Wednesday, April 27, 2011

ဘီးနှင့်ဗိုက်



 ရင်သွေးလေးရလာတော့ မိဘတိုင်း ကိုယ့်စိတ်ကူးနဲ့ ကိုယ်ပံ့ပိုး၊ ဖြည့်ဆည်းပေးချင်မိတာပေါ့ဗျာ။ သမီးလေးရထားတဲ့ မိဘတွေဆိုရင်လဲ ကိုယ့်သမီးကိုကိုယ် ဆင်စီးပြီး မြင်းရံတာမြင်ချင်ကြသတဲ့။ ကျွန်တော့မှာကသားကလေးရှိတယ်လေ။ အခုမှ ပိစိကွေးလေးပဲရှိပါသေးတယ်။ ဒီတော့ သူ့ကိုဘီးစီးပြီး ဘောကန်တာမြင်ချင်မိတာပေါ့။

ဘော်လုံးကတော့ ကန်နေပါပြီ။ ၂နှစ်ခွဲဆိုတော့ သူတတ်နိုင်သမျှတော့ ကြိုးစားပြီးဆော့ရှာပါတယ်။ ဘော်လုံးကန်ရင်တော့ အမြဲတမ်း ဘယ်ခြေနဲ့ကန်တတ်ပါတယ်။ ဘယ်သန်လားဆိုတာတော့ မသေချာပါဘူး။ ထမင်းစားတာတို့ စာရေး၊ ပုံဆွဲတာတို့ကျတော့ ညာလက်နဲ့လုပ်လေ့ရှိပါတယ်။ ဘယ်ခြေ၊ ညာလက်သမားလေးပေါ့။ ကြည့်ရတာ လိုက်အတုခိုးပြီးလုပ်ပုံရပါတယ်။ ဘော်လုံးကန်တော့ ကျွန်တော်က သူနဲ့မျက်နှာချင်းဆိုင်က ကန်တာဆိုတော့ ဆန့်ကျင်ဘက်တွေဘာတွေ မသိသေးတာနေမှာပါ။ အတုခိုးတတ်တာကတော့ လွန်တယ်။

စကားကတတ်ခါစ၊ သူ့ရှေ့မှာ စကားပြောဆင်ချင်နေရတယ်။ ဘာပြောပြော လုံးဝ ကော်ပီကက်ပဲ။ တခါက ဆော့နေရင်း သူလေလည်တယ်၊ တခါ နှစ်ခါရှိတော့ ကျွန်တော်က သားသား၊ အီအီးပေါက်တာနံတယ်၊ သွား ပူပူးပါချေဆိုတော့ ပြေးပြီး ပါရှာတယ်။ တခါတလေ သူက အဆော့သန်တော့ ကျိတ်မှိတ်နေပြီး မနေနိုင်တဲ့အဆုံးမှ သွားရင်းလာရင်း ထွက်တတ်တာ သိလို့ခိုင်းတာပါ။ မင်းသားက မှတ်ထားတယ်။

တနေ့သူက သူ့ခုံသေးသေးလေးမှာထိုင်ပြီး တီဗီကြည့်နေတယ်။ ကျွန်တော်က သူ့ဘေးမှာပေါ့။ လေလဲလည်လိုက်မိရော မင်းသားက ခပ်တည်တည်ပဲ၊ ကျွန်တော့ကိုတောင်လှည့်မကြည့်ဖူး၊ ဖေဖေ နံတယ် ပူပူးသွားပါဆိုပြီး ခိုင်းတယ်။ ဟုတ်ကဲ့ပါ ခင်ဗျာဆိုပြီးလစ်ရတယ်။

ဒီလိုကလေး သူ့အိမ်ရှေ့မှာ သူများတွေ စက်ဘီးစီးနေတာမြင်တော့ ဘယ်နေမလဲ၊ သိပ်စီးချင်တာပေါ့။ အရင်က သူ့မှာ သုံးဘီးပါတဲ့ ဘီးလေးတစင်းရှိဖူးတယ်။ ကျင်ကျင်လည်လည် စီးတတ်နေပါပြီ။ ဒါနဲ့ နှစ်ဘီးကို ဒေါက်ကလေးပါတဲ့ ဘီးမျိုးလေး ၀ယ်ပေးဖို့စဉ်းစားမိပါတယ်။ ဒါမှ ကြီးလာလို့ စီးတတ်ရင်လဲ ဒေါက်ကလေးဖြုတ်၊ တကယ့်ဘီးမျိုးလေးဖြစ်၊ ရေရှည်စီမံကိန်းပေါ့။

