Showing posts with label တောင်တောင်အီအီ. Show all posts
Showing posts with label တောင်တောင်အီအီ. Show all posts
Friday, August 15, 2014
Friday, January 27, 2012
သည်ည ကဗျာရေးပါဦး
အနုပညာရှင်တယောက်..
သူသိပ်မြတ်နိုးခဲ့တဲ့ သူ့ရဲ့ဖန်တီးမှူ့တွေထဲကတခုအတွက်..
အပြင်လူတယောက်အတွက်တော့ သူ့ရင်ထဲက ခံစားချက်တွေကို မှန်းရခက်ပေမဲ့..
အသံအဖြစ်ပြောင်းလဲသွားခဲ့တဲ့စကားလုံးတွေထက်..
အသံအဖြစ် မပြောင်းလဲပဲတည်နေခဲ့တဲ့ မျက်နှာပေါ်က အရိပ်တွေဟာ..
ပိုမြင်သာပါလိမ့်မယ်။
Wednesday, January 11, 2012
ဈေးပွဲတော် ၃
ဒါကတော့ အာဖရိက ဈေးရုံလေးပါပဲ။
အ၀င်ဝမှာ တစ်ယောက်က အရုပ်တခု လုပ်ပြနေတယ်။ အောက်က အတိုအစပုံ ကိုကြည့်ရတာ အတော်ပြီးနေပြီးသားကိုမှ အချောသပ်နေတာဖြစ်ပုံရပါတယ်။
အထဲမှာတော့ များသောအားဖြင့် အရုပ်တွေ။ ( ဒီလူက ရုပ်ရှင်မင်းသားတယောက်နဲ့ တူတယ်ထင်တယ် )
အစွယ်တွေ ထင်လိုက်မိသေးတယ်။ နောက်မှ ဒီလိုထားတဲ့ပုံထောက်တော့ အစွယ်အစစ် မဟုတ်လောက်ပါဘူးလေ ဆိုတဲ့ အတွေးဝင်လာမိတယ်။ အဲ့ဒီ့အတွေးနဲ့တင် ကျေနပ်ပြီး စေ့စေ့စပ်စပ် မကြည့်ခဲ့တော့ဘူး။
နောက်တနေရာက ယီမန်..
အထဲမှာ ဟင်းခပ်အမွှေးအကြိုင်တွေ အားရပါးရ ရောင်းနေတာ တွေ့ပါတယ်။ သူတို့ ရိုးရာဝတ်စုံကိုက ကျွတ်ဆင်ကြီး၊ ခါးကြားမြှ ဓါးကောက်ထိုးလျှက် …
ပျားရည်တွေ့လို့ စပ်စုမိပါတယ်။ အတော်ဈေးချိုတာပဲ။ ပျားရိုင်းတွေဆီက ရတယ်ဆိုပါတယ်။ အရသာ မြည်းလို့လဲရတယ်။ ၇၀ မီလီမီတာလောက် ဘူးဝိုင်း ( အဖုံးပါ အပါအ၀င် ၈၀ မီလီမီတာခန့်အမြင့် ) တဗူးအပြည့်မှ ၂၀ တဲ့ ( ဒေါ်လာ= ၂၀/ ၃.၆၈ )
နောက် ဗီယက်နမ်.. အ၀င်ပေါက်ဘေးမှာ သီးသန့် ရိုးရာ တူရိယာ ဖျော်ဖြေပွဲလေးနဲ့။ တယောလို သံရယ်၊ ၀ါးပတ္တလားသံရယ်၊ ပလွေရယ်သံရယ် ပေါင်းထားတဲ့ အသံလို့ပဲ ပြောပါတော့။
ကြည့်နေဆဲမှာ ကျွန်တော် မအီမသာဖြစ်လာတယ်၊ နောက် နေရထိုင်ရ ပိုခက်လာတယ်။ အသက်ကလေးက ရလာပြီလေ..။ ကြာရင် ပိုဆိုးလာမယ် သိလို့ ပြန်ဖို့ စိတ်ကူးရတော့တယ်။ နောက်ထပ်သွားဖြစ်မှပဲ ကျန်တဲ့ နိုင်ငံတွေက ဆိုင်တွေအကြောင်း အသေးစိတ်ထပ်ရေးပါ့မယ်။
ဂိတ်ကနေ အပြင်လှမ်းထွက်လိုက်တော့ စိတ်ထဲ မကောင်းဖြစ်သွားသေးတယ်။ ဂိတ်ကြေးတဆယ် ဒီမှာတင် ဆုံးသွားပြီလေ..

Tuesday, January 10, 2012
ဈေးပွဲတော် ၂
အဲဒီ့ ၃ နိုင်ငံနဲ့ဆိုင်ရာ ဈေးရုံလေးတွေ ထဲ ပတ်ပြီးတော့ ကျွန်တော် အလယ်က ကွင်းပြင်ဆီ လျှောက်လာခဲ့ပါတယ်။ ကွင်းအလယ်မှာ စဉ်လေးတခုရှိပြီး အဲဒီ့မှာ နိုင်ငံပေါင်းစုံက ယဉ်ကျေးမှူ့အဖွဲ့တွေ သူ့ရက်နဲ့ သူ၊ သူ့အချိန်နဲ့သူ အလှည့်ကျ ဖျော်ဖြေပေးလေ့ရှိပါတယ်။
စဉ်ရှေ့ရောက်ခိုက်မှာပဲ ကြေငြာသံပေါ်လာတာက အီကွေဒေါနိုင်ငံက အဖွဲ့တခုက သီချင်းရယ်၊ အကရယ်နဲ့ ဖျော်ဖြေပေးမှာဖြစ်ပြီး ငါးမိနစ်နေရင် စမယ်ဆိုပါတယ်။ ဒါနဲ့ ကျွန်တော်လဲ စောင့်နေတော့တာပေါ့။
စတော့ အတော်သဘောကျမိပါတယ်။ အဆိုရယ်၊ ဂစ်တာရယ်၊ ကီးဘုတ်ရယ်၊ Drum ရယ်၊ ပလွေတလက်ရယ် သွက်သွက် မြူးမြူးနဲ့၊ အမျိုးသမီးတယောက်ကလဲ သီချင်းနဲ့ အတူကတယ်။
ပုံထဲမှာ ခါးမှ ထိုးထားတဲ့ ပ၀ါ အနီလေးကို အစွန်းနှစ်ဖက်က ကိုင်ပြီး ဟိုဟိုဒီဒီပြေးကလိုက် ၊ ခါးကြားထိုး ကလိုက်နဲ့။ အဲ .. သီချင်းလဲ ဆုံးရော အဲဒီ့ပ၀ါ အနီလေးကို ကလေးလေးအလား ပွေ့ရင်းနဲ့.. ( သရုပ်ပေါ်မယ်ထင်တာပဲ.. )
နောက်တပုဒ်မှာ နောက်တယောက် ထွက်ကပါတယ်။ လှတပတလေး..
