြပြန်ပါသည်။ မရေမရာနဲ့  မသေချာဆဲ။ဆရာဝန်များနဲ့ ဆွေးနွေးသည့်နေ့ ကျမှပဲ သိရပေတော့မည်။)
 ၁.၆.၁၁ ရက်နေ့ ကို ခွဲ မဲ့အဖွဲ့ နဲ့ တွေ့ ဆုံပြီး သိလိုရာ၊ သိသင့်ရာ ဆွေးနွေးဖို့ နဲ့ ၃.၇.၁၁ရက်နေ့  နေ့ လည်မှာ ခွဲဖို့ ရက် အချိန် ရလာပါသည်။ ကျမတို့ ဝမ်းသာသွားပါသည်။ ၃.၆.၁၁ ရက်က သောကြာနေ့ ကျတော့ သားအဖေအတွက် ရုံးက ခွင့်ယူဖို့ လွယ်သွားပါသည်။ သောကြာ၊ စနေက ရုံးပိတ်ရက်မို့ နောက် ၂ရက် ၃ရက်သာ ခွင့်ယူရပါတော့မည်။
၃.၆.၁၁ ရက်က နေ့ လည်ပိုင်းပဲ ရနိုင်လို့ ၆.၆.၁၁ ရက်နေ့ ကို ပြောင်းလိုက်ကြောင်း ဖြစ်ပါသည်။ခလေးက မခွဲမီ ဘာမှ စားလို့ မရကြောင်း၊ နေ့ လည်ဆိုပါက တမနက်ခင်းလုံး မစားရလို့ ခလေးအတွက် အဆင်မပြေနိုင်ကြောင်းနဲ့ ၆.၆.၁၁ နေ့ က မနက်ပိုင်းမို့ ညပိုင်းကတည်းက အစာ မစားရတာ အိပ်ချိန်မို့ ခလေးအတွက် အဆင်ပြေကြောင်း ရှင်းပြပါသည်။ ကျမတို့ လက်ခံပါသည်။
သားအဖေက ဆက်ပြီး ၁၁.၅.၁၁ ရက်နေ့ လဲ ရတယ်ပြောတယ်။ဒါပေမဲ့ ဒီနေ့ ကို ၇ ရက်နေ့ ဆိုတော့ ရက်က ကပ်နေတော့ ဘာမှ အဆင်သင့် မဖြစ်သေးဘူးဆိုပြီး မယူခဲ့တာ။ ..လို့ ကျမကို ပြောပြပါသည်။ ကျမကလည်း အင်း..၁၁ ရက်နေ့ ကျ နီးလွန်းတယ်။ ခွင့် ပြောဖို့ နဲ့ ပြင်ရ ဆင်ရနဲ့  ။ ကောင်းပါတယ်..ရှေ့လထဲကျမှပဲ..။ 
ဒီလိုနဲ့ ကျမတို့ ၆.၆.၁၁ ရက်နေ့ ကိုပဲ ရွေးလိုက်ကြပါသည်။ အင်း..ဒီအတွင်း ဘာမှ ဆိုးဆိုးရွားရွား မဖြစ်ပါစေနဲ့ ဆုတောင်းနေရမှာပဲ။ ဘာမှ မဖြစ်နိုင်လောက်ပါဘူးနော်.. တစ်ယောက်ကို တစ်ယောက် အသံတိတ်မေးလို့ ... ကျမတို့ စိတ်မတင်မကျနဲ့ ပါ ။ ၆.၆.၁၁ ရက်နေ့ ဆိုတော့ နောက် ရက် ၃၀ ကို ဘယ်လိုများ ဖြတ်ကျော် စောင့်စားရမှာပါလိမ့်။
                        +                                              +                                              +
ပထမဦးဆုံး အဖြစ် သားအဖေက ရုံးမှာ ခွင့်ယူဖို့ ပြောရပါသည်။ ရက် သေချာသိလာပြီဖြစ်သဖြင့် ကြိုတင် စီစဉ်လို့ ရတာ စီစဉ်နိုင်ပါပြီ။ ဘော့စ် နှစ်ယောက်လုံးကလည်း ခရီးထွက်နေရာက ပြန်ရောက်နေပါပြီ။ အစီအစဉ်အားလုံး အသေးစိတ်ပြောပြတော့ မင်းတို့ တွေ အဲဒီ ဆေးရုံအပေါ် ယုံကြည်မှုရှိတယ်ဆို လုပ်ပါ။ ခွင့်အတွက် အလုပ်အတွက် ဘာမှ မပူပါနဲ့ ။ လိုတာရှိရင်လည်း ရုံးကိုပြောပါ။  ကိုယ် အဆင်ပြေ နိုင်လောက်သည်ထိ ရက်ယူပါ။ ခလေးအတွက် ကျန်းမာရေးက အရေးကြီးတယ်လေ။ နောက်ပြီး ခွဲပြီးရင် ခလေးကို အအေးစာ ရေခဲမုန့် ကျွေးခိုင်းလိမ့်မယ် ..