ဒါပေမဲ့ ဈေးတွေကအများသား။ အမှန်အကန်ဆိုရင် ဒေါ်လာ ၄၀၀လောက်အထိရှိတယ်။ ဒါနဲ့ နောက်တနေရာမှာတော့ တရုတ်ကလာတာ ဒေါ်လာ ၁၀၀ ကျော်ကျော်။ သိပ်မဆိုး၊ သို့သော် မ၀ယ်ဖြစ်သေး။ သူကလဲ ကားတို့ ဘီးတို့ အရုပ်စင်တွေနား ရောက်သွားတိုင်း လက်ညှိုးတထိုးထိုးနဲ့ ပူဆာတတ်ပါတယ်။ ဒါပေမဲ့ သားသား အဲဒါကြီးက ကောင်းဘူးဆိုရင်တော့ ရတယ်။ ဆက်မတောင်းတော့ဖူး၊ သူက ဘာမှန်းညာမှန်းသာမသိသေးတာ မကောင်းဘူးဆိုတာကိုတော့ လိုချင်ပုံမရ။ တော်ပါသေးတယ်၊ ဒီကဆိုင်တွေကလဲ ဗမာစကား နားမလည်ကြလို့။ 

ပြီးခဲ့တဲ့ ၂ ရက်လောက်က ၀ယ်စရာတစ်ခုရှိလို့ Satwa ကိုရောက်ပါတယ်။ ကျွန်တော်တို့ အခေါ်နဲ့ဆိုရင် ဆပ်သွားပေါ့။ ဒီနေရာက ဒူဘိုင်းရယ်လို့ ဖြစ်စတည်စထဲက ရှိပုံရပါတယ်။ သက်တမ်းပြည့်လို့ အချို့အဆောက်အဦတွေတောင် ဖြိုပစ်ပြီး အသစ်ဆောက်နေကြပါတယ်။ ဒီတော့ အဆောက်အဦအတော်များများက အဟောင်းတွေ။ အောက်ဆုံးထပ်တွေက ဈေးဆိုင်တွေ။ ဆိုင်တွေကတော့ စုံပါတယ်။ အပ်၊ အပ်ချည်ကစ အထည်တွေ၊ အဆောက်အဦသုံး ပစ္စည်းဆိုင်တွေ ( ဒါတွေကလဲ တကယ့်တိုလီမိုလီကအစ စုံနေအောင် သူ့ဆိုင်နဲ့သူ ရှိနေပါတယ် )၊ ကူရှင်ချုပ်ဆိုင် အပ်ချုပ်ဆိုင်တွေ၊ နောက်ဆုံး ပြင်တဲ့ဆိုင်တွေကလဲ အီလက်ထရောနစ်ကအစ သော့အထိ စတဲ့ ဆိုင်ပေါင်းစုံရှိပါတယ်။




အရင် ဒူဘိုင်းရောက်စက ဆပ်သွားမှာ ၁နှစ်နီးပါးလောက်နေဖြစ်ခဲ့တော့ ဒီနေရာမှာ ဘယ်မှာဘာရှိလဲဆိုတာ သိနေပါပြီ။ အလုပ်အတွက် လိုတာလေးတွေလဲ လာလာဝယ်ရတတ်ပါတယ်။ ဒူဘိုင်းမှာ ဒီလိုမျိုးခပ်ဆင်ဆင် အခြားနေရာလေးတွေလဲရှိပါတယ်။ ကြုံမှ ကြုံသလိုရေးပါမည်။

ဒါနဲ့ ဆပ်သွားမှာ လိုနေတဲ့ ၀ယ်စရာဝယ်လို့ပြီးတော့ ဟိုဟိုဒီဒီလျှောက်ကြည့်ပါတယ်။ အဲဒီမှာ ဘီးလေးတွေသွားတွေ့ပါတယ်။ ဈေးမေးကြည့်တော့ ဒေါ်လာ ၄၀ လောက်ပြောပါတယ်။ ဘီးကြည့်တော့ ဘောင်တွေဘာတွေက အမာစား။ ဟိုအရင်ကြည့်တဲ့ လေးရာကျော်လို အပေါ့စားအလွိုင်းမဟုတ်။ ဒေါ်လာ တရာဆိုတဲ့ဘီးနှင့်တော့မကွာ။ မ ကြည့်တော့ နဲနဲလေးသည်။ နင်းရင်တော့မဆိုး ဘီးကသွက်သည်။ ဆိုင်ထဲမှာတင် သားကိုတက်လို့ပြောပြီး နင်းခိုင်းကြည့်တော့ အိုကေသည်။

