Tuesday, September 20, 2011

တွေ့ ကြုံခဲ့ရပါသည်.. (၂ )

သတိဖြင့် အိပ်၍ မနက် အမေ့အသံကြားတော့ ကျမ နိုးပြီ။မီးဖိုချောင် စားပွဲပေါ်မှ ထမင်းရည်ပန်းကန်လေးကို မြင်လိုက်တော့ မှောင်နေဆဲ ဆောင်းလေအေးအေးထဲမှာပင် ထင်းမီးဖိုဖြင့် ချက်သော ဆွမ်းက ကျက်နေပြီဖြစ်ကြောင်းသိလိုက်သည်။ ကျမ အိမ်အပြင် မီးဖိုနားရောက်တော့ ဟင်းအိုးတွေကိုတောင် ဆီပြန်ရန် ပြန်နွှေးနေပြီ။ ကျမတို့ လူငယ်များ ရှေးလူကြီး မိဘများ၏လုံ့ လ၊ ၀ီရိယမျိုး ဘယ်တော့မှ မှီနိုင်မည် မထင်ပါ။ ကျမ အမေ့နားရောက်သွားတော့

`အမေ ဟင်းတွေနွေးလိုက်ပြီ သမီး၊ လိုပါသေးတယ် ဆွမ်းလောင်းဖို့ က ။ အဲဒါအေးကအေးနဲ့  ခဏပြန် အိပ်ပါအုံးလား။`

သြော်..ဟုသာ ရွတ်နေမိတော့သည်။ အမေ့ရဲ့ စေတနာအတွက်ပါ။ ၈၀ကျော် အမေက ထမင်းထချက်နေချိန်မှာ အသက်ထက်ချိုး ငယ်တဲ့ကျမတို့ က ဇိမ်ယူ အိပ်ကောင်းတုံးဆိုတာမျိုး လုပ်ချင်ရင်တောင် မလုပ်သင့်တဲ့အရာပါ။အရင်နေ့ တွေက အိပ်နေခြင်းကိုပင် နောင်တရမိသလိုဖြစ်သွားသည်။ ဒီလိုနေ့ မျိုးကိုဖြင့် ကျမ ဘယ်လိုနည်းနဲ့ မှ ပြန်အိပ်ဖို့ စဉ်းစားမည် မဟုတ်ပါ။ တဆက်တည်းမှာပင် မန္တလေးမှ မထွက်ခင် ကျမအမေမှာလိုက်သော

`ဟိုရောက်ရင် ဒီမှာလို နေမနေနဲ့ အုံး။ ဟိုက လူကြီးချက်တာချည်း စားမနေနဲ့ ။ကိုယ်က ၀င်ချက်။ပြီးလုပ်စရာရှိတာဝင်လုပ်။ ဒီမှာလို ဘာမဆို အဆင်သင့်လုပ်ပေးမဲ့သူစောင့်မနေနဲ့ ` ဆိုသော စကားကို ပြန်ကြားယောင်ရင်း အပြစ်လုပ်မိသလို ခံစားလိုက်ရသည်။

ချက်ချင်းဆိုသလို အလင်းရောက်လာတော့ ဆွမ်း၊ဟင်း အဆင်သင့်ဖြစ်အောင် ပြင်ရတော့သည်။ခုံ ၃ခုံကို အိမ်ရှေ့ထုတ်၊ ဆွမ်းအုပ်နှင့် ဟင်း နှစ်အိုးကို တစ်ခုံစီပေါ်မှာတင်။ထိုစဉ် အမေက

`သမီးက ဒီပန်းအုတ်ခုံပေါ်ထိုင်ပြီးလောင်းပေါ့` ဟုပြောသဖြင့် ခုံလေးတွေကို အဆင်ပြေအောင် ပြန်ပြင်လိုက်သည်။ မကြာပါ ကိုရင်လေးများကြွလာပါတော့သည်။ ခါတိုင်းနေ့ များထက် ပိုစောသလို ပိုလဲများ၏။ တခါတည်း ၁၀ပါးကျော်ပါလိမ့်မည်။
ကျမ အမြန်နေရာယူပြီးချိန်မှာတော့ ကျမရှေ့မှာ လက်အားလုံးက ဆန့် တန်းလို့ ။ ဆွမ်းလောင်းမဲ့ အမေ့ ရှေ့မှာ တစ်ပါးမှ မရှိ။ အမေက သဘောကျစွာ ပြုံး၍ ကြည့်နေပါသည်။

ကိုရင်လေးများ၏ ဆွမ်းခွက်ကိုကိုင်၍ ဆန့် တန်းထားသော လက်သွယ်သွယ်လေးများက ထိုင်နေသော ကျမရဲ့ လည်ပင်းဆီသို့ ဦးတည်လို့ ။ သေချာပါသည်။ အပေါ်မှသာ ကြည့်ပါက ယပ်တောင်လက်ကိုင်ရိုးမှ အလက်ကလေးများ ကိုင်းဖြာထွက်နေသလို မြင်ရပါလိမ့်မည်။ ဥိးခေါင်းပြောင်ပြောင်လေးများကတော့ ဆိုင်းဝိုင်းထဲက ဗုံကလေးများစီထားသလိုပေါ့။ ကျမသည် လျှပ်တပျက်ဝင်လာသော ကိုယ့်အတွေးကို သဘောကျလျက်ကပင် ဟင်းလောင်းဖို့ ပြင်ရတော့သည်။
လောင်းဖို့ ပြင်တော့ ဇွန်းအဆင်သင့် ကိုင်ထားသည့် ကိုယ့်လက်ကို ကိုယ် မမြင်ရ။ မျက်နှာနှင့် ဟင်းအိုးကြားမှာက လက်ကလေးများ။ သို့ ဖြစ်၍ ကျမက အသံကျယ်ကျယ်ဖြင့်

`ကိုရင်တို့  နောက်ဆုတ်ကျပါအုံး။ဒီမှာ တပည့်တော် ဘာမှ မမြင်ရလို့ ပါ။ `
တစ်ပါးမှ မလှုပ်ကြပါ။ ကျမထပ်အော်ရပြန်သည်။ မလှုပ်။ ဒီတော့ ကျမက

