Saturday, February 25, 2012

မသိနိုင်သော..

               တိတ်ဆိတ်နေသောအခန်းတခု။ ကျွန်တော်ရယ်၊ ဗေဒင်ဆရာရယ် ၊ ဆံပင်ညှပ်သမားရယ်၊ သုံးဦးသား ငြိမ်ငြိမ်သက်သက်..


                ဗေဒင်ဆရာ ပင့်သက်တခု ခပ်ဖွဖွချပြီး စကားစပြောသည်။ မရှေးမနှောင်း သူ့လက်မှကိုင်ထားတဲ့ ဘောပင်နဲ့ တစုံတခု စဆွဲသည်။ ဘောပင်စဆွဲရာနေရာသို့ တဖန်ပြန်ရောက်လာလျှင် ပုံတခုပေါ်လာမည်။ စက်ဝိုင်းလည်းဖြစ်နိုင်သလို လေးထောင့်လဲဖြစ်နေနိုင်သည်။ အဲဒီ့အခိုက်အတန့်နောက်မှာတော့ ကျွန်တော်ဟာ တစတစ ပျောက်ကွယ် သွားပါတော့မည်။



( Image Credit : ကိုအရိပ် )



ဗေဒင်ဆရာ..

                မြို့ကလေးကသေးတော့ သူ့အတွက် ကြားနေတာ မြင်နေတာတွေက များလှသည်။ သူကိုယ်တိုင်လဲ ဒီအလုပ်ကို မြတ်နိုးသည်။ လူတွေကို အမြင်မတော်တာတွေမလုပ်ဖို့၊ သူ့တို့ဘ၀တွေကို ဖြောင့်တန်းမှန်ကန်နေစေဖို့ ထိမ်းကြောင်းပေးနေရသော ပဲ့ကိုင်ရှင်တယောက်အဖြစ် သူ့ကိုသူ ၀မ်းသာဂုဏ်ယူနေတတ်သူ။ စိတ်လွတ်လက်လွတ်ရှိနေချိန်ဆို လူတယောက်ရဲ့အတင်းကို မျက်နှာချင်းဆိုင် သက်တောင့်သက်သာ ပြောခွင့်သည် သူ့မှာပဲရှိသည်ဟု စိတ်ချရင်းနှီးသူတချို့အား ပြောပြတတ်တယ်။

              လူဦးရေနည်းသော နေရာဆိုတော့ အစပိုင်းမဆိုးလှပေမဲ့ တဖြေးဖြေးနဲ့ လာမေးသူ ပါးလာသည်။ အခက်အခဲတခုကြောင့်ဖြစ်စေ၊ တခုခု ဇဝေဇ၀ါဖြစ်လာလို့ဖြစ်စေ သူ့ဆီရောက်လာတတ်သူများနှင့် ရောင်းလိုက်ဝယ်လိုက် ပွဲစားတယောက်နှစ်ယောက်မှအပ တခြားသူများ သူ့ဆိုင်ဖက် ခြေဦးမလှည့်လာကြတော။ အဆင်မပြေတော့ စိတ်အလိုမကျမှူ့လေးတွေ ပေါ်လာသည်။ ဒီတော့ သာမန် အဆင်ချောနေကြသူများအား မုန်းမိချင်လာသည်။ လက်တကမ်းမှတိုးတက်မှူ့ အခွင့်အလမ်းများကို မျက်နှာလွဲချင်ကြသူများ၊ မိုးပြိုမှာ မကြောက်တတ်ကြသူများလို့ မြင်လာသည်။