ကအစ သူတို့ သိသမျှပါ ပြောပြလိုက်ပါသေးသည်။ စိတ်ပေါ့ပါးစွာ ကျေးဇူးတင်ရပါသည်။ လူပို မရှိသည့် ကျမတို့ မိသားစုမှာ ဒီအချိန်လေးတော့ နှစ်ယောက်လုံး သားအနား အနီးကပ်ရှိနေချင်ကြပါသည်။
သားအဖေက...ရုံးက မိသားစုအတွက် ပြုလုပ်ပေးထားသည့် ကျန်းမာရေး အာမခံရသည့် ဆေးရုံများကို သိတ်မကြိုက်လှသည့်အတွက် ကျမတို့ အမြဲကုသနေကျ အမေရိကန်ဆေးရုံမှာပဲ ကုဖို့ ဆုံးဖြတ်ထားကြောင်း ပြောပြခဲ့ပါသည်။
နောက်တစ်ခုက ရုံးမှာ တာဝန်ယူရသည်ကလည်း အမြဲမပြတ် ပိုပိုကောင်းနိုင်မည့် ဒီဇိုင်း အသစ်တွေ စဉ်းစား၊ ပြီး စက်တွေဆင်၊ တကယ်လည်း ဒီဇိုင်း တစ်ခု ပြီးတစ်ခု ပိုပို ကောင်းလာသဖြင့် အောင်မြင်လာခဲ့သည် ဆိုနိုင်ပါသည်။ထိုသို့  ဦးနှောက်ကို အမြဲမပြတ်သုံးနေရပြီး အသစ်အသစ်တွေ တီထွင်နေရသည့် အလုပ်သဘောကို ကြိုက်တာလည်းပါ ပါသည်။ )
ခွင့်စိတ်ကြိုက်ရပြီဖြစ်သဖြင့် တစ်ခုစိတ်အေးသွားရပါပြီ။ ကဲ..ဒီတော့ ဘာဆက်လုပ်ကြမည်နည်း။ဒီ ရက် ၃၀ အတွင်း…။ စောင့်ရုံ စောင့်ရုံ စောင့်ရုံ...။
+                                              +                                              +
ဒီအတောအတွင်း သားလေးကတော့ သိသိသာသာကြီးထွားလာသလို သိနားလည်လို့ လည်း လာပါပြီ။ အဖေနဲ့ အမေ အရိပ်အခြေကြည့်လို့ တစ်ခုခုမှန်း သူသိနေပါပြီ။ တစ်ခါတစ်လေ သူ့ ကို စိတ်မကောင်းတဲ့ အကြည့်နဲ့ များကြည့်မိပါက မိဘများ အနားကပ်လို့ …ဘာမှ ဖြစ်ဘူးလေ။ သားသားကြီး နေကောင်းတယ်လေ…တဲ့။ ရိပ်မိသလို တတွတ်တွတ်ရွတ်လို့ ။ 
တစ်နေ့ တစ်မျိုး စိတ်ကူးတီထွင်ဥာဏ်လေးနဲ့ ကားလမ်း၊ ရထားလမ်းလေးတွေ အဖြတ်အကျော် အထက်အောက် ကိုယ်တိုင် ဆက်လို့ ။ ပြီးကျ သူ့ လမ်းတွေပေါ် ကားတွေ ရထားရုပ်တွေမောင်းလို့ ။ အပြင်ထွက်ပါကလည်း တွေ့ သမျှ လက်ညှိုးထိုးမေးလို့ မဆုံး။ တစ်ခါပြောပြထားပါကလည်း ဘယ်တော့မှ ထပ်မေးစရာ မလိုအောင် မှတ်မိ၏။ နောက်တစ်ခါမေးလို့ များ အရင်အဖြေနဲ့ မတူပါက ချက်ချင်း ပြန်ပြင်တတ်၏။ ကျမမှာ သတိထားရင်း မဟုတ်တာမပြောမိအောင်၊ ဘယ်တော့မှ ပြီးစလွယ် မပြောမိအောင် ကြိုးစားရပါသည်။ စိတ်အစွဲကြီးတတ်သူပါ။ 
