Monday, September 26, 2011

တွေ့ ကြုံခဲ့ရပါသည်….၏ နောက်….

၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း မိတ္ထီလာကို တစ်ခေါက် သွားခဲ့ကြပြန်သည်။ နေမည့်ရက်က နည်းသဖြင့် မသွားခင်ကတည်းကပင် ဘယ်သွား၊ ဘာလုပ် ကြိုစဉ်းစားထားခဲ့ကြ၏။

ဟိုယခင်ကလို လိုင်းကားဖြင့် မဟုတ်ပဲ ကိုယ့်ကားနှင့်ကိုမို့ ကိုယ့်စိတ်ကြိုက် ရပ်နိုင်၊နားနိုင်သလို နွေဦးအစ အညာအရသာကိုလည်း အပြည့်အ၀ မြင်တွေ့ ခံစားနိုင်ခွင့်ရခဲ့ပါသည်။ ရာသီဥတု ကြည်လင်နေသလို လတ်ဆတ်အေးမြသော လေကိုလည်း လမ်းတလျှောက်လုံး ရှူခဲ့ရ၏။ လမ်းဘေးတလျှောက် ပုရစ်ဖူးတဝေေ၀ သစ်ပင်များနှင့်အတူ ရဲရဲနီ ပွင့်ကြွေတဝေေ၀အညာလမ်း ခရီးတလျှောက်လုံးက စိတ်ကြည်နူးစရာအမှန်ပါ။
သားအဖေက လှနိုးရာရာအပင်များ၊ အပွင့်များကို အဆင်ပြေသလို ဓါတ်ပုံရိုက်ရင်း ၊ တွေ့ သမျှ ပွင့်ကြွေလေးများကောက်ခါ ဘာပွင့်၊ ညာပွင့်ခန့် မှန်းလိုက်၊ ရွက်နုသစ်တို့ ဖြင့် ဝေဆာ လတ်ဆတ်လှပနေသော အပင်များကို ထင်ရာ အပင်သတ်မှတ်လိုက်ဖြင့် လမ်းတလျှောက် မငြီးငွေ့ ခဲ့ရပါ။

ကားရှုပ်မည်ကို ကြောက်သော သားအဖေက မန်းလေးမှ စောစောထွက်ခဲ့သဖြင့် အပူရှိန်မမြင့်ခင်မှာပင် မိတ္ထီလာသို့ ချောချောမောမော ရောက်ခဲ့ကြပါသည်။ ရောက်သည်နှင့် ယခင်ကလိုပင် သားနှင့် သူ့ အဖွား၊ဦးကြီးတို့ က အလွမ်းသယ် ၍ မပြီးနိုင်။

ပြီးခဲ့သည့်နှစ်က လမ်းစလျှောက်စအရွယ် စကားပြောရန် ကြိုးစားစအရွယ်မို့ နှစ်ဦးနှစ်ဖက် အပြန်အလှန်မရှိခဲ့။ ယခုအခေါက်ကမူ သားက ၂နှစ် ၄လအရွယ် အဖွားနှင့် ဦးကြီးတို့ ပြောသမျှ နားလည်ကာ အနည်းငယ် ပြန်လှန်ပြောတတ်နေပြီမို့ သူတို့ သုံးယောက် စကားဝိုင်းက တော်တော်နှင့် မပြီးနိုင်ပါ။

ကျမကမူ ပါလာသည့် အထုပ်များကို နေရာတကျချကာ လုပ်စရာရှိသည်တို့ ကို လုပ်ပြီးမှ သူတို့ ဝိုင်းအတွင်း ပါနိုင်ခဲ့ပါသည်။ သားအဖေကပါ ၀င်ပြောနေသဖြင့် ၀ိုင်းက တော်တော်ပင် စည်နေပါပြီ။ အဖွားနှင့် ဦးကြီးတို့ မှာ သား၏ တုန့် ပြန်ဟန်လေးများကို သဘောကျမဆုံး ၀မ်းသာမဆုံးနိုင်ကြပါ။ သားတစ်ခွန်းပြော ၊ သားပြောသည်ကို သူတို့ လူကြီးများက ပြန်ပြောဖြင့် မပြီးနိုင် မရပ်နိုင်ကြ။

ပြော ၍ ပြီးဆုံးသွားသဖြင့်တော့ ဟုတ်မည်မထင်ပါ။သို့ သော် စကားဝိုင်းဖြတ်ပြီး နေ့ လည်စာ စားရန် အဖွားကပင် စပြောပါသည်။ ကျမတို့ သုံးယောက်အကြိုက် စုံအောင် ချက်ထားပါသည်။ နေ့ လည်စာ စားချိန်ကျနေပြီမို့  စားရန်လည်း အသင့်ပြင်ထားပြီးသားပါ။ ထမင်းစ စားသည်နှင့် အဖွားက အံ့အားသင့်စွာ သဘောကျပြန်ပါပြီ။ သားက လူကြီးများကဲ့သို့ သီးခြားခုံ၊ ပန်းကန်၊ဇွန်းတို့ ဖြင့် အဖိတ်အစင်ကင်းစွာ သူ့ ဟာသူ စားတတ်နေသဖြင့်ပါ။
နေ့ လည်စာ စားပြီး အားလုံးပင် အိမ်ရှေ့ထွက် ထန်းပက်လက်ကုလားထိုင်များပေါ် နေရာယူအပြီး စကားဝိုင်းဆက်ကြပြန်သည်။ မိသားစုဝင်များအကြောင်းက မေးမကုန် ပြောမကုန် မဆုံးနိုင်ပါ။

ကျမတို့ ကလည်း နေရက်နည်းသဖြင့် သိလိုသမျှ တန်းစီ မေးနေရ၏။ သူတို့ ကလည်း မေးကြမြန်းကြ၏။ သူတို့ အတွက်က သားအကြောင်းက အဓိကပေါ့။ ကျမတို့ ကတော့ လူကြီးများ ကျန်းမာရေးနှင့် အိမ်အတွက် လိုအပ်သည်များကို နေသည့် အချိန်အတွင်း ဖြည့်ဆည်း လုပ်ဆောင်ပေးဖို့ အဓိကပါ။

စကားများက မပြီးနိုင်တော့ နေ့ လည်ပုံမှန်အိပ်ချိန်လည်းလွန် အဖွားဖြစ်သူလည်း ပန်းနေပါပြီ။ သို့ သော် အိပ်ဖို့ မပြင်နိုင်ပဲ ညစာအတွက် ချက်ဖို့ ပြင်ပါသည်။ ရှိတာကိုပဲ ကောင်းကောင်းချက်ဖို့ ပြင်ပြီး စချက်ပြန်ပါသည်။ သူမအတွက်က ပင်ပန်းသည့်အလုပ်မဟုတ်ပါ။ သားနှင့်မြေးကို စားချင်ရာ ချက်ကျွေးချင်သည်က အဓိက ဖြစ်နေပါသည်။
ကျမကတော့ စကားဝိုင်းကထပြီး အိမ်ဝိုင်းအတွင်း လှည့်ပတ်ကြည့်ဖြစ်ပါသည်။ စိတ်အ၀င်စားဆုံး အိမ်တောင် ဘက်မှ မြတ်လေးပန်းပင်ကိုပါ။ အပွင့်ကိုသာ မြင်ဘူးပြီး အပင် တစ်ခါမှ မမြင်ဘူးသဖြင့် အပွင့်နှင့် အပင်တွဲလျှက်မြင်ရဖို့ အလွန်စိတ်ထက်သန်နေပါသည်။ သတိတရဖြင့် မေးကြည့်မိတော့ ပွင့်ချိန်လွန်ခဲ့ပါပြီတဲ့။ ပွင့်စဉ်ကမူ ဘုရားကို နေ့ တိုင်း လှိုင်လှိုင်လှူနိုင်ခဲ့ပါသည်တဲ့။ ကျမတို့ နဲနဲ နောက်ကျသွားပါသည်။

နောက်တစ်ခုက အိမ်မြောက်ဘက်က စိန်တစ်လုံးသရက်ပင်ပါ။ အဖူးလေးတွေ ဝေေ၀စီနေရုံမျှမက သီးကင်းသေးသေးလေးတွေပါ ပြွတ်သိတ်နေပါပြီ။ အောက်မှာ ကြွေကျနေသော အဖူးလေးများကလည်း အီတီတီရနံ့ က ရနေဆဲပါ။ မှည့်ပါက ချိုလွန်းကောင်းလွန်းလှသည် ဆိုပေမင့် ကျမတို့ မှာက မှည့်ချိန်တိုင်သည်ထိ မနေနိုင်ကြပါ။ အတို့ အရွယ်သီးကင်းလေးများဖြင့်ပင် မြည်းစမ်းကြည့်ရပါတော့မည်။

ဒီလိုနဲ့ ညစာ စားချိန်ရောက် ညစာစား။အကိုကြီးတို့ လင်မယားရောက်လာ၊ နောက်အကိုတွေပါ ရောက်လာ… လူကစည် ၀ိုင်းက စည်ဖြင့် ညစကားဝိုင်း ဆက်ကြပြန်ပါသည်။ ညဥ့်နက်မှသာ အားလုံးပြန်သွားကြပြီး ကျန်မိသားစုဝင်များလည်း အိပ်ဖို့ ပြင်ရပါသည်။

+ + +

မနက်မိုးလင်း ကျမတို့ အိပ်ရာကနိုးချိန် အဖွားနှင့် ဦးကြီးတို့ က မနက်စာ အားလုံးပြင်ထားပါပြီ။အေးကုန်တော့မယ် မြန်မြန်လုပ်ကြ စားကြ နှိုးဆော်နေသဖြင့် ဘာမှ မစဉ်းစားနိုင် အမြန် မျက်နှာသစ်ကာ စားပွဲဝိုင်းထိုင် စားကြရပါသည်။ သားကတော့ သူ့ အကြိုက် အကြော်များဖြင့် စားလိုက်သည်မှာ လူကြီးများနှင့် အပြိုင်ပင်။
စားအပြီး ယခင်ကလိုပင် စားချင်တာ ၀ယ်ရန်နှင့် အိမ်အတွက် လိုအပ်တာ ၀ယ်ရန် ဈေးသို့ သွားဖို့ ပြင်ကြပါသည်။ ကျမ အတောင့်တခဲ့ဆုံးနှင့် အလုပ်ချင်ဆုံးဖြစ်သည့် ကိုရင်လေးများကို ဆွမ်းလောင်းရန်အတွက် ဈေးလည်း ၀ယ်လိုသည်က တစ်ကြောင်းပေါ့။

သို့ ဖြင့် ကျမ အသိချင်ဆုံးအကြောင်းအရာကို အမေ့ကို မေးလိုက်ပါသည်။ ကိုရင်လေးများ အရင်လို အပါး ၃၀ကျော်ပဲလား။ တိုးလာသလား လျော့သွားသလား။ သူတို့ အကြောင်း ဘာတွေထူးသေးလဲ။ ကျမက စိတ်အားထက်သန်စွာ မေးလိုက်ပေမင့် အမေ့အဖြေက သာမာန်ပင်။ မနှစ်က အားကြိုးမာန်တက် ပြောခဲ့ပေမဲ့ ဒီတစ်ခါတော့ အားဖျော့တိုးတိမ်စွာပါ။ အမေ ပြောပြသည်က...

‘မရှိတော့ပါဘူး သမီးရယ်။ အမေလဲ သမီးတို့ ပြန်သွားတော့ ခါတိုင်းလိုပဲ နေ့ တိုင်းမပျက် လောင်းတယ်။ ကိုယ်တတ်နိုင်တာပေါ့။ သမီးကပါ စိတ်ဝင်စားတော့ နေမကောင်းတောင် တစ်ခုခုတော့ လောင်းဖြစ်တယ်။ အဲဒါ တစ်ရက် ကျ သမီးတို့ တွေ့ သလိုပဲ ချည်စက်က အုတ်တံတိုင်းခတ်လိုက်ရော။ ကိုရင်လေးတွေရော ကိုရင်ကြီးတွေရော ဖြတ်လမ်းကနေ သွားမရတော့ဘူးလေ။ ဆွမ်းအိမ်တွေလဲ ပျက်ပေါ့။ အမေတို့ နားက ၃။၎ အိမ်ပဲ ရှိတာကိုး။ ချည်စက်ထဲပဲ ခံနေရတာ။ ခုချည်စက်ထဲ ၀င်မရတော့ ဆွမ်းခံဖို့ မလာကြတော့ဘူး။’

‘အမေတို့ ၃၊၄ အိမ်နဲ့ က ဆွမ်းက မလောက်ငှကြဘူးကိုး။ ဒီနားကလဲ ဒီ့ထက် ပို မတတ်နိုင်ကြဘူးလေ။ သူတို့ လေးတွေ ကံပေါ့။ အမေတို့ ကလည်း လာခံပါ မပြောနိုင်ဘူးလေ။ ‘... စကားခဏရပ်အပြီး...
‘တစ်ခါ တစ်ခါ ဈေးသွားရင် လမ်းမှာ တွေ့ တယ်။ ဟို မြို့ ထဲ သွားတဲ့ လမ်းပေါ်မှာလေ။ လမ်းက သွားနေတဲ့ ကားတို့ ဆိုင်ကယ်တို့ လက်ပြတားပြီး ရပ်ပေးတဲ့ ခေါ်တဲ့ သူနဲ့ မြို့ ထဲလိုက် ဆွမ်းခံသွားကြထင်ပါရဲ့ ။ အမေတို့ ဘက်ကို လုံးဝ မလာတော့ သတင်းလဲ အစပြတ်ပေါ့။ ကိုရင်လေးတွေကျောင်းနဲ့ မတူတဲ့ ကျောင်းက ဦးပုဇင်းကြီး၃၊၄ပါးနဲ့ ဘုန်းကြီးအိုကြီး၁ ပါးပဲ ဆွမ်းခံရပ်တော့တယ်။ အဲဒီတော့လဲအမေ့အတွက် တစ်နိုင်ပေါ့။ မပြတ်အောင် လောင်းပါတယ်။များများတော့ ကုသိုလ် မလုပ်နိုင်တော့ဘူးပေါ့လေ...’ ဒီမှာတင်ပဲ အမေ့အဖြေစကားက ဆုံးပါပြီ။

အမေ့စကားတွေက တတ်နိုင်တဲ့ နေ့ စဉ် အလှူလေး မလုပ်နိုင်တော့သည့်အတွက် စိတ်မကောင်းသံစွက်နေသလို၊ အမေ့လို ၈၀ကျော်အတွက် ၀န်မလေးသည့် ၃၊၄ ပါးစာလေး တစ်နိုင် မပြတ်လှူနိုင်သည့်အတွက်တော့ ကျေနပ်နေဆဲကို ပြနေပါသည်။

အမေက ကျေနပ်နေဆဲပေမဲ့ ကျမမှာတော့ ကြိုတင် တွေးထားသမျှ သဲထဲရေသွန်ဖြစ်သွားသလို စိတ်ပျက်သွားပါတော့သည်။ ကိုယ်တတ်နိုင်တာလေးများဖြင့် သူတို့ လိုအပ်ချက်လေးများကို အကောင်းဆုံးဖြစ်အောင် ဖြည့်ဆည်း လှူအုန်းမည် ဟု အားခဲထားသည့်စိတ်များ ပျောက်ပျက်သွားပါသည်။

အမေ့အပြောအရ အစပျောက်သွားရပါပြီ။ အမေ မသိသည်ကလည်း ဖြစ်နိုင်ပါသည်။ ဗမာစကား ကောင်းကောင်းမပြောတတ်သလို သူတို့ ဝတ်နည်းအရလည်း လူတွေကဲ့သို့ အလာပ သလာပ ပြောခွင့်မရှိဆိုထားပါသဖြင့် အမေ့အနေနဲ့ ကလည်း မြင်တာ၊ တဆင့်စကားကြားတာအပြင် ပို မသိခဲ့နိုင်ပါ။
ကျမ စိတ်မကောင်းစွာနဲ့ ပဲ ဈေးသို့ ထွက်ခဲ့ကြပါသည်။ ဟင်းသီး ဟင်းရွက်ဈေးမှာ ယနေ့ စားချင်တာ အစုံဝယ်ပြီး ပြန်ခဲ့ကြပါသည်။ တစ်ခါချက်ပြုတ်ပြီးပါက အိမ်အတွက် လိုအပ်သည်များ လုပ်ပေးရပါအုန်းမည်။အချိန်က တိုသဖြင့် နေသည့် အချိန်အတွင်း ပြီးရန် လောနေရပါသည်။ တခဏတော့ ကိုရင်လေးများကို မေ့သွားပြန်ပါသည်။
အမှန်မှာတော့ ကျမတို့ မှာ ဘာမှ မလုပ်ဖြစ်ခဲ့ကြသေးပါ။ ဒီတစ်ရက်နေပြီးပါက နောက်တစ်နေ့ မနက်စောစော ညောင်ဦးကို ခရီးဆက်ကြဖို့ က စီစဉ်ပြီးနေပေပြီ။ သို့ ဖြင့် ညရောက် မနက်သွားလျှင်ယူမည့် အ၀တ်အစားအိတ် ပြင်ပြီး အိပ်ရာဝင်ခဲ့ကြရပါသည်။

+ + +

ညောင်ဦးသွားသည့်မနက်ကျ မနက်စောစောထပြီး မြို့ အထွက်က လက်ဘက်ရည်ဆိုင်မှာ ထိုင်ရန်ဆုံးဖြတ်ထားသဖြင့် အမေက ကောက်ညှင်းပေါင်းနှင့် ဘူးသီးကြော်ဝယ်ထားပေးမည်ကို ညကတည်းက ၀ယ်မထားရန် ပြောထားရပါသည်။ အမေက အလွန် လက်သွက်သဖြင့် ကြိုပြောထားမှ ရပါသည်။
အမေတို့ ပါ ပုဂံဘုရားဖူးလိုက်ခဲ့ရန်ခေါ်ပေမင့် အသက်ကြီးပြီမို့ တာရှည် ကားမစီးနိုင်ပါတဲ့။ အိမ်မှာပဲ မြေးပြန်အလာစောင့်ရင်း ကျန်ခဲ့ပါသည်။

မြို့ အထွက်နားက လက်ဘက်ရည်ဆိုင်မှာက ကျမတို့ အကြိုက် အစားအစာအစုံရသလို အရသာပါကောင်းသဖြင့် လာတိုင်း နေ့ တိုင်းလိုလို စားဖြစ်ခဲ့ကြပါသည်။ ယခုလည်း စားချင်တာအကုန်မှာ အ၀စားကြ၏။ ကောင်းဆဲပါ။ သားကလည်း ဆိုင်က ခလေးများနဲ့ ထုံးစံအတိုင်း အဖွဲ့ ကျနေပြန်ပါပြီ။

မြို့ ထဲက ထွက်လာ မြို့ ပြင်ရောက်တော့ လမ်းဘေးဝဲယာ မြင်ကွင်းများက နွေဦးအစအညာပီသစွာ ရွက်ဟောင်းကြွေ ရွက်သစ်လဲချိန်မို့ သိပ်စိမ်းစိမ်းစိုစိုကြီး မရှိလှပါ။ နေ့ မြင့်လာလေ အပုရှိန်ကလည်း တက်လာမို့ ပျင်းဖို့ ပင် ကောင်းနေပါသည်။ အောက်တိုဘာက တစ်ခါသွားခဲ့စဉ်ကမူ အေးမြ၊စိမ်းစို လတ်ဆတ်နေကာ လွန်စွာ ကြည်နူးဖို့ ကောင်းခဲ့သမျှ ယခုတစ်ခါကတော့ဖြင့် ဆန့် ကျင်ဘက်ပါ။ သားကလည်း မကြာပါ။ အိပ်သွားပါပြီ။ သားအဖေကအိပ်ချင်ပြေ ကွမ်းတ၀ါးဝါးနှင့်မို့ စကားကောင်းကောင်း ပြောမရ။ကျမကလည်း ဗိုက်က ၀၀နှင့်မို့ အိပ်ငိုက်စပြု။ သို့ သော် ကားမောင်းသူ အဖေါ်ရရန် မအိပ်မိဖို့ ကြိုးစားနေရပါသည်။ တော်ကြာ သူပါ အိပ်ငိုက်လာလို့ မဖြစ်ပါ။

သို့ ဖြင့် စကားကလည်း ပြောလို့ မရဆိုတော့ ကျမစိတ်က ဟိုရောက် ဒီရောက် ။ ဒီလိုနဲ့ အိမ်မှာ နေခဲ့စဉ် ခဏ အတွင်း လုပ်ရင်းကိုင်းရင်းကြားက အမေနဲ့ စကားတွေပြောကြစဉ် သိခဲ့ရသည့် ကိုရင်လေးများအကြောင်းများကိုပဲ ပြန်တွေးကြည့်မိပြန်ပါသည်။

ချည်စက် အနေနဲ့ က သူတို့ ဝင်း လုံခြုံရေးအရ တံတိုင်းခတ်လိုက်ပေမဲ့ ၀န်ထမ်းအချို့ က အမေတို့ နေရာ ရပ်ကွက်အတွင်းနေကြသူများလည်း ရှိသည်မို့ အလုပ်တက်ဖို့ ခက်သွားပါသတဲ့။ အမေ့လို သား၊ သမီးများက ၀င်းအတွင်းနေကြသူများလည်း အမေ့အိမ်၊ အဆွေအမျိုးတွေအိမ် အပြန်အလှန်လာဖို့ သွားဖို့  ခက်သွားကြပြန်ပါသည်။ စက်ရုံအတွင်းက ဖြတ်သွားပါက မြို့ တွင်းသွား လမ်းမကြီးပေါ် ပုံမှန် ၃မိနစ်လောက်ဖြင့် ရောက်ပေမဲ့ ယခုလို စက်ရုံအတွင်းက ဖြတ်သွားမရတော့ ရပ်ကွက်ထဲ ကွေ့ ပတ်သွားကြရရာ အနီးဆုံးလူများအတွက်ပင် အနဲဆုံး ၁၀မိနစ်လောက်ကြာသွားပါပြီ။

ကိုရင်လေးတွေအတွက်လည်း စက်ရုံဝင်းအတွင်း ၀င်မရသဖြင့် ၀င်းအတွင်းမှ လောင်းနေကျ ဆွမ်းခံအိမ်မရတော့ပါ။ သူတို့ အတွက် ဆွမ်းခက်သွားသလို စက်ရုံဝင်းအတွင်းမှ နေ့ စဉ်လို လောင်းနေကြသူ တွေလည်း တစ်နိုင်အလှူလေးတွေ မလုပ်နိုင်ကြတော့ပါ။ သူတို့ တွေလည်း အများသူငှာ တတ်နိုင်သူများလို သိန်း၊ သန်းချီမလှူနိုင်ကြတော့ နေ့ စဉ် တတ်နိုင်သည်လေးများဖြင့် လှူရင်း ကြည်နူး ကျေနပ်နေခဲ့ရသည်လည်း ပျက်သွားသဖြင့် စိတ်မကောင်းဖြစ်ကြရပါသည်တဲ့။ အမေလည်း ထပ်တူလို ခံစားနေရကြောင်း သိပါသည်။ အမေက အလှူအတွက်သာမက ကိုရင်လေးများ အပေါ်ပါ သံဃောဇဉ်ရှိနေသည်မို့ ပို သတိရမိပုံပေါ်ပါသည်။

‘အမေ့အတွက်တော့ ၀င်းခတ်တာ မခတ်တာ မထူးပါဘူး သမီးရယ်။ တရားမရှိတဲ့သူက ၀င်းမခတ်လဲ မကောင်းသလို ၀င်းခတ်လဲ မကောင်းတာ လုပ်မှာပါပဲ။ ခုတော့ အမေ့အမြင် ရပ်ကွက်သူရပ်ကွက်သားတွေ အသွားအလာ ခက်သွားတာပဲရှိတာပဲ။အတွင်းနဲ့ အပြင် ဆွေမျိုးတွေ ရှိနေကြတော့ မသွားမလာလို့ လဲ မရ။ဒီတော့ သမီးတို့ မြင်တဲ့အတိုင်း အုတ်တံတိုင်း ကို တူနဲ့ ထုပြီး အပေါက်ဖေါက်၊ လူတကိုယ်စာအပေါက်ကနေ ကျော်ဝင်ပြီး ကူးလူးနေကြရော။ ဒီလိုလုပ်တော့လဲ ဘာမှ မပြောရဲကြပါဘူး။ အားလုံးက အဆင်ပြေသွားတာကိုး။ ဒါပေမဲ့ အရင်လိုတော့ ဆိုင်ကယ်တွေ ကားတွေ သွားလို့ တော့ မရဘူးပေါ့။ ကိုရင်လေးတွေလည်း ခတ်ခါစက သွားမရတာနဲ့ ပဲ နောက်ပိုင်း မလာကြတော့ဘူး။ အင်း..ဒီလိုပါပဲ။ ဘယ်တတ်နိုင်ပါ့မလဲ။ ‘