              ထို့အတူ လာမေးရင်း တနှစ်စာမျှ ကြိုတွက်ပေးသည်ကို မတင်းတိမ်ပဲ အသက်ဘယ်နှနှစ်လောက်အထိ ကောင်းမှာလဲ၊ ဆိုးနေမှာလဲဆိုတဲ့ မေးခွန်းတွေကိုလဲ သူ မုန်းလာသည်။ မုန့်ဟင်းခါးဆိုင်မှာ ဟင်းရေလိုက်ပွဲတောင်းသည့်ပမာ။ နှုတ်မှ လွယ်လွယ်ကူကူ ထွက်ကျလာတတ်သော မေးခွန်းတခု။ သူက နောက် ၃ နှစ်လောက် သေချာပေါက် ကောင်းနေပါသည် ပြောကြည့်ပါ့လား၊ အဲ့ဒီလူ နောက် ၃ နှစ်ကုန်သွားသည်အထိ ပြန်မလာမှာ မြေကြီးလက်ခတ်မလွဲ။ အကယ်၍ မတင်မကျဖြေလျှင်လဲ မတတ်ပါဘူးအထင်ခံရကာ နစ်နာရအုံးမည်။ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ကာဖြစ်စေ နစ်နာစေမည့်မေးခွန်းတခုလို့ သူ ခံစားရသည်။ မမေးပဲလဲမနေကြ။ သို့နှင့် ဗေဒင်မေးသူတယောက်လာတိုင်း ဒီမေးခွန်းကို သိသိကြီးနှင့်စောင့်ကာ ဟောနေရသလို။

              ဒီတော့.. စိတ်ထွေနေသူတယောက်ထုံးစံအတိုင်း တွက်အပြီး စဟောချိန်မှာ ပါးစပ်ကဟောရင်း၊ လက်ကကိုင်ထားသောဘောပင်နှင့် စာရွက်အောက်ခြေ နေရာလွတ်ကလေးမှာ ပုံစံတခုခု မသိစိတ်နှင့် ရေးခြစ်နေတဲ့ အကျင့်တခုရလာသည်။ တခါတလေ စက်ဝိုင်းလေးတခုကို အထပ်ထပ်ဆွဲနေမိသလို တခါတရံ လေးထောင့်ပုံ စသည်ဖြင့်။ တကယ်တော့ ထိုပုံလေးတွေဟာ လာမေးသူ၊ ဗေဒင်ပညာ၊ အကြားအမြင် စသည်တို့နှင့် ပတ်သက်နေစရာအကြောင်းမရှိ၊ သို့သော် ပတ်သက်ဆက်နွယ်နေအောင် လုပ်မည့်သူတယောက် ပေါ်လာသည်။ ထိုသူကား ဗေဒင်ဆရာဟောခန်းလေးနှင့် ကပ်လျှက်ဆိုင်ကသူ။

ဆံပင်ညှပ်သမား..

               သူကား ဗေဒင်ဆရာနှင့်ဆန့်ကျင်ဖက် လုပ်ငန်းသဘာဝပိုင်ဆိုင်သူ။ လူတွေ ပုံမှန် ဆံပင်ရှည်နေလေ အနပ်မှန်နေလေ၊ ပုံမှန်အလုပ်။ ဆန္ဒနည်းနေစေသလို ပူပန်မှူ့လဲမရှိစေတော့ အမြဲပေါ့ပါးသွက်လက်နေသူ။ သူ့အဖို့ ငွေဆိုသည်မှာ အရုပ်လေးများပါသော စာရွက်တရွက်၊ ထိုစာရွက်လေးကြောင့် အစားအသောက်လိုလျှင် တဦးနှင့်တဦး တိုက်ခိုက်နေရဖို့မလိုတော့။ ဤသည်သာ သူ့ရဲ့ စီးပွားရေးအမြင်။ ထို့ကြောင့် အမြဲ အနှောင်အဖွဲကင်းစွာ စကားတအေးအေးနှင့်။ လာညှပ်သူကို မေးလဲမေး ပြောလဲပြော။ဒီလိုနဲ့ ရပ်အကြောင်း၊ ရွာအကြောင်းမှအစ ပါးစပ် ဗဟုသုတပေါင်းများစွာ ခြင်းကြားနှင့်တိုက်ယူနေသူ။ တဖြေးဖြေး သူ့ကိုယ်သူ ဘက်စုံနှံ့စပ်ကျင်လည်သူတဦး အဖြစ်မြင်ယောင်လာသည်။

