Monday, May 16, 2011
ပြောင်းလဲခြင်းများနှင့် မပြောင်းလဲခြင်းများအပေါ်....
အမှန်အတိုင်း ပြောရပါလျှင် ဒီအတွေးကို  ကျမ ရခဲ့တာ ပြီးခဲတဲ့ ၂၀၀၉ခုနှစ် တုန်းက ကျင်းပပြုလုပ်သော ငယ်ငယ်က ပညာဆည်းပူးခဲ့သည့် အလယ်တန်းကျောင်း၏ ဆရာကန်တော့ပွဲနှင့်   ကျောင်းသား၊   ကျောင်းသူဟောင်းများ   တွေ့ ဆုံပွဲက   ဖြစ်ပါသည်။
ထိုစဉ်က အဝေးတနေရာမှ အိမ်သို့ အလည်ပြန်စဉ် မထင်မှတ်ပဲ ကြုံကြိုက်ခဲ့ခြင်း ဖြစ်ပါသည်။ ခုပြန်စဉ်းစားလျှင်တော့ ငယ်ဆရာမများကို ကျန်းမာစွာ ပြန်လည်တွေ့ ရှိရပြီး ငယ်သူငယ်ချင်းများစွာနဲ့ ပါ တွေ့ ခဲ့ရသဖြင့် လွန်စွာ ကံကောင်းခဲ့သည်ဟုလည်း ထင်မိပါသည်။ ပြန်လည်နုပျိုလာသည်လို့ ထင်မှတ်ရသလို လွတ်လပ်ပေါ့ပါးစွာနဲ့ လည်း ငယ်ငယ်တုန်းကလို ခံစားပျော်ရွှင် ရယ်မောခဲ့ကြရပါသည်။
ယခုပြန်စဉ်းစားတော့ ပွဲစဉ်တလျှောက်အတွင်း ပြောဆိုခဲ့သည်များမှ သတိထားခဲ့မိတာ တစ်ခုရှိပါသည်။ တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် ပြောဖြစ်ခဲ့ကြသော စကားဖြစ်သလို အများဆုံးကြားခဲ့ရသော စကားလည်း ဖြစ်ပါသည်။ ထိုစကားမှာ...
`ဟယ်..ကြည့်အုံး..အရင်အတိုင်းပဲ ဘာမှ မပြောင်းလဲဘူး.. `ဆိုသော စကားနှင့် `အယ်..ကြည့်စမ်း..ပြောင်းလဲနေလိုက်တာ၊ မှတ်တောင် မမှတ်မိတော့ဘူး... `ဆိုသော မှတ်ချက်စကားတို့ ပင်ဖြစ်ပါသည်။ ဆရာ၊ ဆရာမတို့ က ကျောင်းသူ၊ ကျောင်းသားတို့ ကို ပြောတာဖြစ်သလို၊ သူငယ်ချင်း အချင်းချင်း နှုတ်ဆက်စကားလည်းပါသည်။
ထိုစဉ်ကတော့ ရုတ်တရက် ချက်ချင်း အပေါ်ယံအမြင်အပေါ် ပြောင်းလဲခြင်း ၊ မပြောင်းလဲခြင်းကို ပြောဖြစ်ခဲ့မှန်း ခုပြန်စဉ်းးစားမှ သိရှိလိုက်မိသည်။ ထို့ အတူ တဆက်တည်း သူ့ အကြောင်း ၊ ကိုယ့်အကြောင်း ဖလှယ်ရင်း ကိုယ်စီ မိသားစုအကြောင်း ဆက်မိကြတော့မှ သူ့ ဘ၀၊ ကိုယ့်ဘ၀ အကြောင်းများ သိလာကာ အမှန်တကယ် ပြောင်းလဲနေခြင်းများနှင့် မပြောင်းလဲခြင်းများကို ဆန်းစစ်သိရှိလိုက်ရပါတော့သည်။ ကျမ ပွဲပြီးလို့ ကြာမှပင် ကိုယ့်ဟာကို ပွဲကို ရှည်နေမိတော့သည်။
            +                                              +                                              +
ဒီလိုနဲ့  ပြီးခဲ့တဲ့ အပါတ်ထဲကမှ ဖေ့ဘွတ်ထဲတွင် သူငယ်ချင်းတယောက်အကြောင်းကို အမကြီး တယောက်အား ပြောဖြစ်ခဲ့သေးသည်။
`မမရေ အဲဒီသူငယ်ချင်းကလေ အရင်အတိုင်းလေးပဲ ၊ ဘာမှ မပြောင်းလဲဘူးလို့ ... `
            ဆိုပါတော့..ဒီလိုနဲ့ ပင် စိတ်ကလေးအားအားရှိတိုင်း သူငယ်ချင်းများကို သတိရ။ သတိရမိတိုင်းလဲ အရင်လို သူတို့ တွေ ဘယ်မှာပါလိမ့်..လို့ ၊ သူ့ ခလေးတွေ ဘယ်အတန်းရောက်နေကြပြီလဲလို့ ..တို့ ထက် သူဘာတွေများပြောင်းလဲနေပါလိမ့်ဆိုတာကိုပါ အတွေးရောက်မိတတ်တော့သည်။ နောက် သူတို့ ကရော ငါ့ကို ဘယ်လိုများထင်ကြမှာပါလိမ့်..လို့ လဲ ကိုယ့်အကြောင်းကိုပါ ဆန်းစစ်နေမိပါတော့သည်။
            ပထမဦးစွာ စစဉ်းစားစဉ် အသိမိတ်ဆွေ၊ ငယ်သူငယ်ချင်း အများစု ကျမကို တွေ့ စဉ် ပြောခဲ့သော...
            `ဟယ်..နင် အရင်ကလိုပဲတော့ `
ဆိုတာကို တွေးနေမိသည်။ သို့ သော် သေချာ ပြန်စဉ်းစားကြည့်မိတော့ တယောက်နဲ့ တယောက် ပြောတဲ့ အမြင်ချင်း မတူမှန်း သိလိုက်ရသည်။
            ပြီးခဲ့တဲ့ ၂၀၁၀ ၊ ဒီဇင်ဘာလထဲက အလုပ်ထဲတွင် သိခဲ့သော ၊ မတွေ့ ကြရတာလည်း ၁၀နှစ်ခန့် ကြာပြီ ဖြစ်သော အကိုကြီးတယောက် အိမ်ကို လာလည်ခဲ့သည်။ ထိုစဉ်က ကျမကို တွေ့ တွေ့ ချင်း ခြေဆုံး၊ ခေါင်းဆုံး ကြည့်ရင်း ပြောခဲ့သည်က...
            `အင်း..အရင်အတိုင်းပဲ.. ဘာမှ မပြောင်းဘူး `..ဟုပင်။ ကျမက
            `ဘာလဲ အရင်လို ၀မြဲ၊ ၀ဆဲလို့ ပြောတာ မဟုတ်လား `...ဆိုတော့ ရီလို့ သာနေသည်။ အိမ်မှာ ခဏ စကားပြောအပြီး တခြားသူငယ်ချင်း စုံတွဲပါရောက်လာကာ လက်ဘက်ရည်ဆိုင်သို့ ချီတက်ခဲ့ကြသည်။ စကားတွေပြောကြသည်။ အချင်းချင်း အပြန်အလှန် မေးကြသည်။ တခြားသူငယ်ချင်းတွေ အကြောင်းလည်းပါသည်။ သူတို့ တွေအပေါ် အမြင်တွေ ဖလှယ် ခဲ့ကြသည်။ ထိုအစ်ကိုကြီးနဲ့ ပါတ်သတ်သော အကြောင်းအရာ တစ်ခုကို ဆွေးနွေးခဲ့ကြသည်။ ဒီလိုနဲ့  ၂ နာရီလောက် ကြာတော့ ကျမသားလေး အိပ်ချင်လောက်ရောပေါ့ ဆိုကာ ပြန်ဖို့ ပြင်ကြသည်။ သို့ သော် ငွေရှင်းပြီး ဆိုင်ပြင်ရောက်သည်ထိ ဆိုင်ရှေ့ရပ်လို့ စကားက မဆုံးကြသေး။ အလုအယက် ပြောနေမိကြတုန်း။ တကယ်ပြန်ကြဖို့ ပြင်တော့ ထိုအစ်ကိုကြီးက ကျမကို စကားတစ်ခွန်း ပြောလိုက်သည်။
            `တကယ်ပြောတာ..အရင်အတိုင်းပဲ ဘာမှ မပြောင်းလဲဘူး. `..ဟုပင်။
            နောက်တစ်ကယောက်ကလည်း ထိုအစ်ကိုကြီးနဲ့ အတူပင် အလုပ်ထဲတွင် သိခင်ခဲ့သော အမတစ်ယောက်က ကျမဆီ ဖုန်းဆက်ရင်း ကျမကို မေးခွန်းတစ်ခုမေးကာ ကျမအဖြေအပေါ် ကောက်ချက်ချခဲ့သော အရာပင်ဖြစ်သည်။
            သူမက ကျမကို...
            `ဘာလဲ အရင်လိုပဲ ခုချိန်ထိ စိတ်ကောက်တုန်းပဲလား `..တဲ့။ ကျမက
            `ဘေးနား ကောက်စရာလူရှိရင် ကောက်လိုက်တာပဲ `..လို့ ပြန်ဖြေတော့...
            `အသက်ကဖြင့် ကြီးလာပြီ၊ ခုထိ ငယ်တုန်းကလိုပဲ မပြောင်းလဲသေးဘူးလား `..တဲ့ မေးရင်း ပြောခဲ့ဘူးသည်။ သူ့ အမြင်အတိုင်းဆိုပါက ကျမမှာ  မပြောင်းလဲသေးတာ နောက်တစ်ချက် ရှိနေသေးသည်ပေါ့။
            ကျမအိမ် ပြန်တိုင်း ညီအစ်မများသဖွယ် ခင်ရသော ညီအစ်မတတွေဆီသွားလည်ရင်တော့...
            `ဒီလိုလေးပဲတော့။ ဘာမှ မထူးဘူး။ အရင်လိုပဲ။ `...ဟု ဆိုတတ်လေတော့ ဒါလည်း ကျမ ဘာမှ မပြောင်းလဲတာ ဆိုခြင်းဖြစ်ပေလိမ့်မည်။ သို့ သော် ဘာကို အခြေခံမှန်းတော့ မသိပါ။ ဖြစ်နိုင်တာကတော့ အဝေးရပ်ခြားမှာ အချိန်ကြာသွားနေပေမဲ့ ၀တ်တာစားတာ၊ ပြောတာဆိုတာ၊ နေတာထိုင်တာ အရင်လိုပဲလို့ မပြောင်းလဲခြင်းကို ဆိုလိုခြင်းဖြစ်ပေမည်။
                        +                                              +                                              +
            ၂၀၀၂ ခုနှစ်လောက်က တက္ကသိုလ်တုန်းက သူငယ်ချင်း တစ်ယောက် ကျမ တာဝန်ကျနေရာ ဆိုဒ်ထဲလာရင်း ကျမကို တွေ့ တော့...ကျမအမည်ကို သူ မှန်မိပုံ မရပါ။ သိခဲ့ချင်မှလည်း သိခဲ့ပါလိမ့်မည်။ သို့ သော် သူ ကျမဆီ လှမ်းလာရင်း...
            `နင် အရင်အတိုင်းပဲ။ မပြောင်းဘူး။အဲ..ပါးကြီး ပိုဖေါင်းလာတာပဲရှိတယ်`..တဲ့။ ကျမလည်း သူ့ အမည်ကို မသိခဲ့လေတော့ ရင်ပတ်က အမည်ကဒ်ကလေးကို ဖတ်ရင်း...