အမေက ‘ဘာမှ မတတ်နိုင်ပါ ‘ဟု ပြောလာပါတော့သည်။ ကျမမှာလည်း အမျှော်ကြိးမျှော်ကာ တွေးထားခဲ့သမျှ ဘာဆက်လုပ်ရမည်မသိတော့ပါ။ ပြီးခဲ့သည့် တစ်နှစ်လုံး သတိရောက်တိုင်း ‘ငါ ..စုံစမ်းမယ်။ ရောက်အောင်သွားမယ်။ တတ်နိုင်သမျှ လှူလိုက်မဟဲ့..’ဆိုသော အတွေးများ ပျောက်ကုန်ရပါပြီ။ အမေက ဘာမှ မသိတော့ အားလုံး အဆက်ပြတ်သွားသလိုပါပင်။

သို့ သော် အမေ့အပြောအရ မြို့ ထဲသွား လမ်းမပေါ် ကား၊ ဆိုင်ကယ် တားစီးပြီး မြို့ ထဲ သွားတတ်သည်ကို တွေ့ ဘူးသည်ဆိုသဖြင့် ကားလမ်းပေါ်သွားစောင့်ပါက တွေ့ လိမ့်မည် ထင်ပါသည်။
ကဲ .. တွေ့ ပါပြီတဲ့။ တကယ်လို့ များ ကိုယ်တွေ့ သည့် ကိုရင်လေးများက ဗမာစကား မတတ်သူများဆို ဘာစကားက စပြောရမှာပါလိမ့်။ ကိုယ်ပြောသမျှ နားလည်ပါ့မလား။ မနှစ်က ကျမပြောစဉ်က ဘာမှ ပြန်မပြောရုံမက ဖြတ်ခနဲ လှည့်ထွက်သွားကြသည်ကို တွေ့ ကြုံခဲ့ရသည်မို့ ဒီတစ်ခါရော ဘယ်လိုများ တုန့် ပြန်မှာပါလိမ့်...။ အတွေးများဖြင့်သာ ၀ဲလည်နေပါတော့သည်။ ဘာလုပ်ရမည်မှန်း မဆုံးဖြတ်တတ်တော့တာ အမှန်ပါ။

အော်..ကျမမှာ ပြီးခဲ့သည့် တစ်နှစ်လုံး တကယ်ကို တွေးဖြစ်ခဲ့ပါသည်။ ကျမတွေးသမျှ သားအဖေကို လည်း ပြောပြဖြစ်ခဲ့၏။ တစ်ခါတစ်လေ ဘာလေးလှူရအောင်ပေါ့.. တစ်ခါ နောက်တစ်မျိုး အတွေးရပြန်တော့ ဟိုဟာမကောင်းသေးဘူး ဒီလိုလေး လှူရရင်ကောင်းမလား..ဖြင့် တွေးကာ စဉ်းစားကာဖြင့် နေခဲ့၏။

တစ်ခါတစ်လေ ပိုက်ဆံအိတ်လို ၊ ရေမွှေးလို၊ နှုတ်ခမ်းနီလို၊ တခြားအသုံးအဆောင် တစ်ခုခု အသစ်ထွက်လို့ အကြိုက်တွေ့ ကာ ၀ယ်ပြီးပါကလည်း အော်.. ၅၀၊ ၆၀ ပေးရတာ။ ဒါမ၀ယ်ပဲနဲ့ များ ဒီငွေကို လှူရရင် ငါးသောင်း၊ ခြောက်သောင်းဆိုတဲ့ ပမာဏက တော်ရုံမိသားစုအတွက် တစ်လစာ အသုံးစရိတ်လောက်သလို ကိုရင်လေးတွေအတွက်များဆို သူတို့ လေးတွေရဲ့  သင်ကန်းလေးတွေ မဲညစ်ရောင်က နီညိုရောင် ပြန်သန်းလာဖို့ ၊ သပိတ်လေးတွေ ဆွမ်းခွက်လေးတွေ ဆီတ၀င်းဝင်းကနေ ဆီပြောင်ပြီး ပို သန့် ရှင်းလာဖို့ ၊ ဒက်ကလေးတွေ ဖွေးဖွေးနဲ့ ခေါင်းလေးတွေ ဒက်ကင်းပြီး ဦးခေါင်းပြောင်ပြောင်လေးတွေ ဖြစ်လာဖို့ ၊ ကိုယ်ပေါ်က ယားနာလေးတွေ စင်သွားဖို့ အတွက် တစ်လစာ မက နှစ်လစာ သုံးလစာလောက် ဆပ်ပြာမျိုးစုံလှုနိုင်လောက်တယ်။ ဆန်နှစ်အိတ်ဆိုလည်း တစ်လ နှစ်လစာ မနက်စာ ယာဂုအတွက်တော့ ရနိုင်လောက်တာပေါ့...ဟု တွေးမိပြန်ကာ ငါ့နှယ်နော် ဒီတစ်ခုထပ်မ၀ယ်လဲ ရှိတာတွေသုံး ရနေတာပဲ။ အို.. နောက်ဆို မ၀ယ်တော့ဘူး။ အသစ် မရှိလဲ ဘာမှမဖြစ်ပါဘူး။ ... အတွေးတွေ ၀င်လာတော့ သားအဖေကို ပြောပြဘူး၏။

သားအဖေကတော့ အတွေးပြတ်၏။ ‘ညီး ဒါကို တကယ်လိုချင်တယ်မဟုတ်လား။ ၀ယ်ပြီးမှ နောင်တ ရမနေနဲ့ ။ လိုချင်တယ် ၀ယ်။ ၀ယ်ပြီး ငါလိုချင်တာ ငါဝယ်နိုင်တယ်။ ငါကြိုက်တယ်။ ငါပျော်တယ်။ ၀ယ်ပြီးပြီ ကုန်ပြီးပြီ တန်အောင် သုံးပေါ့။ ဘာလို့ အဲလိုတွေ လျှောက်တွေးနေမှာလဲ။ လှူချင်တယ် လှူဖို့ က တစ်ပိုင်း သတ်သတ်။ တခြားနည်းနဲ့ ဖြစ်အောင် လှူလို့ ရတယ်..’. ဟု ပြောတတ်၏။

တစ်ခါတစ်လေ သတင်းများထဲ မီလျံနာများ ဘီလျံနာများ လှူကြတာ ကူကြတာတွေ့ မိရင်လည်း အင်း. ငါလည်း သူတို့ လိုများ ရှိရင် အဲလိုကို လှူလိုက်အုန်းမယ်။ တချို့ ချမ်းသာပေမဲ့ မပေးမကမ်းတာမျိုးတွေ့ မိပြန်ရင်ကျ အင်း..ငါ့ကျလည်း မီလျံနာက ဘီလျံနာဖြစ်ဖို့ လုံးပမ်းနေတာနဲ့ပဲ မပေးမလှူ ဖြစ်နေမလား..ဟု တောင်တောင်အီအီ တွေးမိတွေးရာ တွေးဘူးခဲ့၏။
ဘာပဲဖြစ်ဖြစ် လှူဖို့  တကယ်လိုအပ်သူများကို တတ်နိုင်သလောက် ကူဖို့ ကို တော့ ကျမရော သားအဖေပါ စိတ်တူ၏။ စိတ်ထက်သန်၏။ လိုအပ်သူ တွေ့ ချိန် လှူနိုင်အားရှိနေဖို့ နဲ့ တိုက်ဆိုင်ဖို့ ကို မျှော်လင့်ခဲ့ကြ၏။ သို့ အတွက်လည်း ကိုယ်တတ်နိုင်အားလေးဖြင့် ကိုရင်လေးများကိုလှူဖို့ အထူးပဲ အားသန်ခဲ့ကြ၏။

အော်..တကယ်တမ်း တွေ့ ကြတော့ အခြေအနေက တစ်မျိုးဖြစ်နေပါပြီ။ ဘယ်လိုလုပ်ရ ကောင်းမလဲ ဆိုတာကို နည်းမျိုးစုံ စဉ်းစားကြည့်နေမိ၏။ အမေ မနှစ်တုန်းက ညွှန်ခဲ့သော ‘ဟိုးက သစ်ပင်အုပ်အုပ်နေရာက ဘုန်းကြီးကျောင်းဖြစ်မယ် ‘ ဟု ကိုရင်လေးများကြွလာရာ လမ်းအဆုံးဘက်ကို ကျောင်းအထင်ဖြင့် ပြောခဲ့ပေမဲ့ တကယ်ကျ မဟုတ်ပါ။ ကျောင်းဘယ်မှာ ဆိုတာ အတိအကျ မသိရသေးပါ။ ကျောင်းကို အရင် ရှာရပါအုန်းမည်။

ပုဂံက အပြန် အိမ်မှာ နေမည့် နှစ်ရက် အတွင်း အချိန်ရပါ့မလား။အို တကယ် လုပ်ချင် တကယ့်နည်းလမ်းရှာတွေ့ ပြီး အကြံအစည်အောင်ရမှာပေါ့။ လုပ်ချင်စိတ်သာရှိ၊ ဖြစ်အောင်လုပ်လို့  ရရမှာပေါ့...ဟု တွေးကာ အတွေးကို ဆုံးလိုက်ရ၏။ တွေးရင်း ၊ တွေးရသမျှ သားအဖေကို ပြောပြရင်း၊ နားကောင်းသည့် လမ်းဘေးဆိုင်လေးများမှာ ခဏတဖြုတ် နားရင်း ညောင်ဦးသို့ လည်း ရောက်လုပါပြီ။

ညောင်ဦးမှာ နေချိန် တနေ့ လည်နှင့် နှစ်ရက်အတွင်း ဘုရားတွေ ဖူးရလို့ ပျော်လည်းပျော် ၊နေ၀င်ချိန် သုံးချိန်ကို ဧရာဝတီမြစ်ကမ်းဘေး နေရာစုံမှ သွားပြီးလည်းကြည့်၊ တွေ့ သမျှ စားလည်းစား၊ အစ်ကိုနဲ့ လည်း စကားတွေ မပြတ်တမ်း ပြောလည်းပြောဖြင့် ပျော်ရွှင်စွာ ကုန်ဆုံးခဲ့ကြ၏။

+ + +

နှစ်ရက်ခွဲနေအပြီး ပြန်သည့် မနက်ကျ စောစောပင် ထွက်ခဲ့ကြ၏။ ဒါတောင် မြို့ ရောက်ခါနီးလေ အပူရှိန်တက်လာလေဖြင့် သားမှာ ချွေးလေးစို့ စို့ ဖြင့် ယားနေပါသေးသည်။ တစ်ရက် နှစ်ရက်အတွင်းမှာပင် အညာ အပူရှိန်က သိသာလှပါ၏။

အိမ်ပြန်ရောက်ကြတော့ သားနှင့် အဖွား၊ဦးကြီးတို့ အလုပ်ရှုပ်နေကြပြန်၏။ ကျမလည်း လုပ်စရာရှိသည်များကို တန်းစီ လုပ်ရ၏။ အချိန်က သိပ်မရပါ။ သားအဖေနှင့် တိုင်ပင်ကာ အိမ်အတွက် လုပ်စရာ ရှိတာလုပ်ဖို့ အစီအစဉ်ဆွဲ၊ပြီး ဈေးဝယ်ဖို့ ထွက်၊ လူခေါ်၊ စလုပ်ရပါပြီ။ အချိန်မှီဖို့ လောနေရ၏။ နှစ်ရက်အတွင်း အပြီးလုပ်ချင်၏။ အဆင်ပြေ မပြေသိချင်၏။ မပြေပါက ပြင်စရာရှိတာ ပြင်ပေးရအုန်းမည်။

သို့ ဖြင့် နေ့ အချိန်များမှာ လှူဖို့ အကြောင်း သတိမရနိုင်ခဲ့ပါ။ အော်..လူဆိုတော့လည်း ကိုယ့်အရေးက အရင်ပေါ့။ ကိုယ့်အလုပ်ပြီးဖို့ ပဲ စိတ်ရှိနေ၏။

ဒီလိုနဲ့ အလုပ်တွေ တ၀က်တပျက်နဲ့ ညရောက်သွားပါပြီ။ ညစာစားချိန်ရောက်ခါမှ သရက်ကင်းလေးတွေ တို့ စားဖို့ ခူးရန် သတိရပါတော့သည်။ မှိုးမှိုးမှောင်မှောင်ထဲ ၀ါးလုံးရှည် တရမ်းရမ်းဖြင့် ခူးရတော့၏။ အမေပြောသလို မချိုမချဉ် သရက်ကင်းမွှေးမွှေးလေးများနှင့် အညာငံပြာရည်ချက်တို့ ဖြင့် ညစာက စားကောင်းလှပါသည်။ ညစာစားပြီးမှသာ အိမ်ရှိလူကုန် နားရပါတော့သည်။ တစ်နေကုန် တစ်ယောက်မှ မနားရသေးပါ။

ထုံးစံအတိုင်း အစ်ကိုများပါ ရောက်လာသည်မို့  ညပိုင်း စကားဝိုင်းက စည်လှသည်။ စကားများက မကုန်နိုင်။ သို့ သော် အလည်လာသူများ ပြန်ရအုန်းမည်။ လူကြီးများ အိပ်ချိန်ရောက်ပြီ။ မနက်နိုးလျှင် ဆက်ရန်များက ရှိနေသေးသည်။ အားလုံး အနားယူရပါအုန်းမည်။ သို့ ဖြင့် အိပ်ရာ ၀င်ခဲ့ကြသည်။ သားလည်း လူကြီးများနှင့်အတူမှ အိပ်တော့သည်။

+ + +

နောက်တစ်နေ့ မနက်ကျ စောစောထကာ အမေဆွမ်းလောင်းသည်ကို ကြည့်ဖြစ်၏။ ကိုရင်ကြီး ၃ပါးနှင့် ဘုန်းကြီးအိုကြီး တစ်ပါးသာ ကြွလာပါသည်။ မနှစ်တုန်းက ကိုရင်လေးများ တိုးတိုးခွေ့ ခွေ အလုအယက်ဖြင့် ဆွမ်းခံကြတာ သတိရမိသွားကာ စိတ်မကောင်းဖြစ်နေမိ၏။ သူတို့ လေးတွေ အဆင်ပြေကြပါ့မလား။ မနှစ်က ဆွမ်းခံအိမ် တော်တော်များရှိချိန်ကပင် တစ်ခါတစ်ရံ ဆွမ်းဟင်းက မပါနိုင်။ ဆွမ်း သက်သက်သာ။ ခုလိုများ ဆွမ်းခံအိမ်ရယ်လို့ သတ်သတ်မှတ်မှတ်မရှိတော့ပဲ ကြုံရာ သွားပြီး ကြုံရာ ရရာ ခံနေရချိန်မှာ အဆင်ပြေပြေ ဆွမ်းတစ်နပ်ရနိုင်ပါ့မလား။ တွေးရင်း သူတို့ လေးတွေအစား စိတ်မောနေမိ၏။ အမေပြောသလို “မတတ်နိုင်ဘူး”..ပေါ့လေ။
ခဏသာ မောနိုင်၏။ တစ်နေ့ တာ အလုပ်က စရတော့မည်။ လိုအပ်သေးသည်များ စာရင်းလုပ်၊ ၀ယ်စရာရှိတာ ၀ယ်ရန် မြို့ ထဲ ထွက်ခဲ့ကြ၏။ မြို့ ထဲ အသွား နောက်ကျလို့ လား စောလို့ လားတော့မသိ၊ ကိုရင်လေးများကို လမ်းတလျှောက်မတွေ့ မိပါ။ တွေ့ ပါက ကားပေါ်တင်ခေါ်ပြီး နဲနဲပါးပါး စပ်စုဖို့  စဉ်းစားထားခဲ့ပေမဲ့ မကြုံခဲ့ရပြန်ပါ။
ဒီလိုနဲ့သာ ဈေးက ပြန် ရောက်၊ ကျမက တစ်နေ့ စာချက်၊ လျှော်စရာရှိတာ လျှော်ဖွပ်၊ အိမ်ရှင်း၊ သားအဖေက အိမ်အလုပ် လုပ်စရာများကို အလုပ်သမားများနဲ့ ဆက်လုပ်၊ လိုတာရှိက ဈေးကို အပြေးဝယ်ဖြင့် မနားတမ်း အပြီးလုပ်နေကြရ၏။ သားကတော့ လုစုံစီ လှည့်ပတ်သွားရင်း ကြုံရာနဲ့ ဆော့ကစားလို့ နေ၏။

ညနေစောင်း နေအတော်ညှိုးမှသာ ပြီးတော့၏။ အဆင်ပြေသဖြင့် ၀မ်းသာရပေမဲ့ အဆုံးက မသတ်နိုင်သေး။ နောက်နေ့ ဆက်ပြီး အပြီးသတ်ဖို့ မှာရ၏။ အမေတို့ က ဒီလောက်လဲ အလုပ်ဖြစ်ပါတယ် ပြောနေသဖြင့် ကျမက ဇွတ်ပင် အကုန်ပြီးတော့ ပိုအဆင်ပြေပြီး လူ ပိုသက်သာတာပေါ့။ ပြီးအောင် လုပ်ဖြစ်အောင် ဆက်လုပ်ဖို့ မှာရပြန်၏။
ကျမကတော့ ဖြစ်သလိုနဲ့ သိပ်မကျေနပ်ချင်တတ်ပါ။ တတ်နိုင်လျှင် ဖြစ်နိုင်လျှင် ကောင်းတာကိုပဲ ကြိုက်၏။ လူကြီးများကတော့ ငွေကုန်များမှာစိုးလို့ ဟု ဆိုတတ်ကြ၏။ ကျမတို့ကတော့ လူကြီးများအတွက်မို့  ကုန်စရာရှိတာကို တတ်နိုင်သမျှ အကုန်ခံပြီး အကောင်းဆုံး အဆင်အပြေဆုံးဖြင့် သက်တောင့်သက်သာအခြေအနေမျိုးကိုပဲ လုပ်ပေးလိုပါ၏။ လူကြီးများကတော့ ရှေ့ရေးနောက်ရေး စုံအောင်တွေးပြီး ရှိတာနဲ့ လဲ ဖြစ်နေ သုံးနေလို့ ရတာပါပဲ၊ စုဖို့ ဆောင်းဖို့ က အရေးကြီးတယ် ခံယူထားကြသည်ကိုလည်း သိပါ၏။ ကျမကတော့ အခုလုပ်ရင် တစ်ဆ ၊ နောက်နှစ်မှလုပ်ရင် နှစ်ဆ သုံးဆ၊လုပ်ဖို့ လိုအပ်ပါက လုပ်၊ ကုန်ဈေးနှုန်းက တားမရ၊ ၀င်ငွေက တိုးဖို့ မလွယ် အခြေအနေကိုပဲ ကြည့်ပြီး လုပ်စရာရှိတာ နေ့ ည မရွှေ့ချင်တတ်ပါ။

ညရောက် ညစာစားအပြီး စကားဝိုင်းက ခါတိုင်းလို မဟုတ်။ မနက်ကျ ပြန်ကြတော့မည်မို့ မှာစရာရှိတာမှာ သိချင်တာလေးတွေရှိက မေး၊ လိုတာရှိ ပြောဖြင့် မပြီးနိုင်ပြန်ပါ။ ကျမမှာလည်း အမေ ကျမတို့ အတွက် လုပ်ပေးထားသော တစ်နှစ်စာ အစားအစာများကို ထုပ်ပိုး ပြင်ဆင်လို့  ထည့်သို မပြီးဆုံးးနိုင်ပါ။ သို့ ဖြင့် ညဥ့်အတော်နက်မှ အိပ်ရာ ၀င်ကြရသည်။ မနက်စောစောထရပေအုန်းမည်။

အိပ်ရာဝင်ကာမှပင် နားရပါတော့သည်။ တစ်နေကုန် မနားခဲ့ရတော့ ပင်ပန်းကာ တော်တော်နဲ့ အိပ်မပျော်ပြန်ပါ။ ဒီတော့ စိတ်က ဟိုရောက် ဒီရောက်။

ကိုရင်လေးများအကြောင်းရောက်တော့ ကျမကို ကျမ မကျေမနပ်ဖြစ်နေမိ၏။ ဘာကိုလို့ ရေရေရာရာ ဝေခွဲမသိပေမဲ့ အလိုမကျဖြစ်နေမိ၏။ ဘာမှ လုပ်မပေးနိုင်ခဲ့သည်အတွက် စိတ်မကောင်းလည်း ဖြစ်နေမိ၏။ တကယ်သာ စိတ်ပြင်းပြရင် ဘုန်းကြီးကျောင်းကို ရှာဖွေပြီး သွားလို့ ရရဲ့ နဲ့ ဘာလို့ များ မကြိုးစားမိပါလိမ့်။ အို..အိမ်အလုပ်တွေကလည်း အချိန်မှီပြီးဖို့ လိုသေးတာကိုး..ဆင်ခြေပေးပြီး စိတ်ဖြေနေမိ၏။ အင်း..ဒီတံတိုင်းကြီးသာ မကာရင် ငါ့ စိတ်ကူးတွေ အကောင်အထည်ဖေါ်နိုင်တာပေါ့..တွေးမိတော့ တံတိုင်းခတ်သူများကို မကျေနပ်သလို ဖြစ်သွားပြန်၏။ နောက်ဆုံးကျ အို.. ဒါ ဘယ်သူမှ တတ်နိုင်တဲ့အရာမှ မဟုတ်တာပဲ။ကိုရင်လေးတွေသာမက ကျန် ရပ်ကွက်သူ ရပ်ကွက်သားတွေလည်း အသွားအလာ အဆင်မပြေဖြစ်ကြရတာပါပဲလေ...ဟု တွေးမိပြန်တော့ အင်း...လူ့ ဘ၀ ဆိုတာ ဒီလိုပဲနဲ့ တူပါရဲ့ ။ ကိုယ့် စိတ်တိုင်းကျချည်းတော့ ဘယ်ဖြစ်နိုင်ပါ့မလဲ။သူတို့ လည်း သူတို့ ကောင်းမယ်ထင်တာ လုပ်ကြမှာပေါ့လေ..ဆိုကာ တံတိုင်းခတ်သည့်အပေါ် စိတ်က ပြေသွားပြန်၏။

သို့ သော် တစ်နှစ်လုံးတွေးခဲ့သည်များ တစ်ခုမှ လုပ်မပေးနိုင်သည့်အတွက်တော့ ကိုယ့်ကိုယ်ကို စိတ်အလိုမကျ ဖြစ်နေတုန်းပင်။ ဘယ်သူ့ ကို ဘာကို ဘာအကြောင်းကြောင့် ဘယ်လို အပြစ်တင်ရမယ်မှန်းလဲမသိ။ စဉ်းစားကြည့်တော့ အပြစ်တင်စရာလူလဲမရှိ။ အားလုံး ကိုယ် လုပ်စရာရှိတာ လုပ်နေကြသူချည်း။ ကျမကိုယ်တိုင်ပင် ကိုယ့်အိမ်အတွက်သာ အချိန်ပေးလုပ်ပြီး မေ့ထားခဲ့သေးသည်ပဲ။ ကျမလည်းပဲ ငါ ငါ အတွက် အဓိကထားပြီး ငါ့ဖို့ ငါ့အတွက်ကိုသာ ဦးစားပေးခဲ့သည်ပဲ။ ထို့ အတူ ကိုရင်လေးများကလည်း မည်သူ့ မှ အပြစ်တင်မနေ၊ အဆင်ပြေသလို ဆွမ်းတစ်နပ်ကို ဖန်တီးနေကြမြဲ။ အသက်ရှင်သန်နေဆဲ။ ဒီလိုနဲ့ သာ စိတ်ကျေချမ်းမှုမရပဲ လူးလူးလိမ့်လိမ့်ဖြင့် အိပ်ပျော်သွားခဲ့ရ၏။

+ + +

မနက်စောစော အိမ်မှထွက်ရန် စောစောပင် ထခဲ့ကြ၏။ မျက်နှာသစ်အပြီး အမေစီစဉ်ပေးထားသော ငချိတ်ပေါင်းနှင့် အကြော်စုံပူပူနွေးနွေးကို စားကြ၏။ စားပြီးတော့ အထုပ်အပိုးတွေ ကားပေါ်တင် သွားဖို့ ပြင်ကာ ကန်တော့ နှုတ်ဆက်ကြ၏။ သားကပါ ကောင်းကောင်းမွန်မွန် ဦးချကန်တော့တတ်နေပြီမို့ သူပါ ပါဝင်နိုင်ပါပြီ။ အဖွားဖြစ်သူက မျက်ရည်တစမ်းစမ်းနဲ့ မြေးကို နှုတ်ဆက်လို့ မပြီးနိုင်တော့ပါ။ မှာစရာရှိတာမှာ ပြောစရာလက်ကျန်ကို ပြောအပြီး လက်ပြနှုတ်ဆက် ထွက်ခဲ့ကြရပါတော့သည်။ တစ်နှစ်တာ ဝေးနေကြရအုန်းမှာမို့ စိတ်ထဲက တနင့်နင့်။
ကားစထွက်လာပြီဆိုသည်နှင့် ပြီးခဲ့တာများ ချန်ခဲ့လို့ ရှေ့ဆက်လုပ်စရာရှိတာပဲ စိတ်က ရောက်ကြရပြန်ကာ လွမ်းမနေအားတော့ပဲ လုပ်စရာရှိတာလုပ်ကာ ဘ၀ ခရီးရှည်ကို ဆက်ရပေအုန်းမည်။