စပြီးကတဲ့အခါ အရင်တယောက်အတိုင်းပဲ ခက်သွက်သွက်၊ ဂါဝန်စ ကို ကိုင်ရင်း နဲ့ ကပါတယ်။ သီချင်းအလယ်လောက်ရောက်တော့ ခနထိုင်ပြီး ရေချိုး အလှပြင်တဲ့ ပုံ လုပ်ပါတယ်။ ( အရွယ်ရောက်လာပြီ သရုပ်ဖေါ်လေသလားပဲ ) အဲဒီ့နောက် ပြန်ထကတော့ အရင်လို မဟုတ်တော့ သိမ်သိမ် မွေ့မွေ့နဲ့ ( လက်ပုံစံက ဘဲလေးအကနဲ့ အတော်တူအောင် ) သီချင်းဆုံးတဲ့ အထိ ကသွားပါတယ်။
ဒီတယောက်ကို မျက်နှာလိုက်တဲ့အနေနဲ့ နောက်တပုံထပ်တင်လိုက်အုံးမယ်..
နောက်ဆုံး အပုဒ်မှာတော့ နှစ်ယောက် အတူ။ စစချင်း ရှေ့ကတယောက်ထိုင် ဂါဝန် အစကို ကိုင်ပြီးအပ်နဲ့ ချုပ်နေတဲ့ပုံ၊ သူ့နောက်က တယောက်ကထိုင်ပြီး နောက်ကျောဘက်ကနေ ချုပ်ပေးနေတဲ့ပုံ လုပ်နေတယ်။ နောက်တော့ နှစ်ယောက်လုံး အ၀တ်အစား တကိုင်ကိုင်နဲ့ ကတော့တာပဲ။ ( အ၀တ်အစားသစ်ရလို့ ၀မ်းသာတယ် ပြချင်တာထင်တယ် ) ဒီလို ဖြစ်တဲ့အထိ ကသွားပါတယ်..
တခုအံ့သြမိတာက လူလောက်လူအများကြီးကြားထဲ ဘယ်လိုလုပ် တွေ့အောင်ရှာနိုင်တယ် မသိ..
နောက်ဖွဲ့က ယီမန်အဖွဲ့.. ဗုံနဲ့ လူလေးယောက်က ဓါးတရမ်းရမ်းနဲ့ ကတယ်။ ဘယ်ရမလဲ လစ်တော့တာပေါ့..
ဒီစဉ်နဲ့ မလှမ်းမကမ်းမှာ ကွန်တိန်နာတွေချထားပြီး အပေါ်မှာ ဒီလိုအလုံးတခုတင်ထားတာ တွေ့ရပါတယ်။ ဒါနဲ့ သွားကြည့်တာ ဆိုင်ကယ် ငါးစီးလဲတွေ့တယ်ဆိုတော့ ( သေချာပါပြီ )ကျွန်တော်တို့ဆီက ဆပ်ကတွေထဲကလို ကမ္ဘာလုံးထဲ ဆိုင်ကယ်စီးမယ်ထင်တာပဲ။ မေးကြည့်တော့ စတော့မယ်တဲ့။ ဒါနဲ့ ဆိုင်ခန်းတွေဆီပြန်မသွားသေးပဲ စောင့်နေပါတယ်။
စတော့ လူလေးယောက် ဆိုင်ကယ် ၄ စီးနဲ့ ကွန်တိန်နာ အမိုးပေါ် တက်သွားတယ်။ ကျန်တဲ့တစီးကို အပေါ်တင်ပြီး ရပ်ထားတယ်။ နောက် မကြာပါဘူး တယောက်ပြီးတယောက် ကမ္ဘာလုံးထဲဝင်ပြီး စီးကြတာ ၄ ယောက်လုံး တပြိုက် စီးတဲ့အထိ ဖြစ်လာတယ်။ သိပ်မကျယ်လှတဲ့အထဲ ၄ ယောက် စီးကြတာဆိုတော့ ချိန်သားကိုက်ဖို့ အတော်လေ့ကျင့်ထားကြပုံပေါ်ပါတယ်။
၅ယောက်မြောက် နောက်ဆုံးတယောက်က အဲဒီ့အချိန်ရောက်မှ ကွန်တိန်နာထဲက ထွက်လာပြီး အပေါ်တက်လာတယ်။ အမျိုးသမီးဗျ။ ပြီးတော့ ၅ ယောက်လုံး တပြိုက်နက် စီးပြပြီး အထိအခိုက်မရှိ ပွဲပြီးသွားပါတယ်။
ဒီတော့မှ ကျွန်တော်လဲ ဆိုင်ခန်းတွေဆီ ပြန်လှည့်ဖြစ်တော့တယ်…

Monday, January 9, 2012
ဈေးပွဲတော်..
အခုအချိန် ဒူဘိုင်းမှာက ဈေးရောင်းပွဲတော်အချိန်၊ ခေါ်ကြတာကတော့ Dubai Shopping Festival ( DSF )၊ အချိန်အားဖြင့် တလ၊ ပုံမှာပါတဲ့အတိုင်းပါပဲ။
ရောင်းတဲ့သူတွေကလဲ နည်းမျိုးစုံပဲ လျှော့ရောင်းကြ၊ တွဲရောင်းကြနဲ့ မက်လောက်စရာအခင်းအကျင်း၊ ၀ယ်တဲ့သူတွေကလဲ အားရပါးရ၀ယ်နဲ့။ ကျွန်တော်ကတော့ ဘယ်ဖက်ကမှ မပါဘူး။
ဒီလိုပဲ ဒူဘိုင်းမြို့ပြင်တနေရာမှာ ( အနီးနားမှာ အိမ်ယာ စီမံချက်တွေရှိသော်လဲ မပြီးပြတ်သေးလို့ မြို့ပြင်လို့ပဲ ပြောနိုင်သေးပါတယ် ) Global Village ဆိုပြီး ဈေးပွဲတော် တခုကိုလဲ ကျင်းပနေပါတယ်။ သူကတော့ DSF ကို အခြေခံထားတယ်ဆိုပေမဲ့ အချိန်ပိုယူထာားပါတယ်။ နိုဝင်ဘာလ ၁ ရက်နေ့ကနေ မတ်လ ၃ ရက်နေ့အထိတဲ့။ ရောင်းပေတော့ပဲ။
