Monday, May 2, 2011

သဲကြိုးအသစ်

ဒီတပတ်ပိတ်ရက်မှာ ကျွန်တော်ရယ် သားငယ်ရယ် ဆံပင်သွားညှပ်ကြပါတယ်။
ဆံပင်ညှပ်တာနဲ့ပတ်သက်ရင် ကျွန်တော်ငယ်ငယ်က ကြောက်ပြီး ငိုယိုနေခဲ့တာမျိုးကို မမှတ်မိပါ။ ထူးထူးခြားခြားမှတ်မိနေတာက ကျွန်တော်ပထမတန်းတက်နေစဉ်ကအကြောင်းပါ။ ထိုနှစ်က ကျွန်တော်တို့ တတန်းလုံးနီးပါး ခေါင်းကုတ်ခဲ့ကြရပါတယ်။ ဘယ်သူ့ဆီက စလဲတော့မသိ၊ ကျွန်တော်တို့ အတော်များများရဲ့ ခေါင်းမှာ အနာလေးတွေ ကိုယ်စီနဲ့။
စာမေးပွဲ နောက်ဆုံးနေ့မှာ အိမ်လဲပြန်လာရော အမေက အိမ်နီးနားချင်းတယောက်ဆီ ခေါ်သွားပါတယ်။ သူက ကျွန်တော့်ကို ကတုံးတုန်းပေးတယ်။ အမေကပြန်ပြောပြတာကတော့ ဆံပင်ညှပ်ဆိုင်ဆိုရင် သူများတွေဆီထပ်ကူးမှာစိုးရိမ်လို့ အကူအညီတောင်းထားတာတဲ့။ ဆံပင်ညှပ်နေကြ ကတုံးတုန်းနေကြသူမဟုတ်တော့ သူ့မှာစိုးရိမ်စိတ်ကမကင်း၊ ဒီအထဲ အနာရှိတဲ့နေရာဆိုရင် သွေးတွေကလဲ စီးကျလာတော့ သူ့မှာကျွန်တော့်ကို ကြည့်ရင်းသနားနေတာတဲ့။ ကျွန်တော်ကတော့ အောက်မှာဇိမ်ကျလို့၊ အယားတွေပြေနေပြီး အလွန်နေလို့ကောင်းတာကို မှတ်မိနေပါသေးတယ်။
နောက်လဲ ဆံပင်ညှပ်ရတော့မယ်ဆိုရင် အိမ်ကပိုက်ဆံပေးပြီး လမ်းထိပ်ကဆိုင်ကို တယောက်ထဲ လွှတ်လိုက်တာများပါတယ်။ ကျွန်တော်ကလဲ အေးဆေး၊ ပေးတဲ့ပိုက်ဆံက အမြဲတမ်း ဂျစ်တူးဇီးပြား တပြားဖိုး ပိုပေးတတ်ပါတယ်။ ထိုစဉ်က ကျွန်တော်တို့အတွက် ဂျစ်တူးဇီးပြားထဲမှာပါတဲ့ ကာတွန်းစာအုပ်ကလေးတွေဟာ သိပ်ရေပန်းစားနေတော့ ပျော်ပျော်ပဲသွားတတ်ပါတယ်။
အဲဒီ့ဆံပင်ညှပ်ဆိုင်က အခုထိရှိနေသေးပါတယ်။ ဆိုင်နာမည်တော့တပ်မထား၊ ညှပ်ပေးတဲ့သူနာမည်ကိုစွဲပြီး ခေါ်ကြပါတယ်။ ညှပ်တဲ့သူကတော့ ထုံးစံအတိုင်း လေပေါတတ်ပါတယ်။ ကိုယ့်ရှေ့မှာ သူနဲ့လေပေးသင့်သူရှိနေရင်တော့ တန်းလျှားလေးပေါ်ထိုင်ရင်း တမေ့တမော စောင့်ပေတော့ပဲ။ ထိုသူ့ဆံပင်လဲ လေးပေးဖြောင့်ရင် ဖြောင့်သလောက် တိုတိုသွားပါတယ်။ ဆံပင်ညှပ်ထားပြီး ပုံကလိုတာထက်တိုနေရင် အချင်းချင်း မင်းဒီနေ့လေပေးဖြောင့်လာတယ်ထင်တယ်လို့ ပြောစမတ်တွင်သည်အထိ။
