ပုံမှန် အားလပ်ရက်နှစ်ရက်ဖြစ်တဲ့ သောကြာ၊ စနေအပြင် Eid အတွက် အပိုဆောင်း ၂ ရက်ပါ ရလေတော့ ဒီလေးရက်အပိတ်မှာ ဟိုဟိုဒီဒီ လျှောက်လည်ဖြစ်ပါတယ်။ လည်ဖြစ်ခဲ့တဲ့ နေရာထဲက တခုကတော့ Fujairah ( ဖူဂျဲရား ) ပါပဲ။
Fujairah ဟာ ယူအေအီး ( အာရပ်စော်ဘွားများ ပြည်ထောင်စု ) အနက်မှ ပြည်နယ်တခုပါ။ အဲဒီပြည်နယ်ထဲက အဓိက မြို့နာမည်ကလဲ Fujairah ပါပဲ။ ကျွန်တော်တို့သွားခဲ့တာ အဲဒီ့ဖူဂျဲရား မြို့ဆီကိုပါ။ ယူအေးအီးမှာ ပြည်နယ် ( ၇ ) ခု ရှိပါတယ်။ အောက်မှာဖေါ်ပြထားသလို ပိုင်းခြားတည်ရှိနေပါတယ်။
ဒီပုံကိုကြည့်လိုက်တာနဲ့ ပြည်နယ်တချို့ဟာ တချို့နေရာတွေမှာ နယ်ခြားဆုံးနေပေမဲ့တခြားနယ်ရဲ့ အလယ်လောက်ရောက်မှ ပြန်ပြီး သီးသန့်တကွက်သွားပိုင်နေတာမျိုး တွေ့နိုင်မှာပါ။ ဒီကြားထဲမှာ အိုမန်နိုင်ငံကတမျိုး။ ယူအေအီးနိုင်ငံအောက်မှာ ပင်မမြေ၊ နောက် နိုင်ငံအလယ်က ပြည်နယ်မျိုးစုံအလယ်မှာကွက်ကွက် ကလေးတခု၊ နောက် အပေါ်အစွန်မှာတနေရာ။ ဒီလို နယ်မြေခွဲဝေပုံတွေဟာ စိတ်ဝင်စားစရာပါ။
ယူအေအီးဟာ ၁၉၇၁ ခုနှစ်မှာ နိုင်ငံတနိုင်ငံအဖြစ် ကြေငြာပါတယ်။ နှစ်တိုင်း ဒီဇင်ဘာ( ၂ )ရက်နေ့ကို National Day အဖြစ် သတ်မှတ်ပြီး ပျော်ကြတယ်။ အတော့်ကို ပျော်ကြတာပါ။ အခုလာမဲ့ ဒီဇင်ဘာ( ၂ )နေ့ဆိုပါလျှင် အနှစ် ၄၀ ပြည့်ပြီပေါ့။
အရင်ကတော့ အင်္ဂလိပ် နယ်ချဲ့လက်အောက်မှာပါ။ ဒူဘိုင်းနဲ့ အဘူဒါဘီက ၁၉၄၀ လောက်ကစပြီး နယ်မြေစစ်ပွဲတွေ နွှဲလာကြတယ် ဆိုပါတယ်။ နောက်ပိုင်း မှာ ရှားဂျာ ( Sharjah ) အုပ်ချုပ်မှု့ လက်အောက်ကနေ ခွဲထွက်ဖို့ Ajman ရယ် Umm Al Quwain ရယ် Ras Al Khaimah နှင့် Fujairah အစရှိတဲ့ နယ်မြေတွေဟာ ကိုယ်ပိုင်နယ်မြေအဖြစ် တသီးတခြား ရပ်တည်နိုင်ရေးအတွက် ပုန်ကန်ကြတယ်ဆိုပါတယ်။ အဆိုးဆုံးက Ras Al Khaimah နှင့် Fujairahပါပဲ၊ အုပ်ချုပ်သူရယ်၊ သူတို့နှစ်နယ်မြေ အချင်းချင်းရယ်အကြားမှာ အတော်တင်းမာ ပြင်းထန်ခဲ့တယ်ဆိုပါတယ်။
