ဒီတစ်ခေါက် မိတ္ထီလာကို ရောက်တော့ မှောင်စပြုနေပြီ။ဇန်န၀ါရီလလယ် ဆောင်းရာသီမို့  နေ့ တာတို၍ ဖြစ်နိုင်သလို၊ မန္တလေးမှ ထွက်တာနောက်ကျ၍လည်း ဖြစ်နိုင်ပါသည်။အိမ်မှ လာကြိုသူများနှင့်ကားရောက်တော့ ည ၈နာရီကျော်စပြုပြီ။
ကားဂိတ်က အိမ်အသွား ဟိုဟိုဒီဒီ လှမ်းကြည့်ရာ အိမ်တစ်ချို့  မှ တပိုင်တနိုင်ထွန်းထားသော မီးရောင် ကြိုးကြားကြိုးကြားသာ မြင်ရ၏။ လမ်းတစ်လျှောက်လုံး ဆိုင်ကယ် သုံး၊လေးစင်း ကားသုံး။လေးစင်းသာ တွေ့ ရပြီး လမ်းဘေးဆိုင်များလည်း ပိတ်ရန် ပြင်ဆင် နေကြသည်။ ဆောင်းအေးအေးမို့  ချမ်း၍ထင့် အိမ်အများစုမှာလည်း တံခါးများပိတ် တိတ်ဆိတ်နေပေပြီ။ (လျှပ်စစ်မီးမလာ၍ လည်းဖြစ်နိုင်ပါသည်။)
အိမ်ရောက်တော့ ဆောင်းလေအေးအေးကြား အိမ်ရှေ့ထွက်ကြိုနေသော အမေ့ကို အလင်းရောင် ဖျော့ဖျော့ကြားမှာ ဦးစွာ တွေ့ လိုက်ရတော့သည်။တွေ့ တွေ့ ချင်း မြေးကို ချီဖို့  ဦးစွာ ကြိုးစားရင်း လမ်းတစ်လျှောက် အဆင်ပြေ၊ မပြေ မေးကာ ပါလာသည့် အထုပ်အပိုးများသယ်၍အိမ်ထဲ ၀င်ခဲ့ကြတော့သည်။
နေကောင်းကျန်းမာ အပြန်အလှန်မေးအပြီး အမေနှင့် အကို ညစာစားဖို ခူးခပ်နေစဉ် ကျမလည်း အခန်းထဲဝင်ကာ အိပ်ဖို့ အဆင်သင့်ဖြစ်ရန် ပြင်ဆင်ရ၏၊ သားက အိပ်ချင်နေပြီ ဖြစ်သလို အမေ့အတွက်လည်း အိပ်ရာဝင်နောက်ကျနေပေပြီ။ ညစာစားပြီး စကားနဲနဲပါးပါး ပြောဆိုကာ သားကိုသိပ်ရတော့သည်။ အိပ်ရာပြောင်း ပါက အအိပ်ခက်တတ်သည့် ကျမလည်း ဒါကိုယ့်အိမ်ရာဆိုသည့် အသိနှင့်ပင် နှစ်ခြိုက်လွယ်ကူစွာ အိပ်ပျော်သွားတော့သည်။
။ = ။ = ။ = ။ = ။ =
မနက်နိုးလို့  မျက်လုံးဖွင့်ကြည့်တော့ ပြတင်းပေါက်ကတစ်ဆင့် အလင်းရောင်ကို ကောင်းစွာမြင်နေရပြီ။ ဆောင်းလေအေးအေးတိုက်နေသည့် အရသာကိုပါ ရလိုက်၍ သေချာထကြည့်တော့ အိမ်ရှေ့တံခါးမကြီးဖွင့်ထားသည်ကို တွေ့ လိုက်ရသည်။သို့ ဖြင့် ကျမလည်း အိပ်ရာမှ ထကာ အိမ်ရှေ့သို့ ထွက်ခဲ့တော့သည်။
အိမ်ရှေ့ရောက်တော့ အမေနှင့် အကို ဆွမ်းလောင်း ပြီး ၍ ဆွမ်းအုပ်နှင့် ခုံလေးကိုပင် သိမ်းနေကြပေပြီ။ ကျမလည်း အိမ်ရှေ့ရှိ ထိုင်ခုံပေါ်ထိုင်လိုက်ရင်း ရှေ့တူရှူကို ငေးမောနေမိ၏။လေဖြူးဖြူးလေးလည်းတိုက်ခတ်နေရာ ခုလို သဘာဝ ဆောင်းလေအေးအေးအရသာကို မခံစားရသည်မှာ ကြာပြီ ဖြစ် ၍ လေကို အားရပါးရ ရှူရှိုက်နေမိသည်။ကျမ စိတ်တွေ လန်းဆန်းပေါ့ပါး နေပါသည်။ မျက်နှာချင်းဆိုင် ကွက်လပ်ထဲရှိ သရက်ပင်များ နှင်းများဖြင့် ဖွေးဖွေးဖြူနေသည်ကို ကြည့်နေမိပြန်သည်။
တကယ်တော့ သားလေးမွေးပြီးကတည်းက ခုလို တစ်ခါမှ အေးအေးဆေးဆေး မထိုင်ဖူးသေး ၍ ခုချိန်လေးကို လွန်စွာကျေနပ်နေမိသည်။သားလေး မနိုးခင်ကလေး အထိပေါ့လေ။ခဏ နေတော့ အမေနှင့် အကိုက မီးဖိုချောင်မှ အိမ်ရှေ့ထွက်အလာ သားလေး၏ အော်သံ နှင့် သူ့ အဖေ စကားသံတို့ ကို တပြိုင်တည်းကြားလိုက်ရတော့သည်။
သားလေးနိုးသံကြားတော့ အဖွား ဖြစ်သူ နှင့် ဦးလေးဖြစ်သူ မနေနိုင်တော့။အခန်းဆီသွားကာ ခေါ်ထုတ်လာခဲ့ကြသည်။ ကျမက အိပ်စေချင်သေးပေမဲ့ သူတို့ အတွက်က စောင့်ရတာ ကြလှပေပြီ။မတွေ့ ကြရတာ ၃လတောင် ကြာခဲ့ပြီကိုး။
သားနှင့် သူ့ အဖေပါ အိမ်ရှေ့ ရောက်လာမှပင် ကျမလည်း ထိုင်နေရာမှ ထကာ မျက်နှာသစ်ဖို့  ပြင်ဖြစ်တော့သည်။ တကယ်တော့ ကျမ ခုနကလို ထိုင်ငေး နေချင်ပါသေးသည်။ သို့ သော် ...