သို့နှင့် ဈေးဆစ်သည်။ ဆပ်သွားမှာက ဆိုင်တိုင်း ဈေးနှုန်းလေးတွေကပ်ထားသည်။ ကြိုက်ရင်ဝယ်သွားပေါ့။ သို့သော် ဈေးဆစ်ရင်လဲရသည်။ ဒါကိုသိတော့ ခပ်တည်တည်ပဲ ၃၂ခွဲ ရရင်ဝယ်မည်လို့ ပြောကြည့်သည်။ ရောင်းသူက ကြားထဲကဈေးနဲ့ ဟိုဝေ့ဒီဝေ့လုပ်နေသေးသည်။ သို့နှင့် ပြန်မည်ပြင်မှ အိုကေအိုကေ ဆိုလာသည်။ 

ထိုအချိန်ရောက်မှ ဘေးမှ အခြေအနေအကဲခပ်နေသော သားဖက်ကိုလှည့်ကာ သားသားရေ ဒီဘီးကောင်းတယ် ဆိုပြီး လက်မထောင်ပြလိုက်တော့ သူလဲပျော်သွားသည်။ ထိုရက်ကစ မနက်မိုးလင်းကနေ ညနေအထိ ဘီးစီးဘို့ တတွတ်တွတ်ရွတ်ရင်း သူမှာလဲ ကျွန်တော်ရုံးဆင်းချိန် စောင့်နေရှာသည်။ စီးဖို့ဘီးကောင်းကောင်းတစီးရှိနေပြီလေ။

ကြီးလာလို့ ဒီစာဖတ်မိရင်သော်၎င်း၊ သူငယ်ချင်းများရဲ့ဘီး စီးမိပြီး သူ့စက်ဘီးထက်ပေါ့တာကို ရိပ်မိသွားလျှင်သော်၎င်း၊ သူကျွန်တော့်ကို စိတ်ကွက်နိုင်သည်။ သန်စွမ်းကျမ်းမာနေလျှင်သော်၎င်း၊ အကယ်၍တိုးဒီဖရန့်မှာ စင်ပေါ်တက်ကာ ရှန်ပိန်ပုလင်းဖေါက်နေဖြစ်သောအချိန်တွင်၎င်း သူကျွန်တော့်ကို ကျေးဇူးတင်နေပေလိမ့်မည်။ 

လတ်တလောတော့ ညနေတိုင်း အိမ်ရှေ့မှာ စက်ဘီးနင်းနေသောသားငယ်ရယ်၊ သူလဲမည်စိုးလို့ သွက်သွက်အတူလိုက်လျှောက်ရင်း ဘိုက်ပြုတ်ဖို့စိတ်ကူးယဉ်နေသော ကျွန်တော်ရယ် ပျော်နေကြတာကတော့ သေချာပါသည်။

Monday, April 25, 2011

အိုအေစစ်

ရှေးစကားရိုးရိုးလေး တခွန်းရှိပါသည်။ “ ရောက်တဲ့နေရာမှာ ပျော်အောင်နေ၊ တွေ့တဲ့သူနဲ့ တည့်အောင်ပေါင်း” တဲ့...
 *****     *****     *****
အချိန်ဆိုတာ စိတ်အခြေအနေပေါ်မူတည်ပြီး ကုန်သွားတာ မြန်တယ်ထင်လိုက်၊ နှေးတယ်ထင်လိုက်နှင့် တလှည့်စီခံစားရပါသည်။ အဆိုးဆုံးကတော့ ပိတ်ရက်တွေမှာ၊ ကုန်သွားတာ မြန်လွန်းတယ်ထင်ရပါတယ်။ ကုန်လွယ်ထင်တာစတာကတော့ ပိတ်ရက်မစခင် ညကစပါတယ်။ နောက်ရက်က ပိတ်ရက်၊ ဒီတော့ ညနက်တဲ့အထိ မအိပ်၊ နောက်မနက်ရောက်တော့ ညဥ့်နက်ထားတာရယ်၊ နှပ်ချင်တာရယ်နဲ့ အစောဆုံးထဖြစ်ရင် ၁၀နာရီထိုး။ ထိုမနက်က ပဲအီကြာလုပ်စားကြပါသည်။