ပြီးခဲ့တဲ့ သောကြာနေ့က ကျွန်တော် အဲဒီ့ကို သွားဖြစ်ခဲ့ပါတယ်။ အရင်နေ့တွေမှာ စိတ်ကူးထားတာက ကားမကျပ်ခင် စောစောသွားပြီး အဲဒီ့မှာ အေးအေးဆေးဆေးနေမယ်ပေါ့။ ပိတ်ရက် ထုံးစံအတိုင်း လူစည်နေလိမ့်မယ်၊ စောလေ ကောင်းလေပေါ့။ စဖွင့်တာက ၄ နာရီဆိုတော့ ၅ နာရီလောက် အိမ်ကထွက်ရင် အဆင်ပြေနိုင်မယ်ပေါ့။
သို့သော် ပိတ်ရက်တို့ထုံးစံအတိုင်း နေ့လည်စာ ၂ နာရီကျော်မှာစား၊ ပြီးတော့ စာအုပ်တအုပ်ဖတ်ရင်းနဲ့ မထင်ပဲ အိပ်ပျော်သွားရာက နိုးတော့ ၆ ခွဲနေပြီ။ အရင်လို အဆင်မပြေနိုင်တော့ဘူးဆိုတာသိပေမဲ့ ဒီလိုပိတ်ရက်တွေမှ လုပ်လေ့ရှိတဲ့ သူတို့အခေါ် Events & Shows ဆိုတဲ့ ဖျော်ဖြေပွဲလေးတွေ မက်တာကြောင့် ဇွတ်ထွက်လာဖြစ်ပါတယ်။ ရောက်တော့ ၇ နာရီခွဲ။
ထင်တဲ့အတိုင်းပဲ ရောက်တဲ့အချိန်မှာ ကားကျပ်တဲ့အပြင် ရဲတွေက လမ်းပိတ်ပြီး အဝေးဆုံးက ကားပါကင်တွေကို ဖြည့်နေတဲ့အချိန်။ ရပ်ရတဲ့နေရာနဲ့ ၀င်ပေါက်က အတော့ကိုလှမ်းသေးတာ တွေ့ရပါတယ်။ တကယ်တမ်းတော့ ၂ ဦးနှစ်ဖက် အကျိုးရှိတယ် ပြောရမှာပဲ။
ကျွန်တော့်တို့ဖက်ကတော့ လမ်းလျှောက်ရတာပေါ့ဗျာ.. လျှောက်ပေတော့ တမျှော်တခေါ်၊ သူတို့ဖက်ကတော့ အောက်ကပုံလို ( ဆိုက်ကားပဲ ပြောပါတော့ ) စီးစရာယာဉ်လေးတွေစီစဉ်ထားတယ်။ စီးချင်ရင် ပိုက်ဆံပေးလေ၊ သက်သက်သာသာရောက်စေရမယ်ပေါ့။
သို့နှင့်ပေါ့ဗျာ.. အတော်လျှောက်လိုက်တော့ ဂိတ်ရောက်ပါလေရော။ လက်မှတ်ဝယ်ရပါတယ်။ ၀င်ကြေး ၁၀ ( ဒေါ်လာ= ၁၀/၃.၆၈ )။ လူတွေစည်လွန်းတော့ ၀င်ကြေးကိုက အတော်ရမှာ။ အထဲမှာတော့ ( ဈေးရောင်းပွဲတော်ဆိုတော့ ) ဈေးရုံလေးတွေလို့ပဲ ခေါ်ပါတော့၊ သူ့နိုင်ငံနဲ့သူ ရုံလေးတွေဖွဲ့ထားပါတယ်။ ကျွန်တော်ဝင်လာခဲ့တဲ့ ဂိတ်နဲ့ အနီးဆုံးက အီရန်။
အ၀င်ဝနားက အရုပ်တွေထဲက ဒီအရုပ်ကိုသဘောအကျဆုံးပဲ။ ကာကွယ်နေတာလိုလို.. ရွယ်ပဲနေတာလိုလို..
အထဲမှာ အဓိက ရောင်းနေတာကတော့ ကော်ဇောဆိုင်တွေများပါတယ်။ အထင်ကရကိုး..
နောက် ပါကစ္စတန်။ လောကကြီးကို လှနေစေချင်သူတို့သည် ပါကီ အမျိုးသားများဖြစ်ကြသည်လို့ အဆိုရှိတယ်မဟုတ်လား။ အလှဆင်ပစ္စည်းလေးတွေ ဘုစုခရု အကုန်ဆွဲထားတာပဲ။ ရွှေခြည် ငွေခြည်၊ ၀ါး စုံနေတာပဲ။
နောက်တခုကတော့ နာမည်ကြီး ချိုင်းနား..
အထဲမှာ အစစ်တွေပဲရောင်းပါတယ်။ အကုန်လုံး တရုတ်နိုင်ငံတွင်ထုတ်လုပ်သည်ဆိုတဲ့ အာမခံစာတမ်းလေးတွေနှင့်။ အရင်နှစ်ခုလို သီးသန့်ရောင်းတာရယ်လို့မရှိ၊ ပစ္စည်းမျိုးစုံ။ ဒီအရုပ်ဆိုင်လေးတောင်၊ နာမည်ကြီးဇာတ်ကောင် အကုန်စုံအောင် ထည့်ထားနိုင်ပါတယ်။ ဈေးမျိုးစုံနဲ့..
ဆက်ရန်..

Saturday, December 31, 2011
၂၀၁၂
•မျက်လုံးများ
အဝေး ( မှုန် )
အနီး ( ကြည် )
•အတွေး
အဝေး ( ကြည် )
အနီး ( မှုန် )
•မျှော်လင့်ချက်
အဝေး ( အတော် မှုန် )
အနီး ( မဆိုး )
၂၀၁၂ ထဲ တလှမ်းပြီးတလှမ်း နင်းဝင်လိုက်တော့မယ်။ အဆင်ပြေမှာပါလေ....
Tuesday, August 30, 2011
လွမ်းသလေလေ့..
