Wednesday, April 27, 2011

ဘီးနှင့်ဗိုက်



 ရင်သွေးလေးရလာတော့ မိဘတိုင်း ကိုယ့်စိတ်ကူးနဲ့ ကိုယ်ပံ့ပိုး၊ ဖြည့်ဆည်းပေးချင်မိတာပေါ့ဗျာ။ သမီးလေးရထားတဲ့ မိဘတွေဆိုရင်လဲ ကိုယ့်သမီးကိုကိုယ် ဆင်စီးပြီး မြင်းရံတာမြင်ချင်ကြသတဲ့။ ကျွန်တော့မှာကသားကလေးရှိတယ်လေ။ အခုမှ ပိစိကွေးလေးပဲရှိပါသေးတယ်။ ဒီတော့ သူ့ကိုဘီးစီးပြီး ဘောကန်တာမြင်ချင်မိတာပေါ့။

ဘော်လုံးကတော့ ကန်နေပါပြီ။ ၂နှစ်ခွဲဆိုတော့ သူတတ်နိုင်သမျှတော့ ကြိုးစားပြီးဆော့ရှာပါတယ်။ ဘော်လုံးကန်ရင်တော့ အမြဲတမ်း ဘယ်ခြေနဲ့ကန်တတ်ပါတယ်။ ဘယ်သန်လားဆိုတာတော့ မသေချာပါဘူး။ ထမင်းစားတာတို့ စာရေး၊ ပုံဆွဲတာတို့ကျတော့ ညာလက်နဲ့လုပ်လေ့ရှိပါတယ်။ ဘယ်ခြေ၊ ညာလက်သမားလေးပေါ့။ ကြည့်ရတာ လိုက်အတုခိုးပြီးလုပ်ပုံရပါတယ်။ ဘော်လုံးကန်တော့ ကျွန်တော်က သူနဲ့မျက်နှာချင်းဆိုင်က ကန်တာဆိုတော့ ဆန့်ကျင်ဘက်တွေဘာတွေ မသိသေးတာနေမှာပါ။ အတုခိုးတတ်တာကတော့ လွန်တယ်။

စကားကတတ်ခါစ၊ သူ့ရှေ့မှာ စကားပြောဆင်ချင်နေရတယ်။ ဘာပြောပြော လုံးဝ ကော်ပီကက်ပဲ။ တခါက ဆော့နေရင်း သူလေလည်တယ်၊ တခါ နှစ်ခါရှိတော့ ကျွန်တော်က သားသား၊ အီအီးပေါက်တာနံတယ်၊ သွား ပူပူးပါချေဆိုတော့ ပြေးပြီး ပါရှာတယ်။ တခါတလေ သူက အဆော့သန်တော့ ကျိတ်မှိတ်နေပြီး မနေနိုင်တဲ့အဆုံးမှ သွားရင်းလာရင်း ထွက်တတ်တာ သိလို့ခိုင်းတာပါ။ မင်းသားက မှတ်ထားတယ်။

တနေ့သူက သူ့ခုံသေးသေးလေးမှာထိုင်ပြီး တီဗီကြည့်နေတယ်။ ကျွန်တော်က သူ့ဘေးမှာပေါ့။ လေလဲလည်လိုက်မိရော မင်းသားက ခပ်တည်တည်ပဲ၊ ကျွန်တော့ကိုတောင်လှည့်မကြည့်ဖူး၊ ဖေဖေ နံတယ် ပူပူးသွားပါဆိုပြီး ခိုင်းတယ်။ ဟုတ်ကဲ့ပါ ခင်ဗျာဆိုပြီးလစ်ရတယ်။