              တနေ့မှာ ဗေဒင်မေးပြီး သူ့ရဲ့ဆံပင်ညှပ်ဆိုင်ဖက် ကူးလာတဲ့ ပွဲစားတယောက် တွက်ထားတဲ့စာရွက်လေးကို အိပ်ကပ်ထဲ တရိုတသေ ခေါက်ထည့်လိုက်တာ သတိထားမိသည်။ သို့နှင် စကားစကြည့်တော့ လတ်တလော လက်ထဲသောင်တင်နေသည့် ကားတစင်းထွက်စေချင်လို့ သွားမေးတာမှန်းသိလာပါသည်။ ဟောထားတဲ့ စာရွက်လေးကိုပါ တောင်းအကြည့်၊ စာရွက်အောက်ခြေ ထောင့်ကလေးက ဗေဒင်ဆရာအထပ်ထပ်ခြစ်ထားတဲ့ စက်ဝိုင်းလေးတွေ့တော့ သူမျက်မှောင်ကုတ်မိသွားသည်။ သူရဲ့ တတိုတစ သိထားတဲ့ တွက်ကိန်းတွေထဲမှာ စက်ဝိုင်းမျိုးမပါ။ ဗေဒင်ပညာနှင့် မပတ်သက်မှန်းကို သူသေချာသိနေပါသည်။

               လျှပ်တပြက် ခေါင်းထဲဝင်လာတဲ့ အတွေးနဲ့ ဒီဗေဒင်ဆရာ တကယ့်ဆရာဗျ၊ အကြားအမြင်ရနေပုံရတယ်။ ခင်ဗျားက ငွေနံသမား။ ဒီတော့ ငွေမြဲနေမဲ့သူဆိုတာ ဒီစက်ဝိုင်းလေးက ညွှန်းနေတာဗျလို့ ပြောတော့ ပွဲစားလဲ သဘောတွေကျပြီး လေပေးဖြောင့်သွားတာပေါ့။ ဆံပင်ညှပ်တဲ့သူက နောက်ပိုင်း ကြုံတဲ့သူမှန်သမျှ အသစ်အဆန်းဖြစ်နေတဲ့ အဲဒီ့ စက်ဝိုင်းလေးအကြောင်းပြောတော့တာပဲ။ ဒီတော့ တဖြေးဖြေးနဲ့ လူတွေစိတ်ဝင်စားလာကြတယ်။ ပွဲစားနဲ့ မဆင်မသင့်တဲ့သူတွေဆိုရင် နဲနဲ ဇာတ်လမ်းလှည့်ပြီး ဗေဒင်ဆရာက ဒီလူ့ကို ငွေသမားလို့ မသိမသာ ထည့်လိုက်တာဗျ။ င၀ိုင်းသမားဆိုတဲ့သဘောပေါ့ဗျာ လို့လဲ လုပ်တတ်သေးတယ်။

              အဲဒီ့အကြောင်းတွေကို ဗေဒင်ဆရာကိုယ်တိုင်လဲ ဆံပင်ညှပ်သမားဆီက ပြန်ကြားရပါတယ်။ အကွက်ပေါ်လာမှန်းသိတော့ သူကလဲ နောက်ပိုင်း မသိစိတ်နဲ့ ဆွဲနေတာမျိုးမဟုတ်တော့ပဲ သိထားသမျှ ဖေါက်သယ်တွေနဲ့ ကိုက်မယ်ထင်တာလေးတွေ သေသေချာချာဆွဲပေးတာမျိုးဖြစ်လာတယ်။စက်ဝိုင်း၊ လေးထောင့်၊ တခါတရံ ပြောရခက်သည့် ခပ်ဆန်းဆန်း ပုံလေးများ။ မေးတဲ့သူတွေကလဲ သူ့ဟောပြီးတာနဲ့ ချက်ချင်း ဆံပင်ညှပ်ဆိုင်ဖက်ကူး၊ ဟိုဆရာကလဲ သူထင်တာရယ် သိတာရယ် ပေါင်းပြီးသရုပ်ခွဲ၊ တဖြည်းဖြည်းနဲ့ ဇာတ်ရှိန်တက်လာပါတယ်။ ဗေဒင်ဆရာအတွက် တဖန်ပြန်အဆင်ပြေလာသလို ဆံပင်ညှပ်သမားလဲ ဒီဇာတ်လမ်းမှာ သိပ်အရေးပါတဲ့နေရာမှာဆိုတော့ သဘောခွေ့နေတယ်။