ငယ်ငယ်က ဒီလို တော်သလင်းလထဲဝင်လာပြီဆို လွှတ်ပျော်တာပေါ့ဗျာ။ အနယ်နယ်အရပ်ရပ်မှ ၁၂ ပွဲဈေးသယ်တွေ အာရုံထားကြတဲ့ မိတ္ထီလာ ကန်ဘေးက ဖေါင်တော်ဦးဘုရားပွဲ၊ မကြာခင် စတော့မယ်လေ။
ဘုရားကို ဖေါင်တော်ကြီး ( ကရ၀ိတ်ငှက်ပုံ ) တည်ထားပါတယ်။ အဲဒီတော့ အတွင်းပိုင်းမှာ ခန်းမအရှည်ကြီးရှိနေပြီး၊ ဒီခန်းမကို တခါတရံ တရားပွဲကျင်းပရာမှာ သုံးလေ့ရှိပါတယ်။ အဲဒီ့ခန်းမ အစွန်တနေရာမှာ လှေနှစ်စင်းဟာ တနှစ်တာရဲ့ ကျန်တဲ့အချိန်တွေမှာ စဉ်ကြီးပေါ်မှာ မှောက်လျှက် ငြိမ်ငြိမ်သက်သက်နဲ့။
အခုလို တော်သလင်းလထဲရောက်လာရင်တော့ လှေနှစ်စင်းကို ပွဲညှက်တွေနဲ့ဖာ.. အနက်ရောင် အောက်ခံ အနီရောင် ဘောင်အနားသပ်တွေကို ဆေးအသစ်သုတ်ပါတယ်။ လပြည့်ခါနီးလို့ ဘုရားပွဲနားနီးလျှင်သူတို့ဟာ ခန်းမအလယ်မှာနေရာယူပြီး ဘုရားပွဲရဲ့ အဓိကကျသော လှေပြိုင်ပွဲအတွက် အဆင်သင့် ဖြစ်နေပြီပေါ့။
လှေနှစ်စင်းမှာ သူ့နာမည်နဲ့သူရှိပါတယ်။ တစင်းက ကြံတိုင်းအောင်၊ နောက်တစင်းက ရန်ကင်းမောင်တဲ့။ ဘယ်လိုကစ စိတ်စွဲနေတယ်တော့မသိ၊ ကျွန်တော်တို့ သူငယ်ချင်းတစုမှာ အစွဲလေးတခုရှိပါတယ်။ လှေနှစ်စင်းမှာ ကြံတိုင်းအောင်က အကြီး၊ ရန်ကင်းမောင်က အငယ်၊ ရန်ကင်းမောင်က ပိုသွက်တယ်၊ တော်ရုံတန်ရုံအသင်း ရန်ကင်းမောင်ကို မဲနိုက်လို့ လှော်ခွင့်ရရင် နိုင်ဖို့များတယ်လို့ တရားသေမှတ်နေတာပါ။
ကန်အလယ် ဘုရားအရှေ့မှာ မြောက်ဖက်ကန်ကနေ တိုင်တွေတန်းစီစိုက်လာပြီး အလံတိုင် အနီရယ် အဖြူရယ် နှစ်တန်းလုပ်ပါတယ်။ တာလွှတ်တဲ့နေရာ ရေလည်ခေါင်မှာစဉ်တခုထိုး၊ အမိုးလေးတခုနဲ့၊ နောက် ပန်းအ၀င်မှာ တိုင်တွေကို အပ်ချည်ကြိုးနဲ့ ကန့်လန့်ချည်ထားပါတယ်။ လှေဦးမှာ ဓါးပြားပုံ အလံလွင့်တဲ့တိုင်အပြားလေးကိုယ်စီရှိတော့ အဲ့ဒီတိုင်လေးနဲ့ အပ်ချည်ကြိုးအရင်ထိုးဖြတ်သွားတဲ့ အဖွဲ့ က အနိုင်ပဲ။ အငြင်းမပွားအောင်လို့ ဒိုင်တယောက်က လှေနဲ့ ပန်းဝင်မှာစောင့်ကြည့်နေပါတယ်။ ရေလယ်မှာဆိုတော့ ဘုရားပေါ်ကအဖွဲ့သိသာအောင် နိုင်တဲ့ လိုင်းရဲ့အလံအရောင် ( အနီ၊ အဖြူ ) ထောင်ပြလေ့ရှိပါတယ်။
တာလွှတ်လိုက်ပြီဆိုတာနဲ့ အသံချဲ့စက် ( လော်စပီကာ လို့ကျွန်တော်တို့ခေါ်တဲ့ အော်လံ ) မှာ ဆိုင်းသံ ဗုံသံတွေဖွင့်ပြီး အဲ့ဒီံတီးလုံးနောက်ခံနဲ့ ပြိုင်ပွဲအကြောင်းကို တဦးက ကြေညာပေးပါတယ်။ ဆိုပါတော့ ကန်စွယ်အရပ်က အနီလိုင်းကနေ ရန်ကင်းမောင်လှေကို လှော်ခပ်လာတာ လှေဦးတဖျားသာနေပါတယ် ဆိုတာမျိုး။ ကြေညာပုံက ရင်ခုန်လှုပ်ရှားဖွယ်အတိ။ လှေတလျားလုံး အပြတ်နိုင်တဲ့အဖွဲ့က ဂုဏ်အရှိဆုံးပါ။
ပြိုင်တာကတော့ ရှုံးထွက်ပွဲတွေပါပဲ။ အဲဒီတုန်းက နာမည်ကြီးတဲ့အဖွဲ့တွေကတော့ စောစောက ပြောခဲ့တဲ့ ကန်စွယ်ရပ်က။ သူတို့က တနေကုန် ကန်အလယ်မှာ ငါးဖမ်းနေတတ်တဲ့သူတွေဆိုတော့ လှေနဲ့ကျွန်းကျင်ပြီးသား။ ကျန်တဲ့ ရပ်ကွက် ကိုယ်စားပြု ၊ အစိုးရအဖွဲ့တွေကတော့ နီးပြီဆိုမှ လူစု၊ လှေငှားကြ၊ ကျင့်ကြနဲ့ဆိုတော့ နိုင်ခဲပါတယ်။ ဒါပေမဲ့ နိုင်လိုစိတ်အပြည့်နဲ့ အားလုံး အလေးအနက်ထား ပြိုင်ကြတဲ့ပွဲပါပဲ။
နိုင်သွားတဲ့အဖွဲ့က ပန်းတိုင်ကျော်သွားတာနဲ့ တက်တွေမြှောက်၊ ရေထဲကို တယောက်ပြီးတယောက်ခုန်ဆင်း အောင်ပွဲခံ၊ အတန်ကြာမှ လှေပေါ်တက် ဘုရားဆီသွား၊ နောက်နှစ်ဖွဲ့က လှေတွေယူ၊ အဲဒီနောက် တာလွှတ်တဲ့နေရာကို လှော်သွား ဆိုတော့ တပွဲနဲ့တပွဲ အတော်စောင့်ရပါတယ်။ ကျွန်တော်တို့တသိုက် အလွန်ဆုံး စိတ်ပါရင် ၂ ပွဲ ၃ ပွဲပဲ။ ဘုရားပွဲဈေးလှည့်ရတာလောက် မပျော်ကြပါ။