ဒီလိုကလေး သူ့အိမ်ရှေ့မှာ သူများတွေ စက်ဘီးစီးနေတာမြင်တော့ ဘယ်နေမလဲ၊ သိပ်စီးချင်တာပေါ့။ အရင်က သူ့မှာ သုံးဘီးပါတဲ့ ဘီးလေးတစင်းရှိဖူးတယ်။ ကျင်ကျင်လည်လည် စီးတတ်နေပါပြီ။ ဒါနဲ့ နှစ်ဘီးကို ဒေါက်ကလေးပါတဲ့ ဘီးမျိုးလေး ၀ယ်ပေးဖို့စဉ်းစားမိပါတယ်။ ဒါမှ ကြီးလာလို့ စီးတတ်ရင်လဲ ဒေါက်ကလေးဖြုတ်၊ တကယ့်ဘီးမျိုးလေးဖြစ်၊ ရေရှည်စီမံကိန်းပေါ့။

ဒါပေမဲ့ ဈေးတွေကအများသား။ အမှန်အကန်ဆိုရင် ဒေါ်လာ ၄၀၀လောက်အထိရှိတယ်။ ဒါနဲ့ နောက်တနေရာမှာတော့ တရုတ်ကလာတာ ဒေါ်လာ ၁၀၀ ကျော်ကျော်။ သိပ်မဆိုး၊ သို့သော် မ၀ယ်ဖြစ်သေး။ သူကလဲ ကားတို့ ဘီးတို့ အရုပ်စင်တွေနား ရောက်သွားတိုင်း လက်ညှိုးတထိုးထိုးနဲ့ ပူဆာတတ်ပါတယ်။ ဒါပေမဲ့ သားသား အဲဒါကြီးက ကောင်းဘူးဆိုရင်တော့ ရတယ်။ ဆက်မတောင်းတော့ဖူး၊ သူက ဘာမှန်းညာမှန်းသာမသိသေးတာ မကောင်းဘူးဆိုတာကိုတော့ လိုချင်ပုံမရ။ တော်ပါသေးတယ်၊ ဒီကဆိုင်တွေကလဲ ဗမာစကား နားမလည်ကြလို့။ 

ပြီးခဲ့တဲ့ ၂ ရက်လောက်က ၀ယ်စရာတစ်ခုရှိလို့ Satwa ကိုရောက်ပါတယ်။ ကျွန်တော်တို့ အခေါ်နဲ့ဆိုရင် ဆပ်သွားပေါ့။ ဒီနေရာက ဒူဘိုင်းရယ်လို့ ဖြစ်စတည်စထဲက ရှိပုံရပါတယ်။ သက်တမ်းပြည့်လို့ အချို့အဆောက်အဦတွေတောင် ဖြိုပစ်ပြီး အသစ်ဆောက်နေကြပါတယ်။ ဒီတော့ အဆောက်အဦအတော်များများက အဟောင်းတွေ။ အောက်ဆုံးထပ်တွေက ဈေးဆိုင်တွေ။ ဆိုင်တွေကတော့ စုံပါတယ်။ အပ်၊ အပ်ချည်ကစ အထည်တွေ၊ အဆောက်အဦသုံး ပစ္စည်းဆိုင်တွေ ( ဒါတွေကလဲ တကယ့်တိုလီမိုလီကအစ စုံနေအောင် သူ့ဆိုင်နဲ့သူ ရှိနေပါတယ် )၊ ကူရှင်ချုပ်ဆိုင် အပ်ချုပ်ဆိုင်တွေ၊ နောက်ဆုံး ပြင်တဲ့ဆိုင်တွေကလဲ အီလက်ထရောနစ်ကအစ သော့အထိ စတဲ့ ဆိုင်ပေါင်းစုံရှိပါတယ်။




အရင် ဒူဘိုင်းရောက်စက ဆပ်သွားမှာ ၁နှစ်နီးပါးလောက်နေဖြစ်ခဲ့တော့ ဒီနေရာမှာ ဘယ်မှာဘာရှိလဲဆိုတာ သိနေပါပြီ။ အလုပ်အတွက် လိုတာလေးတွေလဲ လာလာဝယ်ရတတ်ပါတယ်။ ဒူဘိုင်းမှာ ဒီလိုမျိုးခပ်ဆင်ဆင် အခြားနေရာလေးတွေလဲရှိပါတယ်။ ကြုံမှ ကြုံသလိုရေးပါမည်။