သူ ဘာကို စိတ်ဝင်စားသလဲ..သီချင်းလား..ဒါဆို ဂီတပေါ့။ တီဗွီလား..ဒါဆို အပျော်ပေါ့။ စာဖတ်ချင်လား..အရုပ်တွေကြိုက်လား ကားတွေကြိုက်လား…။ သူ့ အကြိုက်ကို ကြည့်လို့ ကြီးလာရင် ဘာလုပ်ချင်မလဲဆိုတာ သိချင်ပါသည်။ သို့ ဖြင့် လွှတ်ထားပါသည်။ သို့ သော် စောင့်ကြည့်ပါသည်။ အထူးသဖြင့် တစ်နေ့ ထက်တစ်နေ့ တိုးတိုးလာသည့် သူ့ အသိကို တွေ့ နေရသဖြင့် ဘာမှ တွန်းအားပေး မသင်ခဲ့ပါ။ ကြက်တူရွေးသင်၊ ကြက်တူရွေးရွတ်၊ ကြက်တူရွေးရ ဆိုတာမျိုး မဖြစ်စေချင်ပါ။ သူ့ ဟာသူ လေး တွေ့ ရှိ၊သိမြင် သင်ယူ စေချင်ပါသည်။ 
တကယ်တော့ ၃နှစ်ကစလို့ မူကြိုသွား ဆရာတွေသင်သမျှ လက်ခံ လိုက်နာ ကျင့်ကြံရပေတော့မည်။ နောက် ကျောင်းစာတွေ သင်ယူ၊ ပါတ်ဝန်းကျင်က သင်တာ လက်ခံရအုံးမှာ ဖြစ်သလို ပါတ်ဝန်းကျင်ကို ပြန်လည် သင်ပေးရတာတွေလည်းကြုံရပေအုံးမည်။ နောက်တော့ ရှေ့လျှောက် လူလောကကြီးထဲဝင်လို့ လူလောကကြီးအကြောင်း  သူ့ ဘ၀တလျှောက်လုံး မရပ်မနား သင်ယူရပေတော့မည်။ ထို့ အတွက် ဒီ၃နှစ်တာလောက်တော့ သူ့ ကို လွတ်လပ်ခွင့် ပေးထားချင်ပါသည်။ 
တပြိုင်နက်တည်း သူ့ ကို လေ့လာနေခဲ့ပါသည်။ သူလုပ်ချင်တာ လုပ် လွှတ်ထားပေမဲ့ လျစ်လျူရှုမထားခဲ့။ ထို့ ပြင် သူလုပ်ချင်တာဟူသမျှကို ဖြည့်ဆည်းပေးခဲ့သလို မလုပ်သင့် မပြောသင့်တာ ဟူသမျှကိုလည်း တားမြစ်ဆုံးမသွန်သင် တည့်မတ်ပေးခဲ့ကြပါသည်။  နံပါတ်၁အချက် အဖြစ် သားလေး ပုံမှန် ဖွံ့ ဖြိုးတိုးတက်နေပါသည်။ ပြုပြင်စရာ မလိုသေးပါ။ နောက် စဉ်းစားတတ် ဆက်စပ်တွေးခေါ်တတ် ပါသည်။ ၀မ်းသာရပါသည်။ 
အဓိကကတော့ ဘာကိုပဲတွေ့ တွေ့  တွေ့ သမျှကို အဖေ၊ အမေ ၊သူကိုယ်တိုင်တို့ နဲ့ ယှဉ်ပြောတတ်ခြင်းပင်။ မိသားစုလေးကို သိကာ ခင်တွယ် တန်ဖိုးထာတတ်တဲ့အတွက် အလွန်ပင် ကြည်နူးဖို့ ကောင်းပါသည်။