ကျမ မျက်နှာသစ်အပြီးထိ သားနှင့် သူ့ အဖေတို့ က စကားပြော ကောင်းတုံး။ မြေး၊ အဖွား၊ သားအမိ တစ်တွေ ပြောစရာ စကား မကုန်နိုင်ပါ။ ကျမ နားလည်နိုင်ပါသည်။ ထို့ ကြောင့် သူတို့ ကို ထားခဲ့ကာ မနက်စာပြင်ရန် မီးဖိုချောင်သို့  ထွက်ခဲ့ပါတော့သည်။ စားပွဲပေါ်ကို ကြည့်လိုက်တော့ သုံးယောက်အတွက် အားလုံးအကြိုက် စားစရာ အစုံ ပြင်ထားပြီးသား ပူပူနွေးနွေး အဆင်သင့်။ မနက်စာ အေးမသွားခင် အမြန်စားနိုင်ရန် ကိုယ်တိုင်ဝင်ကာ သားငယ်ကို မျက်နှာသစ်ပေးလိုက်ရတော့သည်။
မနက်စာစားပြီးတော့ ထုံးစံအတိုင်း လက်ဘက်ရည်ဆိုင်သွားဖို့ ပြင်ကြ၏။ ထိုစဉ် နောက်တစ်နေ့ စာ စားချင်တာကို ဈေးဝင် ၍ ၀ယ်ခဲ့ရန် အမေက မှာတော့သည်။ ဒီကနေ့ အတွက်တော့ သူ့ သားအကြိုက် သူ အားလုံး စီစဉ် ချက်ပြုတ်ပြီးသား။
ဈေးကပြန်ရောက် ၍ မကြာခင်မှာပင် ကျမတို့ အိမ်နှင့် အနီးဆုံး အကိုကြီးတို့  လင်မယားရောက်လာ၏။ ပြီး အဝေးဆုံး ကိုဝင်းရောက်လာပြီး နောက်ဆုံး တော့ အဝေးမြို့ မှ ကိုပေါက်ရောက်လာတော့သည်။ အမေကြိုတင် အကြောင်းကြားထား ၍ ဖြစ်ပါသည်။
လူစုံပြီဆိုတော့ ပြောလို့ မဆုံး အကြောင်းအရာအစုံ။ ပြောရင်း သူတို့ စိတ်အ၀င်စားဆုံးက သားလေးကို။ သားလေး စိတ်အ၀င်စားဆုံးကလဲ သူ့ ဦးကြီးများကိုပင်။ ဦးကြီးများ အပြောအဆိုကြည့် ၍ သူ့ စိတ်ကြိုက် လုပ်လို့ ရမှန်းသိကာ ဦးကြီးများနားမှ မခွာ။ သူ့ ဦးကြီး အကြီးဆုံးက အလို အလိုက်ဆုံး။
ကျမတို့ နှစ်ယောက်က သူတစ်ခုခုလုပ် ၍ လှမ်း ဟန့် ပါက သူ့ ဦးကြီးမှ လုပ်လုပ် ကြိုက်တာလုပ် ဦးကြီးရှိတယ် ၀င်ဝင်ပြောတော့ သူ့ ဘက်လိုက်မှန်းသိသွားတော့သည်။ မကြာပါ သူ့ ဦးကြီးလက်ဆွဲ ၍ သူ လုပ်ချင်တာတွေ တစ်ခုပြီး တစ်ခု လုပ်ပါတော့သည်။
ဦးကြီးများလည်း သားလေးနှင့် တပြုံးပြုံး။ သားလေး အတွက်ကတော့ ပြောစရာမလို။ မဟာအခွင့်အရေး။ နေ့ လည်ရောက် ၍ ရေချိုးဖို့ ပြင်တော့ အိမ်ရဲ့ အရှေ့မြောက်ထောင့်မှာရှိတဲ့ ရေအုတ်ကန်ဘေးမှာ ဦးကြီးလေးယောက်က အဆင်သင့်။ သူတို့ တူလေးကို ရေချိုးပေးဖို့ ။ ရေချိုးတော့ သားလေးက ပလပ်စတစ် ရေပုံးကြီးထဲမှာ ၀င်ပြီး ဆော့လို့ ။ ဦးကြီးလေးယောက်က ဘေးက ၀ိုင်းလို ၊့ရေလောင်းသူကလောင်း။ ဆပ်ပြာတိုက်ဖို့ ပြင်သူကပြင်။ သားလေးတစ်ယောက် ရေချိုးမရပ်ချင်တော့ ။ တော်တော်ကြာတော့ မရတော့ ကျမ၀င်ခေါ်ရတော့သည်။ အလိုလိုက်သူ ဦးကြီးများနှင့် သားလေးတစ်ယောက် ရေချိုးရပ်မှာ မဟုတ်တော့ပါ။
ပြီးတော့ အဖွားကလဲ သနပ်ခါးသွေးပြီး အဆင်သင့်။ ကျမတို့ လိမ်းပေးလျှင် ခက်သလောက် သူ့ အဖွားနဲ့ တော့ဟုတ်လို့ ။ တကယ်တော့ သားက လူရည်လည်။ ခဏ သည်းခံလိုက်တာနှင့် သူ့ စိတ်ကြိုက် လုပ်ချင်တာ လုပ်ခွင့်ရမည်ဆိုတာ သိသွားပြီကိုး။
နေ့ လည်စာ စားသောက်ပြီးကြတော့ ဦးကြီးများ တစ်ယောက်ပြီး တစ်ယောက် ပြန်သွားကြတော့သည်။ တကယ်တော့ မပြန်ချင်ကြသေး။ ကျမတို့ နှင့် စကားပြောချင်ကြသေးသလို သားလေးကို စိတ်ကြိုက်ဆော့ခွင့် ပေးချင်ကြသေးသည်။ သို့ သော် သူတို့ လုပ်ငန်းခွင် ပြန်ဝင်ကြရအုံးမည်။
မွန်းလွဲချိန်ရောက်တော့လည်း သားလေးအိပ်ဖို့ စိတ်မကူး။ သူ့ ဦးကြီး အငယ်ဆုံး ၊ သူ့ အဖေတို့ နှင့် ဆက်ကစားတုံး။ ဂစ်တာတီးလိုက်၊ ကီးဘုတ်တီးလိုက်ဖြင့် သူ့ ဦးကြီး လုပ်ပြသမျှနောက်က လိုက်လုပ်ကာ အကျေနပ်ကြီး ကျေနပ်နေလေသည်။ ကျမနှင့် အမေတို့ ကတော့ အိမ်ရှေ့ရှိ ကုလားထိုင်များတွင် ထိုင်ရင်း ဟိုအကြောင်း ဒီအကြောင်း စပ်မိစပ်ရာ စကားပြောနေကြသည်။
ဒီလိုနှင့် ပြောကြရင်း မနက်ဆွမ်းလောင်းသည့်အကြောင်း ရောက်သွားတော့သည်။ ထိုအကြောင်းကို သိပြီးသား။ ပြီးခဲ့သည့် အခေါက် အောက်တိုဘာလအတွင်း လာစဉ်က ကြုံခဲ့ပြီးသား။ သို့ သော် သေသေချာချာ စုံစုံလင်လင်မဟုတ်။ စုံစုံလင်လင်မဟုတ်ဆိုသည်မှာ အမေ ယခုပြောပြသည့် ကိုရင်လေးများအကြောင်း မပါ ၍ပါ။
ထိုစဉ်ပြောပြစဉ်က အမေရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ ကျမတို့ မိသားစုလေး ကျန်းမာပျော်ရွှင် အဆင်ပြေရေးအတွက် ဆုတောင်း လှူဖြစ်ပုံလေးသာ ။ အဲဒီတုံးက ပြောပြခဲ့စဉ်က `သမီးရယ် အမေကလေ... ` အစချီ၍ ...