နောက်ပိုင်း ဒီလို နယ်မြေခွဲခြမ်းနေလိုမှု့တွေ အရှိန်ကောင်းလာတော့ အင်္ဂလိပ်နယ်ချဲ့မှ Trucial Oman Scouts ကိုလွှတ်၊ နယ်မြေတကာကို ကုလားအုပ်တွေနဲ့လှည့်၊ မေးမြန်း စုံစမ်းပြီး သက်ဆိုင်ရာ နယ်မြေတွေကို မြေပုံနဲ့တကွသတ်မှတ်ဖို့လွှတ်လို က်ပါတယ်။ အခုနယ်မြေတွေဟာ အဲဒီ့အဖွဲ့ ဆွဲခဲ့တဲ့မြေပုံအပေါ်မှာ အခြေခြံ ပီးဖြစ်လာတာပါ။ သူ့နယ် ကိုယ့်နယ် အငြင်းပွားမှု့ဟာ သားစဉ်မြေးဆက် ရှည်ကြာခဲ့ပါတယ်။ အဘူဒါဘီနဲ့ ဒူဘိုင်းတို့ရဲ့နယ်မြေတွေတောင် လွတ်လပ်ရေးရအပြီး ၁၉၇၉ လောက်မှ ပြီးပြတ်တယ်လို့ဆိုပါတယ်။
အသေးစိတ်ကို ဒီနေရာမှာ ဖတ်လို့ရပါတယ်။ ပုံကိုလဲအဲဒီ့က ယူထားတာပါ။ အခုလိုခရီးသွားတဲ့အခါ တနယ်နဲ့တနယ်အဖြတ် မှာ တားဆီးတာတွေ နယ်ကူးလက်မှတ်တွေ မလိုပါဘူး။ တောက်လျှောက်မောင်းပါပဲ ။ လမ်းဥပဒေတွေကတော့ သူ့နယ်နဲ့သူ မတူကြပါ။ ဥပမာ အမြန်ဆုံးကန့်သတ်မှု့တွေဘာတွေ။ တကယ်လို့ တိုက်မိ ခိုက်မိလျှင် ဆိုင်ရာ ရဲနဲ့ရှင်း၊ နယ်မကူးရ။ ဘာမှမဖြစ်ရင်တော့ ဘာမှမဖြစ်ဖူးပေါ့။း-)
သဲတွေကြားမှာနေ့တဓူဝဆိုတော့ ဒီလိုတောင်တန်းအကြားက လမ်းလေးတွေ တွေ့ရတာကို အပြောင်းအလဲအဖြစ် သိပ်သဘောကျပါတယ်။
ကဲခရီးစကြပါစို့ရဲ့။ နေ့လယ် ၂ နာရီကျော်ကျော်မှာ အိမ်က စထွက်ပါတယ်။ သွားတဲ့လမ်းကြောင်းက အောက်က မြေပုံအတိုင်းပါပဲ။ အနီလမ်းကြောင်း တပတ်သွားထားတဲ့နေရာဟာ ဖူဂျဲရားမြို့ပါ။
ဒူဘိုင်းကနေ ရှားဂျာကိုတော့ ထုံးစံအတိုင်း မြန်မြန်မောင်းလိုက် တချို့နေရာတွေရောက်ရင် ကားတွေကျပ်လာတော့ နှေးသွားလိုက်နဲ့ပါ။ ဖူဂျဲရားသွားတိုင်း ဖြစ်နေကြထုံးစံအတိုင်း လမ်းတခါလွဲမောင်းမိပါသေးတယ်။ နောက်ပြန်လှည့်ဖို့အရေး အတော်ကြာအောင်မောင်းသွားရတာ အချိန်အတော်ကုန်သွားပါရဲ့။