            `နင်လဲ အရင်လိုပါပဲ `ဲ..လို့ ပြောခဲ့ဘူးပါသည်။ တကယ်တော့ သူဘာတွေ ပြောင်းလဲနေတာတွေ ဘာတွေ ရေရေရာရာ ဘာမှ စဉ်းစားမရပါ။ တခုသေချာတာကတော့ သူလည်းပဲ နည်းနည်းတော့ ၀နေပြီ ထင်မိပါသည်။
            တကယ်တော့ ကျမတို့ တတွေ များစွာ ပြောင်းလဲသွားကြပြီဆိုတာကို မဆန်းစစ်မိလို့ သာပင် ဖြစ်ပါသည်။ ကျောင်းပြီးသွားတဲ့ ခုနစ်နှစ် အတွင်း ပြောင်းလဲမှုများစွာ ရှိခဲ့ကြတာ ကိုယ့်ဟာကို မရိပ်မိခြင်းသာ ဖြစ်ပါသည်။ ကျောင်းတက်စဉ်က လွတ်လပ်စွာ ရယ်မော ပျော်ရွှင်မှုမျိုး နည်းပါးသွားခဲ့ရပါပြီ။ တခါတလေ ဟန်ဆောင်ရယ်မောနေရသလို၊ တခါတလေတော့လဲ သူများကျေနပ်ဖို့  အလိုက်သင့် ရယ်မောမှုတွေသာပါ။ ရယ်မောမှုတွေပင် ပြောင်းလဲခဲ့ရပေပြီ။
ကျောင်းတုန်းက အချင်းချင်း စိတ်မဆိုးတမ်း စကြ၊ နောက်ကြနဲ့ ပြောခဲ့၊ ဆိုခဲ့ကြဘူးပေမဲ့ ခုတော့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း အခြေအနေပေါ်လိုက်လို့ အမြဲမဟုတ်တောင် အကြိမ်များများ လိုက်လျောညီထွေ ဖြစ်အောင် ပြောဆိုနေကြရပေပြီ။ သူငယ်ချင်းတွေ တွေ့ ကြ ဆုံမိကြရင်လည်း အရင်လို လွတ်လပ်စွာ ပြောဆိုလို့ မရတော့ပါ။ ဘ၀ပေးအသိအရသော်လည်းကောင်း ၊ အလုပ်အကိုင် ရာထူးတာဝန်အရသော်လည်းကောင်း ထိန်းချုပ် ၊ ချင့်ချိန်ရမှုများ အနည်းနဲ့ အများဆိုသလို ရှိလာပေပြီ။  
+                                              +                                              +
ရေမြေအသစ်မှာမို့  စီးပွားရေး၊ ကျန်းမာရေးတို့ သာမက အတွေးအခေါ် အယူအဆချင်းမတူသဖြင့် ပေါင်းသင်းဆက်ဆံရေး နှင့် လူမှုရေး ဆိုင်ရာ အခက်အခဲများ တွေ့ ကြုံခဲ့ရမှုတို့ ကိုလည်း ရင်ဆိုင် ကျော်လွှားခဲ့ရဘူးပေပြီ။ လက်ရှိဘ၀ပင်လယ်တွင် တစ်ဦးနဲ့ တစ်ဦး မတူညီစွာ အောင်မြင်ခဲ့၊ အောင်မြင်နေသူများ ရှိသလို ဆက်လက်ရင်ဆိုင် တိုက်ပွဲ ၀င်နေရဆဲသူများလည်း ရှိနေပေသည်။
            ဓါတ်ပုံများကို ပြန်လည်ကြည့်မိရင်တော့ ပြောင်းလဲခြင်းနှင့်အတူ မမြဲခြင်း တရားတွေ ရလာပါတော့သည်။ အသက်အရွယ် ကြီးပြင်းလာသည်နဲ့ အမျှ ရုပ်ပိုင်းဆိုင်ရာများ နုပျိုခြင်းမှသည် ရင့်ကျက်မှုဆီသို့ သိသာစွာ ပြောင်းလဲခဲ့ကြပေပြီ။ ၄၊၅။ ၁၀နှစ် ကွာမှ မဟုတ်ပါ။ လပိုင်း အတွင်းတွင်ပင် ပြောင်းလဲနေခြင်းကို သိမြင်နိုင်ပါသည်။
            သို့ ဆိုသော် တစ်ယောက်နဲ့ တစ်ယောက်တွေ့ ပါက ...ဘာမှ မပြောင်းလဲဘူးတော့... ဆိုသော စကားကို အချင်းချင်း ဘာကြောင့်များ ပြောခဲ့မိကြပါလိမ့်။ ကျမ အတွေးတွေ ဆက်နေမိပြန်ပါသည်။         စဉ်းစားရင်း စဉ်းစားရင်း ထင်မြင်ယူဆချက်များက ကျမစိတ်ကို ဆွဲဆောင်နေပါပြီ။ ထိုအရာကား လူ တစ်ဦးနဲ့ တစ်ဦး မတူညီသလို မတူညီသော ဘ၀အလှည့်အပြောင်းများဖြင့် ရှင်သန် ရပ်တည်နေကြခြင်းပင်။
                        +                                              +                                              +                     
သို့ ဖြင့် ၂၀၁၀ခုနှစ်က တတိယအကြိမ်ဆရာကန်တော့ပွဲ ပေမဲ့ ကျမအတွက် ဒုတိယအကြိမ်တက်ရောက်ဖြစ်ခဲ့သောပွဲတွင် တွေ့ ခဲ့၊ ပြောခဲ့ရသော ဆရာမများနှင့် သူငယ်ချင်းများ အကြောင်း ပြန်လည်တွေးနေမိပါသည်။
ထိုစဉ်က ထုံးစံအတိုင်း ဆရာ၊ ဆရာမများကို အရင် နှုတ်ဆက်ဖို့ ထက် သူငယ်ချင်းများနဲ့ စကား အလုအယက် ပြောဖို့ သာ စိတ်သန်နေခဲ့ပါသည်။ သို့ နှင့် ကျောင်းဝင်းထဲ ၀င်ပြီးပြီးချင်း သူငယ်ချင်း အများစုဝေးရာ လက်ဘက်ရည်နှင့် ဆမူဆာကျွေးသော နေရာဆီသို့  အရင်ဆုံး သွားခဲ့သည်။
တွေ့ ကြပြီဆိုတာနဲ့ နားထောင်သူမရှိ ဦးအောင် ပြောကြသည်။ နောက်မှသာ သိလိုရာ ပြန်မေးယူရတော့သည်။ ဘယ်သူနဲ့ တွေ့ တယ်၊ ဘာတွေဖြစ်နေတယ်ဆိုကာ မလာသော သူငယ်ချင်းများအကြောင်းကိုလဲ သိသူက မသိသူကို သတင်းပေးကြသေးသည်။ ထိုသို့ ပြောရာတွင် မိမိထင်မြင်ယူဆချက်ကလေးများလည်း မသိမသာ ပါဝင်နေတတ်သည်။ ဥပမာ..သူ့ ကို ငါတွေ့ တုန်းက ခလေးတွေနဲ့ ဆူညံပျော်ရွှင်နေကြတာ၊ သူတို့ မိသားစု အစစ အဆင်ပြေကြတယ်သိလား..ဆိုတာမျိုး။ ဒါပေမဲ့ ဟိုတယောက်ကတော့ ပိန်လို့ ၊ အသားတွေလဲညိုနေတာ၊ အလုပ်က ပင်ပန်းတယ်ထင်တယ်..တို့ ။
တော်တော်ကြာ လူစုံအကြောင်း သိသမျှ ဖလှယ်ပြီးမှသာ ကိုယ်သိချင်၊ တွေ့ ချင်သူ ၊ပြောချင်သူနှင့် နှစ်ဦးဆုံ ပြောကြရတော့သည်။ ပွဲမစခင် အချိန်လုကာ သူငယ်ချင်းအားလုံးစုံအောင် အပြေးအလွှားရှာကာ မမောမပန်းနိုင် ပြောရတော့သည်။ ပွဲပြီးပါက သူသူကိုယ်ကိုယ် ပြန်ဖို့ သာ စိတ်စောနေတတ်သာ သိနေသည်။ အိမ်မှာက နောက်ဆံတင်းစရာ ကိုယ်စီဖြင့် ငယ်ငယ်ကလို ကိုယ်တစ်ကိုယ်တည်း မဟုတ်တော့ပေ။ ကိုယ်ပိုင်မိသားစုတွေနဲ့ ကိုယ်ပိုင်ဘ၀ ကိုယ်စီဖြင့်။
သို့ သော် သူမနဲ့ စကားပြောကြရင်းမှ တဖြည်းဖြည်း သူမအကြောင်း ပိုသိလာရတော့သည်။ အရင်လိုပင် အလှအပကြိုက်ကာ ခေတ်စတိုင်ပြင်ဆင်ဝတ်စားထားပေမဲ့ ငယ်ငယ်ကလိုတော့ သူမမိသားစုမှာ အနိုင်ခံရသူမဟုတ်တော့။ သူမစကားများအရ သူမသည် ယခုတော့ အစ်ကို၊ အစ်မ မောင်နှမ မိသားစုဝင်များ၏  စီးပွားရေး ၊ ကျန်းမာရေး၊ ငွေရေးကြေးရေးကအစ အားလုံးကို ဦးဆောင် စီမံဆုံးဖြတ်သူနေရာက ဖြစ်နေပေပြီ။ သူမသည် ငယ်ငယ်က သူမ မဟုတ်တော့ပါ။ သူမ၏ အောင်မြင်နေသော စီးပွားရေးကြောင့် မိသားစုအတွင်း အရေးပေးမခံရသူ အဖြစ်မှ အားလုံးက အားကိုးရသူအဖြစ် ပြောင်းပြန် ပြောင်းလဲသွားခဲ့ပေပြီ။
နောက်တွေ့ ချင်သူက မိစုပင်။ ကျမ အလည်ပြန်တိုင်း သူမမောင်က တဆင့် သတိရကြောင်းလောက်သာ အမှာပါးနိုင်ခဲ့ပြီး တွေ့ ခွင့် မရခဲ့။ သူမကိုတွေ့ တော့ တကယ်ကို အရင်ပုံလေးအတိုင်းပင်။ သူမဘ၀မှာ အိမ်ထောင်ကျသွားသည်ကလွဲလို့ ကျန်တာ ဘာမှ ပြောင်းလဲ ထူးခြားမှုမရှိပါ။ စကားတွေပြောဖြစ်ကြတော့လည်း ဟိုးအရင်ကလိုပင်။ ပြောဖြစ်ခဲ့ကြသည့် အကြောင်းအရာက အစ အတူတူပင်။ အေးအေးဆေးဆေးဖြင့် မိဘနှစ်ပါးကို အနီးကပ်ပြုစုနေသူ။
မကြာခင် မနီဆွဲခေါ်ရာ ပါလာသော ဆူဆူညံညံ၊ အသံစွာစွာဖြင့် ရောက်လာသူကား လုံးဝ ထင်မှတ်မထားစွာ အပြောင်းလဲကြီးပြောင်းလဲနေသော မိနွယ်ပင်။ အနီးရောက်လာပြီး အချင်းချင်း နှုတ်ဆက်စကားပြောပြီးသည့်တိုင် ကျမမှာ ယုံကြည်လို့ မရသေးပါ။
လွန်ခဲ့သော ၁၀နှစ် ကျော်ခန့် က သူငယ်ချင်း ဖိုးထော်( သူငယ်ချင်းဖိုးထော်ကို ထိုအချိန်က နောက်ဆုံးတွေ့ ခဲ့ရခြင်းပင်။ လွန်ခဲ့သော ၃နှစ်ကျော်ခန့် က ဆိုင်ကယ်တိုက်မိကာ ဆုံးပါးသွားခဲ့ပေပြီ။ စိတ်မကောင်းရပါ။)ကို ခေါ်လို့ အိမ်သို့ ပေါက်ချလာတော့သည်။ ရှပ်အင်္ကျီလက်ရှည်နှင့် ဆံပင်ကို ဖြစ်သလို စည်းနှောင်ထားပြီး လွယ်အိတ်တစ်လုံးကိုလည်း ဆလွယ်သိုင်းလွယ်ကာ ယောက်ျားလေးများကဲ့သို့ ကွမ်းကို အကျဝါးလို့ ။ ထိုစဉ်ကပင် များစွာ ပြောင်းလဲနေပါပြီ။