ဘုရားပွဲဈေးကတော့ မြို့လယ် မင်းရပ်၊ မြို့မ ရပ်ကွက်က ရှိသမျှလမ်းကြား ဘယ်ညာမှာ ဆိုင်တွေစီနေတာပဲ။ ဆိုင်ခန်းတွေကို ဘုရား ဂေါပကအဖွဲ့က အကွက်ရိုက် ပေးထားတာ။ အဲဒီရပ်ကွက်မှာရှိတဲ့အိမ် တွေအတွက် အိမ်ရှေ့မှာ အ၀င်ပေါက်သေးသေးလေးချန်ပြီး နေရာချပေးထားပါတယ်။ ဆိုင်ကြီးရင် ၃ ခန်း ၄ ခန်း ဆက်ယူပေါ့။
နေကြတဲ့သူ အတော်များများတော့ ဘုရားပွဲရက်တွေ မှာ စိတ်ညစ်ရပါတယ်။ လင်းထိန် ဆူညံနေတာပဲ။ ပြေလည်အောင် ပေါင်းကြသူတွေကျတော့လဲ နောက်ပိုင်းမှာ ဆိုင်တွေနဲ့ အမျိုးတွေလို ခင်သွားကြတာလဲရှိပါတယ်။ ဘုရားပွဲ စတော့မယ်ဆို သိထားတဲ့ဆိုင်တွေအတွက် နေရာကိုတောင် ကြိုယူပေးထားတတ်ပါတယ်။
ဘုရားပွဲ ကဆိုင်တွေမှာ နေ့ပိုင်းအချိန်တွေဆိုရင် မြို့ခံတွေ လည်ကြတာက နည်းပါတယ်။ အနီးနား ရွာနီးချုပ်စပ်က သူတွေကပိုများပါတယ်။ အရောင်လွင်လွင် အ၀တ်အစားသစ်တွေနဲ့၊ ပါးနီတွေနဲ့၊ ချွေးတပြိုက်ပြိုက်နဲ့၊ ပျော်ပျော်ပါးပါးနဲ့။ ကျွှန်တော်တို့လဲ တခါတလေ ဦးတည်ရာမဲ့ လျှောက်ကြတာပါပဲ။
အဲဒီ့လိုနေ့ခင်းဖက်လည်ရင်း တရက်က ဘုရားပွဲဈေး ကန်စောင်းမှာ ရေချိုးနေတဲ့ အမျိုးသမီးတဦးတွေ့တော့ ကျွန်တော်တို့ အံ့သြတကြီးဖြစ်ခဲ့ပါတယ်။ အဲဒီ့အမျိုးသမီးဟာ အရင်ရက်က ငါးမူးပေး ကြည့်ခဲ့တဲ့ အာကာသမှ ပန်ကန်ပြားမယ်။ အဲဒီတုန်းက သူမဟာ ရုံထဲမှာ စားပွဲခုံပေါ်က ဒန်ပန်းကန်ပြားလေးပေါ်မှာ ခေါင်းလေးပဲရှိတဲ့သူ။ မိတ်ကပ်တွေနဲ့ မျက်နှာသေလေးနဲ့။ ကျွန်တော်ကိုယ်တိုင် သူ့ပါးစပ်ထဲ ကြောက်ကြောက်နဲ့ ဘီစကွတ်တချပ် ခွံ့ ပေးဖူးပါတယ်။ အကောင်းအတိုင်း မြင်ရတော့ အကုန် တအံ့တသြနဲ့ ၀ိုင်းအော်တော့ လစ်ရောပဲ။
တခါတလေ ဇာတ်ရုံတွေထဲ ညအတွက် ပြင်ဆင် နေတာတို့ ယိမ်းအတွက် ညှိကြ ပြင်ကြဆင်ကြ လုပ်နေတာတွေပါ ( ဗုံသံကြားရင် ) ၀င်ငေးတာပါပဲ။ ကလေးဆိုတော့ နေရာစုံအောင် လဲ ရောက်ပါတယ်။
သူငယ်ချင်းတယောက်ကတော့ မျက်လှည့်ဝါသနာပါတယ်။ အမြဲဝင်ကြည့်လေ့ရှိပါတယ်။ ပြီးရင် စာအိတ်လေးတွေနဲ့ ထည့်ရောင်းတဲ့လုပ်နည်းတွေဝယ်၊ ကျင့်ပြီး နောက် ဘုရားပွဲပြီးချိန်မှာ ပြန်လုပ်ပြလေ့ရှိပါတယ်။
ညပိုင်း အချိန်တွေမှာတော့ ကျွန်တော်တို့အပျော်ဆုံးပဲ။ ပွဲဈေးကို ဆိုင်တိုင်းစေ့ လျှောက်ကြည့်ကြပါတယ်။ ၀ယ်ချင်တဲ့ ကစားစရာတွေလဲ စိတ်ကူးယဉ်ကြပါတယ်။ အိမ်က စည်းကမ်းတခု လုပ်ပေးထားတာရှိပါတယ်။ ပွဲတော် နောက်ဆုံးနေ့ရောက်ရင် ကြိုက်တဲ့ကစားစရာ တခုပြော၊ လိုက်ဝယ်ပေးလေ့ရှိပါတယ်။ ဒီတော့ ဘယ်ဆိုင်က ဘာလိုချင်လဲဆိုတာကို စေ့စေ့စပ်စပ် လိုက်ကြည့်ထားမိပါတယ်။ အဲဒီတုန်းက သဘောကျတာက စတီးဆွဲကြိုးတွေ၊ ငြိမ်းချမ်းရေးသင်္ကေတတို့၊ သိမ်းငှက်တို့၊ အဆွဲအမျိုးမျိုးနဲ့။ အဲဒီတုန်းက အခုလို ဟစ်ဟော့တွေ မပေါ်သေးပေမဲ့ သိပ်ဆွဲချင်တာ။
အိမ်ကတော့ အဲဒီ့ဆွဲကြိုးတွေကို ဘယ်တော့မှ ၀ယ်ခွင့်မပေးပါ။ သူတို့ပြောတာက စတီးဆွဲကြိုးတွေက သိပ်ခိုင်တော့ တခုခုနဲ့ ငြိနေရင် ပြတ်မထွက်ဖူး၊ ကျွန်တော်ကလဲ အငေးသန်တော့ မြင်းလှည်းအဆင်းတို့ ဘာတို့မှာ ငြိမိရင် အသက်အန္တရာယ် ရှိတယ်တဲ့။ မ၀ယ်ရလေ ငမ်းလေပါပဲ။ နောက် သဘောကျတာကတော့ အရုပ်သေနတ်အမျိုးမျိုး။ များသောအားဖြင့်တော့ သေနတ်ပဲဝယ်ဖြစ်ပါတယ်။ ဘုရားပွဲအပြီးမှာ ကျွန်တော်တို့တသိုက် ကစားလေ့ရှိတာကလဲ သေနတ်အသစ်ကိုယ်စီနဲ့ သေနတ်ပစ်တမ်းပဲ။
အဓိကကတော့ ဘာဝယ်လာတယ်ဆိုတာကို ကြွားကြတာပဲ၊ အဲဒီတုန်းကတည်းက အကြွားမှာ ဇ'ကလေးနဲ့ သူငယ်ချင်းတစုပေါ့။ လေထိုး မှော်ဘီဘော်လုံး ၀ယ်ဖြစ်တဲ့နှစ်ဆိုရင်လဲ လက်ညှိုးမှာ ဘော်လုံး ကြိုးအိတ်ကလေးကိုချိတ် တဘုတ်ဘုတ်နဲ့ ကန်ရင်း လျှောက် သွားပြနေတာပေါ့။