ပြီးတော့ အိုအေစစ်တွေဆီသွားကြသည်။ ကန္တာရဒေသမှာနေပြီး အိုအေစစ်တွေဆီကို မရောက်ဖူးလို့ မဖြစ်။ ဒီတော့ Al Ain ကအိုအေစစ်တွေဆီ သွားဖို့ပြင်သည်။ ကျွန်တော်နေသော နေရာမှ ၁ နာရီကျော်ကျော် သွားရပါသည်။ အိုအေစစ်တွေနဲ့ပတ်သက်လို့ အရင်က စာတွေဖတ်ကာ စိတ်ထဲမှာ ပုံဖေါ်မြင်ယောင်မိသည်က လူတယောက် သဲကန္တာရထဲ မျက်စိလည်၊ တရွတ်တွဲဖြစ်ဖြစ်၊ လေးဖက်ထောက်ဖြစ်ဖြစ် သဲတောင်ကုန်းတခုရဲ့ထိပ်ကိုရောက်၊ အောက်မှာက ကြည်ပြီး လှပနေတဲ့ စွန်ပလွန်ပင်တွေစည်ရီပေါက်နေတဲ့ ချိုင့်လေးရဲ့အလယ်က စိမ်းကြည်နေတဲ့ ရေကန်လေးတွေ့လိုက်ရသည် ဆိုတာမျိုး။
မသွားခင် အကျင့်အတိုင်း ဂူဂယ်ကြည့်သည်။ ဓါတ်ပုံ သိပ်များများမတွေ့ရ၊ တွေ့သောပုံထဲတွေမှာလဲ ရေအိုင်မပါ။ သို့သော် ပုံတပုံမှာတော့ တွေ့ရသည်။ စိတ်ကူးထဲကအတိုင်း၊ သဲတောင်ကုန်းလေးတွေရဲ့အလယ်မှာ သိပ်လှပါသည်။ သို့သော် ဘယ်နေရာ ဘယ်လိုသွားဆိုတာ လမ်းညွှန်မပါ။ အဆိုးဆုံးက ကိုယ်ဘာသာရှာကြည့်နိုင်ရန် နေရာအမည်တောင်မပါ။ ဟိုတယ်များလားလဲမသိ။