ပြောဟန်ဆိုဟန်နှင့် ရင်းနှီးမှုတို့ ကလွဲလို့ ခွဲခွာခဲ့စဉ် ကျောင်းသူဘ၀ကနဲ့ များစွာကွာခြားခဲ့ပေပြီ။ သူမသည် ဟိုးအရင်ကလို ကျောင်းသူလေးမှ မဟုတ်တော့ပါပဲလေ။ စောစီးစွာ အိမ်ထောင်လဲ ကျနေပါပြီတဲ့။ ယုံကြည်ပါသည်။ သူမသည် ၇ တန်း၊ ၈တန်းအရွယ်ကပင် ရည်းစားထည်လဲ ထားတတ်နေတာ သိထားခဲ့ပြီး မအံ့သြတော့ပါ။ သူမ၏ စီးပွားရေးနှင့် လုပ်ငန်းသဘော၊ သဘောဝကို ဖိုးထော်နဲ့ အတူ ရယ်ရယ်မောမော ပြောကြတော့မှ သူမဘာကြောင့် ဒီလိုပုံ ဖြစ်နေရသည်ကို နားလည် လက်ခံလိုက်ရတော့သည်။ ယောက်ျားလေးအများစုသာ လုပ်ကိုင်သော လုပ်ငန်းကို မိဘများ ထံမှလက်ဆင့်ကမ်းယူကာ သူမက တန်းတူ ရင်ပေါင်တန်းလုပ်နေပါသည်တဲ့။ မိဘတို့ ကို အနားယူခိုင်းကာ ပြုစုစောင့်ရှောက်ထားပါသည်တဲ့။ ကျမ သူမကို ချီးကျူးစကားဆိုမိပါသည်။ တကယ်တော်ပါသည်။
ကျမရှေ့ မှာ ယခုတဖန် ပြန်တွေ့ လိုက်ရသော မိနွယ်ကား လွန်ခဲ့သော ၁၀ နှစ်ကျော် ကလို မဟုတ်ပြန်တော့ပါ။ ၀တ်စားဆင်ယင်ပုံနှင့် ပြောဆိုပုံတို့  သိသာစွာ ပြောင်းလဲသွားပြန်ပါသည်။ မိန်းမဆန်စွာ လှလှပပ၀တ်လို့ ၊ နှုတ်ခမ်းနီရဲရဲဆိုးလို့ ၊ ဆံပင်ကို စတိုင်တကျ ဖားလျားချလို့ ။ သို့ သော် မျက်လုံးများမှာတော့ ၀မ်းနည်းရိပ်လွှမ်းနေသလို ရီရီဝေေ၀ပင်။  မည်သို့ သော ဘ၀အပြောင်းအလဲများ တွေ့ ကြုံခဲ့ရပါလို့ လဲ။ ကျမ ချက်ချင်းပင် စဉ်းစားနေမိသည်။ ထို့ နောက် ကျမတို့ ၃ ယောက်တွဲ ဓါတ်ပုံရိုက်အပြီး စကားဆက်ခဲ့ကြတော့သည်။
သူမ၏ မအောင်မြင်သော အိမ်ထောင်ရေးနှင့် ဆယ်ကျော်သက်ရွယ် သားနှင့် သမီးတို့ အတွက် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးတို့ ပါမက စိတ်ဓါတ်ခွန်အားကိုပါ ပေးစွမ်း ရုန်းကန်နေရသော  မိခင်ဘ၀နှင့် အတူ အိမ်ထောင်ဦးစီးတာဝန်တို့ ကိုပါ ထမ်းဆောင်နေရကြောင်း သိလိုက်ရတော့သည်။ မိဘနှစ်ပါး ပါမက အသက် ၉၀ကျော် အဖွားပါ အနားမှာ ရှိနေလို့ လည်း အား မလျော့ပဲ အလုပ်ကို ယောက်ျားများနဲ့ တန်းတူ လုပ်နေနိုင်ကြောင်း၊ မိဘနဲ့ အဖွားကိုလဲ ပြုစုစောင့်ရှောက်နေကြောင်း။ ကျမ ချီးကျူးမိပြန်ပါသည်။
တဆက်တည်း သတိရမိသူနောက်တယောက်ကတော့ မိစံပင်။ သူမကို ထိုပွဲမှာ တွေ့ ခဲ့ရခြင်း မဟုတ်။ သူမသည် အိမ်သို့ ၃ ၊ ၄ခေါက် သတိရတိုင်း လာတွေ့ ခဲ့ပါသည်။ ကျမမှာ ခလေးငယ်နှင့်မို့ အပြင် မသွားနိုင်ပေမဲ့ သူငယ်ချင်းများ အိမ်သို့ လာကြသဖြင့် တွေ့ ဆုံခဲ့ရရာ သူတို့ ကို လွန်စွာ ကျေးဇူးတင်နေမိပါသည်။ မိစံ ရောက်ချလာသည်က မထင်မှတ်စွာမို့ အိမ်ရှေ့မှ ကျမ ကို ခေါ်သံကြားဆို ၀မ်းသားအားရ ပြေးသွားကာ ကြိုလိုက်မိသည်။ ပြီး ချက်ချင်းဆိုသလို အချင်းချင်း ...
‘ဟယ်..ကြည့်အုံး၊ အရင်အတိုင်းပဲ ဘာမှ မပြောင်းလဲဘူးတော့..’
ဆိုတာ တပြိုင်နက် ထွက်လာခဲ့သည်။ တကယ့်ကို အရင်အတိုင်းပါ။ ဆံပင်တိုလေးနှင့် အပြုံးမျက်နှာနှင့် အရင်လို ပင် စကားတွေ ဖေါင်ဖွဲ့ လို့ ။ အဓိက က ကျမ သားလေးရနေကြောင်းကြားသဖြင့် တွေ့ ချင်လွန်းလို့ ( ပေးစရာ လက်ဆောင် မြန်မာအင်္ကျီလေးဖြင့်) ရောက်လာရပါသည်တဲ့။ ( ထိုအင်္ကျီလေးကို ယခုတိုင် တန်ဖိုးထား မြတ်နိုးစွာ သားလေးကို ၀တ်ဆင်ပေးနေဆဲပါ။ ) နောက်တို့ မိခင်တို့ ထုံးစံ အတိုင်း သူမ၏ သား ၂ယောက် အကြောင်းနှင့် ကျမသားအကြောင်း။ ပြီး သူ့ မိခင်နဲ့ ကိုယ့်မိဘတွေ ကျန်းမာရေးအကြောင်း..။ ထိုမှ ဆက်မှ သူမ၏ အမျိုးသား လွန်ခဲ့တဲ့ ၁၀ လလောက်ကမှ ဆုံးပါးသွားခဲ့ကြောင်း စိတ်မကောင်းစွာ ကြားသိလိုက်ရပါသည်။ ကျမတို့ စကားတွေ မစိုတော့ပါ။ ၀မ်းနည်းတိုးတိတ်စွာ အကြောင်းစုံ ဆက်ပြောပြရှာပါသည်။ တကယ်တော့ မဖြစ်သင့်တာ ဖြစ်ခဲ့ပါသည်တဲ့။ သို့ သော် သူမမှာ ဖြစ်ခဲ့သမျှကို လက်ခံကာ သား ၂ယောက်အတွက် ခွန်အားတွေ အပြည့် ရှိနေပါသည်။
သူမ စကားများအရ အမျိုးသားသည် သူမကို အလွန်မှ ဂရုစိုက်ခဲ့သလို မိသားစုအတွက် ဘာတစ်ခုမှ တာဝန်မပေးခဲ့ပါတဲ့။ အစစ အားလုံးကို သူတစ်ယောက်တည်းကပဲ တာဝန်ယူခဲ့ကာ ဦးဆောင်ခဲ့ပါသည်တဲ့။
‘အဲဒါဟယ်..ငါ့မှာ သူလဲမရှိရော ခလေးတွေ ကျောင်းပို့ ဖို့ အရင်ဆုံး ဆိုင်ကယ်စီးသင်ရတော့တာပဲ။ အရင်တုန်းက သူက စိတ်မချလို့ မစီးခိုင်းခဲ့ပေမဲ့ ခုတော့လဲ မကြောက်တော့ပါဘူး။ မဖြစ်တော့လဲ စီးရင်း ခုရဲသွားပြီဟ။ ခုကျ အစစ အကုန် အသစ်ပြန်လုပ်နေရတော့ ခဏခဏ အပြင်ထွက်ရတာပေါ့ဟယ်။ အဲဒါ မိလင်းကပြောတယ်။ အေး..အဲဒါတွေသိလို့  နင့် အမျိုးသားက သင်မပေးတာနေမှာ..လို့ တောင် ငါ့ကို ပြောနေသေးတယ်။ ဒါနဲ့ မိလင်းနဲ့ ငါနဲ့ က တစ်လမ်းထဲဟ။ နင်လာလည်ရင် ငါတို့ အားလုံးဆုံလို့ ရတယ်။ သိလား...’
ဟု တဆက်တည်း မိလင်းမိသားစုအကြောင်းပါ သတင်းပေးသွားခဲ့ပါသည်။ ကျမ လာဖို့ ကတိ ပေးလိုက်သော်လည်း သူမသာ နောက်ထပ် အကြိမ်ကြိမ်လာခဲ့သည် ။ ကျမက တော်တော်နဲ့ မသွားဖြစ်ခဲ့ပါ။ သူမပြန်သွားတော့ သူမအကြောင်းတွေးနေမိသည်။ ၁၀ လအတွင်း ဘ၀ပြောင်းသွားရသလိုပင်။ သို့ သော် အားမာန်အပြည့်ဖြင့် အားငယ်ရိပ် လုံးဝမရှိပါ။ ချီးကျူးနေမိပါသည်။ ဖြစ်ခဲ့သမျှအပေါ် ကျေနပ်စွာ လက်ခံနိုင်သူပါ။
                        +                                              +                                              +
ကန်တော့ပွဲစဉ်အတွင်း ဆရာ၊ ဆရာမကြီးများ မိန့် ခွန်းများ ခြွေနေစဉ် သားလေးက ကစားချင်နေသဖြင့် ခန်းမအပြင်ထွက်ခဲ့ပါသည်။ ကျောင်းရှေ့ရှိ သစ်ပင်ကြီးများအောက်က ခုံရှည်ကြီးပေါ်ထိုင်လျှက် သားလေး ကစားတာ စောင့်နေပါသည်။ မကြာပါ ကျမနား တစ်ယောက်ပြီး တစ်ယောက်ရောက်လာပါတော့သည်။ နောက် စကားတွေပြောကြပါတော့သည်။
ပထမဆုံး သူငယ်ချင်း ကောင်လေးတစ်ယောက်ရောက်လာကာ နှုတ်ဆက်တော့ သူသည် အရင်အတိုင်း ဆံပင်ကို ဆီအကျနဲ့ ဖီးလို့ ။ တိုးတိုး အေးအေးနဲ့ ပြောလာပါသည်။ စီးပွားရေးအကြောင်း၊ သားတွေအကြောင်း ၊ မိသားစုအကြောင်း။ ပြီးတော့မှ စိတ်မကောင်းသံဖြင့်...
‘နင်သိလား။ ငါတို့ မငယ်တော့ဘူးဟ။ ‘
ကျမက ချက်ချင်း ‘အံမယ် ငယ်ပါသေးတယ်..ကြည့် ငါ့သားဆို ခုမှ ၁နှစ်၊ ဒီတော့ ကိုယ့်ဟာကို ငယ်အောင် ကြိုးစားပြီး သူ့ ကို ကြီးပြင်းအောင် လုပ်ဖို့ အားမွေးထားရတယ်...’ လို့ ပြန်ပြော လိုက်မိသည်။ ဒီတော့မှ သူက ဆက်ပြီး...
‘နင်သိပြီးပြီလား။ တို့ သူငယ်ချင်းတွေ ဆုံးသူတွေက ဆုံးကုန်ကြပြီ။ ကျန်းမာရေး မကောင်းတာရော၊ အက်ဆီးဒင့်ကြောင့် ၊ အရက်ကြောင့် ဆုံးကြတာလေ။ မငယ်တော့ဘူး။..’ ဟု
သံဝေဂ ရနေသူပမာ သတင်းပေးပါသည်။ ကျမလည်း...
‘အေးနော်..ငါတို့ လည်း အစစ ဂရုစိုက်ရမဲ့ အရွယ်တွေရောက်နေကြပြီ...’ လို့ ပြန်ပြော လိုက်မိပါသည်။ တကယ်လည်း ကျမတို့ မငယ်ကြတော့ပါ။ ငယ်ဟန်ဆောင်ကာ ကြိုးစားနေငြား ဖုံးကွယ်မရတော့ပါ။ အိုခြင်း၊ နာခြင်းက ကျမတို့ ကိုယ်ခန္ဓာမှာ စ ၍ နေရာအသီးသီး ယူနေကြပါပြီ။ မေ့ထား ၍ မရတော့ပါ။ ခဏစကားဆက်ပြီးတော့ နှုတ်ဆက်ကာ ပြန်သွားသည်။ သူသည် အရင်ကလိုပင် မပြောင်းလဲစွာ လူကြီးဆန်ဆဲပင်။  
တခဏနေတော့ လက်ရော အင်္ကျီအဖျားနားလေးတွေပါ ရေစိုစက်နဲ့ မလှတစ်ယောက် လာနေ ပါသည်။ကျမက ချက်ချင်း မှတ်မိလို့ နာမည်ပါခေါ်ပြီး နှုတ်ဆက်တော့ ပြုံးရွှင်စွာ အနားကပ်လာပါသည်။ ပြီးတော့ ခဏမဆိုင်း...