အိမ်က အ၀စားခဲ့ကြပေမဲ့ မြို့ ထဲက လက်ဘက်ရည်ဆိုင်မှာ ထိုင်ရန် ထုံးစံအတိုင်း ထွက်ခဲ့ကြပါသည်။ ဆိုင်သို့ ရောက်သောအခါ ခုံလွတ်ရှာနေစဉ် စားပွဲဝိုင်းတစ်ခုမှ သားအဖေအမည်ခေါ်သံကြားသဖြင့် ထိုခုံဆီသို့ သာ လှမ်းခဲ့ကြသည်။
စားစရာမှာအပြီး သားအဖေက သူငယ်ချင်းနှင့် စကားအပြန်အလှန်မေးကြ ဖြေကြစဉ် ကျမက သားထိုင်ချင်သလို ဖြစ်အောင် ခုံကို ပြင်ပေးနေရပါသည်။

ထိုစဉ် ကျမတို့ ဝိုင်းနား ကိုရင်လေးနှစ်ပါး လာရပ်သဖြင့် ခေါင်းမော့ကြည့်လိုက်ရာ လွန်စွာ အံ့အားသင့်သွားသည်။ ကျမ အမျှော်ကြီးမျှော်ခဲ့ကာ တွေ့ ချင်လှပါသော ပအို့ ကိုရင်လေးများကို မထင်မှတ်စွာ တွေ့ လိုက်ရသောကြောင့်ဖြစ်ပါသည်။ သားအဖေကလည်း ‘ဟို အရင် အိမ်လာဆွမ်းခံတဲ့ ကိုရင်လေးတွေလေ..’.ဟု အသံတိုးတိုးဖြင့် ပြောလာပါသည်။
ကျမမှာ ၀မ်းလည်းသာ မမျှော်လင့်ထားသဖြင့် မှင်သက်လည်းမိနေကာ ဘာမှ မပြောဖြစ် မဆိုဖြစ်ပါ။ ကျမ ဘာမှ မပြောလင့်ကစား သားအဖေသူငယ်ချင်းကဖြင့် ကိုရင်နှစ်ပါးဖြင့် အပြန်အလှန့် ပြောနေကြပါပြီ။ သေချာနားထောင်ကြည့်မိတော့ သားအဖေသူငယ်ချင်းကသာ စကားကို လှည့်ပတ်ပြောနေရသည်။ ကိုရင်နှစ်ပါးဆီကမူ ဘာမှ ရေရေရာရာအဖြေ မထွက်လာပါ။
ထိုစဉ် ကိုရင်လေးတစ်ပါးက ဘာမှ မပြောမဆို ထွက်သွားပါတော့သည်။ မကြာပါ ကျန်တစ်ပါးလည်း ပထမကိုရင်နောက် လိုက်သွားပါသည်။ ကျမလိုက်ကြည့်တော့ ကပ်လျှက်က ဆိုင်သို့ ကြွသွားကာ ကျမတို့ ဆီမှာလိုပင် စားပွဲဝိုင်း တစ်ခုဘေး သပိတ်ကို ရှေ့ထိုးကာ ရပ်နေကြပါသည်။

ရုံထားသော သင်ကန်း၊ သပိတ်တို့ က မနှစ်ကလိုပင် ဘာမှ ထူးခြားမှုမရှိ။ အရောင်မှိန်ဆဲ မွဲဆဲ။ ပြီးခဲ့သည့်တစ်နှစ်အတွင်း ဘာမှ ပြောင်းလဲခဲ့ပုံ မရှိပါ။

ခဏအကြာမှာတော့ သားအဖေသူငယ်ချင်းဆီက စကားသံထွက်လာပါသည်။ စိတ်မကောင်းသံလား၊ ရင်မောသံလား၊ အားမရသံလား၊ ပူပန်သံလား.... ။ ပင့်သက်တစ်ချက်ရှိုက်လိုက်အပြီး ထွက်လာသော စကားများက ခံစားမှုတစ်ခုခုပါနေပါသည်။

‘မင်း စဉ်းစားကြည့်ပါအုန်းကွာ။ငါနေ့ တိုင်း ဒီဆိုင်မှာ ထိုင်တယ်။ ထိုင်တိုင်းတွေ့ တယ်။ တွေ့ တိုင်း ငါ့ဘေးနား လာရပ်တယ်။ အေး ငါကလည်း လာရပ်တိုင်း မေးတယ်ကွာ။ အေး ငါမေးတိုင်းလည်း တစ်ခါမှ ဘာမှ ပြန်မဖြေဘူးကွာ။ နောက်တော့မှ သိတာ ကိုရင်တစ်ပါးက ဗမာစကားမတတ်ဘူးတဲ့ကွာ။ ကျန်တစ်ပါးကကျလည်း နဲနဲပဲပြောတတ်တယ်တဲ့။ ကဲ မင်းစဉ်းစားကြည့်။ ငါက ဆွမ်းတော်ပါ လို့ ဗမာစကားတစ်ခွန်းပဲပြော ငွေ ၅၀၀ လှူမယ်။ တစ်ပါး ၂၅၀စီခွဲယူကြပါလို့ ပြောတာကို ဘယ်တော့မှ ဘာမှ မပြောဘူးကွာ။ ငါကပြောတိုင်း လှည့်ထွက်သွားတာပဲ။ ငါ့တွေ့ တိုင်းလဲ လာရပ်တာပဲ။ လာတိုင်းလဲ ဒီလိုပဲ ငါကပြောရင် လှည့်ထွက်သွားပြီး တစ်ခြားဆိုင်ကူး တစ်ခြားလူတွေဆီ ဒီလိုပဲ ရပ်။ နေ့ တိုင်းပဲ။’

သူ တခဏ စကားစရပ်စဉ် ကျမတို့ မှာ လည်း ဘာမှပြောစရာမရှိ။ တစ်ခါ သူက...
‘ဒီမြို့ ရောက်တာ ကြာပြီလည်း ပြောတယ်ကွာ။ အဲဒါ ဗမာစကားလည်း မတတ်သေးဘူးဆိုတော့.. စာဆိုတာတော့ ထားတော့။ ဘုရားစာလေးလောက်တော့ ပြောတတ်သင့်တယ် ထင်တာပဲကွာ။ ကဲ ဒီမြို့ မှာ ဒီလိုပဲ ဆက်နေတော့မှာလား။ ကြီးရင်ရော ဘယ့်နှယ်လုပ်မှာတုန်း။ ဘုန်းကြီးစာသင်ဖို့ တရားဟောဖို့ ။ ငါဖြင့် စဉ်းစားမရပါဘူးကွာ...’ ဟု ကိုရင်လေးတွေ ရှေ့ရေးပါ တွေးပြီး ရင်လေးသံအပြည့်ဖြင့် ပြောလာပါတော့သည်။

တကယ်တော့ ကျမတို့ မှာ ကိုရင်လေးများအကြောင်း တစ်စိတ်တစ်ပိုင်းသိထား ပေမဲ့ ဘာမှ ပြန်ပြောစရာ စကားရော အဖြေပါ အဆင်သင့် ရှိမနေ။ ကျမတို့ မှာလည်း ထိုသူ့ လိုသာပင် လိုက်တွေးနေရုံပါ။ ထို့ နောက် ကျမတို့ သုံးယောက်လုံး စကားမဆက်ဖြစ်ကြတော့ပါ။

ကျမမှာ ပြီးခဲ့သည့် တစ်နှစ်လုံး လှူမယ် လှူမယ် စဉ်းစားထားခဲ့ပေမဲ့ ယခုလို တွေ့ လိုက်ရချိန် ဘာဖြစ်လို့ များ မလှူလိုက်မိပါလိမ့်ဟုသာ ကိုယ့်ဟာ ကို ပြန်မေးနေမိသည်။ သို့ ဖြင့် ကျမ ကိုရင်လေးတွေနောက် လိုက်ကြည့်မိရာ ကိုရင်လေးများကလည်း ကျမတို့ ဆိုင်ဘက် လှည့်ကြည့်နေပါသည်။ သူတို့ မျက်နှာလေးများကို ဖြတ်ခနဲ မြင်လိုက်ရစဉ် တစ်ခု သတိထားမိလိုက်ပါသည်။ မနှစ်က တွေ့ ခဲ့စဉ်ကလိုပင် တကယ်တော့ သူတို့ လေးတွေမျက်နှာမှာ ပူပန်ရိပ်မရှိ၊ ဘာဆိုဘာမှ အရိပ်ထင်မနေ ရှိမနေ။ ခံစားမှုမရှိ ဗလာအတိပါ။

သားအဖေသူငယ်ချင်း တွေးပူနေသလို သူတို့ တွေ သူတို့ ရှေ့ရေးတွေးဖူးကြလိမ့်မည် မထင်ပါ။ ဘုန်းကြီးစာသင်အပြီး တရားဟောမည်ဟုလည်း တွေးထားမည် မဟုတ်သလို ဘုန်းကြီးပဲ အပြီး ၀တ်တော့မည်ဟု ဆုံးဖြတ်ချက်ချထားမည်လည်း မထင်ပါ။

ကျမဖြတ်ခနဲ အကြည့်ဖြင့် ခန့် မှန်းကြည့်ရသလောက် လတ်တလောဆွမ်းအတွက်ကလွဲလို့ သူတို့ လေးတွေခေါင်းထဲ ဘာမှ ရှိနေ တွေးနေလိမ့်မည် မထင်မိပါ။ အဆုံးစွန် ယခုဆွမ်းခံနေရာ မြို့ ထဲမှနေ ကျောင်းသို့ ကိုပင် ဘာနဲ့ ဘယ်လို ရောက်အောင်ပြန်သွားရပါ့မလဲ ဆိုတာကိုပင် စိတ်ထဲမရှိလောက်ပါ။ သူတို့ အတွက် ဆွမ်းတစ်နပ်ရရေးသည်သာ အဓိက ဖြစ်နေလိမ့်မည် ထင်ပါသည်။

ကျမ သူတို့ လေးတွေကို ဆက်ကြည့်မိတော့ တစ်ခုံမှ တစ်ခုံ တစ်ဦးဆီမှ တစ်ဦးဆီ ကူးနေသည်မှတစ်ပါး နှုတ်ကလည်း ဘာမှ မရွတ်သလို မျက်လုံးများကလည်း ပုံသေ၊ တစ်နေရာပြီးတစ်နေရာလှမ်းဖို့ ကြည့်သည်ကလွဲလို့ အသေ။ တခဏအကြာ သားအဖေ သူငယ်ချင်းက ...

‘အေးကွာ မင်းလာတော့ တွေ့ ရတာပေါ့။ ငါလည်း ဘယ်သူနဲ့ မှ သိပ်မတွေ့ ဖြစ်ဘူး။ ဒီဆိုင်လာကြမှ ဆုံတယ်။တကူးတကတော့ မတွေ့ မိကြတော့ဘူး။...’.ဟု ပြောရင်း သူလည်း ငွေရှင်း ပြန်ဖို့ ပြင် ကျမတို့ လည်း ဆိုင်က ထွက်ခဲ့ကြပါသည်။

ဆိုင်မှ လမ်းတဖက်ကူး၊ ကားပေါ်တက်၊ သားကို နေရာချနေစဉ် ပန်းနံ့ ရသဖြင့် ဘေးကို ကြည့်လိုက်ရာ အသက် ၇၀ ကျော်အရွယ် အဖွားတစ်ယောက် ပန်းကုံးများဖြင့် ကားဘေးရပ်လာပါသည်။ ကျမ အကြည့်ရောက်တော့ အဖွားက...
‘သမီးလေး အဖွား ဘုရားပန်းလေးတွေ ၀ယ်သွားပါအုန်းလား။ မွှေးလည်းမွှေးတယ်၊ လမ်းခရီး စိတ်လည်းကြည်တာပေါ့။ အဖွား ပိုပြီး ပေးလိုက်ပါ့မယ်။ ဦးဦးဖျားဖျားဇွန်ပန်းလေးတွေရော ရွှေပန်း၊ငွေပန်းရောလေ..’.ဟု ဈေးရောင်းပါတော့သည်။
ကျမကလည်း ထိုပန်းများရနံ့ ကို ကြိုက်လှသည်မို့ ဝယ်ဖို့ ပြင်ပါသည်။တပြိုင်နက်တည်း အဖွားအိုက သူမ ဇာတ်လမ်းကို စပြောပါတော့သည်။

‘အို သမီးလေးရယ်။ကျန်းမာပါစေတော်။ ဘေးရန်လည်း ကင်းပါစေ။အဖွားကလေ မိတဆိုးမြေးလေးတွေကို လုပ်ကျွေးနေရတာ သမီးရဲ့ ။ သူတို့ အမေ အဖွားသမီးက ဆုံးသွားရှာတော့လေ။ အဖွားအသက် ၇၆ နှစ်ကျော်ပြီ တစ်ရက်မှ မနားခဲ့ရပါဘူး။ မြေးတွေ ဈေးရောင်းကျွေးနေရတာ။ မတတ်နိုင်ဘူးလေ။ကိုယ့်မြေးဆိုတော့လည်း။ ကျောင်းလည်း တက်ချင်ကြတယ်ဆိုတော့ နေပါစေပေါ့။ ‘

ကျမက စကားဖြတ်ကာ ...

‘အဖွားက ဘယ်မှာနေတာတုန်း ...’ ဟုမေးတော့
‘ဒီနားက ရွာမှာပဲ။ ညကတည်းက ရွာထဲက လိုက်ကောက်ပြီး သီထားတာ။ မနက်ကျ စောစောစီးစီးထွက်လာပြီး ရောင်းရတာ။ မနက် ၉နာရီ ၁၀ နာရီဆို ကုန်တာပါပဲ။ ဒါနဲ့ သမီးရေ အမေကလေ ဘယ်တော့မှ ဖြစ်ကတတ်ဆန်းမနေဘူး။ ရောင်းတာကလည်း ဘုရားပန်းဆိုတော့ ရှိတဲ့ အ၀တ် သန့် သန့် ရှင်းရှင်းဝတ်ပြီး သနပ်ခါးလည်း အမြဲလူးတယ်။ ရောင်းသူ စိတ်ကြည် ၀ယ်သူ စိတ်ချမ်းသာအောင်ပေါ့...’ဟု ပြောမှ ကျမ သတိထားကြည့်လိုက်ရာ တကယ်ကိုပင် မျက်နှာက အဖွေးသားနဲ့ ပါ။
ကျမက တစ်ထောင်တန်တစ်ရွက်ပေးပြီး ...

‘အဖွား တစ်မျိုးသုံးလေးကုံးလောက်ဆိုရပါပြီ။ ကားထဲမွှေးရုံပါ..’.ဟု ပြောတော့
‘အို ဘယ်ဟုတ်မလဲ။ တစ်ထောင်ဖိုးဆိုတော့အများကြီးပဲ။ အဖွားအပိုပါ ထည့်ပေးလိုက်မယ်။...’ဆိုကာ အကုံးရေကို ရေတွက်မနေတော့ပဲ သီကြိုးများကို ခွဲထုတ်ကာ လက်ထဲက ဓါးဖြင့် ၀မ်းသာအားရ ဖြတ်နေပါတော့သည်။
တော်တော်နှင့် မပြီးသဖြင့် အဖွားဖြတ်နေသည်ကို ကြည့်လိုက်ရာ ဓါးတုံးတုံးနှင့် ကြိတ်ဖြတ်နေရသည်ကို တွေ့ လိုက်ရ၏။ ကျမတို့ ငယ်ငယ်က ခဲတံချွန်သော ကော်ဓါးအိမ်လေးပါ ဓါးကိုတွေ့ လိုက်ရသလို သံချေးတက်နေသည်ကိုပါ တဆက်တည်း သတိထားလိုက်မိ၏။ သံချေးတက်နေသောကြောင့်သာ သီကြိုးများစွာကို တခါတည်း လွယ်လွယ် ဖြတ်မရခြင်းဖြစ်ပါလိမ့်မည်။
ကျမမှာ သူမ အဖြတ်ရခက်လေ မတော်တဆများ သံချေးတက်ဓါးက ချော်ပြုပြီး လက်ကိုထိမိသွားမလား၊ အင်း ထိမိရင်တော့ သံချေးဆိပ်တက်ပြီး တစ်ခုခုများဖြစ်ခဲ့ရင်ဖြင့်..ကျမမှာ လျှောက်တွေးရင်း ပူလာပါသည်။ သို့ ဖြင့်..

‘ရပြီအဖွား ဖြတ်ရသလောက်ပဲပေးလိုက်ပါ။ ရပါပြီ အဲလောက်ဆို..’.ဟု တားလိုက်ရပါသည်။ အဖွားအိုက ကျမဆီ လှမ်းပေးပြီး..

‘ငါ့သမီးတို့ အဖွားမြေး ပညာသင်တာကို ကူညီတဲ့အတွက် ကျန်းမာချမ်းသာပါစေတော်....’ ကျမ ထိုဆုတောင်းစကားကိုသာ ကောင်းကောင်းကြားလိုက်ရပါသည်။ အရှည်ကြီး ဆက်ပေးနေပေမဲ့ သဲသဲကွဲကွဲ မကြားတော့ပါ။ ကားစထွက်ခဲ့ကြပါပြီ။

ကျမတို့ ထွက်လာခဲ့ချိန် အဖွားအိုလည်း နှုတ်က မပြတ်ရွတ်ရင်း အိမ်အပြန်လမ်းဘက် လှည့်သွားပါတော့သည်။ အဖွားအို၏ ကျေနပ်စွာ ဆုပေးသံကြားရတော့ စိတ်မကောင်းကြီးစွာ ဖြစ်သွားရပါသည်။ သူမအတွက် ငွေတစ်ထောင်က ဒီကနေ့ တစ်နေ့ စာအတွက် တော်တော်ကို လုံလောက်သွားပြီ ထင်ပါသည်။ ၀ယ်မိလိုက်သည့်အတွက်လည်း ကိုယ့်ဟာကို ကျေနပ်သွားပါသည်။ ဘာပဲဖြစ်ဖြစ် တစ်နည်းနည်းနဲ့  မထင်မှတ်ပဲ ကူညီနိုင်လိုက်သည့်အတွက်ပါ။
လက်ဘက်ရည်ဆိုင်ထိုင်စဉ်က ကိုရင်လေးများကို နဖူးတွေ့ ဒူးတွေ့ တွေ့ ခဲ့ရပေမဲ့ မလှူခဲ့မိသမျှ အဖွားအိုဆီမှ ပန်းဝယ်လိုက်မိသည်က စိတ်ကို အနည်းနှင့် အများ ကျေအေးသွားစေပါသည်။

ကျမတို့  မြို့ ထဲမှ စထွက်လာစဉ် သားအဖေက လမ်းကို အာရုံထား ဂရုစိုက်နေရသလို ကျမက ပန်းကုံးလေးများကို မှန်မှာ ချိတ်လို့ မွှေးရနံ့ သင်းပျံ့ ပျံ့ ရနေသည်ကို ကျေနပ်နေပါသည်။
မြို့ လယ်လမ်းထဲက ခွဲ ထွက်စပြုချိန် ကားအနည်းငယ်ရှင်းစ ပြုသည်နှင့် ကျမ စကားစပါတော့သည်။
‘ဘာပဲဖြစ်ဖြစ်လေ မြေးကျောင်းစရိတ်ဆိုပြီး ရိုးရိုးတောင်းတာထက်စာရင် ခုလို ပန်းရောင်းပြီး ရှာတာက အများကြီးကောင်းတာပေါ့နော်။ သိတယ်မဟုတ်လား ဇာတ်လမ်းတွေက အများကြီးကြားဘူးနေတာ။ ခုလို ပန်းရောင်းတဲ့ လူမျိုးကို ပန်းဖိုးဆိုပြီး တတ်နိုင်သလောက် ပိုပေးရတာလည်း လှူရသလို တစ်မျိုးကောင်းတာပေါ့။ ‘...
ကျမစကားဆုံးပေမဲ့ သားအဖေဆီကတော့ ဘာသံမှ ထွက်မလာပါ။ ကျမကတော့ ကိုရင်လေးများအတွက် ဘာမှ လုပ်မပေးနိုင်ခဲ့သည်ကိုပဲ တွေးကာ စိတ်မကောင်းဖြစ်နေဆဲ။

ထိုစဉ် သားအဖေဆီက စကားသံထွက်လာပါသည်။ မြို့ အထွက်မှ နှစ်ရှည် သစ်ပင်ကြီးများကို ဓါတ်ပုံရိုက်ချင်လှသဖြင့် ကားရပ်အုန်းမည်..တဲ့။ ကျမက လမ်း ဘယ်ညာ ကြည့်ပြီး ရှေ့နားမှာ စပျစ်သီးသည် လေးများရှိသည်ကို သတိရသွားကာ ထိုဆိုင်တန်းလေးရှိရာနား ရပ်ဖို့ အကြံပေး ပြောလိုက်ပါသည်။

မကြာပါ ဆိုင်တန်းလေးများနားရောက်၊ ဆိုင် တစ်ဆိုင်ရှေ့ရပ်၊ ကျမက စပျစ်သီးဝယ်ဖို့ ပြင်၊ သားအဖေက ဓါတ်ပုံရိုက်။သားကတော့ ကားထဲမှာပင် မလိုက်ရလို့ အော်...။ ကျမ ဆိုင်ရှေ့ရပ်သည်နှင့် အသည်က စရောင်းပါတော့သည်။ စုံနေအောင် ပြောပါသည်။ ကျမ လိုက်မမှီပါ။ သူမ အပြောရပ်မှ ကျမက ...

‘အသီး လုံးတာနဲ့ ရှည်တာ ဘယ်ဟာက ပိုချိုလဲဟင်..။ နောက် ဘာကွာလဲ။ ဈေးက ကွာတော့ ချိုတာကွာလို့ လား...’ မေးတော့
‘အင်း..အဲ..ဟို ချိုတယ် အမရေ ချိုတယ်။ အားလုံးချိုတယ်။ ဟို ဈေးကွာတာက အကြိုက်ကို လိုက်လို့ လေ။ တချို့ က လုံးတာကြိုက်ပြီး တချို့ က ဒီအရှည်လေးတွေကို ကြိုက်လို့ ကွာတာရယ်။ ...’
‘ဒါဆို ဈေးပိုကြီးတာ လူကြိုက်ပိုများလို့  ပိုကောင်းလို့ ပေါ့...အဲလိုလား....’ ဆိုပြန်တော့
‘အဲလို မဟုတ်ဘူး။ ဟို..ချိုတယ် အမရေ ချိုတယ်။ အကုန်ချိုတယ် စိတ်သာချ။မြည်းကြည့်လေ အမ ရပါတယ်...’

ကျမနားလည်လိုက်ပါပြီ။ သူမကို မေးလို့ အဖြေမှန်ရမည် မထင်ပါ။ ကိုယ်ထင်ရာ ကိုယ်ကြိုက်ရာ ရွေးဝယ်ရုံသာပါ။ ကျမလည်း စားပွဲခုံပေါ် အပုံ လေး၊ငါးပုံ ခွဲပုံထားသည်ထဲက တစ်လုံးစီ ယူမြည်းကြည့်လိုက်ပါသည်။ ချိုချဉ် အစုံပါ။ လုံးတာ၊ ရှည်တာနှင့် မဆိုင်ပါ။ ချိုသည့်အလုံးက ချို ၊ချဉ်သည့် အလုံးက ချဉ်ပါ။ ကျမက ငယ်ငယ်ကတည်းက စားနေကျ အလုံးကိုပဲ ၀ယ်ဖို့ ဆုံးဖြတ်လိုက်ပြီး...

‘ဒီထဲကပဲပေးပါ။ ကျမတို့ က မန်းလေးထိ သွားမှာမို့ နဲနဲ ခံမယ့် ဟာရွေးပေးပါနော်...’ ဆိုတော့
‘အမ ကျမ ဒီထဲက ထည့်ပေးလိုက်မယ်။ ခံတာ မခံတာက အလုံးပုံနဲ့ မဆိုင်ဘူးအမ။ ရေဆေးထားရင် သိပ်မခံဘူး။ ရေမဆေးရသေးတာက ပိုခံတယ်..’ ပြောရင်း ခုံအောက်က တောင်းထဲမှ ရေမဆေးရသေးသော အခိုင်များကို ယူပြီး ချိန်ပါတော့သည်။ ချိန်အပြီး...