`ကိုရင် ..တပည့်တော် သေချာကို အပါး ၃၀ စာ အတုံး၉၀ တုံးပြီး ချက်ထားတာပါ။ အားလုံးအတွက် လောက်ပါတယ်။ မပူပါနဲ့ ။ရမှာပါ။ `

မလှုပ်။မလောင်းသေးလို့ ထင့် ပိုလို့ ပင်တိုးလာလိုက်သေးသည်။ နောက်တော့ အမေက ၀င်၍ နောက်နားမှာ ရပ်နေသော ၁၄နှစ် အရွယ်ခန့် ကိုရင်လေးကို ပြောခိုင်းတော့ သူတို့  တိုင်းရင်းသားစကားဖြင့် ပြောလိုက်ခါမှပဲ နောက်သို့ တစ်လှမ်းဆီ ဆုတ်သွားကြတော့သည်။ ဒါတောင် အငယ်ဆုံး လက်သုံးဘက်က နဂိုအတိုင်း၊မရွေ့။ ဒီလောက်ဆိုရပါပြီ။

ဒါတောင် စ လောင်းတော့ လက်၃လက်က လုနေသေးသည်။ ကိုရင်လေးတွေဆိုတော့ ခလေးသဘာဝလေးတွေပေါ့လေ။ ဆွမ်းခွက်ထဲကို ၀က်သား ၃တုံးနဲ့ အာလူး၃တုံးလောင်း၊ အဖုံးလေးထဲကျ ပဲပုတ်ကြော်လောင်း။ ဆွမ်းလောင်းရင်း သေချာကြည့်မိတော့ ပလပ်စတစ် ဆွမ်းခွက်လေးများက နဂိုရောင်ပျောက်ကာ ညစ်မှိုင်းမှိုင်းဖြစ်နေပြီကို တွေ့ လိုက်ရ၏။ တကယ်တော့ အသစ်လဲဖို့ တန်နေပါပြီ။ ၁၄၊ ၁၅ပါး ပေမဲ့ ချက်ချင်းဆိုသလို လောင်းပြီးသွားသည်။ အလုအယက်နှင့် ဆွမ်းခံကြသည်မို့  လောင်းရတာ ပျော်စရာကောင်းလှပါသည်။
ဆွမ်းခံပြီး ထွက်သွားကြတော့ ကျမလှမ်းကြည့်နေမိသည်။ ထိုစဉ် ကိုရင်တစ်ပါးက ကျောင်းဘက်လာရာလမ်းဆီ ပြန်ပြေးသလို တစ်ပါးကကျတော့ ရှေ့သွားရမဲ့ လမ်းဆီပြေးသွားတာ မြင်မိတော့ အိမ်ဝိုင်းအပြင် ထွက်ကြည့်မိတော့သည်။ အမေကသိတော့

`အဲဒါသမီးရေ၊ မလာသေးတဲ့ ကိုရင်ကျတော့ ဒီအိမ်မ၀င်ပဲ ကျော်မှာစိုးလို့ ပြန်ပြေးပြောတာ။ ဟိုရှေ့ရောက်နေတာကျတော့လည်း ကျော်ခဲ့မှာစိုးလို့ လိုက်မေးတာ သမီးရေတဲ့။`

အမေပြောတဲ့နောက်ဆုံးစကား`တဲ့`အရ ကြုံဘူုးလို့ မေးထားတာ ဖြစ်ရပေမည်။ အချင်းချင်း စည်းလုံးလိုက်ကြတာဟု သဘောကျသွားတော့သည်။

မကြာပါ ၃၊၄ ပါးတစ်စု ၃၊၄ ပါးတစ်စု ဖြင့် ခါတိုင်းထက် စောစီးစွာ ဆွမ်းလောင်းပြီးသွားတော့သည်။ ကျမ လွန်စွာမှပင် ကျေနပ် ကြည်နူးမိပါသည်။ ဖြစ်နိုင်လျှင် နောက်ထပ် လောင်းချင်ပါသေးသည်။
ခုံ၃ခုံကို အိမ်ထဲ ပြန်သွင်း၊ ဆွမ်းအုပ်လွတ်နှင့် ဟင်းအိုးလွတ်တို့ ကို ဆေးကြောပြီးတော့ အရင်နေ့ တွေ အိပ်ရာထချိန်ထက်ပင် စောနေပါသေးသည်။ သို့ ဖြစ်၍ မနက်စာကို လက်ဘက်ရည်ဆိုင်၌ စားဖို့ စိတ်ကူးရပြီး သားငယ်တို့ သားအဖကို နိုးရတော့သည်။

သူတို့ တွေ ပြင်ဆင်နေကြစဉ် ကျမက မနက်က အကြောင်း ဖောက်သည်ချတော့သည်။ အဓိက ကတော့ မမြင်လိုက်ရတာ ကံဆိုးတဲ့အကြောင်းပင်။ ပြီး တွေ့ သမျှ မြင်သမျှကိုလဲ တစ်ခုမကျန် ဆက်တိုက်ပြောနေမိ၏။ အမေကတော့ ကျမပြောသမျှနားထောင်ရင်း ပြုံးနေပါသည်။ ကျမက တခုတ်တရ ပြောနေပေမဲ့ သူ့ အတွက်ကတော့ ဘာမှအဆန်းမဟုတ် ဟု ဆိုလိုနေသလားတော့ မသိပါ။

ဝင်းတခါးဝနားတွင် ကျမတို့ အပြင်သွားဖို့ အဆင်သင့် ဖြင့် ထွက်ဖို့ လုပ်နေစဉ်မှာပင် အမေက အိမ်ထဲမှ ထွက်လာပြီး...