‘အေးဟယ်..ငါက မှန်မိပါ့မလားလို့ ။နောက်ပြီးခေါ်ပါ့မလားလို့ ။...’ လို့ ပြောပါတော့သည်။ကျမက..
‘ဟောဗျာ..ဘာလို့ တုန်း။ မှတ်မိတာပေါ့။ခေါ်တာပေါ့လို့ ။ဒီလို သူငယ်ချင်းတွေတွေ့ ရအောင် လာတဲ့ဟာ...’ လို့ ပြောတော့...
‘အမလေး..ညီးကသာ တွေ့ ချင်တယ်လို့ ပြောတာပါ။ တချို့ ဆို ငါက နှုတ်ဆက်တာတောင် မမြင်ချင်ယောင်ဆောင်သွားတာ။ မခေါ်ချင်မှန်းသိပါတယ်။ ဟင်း..သူတို့ က အဆင်ပြေတယ်ဆိုပြီး...’ ဆိုကာ နောက်ဆက်လို့ စကားများစွာ ပြောသွားပါသည်။ ကျမအတိအကျ မသိပေမဲ့ သူမဘာကို ဆိုလိုမှန်းရိပ်မိလိုက်ပါသည်။ ကျမက..
‘အဲလို ဟုတ်မယ် မထင်ပါဘူး။ မမြင်တာနဲ့ အချိန်မရတာနဲ့ တခြားသူနဲ့ တွေ့ စရာရှိသေးလို့ စကား မပြောတာနေမှာပါ။ မလှ ထင်သလို မာနကြီးသွားတာ၊ မခေါ်ချင်တာ၊ ဟုတ်မှာ မဟုတ်ပါဘူး။..’ လို့ ဆိုတော့ သူမက ဆက်လို့ ...
‘အောင်မလေး သူတို့ မခေါ်လည်း ကိုယ့်ထမင်းကိုယ်စားပြီး ကိုယ်တတ်နိုင်တာ ကိုယ်ကုသိုလ်ရအောင်လုပ်ပေးမှာပါ။ နောက်ဖေးက ပန်းကန်ဆေးအလုပ်လုပ်တာနဲ့ ပဲ မခေါ်ချင်နေပေါ့...’ ဟု ခေါင်းကို အနည်းငယ်မော့လို့ တဘက်စောင်းကာ ပြောလာပါတော့သည်။ ကျမက အံ့သြစွာဖြင့်..
‘အောင်မလေး..မလှ ကြည့်နေပါ။ဒီပန်းကန်ဆေးတဲ့အလုပ် ဘယ်သူမှ လုပ်ချင်တာမဟုတ်ဘူး။ မလှသာ ကောင်းလွန်းလို့ စေတနာ အပြည့်နဲ့ လုပ်တာ။ သူများတွေထက် ကုသိုလ် အများကြီး ရတယ်။သူများကို ဂရုစိုက်မနေပါနဲ့ ။ ကိုယ့်ဟာကို မှန်ရင် ပြီးတာပါပဲ...’ လို့ အားပေးစကား ပြောလိုက်ပါသည်။ ပြောအပြီး မနွယ်ပါ ရောက်လာပါသည်။ သူမကလည်း မလှ နည်းတူ ခံစားချက်တူ ပြောလာပြန်ပါသည်။
‘အေးပါ။ ငါကလည်း သူတို့ တွေ ဘာကြီးဖြစ်နေနေ ဂရုမစိုက်ပါဘူး။ အလကား ကြီးကျယ်နေကြတာ။ အင်းပါလေ..တော်သေးတယ်..နင်က အရင်အတိုင်းပဲ ဘာမှ မပြောင်းဘူး။ ငါ့ကိုလဲ ခေါ်တယ်...’ လို့ စိတ်သက်သာရာရသလို လေသံဖြင့် ပြောလာပါတော့သည်။ ကျမက ထပ်လို့ ...
‘အော်..မလှကလည်း ဘာပြောင်းစရာရှိလည်း။ သူငယ်ချင်းတွေပဲဟာ။...’ ဆိုတော့
‘အေးပါ အေးပါ..ငါ ၀မ်းသာတယ်သိလား။ ပြီးကျ ငါတို့ တွေ ဓါတ်ပုံစုရိုက်မယ်။ ငါတကယ်ရွေးမှာ သိလား။...’ ဟုဆိုကာ ခေါင်းတခါခါလက်တခါခါနဲ့ ထွက်သွားပါတော့သည်။ မနွယ်ကတော့ ခဏစကားဆက်ပြီးမှ ‘ရှေ့နှစ်တော့ မလာတော့ဘူး...’ ဟု ဆိုရင်း နှုတ်ဆက်ထွက်သွားပါသည်။
ကျမ ကောင်းကောင်းနားလည်လိုက်ပါသည်။ အားငယ်စိတ်ဖြင့် အားလုံးကို အမြင်လွဲနေခြင်းသာပါ။ ကျမစကား တစ်ခွန်းနှစ်ခွန်းကြောင့် သူမ စိတ်သက်သာရာရသွားသည့်အတွက် ၀မ်းသာရပါသည်။ သူမတို့ ရွတ်ပြသွားခဲ့သူများသည် အမှန်တကယ်လည်း ဆက်ဆံရေး အနည်းနဲ့ အများ ပြောင်းလဲနေသူများအဖြစ် သူတို့ တွေနဲ့ တွေ့ မိတော့ သိလာရပါသည်။
            +                                              +                                              +
‘နေပါအုံး။ မမိုးက ဘယ်လိုများ ကျောင်းသားတွေကို အုပ်ချုပ်တုန်း...’ဆိုတော့
ရှေးယခင်ကလိုပင် ပြုံးလျှက် မျက်စောင်းထိုးကြည့်ကာ ...
‘ငါက ဆရာမတွေကိုပဲ ကြည့်နေရတာအေ့။ ဆရာမတွေ အုပ်ချုပ်ရတာလဲ မလွယ်ပါဘူးအေ။ အခု ကျောင်းဆောက်ဖို့ အလှူငွေရတာအေ ..အဲဒါ ဟိုလူက ဆောက်ချင်၊ ဒီလူကဆောက်ချင်နဲ့  ဆရာမကြီး နာနားနေနေ နေပါတဲ့။ အလကား ၊ လိုချင်လို့ ငါ့ကို စေတနာရှိသလို လုပ်တာ။ စာသင်ဖို့ ကျ ငါ့မှာ မနားတမ်းစောင့်ကြည့် ပြောနေရတာရယ်။ ငါ့ကိုလဲ ယူမယ်ထင်ပြီး စောင်းပြောသေးတာ။ ဆရာမတွေပေမဲ့ အရင်ကလို မဟုတ်တော့ဘူးရယ်။ ဘာလို့ ယူမှာလဲဟာ။ ဟုတ်တယ် မဟုတ်လား။ သူများက လှူထားတာ ယူတယ်ဆိုတာ အကုသိုလ်ကြီးပါ။ နောက်ပြီး ငါ့အမျိုးသားကလဲ မင်းနော် မဟုတ်တာတွေ မလုပ်နဲ ။့ ငါ လောက်အောင်ရှာပေးနေတာနဲ့ ..အမြဲ ပြောတယ်ဟဲ့။  ကျောင်းသားတွေကိုတော့ စာမသင်ရတော့ဘူး။ အရင်သင်ရတုန်းက ကျောင်းသားတွေ ဆိုးရင်..အော် ငါဝဋ်လည်တာဟဲ့ဆိုပြီး မနည်းသီးခံလိုက်ရတယ်။ နောက်ပြီး ငါတို့ ငယ်ငယ်က တော်တော်ဆိုးတာပဲဆိုပြီး ဆရာမတွေကို သနားသား..ဟီးဟီး...’
ဆိုကာ အရယ် မရပ်တော့ပေ။ တဆက်တည်း ၈တန်းနှစ်က အတန်းပိုင်ဆရာမကို ဟိုစဉ်ကတော့ ဆိုးသည်ထင်ခဲ့ကြကြောင်းနဲ့  ၊ အခုပြန်တွေးတော့ စေတနာ အထားလွန်တာကို ကြောက်ကြောက်နဲ့  ဆိုးသည်လို့ ထင်ခဲမိ့ကြတာကို ပြန်သိလာကြကြောင်း ပြောဖြစ်ကြပါသည်။ ခုတော့ ကျန်းမာရေးအရ ရန်ကုန်ကနေ မလာနိုင်မှန်းသိပါရက်နဲ့ တွေ့ ချင်၊ ကန်တော့ချင် လာပါသည်။ ထို့ နောက်..
‘ငါ့မှာ သားနှစ်ယောက်ကို ထိန်းရတာ မလွယ်ပါဘူးအေ။ ဒါနဲ့ သူတို့ ကြီးကျ ငါနင့်ဆီ သူတို့ အတွက် အလုပ်တောင်းအုန်းမယ်...’ဟု ပြောပါသေးသည်။ သူမ၏ သားများအတွက် အကြံဥာဏ် တောင်းအုန်းမယ်ဟု ပြောခြင်း  ဖြစ်နိုင်ပါသည်။ ဘာမှတော့ ပြန်မပြောလိုက်မိပါ။ မကြာပါ...
 ‘သားတွေ အိမ်မှာ ဘာတွေလုပ်နေအုန်းမလဲ မသိဘူး ပြန်မှ။ ဟီးဟီး..တကယ်ကျ သူ တို့ အဖေက ပိုထိန်းတယ်တော့...’ဟု ရိုက် မစစ်ရပဲ စုံနေအောင်ပြောကာ ပြန်သွားပါသည်။
ကျမတစ်ယောက်တည်း ဆက်ထိုင်နေရင်း မမိုး ၈တန်းနှစ်က အကြောင်း မှတ်မှတ်ထင်ထင် ပြန်သတိရမိသည်။ တစ်မနက် ကျောင်းသို့ ကျောင်းတက်အမှီ သုတ်သုတ်ဖြင့် ၊ လူကလဲ ပိုသီပတ်သီ ရောက်လာရင်း..
‘ငါဖြင့် မှီမှ မှီပါ့မလားလို့ ။ မောလိုက်တာ။ ပြေးလာရတာ ။သို့ မို့ ဆို နောက်မကျပါဘူးအေ။ ငါ့အမေက ဟင်းချက်ခိုင်းတာနဲ့ ကြာနေတာ။ ဟင်းကလဲအေ...၀က်သားဟင်းကို ငါ ငပိထည့်တာ များသွားရော။ ဒါနဲ့ ငံနေတော့ စဉ်းစားပြီး ပုစွန်ခြောက်ထောင်းထည့်လိုက်တာ နဲနဲတော့ ကောင်းသွားတယ်အေ့။ ဒါနဲ့ ကျောင်းကို နောက်ကျရော...ဟီး’
ဟု သူမ ဟင်းချက်တာ စီကာပတ်ကုံးပြောပြအပြီးတော့ နားထောင်နေသူများက ၀ိုင်းကာ ဟင်းအကြောင်း တစ်ယောက်တစ်ပေါက် ၀ိုင်းမေးကြတော့သည်။ ကျမတို့ တစ်တွေ အိမ်မှာ မချက်ပြုတ်ကြရသေးပေမဲ့ ၀က်သားနှင့် ငပိ၊ ပုစွန်ခြောက်တို့ ဘယ်လိုမှ မဆိုင်ကြောင်းလောက်တော့ သိနေကြပါသည်။ ထိုသို့ သော မမိုးဘ၀မှ ယခုတော့ ပီဘိဆရာမကြီးအသွင် ၊ သားနှစ်ယောက်မိခင် အိမ်ထောင်ရှင်မကောင်းကြီး ဖြစ်နေပါပြီ။ မမိုးတစ်ယောက် တာဝန်ထမ်းဆောင်ရာ အလုပ်၏ သဘောသဘာဝအရ အစစ ပြောင်းလဲသွားရပါပြီ။
သူမပြန်သွားသည့်တိုင် အခမ်းအနားက မပြီးသေးပါ။ သားလေး ပြေးလွှားကစားနေရာ အရိပ်ကောင်းကောင်းအောက်က ပြန့် ပြူးကျယ်လွင့်သော ခုံတန်းရှည်ကြီးကို တချက်ကြည့်ရင်း ...