` သမီးတို့ လည်း ကုသိုလ်ရအောင် ဆိုပြီးလေ အိမ်ရှေ့လမ်းကနေ ကြွတဲ့ ကိုရင်လေးတွေ၊ ဦးပဇင်းလေးတွေကို မနက်တိုင်း ဆွမ်းချက်လောင်းတယ် သမီးရဲ့။ တစ်ခါတစ်လေတော့လည်း ဘီစကွတ်မုန့် ကလေး၊ အကြော်ကလေးပေါ့လေ။ အဆင်ပြေရာလေးတွေပေါ့။ အမေက တစ်လစာ ဆန်ဝယ်ကတည်းကကို ဆွမ်းအတွက်ဆိုပြီး သပ်သပ် ရည်ရွယ်ပြီး ၀ယ်တာ။ သမီးတို့ ပို့ ပေးတဲ့ငွေနဲ့ ဆိုတော့လေ သမီးတို့ သားတို့ ရဲ့ ကုသိုလ်ပေါ့ ။ `
` သမီးသိတဲ့အတိုင်း အိမ်ဆောက်တုံးကပိုနေတဲ့ အသား အတိုအပြတ်စတွေကလည်း ရှိနေတော့ အမေက အဲဒါလေးတွေနဲ့  မီးမွှေးပြီး မနက်စာ ထချက်တာကိုး။ ဆောင်းတွင်းဆိုတော့ စောစောစီးစီး အချမ်းလဲပြေ၊ အသားစလေးတွေလဲ အလကား မဖြစ်အောင်လို့ လေ။ အမေက စောစောလည်း နိုးနိုးနေတတ်တော့ ။ `
`အဲဒါ တစ်ရက်ကျ ကိုရင်ကြီးတစ်ပါး အိမ်ရှေ့မှာ ဆွမ်းရပ်လို့  လောင်းရာကနေ စပြီး အခုဆို ကိုရင်လေးတွေနဲ့  ပေါင်း အပါး ၃၀ လောက်တောင်ရှိနေပြီ သမီးရဲ့ ။ `
`သမီးသိတဲ့ အတိုင်းပဲ လျှပ်စစ်မီးကလဲ အားမကိုးရတော့ ဒီထင်း ၊ တစ်ခါတစ်လေ မီးသွေးနဲ့ ပဲ အပါး ၃၀ စာ ချက်ရတော့ များများတော့လဲ မလောင်းနိုင်ဘူးပေါ့လေ။ တစ်လုတ်တစ်ဆုတ်ပေါ့။ `
(ကျမစဉ်းစားကြည့်ရာ လူတိုင်းအတွက် ဒီတစ်လုတ်တစ်ဆုတ်စာ ဆန်အတွက် မခဲယဉ်းပါ။ အပန်းမကြီးနိုင်ပါ။ တတ်နိုင်ကြပါလိမ့်မည်။ သို့ သော် အသက် ၈၀ ကျော် အဖွားတစ်ယောက်က နေ့ တဓူဝ မနက် ၅ နာရီခန့် ထပြီး ကိုယ်တိုင်ချက်ဖို့ ဆိုတာတော့ မလွယ်ကူနိုင်ပါ။ ကျမ လွန်စွာကျေးဇူးတင်မိပါသည်။ နောက်ဆက်တွဲ စကားများကြားရတော့ ပိုလို့ ပင် ကျေးဇူးအထူးတင်မိပါတော့သည်။ )
`အဲဒါတစ်ရက် သားဆီက အီးမေးလ်လာတယ်ဆိုလို့ ကိုအောင် ဆိုင်ကို သွားယူတာလေ။ စာထဲမှာ ငါ့သမီး ကိုယ်ဝန်ရှိတဲ့ အကြောင်းလဲပါရော အမေ့မှာ သိဆို စပြီး ဆုတောင်းတော့တာပဲ။ သြော် ငါ့သမီးတို့ မှာ မိဝေး၊ ဘဝေးနဲ့ ၊နောက်ပြီး သားဦးကိုယ်ဝန်၊ အတွေ့ အကြုံက မရှိ၊ နောက်ပြီး နီးစပ်ရာဆွေမျိုးသားချင်းကလဲ မရှိကိုး။ အမေ့မှာတွေးတွေးပြီး ပူလိုက်ရတာ။ ဖြစ်ကြပါ့မလားနဲ့ ပေါ့ ။ `
` အဲဒီနေ့ ကစပြီး ဆွမ်းလောင်းဆို ဆုတောင်းတော့တာပဲ။ ငါးသမီးကျန်းမာပါစေ၊ အဆင်ပြေပါစေ၊ သားကောင်း သမီးကောင်းလေးရပါစေ၊ အဓိက ကတော့ သမီးရေ ကျန်းကျန်းမာမာ ကိုယ်အင်္ဂါံပြည့်ပြည့်စုံစုံပေါ့ သမီးရယ်။ `
`အမေ့မှာလေ ဆုတောင်းတော့ သမီးမရမှာ စိုးလို့ လေ ဟိုငါ့သမီးက တစ်ခြားတိုင်းပြည်မှာဆိုတော့ မရမှာစိုးလို ။့အမေက ဆုတောင်းတိုင်း တစ်ကမ္ဘာလုံးမှာရှိသော ကိုယ်ဝန်ဆောင် မိခင်တိုင်း ကျန်းမာကြပါစေပေါ့။ ဒါမှ ထိရောက်မှာကိုး။ သုတ်တွေလည်း ရွတ်ပေးတာပဲ သမီးရေ မနက်ရယ် ညရယ်မဟုတ်ဖူး သတိရတိုင်းပဲ ။ `