‘အမ ကျမ အိတ်နဲ့ ထည့်ပေးလိုက်မယ်နော်။ ခြင်းနဲ့ လိုချင်လား အမ ...’ မေးပြော ပြောလာတော့
ကျမလည်း အလိုက်သိစွာ
‘အိတ်နဲ့ ပဲ ထည့်ပေးလိုက်ပါ။ ဘာနဲ့ ဖြစ်ဖြစ်ရပါတယ်...’ ဟု ပြန်ဖြေလိုက်ရပါသည်။ သူမက ခြင်းလေးတွေကို ချွေတာချင်ပုံရပါသည်။ ကျမ ငွေရှင်းအပြီး သားအဖေလည်း ဓါတ်ပုံရိုက်အပြီးမို့  ကားပေါ်တက် ဆက်ထွက်ခဲ့ကြပါတော့သည်။

ကားထွက်သည်နှင့် သားအဖေက သူ့ ဓါတ်ပုံများ အကြောင်းပြောပါသည်။ ကျမကလည်း စပျစ်သီးသည်နှင့် အချေအတင် အမေးအဖြေအကြောင်း ပြန်ပြောပြပါသည်။

ဒီလိုနဲ့ သာ ကားလည်း ဟိုက်ဝေးလမ်းမပေါ်ရောက်... ကျမကလည်း ရေ မဆေးရသေးသော စပျစ်သီးများကို တလုံးပြီး တစ်လုံး ဖြုတ်စားရင်း၊ သားအဖေက ကွမ်းတမြုံ့ မြုံ့ ဝါးရင်း ၊ သားကတော့ အဖေနဲ့ အမေကို ကြည့်လိုက် ပန်းကုံးကို ဆော့လိုက်ဖြင့် မန်းလေးသို့ အပြန်ခရီး ဆက်ခဲ့ကြပါတော့သည်။

+ + +

နောက်ဆုံးကျ … စပျစ်သီးချိုတာ မချိုတာလည်း ကံပေါ့……အပြင်မှာလှသော သစ်ပင်ကြီးများ ဓါတ်ပုံထဲ မလှလည်း ကံပေါ့…ပန်းသည်အဖွားကြီးလက်ကို သံချေးတက်ဓါးသွားဖြင့် မတော်တဆ ထိမိသွားလည်း ကံပေါ့… ကိုရင်လေးများကို မလှူဖြစ်ခဲ့တာလည်း ကံပေါ့… ကိုရင်လေးများ ရှေ့ရေးကလည်း ကံစီမံရာပေါ့….ဟုသာ ကံကိုပုံချလိုက်ပြီး ရေမဆေးရသေးသော စပျစ်သီးများကို တစ်လုံးပြီး တစ်လုံးဖြုတ်စားလိုက်၊ နေခဲ့သည့် ၄ရက်စာ အကြောင်း ရောက်ရာပေါက်ရာ ပြောလိုက်ဖြင့် အရာအားလုံးကို ဖေါ့လိုက်ကာ ခရီးဆက် ထွက်ခွာလာခဲ့ပါတော့သည်။

သွားလာရင်း ပြောရင်းဆိုရင်း စိတ်က ကိုရင်လေးများဆီ ပြန်ရောက်သွားရင်တော့ ဘာမှမတတ်နိုင်ဘူး..ဆိုသော သီချင်းတပိုင်းတစ်စက ခေါင်းထဲပေါ်လာပြီး တကယ်လည်း ဘာမှ မတတ်နိုင်ခဲ့ပါလား ဟုသာ ဘာမှ မတတ်နိုင်စွာ ရေရွတ်မိပါတော့သည်။ ။

7.9.11 Wednesday 5:40 pm

Tuesday, September 20, 2011

တွေ့ ကြုံခဲ့ရပါသည်.. (၂ )

သတိဖြင့် အိပ်၍ မနက် အမေ့အသံကြားတော့ ကျမ နိုးပြီ။မီးဖိုချောင် စားပွဲပေါ်မှ ထမင်းရည်ပန်းကန်လေးကို မြင်လိုက်တော့ မှောင်နေဆဲ ဆောင်းလေအေးအေးထဲမှာပင် ထင်းမီးဖိုဖြင့် ချက်သော ဆွမ်းက ကျက်နေပြီဖြစ်ကြောင်းသိလိုက်သည်။ ကျမ အိမ်အပြင် မီးဖိုနားရောက်တော့ ဟင်းအိုးတွေကိုတောင် ဆီပြန်ရန် ပြန်နွှေးနေပြီ။ ကျမတို့ လူငယ်များ ရှေးလူကြီး မိဘများ၏လုံ့ လ၊ ၀ီရိယမျိုး ဘယ်တော့မှ မှီနိုင်မည် မထင်ပါ။ ကျမ အမေ့နားရောက်သွားတော့

`အမေ ဟင်းတွေနွေးလိုက်ပြီ သမီး၊ လိုပါသေးတယ် ဆွမ်းလောင်းဖို့ က ။ အဲဒါအေးကအေးနဲ့  ခဏပြန် အိပ်ပါအုံးလား။`

သြော်..ဟုသာ ရွတ်နေမိတော့သည်။ အမေ့ရဲ့ စေတနာအတွက်ပါ။ ၈၀ကျော် အမေက ထမင်းထချက်နေချိန်မှာ အသက်ထက်ချိုး ငယ်တဲ့ကျမတို့ က ဇိမ်ယူ အိပ်ကောင်းတုံးဆိုတာမျိုး လုပ်ချင်ရင်တောင် မလုပ်သင့်တဲ့အရာပါ။အရင်နေ့ တွေက အိပ်နေခြင်းကိုပင် နောင်တရမိသလိုဖြစ်သွားသည်။ ဒီလိုနေ့ မျိုးကိုဖြင့် ကျမ ဘယ်လိုနည်းနဲ့ မှ ပြန်အိပ်ဖို့ စဉ်းစားမည် မဟုတ်ပါ။ တဆက်တည်းမှာပင် မန္တလေးမှ မထွက်ခင် ကျမအမေမှာလိုက်သော

`ဟိုရောက်ရင် ဒီမှာလို နေမနေနဲ့ အုံး။ ဟိုက လူကြီးချက်တာချည်း စားမနေနဲ့ ။ကိုယ်က ၀င်ချက်။ပြီးလုပ်စရာရှိတာဝင်လုပ်။ ဒီမှာလို ဘာမဆို အဆင်သင့်လုပ်ပေးမဲ့သူစောင့်မနေနဲ့ ` ဆိုသော စကားကို ပြန်ကြားယောင်ရင်း အပြစ်လုပ်မိသလို ခံစားလိုက်ရသည်။

ချက်ချင်းဆိုသလို အလင်းရောက်လာတော့ ဆွမ်း၊ဟင်း အဆင်သင့်ဖြစ်အောင် ပြင်ရတော့သည်။ခုံ ၃ခုံကို အိမ်ရှေ့ထုတ်၊ ဆွမ်းအုပ်နှင့် ဟင်း နှစ်အိုးကို တစ်ခုံစီပေါ်မှာတင်။ထိုစဉ် အမေက

`သမီးက ဒီပန်းအုတ်ခုံပေါ်ထိုင်ပြီးလောင်းပေါ့` ဟုပြောသဖြင့် ခုံလေးတွေကို အဆင်ပြေအောင် ပြန်ပြင်လိုက်သည်။ မကြာပါ ကိုရင်လေးများကြွလာပါတော့သည်။ ခါတိုင်းနေ့ များထက် ပိုစောသလို ပိုလဲများ၏။ တခါတည်း ၁၀ပါးကျော်ပါလိမ့်မည်။
ကျမ အမြန်နေရာယူပြီးချိန်မှာတော့ ကျမရှေ့မှာ လက်အားလုံးက ဆန့် တန်းလို့ ။ ဆွမ်းလောင်းမဲ့ အမေ့ ရှေ့မှာ တစ်ပါးမှ မရှိ။ အမေက သဘောကျစွာ ပြုံး၍ ကြည့်နေပါသည်။

ကိုရင်လေးများ၏ ဆွမ်းခွက်ကိုကိုင်၍ ဆန့် တန်းထားသော လက်သွယ်သွယ်လေးများက ထိုင်နေသော ကျမရဲ့ လည်ပင်းဆီသို့ ဦးတည်လို့ ။ သေချာပါသည်။ အပေါ်မှသာ ကြည့်ပါက ယပ်တောင်လက်ကိုင်ရိုးမှ အလက်ကလေးများ ကိုင်းဖြာထွက်နေသလို မြင်ရပါလိမ့်မည်။ ဥိးခေါင်းပြောင်ပြောင်လေးများကတော့ ဆိုင်းဝိုင်းထဲက ဗုံကလေးများစီထားသလိုပေါ့။ ကျမသည် လျှပ်တပျက်ဝင်လာသော ကိုယ့်အတွေးကို သဘောကျလျက်ကပင် ဟင်းလောင်းဖို့ ပြင်ရတော့သည်။
လောင်းဖို့ ပြင်တော့ ဇွန်းအဆင်သင့် ကိုင်ထားသည့် ကိုယ့်လက်ကို ကိုယ် မမြင်ရ။ မျက်နှာနှင့် ဟင်းအိုးကြားမှာက လက်ကလေးများ။ သို့ ဖြစ်၍ ကျမက အသံကျယ်ကျယ်ဖြင့်

`ကိုရင်တို့  နောက်ဆုတ်ကျပါအုံး။ဒီမှာ တပည့်တော် ဘာမှ မမြင်ရလို့ ပါ။ `
တစ်ပါးမှ မလှုပ်ကြပါ။ ကျမထပ်အော်ရပြန်သည်။ မလှုပ်။ ဒီတော့ ကျမက

`ကိုရင် ..တပည့်တော် သေချာကို အပါး ၃၀ စာ အတုံး၉၀ တုံးပြီး ချက်ထားတာပါ။ အားလုံးအတွက် လောက်ပါတယ်။ မပူပါနဲ့ ။ရမှာပါ။ `

မလှုပ်။မလောင်းသေးလို့ ထင့် ပိုလို့ ပင်တိုးလာလိုက်သေးသည်။ နောက်တော့ အမေက ၀င်၍ နောက်နားမှာ ရပ်နေသော ၁၄နှစ် အရွယ်ခန့် ကိုရင်လေးကို ပြောခိုင်းတော့ သူတို့  တိုင်းရင်းသားစကားဖြင့် ပြောလိုက်ခါမှပဲ နောက်သို့ တစ်လှမ်းဆီ ဆုတ်သွားကြတော့သည်။ ဒါတောင် အငယ်ဆုံး လက်သုံးဘက်က နဂိုအတိုင်း၊မရွေ့။ ဒီလောက်ဆိုရပါပြီ။

ဒါတောင် စ လောင်းတော့ လက်၃လက်က လုနေသေးသည်။ ကိုရင်လေးတွေဆိုတော့ ခလေးသဘာဝလေးတွေပေါ့လေ။ ဆွမ်းခွက်ထဲကို ၀က်သား ၃တုံးနဲ့ အာလူး၃တုံးလောင်း၊ အဖုံးလေးထဲကျ ပဲပုတ်ကြော်လောင်း။ ဆွမ်းလောင်းရင်း သေချာကြည့်မိတော့ ပလပ်စတစ် ဆွမ်းခွက်လေးများက နဂိုရောင်ပျောက်ကာ ညစ်မှိုင်းမှိုင်းဖြစ်နေပြီကို တွေ့ လိုက်ရ၏။ တကယ်တော့ အသစ်လဲဖို့ တန်နေပါပြီ။ ၁၄၊ ၁၅ပါး ပေမဲ့ ချက်ချင်းဆိုသလို လောင်းပြီးသွားသည်။ အလုအယက်နှင့် ဆွမ်းခံကြသည်မို့  လောင်းရတာ ပျော်စရာကောင်းလှပါသည်။
ဆွမ်းခံပြီး ထွက်သွားကြတော့ ကျမလှမ်းကြည့်နေမိသည်။ ထိုစဉ် ကိုရင်တစ်ပါးက ကျောင်းဘက်လာရာလမ်းဆီ ပြန်ပြေးသလို တစ်ပါးကကျတော့ ရှေ့သွားရမဲ့ လမ်းဆီပြေးသွားတာ မြင်မိတော့ အိမ်ဝိုင်းအပြင် ထွက်ကြည့်မိတော့သည်။ အမေကသိတော့

`အဲဒါသမီးရေ၊ မလာသေးတဲ့ ကိုရင်ကျတော့ ဒီအိမ်မ၀င်ပဲ ကျော်မှာစိုးလို့ ပြန်ပြေးပြောတာ။ ဟိုရှေ့ရောက်နေတာကျတော့လည်း ကျော်ခဲ့မှာစိုးလို့ လိုက်မေးတာ သမီးရေတဲ့။`

အမေပြောတဲ့နောက်ဆုံးစကား`တဲ့`အရ ကြုံဘူုးလို့ မေးထားတာ ဖြစ်ရပေမည်။ အချင်းချင်း စည်းလုံးလိုက်ကြတာဟု သဘောကျသွားတော့သည်။

မကြာပါ ၃၊၄ ပါးတစ်စု ၃၊၄ ပါးတစ်စု ဖြင့် ခါတိုင်းထက် စောစီးစွာ ဆွမ်းလောင်းပြီးသွားတော့သည်။ ကျမ လွန်စွာမှပင် ကျေနပ် ကြည်နူးမိပါသည်။ ဖြစ်နိုင်လျှင် နောက်ထပ် လောင်းချင်ပါသေးသည်။
ခုံ၃ခုံကို အိမ်ထဲ ပြန်သွင်း၊ ဆွမ်းအုပ်လွတ်နှင့် ဟင်းအိုးလွတ်တို့ ကို ဆေးကြောပြီးတော့ အရင်နေ့ တွေ အိပ်ရာထချိန်ထက်ပင် စောနေပါသေးသည်။ သို့ ဖြစ်၍ မနက်စာကို လက်ဘက်ရည်ဆိုင်၌ စားဖို့ စိတ်ကူးရပြီး သားငယ်တို့ သားအဖကို နိုးရတော့သည်။

သူတို့ တွေ ပြင်ဆင်နေကြစဉ် ကျမက မနက်က အကြောင်း ဖောက်သည်ချတော့သည်။ အဓိက ကတော့ မမြင်လိုက်ရတာ ကံဆိုးတဲ့အကြောင်းပင်။ ပြီး တွေ့ သမျှ မြင်သမျှကိုလဲ တစ်ခုမကျန် ဆက်တိုက်ပြောနေမိ၏။ အမေကတော့ ကျမပြောသမျှနားထောင်ရင်း ပြုံးနေပါသည်။ ကျမက တခုတ်တရ ပြောနေပေမဲ့ သူ့ အတွက်ကတော့ ဘာမှအဆန်းမဟုတ် ဟု ဆိုလိုနေသလားတော့ မသိပါ။

ဝင်းတခါးဝနားတွင် ကျမတို့ အပြင်သွားဖို့ အဆင်သင့် ဖြင့် ထွက်ဖို့ လုပ်နေစဉ်မှာပင် အမေက အိမ်ထဲမှ ထွက်လာပြီး...

`သမီးရေ သွားရင်းနဲ့  အကိုကြီးတို့ အိမ်လမ်းအကျော်ကို ရောက်ရင် သတိထားပြီးကြည့်လိုက်။ လမ်းဆုံ အုတ်ခုံတွေပေါ်မှာ ကိုရင်လေးတွေ ဆွမ်းစားနေကြလိမ့်မယ်။`အဲလိုပြောတော့ ဆိုင်ကယ်ပေါ်တက်ဖို့ လုပ်နေရာကနေ ...
`ဘာလို့ တုံး`ဟု လှမ်းမေးမိတော့သည်။
`သြော်..အဲဒါ သူတို့ တွေ အာရုံဆွမ်းစားကြတာလေ။ ကျောင်းက မစားခဲ့ကြရလို့ နေမှာပေါ့။ ရသလောက်ကို စားပြီး နောက်ဆွမ်း ဆက်ခံပေါ့။ အဲဒါက နေ့ ဆွမ်းအတွက်ပေါ့။`

စကားဆုံးတော့ အတွေးတစ ထပ်ရသွားပြန်သည်။ သူတို့ ကိုကျောင်းက အာရုံဆွမ်းအတွက် စီစဉ် မပေးနိုင်ဘူးပေါ့။ အမေ့ သတင်း ဒါအကုန်ပဲဖြစ်ပါစေလို့ သာ ဆုတောင်းမိတော့သည်။ ပုံမှန်မှာ သူများအကြောင်းထက် ကိုယ့်မိသားစုကိုသာ စိတ်ဝင်စား အလေးထားပြောတတ်တဲ့ အမေက ကျမစိတ်ဝင်စားကာ သနားနေမှန်းသိ၍သာ မြင်သမျှ ထင်မိသမျှကို ပြောပြနေခြင်းပါ။

ကျမတို့ ဆိုင်ကယ်စက်နိုးထွက်ခဲ့ကြတော့သည်။ အိမ်ရှေ့မှ တောင်ဘက်သို့ တစ်ပြလောက် ရောက်တော့ ညာဘက်ကွေ့ ၍ ချည်စက်ဝင်း ထဲဝင်၊ အကိုကြီးတို့ အိမ်ရှေ့လမ်းကို ဖြတ်စီး၊ ချည်စက်ဝင်း မှထွက်ရန် ဘယ်ဘက်အကွေ့ သို့ အရောက် အုတ်ခုံများပေါ် လှမ်းကြည့်လိုက် မိ၏။ ဟုတ်ပါသည်။ ကိုရင်လေးများ ခေါင်းမဖေါ်တမ်း ဆွမ်းစားနေကြပါသည်။

သူတို့ ကိုကျော်သွားသော်လည်း လည်ပြန် လှည့်ကာ မျက်စိတဆုံး ကြည့်နေမိသည်။ ကြည့်ရင်းကလဲ ဆိုင်ကယ်မောင်းနေသည်ကို သတိမထား စကားတွေ ပြောလာခဲ့၏။ သူတို့ တွေလက်ဆေးမှာလဲ မဟုတ်တဲ့အကြောင်း၊ စားပြီးတော့လဲ လက်မဆေးပဲ ပါးစပ်နဲ့ စုတ်ပြီး သင်္ကန်းကိုသာ သုတ်မယ်ထင်တဲ့အကြောင်း ။ တကယ်ဆို အမေကျွေးတဲ့ မနက်စာ ထမင်း၊ မုန့် တို့ ကို အဆင်သင့်စားရမဲ့ အရွယ်လေးတွေသာ ဖြစ်တဲ့အကြောင်း၊ ကျမတို့ တွေတုံးက မပူမပင် စားခဲ့ကြရတာ အလွန် ကံကောင်းတဲ့ အကြောင်း။ အကြောင်းပေါင်းများစွာပြောရင်း လက်ဘက်ရည်ဆိုင်သို့ ရောက်၊ စား၊ ဈေးဝင် ၀ယ် ၊ ပြီးပြန်လာခဲ့တော့သည်။

အိမ်ပြန်ရောက်တော့ နေ့ လည်စာ နှင့် ညစာချက် ။ ပြီးရေချိုးကြသည်။ လူစုံတော့ စကားတပြောပြောနဲ့  နေ့ လည်စာ စားကြသည်။ စားပြီးတော့ အမေက တရေးတမော အိပ်ဖို့ အခန်းထဲ ၀င်သွားတော့သည်။ မနက်စောစော ထရသဖြင့် အိပ်ရေးဝရန် ပြန်အိပ်ဖို့ လိုပါသည်။

သူတို့သားအဖနှင့် ဦးကြီးများကတော့ မြေးးဆူလျှင် အဖွားအိပ်တာ အနှောင့် အယှက်ဖြစ်မှာစိုးလို့ အကြောင်းပြကာ အားလုံး ဆိုင်ကယ် ကိုယ်စီဖြင့်ထွက်သွားကြတော့သည်။ ကျမကတော့ လုပ်စရာရှိတာလေးတွေလုပ်ရင်း အိမ်စောင့် ကျန်ခဲ့တော့သည်။

လုပ်စရာ မရှိတော့ ထုံးစံအတိုင်း အိမ်ရှေ့ ပေါ်တီကိုအောက်က ပက်လက်ကုလားထိုင်ပေါ်ထိုင် ဇိမ်ယူဖို့ ပြင်တော့သည်။ အေးအေးဆေးဆေးတစ်ယောက်တည်း။ သားလေးမွေးကတည်းကဆိုတော့ ၁၄၊၁၅လလောက် ရှိပြီပေါ့ ။ ခုလို နားအေးပါးအေး မနားရတာ။ ခဏနေ အိပ်ချင်လာသဖြင့် ထိုင်ရာမှထကာ အိမ်မြောက်ဘက်အိမ်ဝင်းကလေးထဲ လျှောက်ကြည့်နေမိသည်။

အိမ် အနောက်မြောက်ထောင့်က ရေချိုးခန်းနှင့် ကပ်ရပ်ရှိ နောက်မှ ထပ်တိုးထားသော စတိုခန်းကလေးအသုံးဝင်တာ သဘောကျနေမိသည်။အိမ်မြောက်ဘက်ဝိုင်းမြေလက်ကျန်ကွက်လပ်ကလေးအလယ်မှ မနက်ဆွမ်း ချက်ထားသော အုတ်ခဲခနောက်ဆိုင် မီးဖိုလေးက ပြာဖုံဖုံနဲ့ ငြိမ်လို့ ။

နောက် အုတ်ကန်ဘေးက သရက်ပင်နားအရောက် ဒီနှစ် အလုံး၄၀၀လောက် စားလိုက်ရတယ်ဆိုသော အမေ့ သတင်းစကားကို ပြန်ကြားမိသေးသည်။ ကိုရင်လေးတွေကိုလည်း လောင်းဖြစ်ဖို့ သေချာပါသည်။ အိမ်ရှေ့ ခေါင်မိုးစပ်နှင့် ထိတိုက် ပေါက်နေသော နံ့ သာဖြူပင်လေးကလည်း အနှစ်တက်လောက်အောင် မကြီးထွားသေးပေမဲ့ အပွင့်လှိုင်လှိုင်ဖြင့် အရိပ်ကလေးပေးနေသေးသည်။

ပြီး ၀င်းရှေ့ထွက်ပြီး ၀င်းတံခါး ဘယ်ဘက်ရှိ ချိုးရေ၀၍ အပွင့်တွေနဲ့ ဝေေ၀ဆာနေသော နီနီရဲရဲ စက္ကူပန်းရုံနား ခဏသွား၊ ပြီး ၀င်းတံခါး ညာဘက်ရှိ အပွင့်များဖြင့် ဖွေးဖွေးလှုပ်နေသော ခရေပင်အောက်မှ ချိုအီအီ ရနံ့ သင်းသင်း ခရေပွင့်ကြွေလေးများကို ကောက်နေမိသည်။ အမေ့ အရင် ပန်းသီရအုံးမည်။ ဘုရားကပ်ရန် တစ်ကုံး နှင့် အမေ လုပ်သလို ကုတင်တိုင်မှာ ချိတ်ရန် အမေ့ အတွက် တစ်ကုံး၊ ကျမအတွက် တစ်ကုံး ။

ပန်းကောက်ပြီးတော့ အိမ်ဝိုင်းထဲဝင်၊ ပန်းတွေကို ပန်းအုတ်ခုံလေးပေါ်ရှိ ထည့်နေကျ တောင်းကလေးထဲ ထည့်ရင်း ပန်းအုတ်ခုံလေး သတိတရ ထည့်ပေးသွားသော ပန်းရံသမားများကို ချီးကျူးဖြစ်ပြန်သည်။ တစ်ခါတစ်ရံ ထိုင်ခုံအဖြစ် အသုံးကျသလို၊ တစ်ခါတစ်ရံ ဟိုဟာ ဒီဟာတင်စရာအဖြစ်လည်း အသုံးတည့်နေသောကြောင့်ဖြစ်သည်။ ပြီးအိမ်တောင်ဘက်ကို လျှောက်ကြည့် မိပြန်သည်။ အမေ့အခန်း ပြတင်းပေါက်နားမှာ စိုက်ထားသော မြတ်လေးပင်လေးလဲ တော်တော်ကြီးနေပြီ။ ရှေ့နှစ်လောက် ပွင့်ရင်တော့ အမေ့အခန်း ပြတင်းပေါက်ကနေ မွှေးရနံ့ တွေ တစ်အိမ်လုံးသင်းပျံ့ နေလိမ့်မည် ထင်ပါသည်။
ထိုနေရာကနေ အိမ်နောက်ကို လှမ်းကြည့်တော့ အုပ်အုပ်ဆိုင်းဆိုင်း ဒန့် သလွန်ပင်ကြီးက နှစ်အိမ်နယ်နမိတ် အမှတ်အသား သဖွယ်။ တစ်အိမ်လုံးစုံတော့ ထိုင်ခုံမှာပြန်ထိုင်ရင်း ပန်းသီဖို့ လုပ်ရတော့သည်။ သားနှင့် သူ့အဖေတို့ပြန်မလာခင် အမှီပြီးဖို့ လိုပါသည်။

ထိုင်ပြီးရှေ့တူရှူကို အကြည့်ရောက်တော့ သရက်ပင်တွေကြားက တဆင့် အမေပြထားသော ဘုန်းကြီး ကျောင်းကလေးကို ကျောင်းခြံစည်းရိုးပင်အုပ်အုပ်များနှင့် ခပ်ရေးရေး လှမ်းမြင်နေရလေသည်။ ထိုအခါ ကိုရင်လေးများအကြောင်း စိတ်ကရောက်သွားပြန်သည်။

ပထမဆုံး သူတို့ ရဲ့ ဒီကျောင်းလေးကို ရောက်လာရသည့် အကြောင်းရင်းပင်။ သူတို့ လေးတွေရဲ့ အသက် ဆက်ရှင်ဖို့ အရေးတွေးလို့ မိဘများခမျာ မခွဲခွာချင်ပဲ ပို့ ထားရသည့်အဖြစ်ကို မိဘတစ်ယောက် အနေဖြင့် ခံစားသိရှိနိုင်ပါသည်။ ကျမ သေသေချာချာထပ် စဉ်းစားနေမိသည်။