‘အော်..ငါတို့ နေခဲ့တဲ့ ကျောင်းကြီးလဲ သိသိသာသာ ပြောင်းလဲသွားပြီပဲ။..’ဟု နံကပ်နှစ်ထပ် ကျောင်းဆောင် ၃ဆောင်တို့ ဖြင့် ဟိုးရှေးယခင်ကနဲ့ မတူစွာ ကြီးကျယ်နေသည်ကိုလည်း ကြည့်နေမိသည်။ ထို့ ပြင် အရိပ်ကောင်းသော သစ်ပင်ကြီးများ စိမ်းစိမ်းစိုစိုဖြင့်၊ မုန့် ဆိုင်တန်း၊ ဆိုင်ကယ်၊ စက်ဘီးတန်း ( ကျမတို့ တုန်းက ခြေလျင် လာ၊ ပြန် သို့ မဟုတ် အိမ်က လိုက်ပို့ ဆိုတော့ စက်ဘီး၊ ဆိုင်ကယ်တို့ မရှိပါ။) ကစားကွင်းတို့ ဖြင့် ကျောင်းအင်္ဂါရပ်နဲ့ ညီစွာ ပြည့်စုံနေပါသည်။
ကျမတို့ သူငယ်တန်းမှ ၄တန်းထိ တက်ခဲ့တုန်းကလို မိုးရွာလျှင် မိုးရေထဲ၊ နေပူလျှင် အပူရှိန်အောက်ထဲ၊ လေပြင်းတိုက်လျှင် ခေါင်းလေးများက လေတိုက်ထဲမှာလို မဟုတ်တော့ပါ။ ( ကျမတို့ နေစဉ်က ကျောင်းလေးသည် ခြေတံရှည်အသားတိုင်၊ ၀ါးကပ်မိုး၊ ထရံကာက တစ်ထိုင်စာ အမြင့်သာ။) ၅တန်းရောက်ချိန်ကျ ကျောင်းဆောက်ရန် ငွေ၁၀သိန်းကျလာသဖြင့် ကျောင်းအသစ်ဆောက်ရန်ဆိုကာ ဆရာအတတ်သင်ပိုင် ထမင်းစားဆောင် အဟောင်းသို့ ပြောင်းရွေှ့ခဲ့ရပါသည်။ ပြောင်းစက ပထမအစမ်းအပြီး ၄၊၅ လအတွင်း ပြီးမည်ဆိုသော်လည်း ၈တန်းအောင်လို့ အ.ထ.က ကျောင်းသို့ သာ ပြောင်းခဲ့ရသည် ကျောင်းသစ်က မပြီးသေးပါ။ ယခုတော့ အသစ်အသစ်တို့ ဖြင့် အစစ တိုးတက်ပြောင်းလဲနေပါပြီ။
အဓိက ပြောင်းလဲနေမှုကတော့ ကျမတို့  ခေတ်တုန်းကလို ကျောင်းသားအများစုမှာ ဆရာအတတ်သင်ကျောင်းမှ ၀န်ထမ်းများ၏ သား၊ သမီးအများသာ မဟုတ်တော့ပဲ အပြင်နီးစပ်ရာ ရပ်ကွက်ပေါင်းစုံမှ လူမျိုးပေါင်းစုံ ပါဝင်နေခဲ့ပါပြီ။ ထို့ ပြင် ပွဲမစခင် ပြောခဲ့ရသော ငယ်ဆရာမတချို့ ၏ စကားများအရ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ၏ ဆက်ဆံရေးများလည်း မတူတော့ပါတဲ့။
ပွဲမစခင်က သူငယ်ချင်းများနှင့် မမောတမ်း မရပ်မနား တစ်ယောက်ပြီး တစ်ယောက်နှင့် ( အကြီးတန်းမှ အစ်ကို၊ အစ်မများသာမက အငယ်တန်းမှ မောင်လေး၊ ညီမလေးများပါမကျန် ပြောလို့ မဆုံးနိုင်ပါ။ ကျမတို့ ငယ်ငယ်က တစ်တန်းလျှင် အတန်းသား ၃၀ကျော်လောက်သာရှိရုံမက အတန်းစုံ မောင်နှမစုံဖြင့် မသိသူမရှိ။ အားလုံး တကယ့်မောင်နှမများသဖွယ်။ အိမ်ပြန်ရောက်လည်း ကစား အတူတူပင်။ ) ပြောနေစဉ် ကျမ အစ်ကိုက...
‘ဟိုမှာ နင့်ကို ဆရာမတွေက မေးနေတယ်။ သွားတွေ့ ဦး..’.ဟု လာပြောမှပင် စကားစဖြတ်ကာ ဆရာမများ စုဝေးထိုင်နေရာဆီသို့ အပြေးတပိုင်းသွားရပါတော့သည်။ သေချာပါသည်။ အဲလိုမှ လာမခေါ်လျှင်လည်း ပွဲပြီးသည်ထိ တွေ့ နိုင်လိမ့်မည် မထင်ပါ။ သူငယ်ချင်းများအားလုံးလည်း ကျမလိုပင်။လူစုခွဲကာ ခင်မင်ရာ ဆရာမများဆီသို့ ဦးတည်ခဲ့ကြပါတော့သည်။
ပထမဆုံး ၇ တန်း၊ ၈တန်းတုန်းက သင်္ချာဆရာမနှင့် သိပ္ပံဆရာမဆီသို့ သွား နှုတ်ဆက်ဖြစ်ပါသည်။ ( ကျမ သူငယ်တန်းမှ ၈ တန်းအထိ သင်ခဲ့ရသမျှ ၅တန်းမှ ၈တန်းနှစ်ဝက်ထိ အုပ်ချုပ်ခဲ့သော ကျောင်းအုပ်ဆရာကြီးတစ်ယောက်မှ လွဲ ၍ ကျန်တာ အားလုံး ဆရာမချည်းပင်။ မူလတန်းတုန်းက ပတ်ဝန်းကျင်လေ့လာရေးဘာသာတွင် ကျောင်းရှိ ဆရာ၊ ဆရာမ ၁၂ ယောက်၏ အမည်များကို ကျက်ရ၏။ ထိုစဉ်က အားကစားဆရာ တစ်ယောက်ရှိ၏။ နှုတ်မေးခွန်းဖြေသောအခါ ကျောင်းသား အများစုသည် အစဉ်လိုက် နှုတ်တိုက်ရွတ်ကြရရာ ထို ဆရာကိုပါ ဒေါ်တတ်ပြီး ရွတ်ကြသဖြင့် မှတ်မှတ်ရရ ပြောစရာတစ်ခု ဖြစ်ခဲ့ရပါသေးသည်။ )ထို ဆရာကိုလည်း ကျန်းမာစွာ တွေ့ ခဲ့ရပါသည်။
ဆရာမများသည် ပြုံးရယ်ဖေါ်ရွေ ခင်မင်စွာပင်  ပြန်လည်နှုတ်ဆက်ရင်း ကျမအကြောင်း မေးပါတော့သည်။ သင်္ချာဆရာမနှင့်က ယခုထိ အဆက်အသွယ် တွေ့ ဆုံမှုရှိဆဲမို့ အထူးပြောစရာမရှိပါ။( ဆရာမသည် ကျမ အလည်တစ်ခါပြန်တိုင်း တန်ဖိုးကြီး၊ အရည်အသွေးကောင်း မြန်မာချည်ထည်ဝတ်စုံကို ကျမနှင့် အမျိုးသားအတွက် အမြဲပေးပါသည်။ ကျေးဇူးတင်ပါသည်။ )
ထိုဆရာမမှပင် ကျမ ၏် မိသားစု လက်ရှိဘ၀လေးအကြောင်းကို ဘေးမှ ကျန်ဆရာမများကို ပြောပြနေပါသည်။ ကျမမှာ ပြုံး ၍ နားထောင်ပြီး တစ်ခွန်းတစ်လေသာ ၀င်ပြောရပါသည်။ ဆရာမသည် နှစ် အစိတ်ခန့် က တော်ခဲ့ရသော တပည့်မအကြောင်းကို ခင်မင်နှစ်လိုစွာ ပြောပြနေသလို ကျန်ဆရာမများကလည်း ၀မ်းမြောက်စွာ  နားထောင်နေကြသည်ကို ကြည့်ရင်း ကျမမှာ ပြောမပြနိုင်လောက်အောင် ကြည်နူးပီတိဖြစ်ရပါသည်။
ကျမ သိပ္ပံဆရာမနှင့် သင်္ချာဆရာမတို့ ကို ကြည့်မိတော့ ဆရာမတို့ သည်လည်း အရင်အတိုင်းပင် ထူးခြားစွာ ပြောင်းလဲမှုမရှိပါ။ သိပ္ပံဆရာမက သူမနှင့် သူမ မိသားစုအကြောင်းပြောပြတော့ ဆရာမတို့ မိသားစုလေးသည်လည်း ဟိုးအရင် သိခဲ့ရသည့်အတိုင်း တူမမိသားစု၊ ဘခင်တို့ နှင့် သူမဘ၀ ( အပျိုကြီးပင် ) ဘာမှ မပြောင်းလဲကြပါ။ ထို့ ကြောင့်လည်း ဆရာမသည် အရင်အတိုင်း ရုပ်ရည်ကအစ အတူတူမို့ အသက် ပိုကြီးလာသည်ပင် မထင်ရပါ။ ကျန်းကျန်းမာမာနှင့်မို့ အထူးပင် ၀မ်းသာမိပါသည်။
‘ဆရာမရေ..ခု သမီးတို့ အလှည့် ရောက်နေပြီ။ ဆရာမတို့ က သိသိသာသာ မပြောင်းလဲပေမဲ့ သမီးတို့ တွေ ခုနောက်တက် ခလေးတွေကြည့်ပြီး ငါတို့ တော်တော်ကြီးသွားပြီပဲလို့ ပြောနေ ရပြီ။ ဆရာမ...’ ဟု သတိတရ ပြောပြနေမိသည်။ ဆရာမတို့ က...
 ‘မကြီးသေးပါဘူး။ ထင်လို့ ပါ။ ဒီလိုပါပဲ ။ တကယ်၊ တကယ်..’ဟု သိပ္ပံဆရာမက အားပေးနေပါသေးသည်။ ထို့ နောက် ကျမနဲ့ တစ်တန်းတည်းနေသူငယ်ချင်းများကို တန်းစီကာ မေးပါတော့သည်။ ကျမက သိသမျှ ပြန်ဖြေရင်း...
‘အယ်..ဆရာမက အားလုံးမှတ်မိသေးတယ်နော်။ ဟို..သမီးက နှစ်တွေကလည်းကြာ နောက်တက် ခလေးတွေကလည်းများတော့ မှတ်မိပါအုန်းမလားလို့ ...’မေးပြောပြောမိပါသည်။ ဆရာမက...