 နောက်တဆင့်၊ သွားမည့်နေရာတွေကို မြေပုံကြည့်ကာ ဘယ်လိုမောင်းရမလဲ ရှာသည်။ သွားချင်တာ နှစ်နေရာ၊ ဘယ်လမ်းမှ ဘယ်လိုသွားရမည်ကို သေသေချာချာမှတ်ပါသည်။ ထိုသို့ရှာနေရင်း မနီးမဝေးနေရာမှာ ရေကန်ပုံစံမျိုး နေရာတနေရာတွေ့ရသည်။ သို့သော် ထိုသို့ Satellite ဓါတ်ပုံများကား ရာနှုန်းပြည့်မယုံရ၊ ဘယ်တုန်းက ရိုက်ထားမှန်းမသိနှိုင်၊ မိမိသိထားသော နေရာတခုတောင် နောက်ဆုံးအခြေအနေရဲ့ပုံမဟုတ်လာသေး။ အချို့ အဆောက်အဦအသစ်တွေ ပေါ်မလာသေး။ နောက်တချက်ကတော့ ကြည့်ရတာသဲတွေအလယ်မှာရှိနေသည်။လမ်းမပေါက်သေး။
သဲတွေပေါ် ကားမောင်းခွင့် မိမိမှာမရှိသေး၊ နောက် မောင်းနည်းသင်တန်း ( ၁ရက်တက်ရပါသည် ) မတက်ရသေး၊ မောင်းလဲ မမောင်းဖူးသေး။ နောက်သဲထဲမောင်းမယ်ဆိုရင် လမ်းပေါ်ကဆင်း၊ သဲထဲရောက်သည်နှင့် ကားဘီးတွေ လေလျှော့ပြစ်ရသည်။ သို့မှသာ သဲထဲမနှစ်မှာ။ ပြီးတော့ လမ်းပေါ်ပြန်တက်တော့ လေပြန်ထိုးဖို့ Compressor kit မိမိမှာမရှိ။ သို့သော် တနေ့တော့ မရောက်ရောက်အော် သွားမည်ဟု တေးထားပါသည်။ ထိုနေရာသို့ ဆာဖာရီထွက်သော အေးဂျင့်များရှာရင် အဆင်ပြေမည်ထင်ပါသည်။ သို့နှင့် အခုတခါတော့ သွားလို့ရနိုင်သော အိုအေစစ်များကိုသာ ရွေးဖြစ်ပါသည်။
ထိုအိုအေစစ်များကား Hili  နှင့် Al Ain အိုအေစစ်တို့ပင်။ ကားနှင့်ဝင်ရပါသည်။ အထဲက လမ်းတွေက ၀င်္ကဘာထဲရောက်သွားသလိုလို။ လမ်းဆုံ၊ လမ်းခွဲတွေအများကြီး၊ ပုံစံတူတွေ။ မျက်စိလည်နိုင်သောကြောင့်လဲ အ၀င်မှာ ဂိတ်ထားပြီး ညနေ ၆နာရီကျော်လျှင်မ၀င်ရ။ ကားတစီးဝင်သွားလျှင် နောက်မှ လုံခြုံရေးက အိုအေစစ်အတွင်းသုံးသော ဂေါက်ကွင်းတွေမှာ သုံးသည့်ကားပုံမျိုးလေးနှင့် လိုက်လာတတ်သည်။ လွတ်လွတ်လပ်လပ်တော့ နေခွင့် ကြည့်ခွင့်ရှိသည်။ လိုက်လံစောင့်ရှောက်ရုံမျှသာ။ သွားချင်ရသွား၊ နားချင်သလောက်နား အေးအေးဆေးဆေးစောင့်ပေးသည်။ မသိတာမေးလို့ရသည်။ ကျေးဇူးတင်မိပါသည်။
အထဲမှာ ၀င်းနှင့် ခြံကလေးတွေအများကြီး။ များသောအားဖြင့် သော့ခတ်မထား၊ ၀င်ချင်သည့်ခြံအတွင်း လွတ်လွတ်လပ်လပ်ဝင်ကြည့်နိုင်သည်။ စွန်ပလွန်ပင် အပင်အမြင့်ကြီးတွေရော ၊ အပင်အသေးလေးတွေကော အုပ်အုပ်ဆိုင်းဆိုင်းအောက်မှာ ကြည်လင်နေသောရေစီးနေသည့် မြောင်းလေးတွေရှိသည်။ မြောင်းတိုင်းတော့ ရေစီးမနေ၊ မြေပြင်ပေါ် ရေစီးစေသည့် မြောင်းအဆုံးသပ်ရှိသည့် အပိုင်းများကိုတော့ သဲအိပ်များနှင့် ပိတ်ထားသည်။ ခြံဝင်းတိုင်းမှာ သူ့ပိုင်ရှင်နှင့်သူရှိပုံရသည်။ လူနေသော အရိပ်အယောင်တော့ မတွေ့။