ပွဲဈေးလည်ဖို့ မုန့်ဘိုးကတော့ ညတိုင်းလိုလိုပေးပါတယ်။ သိပ်တော့မများပါဘူး။ ဒါကိုစုထားနိုင်ရင်တော့ ကိုယ်ကြိုက်တာ ကိုယ်ဝယ်ပေါ့။ ဒါပေမဲ့ စုခဲပါတယ်။ ပွဲဈေး တပတ်ပတ်ရင် ၀ယ်စားချင်တဲ့မုန့်တို့ တကျပ်ဖိုး သုံးကား ကြည့်ချင်တဲ့စိတ်တို့၊ ထူးထူးဆန်းဆန်းလေးတွေ ( မျက်လှည့်တို့ အာဖရိကက မြွေကြီးတို့ ) ကြည့်ချင်တဲ့စိတ် ပေါ်လာလေ့ရှိတယ်ဆိုတော့ များသောအားဖြင့် အိမ်ပြန်ရင် အိတ်ကပ်ဗလာပါပဲ။
အချိန်အကုန်ဆုံးနေရာကတော့ တကျပ်ဖိုး သုံးကားအရှေ့မှာပါပဲ။ အသံချဲ့စက်နဲ့ သူညွှန်းနေတာကို သိပ်သဘောကျတယ်၊ နောက် လိုက်ကာဖွင့်အပေး အမြည်းကြည့်ရတာကို ကြိုက်တယ်၊ ဒီတော့ ရုံထဲဝင်ကြည့်မိသလို ရုံအရှေ့မှာစောင့်ရင်း သူတို့အခေါ် နမူနာ.. ဆိုတဲ့အမြည်းကိုလဲ စိတ်ရှည်လက်ရှည် စောင့်ကြည့်လေ့ရှိပါတယ်။အကြိုက်ဆုံးကားတွေကတော့ လူကိုနေထိ အရည်ပျော်ခြင်း၊ စွမ်းအားရှင်တိုက်ပွဲ၊ ပညတ်တော် ၁၀ ပါး ၊ လူရိုင်းနီရဲ့ ဂလဲ့စား တို့ပါ။
နှစ်တိုင်း ဒီကားတွေပဲ ပြတာဆိုပေမဲ့ ကြည့်ရတာ ရိုးသွား အီသွားတယ်လို့မရှိ၊ နောက်ပိုင်း ရုံထဲက အသံကြားရုံနဲ့ ဒါဘယ်အခန်းဆိုတာ အလွတ်ရလာသည်အထိ ကြည့်နေမိတာပါပဲ။
နောက် အခုတိုင် သတိတရ အရှိဆုံးက ပွဲဈေးတန်းက မုန့်ပေါင်းစုံ။ မုန့်သိုင်းခြုံ၊ မုန့်လင်မယားကအစ နောက်ဆုံး ကြံပန်းခိုင်အထိ ခုံခုံမင်မင် ၀ယ်စားဖြစ်ပါတယ်။ အဲဒီတုန်းက ရောင်းသူတွေနဲ့ စားသူတွေအကြား ယုံကြည်မှု့မှာ အစွန်းအထင်းလဲ မရှိ၊ အိမ်ကလူကြီးတွေက ဘာဘာညာညာ ၀ယ်စားမနေနဲ့လို့ မှာလေ့မရှိ၊ သူတို့ကိုယ်တိုင်တောင် ပွဲဈေးမှ ၀ယ်လာတဲ့မုန့်ဆိုပြီး အိမ်နီးချင်းတွေပါ ဝေငှနေကြပါသေးတယ်။
အိမ်အတွက် ပရိဘောဂတို့ ဘုရားစဉ်၊ ဖျာ စတာတွေကိုတော့ ဘုရားပွဲ နောက်ဆုံးရက်တွေမှာ လူကြီးတွေ ထွက်ဝယ်ကြပါတယ်။ အဲ့ဒီ့အချိန်ဆိုရင် ဈေးက အတော်လျှော့ပေးပါတယ်။ နောက် ကျွန်တော်ကြိုကြည့်ထားတဲ့ ကစားစရာ လိုက်ဝယ်ပေးပါတယ်။ အပျော်ဆုံးနေ့ပါပဲ။
ဒီဘုရားပွဲဈေးကို ငယ်စဉ်ကနေ ၁၀တန်းအောင်သည်အထိ ပျော်ပျော်ကြီး လည်လေ့ရှိခဲ့ပါတယ်။ နောက်ပိုင်းနယ်ဝေးမှာ ပညာသင်၊ နောက်အလုပ်ထဲရောက် နဲ့ ဝေးသွားလိုက်တာ အခုဆိုရင် ဝေးခဲ့တဲ့နှစ်တွေဟာ များလှပြီပေါ့။
သို့ပေမဲ့ စိတ်ထဲ စွဲနေအောင်မှတ်မိနေလို့ တခါတလေ စိတ်ကူးထဲမှာ တံတားထိပ်ကနေ တလှမ်းချင်း ဈေးဆိုင်တန်းထဲဝင်.. ညာဖက်မှာက ရဟတ်ကြီးနဲ့ ရုပ်ရှင်ရုံ၊ တဖြေးဖြေးနဲ့ နိဗ္ဗန်ကုန်ဆိုင်တွေ.. နောက် ဖျာတွေ...ထိုးမုန့်ဆိုင်တွေနဲ့ ချိုအီအီရနံ့များနဲ့ မုန့်သိုင်းခြုံဆိုင်တွေ၊ ဈေးဝယ်ခေါ်နေတဲ့ အသံတွေ... မှတ်မိနေတုန်းပါ။
အခုနေများ အကြောင်းတိုက်ဆိုင်လို့ ပြန်ကြုံဖြစ်ခဲ့ရင် ဆိုင်တန်းတွေအကြားမှာ သွားရင်း ပျော်နေမဲ့အစား အရင်တုန်းက ပျော်ခဲ့တာတွေပဲ ပြန်တွေးဖြစ်နေမလားပဲ မသိ.....
Monday, May 16, 2011
ပျင်းစရာ ( ၂ )
နွေဦးတဲ့ ..ကဲ ရှေ့လျှောက် ဒူဘိုင်းမှာ ပိုပျင်းစရာကောင်းပါတော့မယ်။
အခုမှမှ တရေးနိုးလာပြီလားလို့မေးကြပါလိမ့်မယ်။ နေရာအတော်များများမှာ နွေဦးကပြီးတာကြာလို့ မိုးတောင်ဝင်တော့မယ်။ ဒါပေမဲ့ ဒီမှာက နွေဦးပဲရှိပါသေးတယ်။ အခုနေတာက ရာသီဥတုနှစ်ခုပဲရှိတဲ့ တိုင်းပြည်ပါ။ နွေရယ် ဆောင်းရယ်ပဲရှိတဲ့ တိုင်းပြည်လေ။
ဒီတော့ နွေဦးဟာ ဘယ်လိုနေလဲဆိုတော့ ကျွန်တော်တို့အတွက် တက်သုတ်ရိုက်ပြီး လည်ချင်ရာ သွားချင်ရာ သွားရတဲ့အချိန်။ နောက်ဆိုရင် ပူတော့မှာမို့ ပင်လယ်ကမ်းခြေသွားတာတို့၊ ကန္တာရအလယ် ဆာဖာရီထွက်တာတို့ ဟိုမြို့ဒီမြို့သွားတာတို့ စတဲ့ လုပ်ချင်တာလေးတွေကို မပူခင် အကုန်လျှောက်လုပ်ထားဖြစ်ပါတယ်။