‘သမီးတို့ တုန်းကလို မဟုတ်တော့ဘူး။ နောက်ပိုင်းကျတော့။ အရင်ကလို မရင်းနှီးကြတော့ဘူး။ သင်စရာရှိသင်၊ ပြောစရာရှိပြော ဒါလောက်ပဲ။ အင်း...အရင်ကနဲ့ မတူတော့ဘူး။ မတူတော့ဘူး။ အားလုံးပြောင်းလဲသွားပြီ..’ဟု လေးလေးမှန်မှန်လေသံဖြင့်ပြောလာပါသည်။
ဆရာမပြောလိုက်သည့် ပြောင်းလဲသွားပြီဆိုသော အကြောင်းက လူတဦးတယောက်အပေါ် အမြင်သုံးသပ်ချက်မဟုတ်။ ဆရာ၊ ဆရာမနှင့် ကျောင်းသူ၊ ကျောင်းသားများအကြား နှစ်တွေ၊ ခေတ်တွေ၊ စနစ်တွေပြောင်းလို့  ဆရာ၊ တပည့် ဆက်ဆံရေးပါ ပြောင်းလဲသွားခြင်းဖြစ်ပါလိမ့်သည်။
၅တန်းမှ ၈တန်းထိသင်ခဲ့ရသော ပထ၀ီဆရာမကတော့ ကံမကောင်းစွာ မျက်စိနှစ်လုံး အလင်းကွယ်ခဲ့ရပါသည်။ ရုပ်ရည်၊ အသံနှင့် ကျန်းမာရေး ဒေါင်ဒေါင်မြည်ပါရက်နဲ့ မျက်စိကျမှ ဖြစ်ရသည့်အတွက် လွန်စွာ စိတ်မကောင်းဖြစ်ရပါသည်။ ပြောလာသမျှသော တပည့်များ၏ အသံနှင့် အမည်ကို မှတ်မိလျှက် ပြန်လည်နှုတ်ဆက် ပါသည်။ ဘယ်လိုပင်ဖြစ်ဖြစ် အနီးကပ်ပြုစုသူရှိပြီး ( အပျိုကြီးဖြစ် ၍ ) သွားလာလှုပ်ရှားနိုင်နေကာ ဆရာကန်တော့ပွဲကိုပင် ဖြစ်အောင် တက်ရောက် ကန်တော့ ခံယူသည့်အတွက်  လွန်စွာ ကျေးဇူးတင်နေရပါသည်။
ပွဲအပြီး နေ့ လည်စာ ထမင်းဖြင့် တည်ခင်း ကျွေးမွေးစဉ် ဆရာမများဆီသို့  သွားရောက် ဂါရ၀ပြုခဲ့ပါသည်။ မူလတန်းတုန်းက ဆရာမများ၊ ဆရာ ဆရာမအဖြစ် မတော်ခဲ့ရသော်လည်း လွန်စွာ ခင်မင်ခဲ့ရသော ဆရာ၊ ဆရာမများ စားနေရာ စားပွဲဝိုင်းများသို့ သွားခဲ့ကာ နှုတ်ဆက်စကား ပြောခဲ့ပါသေးသည်။ ထူးထူးခြားခြား မမှတ်မိအောင် ပြောင်းလဲမနေကြပါ။ အားလုံးကျန်းမာစွာ တွေ့ ရသဖြင့် ၀မ်းသာရပါသည်။
 ၅တန်း နှင့် ၆တန်းတို့ ကို သင်္ချာသင်ပြီး ၆တန်းအတန်းပိုင်လည်းဖြစ်သော ဆရာမသည်လည်း ကျမကို အမည်အပြည့်အစုံခေါ်လို့  ၀မ်းပန်းတသာ ဖြင့်...
‘ကြည့်အုန်း။ အရင်အတိုင်းပဲ။ မပြောင်းဘူး။ မပြောင်းဘူး...’ဟု ဟိုးယခင်ကလိုပင် ခပ်တိုးတိုးဖြင့် နူးညံ့အေးဆေးစွာ နှုတ်ဆက်ပြော ပြောပါတော့သည်။ကျမက...
‘အသက် ဘယ်လောက်ရှိလို့ လဲ...’ဟု ပြန်မေးရာ...
‘ဆရာမ၊ သမီး အသက် ၄၀ရှိသွားပြီ။ မငယ်တော့ဘူး ဆရာမရယ်...’ဟု ပြောဖြစ်ခဲ့ပါသည်။ ထိုအခါ ဆရာမသည် ချစ်ဖို့ ကောင်းစွာ ကျမလက်ကို ဆုတ်ကိုင်လိုက်ရင်း..
‘အော်..ငယ်သေးတယ်၊ ငယ်သေးတယ်။ ဆရာမဆို အခု ၆၅နှစ်ရှိပြီ။ သမီးငယ်ငယ်လေးပဲ ရှိသေးတယ်...’ဟု ကျမကို ချစ်ခင်စွာ အားပေးရှာပါသည်။ တကယ်တော့ ကျမတို့ တတွေ မငယ်တော့ဘူးဆိုတာ ဆရာမသိမှာပါ။ သို့ သော် ဆရာမတို့ အမြင်မှာ တပည့်များကို ငယ်ငယ်ကလို တပည့်ခလေးတွေလို ယခုတိုင် မြင်နေ၊ သဘောထားနေဆဲပဲဆိုတာ သိပါသည်။
ထို့ နောက် ကျမ၊ မိစုနှင့် ဆရာမတို့ ဝိုင်းထိုင်ကာ ဆရာမက သူမမိသားစုအကြောင်း၊ သမီးကြီးအကြောင်း ။ သားငယ်နှစ်ယောက်အကြောင်း စုံအောင် သတင်းပေးပါသည်။ ( ကျမတို့ ငယ်ငယ်က ဆရာ၊ တပည့်ရယ်လို့ မဟုတ် ၊ မိသားစုတွေအကြောင်း ထဲထဲဝင်ဝင်သိခဲ့၊ ခင်ခဲ့ကြသဖြင့် ဘယ်ဆရာမနှင့်ပဲ တွေ့ တွေ့ မိသားစုဝင်များအကြောင်းကို ပြောဖြစ်ကြသည်ချည်းဖြစ်ပါသည်။ )ကျမက ...
‘ဆရာမကမှ တကယ့်ကို အရင်အတိုင်းပဲ... ‘ဟု ဆိုသဖြင့် ဆရာမက ကျန်းမာရေးလိုက်စားနေလို့ ယခုလို အရင်အတိုင်း ထင်ရတာဖြစ်ကြောင်း၊ အားလျှင်လည်း နိုင်ငံစုံ အလည်အပတ်သွားကြောင်း ။ အချိန်ရလျှင် ကျမတို့ မိသားစု သူမအိမ်သို့ လာလည်စေချင်ကြောင်း၊ ကျမအမျိုးသားကိုလည်း တွေ့ ဘူးချင်ကြောင်းဖြင့် စုံလင်စွာ ပြောခဲ့ကြပါသည်။
ထိုစဉ် ကျမသားလေးက ဆရာမလက်ထဲမှ ရေဘူးကို မြင်ကာ ရေပူဆာသဖြင့် ဆရာမက ရေဘူးကို ဖွင့်တိုက်ဖို့ ပြင်နေ ၍ ကျမက...
‘နေပါ၊ နေပါ ဆရာမ။ ရပါတယ်။ သမီး တခြားက ယူတိုက်ပါ့မယ်...’ဆိုတော့
ဆရာမနှင့်ပြောလို့ ဝတော့ မျက်နှာချင်းဆိုင်ကနေ ကျတို့ အဖွဲ့ ကို ကြည့်နေသော ဆရာမဆီ ကူးဖြစ်ခဲ့ပါသည်။ မိစုကတော့ ဆရာမနှင့်ပြောကောင်းနေဆဲ ကျန်ခဲ့ပါသည်။ ဆရာမသည် အမည်နဲ့ လိုက်ဖက်စွာ အမြဲပြုံးနေတတ်တာကတော့ အရင်လိုပါပင်။ သို့ သော်နဲနဲ သတိထားမိလိုက်တာကတော့ တည်ငြိမ်လွန်းနေခြင်းပင်။ တကယ်တော့ ဒီဆရာမသည် ကျမတို့ ရဲ့ သင်ဆရာမ မဖြစ်ခဲ့ပါ။ သို့ သော် ကျောင်းရဲ့ ချစ်စရာမူအတိုင်း ဆရာမအားလုံးနဲ့ တပည့်အားလုံး ရင်းနှီးကြခြင်းအရ ခင်မင်နေခြင်းပါပင်။
အနားရောက်တော့ ကျမကပင်...
‘ဆရာမ နေကောင်းလား။အရင်လိုပဲ ဆရာမက။ ဆရာမ အခု ဘယ်မှာလဲဟင်..’.လို့ ပြောတော့
‘အင်း..ကောင်းပါတယ်။ ခလေးက ဘယ်လောက်ရသွားပြီလဲ..’လို့ မေးလာပါတယ်။ကျမက...
‘၂နှစ်ဆရာမ။ ဆရာမရော ဟို ..တူမတွေနဲ့ ပဲ အတူတူနေတာပဲပေါ့...’လို့ ဟိုးအရင်က မူလတန်းပြဆရာမအပျိုလေးလှလှဘ၀ဖြင့် တူမများနဲ့ နေတာ သတိရမိရင်းမေးလိုက်ပါသည်။ထိုအခါ ဆရာမက တိုးတိမ်စွာဖြင့်...
‘ဆရာမက အခု ပုသိမ်ကြီးမှာနေတယ်။ အင်း..ပြောရရင် ဆရာမ ဘ၀က အစုံပါပဲ။ ကျောင်းဆရာမက ထွက်ပြီး မယ်သီဝတ်လိုက်သေးတယ်။ နောက်တခါထွက်ပြီးမှ အိမ်ထောင်ကျတယ်။ ကြီးမှ ဆိုတော့ ခလေးတော့ မယူတော့ဘူးလေ။..’လို့ ဆက်ပြောပါတယ်။ ကျမ မသိခဲ့သလို ထင်မှတ်မထားသဖြင့် ဘာဆက်ရမှန်းမသိစွာ...
‘ဟို..သမီး မသိဘူးဗျ...’ဟု ပြောလိုက်မိပါသည်။ ဆရာမက ခပ်ယဲ့ယဲ့ပြုံးရင်း ဆက်လို့ ...
‘ပြောရရင် အရှည်ကြီးပဲ ဆရာမဘ၀က။ သမီးအစ်ကို ကိုသာ မေးကြည့်ပါ။ သူဆရာမအကြောင်း အကုန်သိတယ်။ ဘယ်လိုဖြစ်တာလဲဆိုတာကို...’
ကျမသဘောပေါက်လိုက်ပါသည်။ တစွန်းတစအရ ဆရာမ ဘ၀ များစွာပြောင်းလဲခဲ့ပါလိမ့်မည်။သို့ ဖြင့်လဲ တွေ့ စက အရင်လို တောက်ပရွှန်းလဲ့သောအပြုံးမျိုးအစား တည်ငြိမ်တိတ်ဆိတ်လွန်းသော အပြုံးကို မြင်ခဲ့ရခြင်းဖြစ်နိုင်ပါသည်။
တကယ်တော့ ဆရာမသည် ကျမတို့ အလယ်တန်းရောက်ခါမှ မူလတန်းပြ ဆရာမ အဖြစ်ရောက်လာခဲ့ပါသည်။ ရုပ်ရည်ချောမောကာ ငယ်ရွယ်သူဖြစ်သလို လှလှပပလည်း ၀တ်စားတတ်သဖြင့် ကျောင်းဆရာများကြားသာမက ကျောင်းသား၊ ကျောင်းသူများကြားမှာပါ သတင်းကြီးသည့် ရွှေမင်းသမီးတစ်ပါးပမာပါ။ကျောင်းအသွားအပြန် စက်ဘီးဘေးမှ လိုက်သူ တရုံးရုံးဖြင့် ဆရာမဆိုသည့်တိုင် ကျောင်းသူလေးပမာလိုပါ။
ကျမအစ်ကို ကို မမေးလို သဖြင့် မမေးခဲ့ပေမဲ့ ကန်တော့ပွဲအပြီး ဆရာမများအကြောင်းပြောကြရင်း တစွန်းတစ ထပ်ကြားလိုက်ရတော့မှ ဘာကြောင့် တည်ငြိမ်သွားသည်ဆိုတာ သိလိုက်ရ ပါတော့သည်။ ကျမအစ်ကိုက...