ကျွန်တော်..

              ကျွန်တော်က အဲဒီ့ဆံပင်ညှပ်ဆရာရဲ့ ပုံမှန်ဖေါက်သယ်ထဲက တယောက်။ သွားညှပ်တိုင်း ဗေဒင်မေးပြီးပြီလား သူက မေးလေ့ရှိတယ်။ မမေးရသေးမှန်းသိတဲ့အခါ ဗေဒင်ဆရာတော်ကြောင်းကို တဖွဲ့တနွဲ့ပြောချင်ပြောတယ်၊ ဒါမှမဟုတ် သူ့ဟောတမ်းနဲ့ လူတွေ ဘယ်လို ပတ်သက်သက်နေပုံရှင်းပြချင်ပြမယ်၊ နောက်ဆုံး မှာတော့ မေးသင့်တဲ့အချက်အလက်တွေ တသီတတန်းကြီးပြောပြီး သွားမေးဖို့တိုက်တွန်းပါတော့တယ်။ စိတ်ညစ်လာလို့ တတ်နိုင်သလောက် မညှပ်ပဲနေ၊ တခြားနေရာရောက်မှ ညှပ်ဆိုတော့လဲ အမြဲရှောင်နေလို့ရတာမဟုတ်။ သူညှပ်တဲ့ ဆံပင်ပုံမဟုတ်မှန်း သိသာနေတော့ တဖက်ကလဲ မျက်နှာပူရနဲ့ အတော့်ကိုခက်နေတာပဲ။

             တကယ်တော့ ကျွန်တော်လဲ လူတယောက်ပါပဲ။ ကတ်မုန့်တလုံးလို အတွင်းက မုန့်သားပေါ်မှာ ဖွယ်ဖွယ်ရာရာ ပြင်ဆင်မွန်းမံထားတဲ့ topping အပြည့်နဲ့။ တတ်နိုင်ရင် တတ်နိုင်သလောက် ပြင်ဆင်ထားတဲ့ အပေါ်ယံကို လူတွေကြည့်ပြီး တိုက်ရိုက်ဖြစ်စေ၊ တဆင့်နားနှင့်ဖြစ်စေ ကိုယ့်ကို ဘယ်လိုမြင်တယ်ဆိုတာကို ပြန်ကြားချင်တာပေါ့။ သို့ပေမဲ့ကိုယ့်ကိုယ်တိုင်တောင် မသေချာလှတဲ့ အတွင်းပိုင်းကို ထင်သလိုမြင်သလိုမျိုး ပြောတာကိုတော့ သိပ်သဘောမတွေ့လှ။ သေချာသိနိုင်သူက ပြောပြမယ်ဆိုရင်လဲ သိပ်မစွန့်စားလို၊ သေချာ မသိချင်ခဲ့။ အားနည်းချက်ဆိုသည်မှာ တစွန်းတစသိပြီးနောက်မှာ ပြန်လည်မြိုချလို့လွယ်ကူလှသည်မဟုတ်။