သူက ကျွန်တော်တို့လို ကလေးတွေကိုလဲ သိပ်အလွတ်မပေးတတ်ပါဘူး။ တခါတလေ လက်ချာရိုက်တယ်၊ တခါတလေ ကျွန်တော့်အကိုတွေအကြောင်း၊ အဖေ့အကြောင်းတွေမေးတယ်။ ကြည့်ရတာ ကလေးအတွေးနဲ့ တောင်တောင်အီအီဖြေတာတွေ သဘောကျပုံရပါတယ်။ ဆံပင်ပုံကတော့ ဘယ်သူလာလာ ပုံစံတမျိုးပဲညှပ်တယ်။ ကျွန်တော်မကြိုက်တာဆိုလို့ ဂေါင်းကိုကိုင် ဟိုစောင်းဒီစောင်းလုပ်တဲ့အခါ ကိုင်တာခပ်တင်းတင်းဖြစ်နေတတ်တာရယ်၊ ဒေါက်သတဲ့အခါ သင်တုန်းဓါးကို တိုင်မှာချိတ်ထားတဲ့ သားရေပြားကြီးနဲ့ အကြာကြီး သနေတတ်တာရယ်ပါ။ ဒါကလွဲလို့ ကျွန်တော်ရဲ့ ငယ်ငယ်က ဆံပင်ညှပ်ခဲ့ရတာမှာ သိပ်ထွေထွေထူးထူးမရှိခဲ့။
သားငယ်ကတော့ မလွယ်။ အရင်ကညှပ်တဲ့သူနဲ့ဆိုရင် လုံးမအဆင်မပြေ။ အရင်က ညှပ်ပေးနေကြသူကလဲ တခြားမဟုတ် ကျွန်တော်ကိုယ်တိုင်။ သူမွေးစမှာ ကလေးတို့သဘာဝအတိုင်း တကိုယ်လုံးမှာ အမွှေးတွေက အပြည့်။ ပေါင်တွေမှာဆို မွေးလွယ်အောင် သဘာဝအရ ပေါက်တဲ့ အမွှေးနုလေးတွေလို့တောင် ခေါ်လို့မရ၊ ကြမ်းပြီး သန်နေပါတယ်။ ပြီးတော့ လက်တဆစ်လောက်ရှည်ပါတယ်။ ဆံပင်ကလဲ မဲပြောင်ပြီး သန်လှသည်။ မွေးဆံပင်ကိုက အတော်ရှည်ရှည်။
နောက်တလလောက်လဲရှိရော အမွှေးတွေမရှိတော့၊ အရင်က သန်လှသော ဆံပင်များလဲ နုပြီး ကျိုးတို့ကျဲတဲဖြစ်လာသည်။ ကျွတ်လိုက်သည်မှာကလဲ ကုတင်ပေါ်မှ သူ့ဆံပင်လေးတွေ အများကြီး တွေ့နေရတတ်တော့ စိုးရိမ်လာမိသည်။ ထိုအချိန်မှာ ကာကွယ်ဆေးတွေကလဲ မကြာမကြာထိုးနေရသည့်အပြင်၊ ကလေးဆရာဝန်ကိုမေးပြီး ခေါင်းလျှော်ရည်တွေဘာတွေလဲ သုံးပြီး ရေချိုးပေးဖြစ်နေသည်ဆိုတော့ ဘာနဲ့အဆင်မပြေဖြစ်လဲဆိုတဲ့အတွေးကရော၊ နောက် ငါ့သားလေး ဆံပင်များမသန်ပဲ ကျို့တို့ကျဲတဲလေးဆိုရင်ဖြင့် ဆိုတဲ့စိုးရိမ်စိတ်ကရော ကျွန်တော်တို့ကိုဖိစီးနေသည်။
နောက်တကြိမ် ဆရာဝန်နှင့် ပုံမှန်ပြရချိန်မှာ ကျွန်တော်တို့သူ့ကို ကတုံးတုန်းပေးလို့ရမလားလို့ မေးတော့ ရပြီတဲ့။ ဒါနဲ့ သူ့ကိုဂျုတ်ကလေးနဲ့ မနာအောင် ဖွဖွလေးရိပ်ပေးပါတယ်။ ကြောက်ကြောက်နဲ့ပါ။ အစောပိုင်းတော့ အိုကေပါတယ်။ သူက အုအုအဲအဲနဲ့ ပြန်ပြောနေသေးတယ်။ သိပ်တော့မတွင်၊ ၁၅မိနစ်လောက်ရှိတော့ နေရာနဲနဲပဲ ပြီးသေးတယ် စငိုပါလေရောဗျာ။ ကြည့်ရတာ ခေါင်းကျိမ်းလာတာရော၊ လက်တွေမလှုပ်အောင်၊ အအေးမမိအောင် ထုတ်ထားတာကိုမကြိုက်တာရောနဲ့ ရှေ့ဆက်လို့ကိုမရတော့ပါ။ ငိုလေ နာတယ်ထင်လေ လက်မရဲတော့လေနဲ့ ရပ်လိုက်ရပါတယ်။