‘အော်..ဘ၀ဆိုတာ တရားရလောက်အောင် တကယ် ပြောင်းလဲနိုင်တယ်ဆိုတာ အဲဒီဆရာမကြည့်ပြီး သိလိုက်ရကြောင်း၊ ဟိုး အရင်က မင်းသမီးလေးတစ်ပါးလို နာမည်ကြီးပြီး ၀ိုင်းဝိုင်းလည်နေခဲ့ပေမဲ့ ဘ၀မှာ ထင်မထားတာတွေ ဖြစ်တတ်ပြီး ပြောင်းပြန်ကို ပြောင်းသွားနိုင်ကြောင်း၊ တကယ်ကို တရားရဖို့ ကောင်းကြောင်း၊ မယ်သီက ၀တ်လိုက်သေးသလို ခုကျ တစ်ခါထွက်ပြီး အိမ်ထောင်က ကျ။ ကျပြန်တော့လဲ တကယ့်ကို ထင်မထားတဲ့သူမျိုးနဲ့ ဖြစ်ကြောင်း...’ ပြောလာပါသည်။ ဘာတွေဘယ်လိုဖြစ်လို့ ပြောင်းလဲသွားသည်မသိရပေမဲ့ ဆရာမလေးအကြောင်းကတော့ ကျောင်းသားတွေကြား ယခုတိုင် ပြောစရာရှိနေဆဲပါပင်။ ဆရာမလိုပင် မည်သူမဆို ဘ၀ဆိုတာ ကြိုတင်မမြင်နိုင်သလို ထင်မထားတာတွေလည်း ရင်ဆိုင်တွေ့ ရအုန်းမှာ မလွဲပါ။
ဆရာမကပင် ဦးစွာနှုတ်ဆက်ပြီး ပြန်ဖို့ ပြင်တော့မှ ကျမလည်း ပြန်လည်နှုတ်ဆက်လို့ နေရာမှာပင် ကျန်ခဲ့ပါသည်။ စိတ်ထဲလေးပင်လျှက်ကျန်ခဲ့ပါသည်။ ဆရာမဘ၀သည် အချိုးအဆစ်အကွေ့ အကောက် ပေါင်းများစွာဖြင့် မလှပစွာ ပြောင်းလဲသွားပါပြီ။ မည်သူမှ မတတ်နိုင်ပါ။ သူမဘ၀ သူမ ဖန်တီးသူသာပါ။ စိတ်မကောင်းခြင်းကြီးစွာဖြင့် ခဏငြိမ်သက်နေမိအပြီးမှာတော့ သားလေးကို ခေါ်ကာ နောက် တစ်စားပွဲသို့ ကူးခဲ့ပါတော့သည်။
ကျမ ကျောင်းသူဘ၀၏ ပထမဦးဆုံးလည်းဖြစ်၊ အချစ်ဆုံးလည်းဖြစ်ခဲ့သော ဆရာမထံသို့ ပါ။ သူငယ်တန်းမှ ၄တန်းအထိ အတန်းပိုင်ဖြစ်ခဲ့ရုံမက ဆရာမနှင့် ကျမသည် ညီအစ်မသဖွယ်လည်း ဖြစ်ခဲ့ဘူးပါသည်။ ဆရာမသွားရာနောက် တကောက်ကောက်လိုက်လို့  ကျွေးရာကိုစား ခိုင်းရာကိုလုပ် ပြောသမျှ နားထောင်ခဲ့ရသော ညီမငယ်အဖေါ်သဖွယ်နေခဲ့ရပါသည်။ ထို့ ပြင် ကျောင်းရောက်စက ငယ်လည်းငယ် လှလည်းလှသဖြင့် သူ့ ဆရာမ ကိုယ့်ဆရာမ ပြိုင်ခဲ့စဉ်က အလှပထမနိုင်ခဲ့ဘူးသဖြင့် လွန်စွာ ၀မ်းသာခဲ့ရသော ခလေးဘ၀ ပျော်ချိန်များလည်းဖြစ်ခဲ့ပါသည်။
ဆရာမကိုတွေ့ တော့ ဟိုးအရင်လို ညီအစ်မသဖွယ် မခံစားရတော့ကြောင်း ချက်ချင်းပင် ၀မ်းနည်းစွာသိလိုက်ရပါတော့သည်။ ပြောမပြတတ်တော့ပါ။ နှစ်ဦးလုံး အနည်းငယ် တစိမ်းဆန်စွာ တိုတိုပင်ပြောမိဖြေမိခဲ့ကြပါသည်။ ကျမ ယခု ပြန်စဉ်းစားတော့ ဘာအကြောင်းကြောင့်ဆိုတာ အဖြေရှာမရသေးပါ။ သို့ သော် ခင်မင်ရင်းနှီးမှုများကတော့ အချိန်ကာလနဲ့ အတူ ပြောင်းလဲသွားခဲ့ရပါပြီ။ ဆရာမနဲ့ တွေ့ ပါက ဟိုး အရင်ကလို နွေးနွေးထွေးထွေးရင်းရင်းနှီးနှီး သူ့ အကြောင်းကိုယ့်အကြောင်း အားရပါးရပြောလိုက်ကြမဟဲ့လို့ တွေးရင်း ကန်တော့ပွဲစဉ်တလျှောက်အပျော်ကြီးပျော်ခဲ့ မျှော်ခဲ့ရသမျှ ထိုခဏမှာပင် ပျောက်ကွယ်ခဲ့ရပါသည်။ တိုးတိတ်စွာ နှုတ်ဆက်လို့ ထခဲ့မိပါသည်။ဆရာမသည်လည်း ဟိုးငယ်ငယ် ၂၀ကျော်လို မနုပျိုတော့ပါ။ တကယ့်ကို ၅၀ကျော် ဆရာမကြီးဖြစ်နေခဲ့ပါပြီ။
တဆက်တည်း ဟိုးအရင် ၅တန်း အတန်းပိုင်လည်းဖြစ်သလို ၅တန်း၊ ၆တန်း အင်္ဂလိပ်စာနှင့် ၇တန်းမြန်မာစာသင်သော ဆရာမကိုပါ သတိရမိ သွားပါသည်။ လွန်စွာ အသင်အပြကောင်းသလို သပ်သပ်ရပ်ရပ်လည်းဝတ်ဆင်တတ်ပြီး ကျန်းမာရေးလည်း အလွန်လိုက်စားခဲ့ပါလျှက်နဲ့ စောစီးစွာ ကွယ်လွန်သွားခဲ့ရပါသည်။ ထိုဆရာမအတွက်လည်း ကျမက အ၀ယ်တော်ဖြစ်ခဲ့ဘူးသဖြင့် တိုင်ဆိုင်စွာ သတိရမိခြင်းပါ။ ( ဆရာမနဲ့ ပါတ်သတ်ပြီး အမှတ်ရစရာအများကြီးရှိခဲ့ပါသည်။)
ကျမ ၆တန်းနှစ်ကပါ။ ဆရာမသည် မှောင်မှောင်သည်ဆီက မက်မန်းသီးပေါင်းကို ကြိုက်ပါသည်။သို့ သော် မုန့် စားဆင်းချိန်ကျမှ ကျောင်းသားများနှင့်ရောကာ မ၀ယ်လိုပါ။ သို့ ဖြင့် မုန်းစားမဆင်းမှီ စောရောက်တတ်သော အသည်ဆီက ကြိုတင်ဝယ်ထားရပါသည်။ဝယ်ဖို့ က ကျမရဲ့ နေ့ စဉ် တာဝန်တစ်ခုပါ။ မှောင်မှောင်သည်ရဲ့ မောင်းသံကြားလျှင်ကြားချင်း ရုံးခန်းသို့ သွား၊ ဆရာမ ထမင်းချိုင့်ပေါ်တင်ထားသော တမတ်စေ့ကိုယူပြီး သွားဝယ်၊ ပြီး ထမင်းချိုင့်ပေါ်ပြန်တင်ထား။ ကျမ ပျော်ရွှင်စွာ လုပ်ပေးခဲ့ရသော တာဝန်တစ်ခုပါ။ ယခုတိုင် သတိရဆဲ လွမ်းမိဆဲပါ။ သို့ သော် ဆရာမကား ဘ၀တစ်ပါးသို့ ပြောင်းသွားခဲ့ပါပြီ။
ထို့ ပြင် ၅တန်းမှ ၈တန်းနှစ်ဝက်ထိ အုပ်ချုပ်ခဲ့သော ကျောင်းအုပ်ဆရာကြီးလည်း ကွယ်လွန် သွားခဲ့ပါပြီ။ ၈တန်းနှစ် အင်္ဂလိပ်စာ သင်ခဲ့ရာ အသင်အပြကောင်းသလို ပြောင်းခါနီးမို့ ထင့် အရင်နှစ်တွေက စည်းကမ်းတင်းခဲ့သလောက် ကျမတို့ ၈တန်းနှစ်မှာဖြင့် အလိုလိုက်ကာ ပျော်ခဲ့ရပါသည်။
ကျမအတွေးကို ဖြတ်လို့ နောက်တစ်ခုံကူးတော့ ရယ်ရယ်မောမောပျော်ပျော်ရွှင်ရွှင့်ဖြင့် ၀ိုင်းဖွဲ့ နေကြသော အကြီးတန်းက အစ်မကြီးများနဲ့ ၇တန်း အတန်းပိုင်လည်းဖြစ် ၅၊ ၆၊ ၇ တန်း သမိုင်းဆရာမလည်းဖြစ်သော ဆရာမတို့ ပွဲဆူနေကြခြင်းပင်။ ဆရာမသည် မပြောင်းလဲစွာ ဟိုးအရင်ကလိုပင် ပြောချင်တာပြော၊ တောင်းချင်တာတောင်း၊ မေးချင်တာမေးဖြင့် အဖွဲ့ ကျ စည်ကားနေပါသည်။ ဒါတင်မက ကျမသားလေးက ထမင်းပွဲကို လက်ညှိုးထိုးနေသဖြင့် ဆရာမကပင် ခွံ့ ကျွေးလိုက်ပါသေးသည်။ အရင်ကလိုပင် ဆရာမနဲ့ ကတော့ ပေါ့ပေါ့ပါးပါးပျော်စရာကြီးပင်။
ထိုအဖွဲ့ မှ ခွာခဲ့တော့ မိစုထိုင်နေရာ စားပွဲခုံမှာပင် ပြန်ထိုင်ကာ စကားဆက်နေမိပါသည်။ ဆရာမများလည်း စားပြီးကာ ပြန်သူပြန်မို့  နှုတ်ဆက်ရင်း ရှေ့နှစ်မှာ ဆုံဖို့ မှာတမ်းချွေ နေကြပါသေးသည်။
ထိုစဉ် ဖြူစိမ်းဝတ်ကျောင်းသူလေးများက လာကာ ‘အန်တီတို့ ထမင်းစားပါလား...’ဟု လာပြောတော့ အိပ်ရာမှလန့်  နိုးသူများပမာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ တခဏကြောင်နေပြီးမှ ကျမက...
‘အေးအေးအေး၊ဟို စားမယ်လေ ...’ နဲ့ ယောင်ကန်းကန်းပြောလိုက်မိပ်ါသည်။ နောက် ကျမကပင် မိစုကို...
‘အဲ...ငါတို့ ကို အန်တီတဲ့။ ကြည့်ပါအုန်း ခေါ်တာကလည်း။ ဒါနဲ့ မိစုကြည့်စမ်း သူတို့ ကို ။အဲဒါ ၈တန်းကျောင်းသူလေးတွေတဲ့ ။ ငယ်ငယ်လေးတွေနော်။ ငါတို့ ၈တန်းတုန်းကလည်း သူတို့ လို ငယ်ငယ်နုနုလေးတွေပဲ နေမှာပဲနော်။ အေးဟာ..သူတို့ က အန်တီခေါ်မှပဲ ကိုယ့်ဟာကို ကြီးမှန်းသတိဝင်လာတော့တယ်။ ကိုယ့်ဟာကိုတော့ ငယ်တုန်းထင်နေတာကိုး။....’
လို့ ကျမကပြောရင်း မိစုနဲ့ နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ခပ်အုပ်အုပ် ရယ်မောမိကြတော့သည်။ ထို့ နောက်တော့ စိတ်လက်ပေါ့ပါးစွာ အကြောင်းပေါင်းစုံ စကားဆက်မိကြပြန်သည်။
တဆက်တည်းမှာပင် တစ်ယောက်နဲ့ တစ်ယောက်တွေ့ တာနဲ့ ’နင် ဘာမှမပြောင်းဘူး၊ ငါလည်း မပြောင်းလဲဘူး ‘ဟု ပြောခဲ့ကြပေမဲ့ တကယ်တော့ များစွာပြောင်းလဲသွားခဲ့ကြရပြီမှန်း သိလိုက်ရပါတော့သည်။ ကျမတို့ အားလုံး ၈တန်းအောင်လို့ ဒီကျောင်းတော်က ခွဲခွာခဲ့စဉ်က ယခု အန်တီခေါ်လာသော ကျောင်းသူလေးများ အရွယ်ကပါ။ ကျမတို့ ရဲ့ သမီးလေးများအရွယ်ကပါ။ ကျမတို့ အားလုံး သမီးအရွယ်မှသည် အန်တီအရွယ် အမေအရွယ်သို့ ရောက်နေကြပါပြီ။ ကျမတို့ အားလုံးငယ်ရာမှ ကြီးလာကြပါပြီ။ ကျမတို့ အားလုံး ပြောင်းလဲကုန်ကြပါပြီ။
သို့ သော် ကျမတို့ အားလုံးသည် အချင်းချင်း မထင်မှတ်ပဲ ပြန်တွေ့ ပါက...