`သမီးရေ သွားရင်းနဲ့  အကိုကြီးတို့ အိမ်လမ်းအကျော်ကို ရောက်ရင် သတိထားပြီးကြည့်လိုက်။ လမ်းဆုံ အုတ်ခုံတွေပေါ်မှာ ကိုရင်လေးတွေ ဆွမ်းစားနေကြလိမ့်မယ်။`အဲလိုပြောတော့ ဆိုင်ကယ်ပေါ်တက်ဖို့ လုပ်နေရာကနေ ...
`ဘာလို့ တုံး`ဟု လှမ်းမေးမိတော့သည်။
`သြော်..အဲဒါ သူတို့ တွေ အာရုံဆွမ်းစားကြတာလေ။ ကျောင်းက မစားခဲ့ကြရလို့ နေမှာပေါ့။ ရသလောက်ကို စားပြီး နောက်ဆွမ်း ဆက်ခံပေါ့။ အဲဒါက နေ့ ဆွမ်းအတွက်ပေါ့။`

စကားဆုံးတော့ အတွေးတစ ထပ်ရသွားပြန်သည်။ သူတို့ ကိုကျောင်းက အာရုံဆွမ်းအတွက် စီစဉ် မပေးနိုင်ဘူးပေါ့။ အမေ့ သတင်း ဒါအကုန်ပဲဖြစ်ပါစေလို့ သာ ဆုတောင်းမိတော့သည်။ ပုံမှန်မှာ သူများအကြောင်းထက် ကိုယ့်မိသားစုကိုသာ စိတ်ဝင်စား အလေးထားပြောတတ်တဲ့ အမေက ကျမစိတ်ဝင်စားကာ သနားနေမှန်းသိ၍သာ မြင်သမျှ ထင်မိသမျှကို ပြောပြနေခြင်းပါ။

ကျမတို့ ဆိုင်ကယ်စက်နိုးထွက်ခဲ့ကြတော့သည်။ အိမ်ရှေ့မှ တောင်ဘက်သို့ တစ်ပြလောက် ရောက်တော့ ညာဘက်ကွေ့ ၍ ချည်စက်ဝင်း ထဲဝင်၊ အကိုကြီးတို့ အိမ်ရှေ့လမ်းကို ဖြတ်စီး၊ ချည်စက်ဝင်း မှထွက်ရန် ဘယ်ဘက်အကွေ့ သို့ အရောက် အုတ်ခုံများပေါ် လှမ်းကြည့်လိုက် မိ၏။ ဟုတ်ပါသည်။ ကိုရင်လေးများ ခေါင်းမဖေါ်တမ်း ဆွမ်းစားနေကြပါသည်။

သူတို့ ကိုကျော်သွားသော်လည်း လည်ပြန် လှည့်ကာ မျက်စိတဆုံး ကြည့်နေမိသည်။ ကြည့်ရင်းကလဲ ဆိုင်ကယ်မောင်းနေသည်ကို သတိမထား စကားတွေ ပြောလာခဲ့၏။ သူတို့ တွေလက်ဆေးမှာလဲ မဟုတ်တဲ့အကြောင်း၊ စားပြီးတော့လဲ လက်မဆေးပဲ ပါးစပ်နဲ့ စုတ်ပြီး သင်္ကန်းကိုသာ သုတ်မယ်ထင်တဲ့အကြောင်း ။ တကယ်ဆို အမေကျွေးတဲ့ မနက်စာ ထမင်း၊ မုန့် တို့ ကို အဆင်သင့်စားရမဲ့ အရွယ်လေးတွေသာ ဖြစ်တဲ့အကြောင်း၊ ကျမတို့ တွေတုံးက မပူမပင် စားခဲ့ကြရတာ အလွန် ကံကောင်းတဲ့ အကြောင်း။ အကြောင်းပေါင်းများစွာပြောရင်း လက်ဘက်ရည်ဆိုင်သို့ ရောက်၊ စား၊ ဈေးဝင် ၀ယ် ၊ ပြီးပြန်လာခဲ့တော့သည်။

အိမ်ပြန်ရောက်တော့ နေ့ လည်စာ နှင့် ညစာချက် ။ ပြီးရေချိုးကြသည်။ လူစုံတော့ စကားတပြောပြောနဲ့  နေ့ လည်စာ စားကြသည်။ စားပြီးတော့ အမေက တရေးတမော အိပ်ဖို့ အခန်းထဲ ၀င်သွားတော့သည်။ မနက်စောစော ထရသဖြင့် အိပ်ရေးဝရန် ပြန်အိပ်ဖို့ လိုပါသည်။

သူတို့သားအဖနှင့် ဦးကြီးများကတော့ မြေးးဆူလျှင် အဖွားအိပ်တာ အနှောင့် အယှက်ဖြစ်မှာစိုးလို့ အကြောင်းပြကာ အားလုံး ဆိုင်ကယ် ကိုယ်စီဖြင့်ထွက်သွားကြတော့သည်။ ကျမကတော့ လုပ်စရာရှိတာလေးတွေလုပ်ရင်း အိမ်စောင့် ကျန်ခဲ့တော့သည်။

လုပ်စရာ မရှိတော့ ထုံးစံအတိုင်း အိမ်ရှေ့ ပေါ်တီကိုအောက်က ပက်လက်ကုလားထိုင်ပေါ်ထိုင် ဇိမ်ယူဖို့ ပြင်တော့သည်။ အေးအေးဆေးဆေးတစ်ယောက်တည်း။ သားလေးမွေးကတည်းကဆိုတော့ ၁၄၊၁၅လလောက် ရှိပြီပေါ့ ။ ခုလို နားအေးပါးအေး မနားရတာ။ ခဏနေ အိပ်ချင်လာသဖြင့် ထိုင်ရာမှထကာ အိမ်မြောက်ဘက်အိမ်ဝင်းကလေးထဲ လျှောက်ကြည့်နေမိသည်။

အိမ် အနောက်မြောက်ထောင့်က ရေချိုးခန်းနှင့် ကပ်ရပ်ရှိ နောက်မှ ထပ်တိုးထားသော စတိုခန်းကလေးအသုံးဝင်တာ သဘောကျနေမိသည်။အိမ်မြောက်ဘက်ဝိုင်းမြေလက်ကျန်ကွက်လပ်ကလေးအလယ်မှ မနက်ဆွမ်း ချက်ထားသော အုတ်ခဲခနောက်ဆိုင် မီးဖိုလေးက ပြာဖုံဖုံနဲ့ ငြိမ်လို့ ။

နောက် အုတ်ကန်ဘေးက သရက်ပင်နားအရောက် ဒီနှစ် အလုံး၄၀၀လောက် စားလိုက်ရတယ်ဆိုသော အမေ့ သတင်းစကားကို ပြန်ကြားမိသေးသည်။ ကိုရင်လေးတွေကိုလည်း လောင်းဖြစ်ဖို့ သေချာပါသည်။ အိမ်ရှေ့ ခေါင်မိုးစပ်နှင့် ထိတိုက် ပေါက်နေသော နံ့ သာဖြူပင်လေးကလည်း အနှစ်တက်လောက်အောင် မကြီးထွားသေးပေမဲ့ အပွင့်လှိုင်လှိုင်ဖြင့် အရိပ်ကလေးပေးနေသေးသည်။