ဒီတော့ ကလေးလဲသက်သာအောင်၊ မြန်မြန်လဲပြီးအောင် ရိတ်တဲ့စက် ( ကျွန်တော်တို့ အရပ်အခေါ် ဂိုက်ထိုးစက် ) သွားဝယ်ဖို့ ကျွန်တော်တို့နှစ်ယောက်တိုင်ပင်ကြတယ်။ ကလေးက ရိပ်လက်စ ကွက်တိကွက်ကြားနဲ့ဆိုတော့ တွန်းလှည်းထဲထည့်၊ အနှီးနဲ့ပတ်၊ ခေါင်းကိုပါ မမြင်ရအောင် သေချာထုတ်ပြီး အနီးဆုံးရှော့ပင်းမောကို ချီတက်ကြပါတယ်။
ရှာနေ၊ ရွေးနေတုန်း သေသေချာချာထုတ်ထားတဲ့ကြားက ကလေးရဲ့လက်ကလေးက ထွက်ထွက်လာတတ်ပြီး ခေါင်းပေါ်ဖုံးထားတဲ့အ၀တ်ကိုထိုးဖယ်၊ ကျွန်တော်တို့ကပြန်ဖုံး၊ တခါနှစ်ခါ နေတော့  သူကငို၊ ချီလို့မဖြစ်လို့ အသင့်ဖျော်လာတဲ့နို့ဗူးအတင်းတိုက်၊ သို့နှင့် မြန်မြန်ဝယ်ပြီးပြန်ရပါတယ်။
ထိုစဉ်ကစ သူ့ကို ကတုံး ကျွန်တော်တုံးပေးတိုင်းလဲငိုတယ်။ အပြင်ရောက်၊ ခုံပေါ်ထိုင်ခိုင်းထားတဲ့အထိ အိုကေပါပဲ။ ဆံပင်ရိတ်တဲ့စက် စဖွင့်လို့မော်တာသံတိုးတိုးလေး ကြားတာနဲ့စငိုတာ။ သူ့မျက်နှာပေါ် ဆံပင်မွှေးတွေကျပြီး ယားကာ လန့်တတ်သွားတယ်ထင်ပါတယ်။ ကျွန်တော်တို့သားဟာ အမြဲတမ်းကတုံးနဲ့ ၂နှစ်ပြည့်တဲ့အထိပါပဲ။ တခြားကလေးပုံလေးတွေ လက်တည့်တော့ စမ်းကြည့်ပါသေးတယ်။ တဂေါင်းလုံး ညီနေအောင် နံပါတ် ၆နဲ့ထိုး၊ ပြီးမှ အနားတွေကိုတိုယူ၊ ဒါပေမဲ့ ပြီးပြီဆိုရင် အမြဲတမ်း ကွက်ကြားဖြစ်နေတာကိုတွေ့၊ နောက်ရက်ရောက်တော့ ဂတုံးပြန်တုန်းရ၊ ကလေး ၂ ခါငိုရတာပဲအဖတ်တင်တော့ သေချာတဲ့ကတုံးပဲ တုံးပေးဖြစ်ပါတော့တယ်။
သူငိုတတ်တဲ့အကျင့်က ခွင့်ပိတ်ရက် မန္တလေးပြန်ချိန်ရောက်မှ ပျောက်ပါတယ်။ တခါ သူ့အမေက ဆံပင်ညှပ်ဆိုင်ခေါ်သွားတယ်၊ ညှပ်တော့ ထုံးစံအတိုင်းငိုပါတယ်။ ညှပ်ပေးနေတာကလဲ ကလေးတွေ၊ နောက် ခုံမှာလဲ ကားမောင်းသလိုဆော့ဖို့ စီယာရင်ပါတယ်လေ၊ ငိုနေပေမဲ့ သူအဲဒါနှစ်ခုကိုတော့ သဘောကျသွားပါတယ်။ နောက် အဲဒီ့ဆိုင်အနား အကြောင်းတခုနဲ့ရောက်ရင် သူဆံပင်ညှပ်တဲ့ဆိုင်လို့ ပြောတတ်သလိုပြန်ပြောပြပါတယ်။
တနေ့သူ့အမေကိုသူက သားသားညှပ်လို့ပြောပြတော့ သူ့အမေက အမှတ်တမဲ့ပဲ ဒီတခါလဲငိုမှာလားလို့မေးပါတယ်။ အဲဒီတော့သူက ငိုဘူးတဲ့၊ ခပ်တည်တည်ပဲပြန်ဖြေပါတယ်။ နောက် ဘယ်နှစ်ခါမေးမေး ငိုဘူးလို့ပဲဖြေပါတယ်။ တကယ်ညှပ်မဲ့နေ့ ကျွန်တော်တို့သူ့ကိုခေါ်ပြီးသွားတော့လဲ  တလမ်းလုံး မေးသမျှ ငိုဘူးဆိုတာပဲဖြေပါတယ်။ တကယ်လဲ သူဂတိတည်ပါတယ်။ မငိုခဲ့ပါ။ လက်ကိုင်ဘီးလေးကိုဆော့ပြီးနေခဲ့ပါတယ်။ သိပ်မကြာသေးပါ၊ လွန်ခဲ့တဲ့ မတ်လက ညှပ်ခဲ့တာပါ။