တကယ်တမ်းဆိုရင်တော့ အေးချမ်းသောနေရာတခု၊ သို့သော် ကြိုတင်ပြီး မျှော်လင့်ထားသည့် ပုံမျိုးမဟုတ်ခဲ့၍ စိတ်ထဲမှာ ရောက်ဖြစ်သည့် ခရီးအပေါ်နှင့် ရာနှုန်းပြည့် နှစ်သိမ့် ပျော်ရွှင်မှု့မရခဲ့။  အိုအေစစ်ရောက်ပြီး စိတ်ထဲမှာ အေးချမ်းပျော်ရွှင်မှု့ဟူသော အိုအေစစ်ရှာမတွေ့ခဲ့။ ဟိုဟိုဒီဒီသွားကာ ညမှောင်လာတော့ အိမ်ပြန်ခဲ့ပါသည်။ သို့နှင့် အားလပ်ရက် တရက်ကုန်ဆုံးခဲ့ပါသည်။
နောက်ရက်မှာ အုန်းနို့ခေါက်ဆွဲနှင့် ဗူးသီးကြော်လုပ်စားကြပါသည်။ နောက်ညနေပိုင်းမှာ သားငယ်ကို ပင်လယ်ကမ်းခြေလိုက်ပို့ပေးပါသည်။ သဲထဲ ပျော်ရွှင်စွာဆော့ကစားနေသော သားငယ်ကိုကြည့်နေမိသည်။ သူကားပင်လယ်ရေနှင့် အထာမကျသေး။ မျက်နှာစင်လျှင် သုတ်၊ သို့နှင့်ရေစိုနေသောလက်ကတဆင့် ပါးစပ်ထဲရောက်လာသော ပင်လယ်ရေအရသာကို သူခံစားလို့မရ၊ ရေစိုလို့သုတ်လေ၊ ငန်လေဖြစ်နေတာကို သူမကြိုက်။ သို့နှင့် ရေထဲဆင်းခိုင်းလို့မရ။ သဲထဲဆော့ရင်း သဲတွင်းလေးထဲ ရေပုံးလေးနှင့် ရေလောင်းဖို့ ကမ်းစပ်ကို သတိထားပြီးသွားကာခပ်သည်။ ရေလှိုင်းလာရင် ပြန်လှည့်ပြေးလာသည်။ သူ့ကိုကြည့်ရင်း ရီကာ ကျွန်တော်တို့ ပျော်လာသည်။
ဒီလိုပဲ အတက်အကျတွေနဲ့ ဘ၀အမောတွေ အပျော်စိတ်တွေအကြားမှာ စိတ်ကြည်နူးစေသော စိတ်ရဲ့အိုအေစစ်လေးတွေကိုတော့ အမှတ်မထင် မကြာခဏကြုံတွေ ပိုင်ဆိုင်ခွင့်ရလေ့ရှိပါသည်။ တချို့သောအိုအေစစ်တွေက တွေ့ရန်၊ ရရန် ကိုယ့်ဖက်ကလဲ ဖြည့်ဆည်းပေးဖို့လိုနေသေးသည်။ တချို့ကတော့ လက်ရှိအနေအထားနဲ့ လက်တကမ်းမှာ။ ဒါ့ကြောင့်လဲ နောက်နောင်တော့ ဘယ်လို စိတ်ရဲ့အိုအေစစ်လေးတွေပဲ ရပါစေ ကျေနပ်စွာ ပြည့်ပြည့်၀၀ ငြိမ်းအေးပျော်ရွှင်နိုင်ဖို့ ကျွန်တော့်ကို ကျွန်တော်ပြုပြင်ယူရအုံးမည်။

အိုအေစစ် ပုံ၂ ပုံအား ဒီကယူပါသည်။ http://geekiest.net/beautifulmails/post/Oasis-in-Al-Ain-(UAE).aspx



Thursday, April 21, 2011

N/A ရဲ့ N/A

             ငယ်ငယ်တုန်းက ကျောင်းမှာ ဗလာစာအုပ်အသစ်ထုတ်ရသလိုပါပဲ။ အဖုံးလေးသေချာဖုံး၊ ပြီး ဘေးမျဉ်းတွေဘာတွေ ကြိုပြီးတားထား၊ နောက်ဘယ်လို သပ်သပ်ရပ်ရပ် ရေးပစ်လိုက်မယ်ဆိုပြီး ကြိုတင်စိတ်ပိုင်းဖြတ်ထား၊ အခုအဖြစ်က အဲဒီလိုအဖြစ်မျိုး တပုံစံထည်းပါပဲ။
            အရင်ဘလော့က အကြောင်းကြောင်းကြောင့် ပျက်သွားခဲ့ပြီ။ ဒါနဲ့ အသစ်တခုပြန်စမယ်ဆိုပြီး အခုဒီဘလော့လေးကို စလုပ်ပါတယ်။ အရင်ဘလော့တုန်းကတော့ ရေးခဲ့တာတွေက ဟိုတတို့ ဒီတတို့ပေါ့။ ဒီဘလော့မှာ  ဘာတွေကို ဘယ်က စရေးမလဲလို့ ကိုယ်ကိုယ်ကို ပြန်မေးကြည့်တော့ ဘယ်ကစရမှန်းမသိ။
            ပထမဆုံးကိုယ်ကိုယ်ကို မေးမိတာကတော့ ဘာလို့ ရေးချင်ရတာလဲပေါ့။ အဖြေ တိတိကျကျမရှိပါ။ ကျောင်းသားဟောင်းတွေ စုထောင်ထားတဲ့ Network မှာ အချင်းချင်းနောက်ချင်လို့ စာတိုတိုလေးတပုဒ်စရေးဖြစ်ရာက အရင် ဘလော့လေးလုပ်ဖြစ်သည်အထိ ဖြစ်လာခဲ့ပါတယ်။ ဘလော့ရေးနေသူ အများစုကတော့ မိမိရေးချင်တာ၊ ပေးချင်တာ စတာတွေနဲ့ ကိုယ်ကိုယ်ကို သတ်မှတ်ပိုင်းဖြတ်ပြီး စနစ်တကျရေးနေကြပါတယ်။ ကျွန်တော့်မှာသာ အသစ်ရောဂါတက်နေတာပါ။ ဒါနဲ့ ဟိုဖတ်ဒီဖတ်လုပ်မိတော့ လူတွေဘာလို့ ဘလော့လုပ်ကြလဲဆိုတဲ့ စစ်တမ်းလေးကိုတွေ့မိပါတယ်။