` မွေးဖို့ နီးလာတော့ တစ်ခါ သမီးတို့ က ဟိုမှာပဲ မွေးမယ်ဆိုတော့ အမေတွေးသေးတာ၊ သြော် ဒီမှာ သမီး အစ်ကို ဆရာဝန်တွေ ရှိရဲ့နဲ့  ဘာလို့ များ ပြန်မလာရသလဲပေါ့။ ငွေတွေကလဲ ကုန်လိုက်တာနဲ့ ပေါ့လေ။ နောက်တော့လဲ ဆွမ်းလောင်းတိုင်းသာ သမီးအတွက် ၊ သမီးအတွက်နဲ့  ဆုတောင်းရတော့တာပါပဲ။ နောက်ချောချောမောမောမွေးတယ်ဆိုမှ စိတ်ချရတော့တာပဲ။ ဒါတောင် ကိုယ်တိုင် မတွေ့ ရတော့ ဖြစ်မှ ဖြစ်ပါ့မလား စိတ်ပူရသေးတာ။ `
`နောက်မကြာဘူး သားက အီးမေးလ်ကနေ ဓါတ်ပုံတွေပို့ တော့ ကိုအောင်က ဆိုင်ကနေ တစ်ခါတည်း ပုံတွေ ထုတ်ယူလာတာ ၊ အဲဒီကျမှပဲ စိတ်ချပြီး ငါ့မြေးက လူချောပဲ ဆိုပြီး ဓါတ်ပုံပြ ကြွားတော့တာပဲ။ `
ထိုစဉ် ဘေးနားက အမေ ထထွက်သွားသည်ကို ရိပ်ကနဲ သိလိုက်သလို အတွေးလဲပြတ်သွား၏။ပုံမှန်အသိပြန်ဝင်လာပြီး ကျမ ကြာရှည်စွာ ဘာစကားမှ မပြောဖြစ်မှန်း ကိုယ့်ဟာကိုယ် ရိပ်မိလိုက်၏။ အမေ့ရဲ့ နံ့ သာဖြူ သနပ်ခါး ဖွေးဖွေးမျက်နှာကို ငေးကြည့်နေရင်း လွန်ခဲ့သော အောက်တိုဘာလထဲ လာခဲ့စဉ်က အမေ့ပြောစကားများကို တစ်ကြောင်းချင်း ပြန်လည်တွေးတော နေမိ၍ ဖြစ်ပါသည်။
ထိုစဉ်အခါက အမေ့ စကားရှည်ကြီးဆုံးသွားတော့ ပြန်ပြောစရာ စကား မရှိခဲ့ပါ။ မရှိပါဆိုတာထက် စကားလုံးရှာ မတွေ့ ခြင်းပါ။အမေ နောက်ဖေးသို့  ထထွက် သွားပေမဲ့ ကျမကတော့ စဉ်းစားရင်း ကျန်ခဲ့ပါသည်။
ကျမ ယုံကြည်ပါသည်။ အမေ့ရဲ့  မေတ္တာ ၊ စေတနာ၊ စိုးရိမ်ပူပန်မှု အပြည့်နှင့် ကုသိုလ်ကောင်းမှု အလှူဒါနကို နေ့ စဉ် မပြတ် ဆုတောင်း လောင်းလှူမည်ဆိုတာ စိတ်မှန်းဖြင့် မြင်ယောင် ခံစားနိုင်ပါသည်။
ကျမ ကြည်နူး၊ ကျေနပ် ကျေးဇူးတင်မဆုံးပါ။တကယ်လည်း နှစ်ဘက် မိဘ၊ မောင်နှမ ၊အစ်ကိုများရဲ့  ပို့ သသော မေတ္တာဖြင့် သားလေးကို အဆင်ပြေလွယ်ကူ ချောမွေ့ စွာ မွေးဖွားနိုင်ခဲ့ပါသည်။
တကယ်တော့ ဆွေးမျိုးများတင် မကပါ။ ကျမ၏ သူငယ်ချင်းများလည်း ပါဝင်ပါသည်။ လက်တွေ့ ကြုံခဲ့မှုများ၊ တဆင့်ကြားသိမှုများကို ဖုန်းဖြင့် တစ်မျိုး၊ အီးမေးလ်များဖြင့် တစ်သွယ်၊ စာအုပ်များဖြင့် တစ်လ၊ီ နှုတ်အားဖြင့် ၊ စာအားဖြင့် ကူညီအားပေးခဲ့ကြသော စင်ကာပူနိုင်ငံမှ သူငယ်ချင်းများ၊ မန္တလေးမှ ညီအစ်မသဖွယ်ချစ်ကြသူများ အားလုံးကို အလွန်ကျေးဇူးတင်မိပါသည်။ ဆောင်ရန် ရှောင်ရန် နှင့် လိုအပ်ချက်များကို သိရှိသည်သာမက ခွန်အားများလည်းရရှိခဲ့ ပါသည်။
ကျမတို့  လွန်စွာမှ ကံကောင်းကြပါသည်။ အသက် ၄၀ နားတိုင်သည်ထိ မိဘ၊ညီအစ်ကို၊ ဆွေမျိုးသားချင်းများနှင့် သူငယ်ချင်းများ၏ စိုးရိန်မှု၊ ပူပန်မှု၊ ဂရုစိုက်မှု အပြည့် ရရှိ ခံစားရဆဲမို့ ပါ။
တစ်ယောက်တည်း တွေးတော စဉ်းစားဆဲမှာပင် သား၊ သူ့ အဖေနှင့် အတူနေ သူ့ဦးကြီးတို့ အပြင်က ပြန်ရောက်လာကြ၏။ ဘယ်အချိန်က အပြင်ထွက်သွားကြမှန်း မသိလိုက်ပါ။ သားငယ်ရဲ့အသံ ဆူဆူညံညံ ကြားကတည်းက သူဘယ်လောက်ထိ ပျော်လာသည်ကို ခန့် မှန်းနိုင်ပါသည်။