ကျမ ရိုးရှင်းစွာ နားလည်ခဲ့ပါသည်။ ကျမထိတွေ့ ဆက်ဆံ သိရှိခဲ့ရသော ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းရှိ လူအများစုမှာ ရရှိခဲ့သော၊ ဖြစ်တည်ခဲ့သော မိမိတို့ အသက်တစ်ချောင်းအတွက် ဘယ်လို အကောင်းဆုံးနည်းဖြင့် ဆက်ကြမလဲဆိုသည်ကိုသာ တွေးကာ နေထိုင်စားသောက် ရှင်သန်နေသူများဖြစ်ကြသည်။ထို့ အတူ မည်သည့် မိဘမှ မိမိ ရင်သွေး၏ အသက် ဆက်ရှင်ဖို့ အရေးကို မွေးပြီးသည်နှင့် ဦးစွာ စဉ်းစား စရာမလိုသလို၊ မည်သို့ သောနည်းဖြင့် ရှေ့ဆက်ရပ်တည်ရပါ့မလဲဟူ၍လည်း စဉ်းစားစရာ မလိုခဲ့။ ယခုကဲ့သို့ သော အခြေခံ အကျဆုံးဖြစ်သည့် အသက်ရှင်ရေးသက်သက်ကို ကျမ တစ်ခါမှ အတွင်းကျကျ မစဉ်းစားဘူးခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် လူဖြစ်လာသည်နှင့် မိမိတို့ ရဲ့ အသက်ကို ဖြတ်မည့်သူ ( ကျန်းမာရေးချို့ ယွင်းမှုမပါ။ သဘာဝဘေးအန္တရာယ်မပါ။ ) မရှိခဲ့သလို အခြေခံလိုအပ်ချက် များလည်း အထိုက်အလျောက် ပြည့်စုံ အဆင်ပြေ၍ ဖြစ်နိုင်ပါသည်။

မှန်ချင်မှမှန်ပါလိမ့်မည်။ သို့ သော် ကျမသိရှိခဲ့ရသည်များကို ကျိုးကြောင်းဆက်စပ် ကြည့်မိရာ ကိုရင်လေးများမှာတော့ လူရယ်လို့ ဖြစ်လာသည်နှင့် ရရှိထားသည့် အသက်ကို ရန်ရှာ ဖြတ်တောက်မည့် သူများကအဆင်သင့်။ သို့ အတွက် မိဘများအနေဖြင့် ဘယ်မှာနေမှ အသက်ရှင်သန်နိုင်မည်ကို ပထမဦးစွာ စဉ်းစားရပါလိမ့်မည်။ ရန်ရှာမည့်သူများနှင့်ဝေးရာ လုံခြုံသည့် နေရာ ရရှိပြီးမှသာလျှင် မည်သို့ မည်ပုံ အသက်ဆက်ရမည်ကို စဉ်းစားကြရပါလိမ့်မည်။
သူတို့ အတွက်လုံခြုံရာနေရာသည် မိဘများနေထိုင်ရာ တောင်ပေါ်မြို့ ကလေးမဟုတ်တာတော့ သေချာပါသည်။ သို့ ဖြစ် ၍ မိမိသားလူမမယ်ကလေးများကို ကြည်ဖြူစွာ လက်ခံနိုင်မည့်သူကို ရှာရပါလိမ့်မည်။ ကျမစဉ်းစားရင်း ဘုန်းကြီးကျောင်းမှ ကျောင်းထိုင် ၊တာဝန်ခံ ဆရာတော်များကို လေးစားကြည်ညိုမိတော့သည်။ ဆွေမျိုးများဖြစ်နိုင်သလို၊ ရပ်ဆွေရပ်မျိုးသာလျှင်လည်းဖြစ်နိုင်ပါသည်။ ဒါမှမဟုတ် တဆင့်ခံနှင့် ရောက်လာသူလေးများလည်း ပါနိုင်ပါသည်။ လုံခြုံအေးချမ်း ၍ နွေးထွေးသော ကြိုဆိုမှု အပြည့်ရှိမည်ဟု ယုံကြည်ပါသည်။

အသက်ဘေးလုံခြုံရမည့် ကွန်းခိုရာနေရာလေးရှာတွေ့ ပြီးမှသာလျှင် မည်သို့ သောနည်းဖြင့် အသက်ဆက်ရမည်ကို စဉ်းစားဆုံးဖြတ်ရပါလိမ့်မည် ။အခြားကောင်းမွန်သော ဦးတည်ရည်ရွယ်ချက် ရှိအုံးမည်ဟု ယုံကြည်ပါသည်။ သာမာန်လူဝတ်ကလေးများထက်စာလျှင် ကိုရင်လေးများအနေဖြင့်ဆိုပါက အသက်ဆက်ရေး ပိုမိုလွယ်ကူလိမ့်မည်ဟူသော အချက်ကလေး တစ်ချက်တည်းဖြင့်သာ သာမဏေခံပေးခြင်းတော့ ဖြစ်နိုင်မည် မထင်မိပါ။ တောင်ပေါ်မြို့ ကလေးမှ မိဘများသည်လည်း သူတို့ သားကလေးများကို ကိုရင်လေးများအသွင်ဖြင့် ပိုမို ၍ ပင် စိတ်ချမ်းသာ ကြပါလိမ့်မည်။
ထိုအခါကျမှပင် ကိုယ့်အကြောင်းကို ပြန်စဉ်းစားကြည့်ဖြစ်တော့သည်။ ကျမတို့ အတွက်ကတော့ လူဖြစ်လာပြီဆိုသည်နှင့် မိဘများအနေနှင့်ကလည်း ဘာရန်ကိုမှ ပူပင်စရာ မလိုခဲ့ပဲ အကောင်းဆုံးများဖြင့် အသက်ဆက်ပေးခဲ့ကြသည်သာ။ တတ်နိုင်သမျှဖြင့် အကောင်းဆုံး အစားအစာ၊ အ၀တ်၊ နေအိမ်၊ပညာရေးတို့ ကိုသာစဉ်းစားဖြည့်ဆည်းပေးခဲ့ကြသည်။ ကျမတို့ တစ်တွေ လုံခြုံအေးချမ်းစွာ ပြီးပြည့်စုံသော ဘ၀များကို ပိုင်ဆိုင်ခဲ့ကြပါသည်။ လွန်စွာမှပင် ကံကောင်းခဲ့သည်ကို ယခုမှပင် မျက်ဝါးထင်ထင် သိလိုက်ရပါတော့သည်။

သို့ သော်ကိုရင်လေးများမှာတော့ ဒီကွန်းခိုရာနေရာလေးထဲမှ အကောင်းဆုံးဆိုသည်များကို စဉ်းစားနိုင်ပါရဲ့ လား။ ဆရာတော် တတ်နိုင်သမျှ အကောင်းဆုံး ဖြည့်ဆည်းပေမှုများက သူတို့ စိတ်ကူးလေးများနဲ့ ကိုက်ညီပါရဲ့ လား။ အဲလိုရောစဉ်းစားခွင့်၊ တမ်းတခွင့်ရှိကြပါရဲ့ လား။

ကျမ စဉ်းစားရင်း စိတ်မကောင်းကြီးစွာဖြစ်ရပါတော့သည်။ ကျမတို့ သာ သူတို့ လေးတွေ မိဘဆိုရင်ကော၊ ကျမတို့ သားကလေးက သူတို့ လေးတွေထဲက တယောက်ဆိုရင်ကော...ဘာများလုပ်ပေးနိုင်ပါမည်နည်း။ ကိုယ်ချင်းစာပါသည်။
သို့ ဖြင့် စီကာစဉ်ကာ စိတ်ကူးကြည့်မိသည်။

အရင်ဆုံး..ဗမာစကားကောင်းကောင်း ပြောတတ်စေချင်ပါသည်။ ဘုန်းကြီးစာသာမက ကျောင်းစာပါ ကောင်းကောင်းတတ်အောင်လည်း လိုအုံးမည်။ သို့ အတွက် စာအုပ်၊ စာရေးကိရိယာများ ပြည့်စုံဖို့ လိုအပ်ပါလိမ့်မည်။ နောက်ပြီး သင်္ကန်းအသစ်လေးများဖြင့်လည်း ဖူးခွင့် ရချင်သေးသည်။ သပိတ်အသစ်၊ ဆွမ်းခွက်အသစ်ကလေးများထဲသို့ လည်း ဆွမ်းဟင်း အပြည့် လောင်းလှူချင်သေးသည်။ ခေါင်းမှ ဒက်ကလေးများကင်းကင်း ဦးခေါင်း ရှင်းရှင်းကလေးများကိုလည်း တွေ့ ချင်ပါသေးသည်။ နောက်ပြီး...

အတွေးစာရင်း မဆုံးခင်မှာပင် သားလေးတို့ သားအဖ တူအရီးတစ်တွေ ဆူဆူညံညံဖြင့် ပြန်ရောက်လာကြတော့သည်။ ညနေလည်းစောင်းလုပြီ။ ဆူညံသံများကြောင့် အမေပါနိုးလာသောအခါ အိမ်ကလေးက စိုစိုပြေပြေ ပုံမှန် ပြန်ဖြစ်သွားတော့သည်။

ခဏနေတော့ အစ်ကိုကြီးတို့ ကိုဝင်းတို့ ပါရောက်လာကြတော့သည်။ ကျမတို့  မနက်ဖြန် မနက်စောစောကားဖြင့် မန္တလေးသို့ ပြန်ကြရပါတော့မည်။ ထို့ ကြောင့် ကျမပါဝင်၍ ၀ိုင်းဖွဲ့ စကားပြောနေဖြစ်ကြပါသည်။
ညနေစာ စားချိန်ရောက်တော့ အားလုံးဆုံစားရန် ပြင်ရတော့သည်။ စားပြီး ခဏစကားပြော ၍ တစ်ယောက်ပြီး တစ်ယောက်ပြန်ကြတော့သည်။ သားတစ်ယောက် လက်ပြနှုတ်ဆက်ရင်း ငေါင်ကျန်ရစ်ခဲ့တော့သည်။ ထိုအခါမှပင် သူလည်း အိပ်ဖို့ သတိရတော့သည်။ တနေ့ လုံး လုံးဝမအိပ်ခဲ့ ၍ အိပ်ချင်စပြုနေပြီ။ သို့ သော် သူ့ ကို မသိပ်အားသေးပေ။ ပြန်ဖို့ ပြင်ရအုံးမည်။

တစ်အိမ်လုံးအနှံ့ ရောက်နေသော သားငယ်ရဲ့ပစ္စည်းများကို စုရင်း အိမ်ခန်းအနှံ့ လျှောက်ကြည့်ဖြစ်တော့သည်။ မရှိမဖြစ်လိုအပ်သော အိမ်အသုံးအဆောင်ပစ္စည်းလေးများဖြင့်သာ ဖွဲ့ စည်းထားသော အိမ်ကလေး။ မကျဉ်း မကျယ် အိပ်ခန်းလေးများ၊ ဘုရားခန်းကျယ်ကျယ်၊ ဧည့်ခန်းကျယ်ကျယ်ဖြင့် အပိုအလိုမရှိ အိမ်ကလေး။ စိတ်တိုင်းကျစိုက်ထားသော သီးပင်၊ ပန်းပင်ကလေးများ စိုစိုပြေပြေဖြင့် အိမ်ဝိုင်းကလေး။ အေးဆေးဆိတ်ငြိမ် ၍ ခင်မင်နှစ်လိုဖွယ်ကောင်းသော အိမ်နီးချင်း မိတ်ဆွေသစ်များဖြင့်ပါ ဖွဲ့ စည်းထားသော၊ လုံခြုံနွေးထွေးသော ကျမတို့ ရဲ့ ဒီတစ်ထပ်နံကပ်အိမ် ရိုးရိုးရှင်းရှင်းကလေးကို ပိုင်ဆိုင်ထားမှုအပေါ် ပထမဆုံးအကြိမ်အဖြစ် ကျေနပ်ရောင့်ရဲစိတ် ဖြစ်ပေါ်ခံစားလိုက်ရပါတော့သည်။

မလိုအပ်တော့ပါ။ ကြီးကျယ် ခမ်းနားသော အဆောင်အယောင်များထက် အဓိက ကျသည့် ဘေးရန်ကင်းသော ပတ်ဝန်းကျင်နှင့် တစ်ဦးအပေါ် တစ်ဦး ကူညီ၊ စောင့်ရှောက်၊ ယိုင်းပင်းတတ်ကြသော လူ့ အသိုင်းအ၀ိုင်းကလေးရှိလျှင် ပြီးပြည့်စုံသော အိမ်ဂေဟာကလေးဖြစ်နိုင်ကြောင်းကို သိလိုက်ရ၍ ဖြစ်ပါတော့သည်။
တွေးရင်း၊ သိမ်းရင်းဖြင့် ပြီးသွားတော့မှ သားကို သိပ်ရတော့သည်။ တခဏအတွင်းအိပ်ပျော်သွားတော့သည်။ အိမ်ရှေ့မှာတော့ သူ့ အဖေ၊ အတူနေ သူ့ ဦးကြီး အငယ်ဆုံး ကိုအောင်၊ နောက်အမေပါ မအိပ်သေးပဲ သူ့ သားငယ်နှင့် စကားကောင်းနေဆဲ။ အသံနှိမ့် ၍ ခပ်အုပ်အုပ်ပြောနေရာမှ တခါတလေ ရီသံ သဲ့သဲ့ကြားလိုက်ရသေးသည်။ ကိုအောင် တကူးတက ၀ယ်ထားပေးသော ရေမုန့် တွေအေးသွားတော့မှာ သတိရပေမဲ့ ကျမ ထ မသွားဖြစ်သေးပါ။ သားအမိတစ်တွေ လွတ်လွတ်လပ်လပ်ပြောချင်ရာပြော၊ မှာစရာရှိတာမှာကြပါစေ။ နောက်တစ်နှစ်စာ အတွက်ပါပေါ့။

ကျမ အိပ်ရာထဲလှဲရင်း ဘာလုပ်ဖို့ ၊ သိမ်းဖို့ ကျန်သေးလည်း စဉ်းစားနေမိသည်။ ပြီးတော့ မနက်ခရီးစဉ်အတွက် စိတ်ကရောက်သွားတော့သည်။ တဆက်တည်းပင် နောက် ဆက်ရမည့် ခရီးစဉ်ကို တွေးကြည့်နေမိသည်။
မနက်စောစော မန္တလေးသို့ ရောက်။ ၂ရက် နေတော့ ကိုလတ် အလုပ် တာဝန်ကျရာ ညောင်ဦးသို့ သွား။ နောက်ပြန်လာပြီး ၃ရက်နေတော့ ရန်ကုန်ကိုဆင်း။ ရန်ကုန်မှာ ၂ည အိပ်။ တစ်ရက်က သူငယ်ချင်းများနဲ့  ကျမရဲ့ ၃၈နှစ်မွေးနေ့ အထိမ်းအမှတ် ညစာစား။ အလာတုံးကပြောထားခဲ့ပြီးပေမဲ့ ရောက်ရောက်ချင်း ဖုန်းဆက် သတိပေးရအုံးမည်။ အဲဒါပြီးနောက်တနေ့ နေ့ လည် စင်ကာပူလေယာဉ်န့ဲ ...

ထိုအကြောင်းသို့ လည်းရောက်ရော ဖြတ်ခနဲ အသိတစ်ခု ၀င်လာတော့သည်။ ကျမတို့ ကရော ဘာများထူးပါသေးသလဲ။ ကိုရင်လေးများအကြောင်းကိုသာ တွေးတောပြောနေမိသည်။ ကျမတို့ လက်ရှိ ဘ၀ကရော သူတို့ လေးတွေနဲ့ ဘာများကွာခြားလို့ လဲ။

သူတို့ လေးတွေလို မိဘများနှင့် ဝေးရာ၊ ဆွေမျိုးများနှင့်ဝေးရာ သွားနေကြရသူများပဲ မဟုတ်ပါလား။ သူတို့ လိုပဲ မိမိတို့ ဘ၀အတွက် အဆင်ပြေရာ တစ်နေရာမှာ ကွန်းခိုနေကြသူများပဲ မဟုတ်ပါလား။ တကယ်ဆို ကျမတို့ နဲ့ သူတို့ လေးတွေဟာ ဘ၀တူတွေပဲ မဟုတ်ပါလား။

စဉ်းစားကြည်တော့ သူတို့ ကမှ တောတောင်၊ မြစ်ချောင်းလောက်သာ ကျော်ဖြတ်လာခဲ့ရပြီး ကိုယ့်မိခင်တိုင်းပြည်၊ ကိုယ့်ရေမြေထဲမှာသာ။ ကျမတို့ မှာတော့ တောတောင်၊ မြစ်ချောင်းသာမက ပင်လယ်၊ သမုဒ္ဒရာတွေကိုကျော်ပြီး သူတစ်ပါးတိုင်းပြည်တွေကိုပါ ဖြတ်ရသေးသည်။ထို့ ပြင် သူတို့ တွေကဲ့သို့ ပင် အခြားသူတစ်ပါးတိုင်းပြည်မှာ ယာယီ ကွန်းခိုနေရသူတွေပဲ မဟုတ်ပါလား။ ကျမ နွမ်းလျသွားပါတော့သည်။

တကယ်တော့ ကိုရင်လေးတွေနှင့် ကျမတို့ သည် နေဖြစ်သည့် အခြေခံ အကြောင်းအရာနှင့် ရည်ရွယ်ချက်သာ ကွဲပြားပါသည်။ အဓိက အချက်ဖြစ်သည့် တစ်ပါးသူအပေါ် ယာယီ ကွန်းခိုနေရခြင်းကတော့ အတူတူသာပင်။
သူတို့ လေးတွေသည် အသက်ရန်ကြောက်သဖြင့် မိဘများစီမံရာမှာ နေရသူလေးများ ဖြစ်ပါသည်။ကျမတို့ တွေကတော့ မိဘများ၏ သဘောစီမံမှုကြောင့် မဟုတ်ပဲ မိမိတို့ ဆုံးဖြတ်ချက်ဖြင့် မိမိတို့ ဘ၀ ပိုမိုအဆင်ပြေရန် ရည်ရွယ် နေထိုင်သူများဖြစ်ကြသည်။သို့ သော် သူတို့ လေးတွေနည်းတူ ကျမတို့ တွေမှာလည်း မျှော်လင့်ချက်လေးများဖြင့်သာ။
ထိုအခါကျမှပင် ကိုယ့် ဘ၀ကို ပြန်မြင် မိတော့သည်။ သူငယ်ချင်းတစ်ယောက်ပြောတာ ချက်ချင်း သွားသတိရမိတော့သည်။ လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကပေါ့။ နိုင်ငံခြားမှ သူငယ်ချင်းတစ်ယောက် ခဏအလည်ပြန်လာစဉ် ကျမတို့ သူငယ်ချင်းတစ်စု ညစာသွားစားခဲ့စဉ်က ဖြစ်သည်။ ဘယ်သူငယ်ချင်းက ဘယ်မြို့ မှာ၊ဘယ်သူကဖြင့် ဘယ်မှာ၊ ဟိုတစ်ယောက်က ဟိုနိုင်ငံမှာ စသဖြင့် သိသမျှ သူငယ်ချင်းများ အကြောင်းပြောတော့

`အင်း..တို့ သူငယ်ချင်းတွေလဲ..ဟိုသမိုင်းဥိး ခေတ်တုံးက ရေကြည်ရာ မြက်နုရာရှာနေရသလိုပဲနော်` ဟု ပြောလိုက်ရာ အားလုံး ပြုံးသွားခဲ့ရသည်။

ဟုတ်ပါသည်။ကျမတို့ အဖို့ ရာ ရေကြည်ရာ၊ မြက်နုရာ ရှာနေရဆဲပါ။ ကျမတို့ ကိုယ်တိုင် ရွေးခဲ့သော ဒီလမ်းကို ဘယ်လို ဆန္ဒတွေ ရှိနေအုံးတော့ ဆက်လျှောက်ကြရအုံးမည်သာဖြစ်ပါသည်။ ဟိုအရင် စလျှောက်ခဲ့စဉ်က ကျမတို့ အတွက် ရွေးခဲ့သောလမ်း။ ယခုတော့ ကျမတို့ ရဲ့ သားကလေးအတွက် မိဘနေရာမှနေ၍ မဖြစ်မနေ လျှောက်နေရအုံးမည့်လမ်း။

သားလေးအတွက်ဟု စဉ်းစားမိတော့ ကိုရင်လေးများကို သတိရသွားပြန်သည်။ သူတို့ တွေ အတွက်ရော။ ယခုလို တစ်သက်လုံးနေလို့ ရပါမည်လား။ မိဘများထံ ပြန်လို့ ရောရပါမည်လား။ မရခဲ့ရင်ရော..။သူတို့ ဘ၀ ရေရှည်ရပ်တည်ရေးအတွက် ဘယ်သူကများ ရှေ့ဆောင် လမ်းပြလုပ် ပေးမှာပါလိမ့်။ ဆရာတော်များကရော...။

စဉ်းစားရုံသာပါ။ ဘာကိုမှ ကြိုတင် မသိရသေးသလို ၊ ဘာကိုမှ အတိအကျ မပြောနိုင်သေးပါ။ သူတို့ လေးတွေအတွက် အကောင်းဆုံး အခြေအနေ မရောက်ခင်စပ်ကြား ယခုလို အချိန်မှာ ဘ၀တူ သူတို့ အတွက် တတ်နိုင်သလောက် ကူညီပေးရုံသာပါ။ မဝေးတော့တဲ့ တစ်နေ့ သို့မရောက်ခင် အထိပေါ့လေ။
ကျမဆုံးဖြတ်လိုက်တော့သည်။ ရှေ့နှစ်ပြန်လာပါက ကျမတို့ ရိုးသားစွာရှာဖွေ ရရှိထားသော ဖြူစင်သည့် ငွေကလေးများထဲမှ တတ်နိုင်သလောက် ပေးလှူအုံးမည်ဟု။ ကျမတို့ တတ်နိုင်အားကလေးသည် သူတို့ အတွက် တစ်လုတ် တစ်ဆုတ်စာသာ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့ သော် ထိုတစ်လုတ်စာအတွက် မပူပင်ရလျှင်ပင် ကူရကျိုးနပ်ပါလိမ့်မည်။ ခွန်အားကလေးများလည်းရရှိလိမ့်မည် ထင်ပါသည်။ ထိုအခါကျမှပင် ကျမစိတ်တို့ လည်း တဖန် လန်းလာကာ အိမ်ရှေ့သို့ ထွက်လာခဲ့ပါတော့သည်။

အိမ်ရှေ့ရောက်တော့ စကားဝိုင်းကကောင်းဆဲ။ ရေမုန့် များကတော့ အေး ၍ နေပေပြီ။ သို့ သော်စား ၍ ကောင်းနေပါသေးသည်။ ကျမလည်း စကားဝိုင်းထဲ ရောက်သွားပါတော့သည်။ နောက်အတော်ကျမှပင် ကျမတို့ အားလုံး အိပ်ရာဝင်ခဲ့ကြပါတော့သည်။

။ = ။ = ။ = ။ = ။ = ။

မနက် ၅နာရီခန့် ထ ၍ မျက်နှာသစ်၊ ပြင်ဆင်၊ ကော်ဖီနှင့် မုန့် စား၊ ဘုရားရှိခိုး၊ အမေ့အမှာစကား နားထောင် အပြီးမှာပင် အကြိုကားရောက်လာတော့ အမေ့ကို ဦးချ၊ ပြီး အထုတ်အပိုးများတင် ထွက်ခဲ့ကြတော့သည်။ မျက်ရည် တစမ်းစမ်းဖြင့် အမေက လက်ပြကျန်ခဲ့ပါတော့သည်။

နောက်တစ်နှစ်ကိုမှန်း၍ သူ့ မြေးကို လွမ်းနေပေလိမ့်မည်။ ထို့ အတူ တာဝန်မပျက် သား၊သမီး၊မြေးတို့ အတွက် နေ့ စဉ်ဆုတောင်း ဆွမ်းလောင်းနေပေလိမ့်အုံးမည်။ ကျမတို့ သည်လည်း ကျမတို့ သားအတွက် ရှေ့ဆက်ကြရအုံးမည်။

ကားပေါ်မှနေ ၍ ဘုန်းကြီးကျောင်းကလေးဘက်သို့  နောက်ဆုံးအနေဖြင့် လှမ်းမျှော်ကြည့်ရင်း ရှေ့နှစ် လာချိန်ကျရင်ကော...

ဆရာတော် ဘုရားက အရွယ်ရလာပြီဖြစ်သော ကိုရင်ကြီးလေးများကို ယခင်နှစ်များတုံးကလိုပင် ပြန်မလွှတ်ရက်ပဲ ရှိနေအုံးမည်လား....