ဥပမာ..တီဗွီကြည့်နေစဉ် ငါးလေးတွေလာပါက ငါးအကြီးတွေကို ဖေဖေငါးနဲ့ မေမေငါးလို့ ပြောတတ်သလို အသေးလေးတွေကျ သားသားငါးလေ.ဟိုဟာက ကိုကိုငါးနဲ့ မမငါးဟု အမည်တတ်တတ်၏။ ကားရုပ်ရှင်ကြည့်ရင်တော့ ဖေဖေကား၊ မေမေကား၊ ဦးချစ်ကား၊ တီတီကား၊ဦးအောင်ကား၊ နှုတ်ခမ်းမွှေးနဲ့ ကားကျ ဘဘကားဟု သူသိသမျှ အမည်တတ်တော့၏။ ပါသမျှကားမှာ သူ့ အဆွေအမျိုးများချည်း။ အဆုံးစွန်ပြောရပါက သူဝမ်းသွားပါကလည်း ငုံ့ ကြည့်လို့ သားသားတုံးလေးတွေလေ..သေးသေးလေးတွေ..ဟု ဆိုတတ်သေး၏။
ဆိုပါမူ ခလေးသဘာဝ ခလေးတိုင်း ဒီလိုလေးတွေပါပဲဟု ပြောလာခဲ့ပါမူ.. ကျမတို့ သဘောက ကျမတို့ ၏ သားလေးကသာ ပြောတတ်၊ဆိုတတ်ပါသည်ဟု ဆိုလိုရင်း မဟုတ်ပါ။ အဘယ်ကြောင့်ဆိုပါမူ ကျမအတွက် သားက သားဦးဖြစ်ရုံမက ခလေးဦးပါဖြစ်သောကြောင့်ပင်။
 သားအဖေက သူ့ တူ၊တူမများနဲ့ နေခဲ့သူမို့ ခလေးများဖြင့် ထိတွေ့ သိခဲ့ရပေမဲ့ ကျမကတော့ တူ၊တူမများရှိပေမဲ့ အတူမနေခဲ့ရ၊ မထိမ်းကျောင်းခဲ့ရတော့ ဘယ်အရွယ်မှာ ဘာတွေသိ၊တတ်၊လုပ်ဆိုတာမျိုး အတွေ့ အကြုံမရှိ၊ မသိ။ သို့ ဖြင့်လည်း ကျမတို့ သားလေး နေ့ စဉ် ပုံမှန်ကြီးထွားဖွံ့ ဖြိုးနေပြီး သူ့ အသိဥာဏ်လေး တိုးတက် ၊ ကျန်းမာနေခြင်းတို့ အတွက် ၀မ်းသာပြော ပြောနေရခြင်းပါ။ နောက်တစ်ချက်က သူ အခု ခံစားနေရသည့် အသက်ရှူသံပြင်းသည်နှင့် ပုံမှန် ကြီးထွားမှုတို့  မသက်ဆိုင်သဖြင့်ပါ။ 
+                                                          +                                              +
ဒီလိုနဲ့ ၂ရက်၊ ၃ရက် လွန်လာတော့ ပြက်ခဒိန်ထဲ ရက် ၃၀ အလို အမှတ်က ၂၇ ကိုရောက်လို့ လာပါသည်။ ထုံးစံအတိုင်း ညနေဆို သားက အဖေနဲ့ စက်ဘီးစီးမြဲ..ညစာစားပြီးလျှင်တော့ အပျင်းပြေ မြို့ ထဲ သွားဆဲ။ သားဖြစ်သူကလည်း ညနေ နေ၀င်ပြီဆိုသည်နှင့် .. မှောင်သွားပြီ။မီးလာပြီ။ ၀ူးကြီးနဲ့ အပြင်သွားမယ်..ဆိုကာ တောင်းဆိုမြဲ..ပို့ ရမြဲ။
၁၀.၅.၁၁ ရက်နေ့ မန်းလေးက သူငယ်ချင်းနဲ့ အွန်လိုင်းက ပြောကြတော့ သူမက သတိပေးလာပါသည်။ ခလေးကို ခွဲရင် အားရှိနေစေဖို့ အားမွေးထားပေးဖို့ ပါ။ အလွန်တန်ဖိုးရှိလှသော သတိပေးစကားလေးပါ။ ကျေးဇူး အထူးတင်ရပြန်ပါသည်။ ရုတ်တရက် စဉ်းစားပါမူ ပုံမှန်လည်းကျွေးနေတာပါပဲဟု ထင်ရပေမဲ့ ခွဲပြီး ၁၀ရက်ခန့် အရည်သာ သောက်နိုင်မှာမို့ ထို ၁၀ရက်ကို ကျော်လွန်ရန် ခံနိုင်ရည်ရှိနေဖို့ အတွက် စဉ်းစားရပါပြီ။ 