သားလေးသည်လည်း အလွန်ကံကောင်းပါသည်။ သူသည် ကျမတို့ ထက် ပိုမို၍ပင် ကံကောင်းပါသည်။ ကျမတို့ တုံးကထက် ပိုသော အချစ်များ၊ ဂရုစိုက်မှုများ ရရှိနေ၍ပဲ ဖြစ်ပါသည်။
ကျမအထက်ပါ အကြောင်းများကို ရှည်ရှည် လျားလျား ပြန်စဉ်းစား တွေးတော သုံးသပ်မိသည်မှာ အမေက ပြောပြ ၍့ မနက်တိုင်း ဆွမ်းလာခံသော ကိုရင်လေးများ အကြောင်း ထပ်မံ သိလိုက်ရသောကြောင့် ဖြစ်ပါသည်။ အတွေးရှည်ကြီး မစခင် အမေနှင့်ပြောဖြစ်ခဲ့သည်က ဆွမ်းလောင်းသည်နှင့် ပတ်သတ်သည့်အကြောင်းသာပင်။ သို့ သော် ဒီတစ်ခါက ဆွမ်းလောင်းသည် နှင့် ဆက်စပ်သော ကိုရင်လေးများ အကြောင်း ဖြစ်ပါသည်။
အမေနှင့် ကျမ အပြန်အလှန် ပြောဖြစ်ခဲ့ကြသည်က...
`သမီးရေ အမေကလေ သမီး ကလေးမီးဖွားပြီးပြန်တော့လည်း ဆွမ်းလောင်းတော့ မပျက်ဖူး။ နေမကောင်းလို့ မချက်နိုင်ရင်တောင် ကိုအောင့်ကို မုန့် ကလေး၊ ဘာလေး ကြိုဝယ်ခိုင်းပြီး လောင်းဖြစ်သေးတယ်။ `
ကျမ ဘာမှ မပြောပဲ နားထောင်နေမိသည်။ အမေက ဆက်၍
`ကိုရင်လေးတွေကလဲ သိနေပြီ။ အိမ်ရှေ့ ဆွမ်းအုပ် မရှိလဲ ရပ်တာပဲ။ တစ်မျိုးမဟုတ် တစ်မျိုးလောင်းမှန်း သိနေတာကိုး။ အဲဒီတော့ အမေလဲ အပျက်မခံပဲ လောင်းဖြစ်နေရောပဲ သမီးရေ။ `ကျမ ယုံကြည်ပါသည်။ မပြတ်အောင် မရှိ ရှိတာနဲ့ လောင်းသည်ဆိုသည်ကို။
`မွေးပြီးတော့လဲ တစ်မျိုးပူရတာပါပဲ။ သားဦးဆိုတော့ ပြုစုတတ်ပါ့မလား။ တစ်ယောက်ယောက်များ နေမကောင်းဖြစ်ရင် လူပိုလဲ မရှိနဲ့ ။ ဘယ်လိုများ လုပ်ကြမှာ ပါလိမ့်ဆိုပြီး။ ပူတတ်ရင်တော့လဲ ပူချင်စရာချည်းပေါ့လေ။ `
အမေမှ မဟုတ်ပါ။ ကျမကလဲ ပေါင်းစုံတွေး ပူပင်တတ်သူမို့ အဝေးကနေ တွေးပူမှာ သိပါသည်။
`အဲဒါတစ်နေ့ ဆွမ်းလောင်းနေရင်း ခါတိုင်း လာနေကြ ကိုရင် ခပ်ကြီးကြီးလေး မပါလာတာ သတိထားမိပြီး မေးမိတော့ အဲဒီထဲက ဗမာစကား နားလဲလည် ပြန်လဲပြောတတ်တဲ့ ကိုရင်လေးက သူပြန်သွားတာ သူပုန်သတ်လို့ သေပြီ ဆိုပြီး တုံးတိတိနဲ့ ပြန်ပြောတယ် သမီးရဲ့ ။ `
အမေ့ စကားအဆုံး ကျမအံ့သြသွား၏။ မိတ္ထီလာမြို့ က ကိုရင်လေးများက ဗမာစကား မတတ်ဘူးဆိုသည်ကိုး။ နောက်ပြီး ပို ၍ အံ့သြသွား၏။ သူပုန်သတ်လို့ သေပြီ ဆို ၍ ပါ။ တကယ်တော့ အံ့သြတာထက်ပိုပါသည်။ ပြောမပြတတ်တော့ပါ။ သို့ ဖြင့် ကျမက `သူတို့ က ဗမာစကားမတတ်ဘူးလား ` မေးမိတော့
`ဟုတ်တယ် ခပ်ကြီးကြီးလေးတွေပဲ နဲနဲပါးပါး တတ်ကြတာ `
`ဟင်..ဘာလုပ်တုံး `
`သူတို့ က တောင်ပေါ်ရွာလေးတွေက လာကြတယ် ပြောတာပဲ။ ရှမ်းတို့ ပအို့ တို့ လို့ ထင်တာပါပဲ
အင်း..သေချာတာကတော့ အမေ သေသေချာချာ မသိခြင်းပါ။ ရပါသည်။ယခု ကျမသိချင်နေသည်က သူတို့ ဘာလူမျိုးလဲ ဆိုသည်ထက် သူပုန်သတ်လို့ သေပြီဆိုသော အကြောင်းကိုပင်။ဆက် ၍ ကျမက
`သူပုန်သတ်လို့ ` ဟုမေးမိတော့ အမေက..