ပူပြီဆိုရင်တော့ အိမ် ( အဲယားကွန်းအောက် )၊ အလုပ်အသွားအပြန် ကားထဲ ( အဲယားကွန်းအောက် )၊ အလုပ် ( အဲယားကွန်းအောက် )၊ ဈေးဝယ် ( အဲယားကွန်းအောက် )၊ နောက်ဆုံး Bus တွေစောင့်ရင်တောင် Bus Stand က ( အဲယားကွန်းအောက် )၊ တနေရာက တနေရာ အကူးအပြောင်းလောက်ပဲ သဘာဝနဲ့ထိတွေ့ရတဲ့နေရာ။ အဲဒီလိုလဲ မနေလို့မရ။ ဒါ့ကြောင့် ရှေ့လျှောက် ပိုပျင်းစရာကောင်းပါတော့မယ် လို့ပြောတာပါ။
Bus Stand ( Bus Station )
ရောက်ခါစက ဒီအပူဒါဏ်ကို တော်တော်နဲ့အသားမကျခဲ့ပါ။ ကျွန်တော်လဲ အညာဒေသ ပူတဲ့နေရာမှာ နေခဲ့ရသူပါပဲ။ သို့ပေမဲ့ ညနေ၊ မှောင်သွားလို့ အပြင်ထွက်ရင် အတော်သိသိသာသာ အေးနေပြီ၊ နေရောင်ပျောက်သွားပြီး မကြာခင် သိသိသာသာ အပူချိန် လျှော့သွားတတ်တယ်လေ။ အဲဒါကြောင့် ရောက်စ တနေကုန် အခန်းအောင်း၊ နောက် ညပိုင်းရောက်လို့ အပြင်ထွက်ရင် တခါးဖွင့်လိုက်တာနဲ့ နေ့ခင်းကအတိုင်း ပူနေဆဲဖြစ်နေတာကို စိတ်ထဲက လက်ကိုမခံနိုင်တာ။ တနှစ်စာ အပူချိန်အတက်အကျတွေက..( တနေ့တနေ့ နေရောင်ရတဲ့အချိန်တွေရယ် နောက် မိုးရေချိန်ကိုပါ သတိထားကြည့်ပေးပါ။ )
အပူချိန်တွေကိုကြည့်ရင်တော့ အများဆုံး ၄၁လို့တွေ့ပါလိမ့်မယ်။ ဒါကပျမ်းမျှယူထားတဲ့ အပူချိန်ပါ။ ရက်အတော်များများမှာလဲ ၅၀ ကျော်သွားတတ်ပါတယ်။ ရောက်ခါစနှစ်က အပူဆုံးပါပဲ။ အဲဒီနှစ်က ကတ္တရာလမ်းပေါ် ကြက်ဥခွဲပြီးချထားတာ အချိန်အတော်ကြာ လာတဲ့အခါ အကာတွေ ကျက်စပြုလာပါတယ်။ အဲဒီ့အချိန်တုန်းက ဒါလဲ သတင်းစာထဲ ဓါတ်ပုံတွေနဲ့ပါလာတာပါပဲ။ အခုနောက်ပိုင်းရောက်မှ တိုးရစ်လုပ်ငန်း ထိခိုက်မှာစိုးလို့ မတွေ့ရတော့ဖူး။ ကျွန်တော့ စိတ်ထဲမှာလဲ အဲဒီတုန်းကလောက် ပူတယ်လဲ မထင်တော့ပါ။
သိပ်ပူတဲ့လတွေရောက်လာတာနဲ့ အလုပ်သမားတွေကို နေ့လည် ၁၂ နာရီကျော်လာရင် အမိုးမပါတဲ့နေရာတွေမှာ အလုပ်လုပ်ခွင့်မပေးတော့ပါဘူး။ ဒီက အစိုးရက လိုက်နာရမဲ့ စည်းမျဉ်းအနေနဲ့ ထုတ်ထားတာပါ။ လုပ်ချင်ရင် မနက်လုပ်၊ နေ့လည် ၁၂ နာရီကနေ ညနေ ၄ နာရီအထိ နား၊ ပြီးမှဆက်လုပ်၊ အလုပ်ချိန်ပြည့်အောင် ညအထိဆက်လုပ်။ ရုံးလိုမျိုး အခန်းထဲမှာ၊ အမိုးအကာအောက်မှာ လုပ်နေသူတွေကတော့ ပုံမှန်အလုပ်ချိန်အတိုင်းပါပဲ။ မလိုက်နာရင် အဲဒီကုမ္ပဏီကို ဒါဏ်ငွေပေးဆောင်ခိုင်းပါတယ်။ တကယ်တမ်းဆိုရင်တော့ ဒီအပူချိန်ဟာ သိပ်မြင့်ပါတယ်ဆိုတဲ့အထဲ မပါပါဘူး။ တနှစ်က ပြည်မှာနေဖြစ်တုန်း အပူချိန် ၅၀ ကျော်သွားသေးတာပဲ။ သိပ်မဆန်းပါဘူးလို့ ထင်ချင်ထင်မိပါလိမ့်မယ်။ ဒီမှာက နေရထိုင်ရခက်စေတာက အပူချိန်အပြင် စိုထိုင်းဆပါ။ ပျမ်းမျှပမာဏကိုကြည့်ရင် ..
ဟိုးအရင်တုန်းက အာရပ်တွေ အခုလို သက်တောင့်သက်သာ နေလို့ဖြစ်စေမဲ့ အဲကွန်းတွေမပေါ်ခင်က နွေရာသီဆိုရင် ကမ်းခြေနဲ့ဝေးတဲ့ ကုန်းတွင်းပိုင်းက အိုအေစစ်တွေဆီ သွားကြပါသတဲ့။ အိမ်ကိုတောင်မှ သူတို့ဟာ ဒီစိုထိုင်းဆတွေနဲ့ သင့်လျှော်အောင်၊ နောက် အပူချိန်လျှောချ့နိုင်အောင် သူ့ဒီဇိုင်းနဲ့သူ ဆောက်တတ်ကြတယ်။ အဲဒီအကြောင်းကိုတော့ နောက်မှ သိသလောက်ထပ်ရေးပါ့မယ်။
ပူရတဲ့အထဲ စိုထိုင်းဆကများတော့ ပိုနေရထိုင်ရခက်စေပါတယ်။ ရေနွေးငွေ့နဲ့ ပေါင်းနေသလိုပါပဲ။ အပြင်ထွက်လိုက်တာနဲ့ ချွေးက တပေါက်ပေါက်၊ တဒီးဒီးစီးကျပြီး ခဏအတွင်းမှာ ရေဓါတ်ဆုံးရှုံးတာ သိပ်များပါတယ်။ နောက်စိုထိုင်းဆ သိပ်လွန်ကဲတဲ့နေ့တွေဆိုရင် မိုးလင်းတာနဲ့ မြူတွေဆိုင်းနေတော့တာပဲ။ အေးတဲ့မြူတော့မဟုတ်ပါ ( Fog )။ ဒါ့ကြောင့် ကားမတော်တဆ ထိခိုက်မှု့တွေများတတ်လို့ အမြဲတမ်း ကြော်ငြာပေးနေတတ်ပါတယ်။ နောက် ပန်းနာ၊ ရင်ကျပ် သမားတွေအတွက် ပင်လယ်ကမ်းခြေဘက် မသွားဖို့လဲ ကြော်ငြာပေးတတ်ပါတယ်။