ပြီး ၀င်းရှေ့ထွက်ပြီး ၀င်းတံခါး ဘယ်ဘက်ရှိ ချိုးရေ၀၍ အပွင့်တွေနဲ့ ဝေေ၀ဆာနေသော နီနီရဲရဲ စက္ကူပန်းရုံနား ခဏသွား၊ ပြီး ၀င်းတံခါး ညာဘက်ရှိ အပွင့်များဖြင့် ဖွေးဖွေးလှုပ်နေသော ခရေပင်အောက်မှ ချိုအီအီ ရနံ့ သင်းသင်း ခရေပွင့်ကြွေလေးများကို ကောက်နေမိသည်။ အမေ့ အရင် ပန်းသီရအုံးမည်။ ဘုရားကပ်ရန် တစ်ကုံး နှင့် အမေ လုပ်သလို ကုတင်တိုင်မှာ ချိတ်ရန် အမေ့ အတွက် တစ်ကုံး၊ ကျမအတွက် တစ်ကုံး ။

ပန်းကောက်ပြီးတော့ အိမ်ဝိုင်းထဲဝင်၊ ပန်းတွေကို ပန်းအုတ်ခုံလေးပေါ်ရှိ ထည့်နေကျ တောင်းကလေးထဲ ထည့်ရင်း ပန်းအုတ်ခုံလေး သတိတရ ထည့်ပေးသွားသော ပန်းရံသမားများကို ချီးကျူးဖြစ်ပြန်သည်။ တစ်ခါတစ်ရံ ထိုင်ခုံအဖြစ် အသုံးကျသလို၊ တစ်ခါတစ်ရံ ဟိုဟာ ဒီဟာတင်စရာအဖြစ်လည်း အသုံးတည့်နေသောကြောင့်ဖြစ်သည်။ ပြီးအိမ်တောင်ဘက်ကို လျှောက်ကြည့် မိပြန်သည်။ အမေ့အခန်း ပြတင်းပေါက်နားမှာ စိုက်ထားသော မြတ်လေးပင်လေးလဲ တော်တော်ကြီးနေပြီ။ ရှေ့နှစ်လောက် ပွင့်ရင်တော့ အမေ့အခန်း ပြတင်းပေါက်ကနေ မွှေးရနံ့ တွေ တစ်အိမ်လုံးသင်းပျံ့ နေလိမ့်မည် ထင်ပါသည်။
ထိုနေရာကနေ အိမ်နောက်ကို လှမ်းကြည့်တော့ အုပ်အုပ်ဆိုင်းဆိုင်း ဒန့် သလွန်ပင်ကြီးက နှစ်အိမ်နယ်နမိတ် အမှတ်အသား သဖွယ်။ တစ်အိမ်လုံးစုံတော့ ထိုင်ခုံမှာပြန်ထိုင်ရင်း ပန်းသီဖို့ လုပ်ရတော့သည်။ သားနှင့် သူ့အဖေတို့ပြန်မလာခင် အမှီပြီးဖို့ လိုပါသည်။

ထိုင်ပြီးရှေ့တူရှူကို အကြည့်ရောက်တော့ သရက်ပင်တွေကြားက တဆင့် အမေပြထားသော ဘုန်းကြီး ကျောင်းကလေးကို ကျောင်းခြံစည်းရိုးပင်အုပ်အုပ်များနှင့် ခပ်ရေးရေး လှမ်းမြင်နေရလေသည်။ ထိုအခါ ကိုရင်လေးများအကြောင်း စိတ်ကရောက်သွားပြန်သည်။

ပထမဆုံး သူတို့ ရဲ့ ဒီကျောင်းလေးကို ရောက်လာရသည့် အကြောင်းရင်းပင်။ သူတို့ လေးတွေရဲ့ အသက် ဆက်ရှင်ဖို့ အရေးတွေးလို့ မိဘများခမျာ မခွဲခွာချင်ပဲ ပို့ ထားရသည့်အဖြစ်ကို မိဘတစ်ယောက် အနေဖြင့် ခံစားသိရှိနိုင်ပါသည်။ ကျမ သေသေချာချာထပ် စဉ်းစားနေမိသည်။

ကျမ ရိုးရှင်းစွာ နားလည်ခဲ့ပါသည်။ ကျမထိတွေ့ ဆက်ဆံ သိရှိခဲ့ရသော ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းရှိ လူအများစုမှာ ရရှိခဲ့သော၊ ဖြစ်တည်ခဲ့သော မိမိတို့ အသက်တစ်ချောင်းအတွက် ဘယ်လို အကောင်းဆုံးနည်းဖြင့် ဆက်ကြမလဲဆိုသည်ကိုသာ တွေးကာ နေထိုင်စားသောက် ရှင်သန်နေသူများဖြစ်ကြသည်။ထို့ အတူ မည်သည့် မိဘမှ မိမိ ရင်သွေး၏ အသက် ဆက်ရှင်ဖို့ အရေးကို မွေးပြီးသည်နှင့် ဦးစွာ စဉ်းစား စရာမလိုသလို၊ မည်သို့ သောနည်းဖြင့် ရှေ့ဆက်ရပ်တည်ရပါ့မလဲဟူ၍လည်း စဉ်းစားစရာ မလိုခဲ့။ ယခုကဲ့သို့ သော အခြေခံ အကျဆုံးဖြစ်သည့် အသက်ရှင်ရေးသက်သက်ကို ကျမ တစ်ခါမှ အတွင်းကျကျ မစဉ်းစားဘူးခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် လူဖြစ်လာသည်နှင့် မိမိတို့ ရဲ့ အသက်ကို ဖြတ်မည့်သူ ( ကျန်းမာရေးချို့ ယွင်းမှုမပါ။ သဘာဝဘေးအန္တရာယ်မပါ။ ) မရှိခဲ့သလို အခြေခံလိုအပ်ချက် များလည်း အထိုက်အလျောက် ပြည့်စုံ အဆင်ပြေ၍ ဖြစ်နိုင်ပါသည်။