`သူတို့ လေးတွေလာကတည်းကိုက သူပုန့် ရန်ကြောက်လို့ တဲ့။ မိဘတွေက သူတို့ နဲ့ မထားပဲ ဒီဘုန်းကြီးဆီပို့ ထားကြတာတဲ့`
`ဘာဖြစ်လို့ ကြောက်ရတာတဲ့တုံး`ကျမ ဆက်သိချင်နေမိသည်။ ဒီတော့ အမေက..
`အမေလဲ သေသေချာချာ မသိပါဘူး။ သူတို့ တွေက ဗမာစကားကလဲ ရည်ရည်လည်လည် မပြောတတ်ကြတော့ စကားကောင်းကောင်း မပြောဖြစ်ဘူး သမီးရဲ့ ။သူတို့ ကလဲ ဘာမှမပြောကြဘူး။ ဆွမ်းခံပြီးဆို ပြန်ကြွသွားတာပဲ`
အင်း..ဖြစ်နိုင်ပါသည်။ ဘာကြောင့်ဆို ဆွမ်းလောင်းလှူနေသည်မှာ လပေါင်းများ ၍ နှစ်ပင် ရှိတော့မည် ခုချိန်ထိ ဘာမှမသိဆို ၍ပင်။ စကားပြောဖြစ်ရင်တော့လဲ တစ်ခွန်းစ နှစ်ခွန်းစပါလာမှာပင်။
ကျမမှာတော့ သူပုန်သတ်လို့ ဆိုသော စကား နားထဲက မထွက်တော့ပါ။ရခဲလှသော လူ့ အသက်တစ်ချောင်းကို ရက်ရက်စက်စက် သတ်တယ်ဆိုသည်ကို...ဘယ်လိုနည်းနဲ့ မှ အကြောင်းရင်းကို စဉ်းစားမရပါ။ စဉ်းစားရင်း စိတ်မကောင်းသာ ဖြစ်ရပါတော့သည်။ ကျမမှာ စဉ်းစားရင်း စဉ်းစားရင်း အတွေးတွေသာ ပိုပိုများလာပါတော့သည်။
ထို့ ပြင် ကျမ သေသေချာချာ သိချင်ပါသေးသည်။ သူပုန်ဆိုသူတွေက ဒီကိုရင်လေးတွေရဲ့ အသက်ကို ဘာကြောင့်များ ယူချင်ကြရပါလဲ။ နောက်ပြီး သိရသည်က ယောက်ကျားလေးတွေမှတဲ့။ ဒါဆို ဒီကိုရင်လေးတွေရဲ့ အဖေများကြတော့ရော..။ ချမ်းသာပေးကြသလား။ စဉ်းစားရုံသာပါ။ အဖြေပေးနိုင်မည့် သူလဲ မရှိပါ။
တကယ်လို့ ဘုန်းကြီးကျောင်း လိုက်သွားပြီး မေးရရင်ရော...။ ကောင်းပါ့မလား။ ပြောရော ပြောချင်ပါ့မလား။ သိချင်တဲ့သူ အတွက် အမေးလွယ်ပေမဲ့ သူ တို့အတွက်က အဖြေခက်နေမည်လား။ သေချာတာကတော့ စိတ်မကောင်းစရာမို့ အလွယ်တကူ နဲ့ တော့ ပြောပြချင်မည် မဟုတ်ပါ။
ကျမတစ်ယောက်တည်း စဉ်းစားကြည့်လိုက် အဖြေရှာကြည့်လိုက်နှင့် စိတ်တွေရှုတ်လာတော့သည်။
သားလေးနေ့ လည် အိပ်ချိန်တန်၍ သိပ်ဖို့ ပြင်ရတော့သည်။ သူအိပ်သွားတော့ သူ့ ကိုကြည့်ရင်း ကိုရင်လေးများအကြောင်း ခေါင်းထဲ ၀င်လာပြန်သည်။
သားငယ်နှင့် ယှဉ် စဉ်းစားနေမိ၏။ ချစ်ခင်ကြ၊ အလိုလိုက်ကြသော ဦးကြီးများ၊ ဆွေမျိုးများ ၀ိုင်းဝိုင်းလည်နေသော မောင်ညီသန့် လိုပင် ဒီကိုရင်လေးများ သူတို့ မြို့ ရွာပြန်သွားပါက ရှိပါ့မလား။ နောက်ပြီး မိဘများကရော မလွမ်းကြဘူးလား။ မတွေ့ ချင်ကြဘူးလား။ အတူတူမနေချင်ဘူးလား။ မေးစရာ မလိုပါ။ အားလုံးမှာ ဆန္ဒတွေရှိကြမှာပါ။ မတတ်နိုင်လွန်းလို့ သာဖြစ်ပါလိမ့်မည်။
ကျမ ကိုရင်လေးများကို ထပ်တွေ့ ချင် ၊သူတို့ အကြောင်းထပ်သိချင်ပါသေးသည်။ မနက်ဖြန် ဆွမ်းလောင်းအမှီ စောစော ထရပါလိမ့်မည်။ ကျမ မနက်ရောက်ဖို့ စိတ်စောစွာ တစ်နေ့ တာ ကုန်ခဲ့ပါတော့သည်။
။ = ။ = ။ = ။ = ။ = ။
မနက် ကျမနိုးတော့ ဆွမ်းအုပ်က တင်နေကျ ခုံလေးပေါ်မှာ အဆင်သင့်။ သားနှင့် သူ့ အဖေက အိပ်တုံး။ မျက်နှာမသစ်ဖြစ်ပဲ ပက်လက်ကုလားထိုင်ပေါ်ထိုင် စောင့်နေမိသည်။
မကြာပါ ကိုရင်လေးများ ၃၊၄ ပါးစီ ကြွလာကြသည်။ ကြွလာသည်ဆိုသည်ထက် သုတ်သုတ် သုတ်သုတ်ဖြင့် မပြေးရုံတမယ် လှမ်းလာခြင်းသာ။
အိမ်ရှေ့ ၀င်းဝရောက်မှသာ အရှိန်လျှော့ ၍ ဖြေးဖြေးလှမ်း ၀င်လာကြတော့သည်။ ပထမ၃၊၄ ပါးကတော့ ပုံမှန်ပင်။ သူတို့ က ဘယ်လက်ဖြင်ပွေ့ လာသော သပိတ်ကို ရှေ့ထိုးပေး၊ အမေက ဆွမ်းကိုလောင်း လိုက်ခြင်းသာ။ သပိတ်က ဘာအဖုံးမှမပါ။ ဆွမ်းခွက်ပါ မပါတော့ မမြင်ရ၍မသိပါ။
ကိုရင်လေးများ ကြွလာရာလှမ်းမျှော်ကြည့်တော့ ၁၀ပါး ၁၅ပါး အတန်းလိုက်ကြွလာတာ မြင်နေရပါသည်။စနစ်တကျ မဟုတ်။ ၃၊၄ ပါးတစ်စု။၃၊၄ ပါး တစ်စုစီ။နောက် ၃၊ပါးရောက်လာတော့ ညာလက်က ပလပ်စတစ်ဟင်းခွက်ရောင်စုံကလေးတွေ ကိုင်လို့ ။ အဖုံးပါသူရော၊ မပါသူရော။ ထိုတစ်ဖွဲ့ပြီးသွားတော့ မရှိတော့။ လာရာလမ်းကို လှမ်းကြည့်တော့ ကျောင်းဆီမှ တရွေ့ ရွေ့ ကြွလာနေသေးသည်ကို သရက်ပင်များကြားကနေ မြင်နေရလေသည်။
ထိုစဉ် အမေက..