ဒါ့ကြောင့်လဲ နွေဦးကာလ မြူတွေထလာခါနီးတာနဲ့ ကျွန်တော်တို့ ကဲ ဒီတပတ်ပိတ်ရက် ဒို့ဘယ်သွားကြမလဲဆိုပြီး အမြဲ အပြင်ထွက်ဖို့ ပြင်နေတတ်တာပေါ့။ အဲ ဒီသုံးလလောက်ကျော်သွားတာနဲ့ တဖြေးဖြေးပြန်အေးလာပြီး နေရောင်တောက်တောက် လေအေးအေးတဖြူးဖြူးနဲ့ သိပ်နေလို့ကောင်းလာမှာပါ။ ဒါပေမဲ့ သုံးလလောက်တော့ ပူနေပါလိမ့်အုံးမည်။
ပုံတွေအားလုံး ဂူဂယ်က ယူထားပါသည်။
Wednesday, May 11, 2011
ပျင်းစရာ ( ၁ )
ရေးတော့ရေးနေတာပါပဲ။ ကိုယ့်အကြောင်း ကိုယ်ထင်တာမြင်တာ၊ ကိုယ့်ဘာသာနားလည်သလို ရေးတတ်သလိုတော့ ရေးနေတာပါပဲ။ ဒါပေမဲ့ ပျင်းစရာကြီးဗျ။
စဉ်းစားကြည့်လေ။ တနေ့တနေ့ အိပ်ယာထ၊ ပြီးရင်အလုပ်သွား၊ အချိန်စေ့ရင်ပြန်လာ၊ ပြီးရင် သားနဲ့ကစား၊နောက် ညစာစား၊ အပြင်သွားချင်သွား၊ တီဗီ၊အင်တာနက် ကြည့်ချင်ကြည့်။ နောက်အိပ် ပြီးပါပြီ။ ဒါတွေဟာ ကျွန်တော့ရဲ့တနေ့တာပါပဲ။ ဒီတော့ ဘာတွေရေးရပါ့။ တနေ့တနေ့ တွေ့နေရတာကလဲ ဒီလူနဲ့ဒီလူ၊ သူတို့ကလဲ သူတို့နေ့စဉ်လုပ်နေကြအလုပ်သူလုပ်၊ ကိုယ်လဲ ကိုယ်လုပ်နေကြအလုပ်ကိုယ်လုပ်။ ဒီတော့ မြင်နေ တွေ့နေရတာကလဲတနေ့တနေ့ထူးမခြားနား၊ တပုံထည်း တဖြတ်ထည်းတွေပါပဲ။
အဲဒီတော့ တနေ့တာအကြောင်းကို တခါရေးလိုက်ပြီဆိုတာနဲ့ ပြီးပြီ၊ နောက်အလုပ်မပြောင်းမခြင်း၊ နေတာမပြောင်းမခြင်း နောက်ကနေ ၎င်းအတိုင်း၊ ၎င်းအတိုင်း လို့သာမြှောက်ပေးသွားရုံပဲ။ တနှစ်လဲမက ၂ နှစ်လဲမက၊ သွားပေရော့ပါပဲ။ ဒီတော့ တနေ့တာထဲက ပုံမှန်မဟုတ်ပဲ ထူးထူးခြားခြားဖြစ်ခဲ့တာလေးတွေ ရေးဖို့သာရှိတော့တယ်ထင်ပါရဲ့။
ခက်တာက အဲဒီ့ထူးထူးခြားခြားဖြစ်ခဲ့တာဆိုတာကလဲ ထူးခြားတယ်လို့ သတ်မှတ်ရအခက်သားဗျ။ ဆိုပါတော့ ကျွန်တော်တို့အခုနေတဲ့နေရာမှာ မိုးရွာတယ်ဆိုပါတော့။ ဘုရားစူးပါစေ့ အဲဒါ ဒီမှာ တကယ့်ကို ထူးခြားတဲ့အဖြစ်ဗျ။ တနှစ်လုံးမှ လေးငါးခါလေးရွာတဲ့နိုင်ငံလေဗျာ။ ရွာတာတောင် ခပ်ပါးပါးလို့ပြောရမဲ့ရွာနည်းမျိုး။ သို့ပေမဲ့ စကာင်္ပူလိုနေရာမျိုးကသူကို ဟေး.. ဒီနေ့ဒီမှာထူးသဗျာ၊ မိုးတွေရွာနေတယ်ဗျို့..လို့ အားပါးတရ လေသံနဲ့ပြောကြည့်ပါလား။ ဟိုတယောက်က အူကြောင်ကြောင်နဲ့ပြန်ကြည့်နေလိမ့်မယ်။ သူ့အတွက်မိုးရွာတယ်ဆိုတာ ထူးတဲ့ဖြစ်ရပ်တခုမှမဟုတ်တာ။
ဒီမှာတော့ မိုးမရွာတဲ့နိုင်ငံကိုး။ မိုးမရွာဆို လမ်းတွေမှာတောင် ရေမြောင်းတွေမထားပါ။ လမ်းသား၊ လမ်းပုခုံး ၊ ပြီးရင်သဲပြင်၊ ဒါပါပဲ။ ဘာရေမြောင်းမှမရှိဘူး၊ လမ်းကြီးကိုရှင်းလို့။ မိုးလေးများ နဲနဲ ခပ်သည်းသည်းလေးရွာလိုက်ရင် လမ်း တချို့နေရာတွေမှာ ရေကျော်လို့ ကားအသွားအလာတွေ ပိတ်ထားပြီး ရေတွေစုတ်ထုတ်ပြစ်ရပါတယ်။ ဒီတော့ မိုးရွာတယ်ဆိုတာ ဒီဒေသမှာ အထူးအဆန်းပေါ့။
ထူးလွန်းလို့ ကျွန်တော်ရောက်ခါစ ၂၀၀၃ ခုနှစ်လောက်တုန်းက မိုးရွာတယ်ဆိုရင် နောက်နေ့သတင်းစာထဲမှာ ကနေတဲ့ပုံတွေပါလာပြီလေ။ သူတို့ကလဲ Rain Dance လို့ပဲခေါ်တာပါပဲ။ ရေပိုက်တွေနဲ့ ဖြန်းထားတာမျိုးတော့မဟုတ်၊ မိုးရွာထဲမှာ ၀တ်စုံအဖြူကြီးနဲ့ ထီးတစ်ချောင်းဖွင့်ကိုင်ထားပြီး ကနေတဲ့ပုံတွေလေ။ အခုနောက်ပိုင်းတော့ ကတဲ့ပုံတွေမပါလာတော့ဘူး။ သိမ်းမထားမိလို့ ဂူဂယ်ကြည့်တာလဲ မတွေ့တော့ဖူး။ မိုးရွာတယ်ဆိုတာက ဒီမှာ အဲဒီလောက်ထူးတာ။
ဒီတော့ ထူးသမျှရေးဖို့ဆိုတာကလဲ ကာလံဒေသံ အခြေအနေကိုကြည့်ရပါသေးတယ်လေ။
အပေါ်ကပုံကို မခင်ဦးမေ စီဘောက်ကကစ်လာပါသည်။ နောက်ပုံကို ဒီကယူထားပါသည်.. http://pujadutta.wordpress.com/2008/01/24/chaotic-rain-in-uae/
Subscribe to:
Posts (Atom)