မှန်ချင်မှမှန်ပါလိမ့်မည်။ သို့ သော် ကျမသိရှိခဲ့ရသည်များကို ကျိုးကြောင်းဆက်စပ် ကြည့်မိရာ ကိုရင်လေးများမှာတော့ လူရယ်လို့ ဖြစ်လာသည်နှင့် ရရှိထားသည့် အသက်ကို ရန်ရှာ ဖြတ်တောက်မည့် သူများကအဆင်သင့်။ သို့ အတွက် မိဘများအနေဖြင့် ဘယ်မှာနေမှ အသက်ရှင်သန်နိုင်မည်ကို ပထမဦးစွာ စဉ်းစားရပါလိမ့်မည်။ ရန်ရှာမည့်သူများနှင့်ဝေးရာ လုံခြုံသည့် နေရာ ရရှိပြီးမှသာလျှင် မည်သို့ မည်ပုံ အသက်ဆက်ရမည်ကို စဉ်းစားကြရပါလိမ့်မည်။
သူတို့ အတွက်လုံခြုံရာနေရာသည် မိဘများနေထိုင်ရာ တောင်ပေါ်မြို့ ကလေးမဟုတ်တာတော့ သေချာပါသည်။ သို့ ဖြစ် ၍ မိမိသားလူမမယ်ကလေးများကို ကြည်ဖြူစွာ လက်ခံနိုင်မည့်သူကို ရှာရပါလိမ့်မည်။ ကျမစဉ်းစားရင်း ဘုန်းကြီးကျောင်းမှ ကျောင်းထိုင် ၊တာဝန်ခံ ဆရာတော်များကို လေးစားကြည်ညိုမိတော့သည်။ ဆွေမျိုးများဖြစ်နိုင်သလို၊ ရပ်ဆွေရပ်မျိုးသာလျှင်လည်းဖြစ်နိုင်ပါသည်။ ဒါမှမဟုတ် တဆင့်ခံနှင့် ရောက်လာသူလေးများလည်း ပါနိုင်ပါသည်။ လုံခြုံအေးချမ်း ၍ နွေးထွေးသော ကြိုဆိုမှု အပြည့်ရှိမည်ဟု ယုံကြည်ပါသည်။

အသက်ဘေးလုံခြုံရမည့် ကွန်းခိုရာနေရာလေးရှာတွေ့ ပြီးမှသာလျှင် မည်သို့ သောနည်းဖြင့် အသက်ဆက်ရမည်ကို စဉ်းစားဆုံးဖြတ်ရပါလိမ့်မည် ။အခြားကောင်းမွန်သော ဦးတည်ရည်ရွယ်ချက် ရှိအုံးမည်ဟု ယုံကြည်ပါသည်။ သာမာန်လူဝတ်ကလေးများထက်စာလျှင် ကိုရင်လေးများအနေဖြင့်ဆိုပါက အသက်ဆက်ရေး ပိုမိုလွယ်ကူလိမ့်မည်ဟူသော အချက်ကလေး တစ်ချက်တည်းဖြင့်သာ သာမဏေခံပေးခြင်းတော့ ဖြစ်နိုင်မည် မထင်မိပါ။ တောင်ပေါ်မြို့ ကလေးမှ မိဘများသည်လည်း သူတို့ သားကလေးများကို ကိုရင်လေးများအသွင်ဖြင့် ပိုမို ၍ ပင် စိတ်ချမ်းသာ ကြပါလိမ့်မည်။
ထိုအခါကျမှပင် ကိုယ့်အကြောင်းကို ပြန်စဉ်းစားကြည့်ဖြစ်တော့သည်။ ကျမတို့ အတွက်ကတော့ လူဖြစ်လာပြီဆိုသည်နှင့် မိဘများအနေနှင့်ကလည်း ဘာရန်ကိုမှ ပူပင်စရာ မလိုခဲ့ပဲ အကောင်းဆုံးများဖြင့် အသက်ဆက်ပေးခဲ့ကြသည်သာ။ တတ်နိုင်သမျှဖြင့် အကောင်းဆုံး အစားအစာ၊ အ၀တ်၊ နေအိမ်၊ပညာရေးတို့ ကိုသာစဉ်းစားဖြည့်ဆည်းပေးခဲ့ကြသည်။ ကျမတို့ တစ်တွေ လုံခြုံအေးချမ်းစွာ ပြီးပြည့်စုံသော ဘ၀များကို ပိုင်ဆိုင်ခဲ့ကြပါသည်။ လွန်စွာမှပင် ကံကောင်းခဲ့သည်ကို ယခုမှပင် မျက်ဝါးထင်ထင် သိလိုက်ရပါတော့သည်။

သို့ သော်ကိုရင်လေးများမှာတော့ ဒီကွန်းခိုရာနေရာလေးထဲမှ အကောင်းဆုံးဆိုသည်များကို စဉ်းစားနိုင်ပါရဲ့ လား။ ဆရာတော် တတ်နိုင်သမျှ အကောင်းဆုံး ဖြည့်ဆည်းပေမှုများက သူတို့ စိတ်ကူးလေးများနဲ့ ကိုက်ညီပါရဲ့ လား။ အဲလိုရောစဉ်းစားခွင့်၊ တမ်းတခွင့်ရှိကြပါရဲ့ လား။

ကျမ စဉ်းစားရင်း စိတ်မကောင်းကြီးစွာဖြစ်ရပါတော့သည်။ ကျမတို့ သာ သူတို့ လေးတွေ မိဘဆိုရင်ကော၊ ကျမတို့ သားကလေးက သူတို့ လေးတွေထဲက တယောက်ဆိုရင်ကော...ဘာများလုပ်ပေးနိုင်ပါမည်နည်း။ ကိုယ်ချင်းစာပါသည်။
သို့ ဖြင့် စီကာစဉ်ကာ စိတ်ကူးကြည့်မိသည်။

အရင်ဆုံး..ဗမာစကားကောင်းကောင်း ပြောတတ်စေချင်ပါသည်။ ဘုန်းကြီးစာသာမက ကျောင်းစာပါ ကောင်းကောင်းတတ်အောင်လည်း လိုအုံးမည်။ သို့ အတွက် စာအုပ်၊ စာရေးကိရိယာများ ပြည့်စုံဖို့ လိုအပ်ပါလိမ့်မည်။ နောက်ပြီး သင်္ကန်းအသစ်လေးများဖြင့်လည်း ဖူးခွင့် ရချင်သေးသည်။ သပိတ်အသစ်၊ ဆွမ်းခွက်အသစ်ကလေးများထဲသို့ လည်း ဆွမ်းဟင်း အပြည့် လောင်းလှူချင်သေးသည်။ ခေါင်းမှ ဒက်ကလေးများကင်းကင်း ဦးခေါင်း ရှင်းရှင်းကလေးများကိုလည်း တွေ့ ချင်ပါသေးသည်။ နောက်ပြီး...