`သမီး နောက်တစ်ဖွဲ့ လာရင်ကြည့်ထား။ သူတို့ ခေါင်းပေါ်မှာ ဖြုတ်အုပ်စုက ၀ဲပြီးပါလာတာ။ ပြီးကျ အိမ်ဝိုင်းထဲ ကျန်ခဲ့ရော။ အဲဒါ လမ်းက ပါလာတာနေမှာပေါ့။ တစ်ခါတစ်လေကျ အမေ့မှာ ကြည့်ပြီးရီနေရတယ်။`
`နောက်ပြီး သူတို့ ဝတ်ထားတဲ့ အနွေးထည်လေးတွေကြည့်ထား။ အရောင်စုံပဲ သမီးရေ။ သိုးမွှေးလဲပါရဲ့ ။ ချည်ထည်လဲ ပါရဲ့ ။ဖလန်ထည်လဲပါရဲ့ ။ အဲဒါလေးတွေ ၀တ်ထားလို့ လဲနွေးတာပေါ့။ သို့ မို့ ဆို ဆောင်းက အေးကအေးနဲ့ ။ အမေ သေချာကြည့် ကြည့်တာ အမယ် သိုးမွှေးထည်တွေက အရောင်စုံ၊ ဒီဇိုင်းစုံနဲ့ ။ အမေ့အထင် လေဘေးထည်လေးတွေလိုပဲ။ လှူတဲ့သူကလဲ အဆင်ပြေရာပေါ့လေ။ဒါမှ မဟုတ်လဲ ဆွမ်းလောင်းတဲ့အိမ်တွေက အဟောင်းထည်လေးတွေ လှူထားတာလဲ ဖြစ်နိုင်တာပေါ့။`
အမေက သူတွေ့ ထား၊ မြင်ထားတာလေးတွေ ပြောပြတော့ သူတို့ အကြောင်းသာမကတော့ သူတို့ ဝတ်စားထားတာပါ ကြည့်ဖို့ အမှတ်ရသွား၏။ ခဏနေတော့ တစ်ပါးပြီး တစ်ပါး ရောက်လာကြတော့သည်။ ဒီတစ်ခါတော့ ထိုင်ရာက ထ၍ အနီးကပ် ဆွမ်းလောင်းရာနား သွားကြည့်မိတော့သည်။ အသက်ရန်ကြောက်ကာ အညာမြို့ လေးမှာ လာရောက်ကွန်းခိုနေသူလေးများ အဖြစ်ပါ ပို၍ ဂရုစိုက်မိရသည်။ နောက်ပြီး သူတို့  မျက်နှာကို ကြည့်၍ သူတို့ ခံစားမှုကိုလည်း ဖတ်ကြည့်ချင်သေးသည်။ ငယ်လွန်းတော့ သူတို့ ခံစားမှုက မျက်နှာမှာ ရိုက်ခတ်နေပါ့မလား။
သူတို့သပိတ်၊ဆွမ်းခွက်နှင့်ဆွမ်းခံပုံကဘာမှမထူး။ အတူတူပင်။ အရွယ်လေးတွေကလည်း ရွယ်တူကများ၏။ အရပ်နှင့် ကိုယ်လုံးကြည့်၍ ၈နှစ်နဲ့  ၁၃၊၁၄နှစ် ကြားဟုထင်မိ၏။ အနွေးထည်လေးများကလည်း အမေပြောထားတာနဲ့  သေချာကြည့်တော့ ကျမအမြင်ကလည်းအမေနဲ့ တစ်ထပ်တည်း။
ဖြုတ်တစ်ဖွဲ့ ကလည်း သူတို့ ခေါင်းပေါ်မှာ တ၀ဲဝဲ။ ခေါင်းထက်မှာ ဖြုတ်က၀ဲသလို တစ်ခေါင်းလုံးကလဲ ဒက်အနာလေးတွေက အပြည့်။ နောက်သူတို့ သင်္ကန်းတွေကို အကြည့်ရောက်တော့ အရောင်ခပ်မွဲမွဲကို ညာလက်အောက်ကရှိုပြီး ဘယ်ပုခုံးပေါ်မှာ ထုံးချည်ထားတာတွေ့ ၍ အော်..အရွယ်လေးတွေက ငယ်လိုက်ကြတာ သင်္ကန်းတောင် ကောင်းကောင်း မရုံနိုင်ကြသေးပါလားလို့ တွေးနေမိ၏။ သင်းပိုင်များကလဲ အောက်အနားလေးတွေက အလိတ် အလိတ်တွေနဲ့ ။ အထက် အောက် လှည့်ဝတ်ထားပုံမျိုး။ သူတို့ ပြန်ကြွသွားကြတော့ ကျမ အမေ့ကို ချက်ချင်းပင် မေးပြော ပြောဖြစ်တော့သည်။
`ဒီကိုရင်လေးတွေက ငယ်လိုက်ကြတာနော်။ ဟို..သူတို့ တွေ ဆွမ်းခံကြွရင် သင်္ကန်းကို လက်ကန်တော့ထိုးရတယ်လို့ ကြားဘူးတာ။ သေချာတော့လည်း မသိပါဘူး။ အဲဒါ ဒီကိုရင်လေးတွေက အဲလိုလဲ မရုံကြဘူး။ ငယ်လွန်းလို့  သင်္ကန်း မနိုင်လို့ ထင်တယ်နော်။`
ကျမက အဲလိုလဲပြောရော အမေက ပြောတော့တာပါပဲ။