                ကျောင်းတက်စဉ် သူငယ်ချင်းတယောက်နဲ့ နောက်ဆုံးတန်းမှာ အတူထိုင်လေ့ရှိသည်။ ထိုစဉ်က ကျောက်သင်ပုန်းပေါ်က ဆရာတွေရဲ့ လက်ရေးတိုင်းလိုလို အတော်သော့သည်ထင်ခဲ့သည်။ အမြဲတမ်း ဘေးက သူငယ်ချင်းကို ဒီနေရာမှာ ရေးထားတာ ဘာလဲ မေးချင်မေး.. သို့မဟုတ် သူရေးထားတာကို တဆင့်ပြန်ကူး။

                 တနေ့ အတော်လေး မှန်းရခက်တဲ့စာ သူငယ်ချင်းကိုမေးတော့ သူက ဖြတ်ကနဲ တချက်ကြည့်ကာ ဘာလဲဆိုတာ ရေရေရာရာဖြေသည်။ အဲဒီ့မှာ စိတ်ထဲဇဝေဇ၀ါဖြစ်လာပြီး မင်း သေသေချာချာမြင်ရလားဆိုတော့ သူငယ်ချင်းက အေးလေတဲ့.။ ဒီ့နောက် ကျွန်တော်စကားဆက်မဆိုတော့။ နောက် အတန်းပြီး အားလုံးအခန်းထဲက ထွက်သွားသည်အထိ စောင့်နေပြီး တယောက်ထဲ ခုံတန်း တတန်းချင်း ရှေ့ကိုတိုးသွားသည်။ အခန်းအလယ်လောက်အရောက်မှာတော့ သင်ပုန်းပေါ်က စာတွေကို ပီပီပြင်ပြင်မြင်စပြုလာသည်။ အရင်က သော့သည့်ထင်သော လက်ရေးများ၊ အခုတော့ ပီပီသသ၊ ရှင်းရှင်းလင်းလင်း။

                ငါမျက်စိမှန်ပြီပဲလို့ သေချာသိရတဲ့နောက်၊ ကိုယ့်ရဲ့ အားနည်းချက်တခုကို သိရတဲ့နောက်မှာ ပိုပြီးထိခိုက်စေတဲ့ စကားတခွန်း ထပ်ကြားခဲ့ရသည်။ မျက်စိဆရာဝန်ထံမှ။ အဝေးမှုန်ဆိုတော့ တသက်လုံး မျက်မှန်တပ်နေရတော့မယ်တဲ့။ တဖြေးဖြေး ပါဝါတက်လာဖို့ပဲ ရှိတော့တယ်၊ အကယ်၍ ပါဝါနဲ (နည်း ) လာပြီဆို သတိထားတဲ့၊ သေခါနီးလာလို့ဆိုပဲ။ ကျနေသောစိတ်ဓါတ် ဟိုးအဆုံးစွန်အထိ။ ဒါဟာ တကယ်တော့ အားနည်းချက်ဆိုသော်လည်း ပြင်ပ၊ သာမန်၊ အသေးအဖွဲ တခုမျှသာ။ စိတ်နှင့် ပတ်သက်သော အားနည်းချက်ကတော့ ရင်ဆိုင်ရန် လွယ်ကူမည်မဟုတ်။

                 လက်လျှော့လွယ်သူသည် အသေးအဖွဲလေးကအစ လက်လျှော့ဖို့အဆင်သင့်။ သူ့ကိုမသိသောပတ်ဝန်းကျင်မှာ အထိုက်အလျှောက်ကြိုးစားကြည့်လိမ့်မည်ဖြစ်ပေမဲ့ လူပျော့လို့သတ်မှတ်ထားသောပတ်ဝန်းကျင်မှာတော့ သက်တောင့်သက်သာ လက်လျှော့ပစ်လိုက်ဖို့ သူ့အတွက် အခွင့်သင့်နေသည်။ ဆန့်ကျင်ဖက်တွန်းအားတခု ပေါ်ဖို့ အတော်ခက်နေလိမ့်မည်။