ထို့ အတူ အဝေးတစ်နေရာ တောင်ပေါ်မြို့ လေးဆီက မိဘများကရော.. စီးပွားရေးများကောင်း ၍ သူတို့ သားကလေးများနှင့် အတူပြန်နေချင်ရင်တောင်မှ နယ်မြေ မအေးချမ်းသေးသဖြင့် မခေါ်ရဲသေးပဲ ဖြစ်နေအုံးမည်လား....
ထိုနည်းလည်းကောင်းပင် နေ့ စဉ် ဆွမ်းလောင်းလှူနေကြသော ဒကာ၊ဒကာမများကလည်း ကိုရင်ကြီးလေးပြန်သွားတာ သူပုန်သတ်လို့ သေပြီ ဆိုသော သတင်းစကားမျိုးးကို ကြားနေရဆဲပဲဖြစ် နေအုံးမည်လား....။
ဆုတောင်းပေးနေရုံသာ တတ်နိုင်ပါတော့သည်။

။ = ။ = ။ = ။ = ။ = ။

၂၀၁၀ နှစ်စ ဇန်န၀ါရီလအလယ်မှာ ဆောင်းအေးအေး နှင်းဖွေးဖွေးနှင့်အတူ ဘ၀ချင်းတူပေမဲ့ အလှချင်းမတူသူလေးတွေရဲ့ အဖြစ်ကို ကျမ တွေ့ ကြုံသိရှိခဲ့ရပါသည်။ ။

Sunday, September 18, 2011

တွေ့ ကြုံခဲ့ရပါသည်..

ဒီတစ်ခေါက် မိတ္ထီလာကို ရောက်တော့ မှောင်စပြုနေပြီ။ဇန်န၀ါရီလလယ် ဆောင်းရာသီမို့  နေ့ တာတို၍ ဖြစ်နိုင်သလို၊ မန္တလေးမှ ထွက်တာနောက်ကျ၍လည်း ဖြစ်နိုင်ပါသည်။အိမ်မှ လာကြိုသူများနှင့်ကားရောက်တော့ ည ၈နာရီကျော်စပြုပြီ။

ကားဂိတ်က အိမ်အသွား ဟိုဟိုဒီဒီ လှမ်းကြည့်ရာ အိမ်တစ်ချို့  မှ တပိုင်တနိုင်ထွန်းထားသော မီးရောင် ကြိုးကြားကြိုးကြားသာ မြင်ရ၏။ လမ်းတစ်လျှောက်လုံး ဆိုင်ကယ် သုံး၊လေးစင်း ကားသုံး။လေးစင်းသာ တွေ့ ရပြီး လမ်းဘေးဆိုင်များလည်း ပိတ်ရန် ပြင်ဆင် နေကြသည်။ ဆောင်းအေးအေးမို့  ချမ်း၍ထင့် အိမ်အများစုမှာလည်း တံခါးများပိတ် တိတ်ဆိတ်နေပေပြီ။ (လျှပ်စစ်မီးမလာ၍ လည်းဖြစ်နိုင်ပါသည်။)

အိမ်ရောက်တော့ ဆောင်းလေအေးအေးကြား အိမ်ရှေ့ထွက်ကြိုနေသော အမေ့ကို အလင်းရောင် ဖျော့ဖျော့ကြားမှာ ဦးစွာ တွေ့ လိုက်ရတော့သည်။တွေ့ တွေ့ ချင်း မြေးကို ချီဖို့  ဦးစွာ ကြိုးစားရင်း လမ်းတစ်လျှောက် အဆင်ပြေ၊ မပြေ မေးကာ ပါလာသည့် အထုပ်အပိုးများသယ်၍အိမ်ထဲ ၀င်ခဲ့ကြတော့သည်။

နေကောင်းကျန်းမာ အပြန်အလှန်မေးအပြီး အမေနှင့် အကို ညစာစားဖို ခူးခပ်နေစဉ် ကျမလည်း အခန်းထဲဝင်ကာ အိပ်ဖို့ အဆင်သင့်ဖြစ်ရန် ပြင်ဆင်ရ၏၊ သားက အိပ်ချင်နေပြီ ဖြစ်သလို အမေ့အတွက်လည်း အိပ်ရာဝင်နောက်ကျနေပေပြီ။ ညစာစားပြီး စကားနဲနဲပါးပါး ပြောဆိုကာ သားကိုသိပ်ရတော့သည်။ အိပ်ရာပြောင်း ပါက အအိပ်ခက်တတ်သည့် ကျမလည်း ဒါကိုယ့်အိမ်ရာဆိုသည့် အသိနှင့်ပင် နှစ်ခြိုက်လွယ်ကူစွာ အိပ်ပျော်သွားတော့သည်။

။ = ။ = ။ = ။ = ။ =

မနက်နိုးလို့  မျက်လုံးဖွင့်ကြည့်တော့ ပြတင်းပေါက်ကတစ်ဆင့် အလင်းရောင်ကို ကောင်းစွာမြင်နေရပြီ။ ဆောင်းလေအေးအေးတိုက်နေသည့် အရသာကိုပါ ရလိုက်၍ သေချာထကြည့်တော့ အိမ်ရှေ့တံခါးမကြီးဖွင့်ထားသည်ကို တွေ့ လိုက်ရသည်။သို့ ဖြင့် ကျမလည်း အိပ်ရာမှ ထကာ အိမ်ရှေ့သို့ ထွက်ခဲ့တော့သည်။

အိမ်ရှေ့ရောက်တော့ အမေနှင့် အကို ဆွမ်းလောင်း ပြီး ၍ ဆွမ်းအုပ်နှင့် ခုံလေးကိုပင် သိမ်းနေကြပေပြီ။ ကျမလည်း အိမ်ရှေ့ရှိ ထိုင်ခုံပေါ်ထိုင်လိုက်ရင်း ရှေ့တူရှူကို ငေးမောနေမိ၏။လေဖြူးဖြူးလေးလည်းတိုက်ခတ်နေရာ ခုလို သဘာဝ ဆောင်းလေအေးအေးအရသာကို မခံစားရသည်မှာ ကြာပြီ ဖြစ် ၍ လေကို အားရပါးရ ရှူရှိုက်နေမိသည်။ကျမ စိတ်တွေ လန်းဆန်းပေါ့ပါး နေပါသည်။ မျက်နှာချင်းဆိုင် ကွက်လပ်ထဲရှိ သရက်ပင်များ နှင်းများဖြင့် ဖွေးဖွေးဖြူနေသည်ကို ကြည့်နေမိပြန်သည်။

တကယ်တော့ သားလေးမွေးပြီးကတည်းက ခုလို တစ်ခါမှ အေးအေးဆေးဆေး မထိုင်ဖူးသေး ၍ ခုချိန်လေးကို လွန်စွာကျေနပ်နေမိသည်။သားလေး မနိုးခင်ကလေး အထိပေါ့လေ။ခဏ နေတော့ အမေနှင့် အကိုက မီးဖိုချောင်မှ အိမ်ရှေ့ထွက်အလာ သားလေး၏ အော်သံ နှင့် သူ့ အဖေ စကားသံတို့ ကို တပြိုင်တည်းကြားလိုက်ရတော့သည်။

သားလေးနိုးသံကြားတော့ အဖွား ဖြစ်သူ နှင့် ဦးလေးဖြစ်သူ မနေနိုင်တော့။အခန်းဆီသွားကာ ခေါ်ထုတ်လာခဲ့ကြသည်။ ကျမက အိပ်စေချင်သေးပေမဲ့ သူတို့ အတွက်က စောင့်ရတာ ကြလှပေပြီ။မတွေ့ ကြရတာ ၃လတောင် ကြာခဲ့ပြီကိုး။

သားနှင့် သူ့ အဖေပါ အိမ်ရှေ့ ရောက်လာမှပင် ကျမလည်း ထိုင်နေရာမှ ထကာ မျက်နှာသစ်ဖို့  ပြင်ဖြစ်တော့သည်။ တကယ်တော့ ကျမ ခုနကလို ထိုင်ငေး နေချင်ပါသေးသည်။ သို့ သော် ...

ကျမ မျက်နှာသစ်အပြီးထိ သားနှင့် သူ့ အဖေတို့ က စကားပြော ကောင်းတုံး။ မြေး၊ အဖွား၊ သားအမိ တစ်တွေ ပြောစရာ စကား မကုန်နိုင်ပါ။ ကျမ နားလည်နိုင်ပါသည်။ ထို့ ကြောင့် သူတို့ ကို ထားခဲ့ကာ မနက်စာပြင်ရန် မီးဖိုချောင်သို့  ထွက်ခဲ့ပါတော့သည်။ စားပွဲပေါ်ကို ကြည့်လိုက်တော့ သုံးယောက်အတွက် အားလုံးအကြိုက် စားစရာ အစုံ ပြင်ထားပြီးသား ပူပူနွေးနွေး အဆင်သင့်။ မနက်စာ အေးမသွားခင် အမြန်စားနိုင်ရန် ကိုယ်တိုင်ဝင်ကာ သားငယ်ကို မျက်နှာသစ်ပေးလိုက်ရတော့သည်။

မနက်စာစားပြီးတော့ ထုံးစံအတိုင်း လက်ဘက်ရည်ဆိုင်သွားဖို့ ပြင်ကြ၏။ ထိုစဉ် နောက်တစ်နေ့ စာ စားချင်တာကို ဈေးဝင် ၍ ၀ယ်ခဲ့ရန် အမေက မှာတော့သည်။ ဒီကနေ့ အတွက်တော့ သူ့ သားအကြိုက် သူ အားလုံး စီစဉ် ချက်ပြုတ်ပြီးသား။

ဈေးကပြန်ရောက် ၍ မကြာခင်မှာပင် ကျမတို့ အိမ်နှင့် အနီးဆုံး အကိုကြီးတို့  လင်မယားရောက်လာ၏။ ပြီး အဝေးဆုံး ကိုဝင်းရောက်လာပြီး နောက်ဆုံး တော့ အဝေးမြို့ မှ ကိုပေါက်ရောက်လာတော့သည်။ အမေကြိုတင် အကြောင်းကြားထား ၍ ဖြစ်ပါသည်။

လူစုံပြီဆိုတော့ ပြောလို့ မဆုံး အကြောင်းအရာအစုံ။ ပြောရင်း သူတို့ စိတ်အ၀င်စားဆုံးက သားလေးကို။ သားလေး စိတ်အ၀င်စားဆုံးကလဲ သူ့ ဦးကြီးများကိုပင်။ ဦးကြီးများ အပြောအဆိုကြည့် ၍ သူ့ စိတ်ကြိုက် လုပ်လို့ ရမှန်းသိကာ ဦးကြီးများနားမှ မခွာ။ သူ့ ဦးကြီး အကြီးဆုံးက အလို အလိုက်ဆုံး။

ကျမတို့ နှစ်ယောက်က သူတစ်ခုခုလုပ် ၍ လှမ်း ဟန့် ပါက သူ့ ဦးကြီးမှ လုပ်လုပ် ကြိုက်တာလုပ် ဦးကြီးရှိတယ် ၀င်ဝင်ပြောတော့ သူ့ ဘက်လိုက်မှန်းသိသွားတော့သည်။ မကြာပါ သူ့ ဦးကြီးလက်ဆွဲ ၍ သူ လုပ်ချင်တာတွေ တစ်ခုပြီး တစ်ခု လုပ်ပါတော့သည်။

ဦးကြီးများလည်း သားလေးနှင့် တပြုံးပြုံး။ သားလေး အတွက်ကတော့ ပြောစရာမလို။ မဟာအခွင့်အရေး။ နေ့ လည်ရောက် ၍ ရေချိုးဖို့ ပြင်တော့ အိမ်ရဲ့ အရှေ့မြောက်ထောင့်မှာရှိတဲ့ ရေအုတ်ကန်ဘေးမှာ ဦးကြီးလေးယောက်က အဆင်သင့်။ သူတို့ တူလေးကို ရေချိုးပေးဖို့ ။ ရေချိုးတော့ သားလေးက ပလပ်စတစ် ရေပုံးကြီးထဲမှာ ၀င်ပြီး ဆော့လို့ ။ ဦးကြီးလေးယောက်က ဘေးက ၀ိုင်းလို ၊့ရေလောင်းသူကလောင်း။ ဆပ်ပြာတိုက်ဖို့ ပြင်သူကပြင်။ သားလေးတစ်ယောက် ရေချိုးမရပ်ချင်တော့ ။ တော်တော်ကြာတော့ မရတော့ ကျမ၀င်ခေါ်ရတော့သည်။ အလိုလိုက်သူ ဦးကြီးများနှင့် သားလေးတစ်ယောက် ရေချိုးရပ်မှာ မဟုတ်တော့ပါ။
ပြီးတော့ အဖွားကလဲ သနပ်ခါးသွေးပြီး အဆင်သင့်။ ကျမတို့ လိမ်းပေးလျှင် ခက်သလောက် သူ့ အဖွားနဲ့ တော့ဟုတ်လို့ ။ တကယ်တော့ သားက လူရည်လည်။ ခဏ သည်းခံလိုက်တာနှင့် သူ့ စိတ်ကြိုက် လုပ်ချင်တာ လုပ်ခွင့်ရမည်ဆိုတာ သိသွားပြီကိုး။
နေ့ လည်စာ စားသောက်ပြီးကြတော့ ဦးကြီးများ တစ်ယောက်ပြီး တစ်ယောက် ပြန်သွားကြတော့သည်။ တကယ်တော့ မပြန်ချင်ကြသေး။ ကျမတို့ နှင့် စကားပြောချင်ကြသေးသလို သားလေးကို စိတ်ကြိုက်ဆော့ခွင့် ပေးချင်ကြသေးသည်။ သို့ သော် သူတို့ လုပ်ငန်းခွင် ပြန်ဝင်ကြရအုံးမည်။

မွန်းလွဲချိန်ရောက်တော့လည်း သားလေးအိပ်ဖို့ စိတ်မကူး။ သူ့ ဦးကြီး အငယ်ဆုံး ၊ သူ့ အဖေတို့ နှင့် ဆက်ကစားတုံး။ ဂစ်တာတီးလိုက်၊ ကီးဘုတ်တီးလိုက်ဖြင့် သူ့ ဦးကြီး လုပ်ပြသမျှနောက်က လိုက်လုပ်ကာ အကျေနပ်ကြီး ကျေနပ်နေလေသည်။ ကျမနှင့် အမေတို့ ကတော့ အိမ်ရှေ့ရှိ ကုလားထိုင်များတွင် ထိုင်ရင်း ဟိုအကြောင်း ဒီအကြောင်း စပ်မိစပ်ရာ စကားပြောနေကြသည်။

ဒီလိုနှင့် ပြောကြရင်း မနက်ဆွမ်းလောင်းသည့်အကြောင်း ရောက်သွားတော့သည်။ ထိုအကြောင်းကို သိပြီးသား။ ပြီးခဲ့သည့် အခေါက် အောက်တိုဘာလအတွင်း လာစဉ်က ကြုံခဲ့ပြီးသား။ သို့ သော် သေသေချာချာ စုံစုံလင်လင်မဟုတ်။ စုံစုံလင်လင်မဟုတ်ဆိုသည်မှာ အမေ ယခုပြောပြသည့် ကိုရင်လေးများအကြောင်း မပါ ၍ပါ။
ထိုစဉ်ပြောပြစဉ်က အမေရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ ကျမတို့ မိသားစုလေး ကျန်းမာပျော်ရွှင် အဆင်ပြေရေးအတွက် ဆုတောင်း လှူဖြစ်ပုံလေးသာ ။ အဲဒီတုံးက ပြောပြခဲ့စဉ်က `သမီးရယ် အမေကလေ... ` အစချီ၍ ...

` သမီးတို့ လည်း ကုသိုလ်ရအောင် ဆိုပြီးလေ အိမ်ရှေ့လမ်းကနေ ကြွတဲ့ ကိုရင်လေးတွေ၊ ဦးပဇင်းလေးတွေကို မနက်တိုင်း ဆွမ်းချက်လောင်းတယ် သမီးရဲ့။ တစ်ခါတစ်လေတော့လည်း ဘီစကွတ်မုန့် ကလေး၊ အကြော်ကလေးပေါ့လေ။ အဆင်ပြေရာလေးတွေပေါ့။ အမေက တစ်လစာ ဆန်ဝယ်ကတည်းကကို ဆွမ်းအတွက်ဆိုပြီး သပ်သပ် ရည်ရွယ်ပြီး ၀ယ်တာ။ သမီးတို့ ပို့ ပေးတဲ့ငွေနဲ့ ဆိုတော့လေ သမီးတို့ သားတို့ ရဲ့ ကုသိုလ်ပေါ့ ။ `

` သမီးသိတဲ့အတိုင်း အိမ်ဆောက်တုံးကပိုနေတဲ့ အသား အတိုအပြတ်စတွေကလည်း ရှိနေတော့ အမေက အဲဒါလေးတွေနဲ့  မီးမွှေးပြီး မနက်စာ ထချက်တာကိုး။ ဆောင်းတွင်းဆိုတော့ စောစောစီးစီး အချမ်းလဲပြေ၊ အသားစလေးတွေလဲ အလကား မဖြစ်အောင်လို့ လေ။ အမေက စောစောလည်း နိုးနိုးနေတတ်တော့ ။ `

`အဲဒါ တစ်ရက်ကျ ကိုရင်ကြီးတစ်ပါး အိမ်ရှေ့မှာ ဆွမ်းရပ်လို့  လောင်းရာကနေ စပြီး အခုဆို ကိုရင်လေးတွေနဲ့  ပေါင်း အပါး ၃၀ လောက်တောင်ရှိနေပြီ သမီးရဲ့ ။ `

`သမီးသိတဲ့ အတိုင်းပဲ လျှပ်စစ်မီးကလဲ အားမကိုးရတော့ ဒီထင်း ၊ တစ်ခါတစ်လေ မီးသွေးနဲ့ ပဲ အပါး ၃၀ စာ ချက်ရတော့ များများတော့လဲ မလောင်းနိုင်ဘူးပေါ့လေ။ တစ်လုတ်တစ်ဆုတ်ပေါ့။ `

(ကျမစဉ်းစားကြည့်ရာ လူတိုင်းအတွက် ဒီတစ်လုတ်တစ်ဆုတ်စာ ဆန်အတွက် မခဲယဉ်းပါ။ အပန်းမကြီးနိုင်ပါ။ တတ်နိုင်ကြပါလိမ့်မည်။ သို့ သော် အသက် ၈၀ ကျော် အဖွားတစ်ယောက်က နေ့ တဓူဝ မနက် ၅ နာရီခန့် ထပြီး ကိုယ်တိုင်ချက်ဖို့ ဆိုတာတော့ မလွယ်ကူနိုင်ပါ။ ကျမ လွန်စွာကျေးဇူးတင်မိပါသည်။ နောက်ဆက်တွဲ စကားများကြားရတော့ ပိုလို့ ပင် ကျေးဇူးအထူးတင်မိပါတော့သည်။ )

`အဲဒါတစ်ရက် သားဆီက အီးမေးလ်လာတယ်ဆိုလို့ ကိုအောင် ဆိုင်ကို သွားယူတာလေ။ စာထဲမှာ ငါ့သမီး ကိုယ်ဝန်ရှိတဲ့ အကြောင်းလဲပါရော အမေ့မှာ သိဆို စပြီး ဆုတောင်းတော့တာပဲ။ သြော် ငါ့သမီးတို့ မှာ မိဝေး၊ ဘဝေးနဲ့ ၊နောက်ပြီး သားဦးကိုယ်ဝန်၊ အတွေ့ အကြုံက မရှိ၊ နောက်ပြီး နီးစပ်ရာဆွေမျိုးသားချင်းကလဲ မရှိကိုး။ အမေ့မှာတွေးတွေးပြီး ပူလိုက်ရတာ။ ဖြစ်ကြပါ့မလားနဲ့ ပေါ့ ။ `

` အဲဒီနေ့ ကစပြီး ဆွမ်းလောင်းဆို ဆုတောင်းတော့တာပဲ။ ငါးသမီးကျန်းမာပါစေ၊ အဆင်ပြေပါစေ၊ သားကောင်း သမီးကောင်းလေးရပါစေ၊ အဓိက ကတော့ သမီးရေ ကျန်းကျန်းမာမာ ကိုယ်အင်္ဂါံပြည့်ပြည့်စုံစုံပေါ့ သမီးရယ်။ `
`အမေ့မှာလေ ဆုတောင်းတော့ သမီးမရမှာ စိုးလို့ လေ ဟိုငါ့သမီးက တစ်ခြားတိုင်းပြည်မှာဆိုတော့ မရမှာစိုးလို ။့အမေက ဆုတောင်းတိုင်း တစ်ကမ္ဘာလုံးမှာရှိသော ကိုယ်ဝန်ဆောင် မိခင်တိုင်း ကျန်းမာကြပါစေပေါ့။ ဒါမှ ထိရောက်မှာကိုး။ သုတ်တွေလည်း ရွတ်ပေးတာပဲ သမီးရေ မနက်ရယ် ညရယ်မဟုတ်ဖူး သတိရတိုင်းပဲ ။ `

` မွေးဖို့ နီးလာတော့ တစ်ခါ သမီးတို့ က ဟိုမှာပဲ မွေးမယ်ဆိုတော့ အမေတွေးသေးတာ၊ သြော် ဒီမှာ သမီး အစ်ကို ဆရာဝန်တွေ ရှိရဲ့နဲ့  ဘာလို့ များ ပြန်မလာရသလဲပေါ့။ ငွေတွေကလဲ ကုန်လိုက်တာနဲ့ ပေါ့လေ။ နောက်တော့လဲ ဆွမ်းလောင်းတိုင်းသာ သမီးအတွက် ၊ သမီးအတွက်နဲ့  ဆုတောင်းရတော့တာပါပဲ။ နောက်ချောချောမောမောမွေးတယ်ဆိုမှ စိတ်ချရတော့တာပဲ။ ဒါတောင် ကိုယ်တိုင် မတွေ့ ရတော့ ဖြစ်မှ ဖြစ်ပါ့မလား စိတ်ပူရသေးတာ။ `

`နောက်မကြာဘူး သားက အီးမေးလ်ကနေ ဓါတ်ပုံတွေပို့ တော့ ကိုအောင်က ဆိုင်ကနေ တစ်ခါတည်း ပုံတွေ ထုတ်ယူလာတာ ၊ အဲဒီကျမှပဲ စိတ်ချပြီး ငါ့မြေးက လူချောပဲ ဆိုပြီး ဓါတ်ပုံပြ ကြွားတော့တာပဲ။ `

ထိုစဉ် ဘေးနားက အမေ ထထွက်သွားသည်ကို ရိပ်ကနဲ သိလိုက်သလို အတွေးလဲပြတ်သွား၏။ပုံမှန်အသိပြန်ဝင်လာပြီး ကျမ ကြာရှည်စွာ ဘာစကားမှ မပြောဖြစ်မှန်း ကိုယ့်ဟာကိုယ် ရိပ်မိလိုက်၏။ အမေ့ရဲ့ နံ့ သာဖြူ သနပ်ခါး ဖွေးဖွေးမျက်နှာကို ငေးကြည့်နေရင်း လွန်ခဲ့သော အောက်တိုဘာလထဲ လာခဲ့စဉ်က အမေ့ပြောစကားများကို တစ်ကြောင်းချင်း ပြန်လည်တွေးတော နေမိ၍ ဖြစ်ပါသည်။

ထိုစဉ်အခါက အမေ့ စကားရှည်ကြီးဆုံးသွားတော့ ပြန်ပြောစရာ စကား မရှိခဲ့ပါ။ မရှိပါဆိုတာထက် စကားလုံးရှာ မတွေ့ ခြင်းပါ။အမေ နောက်ဖေးသို့  ထထွက် သွားပေမဲ့ ကျမကတော့ စဉ်းစားရင်း ကျန်ခဲ့ပါသည်။

ကျမ ယုံကြည်ပါသည်။ အမေ့ရဲ့  မေတ္တာ ၊ စေတနာ၊ စိုးရိမ်ပူပန်မှု အပြည့်နှင့် ကုသိုလ်ကောင်းမှု အလှူဒါနကို နေ့ စဉ် မပြတ် ဆုတောင်း လောင်းလှူမည်ဆိုတာ စိတ်မှန်းဖြင့် မြင်ယောင် ခံစားနိုင်ပါသည်။
ကျမ ကြည်နူး၊ ကျေနပ် ကျေးဇူးတင်မဆုံးပါ။တကယ်လည်း နှစ်ဘက် မိဘ၊ မောင်နှမ ၊အစ်ကိုများရဲ့  ပို့ သသော မေတ္တာဖြင့် သားလေးကို အဆင်ပြေလွယ်ကူ ချောမွေ့ စွာ မွေးဖွားနိုင်ခဲ့ပါသည်။

တကယ်တော့ ဆွေးမျိုးများတင် မကပါ။ ကျမ၏ သူငယ်ချင်းများလည်း ပါဝင်ပါသည်။ လက်တွေ့ ကြုံခဲ့မှုများ၊ တဆင့်ကြားသိမှုများကို ဖုန်းဖြင့် တစ်မျိုး၊ အီးမေးလ်များဖြင့် တစ်သွယ်၊ စာအုပ်များဖြင့် တစ်လ၊ီ နှုတ်အားဖြင့် ၊ စာအားဖြင့် ကူညီအားပေးခဲ့ကြသော စင်ကာပူနိုင်ငံမှ သူငယ်ချင်းများ၊ မန္တလေးမှ ညီအစ်မသဖွယ်ချစ်ကြသူများ အားလုံးကို အလွန်ကျေးဇူးတင်မိပါသည်။ ဆောင်ရန် ရှောင်ရန် နှင့် လိုအပ်ချက်များကို သိရှိသည်သာမက ခွန်အားများလည်းရရှိခဲ့ ပါသည်။

ကျမတို့  လွန်စွာမှ ကံကောင်းကြပါသည်။ အသက် ၄၀ နားတိုင်သည်ထိ မိဘ၊ညီအစ်ကို၊ ဆွေမျိုးသားချင်းများနှင့် သူငယ်ချင်းများ၏ စိုးရိန်မှု၊ ပူပန်မှု၊ ဂရုစိုက်မှု အပြည့် ရရှိ ခံစားရဆဲမို့ ပါ။

တစ်ယောက်တည်း တွေးတော စဉ်းစားဆဲမှာပင် သား၊ သူ့ အဖေနှင့် အတူနေ သူ့ဦးကြီးတို့ အပြင်က ပြန်ရောက်လာကြ၏။ ဘယ်အချိန်က အပြင်ထွက်သွားကြမှန်း မသိလိုက်ပါ။ သားငယ်ရဲ့အသံ ဆူဆူညံညံ ကြားကတည်းက သူဘယ်လောက်ထိ ပျော်လာသည်ကို ခန့် မှန်းနိုင်ပါသည်။
သားလေးသည်လည်း အလွန်ကံကောင်းပါသည်။ သူသည် ကျမတို့ ထက် ပိုမို၍ပင် ကံကောင်းပါသည်။ ကျမတို့ တုံးကထက် ပိုသော အချစ်များ၊ ဂရုစိုက်မှုများ ရရှိနေ၍ပဲ ဖြစ်ပါသည်။

ကျမအထက်ပါ အကြောင်းများကို ရှည်ရှည် လျားလျား ပြန်စဉ်းစား တွေးတော သုံးသပ်မိသည်မှာ အမေက ပြောပြ ၍့ မနက်တိုင်း ဆွမ်းလာခံသော ကိုရင်လေးများ အကြောင်း ထပ်မံ သိလိုက်ရသောကြောင့် ဖြစ်ပါသည်။ အတွေးရှည်ကြီး မစခင် အမေနှင့်ပြောဖြစ်ခဲ့သည်က ဆွမ်းလောင်းသည်နှင့် ပတ်သတ်သည့်အကြောင်းသာပင်။ သို့ သော် ဒီတစ်ခါက ဆွမ်းလောင်းသည် နှင့် ဆက်စပ်သော ကိုရင်လေးများ အကြောင်း ဖြစ်ပါသည်။

အမေနှင့် ကျမ အပြန်အလှန် ပြောဖြစ်ခဲ့ကြသည်က...