ရှားဂျာကနေအမှတ် ၈၈ လမ်းပေါ်လဲတက်လိုက်ရော တဖက် ၂ လမ်းအဖြစ် ပြောင်းသွားပါတယ်။ အပြင်အနှေးလမ်းကနေ ခပ်မှန်မှန်မောင်းနေရာက ရှေ့မှာ ကိုယ့်ထက် နှေးတဲ့ကားနဲ့တွေ့လို့ရှိရင် ပွစိပွစိ ရေရွတ်ရင်း ကျော်တက်ဖို့ ကြိုးစား၊ ကျော်နေတဲ့အချိန် နောက်အတွင်းလမ်းက အမြဲတစေ အလျှင်လိုနေတတ်တဲ့ ကားတွေက လာလို့ နီးလာရင် မီးပြပြီးလမ်းတောင်း၊ ဒီတော့ ကွိကွိကွကွ ရေရွတ်ရင်း လမ်းပြောင်းပေးနဲ့ပေါ့။ ဒါကတော့ ဘေးဘယ်ညာက သဲတွေအကြားကကားလမ်းပုံပါ၊ အခုအချိန်အထိတော့ ကြည့်ရတာ ပျင်းစရာနေမှာပေါ့။
အပေါ်ကသွားရာလမ်းတလျှောက်ပြထားတဲ့ ပုံမှာ မြင်သာမလားတော့မသိ၊ အနီရောင်နေရာတွေက ဒီလိုသဲမြေပွတွေ၊နောက် Al Dhaid မြို့အနားရောက်လာရင် မြေက မာလာပြီး မဲလာပြီ။ နောက်ရှေ့ကိုလှမ်းကြည့်ရင် တောင်တန်းကြီးကို ရေးရေးမြင်လာရပါပြီ။ ဒီခရီးစဉ်မှာစိတ်အ၀င်စားဆုံးေ နရာဟာ အဲဒီတောင်တန်းတွေရှိနေရာပါပဲ။
ဒါတွေဟာအပင်မပေါက်သော ကျောက်တောင်တွေပါ။ အပေါ်မှာ မြေသားမှန်ပါးပါးနဲ့ အောက်မှာ ပကတိကျောက်အမာသားအတိ။ ဒီဒေသဟာ ကျောက်အဓိကထားထုတ်တဲ့နေရာတွေပါ။ လမ်းတွေကတော့ကျောက်သယ်တဲ့ကားတွေ သွားတဲ့လမ်းတွေပါ။
ဒီလိုပဲတောင်တွေအကြား တကွေ့ပြီးတကွေ့ တက်လိုက် ဆင်းလိုက်နဲ့ မောင်းလာရင်း တောင်တကွေ့မှာ ဆိုင်လေးပေါ်လာပါတယ်။ ဒီနေရာဟာ Masafi ဆိုတဲ့မြို့လေး ရောက်မှီက ဈေးဆိုင်တန်းလေးပါ။
ရောင်းတာကတော့အစုံပါပဲ။ ကောဇော၊ အပင်မျိုးစုံ၊ အသီးအနှံနဲ့ အမှတ်တရ ပစ္စည်းတွေ။
ဒါကတော့ငှက်လှောင်အိမ်လေးတွေ၊ အမြင်ဆန်းလို့ ရိုက်လာတာပါ။
ဒီလိုအုန်းရည်တို့ ပြောင်းဖူး မီးဖုတ်တို့လဲ ရပါတယ်။