            လွန်ခဲ့တဲ့ ၂ နှစ်ကစစ်တမ်းလေးပေါ့။ ဒါကိုတွေ့တော့ ကျွန်တော်လဲ ကိုယ့်ကိုယ်ကို For Pleasure ထဲပါတယ်လို့ ဆုံးဖြတ်နိုင်သွားပါတယ်။ အဲဒီအတွက်ရေးမယ်ပေါ့ခင်ဗျာ။ ဒီတော့ဘာတွေရေးမလဲ ဆိုတာထပ်မေးမိပါတယ်။ ရောက်နေကြ၊ ဖတ်နေကြ ဘလော့တွေကို တခါထပ်လည်မိပါတယ်။ တချို့က ဒီဘလော့လာရင် အသိတိုးစေရယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ရေးနေကြပါတယ်။ တချို့က ရသတွေ အတွေးတွေရစေပါတယ်။ တချို့က ခင်မင်စရာကောင်းတဲ့စာတွေရေးနေကြသလို၊ တချို့က စိတ်လက်ပေါ့ပါး ရွှင်လန်းစေပါတယ်။ ဒါတွေတွေ့လေ သဘောကျလေ ကျွန်တော့်မှာ ----- ( or ) ----- ( or ) ----- ( or ) တွေ တသီတတန်းကြီးဖြစ်လာလေပေါ့။
            နောက်ဆုံးတော့ ကိုယ့်ဘာသာ ဆုံးဖြတ်မိတာကတော့ အရင်လိုပဲပေါ့ပေါ့ပါးပါး ပဲရေးတော့မယ်။ ဘာတွေပဲရေးမယ်ဆိုတဲ့ နှောင်ကြိုးမထားတော့ပါ။ မူလတန်း စာအုပ်ထဲက ဖတ်စာတပုဒ်လို စေစောထ၊ အိပ်ချင်မူးတူးဖြစ်၊ သွားတိုက်၊ မျက်နှာသစ် ကအစချီပြီး နောက်ဆုံး အိပ်ရာဝင်သည်အထိ တနေ့တနေ့ တနင့်တပိုး သယ်ဆောင်သွားခဲ့ရတာတွေရေးမယ်၊ ကိုယ်ရောက်ခဲ့ရာ နေရာဒေသမှ ကိုယ်အတွက် ထူးဆန်းတာတွေ၊ ပြုံးစရာတွေ၊  ခံစားမိတာတွေရေးမယ်။ မိသားစုဘ၀ထဲက အမြဲမှတ်မိနေမိချင်တဲ့ အဖြစ်တချို့ကို တေးထားမယ်၊ ဒီလိုပဲဆုံးဖြတ်မိပါတယ်။ သတိထားစရာကတော့ သူတဖက်သားအကြောင်းတွေ မရေးမိစေဖို့၊ ရေးတဲ့အထဲ ပါမလာမိစေဖို့ပါ။
            ဒီတော့ ဒီဘလော့မှာ ကျွန်တော်ဆိုတဲ့ လူထဲက လူတယောက်အကြောင်း၊ သူ့ရဲ့ ရိုးရိုးသာမန်အတွေး တချို့အကြောင်း၊ သူ့ရဲ့ တနေ့တာထဲမှ အပိုင်းအစ တချို့အကြောင်း တွေသာ ရေးဖြစ်ပါမည်။ ဖတ်ပျော်အောင်တော့ ကြိုးစားပြီးရေးပါမည်။

Sunday, April 17, 2011

နှစ်သစ်ဆုတောင်း

မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ကြည်နှုးချမ်းမြေ့ဖွယ် နှစ်သစ်ဖြစ်ပါစေ....