အတွေးစာရင်း မဆုံးခင်မှာပင် သားလေးတို့ သားအဖ တူအရီးတစ်တွေ ဆူဆူညံညံဖြင့် ပြန်ရောက်လာကြတော့သည်။ ညနေလည်းစောင်းလုပြီ။ ဆူညံသံများကြောင့် အမေပါနိုးလာသောအခါ အိမ်ကလေးက စိုစိုပြေပြေ ပုံမှန် ပြန်ဖြစ်သွားတော့သည်။

ခဏနေတော့ အစ်ကိုကြီးတို့ ကိုဝင်းတို့ ပါရောက်လာကြတော့သည်။ ကျမတို့  မနက်ဖြန် မနက်စောစောကားဖြင့် မန္တလေးသို့ ပြန်ကြရပါတော့မည်။ ထို့ ကြောင့် ကျမပါဝင်၍ ၀ိုင်းဖွဲ့ စကားပြောနေဖြစ်ကြပါသည်။
ညနေစာ စားချိန်ရောက်တော့ အားလုံးဆုံစားရန် ပြင်ရတော့သည်။ စားပြီး ခဏစကားပြော ၍ တစ်ယောက်ပြီး တစ်ယောက်ပြန်ကြတော့သည်။ သားတစ်ယောက် လက်ပြနှုတ်ဆက်ရင်း ငေါင်ကျန်ရစ်ခဲ့တော့သည်။ ထိုအခါမှပင် သူလည်း အိပ်ဖို့ သတိရတော့သည်။ တနေ့ လုံး လုံးဝမအိပ်ခဲ့ ၍ အိပ်ချင်စပြုနေပြီ။ သို့ သော် သူ့ ကို မသိပ်အားသေးပေ။ ပြန်ဖို့ ပြင်ရအုံးမည်။

တစ်အိမ်လုံးအနှံ့ ရောက်နေသော သားငယ်ရဲ့ပစ္စည်းများကို စုရင်း အိမ်ခန်းအနှံ့ လျှောက်ကြည့်ဖြစ်တော့သည်။ မရှိမဖြစ်လိုအပ်သော အိမ်အသုံးအဆောင်ပစ္စည်းလေးများဖြင့်သာ ဖွဲ့ စည်းထားသော အိမ်ကလေး။ မကျဉ်း မကျယ် အိပ်ခန်းလေးများ၊ ဘုရားခန်းကျယ်ကျယ်၊ ဧည့်ခန်းကျယ်ကျယ်ဖြင့် အပိုအလိုမရှိ အိမ်ကလေး။ စိတ်တိုင်းကျစိုက်ထားသော သီးပင်၊ ပန်းပင်ကလေးများ စိုစိုပြေပြေဖြင့် အိမ်ဝိုင်းကလေး။ အေးဆေးဆိတ်ငြိမ် ၍ ခင်မင်နှစ်လိုဖွယ်ကောင်းသော အိမ်နီးချင်း မိတ်ဆွေသစ်များဖြင့်ပါ ဖွဲ့ စည်းထားသော၊ လုံခြုံနွေးထွေးသော ကျမတို့ ရဲ့ ဒီတစ်ထပ်နံကပ်အိမ် ရိုးရိုးရှင်းရှင်းကလေးကို ပိုင်ဆိုင်ထားမှုအပေါ် ပထမဆုံးအကြိမ်အဖြစ် ကျေနပ်ရောင့်ရဲစိတ် ဖြစ်ပေါ်ခံစားလိုက်ရပါတော့သည်။

မလိုအပ်တော့ပါ။ ကြီးကျယ် ခမ်းနားသော အဆောင်အယောင်များထက် အဓိက ကျသည့် ဘေးရန်ကင်းသော ပတ်ဝန်းကျင်နှင့် တစ်ဦးအပေါ် တစ်ဦး ကူညီ၊ စောင့်ရှောက်၊ ယိုင်းပင်းတတ်ကြသော လူ့ အသိုင်းအ၀ိုင်းကလေးရှိလျှင် ပြီးပြည့်စုံသော အိမ်ဂေဟာကလေးဖြစ်နိုင်ကြောင်းကို သိလိုက်ရ၍ ဖြစ်ပါတော့သည်။
တွေးရင်း၊ သိမ်းရင်းဖြင့် ပြီးသွားတော့မှ သားကို သိပ်ရတော့သည်။ တခဏအတွင်းအိပ်ပျော်သွားတော့သည်။ အိမ်ရှေ့မှာတော့ သူ့ အဖေ၊ အတူနေ သူ့ ဦးကြီး အငယ်ဆုံး ကိုအောင်၊ နောက်အမေပါ မအိပ်သေးပဲ သူ့ သားငယ်နှင့် စကားကောင်းနေဆဲ။ အသံနှိမ့် ၍ ခပ်အုပ်အုပ်ပြောနေရာမှ တခါတလေ ရီသံ သဲ့သဲ့ကြားလိုက်ရသေးသည်။ ကိုအောင် တကူးတက ၀ယ်ထားပေးသော ရေမုန့် တွေအေးသွားတော့မှာ သတိရပေမဲ့ ကျမ ထ မသွားဖြစ်သေးပါ။ သားအမိတစ်တွေ လွတ်လွတ်လပ်လပ်ပြောချင်ရာပြော၊ မှာစရာရှိတာမှာကြပါစေ။ နောက်တစ်နှစ်စာ အတွက်ပါပေါ့။