အရင်တုန်းကဒီနေရာအရောက်မှာ သစ်သီးတွေဝယ်လေ့ရှိပါတယ်။ စိတ်ထဲ ဒီနယ်က ထွက်တယ် ထင်တာပေါ့။နောက်မှ ဘယ်ဟုတ်မလဲ တွေ့နေ၀ယ်နေကြ အသီးအနှံတွေကို သယ်လာပြီး ဒီမှာတင်ရောင်းတာတွေဖြစ်နေမှန်း စူပါမားကပ်တွေနဲ့လုပ်ငန်းသဘောအရ ပတ်သက်နေတဲ့ ဘော်ဒါတယောက် ပြောပြမှ သိရပါတယ်။ နောက်တော့ မ၀ယ်ဖြစ်တော့ပါ။ သို့ပေမဲ့တမေ့တမောတော့ ဆိုင်တိုင်းစေ့ ငေးမိတာပါပဲ။ ဒီလိုရောင်းနေတော့ ဒီနယ်က ထွက်တာတွေလို့ထင်မိတာ မဆန်း။
နောက် ခရီးဆက်ပြီးမကြာခင် Masafi မြို့ကို ရောက်ပါတယ်။ တောင်ပေါ်ခရီး အလယ်လောက်မှာ ရှိတဲ့မြို့လေးပါ။သူကလဲ ရာဇ၀င်နဲ့။ အစောက ပြောခဲ့တဲ့ နယ်မြေလုပွဲမှာ မဆာဖီကို Ras Al Khaimah နှင့်Fujairah တို့က သူ့နယ် ငါ့နယ်အဖြစ် လုကြတယ်။ နောက်ဆုံးတော့ မြို့ရဲ့ကြီးတဲ့အပိုင်းကို Ras Al Khaimah ကပိုင်သွားပြီး ငယ်တဲ့အပိုင်းကို Fujairah ကရသွားလို့ နှစ်ခြမ်းကွဲမြို့အဖြစ်နဲ့ ကျန်ခဲ့ပါတယ်။ နှစ်နယ်မြေရဲ့ နယ်စပ်ကတော့တပိုင်းတစ အဆောက်အဦအိုတွေပါပဲ။
အတော်မောင်းလာတဲ့နောက်မှာတော့တောင်စွယ်အကြားက ထိုးထိုးထောင်ထောင် တိုက်အမြင့်ကြီးတွေကို လှမ်းမြင်ရပါတော့တယ်။ကားရပ်ရခက်တာနဲ့ အိမ်တွေနဲ့ နဲနဲ နီးသွားပါတယ်။ ကျော်သာ ကြည့်ကြပါ။း-)
မြို့ကိုတိုက်ရိုက်မသွား အလင်းရောင်ရှိတုန်းလေး Khor Fakkan က လှတဲ့ကမ်းခြေလေးဆီသွားချင်လို့ ဒီလိုပဲ မြို့ကြီးကို မမြင်ချင်ယောင် ဆောင်ထားလိုက်ပါတယ်။ ဒါ့ကြောင့်မြေပုံထဲ အဲဒီ့နေရာမှာ အ၀ိုင်းလိုဖြစ်သွားတာပါ။
ဒီဖူဂျဲရားဟာ၃၊ ၄ ခေါက် သွားဖြစ်ပေမဲ့ မြို့အနေနဲ့ ကျွန်တော်တို့ စိတ်ဝင်စားသောနေရာ နည်းပါတယ်။ ရှေးဟောင်းဗလီ တခုရှိပေမဲ့ မရောက်ဖြစ်သလို၊ မြို့အနေနဲ့လဲ မထူးခြားသောရှော့ပင်းမော တချို့သာရှိတာပါ။ စိတ်အ၀င်စားဆုံးက လမ်းတလျှောက်က တောင်တွေရယ်ဖူဂျဲရား အလွန် Khor Fakkan က လှတဲ့ကမ်းခြေလေးတွေပါ။
ကမ်းခြေရောက်တော့လူစည်စပြုနေပါပြီ။ ဒီလိုပိတ်ရက်တွေမှာ အခုလို ၅နာရီ ကျော်ကျော်မှာအဲဒီ့ကိုရောက်နေမှ၊ ဒီ့ထက်နောက်ကျရင် လာသူများတဲ့အတွက် ကားတွေ မောင်းမရ၊တနာရီလောက် စောင့်ပြီးစိတ်ရှည်လက်ရှည်မောင်းဝင်လဲ ရပ်စရာနေရာမရှိနဲ့။ စောလေ ကောင်းလေပေါ့။