`သမီးရေ အမေကလေ သမီး ကလေးမီးဖွားပြီးပြန်တော့လည်း ဆွမ်းလောင်းတော့ မပျက်ဖူး။ နေမကောင်းလို့ မချက်နိုင်ရင်တောင် ကိုအောင့်ကို မုန့် ကလေး၊ ဘာလေး ကြိုဝယ်ခိုင်းပြီး လောင်းဖြစ်သေးတယ်။ `
ကျမ ဘာမှ မပြောပဲ နားထောင်နေမိသည်။ အမေက ဆက်၍

`ကိုရင်လေးတွေကလဲ သိနေပြီ။ အိမ်ရှေ့ ဆွမ်းအုပ် မရှိလဲ ရပ်တာပဲ။ တစ်မျိုးမဟုတ် တစ်မျိုးလောင်းမှန်း သိနေတာကိုး။ အဲဒီတော့ အမေလဲ အပျက်မခံပဲ လောင်းဖြစ်နေရောပဲ သမီးရေ။ `ကျမ ယုံကြည်ပါသည်။ မပြတ်အောင် မရှိ ရှိတာနဲ့ လောင်းသည်ဆိုသည်ကို။

`မွေးပြီးတော့လဲ တစ်မျိုးပူရတာပါပဲ။ သားဦးဆိုတော့ ပြုစုတတ်ပါ့မလား။ တစ်ယောက်ယောက်များ နေမကောင်းဖြစ်ရင် လူပိုလဲ မရှိနဲ့ ။ ဘယ်လိုများ လုပ်ကြမှာ ပါလိမ့်ဆိုပြီး။ ပူတတ်ရင်တော့လဲ ပူချင်စရာချည်းပေါ့လေ။ `
အမေမှ မဟုတ်ပါ။ ကျမကလဲ ပေါင်းစုံတွေး ပူပင်တတ်သူမို့ အဝေးကနေ တွေးပူမှာ သိပါသည်။

`အဲဒါတစ်နေ့ ဆွမ်းလောင်းနေရင်း ခါတိုင်း လာနေကြ ကိုရင် ခပ်ကြီးကြီးလေး မပါလာတာ သတိထားမိပြီး မေးမိတော့ အဲဒီထဲက ဗမာစကား နားလဲလည် ပြန်လဲပြောတတ်တဲ့ ကိုရင်လေးက သူပြန်သွားတာ သူပုန်သတ်လို့ သေပြီ ဆိုပြီး တုံးတိတိနဲ့ ပြန်ပြောတယ် သမီးရဲ့ ။ `

အမေ့ စကားအဆုံး ကျမအံ့သြသွား၏။ မိတ္ထီလာမြို့ က ကိုရင်လေးများက ဗမာစကား မတတ်ဘူးဆိုသည်ကိုး။ နောက်ပြီး ပို ၍ အံ့သြသွား၏။ သူပုန်သတ်လို့ သေပြီ ဆို ၍ ပါ။ တကယ်တော့ အံ့သြတာထက်ပိုပါသည်။ ပြောမပြတတ်တော့ပါ။ သို့ ဖြင့် ကျမက `သူတို့ က ဗမာစကားမတတ်ဘူးလား ` မေးမိတော့

`ဟုတ်တယ် ခပ်ကြီးကြီးလေးတွေပဲ နဲနဲပါးပါး တတ်ကြတာ `
`ဟင်..ဘာလုပ်တုံး `
`သူတို့ က တောင်ပေါ်ရွာလေးတွေက လာကြတယ် ပြောတာပဲ။ ရှမ်းတို့ ပအို့ တို့ လို့ ထင်တာပါပဲ
အင်း..သေချာတာကတော့ အမေ သေသေချာချာ မသိခြင်းပါ။ ရပါသည်။ယခု ကျမသိချင်နေသည်က သူတို့ ဘာလူမျိုးလဲ ဆိုသည်ထက် သူပုန်သတ်လို့ သေပြီဆိုသော အကြောင်းကိုပင်။ဆက် ၍ ကျမက
`သူပုန်သတ်လို့ ` ဟုမေးမိတော့ အမေက..
`သူတို့ လေးတွေလာကတည်းကိုက သူပုန့် ရန်ကြောက်လို့ တဲ့။ မိဘတွေက သူတို့ နဲ့ မထားပဲ ဒီဘုန်းကြီးဆီပို့ ထားကြတာတဲ့`
`ဘာဖြစ်လို့ ကြောက်ရတာတဲ့တုံး`ကျမ ဆက်သိချင်နေမိသည်။ ဒီတော့ အမေက..

`အမေလဲ သေသေချာချာ မသိပါဘူး။ သူတို့ တွေက ဗမာစကားကလဲ ရည်ရည်လည်လည် မပြောတတ်ကြတော့ စကားကောင်းကောင်း မပြောဖြစ်ဘူး သမီးရဲ့ ။သူတို့ ကလဲ ဘာမှမပြောကြဘူး။ ဆွမ်းခံပြီးဆို ပြန်ကြွသွားတာပဲ`
အင်း..ဖြစ်နိုင်ပါသည်။ ဘာကြောင့်ဆို ဆွမ်းလောင်းလှူနေသည်မှာ လပေါင်းများ ၍ နှစ်ပင် ရှိတော့မည် ခုချိန်ထိ ဘာမှမသိဆို ၍ပင်။ စကားပြောဖြစ်ရင်တော့လဲ တစ်ခွန်းစ နှစ်ခွန်းစပါလာမှာပင်။

ကျမမှာတော့ သူပုန်သတ်လို့ ဆိုသော စကား နားထဲက မထွက်တော့ပါ။ရခဲလှသော လူ့ အသက်တစ်ချောင်းကို ရက်ရက်စက်စက် သတ်တယ်ဆိုသည်ကို...ဘယ်လိုနည်းနဲ့ မှ အကြောင်းရင်းကို စဉ်းစားမရပါ။ စဉ်းစားရင်း စိတ်မကောင်းသာ ဖြစ်ရပါတော့သည်။ ကျမမှာ စဉ်းစားရင်း စဉ်းစားရင်း အတွေးတွေသာ ပိုပိုများလာပါတော့သည်။
ထို့ ပြင် ကျမ သေသေချာချာ သိချင်ပါသေးသည်။ သူပုန်ဆိုသူတွေက ဒီကိုရင်လေးတွေရဲ့ အသက်ကို ဘာကြောင့်များ ယူချင်ကြရပါလဲ။ နောက်ပြီး သိရသည်က ယောက်ကျားလေးတွေမှတဲ့။ ဒါဆို ဒီကိုရင်လေးတွေရဲ့ အဖေများကြတော့ရော..။ ချမ်းသာပေးကြသလား။ စဉ်းစားရုံသာပါ။ အဖြေပေးနိုင်မည့် သူလဲ မရှိပါ။

တကယ်လို့ ဘုန်းကြီးကျောင်း လိုက်သွားပြီး မေးရရင်ရော...။ ကောင်းပါ့မလား။ ပြောရော ပြောချင်ပါ့မလား။ သိချင်တဲ့သူ အတွက် အမေးလွယ်ပေမဲ့ သူ တို့အတွက်က အဖြေခက်နေမည်လား။ သေချာတာကတော့ စိတ်မကောင်းစရာမို့ အလွယ်တကူ နဲ့ တော့ ပြောပြချင်မည် မဟုတ်ပါ။

ကျမတစ်ယောက်တည်း စဉ်းစားကြည့်လိုက် အဖြေရှာကြည့်လိုက်နှင့် စိတ်တွေရှုတ်လာတော့သည်။
သားလေးနေ့ လည် အိပ်ချိန်တန်၍ သိပ်ဖို့ ပြင်ရတော့သည်။ သူအိပ်သွားတော့ သူ့ ကိုကြည့်ရင်း ကိုရင်လေးများအကြောင်း ခေါင်းထဲ ၀င်လာပြန်သည်။
သားငယ်နှင့် ယှဉ် စဉ်းစားနေမိ၏။ ချစ်ခင်ကြ၊ အလိုလိုက်ကြသော ဦးကြီးများ၊ ဆွေမျိုးများ ၀ိုင်းဝိုင်းလည်နေသော မောင်ညီသန့် လိုပင် ဒီကိုရင်လေးများ သူတို့ မြို့ ရွာပြန်သွားပါက ရှိပါ့မလား။ နောက်ပြီး မိဘများကရော မလွမ်းကြဘူးလား။ မတွေ့ ချင်ကြဘူးလား။ အတူတူမနေချင်ဘူးလား။ မေးစရာ မလိုပါ။ အားလုံးမှာ ဆန္ဒတွေရှိကြမှာပါ။ မတတ်နိုင်လွန်းလို့ သာဖြစ်ပါလိမ့်မည်။

ကျမ ကိုရင်လေးများကို ထပ်တွေ့ ချင် ၊သူတို့ အကြောင်းထပ်သိချင်ပါသေးသည်။ မနက်ဖြန် ဆွမ်းလောင်းအမှီ စောစော ထရပါလိမ့်မည်။ ကျမ မနက်ရောက်ဖို့ စိတ်စောစွာ တစ်နေ့ တာ ကုန်ခဲ့ပါတော့သည်။

။ = ။ = ။ = ။ = ။ = ။

မနက် ကျမနိုးတော့ ဆွမ်းအုပ်က တင်နေကျ ခုံလေးပေါ်မှာ အဆင်သင့်။ သားနှင့် သူ့ အဖေက အိပ်တုံး။ မျက်နှာမသစ်ဖြစ်ပဲ ပက်လက်ကုလားထိုင်ပေါ်ထိုင် စောင့်နေမိသည်။
မကြာပါ ကိုရင်လေးများ ၃၊၄ ပါးစီ ကြွလာကြသည်။ ကြွလာသည်ဆိုသည်ထက် သုတ်သုတ် သုတ်သုတ်ဖြင့် မပြေးရုံတမယ် လှမ်းလာခြင်းသာ။

အိမ်ရှေ့ ၀င်းဝရောက်မှသာ အရှိန်လျှော့ ၍ ဖြေးဖြေးလှမ်း ၀င်လာကြတော့သည်။ ပထမ၃၊၄ ပါးကတော့ ပုံမှန်ပင်။ သူတို့ က ဘယ်လက်ဖြင်ပွေ့ လာသော သပိတ်ကို ရှေ့ထိုးပေး၊ အမေက ဆွမ်းကိုလောင်း လိုက်ခြင်းသာ။ သပိတ်က ဘာအဖုံးမှမပါ။ ဆွမ်းခွက်ပါ မပါတော့ မမြင်ရ၍မသိပါ။

ကိုရင်လေးများ ကြွလာရာလှမ်းမျှော်ကြည့်တော့ ၁၀ပါး ၁၅ပါး အတန်းလိုက်ကြွလာတာ မြင်နေရပါသည်။စနစ်တကျ မဟုတ်။ ၃၊၄ ပါးတစ်စု။၃၊၄ ပါး တစ်စုစီ။နောက် ၃၊ပါးရောက်လာတော့ ညာလက်က ပလပ်စတစ်ဟင်းခွက်ရောင်စုံကလေးတွေ ကိုင်လို့ ။ အဖုံးပါသူရော၊ မပါသူရော။ ထိုတစ်ဖွဲ့ပြီးသွားတော့ မရှိတော့။ လာရာလမ်းကို လှမ်းကြည့်တော့ ကျောင်းဆီမှ တရွေ့ ရွေ့ ကြွလာနေသေးသည်ကို သရက်ပင်များကြားကနေ မြင်နေရလေသည်။

ထိုစဉ် အမေက..
`သမီး နောက်တစ်ဖွဲ့ လာရင်ကြည့်ထား။ သူတို့ ခေါင်းပေါ်မှာ ဖြုတ်အုပ်စုက ၀ဲပြီးပါလာတာ။ ပြီးကျ အိမ်ဝိုင်းထဲ ကျန်ခဲ့ရော။ အဲဒါ လမ်းက ပါလာတာနေမှာပေါ့။ တစ်ခါတစ်လေကျ အမေ့မှာ ကြည့်ပြီးရီနေရတယ်။`

`နောက်ပြီး သူတို့ ဝတ်ထားတဲ့ အနွေးထည်လေးတွေကြည့်ထား။ အရောင်စုံပဲ သမီးရေ။ သိုးမွှေးလဲပါရဲ့ ။ ချည်ထည်လဲ ပါရဲ့ ။ဖလန်ထည်လဲပါရဲ့ ။ အဲဒါလေးတွေ ၀တ်ထားလို့ လဲနွေးတာပေါ့။ သို့ မို့ ဆို ဆောင်းက အေးကအေးနဲ့ ။ အမေ သေချာကြည့် ကြည့်တာ အမယ် သိုးမွှေးထည်တွေက အရောင်စုံ၊ ဒီဇိုင်းစုံနဲ့ ။ အမေ့အထင် လေဘေးထည်လေးတွေလိုပဲ။ လှူတဲ့သူကလဲ အဆင်ပြေရာပေါ့လေ။ဒါမှ မဟုတ်လဲ ဆွမ်းလောင်းတဲ့အိမ်တွေက အဟောင်းထည်လေးတွေ လှူထားတာလဲ ဖြစ်နိုင်တာပေါ့။`

အမေက သူတွေ့ ထား၊ မြင်ထားတာလေးတွေ ပြောပြတော့ သူတို့ အကြောင်းသာမကတော့ သူတို့ ဝတ်စားထားတာပါ ကြည့်ဖို့ အမှတ်ရသွား၏။ ခဏနေတော့ တစ်ပါးပြီး တစ်ပါး ရောက်လာကြတော့သည်။ ဒီတစ်ခါတော့ ထိုင်ရာက ထ၍ အနီးကပ် ဆွမ်းလောင်းရာနား သွားကြည့်မိတော့သည်။ အသက်ရန်ကြောက်ကာ အညာမြို့ လေးမှာ လာရောက်ကွန်းခိုနေသူလေးများ အဖြစ်ပါ ပို၍ ဂရုစိုက်မိရသည်။ နောက်ပြီး သူတို့  မျက်နှာကို ကြည့်၍ သူတို့ ခံစားမှုကိုလည်း ဖတ်ကြည့်ချင်သေးသည်။ ငယ်လွန်းတော့ သူတို့ ခံစားမှုက မျက်နှာမှာ ရိုက်ခတ်နေပါ့မလား။

သူတို့သပိတ်၊ဆွမ်းခွက်နှင့်ဆွမ်းခံပုံကဘာမှမထူး။ အတူတူပင်။ အရွယ်လေးတွေကလည်း ရွယ်တူကများ၏။ အရပ်နှင့် ကိုယ်လုံးကြည့်၍ ၈နှစ်နဲ့  ၁၃၊၁၄နှစ် ကြားဟုထင်မိ၏။ အနွေးထည်လေးများကလည်း အမေပြောထားတာနဲ့  သေချာကြည့်တော့ ကျမအမြင်ကလည်းအမေနဲ့ တစ်ထပ်တည်း။

ဖြုတ်တစ်ဖွဲ့ ကလည်း သူတို့ ခေါင်းပေါ်မှာ တ၀ဲဝဲ။ ခေါင်းထက်မှာ ဖြုတ်က၀ဲသလို တစ်ခေါင်းလုံးကလဲ ဒက်အနာလေးတွေက အပြည့်။ နောက်သူတို့ သင်္ကန်းတွေကို အကြည့်ရောက်တော့ အရောင်ခပ်မွဲမွဲကို ညာလက်အောက်ကရှိုပြီး ဘယ်ပုခုံးပေါ်မှာ ထုံးချည်ထားတာတွေ့ ၍ အော်..အရွယ်လေးတွေက ငယ်လိုက်ကြတာ သင်္ကန်းတောင် ကောင်းကောင်း မရုံနိုင်ကြသေးပါလားလို့ တွေးနေမိ၏။ သင်းပိုင်များကလဲ အောက်အနားလေးတွေက အလိတ် အလိတ်တွေနဲ့ ။ အထက် အောက် လှည့်ဝတ်ထားပုံမျိုး။ သူတို့ ပြန်ကြွသွားကြတော့ ကျမ အမေ့ကို ချက်ချင်းပင် မေးပြော ပြောဖြစ်တော့သည်။

`ဒီကိုရင်လေးတွေက ငယ်လိုက်ကြတာနော်။ ဟို..သူတို့ တွေ ဆွမ်းခံကြွရင် သင်္ကန်းကို လက်ကန်တော့ထိုးရတယ်လို့ ကြားဘူးတာ။ သေချာတော့လည်း မသိပါဘူး။ အဲဒါ ဒီကိုရင်လေးတွေက အဲလိုလဲ မရုံကြဘူး။ ငယ်လွန်းလို့  သင်္ကန်း မနိုင်လို့ ထင်တယ်နော်။`

ကျမက အဲလိုလဲပြောရော အမေက ပြောတော့တာပါပဲ။

`မဟုတ်ဘူး သမီးရေ မနိုင်လို့ မဟုတ်ဘူးရယ်။ အမေ့ အထင်တော့ မလောက်လို့ ထင်တာပါပဲ။ အကြီးတစ်ထည်ကို နှစ်ပိုင်းဖြတ်ပြီး နှစ်ပါးရုံရတယ် မှန်းတာပါပဲ။ သမီးမြင်တဲ့အတိုင်းပဲ ကိုယ်လုံးကို ပါတ်မိရုံနဲ့ ပုခုံးပေါ်မှာချည်ထားရတာ။ ပုံမှန် သင်္ကန်းသာဆို သူတို့ ဒီလို ဘယ်ထုံးထားမှာလဲ။နောက် တစ်ကိုယ်လုံးကိုလည်း ရုံမိမှာပေါ့။ ဒါကြောင့်လဲ လက်နှစ်ဖက်လုံးနဲ့ ဘယ်လက်အောက်ကစ အောက်ထိ သင်္ကန်းလွတ်နေပြီး သူတို့ ဝတ်ထားတဲ့ အနွေးထည် ရောင်စုံလေးတွေကို အတိုင်းသား မြင်နေရတာပေါ့။ `

အမေပြောလိုက်မှ ဆက်စပ်မိသွားတော့သည်။ အမှန်အတိအကျ မဟုတ်နိုင်ပေမဲ့ ဖြစ်နိုင်ပါသည်။ သူတို့ မျက်နှာလေးတွေကို သတိတရနှင့် ကြည့်မိတော့ ခံစားမှုမရှိ ဗလာနတ္ထိ။
ခဏနေတော့ ကိုရင်လေးတွေလဲ ကုန်လုပြီမို့  အမေက အိမ်နောက်ဖေးဝင် မနက်စာ စားဖို့ လုပ်တော့သည်။ကျမလည်း တစ်နေ့ တာ လုပ်ငန်းစဖို့ ပြင်ရတော့သည်။ ဆွမ်းလောင်းသည့်အကြောင်း စိတ်ကရောက်သွားပြန်တော့ ဆွမ်းဟင်းလောင်းချင်စိတ်များပေါ်လာ၏။ အမေ့ကိုပြောပြတော့

`ကောင်းတာပေါ့ သမီးရယ်၊ အမေကလည်း ဖြစ်နိုင်ရင် လောင်းချင်တာ။ သူတို့ တွေ ဆွမ်းဟင်း များများမရရှာကြဘူးရယ်။ အမေကလည်း ချက်ရတာ မနိုင်တော့ စိတ်ရှိပေမဲ့ မလောင်းဖြစ်ဘူး။ အဲဒါဆို ကိုရင် တစ်ပါးပါးတော့ကျန်အုံးမယ်ထင်တယ်။ အမေ စောင့်ပြီး သတင်းပေးလိုက်အုံးမယ်။ ကြည့်နေ ပြောလိုက်ရင် တအားပျော်သွားကြမှာ။`
ပြောပြီး အမေ အိမ်ရှေ့ထွက်စောင့်တော့ ကျမပါလိုက်စောင့်နေမိသည်။ သားငယ်တို့ သားအဖက အိပ်တုံးဆိုတော့ အချိန်ရပါသေးသည်။ တအောင့်နေတော့ ၁၄နှစ်အရွယ်လောက် ကိုရင်တစ်ပါး အိမ်ရှေ့က ဖြတ်အသွား အမေကလှန်းခေါ်ပြီး မနက်ဆွမ်းဟင်းပါလောင်းမှာမို့ လာဖြစ်အောင် လာဖို့ ပြောလိုက်ရာ ပြုံးသွားပြီး...

`ပဲပုတ်ကို ငရုတ်သီးစပ်စပ်နဲ့ ကြော်ပါ။ စပ်စပ်မှ ဆွမ်းအများကြီးစားဝင်တာ`ဟု ပြောကာ လှည့်ထွက်သွားတော့သည်။
သို့ ဖြစ်၍ အမေ နဲ့ တိုင်ပင်ကာ သူ တို့ လေးတွေ ပါကြိုက်မည့် ၀က်သားကို အာလူးနှင့်ရော၊ နောက်ပြီး ကိုရင်လေးပြောသွားသော ပဲပုတ်ကို စပ်စပ်ကြော် လောင်းရန် ဆုံးဖြတ်လိုက်သည်။

ကျမလည်း သားလေးတို့ တွေထကြပြီမို့ လုပ်စရာရှိတာလုပ်၍ မနက်စာ စားပြီး ဈေးဝယ် သွားဖို့ ပြင်ကြတော့သည်။
ဈေးကပြန်လာတော့ အပါး၃၀ စာ ၀က်သားတုံး ခပ်ရွယ်ရွယ် ၉၀ ကို အာလူး အတုံးသေး၉၀နဲ့ ရော ချက်ထား၊ ပဲပုတ်အစိုကို ပဲပြားနဲ့ ရော ကြော်ထားပြီး မနက်အတွက် အဆင်သင့် ပြင်ထားလိုက်တော့သည်။
တနေ့ တာ ပုံမှန်လည်ပတ်ရင်း မနက်ဆွမ်းလောင်းဖို့ ကို စိတ်ကူးထဲမှာ မြင်ယောင်ကြည့်နေမိသည်။ မနက်ရောက်ဖို့ စောင့်ရတာကြာသလိုပင်။

အဖေကလဲ သူ့ အစ်ကိုများနှင့် ညီအစ်ကိုတစ်တွေဆုံတုံး ပြောမကုန်၊ သားလေးကလဲ သူ့ ဦးကြီးများနှင့် ဆော့မဆုံး တစ်နေ့ တာလုံးပင်။ ဒီလိုနှင့် ညရောက် အိပ်ရာဝင်လိုက်ကြတော့သည်။

Wednesday, September 7, 2011

Fujairah သို့ တခေါက်...