ကျမ အိပ်ရာထဲလှဲရင်း ဘာလုပ်ဖို့ ၊ သိမ်းဖို့ ကျန်သေးလည်း စဉ်းစားနေမိသည်။ ပြီးတော့ မနက်ခရီးစဉ်အတွက် စိတ်ကရောက်သွားတော့သည်။ တဆက်တည်းပင် နောက် ဆက်ရမည့် ခရီးစဉ်ကို တွေးကြည့်နေမိသည်။
မနက်စောစော မန္တလေးသို့ ရောက်။ ၂ရက် နေတော့ ကိုလတ် အလုပ် တာဝန်ကျရာ ညောင်ဦးသို့ သွား။ နောက်ပြန်လာပြီး ၃ရက်နေတော့ ရန်ကုန်ကိုဆင်း။ ရန်ကုန်မှာ ၂ည အိပ်။ တစ်ရက်က သူငယ်ချင်းများနဲ့  ကျမရဲ့ ၃၈နှစ်မွေးနေ့ အထိမ်းအမှတ် ညစာစား။ အလာတုံးကပြောထားခဲ့ပြီးပေမဲ့ ရောက်ရောက်ချင်း ဖုန်းဆက် သတိပေးရအုံးမည်။ အဲဒါပြီးနောက်တနေ့ နေ့ လည် စင်ကာပူလေယာဉ်န့ဲ ...

ထိုအကြောင်းသို့ လည်းရောက်ရော ဖြတ်ခနဲ အသိတစ်ခု ၀င်လာတော့သည်။ ကျမတို့ ကရော ဘာများထူးပါသေးသလဲ။ ကိုရင်လေးများအကြောင်းကိုသာ တွေးတောပြောနေမိသည်။ ကျမတို့ လက်ရှိ ဘ၀ကရော သူတို့ လေးတွေနဲ့ ဘာများကွာခြားလို့ လဲ။

သူတို့ လေးတွေလို မိဘများနှင့် ဝေးရာ၊ ဆွေမျိုးများနှင့်ဝေးရာ သွားနေကြရသူများပဲ မဟုတ်ပါလား။ သူတို့ လိုပဲ မိမိတို့ ဘ၀အတွက် အဆင်ပြေရာ တစ်နေရာမှာ ကွန်းခိုနေကြသူများပဲ မဟုတ်ပါလား။ တကယ်ဆို ကျမတို့ နဲ့ သူတို့ လေးတွေဟာ ဘ၀တူတွေပဲ မဟုတ်ပါလား။

စဉ်းစားကြည်တော့ သူတို့ ကမှ တောတောင်၊ မြစ်ချောင်းလောက်သာ ကျော်ဖြတ်လာခဲ့ရပြီး ကိုယ့်မိခင်တိုင်းပြည်၊ ကိုယ့်ရေမြေထဲမှာသာ။ ကျမတို့ မှာတော့ တောတောင်၊ မြစ်ချောင်းသာမက ပင်လယ်၊ သမုဒ္ဒရာတွေကိုကျော်ပြီး သူတစ်ပါးတိုင်းပြည်တွေကိုပါ ဖြတ်ရသေးသည်။ထို့ ပြင် သူတို့ တွေကဲ့သို့ ပင် အခြားသူတစ်ပါးတိုင်းပြည်မှာ ယာယီ ကွန်းခိုနေရသူတွေပဲ မဟုတ်ပါလား။ ကျမ နွမ်းလျသွားပါတော့သည်။

တကယ်တော့ ကိုရင်လေးတွေနှင့် ကျမတို့ သည် နေဖြစ်သည့် အခြေခံ အကြောင်းအရာနှင့် ရည်ရွယ်ချက်သာ ကွဲပြားပါသည်။ အဓိက အချက်ဖြစ်သည့် တစ်ပါးသူအပေါ် ယာယီ ကွန်းခိုနေရခြင်းကတော့ အတူတူသာပင်။
သူတို့ လေးတွေသည် အသက်ရန်ကြောက်သဖြင့် မိဘများစီမံရာမှာ နေရသူလေးများ ဖြစ်ပါသည်။ကျမတို့ တွေကတော့ မိဘများ၏ သဘောစီမံမှုကြောင့် မဟုတ်ပဲ မိမိတို့ ဆုံးဖြတ်ချက်ဖြင့် မိမိတို့ ဘ၀ ပိုမိုအဆင်ပြေရန် ရည်ရွယ် နေထိုင်သူများဖြစ်ကြသည်။သို့ သော် သူတို့ လေးတွေနည်းတူ ကျမတို့ တွေမှာလည်း မျှော်လင့်ချက်လေးများဖြင့်သာ။
ထိုအခါကျမှပင် ကိုယ့် ဘ၀ကို ပြန်မြင် မိတော့သည်။ သူငယ်ချင်းတစ်ယောက်ပြောတာ ချက်ချင်း သွားသတိရမိတော့သည်။ လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကပေါ့။ နိုင်ငံခြားမှ သူငယ်ချင်းတစ်ယောက် ခဏအလည်ပြန်လာစဉ် ကျမတို့ သူငယ်ချင်းတစ်စု ညစာသွားစားခဲ့စဉ်က ဖြစ်သည်။ ဘယ်သူငယ်ချင်းက ဘယ်မြို့ မှာ၊ဘယ်သူကဖြင့် ဘယ်မှာ၊ ဟိုတစ်ယောက်က ဟိုနိုင်ငံမှာ စသဖြင့် သိသမျှ သူငယ်ချင်းများ အကြောင်းပြောတော့

`အင်း..တို့ သူငယ်ချင်းတွေလဲ..ဟိုသမိုင်းဥိး ခေတ်တုံးက ရေကြည်ရာ မြက်နုရာရှာနေရသလိုပဲနော်` ဟု ပြောလိုက်ရာ အားလုံး ပြုံးသွားခဲ့ရသည်။

ဟုတ်ပါသည်။ကျမတို့ အဖို့ ရာ ရေကြည်ရာ၊ မြက်နုရာ ရှာနေရဆဲပါ။ ကျမတို့ ကိုယ်တိုင် ရွေးခဲ့သော ဒီလမ်းကို ဘယ်လို ဆန္ဒတွေ ရှိနေအုံးတော့ ဆက်လျှောက်ကြရအုံးမည်သာဖြစ်ပါသည်။ ဟိုအရင် စလျှောက်ခဲ့စဉ်က ကျမတို့ အတွက် ရွေးခဲ့သောလမ်း။ ယခုတော့ ကျမတို့ ရဲ့ သားကလေးအတွက် မိဘနေရာမှနေ၍ မဖြစ်မနေ လျှောက်နေရအုံးမည့်လမ်း။