အဲဒါတွေကြောင့် ဒီမှာ ကလေးဆံပင်ညှပ်ဆိုင် သီးသန့်ထားတာဖြစ်မှာပါ။ ခုံက အရောင်စုံ အရုပ်တွေနဲ့ တီဗီမှာ ကာတွန်းကားလေးတွေပြလို့။
အခုဒီတပတ်တော့ သားအဖနှစ်ယောက် ပုံမှန်ကျွန်တော်ညှပ်နေကြ ဆိုင်ကိုပဲသွားပါတယ်။ သူ့ကိုဇွတ်ပဲ သားသားဆံပင်ညှပ်မယ် ဒီတခါလဲ ငိုရဘူးနော်လို့ သဘောတူညီမှု့ယူထားပါတယ်။ မငိုသလို၊ သူညှပ်ပြီး ကျွန်တော့်အလှည့်မှာ ဘေးခုံမှာထိုင်ရင်း သူယူလာတဲ့ ကားကလေးဆော့ကာ စောင့်နေရှာပါတယ်။ စကားပြောလိုက် ဆော့လိုက်နဲ့ဆိုတော့ အဖေါ်တောင်ရနေပါသေးတယ်။
ကျွန်တော်ငယ်ငယ်က ဆံပင်ညှပ်လာပြီး နောက်တရက် ၂ ရက်အထိ အောင်မယ် သဲကြိုးအသစ်နဲ့ပါလားလို့ လူကြီးတွေက စလေ့ရှိပါတယ်။ ထိုအချိန်က ကျွန်တော်တို့စီးရလေ့ရှိတာ ဆင်ကြယ်ဖိနပ်၊ အကြောင်းကြောင်းကြောင့် သဲကြိုးပြတ်သွားခဲ့ရင် ဈေးမှာ သဲကြိုးအသစ်ဝယ်လို့ရပါတယ်။ ပြီးရင် သဲကြိုးအသစ်ကလေးလဲ၊ ဖိနပ်ကလေးကို သေသေချာချာဆေး၊ ပြန်ဝတ်ပေါ့။ ဒီတော့ ဖိနပ်ခုံနွမ်းနွမ်းမှာ သဲကြိုးအသစ်ကလေးက ထင်းနေအောင် ပေါ်နေတာပေါ့။ အဲဒီ့လိုပဲ ဆံပင်ညှပ်ပြီးကာစမှာ ကျွန်တော်တို့လဲ အရင်လို ဘုတ်သိုးသိုးမဖြစ်တော့တာက တကြောင်း၊ ဆံပင်က တိုတိုဆိုတော့ အောက်ကပေါ်လာတဲ့ နေပြန်မထိသေးတဲ့ နားအနားကတို့ ဂုတ်ကတို့ အသားတွေကလဲ ( နကွင်း လို့ခေါ်ကြပါတယ်) ထင်းထင်းကြီးဖြူနေတာကို တင်စားတယ်ထင်ပါတယ်။ ဖိနပ်နဲ့ ခေါင်းနှိုင်းတာကိုတော့ အဲဒီအချိန်တုန်းက သိပ်အစာမကြေဖူးပေါ့ဗျာ။
အခု သူတို့တွေ့ရင်လဲ ကျွန်တော်တို့ကို သားအဖနှစ်ယောက် သဲကြိုးလဲလာကြတယ်ထင်ပါ့လို့ ပြောကြအုံးမှာအသေအချာပါပဲ။

3 comments:

  1. မနေ့ကပဲ သည်းကြိုးအသစ်လဲခဲ့တယ်။ဟင်းဟင်းး

    ReplyDelete
  2. အင်း..အင်း.... တို့တွေငယ်ကတော့ အိမ်သာခေါင်မိုး အသစ်မိုးထားပါလားပါ အပြောခံရတယ်တော့

    စင်စင်

    ReplyDelete
  3. အိမ်မှာ သမီးကို ဂျုတ်နဲ့ ကတုံးရိတ်ပေးတယ်.. ယင်ယက ငြိမ်ခံတယ်.. ခုတော့ ခေါင်းပေါ်လက်တင်မခံတော့ဘူး..
    သူ့အဖေကတော့ မရိပ်ရဲဘူးတဲ့... ((သက်သာလိုက်ထှာ)

    ReplyDelete