East coast ဖြစ်လို့ နေ၀င်ချိန်ရဲ့အလှ မရှိပေမဲ့ တောင်စွယ်ရယ်၊ ရေပြာပြာရယ၊် မျိုးစုံပျော်ပါးနေကြသူတွေရယ်နဲ့ လှနေပါတယ်။
နောက်အောက်က မြေပုံထဲပါတဲ့ ငမန်းကျွန်းကို မော်တော်နဲ့သွားလို့ရပါတယ်။ နောက်တခေါက်မှသွားမယ်လို့ တေးထားပါတယ်။
ဒါကတော့သွားချင်လို့ စောင့်နေတဲ့အဖွဲ့နဲ့ မော်တော်ပါ။
ဒါမှမဟုတ်မြင်းစီးမလား သစ်ကုလားအုပ်စီးမလား၊ ဒီလိုလဲရတာပဲ။
သစ်ကုလားအုပ်ကိုတော့ တခါစီးဖူးပါတယ်။အတော်စီးရခက်တာပဲ။ ၀ပ်နေတဲ့ ကုလားအုပ်ပေါ်ကို သားကိုရှေ့ကတင် နောက်ကကျွန်တော်ကထိုင်၊ လက်တဖက်က ကလေးကိုကိုင်၊ တဖက်က လက်ကိုင်ကွင်းကိုကိုင်၊ အိုကေပြလိုက်တာနဲ့ ကုလားအုပ်ကို ထခိုင်းပါတယ်။
ကုလားအုပ်က သဲပြင်ကို သူ့ဝမ်းနဲ့ထိနေတဲ့အထိ ၀ပ်နေရာက သူ့ရဲ့ ရှည်လျှားလှတဲ့ နောက်ခြေနှစ်ဖက်ကို အရှိန်ယူပြီးထောက်လိုက်တယ်။ ရှေ့ရင်အုပ်က သဲနဲ့ထိနေတုန်းဆိုတော့ဇတ်ခနဲ ရှေ့စိုက်သွားတော့ ဘုရားတရင်း သားကို တင်းတင်းဆုတ်ထားတာ ကိုယ်ကိုယ်တိုင်ကပြုတ်မကျတာကံကောင်း၊ နောက် ရှေ့ခြေ နှစ်ချောင်းကို ဒူးထောက်တော့ သက်တောင့်သက်သာပြန်ဖြစ်၊ နောက်ခြေဆန့်ရပ်တော့ တခါ အရှိန်နဲ့ ရှေ့စိုက်သွားပြန်ရော။ ခြေစုံရပ်မှပဲဟင်းချရတယ်။ နောက်က ထိုင်ရတာဆိုတော့ ပိုမတ်ပါတယ်။ တဖက်ကလဲ ကလေးကို သေချာကိုင်ထားရသေးတယ်။လမ်းစလျှောက်တော့ ရှေ့က ကလေးက သဘောကျပြီး တဟီးဟီး၊ ကျွန်တော်ကနောက်တင်ပဆုံအရိုးပေါ်မှာဆိုတော့ လှမ်းလိုက်တိုင်း ယိုင်ယိုင်သွားပါတယ်။
ကလေးကိုသာ သားသားကြိုက်လားလို့ တွင်တွင်မေးနေမိပေမဲ့ ကိုယ်ကိုယ်တိုင်ရဲ့စိတ်ထဲမှာ တော့မပျော်လှ။ ပြန်အဆင်းမှာ ရှေ့စိုက်ကျသွားမှာကိုလဲ ကြိုတွေးပူနေမိတာပါပဲ။ နောက်ဆုံး ကလေးကိုအရင်ဆင်းခိုင်းပြီး ကုလားအုပ် ၀ပ်ပြီးမှပဲ ဟင်းချယူရပါတယ်။ စိတ်ချလက်ချစီးရရင်တော့ ကောင်းမှာပေါ့၊ အခုတော့ အတွေ့အကြုံတခု အနေနဲ့ပဲ တင်းတိမ်ရပါတယ်။