`မဟုတ်ဘူး သမီးရေ မနိုင်လို့ မဟုတ်ဘူးရယ်။ အမေ့ အထင်တော့ မလောက်လို့ ထင်တာပါပဲ။ အကြီးတစ်ထည်ကို နှစ်ပိုင်းဖြတ်ပြီး နှစ်ပါးရုံရတယ် မှန်းတာပါပဲ။ သမီးမြင်တဲ့အတိုင်းပဲ ကိုယ်လုံးကို ပါတ်မိရုံနဲ့ ပုခုံးပေါ်မှာချည်ထားရတာ။ ပုံမှန် သင်္ကန်းသာဆို သူတို့ ဒီလို ဘယ်ထုံးထားမှာလဲ။နောက် တစ်ကိုယ်လုံးကိုလည်း ရုံမိမှာပေါ့။ ဒါကြောင့်လဲ လက်နှစ်ဖက်လုံးနဲ့ ဘယ်လက်အောက်ကစ အောက်ထိ သင်္ကန်းလွတ်နေပြီး သူတို့ ဝတ်ထားတဲ့ အနွေးထည် ရောင်စုံလေးတွေကို အတိုင်းသား မြင်နေရတာပေါ့။ `
အမေပြောလိုက်မှ ဆက်စပ်မိသွားတော့သည်။ အမှန်အတိအကျ မဟုတ်နိုင်ပေမဲ့ ဖြစ်နိုင်ပါသည်။ သူတို့ မျက်နှာလေးတွေကို သတိတရနှင့် ကြည့်မိတော့ ခံစားမှုမရှိ ဗလာနတ္ထိ။
ခဏနေတော့ ကိုရင်လေးတွေလဲ ကုန်လုပြီမို့  အမေက အိမ်နောက်ဖေးဝင် မနက်စာ စားဖို့ လုပ်တော့သည်။ကျမလည်း တစ်နေ့ တာ လုပ်ငန်းစဖို့ ပြင်ရတော့သည်။ ဆွမ်းလောင်းသည့်အကြောင်း စိတ်ကရောက်သွားပြန်တော့ ဆွမ်းဟင်းလောင်းချင်စိတ်များပေါ်လာ၏။ အမေ့ကိုပြောပြတော့
`ကောင်းတာပေါ့ သမီးရယ်၊ အမေကလည်း ဖြစ်နိုင်ရင် လောင်းချင်တာ။ သူတို့ တွေ ဆွမ်းဟင်း များများမရရှာကြဘူးရယ်။ အမေကလည်း ချက်ရတာ မနိုင်တော့ စိတ်ရှိပေမဲ့ မလောင်းဖြစ်ဘူး။ အဲဒါဆို ကိုရင် တစ်ပါးပါးတော့ကျန်အုံးမယ်ထင်တယ်။ အမေ စောင့်ပြီး သတင်းပေးလိုက်အုံးမယ်။ ကြည့်နေ ပြောလိုက်ရင် တအားပျော်သွားကြမှာ။`
ပြောပြီး အမေ အိမ်ရှေ့ထွက်စောင့်တော့ ကျမပါလိုက်စောင့်နေမိသည်။ သားငယ်တို့ သားအဖက အိပ်တုံးဆိုတော့ အချိန်ရပါသေးသည်။ တအောင့်နေတော့ ၁၄နှစ်အရွယ်လောက် ကိုရင်တစ်ပါး အိမ်ရှေ့က ဖြတ်အသွား အမေကလှန်းခေါ်ပြီး မနက်ဆွမ်းဟင်းပါလောင်းမှာမို့ လာဖြစ်အောင် လာဖို့ ပြောလိုက်ရာ ပြုံးသွားပြီး...
`ပဲပုတ်ကို ငရုတ်သီးစပ်စပ်နဲ့ ကြော်ပါ။ စပ်စပ်မှ ဆွမ်းအများကြီးစားဝင်တာ`ဟု ပြောကာ လှည့်ထွက်သွားတော့သည်။
သို့ ဖြစ်၍ အမေ နဲ့ တိုင်ပင်ကာ သူ တို့ လေးတွေ ပါကြိုက်မည့် ၀က်သားကို အာလူးနှင့်ရော၊ နောက်ပြီး ကိုရင်လေးပြောသွားသော ပဲပုတ်ကို စပ်စပ်ကြော် လောင်းရန် ဆုံးဖြတ်လိုက်သည်။
ကျမလည်း သားလေးတို့ တွေထကြပြီမို့ လုပ်စရာရှိတာလုပ်၍ မနက်စာ စားပြီး ဈေးဝယ် သွားဖို့ ပြင်ကြတော့သည်။
ဈေးကပြန်လာတော့ အပါး၃၀ စာ ၀က်သားတုံး ခပ်ရွယ်ရွယ် ၉၀ ကို အာလူး အတုံးသေး၉၀နဲ့ ရော ချက်ထား၊ ပဲပုတ်အစိုကို ပဲပြားနဲ့ ရော ကြော်ထားပြီး မနက်အတွက် အဆင်သင့် ပြင်ထားလိုက်တော့သည်။
တနေ့ တာ ပုံမှန်လည်ပတ်ရင်း မနက်ဆွမ်းလောင်းဖို့ ကို စိတ်ကူးထဲမှာ မြင်ယောင်ကြည့်နေမိသည်။ မနက်ရောက်ဖို့ စောင့်ရတာကြာသလိုပင်။
အဖေကလဲ သူ့ အစ်ကိုများနှင့် ညီအစ်ကိုတစ်တွေဆုံတုံး ပြောမကုန်၊ သားလေးကလဲ သူ့ ဦးကြီးများနှင့် ဆော့မဆုံး တစ်နေ့ တာလုံးပင်။ ဒီလိုနှင့် ညရောက် အိပ်ရာဝင်လိုက်ကြတော့သည်။
No comments:
Post a Comment