သားအဖေ ရုံးက ပြန်ရောက်..ညရောက် ..ထုံးစံအတိုင်း ခလေးအကြောင်းပြောကြပြန်တော့ နေ့ လည်က မန်းလေးမှ သူငယ်ချင်းသတိပေးသည့် အကြောင်း ပြောဖြစ်ပါသည်။ ၂ဦးလုံး သဘောတူ လက်ခံပြီး အနည်းဆုံး ပုံမှန်ထက် မပိုခဲ့လျှင်တောင်မှ မလျော့စေဖို့ သတိထားရပါတော့မည်။ အကြောင်းတစ်ခုခုကြောင့် အစားပျက်ပြီး အားနည်းသွားတာမျိုး မဖြစ်စေရ။ ထို့ ပြင် အားဖြစ်စေမဲ့ ကြက်စွပ်ပြုတ်၇ည်လိုမျိုးကို အရင်က ဟင်းချက်ရာမှာသာ သုံးရာက စွပ်ပြုတ်အရည်ပါ တိုက်ဖို့ လိုမျိုး..စဉ်းစားကြည့်ကြပါသည်။ တကယ်လည်း နောက်ရက်ကစ ပိုပြီး ဂရုစိုက်ခဲ့ကြပါသည်။ 
သို့ သော် ညရောက်တော့ လုံးဝထင်မှတ်မထားတာ ကြုံလာရပါသည်။ သားက သူ့ ကုတင်လေးထဲမှာ သူ့ ဟာသူ အိပ်ချင်ပါသည်တဲ့.. တောင်းဆိုလာပါသည်။ ကုတင်ထဲမှာက သူ့ ကစားစရာများ ထဲ့ထားသည်မို့ အဖေဖြစ်သူက သား..ဒီထဲကြည့်အုံး၊ အိပ်လို့ မရသေးဘူး။ နောက်ရက်ကျမှ ရှင်းပေးမယ်.မနက်ဖြန်ကျမှ အိပ်နော်…ဆိုသော်လည်း မရပါ။ အိပ်ကို အိပ်ချင်ပါသည်တဲ့။ သားသား ကိုယ့်ဟာကို အိပ်မှာ..ချည်း တွင်တွင်ရွတ်ရင်း ပူဆာနေပါတော့သည်။ 
ကျမက ၀င်ပြီး ကဲ..ဒီလောက်အိပ်ချင်ရင်လဲ အိပ်…ဆိုကာ အထဲက အရုပ်များကို အပြင်မှာ ပုံရင်း အိပ်ရာပြင်ပေးလိုက်ပါသည်။ သူ့ အဖေက ချီပြီး ကုတင်ထဲ ချပေးလိုက်တော့ ခုန်ပေါက်ဆော့နေသေးသည်။ မခုန်ဖို့ ၊ ကောင်းကောင်းအိပ်ဖို့ ပြောတော့ လှဲချပြီး ဘယ်ညာလူးလိမ့်ဆော့တော့သည်။ ကျမက .. အလကား ဆော့ချင်လို့ တမင်လုပ်တာနေမှာ..ဆိုမိပါသေးသည်။ 
ခဏအကြာကျမတို့ ပါ အိပ်ဖို့ ပြင်တော့ သူပါငြိမ်လို့ အိပ်ပျော်သွားပါတော့သည်။ ခါတိုင်းကဲ့သို့ မကြာပဲ ဘယ်ညာ ၄။၅။ ၁၀ခါလူးအပြီး အသက်ရှူသံမှန်သွားပါတော့သည်။ ကျမမှာတော့ သူ့ ကို မြင်နိုင်မဲ့ အနေအထားကို ပြင်လို့ သူ့ ကိုသာကြည့်ရင်း အိပ်မပျော်နိုင်ခဲ့ပါ။
အမှန်တကယ်တော့ ကျမ၀မ်းနည်းနေမိတာပါ။ တစ်ခါမှ မခွဲဘူးတာပါသလို ၂နှစ်၇လနဲ့ မိဘတို့ နဲ့ ခွဲအိပ်ချင်နေပြီလား..။ အနောက်နိုင်ငံများမှာ ဆိုလျှင် ၆လဆိုရင်ကို ခွဲအိပ်ကြသလို ခွဲဖို့ လဲ အဆင်သင့် ဖြစ်နေပါပြီဟု ဆေးရုံက သင်တန်းပေးစဉ်က သိခဲ့ပါလျက်နဲ့ ငယ်သေးပါသည် တွေးနေမိပါသည်။