ပုံမှန် အားလပ်ရက်နှစ်ရက်ဖြစ်တဲ့ သောကြာ၊ စနေအပြင် Eid အတွက် အပိုဆောင်း ၂ ရက်ပါ ရလေတော့ ဒီလေးရက်အပိတ်မှာ ဟိုဟိုဒီဒီ လျှောက်လည်ဖြစ်ပါတယ်။ လည်ဖြစ်ခဲ့တဲ့ နေရာထဲက တခုကတော့ Fujairah ( ဖူဂျဲရား ) ပါပဲ။

Fujairah ဟာ ယူအေအီး ( အာရပ်စော်ဘွားများ ပြည်ထောင်စု ) အနက်မှ  ပြည်နယ်တခုပါ။ အဲဒီပြည်နယ်ထဲက အဓိက မြို့နာမည်ကလဲ Fujairah ပါပဲ။ ကျွန်တော်တို့သွားခဲ့တာ အဲဒီ့ဖူဂျဲရား မြို့ဆီကိုပါ။ ယူအေးအီးမှာ  ပြည်နယ် ( ၇ ) ခု ရှိပါတယ်။ အောက်မှာဖေါ်ပြထားသလို ပိုင်းခြားတည်ရှိနေပါတယ်။

ဒီပုံကိုကြည့်လိုက်တာနဲ့ ပြည်နယ်တချို့ဟာ တချို့နေရာတွေမှာ နယ်ခြားဆုံးနေပေမဲ့တခြားနယ်ရဲ့ အလယ်လောက်ရောက်မှ ပြန်ပြီး သီးသန့်တကွက်သွားပိုင်နေတာမျိုး တွေ့နိုင်မှာပါ။ ဒီကြားထဲမှာ အိုမန်နိုင်ငံကတမျိုး။ ယူအေအီးနိုင်ငံအောက်မှာ ပင်မမြေ၊ နောက် နိုင်ငံအလယ်က ပြည်နယ်မျိုးစုံအလယ်မှာကွက်ကွက်ကလေးတခု၊ နောက် အပေါ်အစွန်မှာတနေရာ။ ဒီလို နယ်မြေခွဲဝေပုံတွေဟာ စိတ်ဝင်စားစရာပါ။


ယူအေအီးဟာ ၁၉၇၁ ခုနှစ်မှာ နိုင်ငံတနိုင်ငံအဖြစ် ကြေငြာပါတယ်။ နှစ်တိုင်း ဒီဇင်ဘာ( ၂ )ရက်နေ့ကို National Day အဖြစ် သတ်မှတ်ပြီး ပျော်ကြတယ်။ အတော့်ကို ပျော်ကြတာပါ။ အခုလာမဲ့  ဒီဇင်ဘာ( ၂ )နေ့ဆိုပါလျှင် အနှစ် ၄၀ ပြည့်ပြီပေါ့။

အရင်ကတော့ အင်္ဂလိပ် နယ်ချဲ့လက်အောက်မှာပါ။ ဒူဘိုင်းနဲ့ အဘူဒါဘီက ၁၉၄၀ လောက်ကစပြီး နယ်မြေစစ်ပွဲတွေ  နွှဲလာကြတယ် ဆိုပါတယ်။ နောက်ပိုင်း မှာ ရှားဂျာ ( Sharjah ) အုပ်ချုပ်မှု့ လက်အောက်ကနေ ခွဲထွက်ဖို့ Ajman ရယ် Umm Al Quwain ရယ် Ras Al Khaimah နှင့် Fujairah အစရှိတဲ့ နယ်မြေတွေဟာ ကိုယ်ပိုင်နယ်မြေအဖြစ် တသီးတခြား ရပ်တည်နိုင်ရေးအတွက်  ပုန်ကန်ကြတယ်ဆိုပါတယ်။ အဆိုးဆုံးက Ras Al Khaimah နှင့် Fujairahပါပဲ၊ အုပ်ချုပ်သူရယ်၊ သူတို့နှစ်နယ်မြေ အချင်းချင်းရယ်အကြားမှာ အတော်တင်းမာ  ပြင်းထန်ခဲ့တယ်ဆိုပါတယ်။

နောက်ပိုင်း ဒီလို နယ်မြေခွဲခြမ်းနေလိုမှု့တွေ အရှိန်ကောင်းလာတော့ အင်္ဂလိပ်နယ်ချဲ့မှ Trucial Oman Scouts  ကိုလွှတ်၊ နယ်မြေတကာကို ကုလားအုပ်တွေနဲ့လှည့်၊ မေးမြန်းစုံစမ်းပြီး သက်ဆိုင်ရာ နယ်မြေတွေကို မြေပုံနဲ့တကွသတ်မှတ်ဖို့လွှတ်လိုက်ပါတယ်။ အခုနယ်မြေတွေဟာ အဲဒီ့အဖွဲ့ ဆွဲခဲ့တဲ့မြေပုံအပေါ်မှာ အခြေခံပြီးဖြစ်လာတာပါ။ သူ့နယ် ကိုယ့်နယ် အငြင်းပွားမှု့ဟာ သားစဉ်မြေးဆက် ရှည်ကြာခဲ့ပါတယ်။  အဘူဒါဘီနဲ့ ဒူဘိုင်းတို့ရဲ့နယ်မြေတွေတောင်လွတ်လပ်ရေးရအပြီး ၁၉၇၉ လောက်မှ ပြီးပြတ်တယ်လို့ဆိုပါတယ်။

အသေးစိတ်ကို ဒီနေရာမှာ ဖတ်လို့ရပါတယ်။ ပုံကိုလဲအဲဒီ့က ယူထားတာပါ။ အခုလိုခရီးသွားတဲ့အခါ တနယ်နဲ့တနယ်အဖြတ် မှာ တားဆီးတာတွေ နယ်ကူးလက်မှတ်တွေ မလိုပါဘူး။ တောက်လျှောက်မောင်းပါပဲ။ လမ်းဥပဒေတွေကတော့ သူ့နယ်နဲ့သူ မတူကြပါ။ ဥပမာ အမြန်ဆုံးကန့်သတ်မှု့တွေဘာတွေ။ တကယ်လို့ တိုက်မိ ခိုက်မိလျှင် ဆိုင်ရာ ရဲနဲ့ရှင်း၊ နယ်မကူးရ။ ဘာမှမဖြစ်ရင်တော့ ဘာမှမဖြစ်ဖူးပေါ့။း-)


ကဲခရီးစကြပါစို့ရဲ့။ နေ့လယ် ၂ နာရီကျော်ကျော်မှာ အိမ်က စထွက်ပါတယ်။ သွားတဲ့လမ်းကြောင်းက အောက်က မြေပုံအတိုင်းပါပဲ။ အနီလမ်းကြောင်း တပတ်သွားထားတဲ့နေရာဟာ ဖူဂျဲရားမြို့ပါ။ 


 
ဒူဘိုင်းကနေ ရှားဂျာကိုတော့ ထုံးစံအတိုင်း မြန်မြန်မောင်းလိုက် တချို့နေရာတွေရောက်ရင် ကားတွေကျပ်လာတော့ နှေးသွားလိုက်နဲ့ပါ။ ဖူဂျဲရားသွားတိုင်း ဖြစ်နေကြထုံးစံအတိုင်း လမ်းတခါလွဲမောင်းမိပါသေးတယ်။ နောက်ပြန်လှည့်ဖို့အရေး အတော်ကြာအောင်မောင်းသွားရတာ အချိန်အတော်ကုန်သွားပါရဲ့။

ရှားဂျာကနေအမှတ် ၈၈ လမ်းပေါ်လဲတက်လိုက်ရော တဖက် ၂ လမ်းအဖြစ် ပြောင်းသွားပါတယ်။ အပြင်အနှေးလမ်းကနေ ခပ်မှန်မှန်မောင်းနေရာက ရှေ့မှာ ကိုယ့်ထက် နှေးတဲ့ကားနဲ့တွေ့လို့ရှိရင် ပွစိပွစိ ရေရွတ်ရင်း ကျော်တက်ဖို့ ကြိုးစား၊ ကျော်နေတဲ့အချိန် နောက်အတွင်းလမ်းက အမြဲတစေ အလျှင်လိုနေတတ်တဲ့ ကားတွေက လာလို့ နီးလာရင်  မီးပြပြီးလမ်းတောင်း၊ ဒီတော့ ကွိကွိကွကွ ရေရွတ်ရင်း လမ်းပြောင်းပေးနဲ့ပေါ့။ ဒါကတော့ ဘေးဘယ်ညာက သဲတွေအကြားကကားလမ်းပုံပါ၊ အခုအချိန်အထိတော့ ကြည့်ရတာ ပျင်းစရာနေမှာပေါ့။


အပေါ်ကသွားရာလမ်းတလျှောက်ပြထားတဲ့ပုံမှာ မြင်သာမလားတော့မသိ၊ အနီရောင်နေရာတွေက ဒီလိုသဲမြေပွတွေ၊နောက် Al Dhaid  မြို့အနားရောက်လာရင် မြေက မာလာပြီး မဲလာပြီ။ နောက်ရှေ့ကိုလှမ်းကြည့်ရင် တောင်တန်းကြီးကို ရေးရေးမြင်လာရပါပြီ။ ဒီခရီးစဉ်မှာစိတ်အ၀င်စားဆုံးနေရာဟာ အဲဒီတောင်တန်းတွေရှိနေရာပါပဲ။

သဲတွေကြားမှာနေ့တဓူဝဆိုတော့ ဒီလိုတောင်တန်းအကြားက လမ်းလေးတွေ တွေ့ရတာကို အပြောင်းအလဲအဖြစ် သိပ်သဘောကျပါတယ်။

ဒါတွေဟာအပင်မပေါက်သော ကျောက်တောင်တွေပါ။ အပေါ်မှာ မြေသားမှန်ပါးပါးနဲ့ အောက်မှာ ပကတိကျောက်အမာသားအတိ။ ဒီဒေသဟာ ကျောက်အဓိကထားထုတ်တဲ့နေရာတွေပါ။ လမ်းတွေကတော့ကျောက်သယ်တဲ့ကားတွေ သွားတဲ့လမ်းတွေပါ။




ဒီလိုပဲတောင်တွေအကြား တကွေ့ပြီးတကွေ့ တက်လိုက် ဆင်းလိုက်နဲ့ မောင်းလာရင်း တောင်တကွေ့မှာ ဆိုင်လေးပေါ်လာပါတယ်။ ဒီနေရာဟာ Masafi ဆိုတဲ့မြို့လေး ရောက်မှီက ဈေးဆိုင်တန်းလေးပါ။


ရောင်းတာကတော့အစုံပါပဲ။ ကောဇော၊ အပင်မျိုးစုံ၊ အသီးအနှံနဲ့ အမှတ်တရ ပစ္စည်းတွေ။





ဒါကတော့ငှက်လှောင်အိမ်လေးတွေ၊ အမြင်ဆန်းလို့ ရိုက်လာတာပါ။


ဒီလိုအုန်းရည်တို့ ပြောင်းဖူး မီးဖုတ်တို့လဲ ရပါတယ်။


အရင်တုန်းကဒီနေရာအရောက်မှာ သစ်သီးတွေဝယ်လေ့ရှိပါတယ်။ စိတ်ထဲ ဒီနယ်က ထွက်တယ် ထင်တာပေါ့။နောက်မှ ဘယ်ဟုတ်မလဲ  တွေ့နေ၀ယ်နေကြ အသီးအနှံတွေကို  သယ်လာပြီး ဒီမှာတင်ရောင်းတာတွေဖြစ်နေမှန်း  စူပါမားကပ်တွေနဲ့လုပ်ငန်းသဘောအရ ပတ်သက်နေတဲ့ ဘော်ဒါတယောက် ပြောပြမှ သိရပါတယ်။ နောက်တော့ မ၀ယ်ဖြစ်တော့ပါ။ သို့ပေမဲ့တမေ့တမောတော့ ဆိုင်တိုင်းစေ့ ငေးမိတာပါပဲ။ ဒီလိုရောင်းနေတော့ ဒီနယ်က ထွက်တာတွေလို့ထင်မိတာ မဆန်း။



နောက် ခရီးဆက်ပြီးမကြာခင် Masafi  မြို့ကို ရောက်ပါတယ်။ တောင်ပေါ်ခရီး အလယ်လောက်မှာ ရှိတဲ့မြို့လေးပါ။သူကလဲ ရာဇ၀င်နဲ့။ အစောက ပြောခဲ့တဲ့ နယ်မြေလုပွဲမှာ မဆာဖီကို Ras Al Khaimah နှင့်Fujairah တို့က သူ့နယ် ငါ့နယ်အဖြစ် လုကြတယ်။ နောက်ဆုံးတော့ မြို့ရဲ့ကြီးတဲ့အပိုင်းကို Ras Al Khaimah ကပိုင်သွားပြီး ငယ်တဲ့အပိုင်းကို Fujairah ကရသွားလို့ နှစ်ခြမ်းကွဲမြို့အဖြစ်နဲ့ ကျန်ခဲ့ပါတယ်။ နှစ်နယ်မြေရဲ့ နယ်စပ်ကတော့တပိုင်းတစ အဆောက်အဦအိုတွေပါပဲ။

          Masafi ကျော်သွားတာနဲ့ တောင်တွေက ပိုထူထပ်လာသလို တောင်အထပ်ထပ် နောက်ခံထားပြီး စွန်ပလွန်ပင်စုစုလေးတွေ ၊ နောက် အိမ်လေးတွေ ကြည့်မ၀ပါပဲ။



အောက်က ပုံကတော့ ဒီက ရေချမ်းစဉ်ပါ။ အပေါ်မှာ ရေတိုင်ကီ၊ အောက်က အေးတဲ့စက်။ ရေအေးအေးလေးတွေ  လှူထားတာပါ။ 



အတော်မောင်းလာတဲ့နောက်မှာတော့တောင်စွယ်အကြားက ထိုးထိုးထောင်ထောင် တိုက်အမြင့်ကြီးတွေကို လှမ်းမြင်ရပါတော့တယ်။ကားရပ်ရခက်တာနဲ့ အိမ်တွေနဲ့ နဲနဲ နီးသွားပါတယ်။ ကျော်သာ ကြည့်ကြပါ။း-)


မြို့ကိုတိုက်ရိုက်မသွား အလင်းရောင်ရှိတုန်းလေး Khor Fakkan က လှတဲ့ကမ်းခြေလေးဆီသွားချင်လို့ ဒီလိုပဲ မြို့ကြီးကို မမြင်ချင်ယောင် ဆောင်ထားလိုက်ပါတယ်။ ဒါ့ကြောင့်မြေပုံထဲ အဲဒီ့နေရာမှာ အ၀ိုင်းလိုဖြစ်သွားတာပါ။ 



ဒီဖူဂျဲရားဟာ၃၊ ၄ ခေါက် သွားဖြစ်ပေမဲ့ မြို့အနေနဲ့ ကျွန်တော်တို့ စိတ်ဝင်စားသောနေရာ နည်းပါတယ်။ ရှေးဟောင်းဗလီ တခုရှိပေမဲ့ မရောက်ဖြစ်သလို၊ မြို့အနေနဲ့လဲ မထူးခြားသောရှော့ပင်းမော တချို့သာရှိတာပါ။  စိတ်အ၀င်စားဆုံးက လမ်းတလျှောက်က တောင်တွေရယ်ဖူဂျဲရား အလွန် Khor Fakkan က လှတဲ့ကမ်းခြေလေးတွေပါ။

ကမ်းခြေရောက်တော့လူစည်စပြုနေပါပြီ။ ဒီလိုပိတ်ရက်တွေမှာ အခုလို ၅နာရီ ကျော်ကျော်မှာအဲဒီ့ကိုရောက်နေမှ၊ ဒီ့ထက်နောက်ကျရင် လာသူများတဲ့အတွက် ကားတွေ မောင်းမရ၊တနာရီလောက် စောင့်ပြီးစိတ်ရှည်လက်ရှည်မောင်းဝင်လဲ ရပ်စရာနေရာမရှိနဲ့။ စောလေ ကောင်းလေပေါ့။

East coast ဖြစ်လို့ နေ၀င်ချိန်ရဲ့အလှ မရှိပေမဲ့ တောင်စွယ်ရယ်၊ ရေပြာပြာရယ၊် မျိုးစုံပျော်ပါးနေကြသူတွေရယ်နဲ့ လှနေပါတယ်။



ဒီနှစ်ယောက်ကတော့အတော်သတ္တိကောင်းသူတွေပါ။သူတို့အရင်နှစ်ရောက်က အဆင်းမှာ သဲထဲထွေးကနဲကျသွားပေမဲ့ ခတ်တည်တည်ပဲ သူတို့စီးပါတယ်။အဲဒီတော့ စီးနေတုန်း ရေထဲကျသွားပါတယ်။




နောက်အောက်က မြေပုံထဲပါတဲ့ ငမန်းကျွန်းကို  မော်တော်နဲ့သွားလို့ရပါတယ်။  နောက်တခေါက်မှသွားမယ်လို့ တေးထားပါတယ်။


ဒါကတော့သွားချင်လို့ စောင့်နေတဲ့အဖွဲ့နဲ့ မော်တော်ပါ။

 

ဒါမှမဟုတ်မြင်းစီးမလား သစ်ကုလားအုပ်စီးမလား၊ ဒီလိုလဲရတာပဲ။




သစ်ကုလားအုပ်ကိုတော့ တခါစီးဖူးပါတယ်။အတော်စီးရခက်တာပဲ။ ၀ပ်နေတဲ့ ကုလားအုပ်ပေါ်ကို သားကိုရှေ့ကတင် နောက်ကကျွန်တော်ကထိုင်၊ လက်တဖက်က ကလေးကိုကိုင်၊ တဖက်က လက်ကိုင်ကွင်းကိုကိုင်၊ အိုကေပြလိုက်တာနဲ့ ကုလားအုပ်ကို ထခိုင်းပါတယ်။

ကုလားအုပ်က သဲပြင်ကို သူ့ဝမ်းနဲ့ထိနေတဲ့အထိ ၀ပ်နေရာက သူ့ရဲ့ ရှည်လျှားလှတဲ့ နောက်ခြေနှစ်ဖက်ကို အရှိန်ယူပြီးထောက်လိုက်တယ်။ ရှေ့ရင်အုပ်က သဲနဲ့ထိနေတုန်းဆိုတော့ဇတ်ခနဲ ရှေ့စိုက်သွားတော့ ဘုရားတရင်း သားကို တင်းတင်းဆုတ်ထားတာ ကိုယ်ကိုယ်တိုင်ကပြုတ်မကျတာကံကောင်း၊ နောက် ရှေ့ခြေ နှစ်ချောင်းကို ဒူးထောက်တော့ သက်တောင့်သက်သာပြန်ဖြစ်၊ နောက်ခြေဆန့်ရပ်တော့ တခါ အရှိန်နဲ့ ရှေ့စိုက်သွားပြန်ရော။ ခြေစုံရပ်မှပဲဟင်းချရတယ်။ နောက်က ထိုင်ရတာဆိုတော့ ပိုမတ်ပါတယ်။ တဖက်ကလဲ ကလေးကို သေချာကိုင်ထားရသေးတယ်။လမ်းစလျှောက်တော့ ရှေ့က ကလေးက သဘောကျပြီး တဟီးဟီး၊ ကျွန်တော်ကနောက်တင်ပဆုံအရိုးပေါ်မှာဆိုတော့ လှမ်းလိုက်တိုင်း ယိုင်ယိုင်သွားပါတယ်။

ကလေးကိုသာ သားသားကြိုက်လားလို့  တွင်တွင်မေးနေမိပေမဲ့ ကိုယ်ကိုယ်တိုင်ရဲ့စိတ်ထဲမှာ တော့မပျော်လှ။ ပြန်အဆင်းမှာ ရှေ့စိုက်ကျသွားမှာကိုလဲ ကြိုတွေးပူနေမိတာပါပဲ။ နောက်ဆုံး ကလေးကိုအရင်ဆင်းခိုင်းပြီး ကုလားအုပ် ၀ပ်ပြီးမှပဲ ဟင်းချယူရပါတယ်။ စိတ်ချလက်ချစီးရရင်တော့ ကောင်းမှာပေါ့၊ အခုတော့ အတွေ့အကြုံတခု အနေနဲ့ပဲ တင်းတိမ်ရပါတယ်။

ကမ်းခြေမှာနေပြီး အတော်ကြာမှ ဖူဂျဲရားဖက် ပြန်လှည့်ပါတယ်။ သွားရင်းနဲ့ သဘောကျတဲ့အပင်စုစုလေးတွေ့တော့ ဓါတ်ပုံရိုက်ချင်လို့ အနီးဆုံးလမ်းထဲချိုးဝင်လိုက်ပါတယ်။




ဓါတ်ပုံရိုက်ရင်းဟိုဟိုဒီဒီကြည့်တော့ ခပ်လှမ်းလှမ်းမှ တောင်ကုန်းလေးပေါ်က အဆောက်အဦတခု၊ ကြည့်ရင်းစိတ်ဝင်စားပြီး သွားချင်စိတ်က ထိမ်းမရ။ သို့နှင့် တိုင်ပင်ပြီး တကယ်လို့တဦးတယောက်အပိုင် တက်မရရင်လဲ တောင်တက်လမ်းတ၀က်က ပြန်လှည့်မယ် ဆိုပြီးမောင်းသွားပါတယ်။



အနီးရောက်တော့တောင်ခါးပန်းမှာက Hill Top Restaurant  တဲ့။ နောက်ပြန်လှည့်စရာမလိုတော့။စိတ်ချလက်ချ ပျော်ပျော်ကြီးဆက်တက်ပါတယ်။ စိတ်ထဲမှာ ရောက်ရင် ဈေးမေးပြီး၊ဈေးကြီးရင်တော့ ကော်ဖီတခွက် တဖလားပဲ သောက်မယ်ပေါ့။ အတက်လမ်းက အတော်မတ်ပါတယ်။

အပေါ်ရောက်တော့ကားရပ်ဖို့နေရာလေးက အတော်ကျယ်ပါတယ်။ ရှု့ခင်းတွေကလဲ စိတ်ဝင်စားစရာ။ တဖက်မှာတောင်ခြေက အိမ်ယာတစု၊ တဖက်က အပင်ပုပုလေးများ၊ ကျန်တဖက်က ဖူဂျဲရား သွားရာလမ်း၊နောက်ကြောဖက်မှာတော့ တောင်နံရံကြီး။
 
နေရာစုံအောင်ရိုက်ပြီးတော့ ကျွန်တော်က ဆိုင်ဆီသွားပါတယ်။ ဘာရလဲ ဘယ်လောက်လဲ သိရအောင်ပေါ့။ဈေးလဲ မေးကြည့်ရော ဈေးတွေက ထင်တာထက် အများကြီး သက်သာနေတာတွေ့ရပါတယ်။ဆိုင်က အာရပ်စားသောက်ဆိုင်လေး။ 



ဒါနဲ့အာရပ်ကော်ဖီရယ် ဆူလေမန်လို့ခေါ်တဲ့ နို့မပါ၊ Mint အနံ့မွှေးမွှေးနဲ့လက်ဖက်ရယ်တခွက်ရယ် ရှီးရှ ( လီမွန်အနံ့နဲ့ ) မှာခဲ့ပါတယ်။ ကလေးအတွက်ကတော့နွားနို့တခွက်ပေါ့။




ဒါကတော့ကျွန်တော်တို့ထိုင်ခဲ့တဲ့နေရာပါ။



နေ၀င်ပြီးအတန်ကြာသည့်တိုင် ထိုင်ကောင်းကောင်းနဲ့ ထိုင်ပြီးမှ ဖူဂျဲရား ဆီခရီးဆက်ပါတယ်။ မြို့ထဲရောက်တော့မှောင်စပြုနေပါပြီ။


ဖူဂျဲရားဟာဘာတွေနဲ့ ဘယ်လို ရှင်သန်လှုပ်ရှားနေကြတယ် ဆိုတာကိုတော့ သိပ်မသိလှပါ။ မြို့ကြီးမှာ့အဆောက်အဦ အသစ်တွေနဲ့ တခေါက်ထက် တခေါက် ပိုများလာတာ တွေ့ရပါတယ်။ ရောက်ဖူးလို့ဖူရျဲရား သဘောင်္ကျင်းကတော့ အတော်စီးပွားဖြစ်မှန်းသိပါတယ်။ အိုမန် ပင်လယ်ကွေ့သွားလာနေသမျှ သင်္ဘောတွေ လိုအပ်လို့ အရေးပေါ်ပြင်စရာရှိရင် အတွင်းပင်လယ်ကွေ့ထဲကဒူဘိုင်းတို့ အဘူဒါဘီတို့ ၀င်မဲ့အစား နီးနီးနားနား ဖူဂျဲရားမှာပဲ ကပ်ကာ ပြင်သွားကြတာများပါတယ်။အမြဲစည်ကားနေတဲ့ သဘောင်္ကျင်းကြီးပေါ့။

သိပ်မသိတော့သိပ်မလည်ပဲ သွားနေကြ ဒီရှော့ပင်းမောဆီကို တန်းတန်း မတ်မတ်လာ၊ အောက်ပါပုံအတိုင်း ကြက်သားနဲ့ရှရောမား (Chicken Shawarma ) ၊ ထမင်းကြော်၊ ကြက်ကင်တို့စားပါတယ်။





နောက်အမှောင်ထဲမှာ ၊ လာခဲ့တဲ့ တောင်တွေကြားက  ကွေ့ကွေ့ကောက်ကောက်လမ်းတွေဆီမှတဆင့် အိမ်ပြန်လာခဲ့ကြ ပါတော့သည်။


 ပြီးပါပြီ..