ကမ်းခြေမှာနေပြီး အတော်ကြာမှ ဖူဂျဲရားဖက် ပြန်လှည့်ပါတယ်။ သွားရင်းနဲ့ သဘောကျတဲ့အပင်စုစုလေးတွေ့တော့ ဓါတ်ပုံရိုက်ချင်လို့ အနီးဆုံးလမ်းထဲချိုးဝင်လိုက်ပါတယ်။
ဓါတ်ပုံရိုက်ရင်းဟိုဟိုဒီဒီကြည့်တော့ ခပ်လှမ်းလှမ်းမှ တောင်ကုန်းလေးပေါ်က အဆောက်အဦတခု၊ ကြည့်ရင်းစိတ်ဝင်စားပြီး သွားချင်စိတ်က ထိမ်းမရ။ သို့နှင့် တိုင်ပင်ပြီး တကယ်လို့တဦးတယောက်အပိုင် တက်မရရင်လဲ တောင်တက်လမ်းတ၀က်က ပြန်လှည့်မယ် ဆိုပြီးမောင်းသွားပါတယ်။
အနီးရောက်တော့တောင်ခါးပန်းမှာက Hill Top Restaurant တဲ့။ နောက်ပြန်လှည့်စရာမလိုတော့။စိတ်ချလက်ချ ပျော်ပျော်ကြီးဆက်တက်ပါတယ်။ စိတ်ထဲမှာ ရောက်ရင် ဈေးမေးပြီး၊ဈေးကြီးရင်တော့ ကော်ဖီတခွက် တဖလားပဲ သောက်မယ်ပေါ့။ အတက်လမ်းက အတော်မတ်ပါတယ်။
နေရာစုံအောင်ရိုက်ပြီးတော့ ကျွန်တော်က ဆိုင်ဆီသွားပါတယ်။ ဘာရလဲ ဘယ်လောက်လဲ သိရအောင်ပေါ့။ဈေးလဲ မေးကြည့်ရော ဈေးတွေက ထင်တာထက် အများကြီး သက်သာနေတာတွေ့ရပါတယ်။ဆိုင်က အာရပ်စားသောက်ဆိုင်လေး။
ဒါနဲ့အာရပ်ကော်ဖီရယ် ဆူလေမန်လို့ခေါ်တဲ့ နို့မပါ၊ Mint အနံ့မွှေးမွှေးနဲ့လက်ဖက်ရယ်တခွက်ရယ် ရှီးရှ ( လီမွန်အနံ့နဲ့ ) မှာခဲ့ပါတယ်။ ကလေးအတွက်ကတော့နွားနို့တခွက်ပေါ့။
နေ၀င်ပြီးအတန်ကြာသည့်တိုင် ထိုင်ကောင်းကောင်းနဲ့ ထိုင်ပြီးမှ ဖူဂျဲရား ဆီခရီးဆက်ပါတယ်။ မြို့ထဲရောက်တော့မှောင်စပြုနေပါပြီ။
ဖူဂျဲရားဟာဘာတွေနဲ့ ဘယ်လို ရှင်သန်လှုပ်ရှားနေကြတယ် ဆိုတာကိုတော့ သိပ်မသိလှပါ။ မြို့ကြီးမှာ့အဆောက်အဦ အသစ်တွေနဲ့ တခေါက်ထက် တခေါက် ပိုများလာတာ တွေ့ရပါတယ်။ ရောက်ဖူးလို့ဖူရျဲရား သဘောင်္ကျင်းကတော့ အတော်စီးပွားဖြစ်မှန်းသိပါတယ်။ အိုမန် ပင်လယ်ကွေ့သွားလာနေသမျှ သင်္ဘောတွေ လိုအပ်လို့ အရေးပေါ်ပြင်စရာရှိရင် အတွင်းပင်လယ်ကွေ့ထဲကဒူဘိုင်းတို့ အဘူဒါဘီတို့ ၀င်မဲ့အစား နီးနီးနားနား ဖူဂျဲရားမှာပဲ ကပ်ကာ ပြင်သွားကြတာများပါတယ်။အမြဲစည်ကားနေတဲ့ သဘောင်္ကျင်းကြီးပေါ့။