သားလေးအတွက်ဟု စဉ်းစားမိတော့ ကိုရင်လေးများကို သတိရသွားပြန်သည်။ သူတို့ တွေ အတွက်ရော။ ယခုလို တစ်သက်လုံးနေလို့ ရပါမည်လား။ မိဘများထံ ပြန်လို့ ရောရပါမည်လား။ မရခဲ့ရင်ရော..။သူတို့ ဘ၀ ရေရှည်ရပ်တည်ရေးအတွက် ဘယ်သူကများ ရှေ့ဆောင် လမ်းပြလုပ် ပေးမှာပါလိမ့်။ ဆရာတော်များကရော...။

စဉ်းစားရုံသာပါ။ ဘာကိုမှ ကြိုတင် မသိရသေးသလို ၊ ဘာကိုမှ အတိအကျ မပြောနိုင်သေးပါ။ သူတို့ လေးတွေအတွက် အကောင်းဆုံး အခြေအနေ မရောက်ခင်စပ်ကြား ယခုလို အချိန်မှာ ဘ၀တူ သူတို့ အတွက် တတ်နိုင်သလောက် ကူညီပေးရုံသာပါ။ မဝေးတော့တဲ့ တစ်နေ့ သို့မရောက်ခင် အထိပေါ့လေ။
ကျမဆုံးဖြတ်လိုက်တော့သည်။ ရှေ့နှစ်ပြန်လာပါက ကျမတို့ ရိုးသားစွာရှာဖွေ ရရှိထားသော ဖြူစင်သည့် ငွေကလေးများထဲမှ တတ်နိုင်သလောက် ပေးလှူအုံးမည်ဟု။ ကျမတို့ တတ်နိုင်အားကလေးသည် သူတို့ အတွက် တစ်လုတ် တစ်ဆုတ်စာသာ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့ သော် ထိုတစ်လုတ်စာအတွက် မပူပင်ရလျှင်ပင် ကူရကျိုးနပ်ပါလိမ့်မည်။ ခွန်အားကလေးများလည်းရရှိလိမ့်မည် ထင်ပါသည်။ ထိုအခါကျမှပင် ကျမစိတ်တို့ လည်း တဖန် လန်းလာကာ အိမ်ရှေ့သို့ ထွက်လာခဲ့ပါတော့သည်။

အိမ်ရှေ့ရောက်တော့ စကားဝိုင်းကကောင်းဆဲ။ ရေမုန့် များကတော့ အေး ၍ နေပေပြီ။ သို့ သော်စား ၍ ကောင်းနေပါသေးသည်။ ကျမလည်း စကားဝိုင်းထဲ ရောက်သွားပါတော့သည်။ နောက်အတော်ကျမှပင် ကျမတို့ အားလုံး အိပ်ရာဝင်ခဲ့ကြပါတော့သည်။

။ = ။ = ။ = ။ = ။ = ။

မနက် ၅နာရီခန့် ထ ၍ မျက်နှာသစ်၊ ပြင်ဆင်၊ ကော်ဖီနှင့် မုန့် စား၊ ဘုရားရှိခိုး၊ အမေ့အမှာစကား နားထောင် အပြီးမှာပင် အကြိုကားရောက်လာတော့ အမေ့ကို ဦးချ၊ ပြီး အထုတ်အပိုးများတင် ထွက်ခဲ့ကြတော့သည်။ မျက်ရည် တစမ်းစမ်းဖြင့် အမေက လက်ပြကျန်ခဲ့ပါတော့သည်။

နောက်တစ်နှစ်ကိုမှန်း၍ သူ့ မြေးကို လွမ်းနေပေလိမ့်မည်။ ထို့ အတူ တာဝန်မပျက် သား၊သမီး၊မြေးတို့ အတွက် နေ့ စဉ်ဆုတောင်း ဆွမ်းလောင်းနေပေလိမ့်အုံးမည်။ ကျမတို့ သည်လည်း ကျမတို့ သားအတွက် ရှေ့ဆက်ကြရအုံးမည်။

ကားပေါ်မှနေ ၍ ဘုန်းကြီးကျောင်းကလေးဘက်သို့  နောက်ဆုံးအနေဖြင့် လှမ်းမျှော်ကြည့်ရင်း ရှေ့နှစ် လာချိန်ကျရင်ကော...

ဆရာတော် ဘုရားက အရွယ်ရလာပြီဖြစ်သော ကိုရင်ကြီးလေးများကို ယခင်နှစ်များတုံးကလိုပင် ပြန်မလွှတ်ရက်ပဲ ရှိနေအုံးမည်လား....

ထို့ အတူ အဝေးတစ်နေရာ တောင်ပေါ်မြို့ လေးဆီက မိဘများကရော.. စီးပွားရေးများကောင်း ၍ သူတို့ သားကလေးများနှင့် အတူပြန်နေချင်ရင်တောင်မှ နယ်မြေ မအေးချမ်းသေးသဖြင့် မခေါ်ရဲသေးပဲ ဖြစ်နေအုံးမည်လား....
ထိုနည်းလည်းကောင်းပင် နေ့ စဉ် ဆွမ်းလောင်းလှူနေကြသော ဒကာ၊ဒကာမများကလည်း ကိုရင်ကြီးလေးပြန်သွားတာ သူပုန်သတ်လို့ သေပြီ ဆိုသော သတင်းစကားမျိုးးကို ကြားနေရဆဲပဲဖြစ် နေအုံးမည်လား....။
ဆုတောင်းပေးနေရုံသာ တတ်နိုင်ပါတော့သည်။

။ = ။ = ။ = ။ = ။ = ။

၂၀၁၀ နှစ်စ ဇန်န၀ါရီလအလယ်မှာ ဆောင်းအေးအေး နှင်းဖွေးဖွေးနှင့်အတူ ဘ၀ချင်းတူပေမဲ့ အလှချင်းမတူသူလေးတွေရဲ့ အဖြစ်ကို ကျမ တွေ့ ကြုံသိရှိခဲ့ရပါသည်။ ။

1 comment:

  1. သူမအတွေးတွေ ဖတ်ရတိုင်း အတွေးတွေနောက်ကို မရပ်မနား ပါသွားရတော့တယ်။

    ReplyDelete