တကယ်တော့ ကျမ စိတ်တွေဆင်းရဲနေမိတာပါ။ ဘယ်လိုက ဘယ်လို အတွေးဝင်လာမှန်းမသိ ၀င်လာခဲ့သောကြောင့်ပင်။ သားလေးက ကျမတို့ ဆီက ခွဲခွာဖို့ အတိတ်နမိတ်ပြတာများလား..ဟုပင်။ ကျမ ဘယ်လိုမှ နေမရအောင် စဉ်းစားရင်း အိပ်မပျော်နိုင်သလို ဘယ်ညာလူးရင်း သားကို လှမ်းကြည့်ရင်း ညတာရှည်ခဲ့ရပါသည်။
မနက်အိပ်ရာက နိုးတော့ သားအဖေကို ညက အိပ်မရကြောင်းပြောပြမိပါသည်။ သားအဖေကတော့ ကျမကို သားနဲ့ တညလေးခွဲရတာနဲ့ ပဲ ဖြစ်နေလိုက်တာ..ဟုဆိုချင်ပုံရပါသည်။ သို့ သော် ကျမအတွက်က ခွဲအိပ်ခြင်း သက်သက်မဟုတ်ပါ.. ခွဲသွားဖို့ ...ဟု အတွေးတွေ များနေမိခြင်းပါ။ အယူသီးနေမိခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ကျမအတွက်ကတော့ ဒီအချိန်မှာ ဘာလေးပဲဖြစ်ဖြစ် အဓိပ္ပ္ပါယ်ကောက်ကာ တွေးနေမိတတ်ပါသည်။ 
သားကတော့ အိပ်ရာကပုံမှန်နိုးလို့ ။ ကျမက ချီရင်း..သားသား..ဒီညလဲ ကိုယ့်ဟာကို အိပ်အုံးမှာလားဆိုတော့ ..၀မ်းသာစွာ .. သားသားကြီး ကိုယ့်ဟာကိုအိပ်မှာ..ဟု ပြန်ပြောပါတော့သည်။ ကျမမှာ ပို စိတ်မကောင်းဖြစ်သွားပါသည်။ 
ညရောက်တော့ တကယ်ပဲ သူ့ ကုတင်ထဲမှာ အိပ်ဖို့ ပြင်ပါသည်။ သို့ သော် ဘယ် ညာလူးရင်း ခြေထောက်ထောင် ဆော့ရင်း ပါးစပ်က တောင်တောင်အီအီလျှောက်ရွတ်ရင်း မတ်တပ်ထရပ်ရင်း ခုန်ရင်း ပြန်လှဲချရင်း ဖြင့် နာရီဝက်ကျော်သည့်တိုင် အိပ်မပျော်သေးပါ။ အဖေလုပ်သူက .. ဆော့မနေနဲ့ ။ အိပ်မှာဆိုအိပ်…ပြောတော့.. သားသားကြီး အိပ်မှာလေ…လို့ ပြန်ဖြေပေမဲ့ ဆော့မြဲဆော့လျက်။
ခဏနေတော့ငြိမ်သက်ကာ အိပ်ဖို့ ကြိုးစားနေပါသည်။ မကြာပါ။ဗြုန်းဆို ထရပ်ပြီး .. မေမေသိပ်ပါ။ သားသားကို မေမေသိပ်ပေးပါ…ဟု ကျမကို ကြည့်ရင်း အော်ပါတော့သည်။ သားအဖေကတစ်ခုခုပြောဖို့ အချိန်မရခင် ကျမက ထပြီး သွားချီလိုက်ပါသည်။ နှုတ်ကလည်း.. အေးအေး မေမေသိပ်မှာပေါ့။ အေးအေး..ဆိုကာ တင်းတင်းဖက်ထားမိပါသည်။ ကျမအတွေးထဲမှာတော့ ကျမတို့ သားလေး ကျမတို့ ဆီပြန်လာပြီ..ဆိုကာ ပျော်နေမိပါတော့သည်။ ကျမ ၀မ်းသာသွားပါသည်။ စိတ်လဲ အေးသွားပါသည်။ ကျမမှာတော့ ကျမအတွေးနဲ့ ကျမ ကျေနပ်နေပါသည်။ သားအဖေကတော့ဘယ်လို တွေးနေမည်မသိပါ။
1 comment:
  1. အမေ လုပ်ရတာ အတော်ခက်မှာပဲနော်။
    ReplyDelete