ဒါနဲ့ ဆပ်သွားမှာ လိုနေတဲ့ ၀ယ်စရာဝယ်လို့ပြီးတော့ ဟိုဟိုဒီဒီလျှောက်ကြည့်ပါတယ်။ အဲဒီမှာ ဘီးလေးတွေသွားတွေ့ပါတယ်။ ဈေးမေးကြည့်တော့ ဒေါ်လာ ၄၀ လောက်ပြောပါတယ်။ ဘီးကြည့်တော့ ဘောင်တွေဘာတွေက အမာစား။ ဟိုအရင်ကြည့်တဲ့ လေးရာကျော်လို အပေါ့စားအလွိုင်းမဟုတ်။ ဒေါ်လာ တရာဆိုတဲ့ဘီးနှင့်တော့မကွာ။ မ ကြည့်တော့ နဲနဲလေးသည်။ နင်းရင်တော့မဆိုး ဘီးကသွက်သည်။ ဆိုင်ထဲမှာတင် သားကိုတက်လို့ပြောပြီး နင်းခိုင်းကြည့်တော့ အိုကေသည်။

သို့နှင့် ဈေးဆစ်သည်။ ဆပ်သွားမှာက ဆိုင်တိုင်း ဈေးနှုန်းလေးတွေကပ်ထားသည်။ ကြိုက်ရင်ဝယ်သွားပေါ့။ သို့သော် ဈေးဆစ်ရင်လဲရသည်။ ဒါကိုသိတော့ ခပ်တည်တည်ပဲ ၃၂ခွဲ ရရင်ဝယ်မည်လို့ ပြောကြည့်သည်။ ရောင်းသူက ကြားထဲကဈေးနဲ့ ဟိုဝေ့ဒီဝေ့လုပ်နေသေးသည်။ သို့နှင့် ပြန်မည်ပြင်မှ အိုကေအိုကေ ဆိုလာသည်။ 

ထိုအချိန်ရောက်မှ ဘေးမှ အခြေအနေအကဲခပ်နေသော သားဖက်ကိုလှည့်ကာ သားသားရေ ဒီဘီးကောင်းတယ် ဆိုပြီး လက်မထောင်ပြလိုက်တော့ သူလဲပျော်သွားသည်။ ထိုရက်ကစ မနက်မိုးလင်းကနေ ညနေအထိ ဘီးစီးဘို့ တတွတ်တွတ်ရွတ်ရင်း သူမှာလဲ ကျွန်တော်ရုံးဆင်းချိန် စောင့်နေရှာသည်။ စီးဖို့ဘီးကောင်းကောင်းတစီးရှိနေပြီလေ။

ကြီးလာလို့ ဒီစာဖတ်မိရင်သော်၎င်း၊ သူငယ်ချင်းများရဲ့ဘီး စီးမိပြီး သူ့စက်ဘီးထက်ပေါ့တာကို ရိပ်မိသွားလျှင်သော်၎င်း၊ သူကျွန်တော့်ကို စိတ်ကွက်နိုင်သည်။ သန်စွမ်းကျမ်းမာနေလျှင်သော်၎င်း၊ အကယ်၍တိုးဒီဖရန့်မှာ စင်ပေါ်တက်ကာ ရှန်ပိန်ပုလင်းဖေါက်နေဖြစ်သောအချိန်တွင်၎င်း သူကျွန်တော့်ကို ကျေးဇူးတင်နေပေလိမ့်မည်။ 

လတ်တလောတော့ ညနေတိုင်း အိမ်ရှေ့မှာ စက်ဘီးနင်းနေသောသားငယ်ရယ်၊ သူလဲမည်စိုးလို့ သွက်သွက်အတူလိုက်လျှောက်ရင်း ဘိုက်ပြုတ်ဖို့စိတ်ကူးယဉ်နေသော ကျွန်တော်ရယ် ပျော်နေကြတာကတော့ သေချာပါသည်။

1 comment:

  1. တစ်ချက်ခုတ် ၊ နှစ်ချက်ပြတ်..... :P

    ReplyDelete