                ကျွန်တော့အမြင် လူတယောက်မှာ ကိုယ်ပိုင်အရည်အသွေးကိုမူတည်ပြီးတွက်ရင် အစွမ်းအစဟာ ရလဒ်လို့ထားနိုင်သလို အားနည်းချက်ဟာ အကြွင်းတခု။ မိမိ အားနည်းချက်ကို သိထားတာကောင်းတယ်လို့ဆိုပေမဲ့ အားသာချက်ကိုသာ ပိုပြီး အလေးပေးချင်သည်။ ရဲတိုက် ထိုင်ဆောက်နေခြင်းထက် လုံသည်ဆိုရုံလေးကာကာ တတ်နိုင်သလောက်ရှေ့ဆက်ချင်သည်။ ဒီအခြေအနေမျိုးမှာ ကျွန်တော်သည် သူတို့ ၂ယောက်ရှေ့မှာ တကယ်အမှန်အကန် သိသည်ဖြစ်စေ၊ အပေါ်ယံသက်သက်ဖြစ်စေ ချပြနိုင်ဖို့မရဲ။ သူတို့သည် အားနည်းချက်ကို ပိုပြီးထင်ထင်ရှားရှား မြင်သာသော မျက်လုံးများနှင့် လူများ။

              
နံရံကို ပထမဆုံးဖေါက်ထွက်ဖို့ ကြိုးစားသူအတွက် သွေးအလိမ်းလိမ်းဖြစ်နေမည်မှာမလွဲ။ တကယ်တော့ မမေးပဲနေခဲ့သော်လည်း သူတို့နှစ်ဦးရဲ့အတွေးမှာ တခုခု သတ်မှတ်ပြီးဖြစ်နေလောက်ပြီ။ အနားညီ တြိဂံပုံသည် တထောင့် ၆၀ ဒီဂရီရှိသောကြောင့် ကျွန်တော်သည် ယောင် ၆၀၊ ဆဌဂံဆိုလဲ အတူတူ၊ နောက်ဆုံး စက်ဝိုင်းတခုဆိုလျှင်တောင်မှ လုံးလည်ချာလည်လိုက်နေသူ၊ ဒီလိုပဲဖြစ်နေလိမ့်မည်။ မေးလျှင်ပြောမည်၊ မမေးလျှင် သတင်းလွှင့်မည်။


သို့နှင့် တနေ့…


              တိတ်ဆိတ်နေသောအခန်းတခု။ ကျွန်တော်ရယ်၊ ဗေဒင်ဆရာရယ် ၊ ဆံပင်ညှပ်သမားရယ်၊ တခဏတာ သုံးဦးသား ငြိမ်ငြိမ်သက်သက်..

                ဗေဒင်ဆရာ ပင့်သက်တခု ခပ်ဖွဖွချပြီး စကားစပြောသည်။ မရှေးမနှောင်းသူ့လက်မှကိုင်ထားတဲ့ ဘောပင်နဲ့ တစုံတခု စဆွဲသည်။ ဘောပင်စဆွဲရာနေရာသို့ တဖန်ပြန်ရောက်လာလျှင် ပုံစံတခုပေါ်လာမည်။ စက်ဝိုင်းလည်းဖြစ်နိုင်သလို လေးထောင့်လဲဖြစ်နေနိုင်သည်။ အဲဒီ့အခိုက်အတန့်နောက်မှာတော့ ကျွန်တော်ဟာ တစတစ ပျောက်ကွယ် သွားပါတော့မည်။

                 အားနည်းချက်တို့ကို ထင်းနေအောင် ပြရင်း တရွေ့ရွေ့သွားနေသော လူတစုအကြားတနေရာမှာ ပြန်ပေါ်လာမည်လား၊ သူတို့မမြင်သာသော နံရံတခြားတနေရာမှာလားတော့ မသိနိုင်သေး…


မှတ်စု..

“ Its just money; its made up. Pieces of paper with pictures on it so we don't have to kill each other just to get something to eat. ”
Margin Call