သိပ်မသိတော့သိပ်မလည်ပဲ သွားနေကြ ဒီရှော့ပင်းမောဆီကို တန်းတန်း မတ်မတ်လာ၊ အောက်ပါပုံအတိုင်း ကြက်သားနဲ့ရှရောမား (Chicken Shawarma ) ၊ ထမင်းကြော်၊ ကြက်ကင်တို့စားပါတယ်။
နောက်အမှောင်ထဲမှာ ၊ လာခဲ့တဲ့ တောင်တွေကြားက ကွေ့ကွေ့ကောက်ကောက်လမ်းတွေဆီမှတဆင့် အိမ်ပြန်လာခဲ့ကြ ပါတော့သည်။
ပြီးပါပြီ..
ကိုအအစစထိုင်တဲ့ခုံနားမှာထားတဲ့ ဟာက လူတိုင်းရှူလို့ရလား? မြန်မာပြည်မှာလည်းရှိတယ်။
ReplyDeleteနေ့ချင်းပြန် ခရီးကိုး..၊ ကျနော်က စဖတ်လာတုန်းက ညအိပ်မယ် ထင်နေတာ၊ သဲကန္တရထဲကိုတော့ ညအိပ်ခရီး တခါလောက် သွားဖို့ ချိန်နေတယ်၊ မော်ရိုကို ဖက်က ကန္တရတွေ ဖြစ်ဖို့ များတယ်ဗျ..၊ အီဂျစ် Sharm El-Sheik ရောက်တုန်းက ကုလားအုတ် သွားစီးမလို့ ကြံစည်ထားပေမယ့် မဖြစ်လိုက်ဘူး၊ မြင်နေမကျတဲ့ ဓါတ်ပုံတွေမို့ စိတ်ဝင်စားဖို့ ကောင်းတယ်..။
ReplyDeleteသဲကန္တာရကပုံတွေ ပျင်းခြောက်ခြောက်ဖြစ်စေတယ်..။
ReplyDeleteဒါပေမဲ့ တမျိုးစိတ်ဝင်စားစရာတော့ ကောင်းမှာပါ..။
တောင်ပေါ်က ရဲတိုက်လိုအဆောက်အဦးက ဘာလဲဗျ
သစ်ကုလားအုတ် စီးဖူးချင်တယ်..။
အာရပ်ကော်ဖီ စိတ်ဝင်စားတယ်..။
ကြက်သားနဲ့ရှရောမား (Chicken Shawarma ) ၊
နဲ့ ကြက်ကင် စားချင်တယ်..။
ငကြောင်
banna ရှိုင်းထားပါ့လား.။
ReplyDeleteသိပ်တော့ မလှပါဘူး.။
ဟီးးဟီးး..။
ရန်စခဲ့တယ်..။
သီချင်းတင်ထားပါတယ်..။
ReplyDeleteကြားဖူးပြီးသားပေမဲ့ လာနားထောင်လှည့်ပါအုန်း။
ခရီးသွားဗဟုသုတလေးအတွက်စာဖတ်ပြီးပုံတွေ
ReplyDeleteတစ်ဝကြီးကြည့်ခဲ့ပါတယ်ရှင်
ကိုယ်တိုင်ရောက်သွားသလိုပါပဲ