‘ဟယ်..အရင်လိုလေးပဲတော့။ ဘာမှ မပြောင်းလဲဘူးတော့...’ဆိုတာမျိုး
‘ဟယ်..ကြည့်စမ်း။ ဘာမှ မပြောင်းလဲဘူး။ ဒါပေမဲ့ ပိုလှလာတယ်။ပိုလှလာတယ်..’ဆိုတာမျိုး ပြောနေဆဲ။ ပြောနေမြဲဖြင့် နှုတ်ဆက်နေကြဆဲပင်။
            +                                              +                                              +
မကြာခင်ကမှ ငယ်သူငယ်ချင်း ကောင်လေး တစ်ယောက်က ဖေ့စ်ဘွတ်ထဲမှ ဆရာကန်တော့ပွဲ ဓါတ်ပုံများကို ကြည့်ရင်း  ပြောလာပါသည်။ ကျန်သူငယ်ချင်းများက မမှတ်မိလောက်အောင် ပြောင်းလဲနေကြပေမဲ့ ကျမကတော့ ငယ်ငယ်ကအတိုင်း ဘာမှ မပြောင်းလဲပါတဲ့။
ဒီလိုနှင့် ကိုယ့်ဟာကို ပြန်သုံးသပ်နေမိပါသည်။ ပြန်တွေ့ သူတိုင်းကလိုလို ပြောကြသည်က မပြောင်းလဲဘူးဟုပင်။ တချို့ က အပြောအဆိုက အရင်အတိုင်းပဲဟု ဆို၏။ တချို့ က ၀တ်တာစားတာ အရင်လို ခပ်ရိုးရိုးပဲဟု ဆို၏။ တချို့ က ပါးပိုဖေါင်းလာတာက လွဲလို့ ငယ်ငယ်ကလိုပဲဟု ဆို၏။ တချို့ ကတော့ ခင်မင်မှုပုံစံနဲ့ ရင်းနှီးမှုအတိုင်းအတာ ပိုလာတာကလွဲလို့ အရင်လိုပဲဟု ဆို၏။ တချို့ ရင်းနှီး လွန်းသူများအဆိုအရတော့ စိတ်ဓါတ်ကလည်း ထိုနည်းလည်းကောင်းပင် ပြောင်းလဲမသွားပါတဲ့။
  +                                            +                                              +
သူငယ်ချင်းများ အကြောင်းပေါင်းစုံကြားရ၊ သိရ ၊ဆုံတွေ့ ခဲ့ရပြီးနောက်တော့ တဖြည်းဖြည်းဖြင့် ‘မပြောင်းလဲဘူးနော်’ ဆိုသော စကားအသုံးကိုလည်း ဘာကို ရည်ရွယ် ပြောသည်ကို ရိုးတိုးရိပ်တိတ် နားလည်စ ပြုလာပါသည်။
အသေချာဆုံးဖြစ်နိုင်ခြေတစ်ခုကတော့ ငယ်ရုပ်( ရုပ်ရည်ရူပကာသာမက စိတ်ဓါတ်၊ ၀တ်စားဆင်ယင်ပုံတို့ ပါ) ထူးထူးခြားခြား သိသိသာသာ ပြောင်းမသွားခြင်းကို ဆိုလို လိုရင်းဖြစ်ပါလိမ့်မည်။
            +                                              +                                              +
အသက်ကြီးလာသည်နှင့် အမျှ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲလာသည်ကိုတော့  အချင်းချင်း ထူးခြားစွာ သတိမထားမိတတ်တာ သဘာဝပါ။ ဘာနဲ့ တူသလဲ ဆိုတော့ မြန်နှုန်းတူမောင်းနေသော ကားနှစ်စီး ပေါ်က စီးနေသူများပမာ..  ဘယ်အစင်းက မြန်၍ ဘယ်အစင်းက နှေးနေသည်ဟု ကွာခြားမှု မသိတတ်ပေမဲ့ တစ်စီးစီးနှေးးသွားပါကမူ နှစ်စီး ကွာခြားမှုကို စီးသူများ သတိထားမိသွားသလိုပါပင်။ ကျမတို့ အားလုံး အချိန်နဲ့ အမျှ အတူတူပင် ပြိုင်တူ ကြီးလာကြတော့ တစ်ဦးအပေါ်တစ်ဦး ပြောင်းလဲနေသည်ဟု မထင်မိတတ်ကြပေ။ ထို့ ကြောင့်လည်း တွေ့ တွေ့ ချင်း ဘာမှ မပြောင်းလဲဘူး ဟု ပြောတတ်ကြခြင်း ဖြစ်နိုင်သည်ဟု ထင်မိလာပါသည်။
ရုတ်တရက် ယေဘူယျအမြင်အရ ဘာမှ မပြောင်းလဲသော်လည်း အတွင်းကျကျသိရလျှင်မူ ကိုယ်ပိုင်ဘ၀များ၊ မိသားစုဘ၀များ များစွာ ပြောင်းလဲနေမှန်းသိရတတ်ပါသည်။ ကျမအထင် မမှားလျှင်ဖြင့် ဖြတ်သန်းလာခဲ့ကြရသော ဘ၀တွင် ပိုင်ဆိုင်မှု၊ အောင်မြင်မှု၊ ဆုံးရှုံးမှု များ အတက်၊ အကျ၊ အနိမ့်၊ အမြင့် သိသိသာသာ မတွေ့ ကြုံ၊ မရင်ဆိုင်ခဲ့ရပါလျှင်သော်လည်းကောင်း ၊ ခက်ခဲ ကြမ်းတမ်းသော ဘ၀ တာဝန်များ မပိခဲ့ပါလျှင် သော်လည်းကောင်း ရုပ်ရော စိတ်ပါ ထူးခြားစွာ ပြောင်းလဲလိမ့်မည် မထင်မိပါ။
သို့ ဖြင့်လည်း ကျမသည် သူငယ်ချင်း တစ်ယောက်ယောက်ဖြင့် တွေ့ ရစဉ် ဘာမှ ထူးခြားစွာ ပြောင်းလဲမနေပါက ၀မ်းသာ မိပါသည်။ အရာရာ အောင်မြင်မှုများကြောင့် တောက်ပ ၀င့်ဝါနေလျှင်လည်း တစ်မျိုး ၀မ်းသာပါသည်။ ဘ၀များ အေးချမ်းသာယာ ချမ်းမြေ့ ပြီးပြည့်စုံနေသည့် သဘောပင်ဖြစ်ပါသည်။ ထိုမျှမက တစ်စုံတစ်ရာကြောင့် ဆုံးရှုံးမှုရှိခဲ့ပါသော်လည်း အရှုံးမပေး၊ အားငယ်မှုမပြပဲ မိသားစုအရေးကို အပြုံးမပျက် အားမာန်အပြည့်ဖြင့် မားမားမတ်မတ်ရပ်ကာ ဦးဆောင်နိုင်စွမ်းကြသည့် သူငယ်ချင်းများတွေ့ ရ၊ သိရပါလျှင်လည်း ၀မ်းသာချီးကျူးရပြန်ပါသည်။
 ထို့ ပြင် ပြောင်းလဲရခြင်းအကြောင်းရင်းများကိုလည်း သိမြင်လာရပါသည်။ အလုပ်သဘောအရ၊ စီးပွားရေးအရ၊ မိသားစုသဘောသဘာဝအရ၊ ရာထူးရာခံသဘောအရ၊ အိမ်ထောင်ဘက်အလိုအရတို့ ကြောင့်သာမက အရက်ကြောင့်ပါ ရုပ်ရည်၊ စိတ်ဓါတ်တို့ ပြောင်းလဲသွားရသူများကို တွေ့ သိလိုက်ရ ပါ တော့ သည်။
+                                  +                                              +         
ဒီလိုနှင့်ပင် ၂၅နှစ်ကြာကွဲကွာနေသော သူငယ်ချင်းများနှင့် ပြန်လည်တွေ့ ဆုံအပြီး မှာတော့ တစ်ယောက်ချင်းစီကို ပြန်သတိရနေမိတတ်သည်။
တည်ငြိမ်မှုနဲ့ ရင့်ကျက်နေသူများရှိသလို ၊ အခက်အခဲများကို အပြုံးမပျက် ရင်ဆိုင်နေသူများ၊ ပင်ပန်းမှုများနဲ့  ညှိုးငယ်နေသူများ၊ အောင်မြင်မှုများနဲ့ မိမိကိုယ်မိမိ ယုံကြည်ချက်ပြည့်နေသူများ၊ အားအင်အပြည့် ဖြင့် ရုန်းကန်နေသူများ...စသဖြင့် သွင်ပြင် မျိုးစုံကို မြင်တွေ့ ခဲ့ရပါသည်။ ရင်ဆိုင်ခဲ့ရသော ၊ ရင်ဆိုင်နေရသော ဘ၀ပေးအခြေအနေများကို လိုက်လို့ စိတ်နေစိတ်ထား၊ အပြောအဆို၊ အတွေးအခေါ်၊ အခေါ်အဝေါ်၊ မျက်နှာပေး ကအစ အစစ ပြောင်းလဲနေကြပါသည်။ ပြောင်းလဲနေသည်ဟု ထင်မိခြင်းလည်း ဖြစ်နိုင်ပါသည်။ ဘယ်သူတွေ ဘယ်လိုပင် အမျိုးမျိုးပြောင်းလဲနေပါစေ၊ သူငယ်ချင်းသံယောဇဉ်ကမူ ယခင်အတိုင်း မပြောင်းမလဲ တည်ရှိနေဆဲမို့ လွန်စွာဝမ်းသာကြရပါသည်။
            +                                              +                                              +
ယခုနောက်ပိုင်း ကျမတို့  လူချင်းခက်ခက်ခဲခဲတွေ့ ဆုံခဲ့လျှင်သော်လည်းကောင်း၊ အင်တာနက်ပေါ်မှသော်လည်းကောင်း ၊ ဖုန်းဖြင့်သော်လည်းကောင်း ဆုံမိလေတိုင်း ကိုယ်ပိုင် ထူထောင်ထားသော မိသားစု ဘ၀လေးများအကြောင်း အပြန် အလှန် ပြောတတ်ကြသည်။
အောင်မြင်မှုတွေ သိရတိုင်း ၀န်တိုစိတ်ကင်းစွာ ထပ်တူ ပျော်ရွှင်ကြည်နူးရသလို အခက်အခဲလေးများကြားမိရင်တော့ ကျမတို့ အားလုံးတူစွာ တွေးတတ်ခဲ့ကြသည်။ ကျမတို့ ဘယ်လိုများ ကူညီလို့ ဖေးမပေးနိင်ပါ့မလဲ..ဟုပင်။ အနည်းဆုံးတော့ ချက်ချင်းဆိုသလို ပေါ်လာတဲ့ အကြံဥာဏ်ကောင်းလေးတော့ နှုတ်အားဖြင့် ကူညီခဲ့ကြသည်ချည်းပင်။
သို့ စဉ်းစားရင်း လျှပ်ကနဲ အချက်တစ်ခု တွေ့ လာမိသည်။ ကျမတို့ တွေကြားတွင် ဘယ်တော့မှ ပြောင်းလဲသွားမည် မဟုတ်သည့် ခိုင်မြဲသော သူငယ်ချင်း သံယောဇဉ်၊ ဆရာမနှင့် တပည့်သံယောဇဉ်တို့ အချိန်နှင့်အတူ တရစ်ရစ် တိုးနေခြင်းကိုပင်။ လွန်စွာမှ ကြည်နူးချမ်းမြေ့ဖွယ်ရာ အချက်ကလေးပါ။
       +                                                         +                                              +
သို့ ဖြင့် နောက်ပိုင်း ငယ်သူငယ်ချင်းတစ်ယောက်ယောက်နဲ့ ဆုံတွေ့ စဉ် တစ်ဦးဦးကစလို့ …
`ဟယ် နင် ဘာမှ မပြောင်းလဲဘူးတော့။အရင် အတိုင်းပဲ ` ဟု ဆိုလျှင် သော်လည်းကောင်း…
ထိုသူငယ်ချင်းမှ ဆက်လို့ … 
`နင်သူနဲ့ တွေ့ သေးလား။အဲဒီတယောက်က ဘယ်မှာပေါ့။ငါနဲ့ ဟိုတလောက မထင်မှတ်ပဲ ဆုံကြတာ။အံမယ် အဲဒီမိန်းမက အရင် အတိုင်းပဲ ဘာမှ မပြောင်းလဲဘူးတော့။ ဒါပေမဲ့ ဟိုတယောက်ကတော့ဖြင့် အရင်ကနဲ့ လုံးဝတခြားဆီပဲ။ ငါဖြင့် မနည်းရုပ်ဖမ်းယူရတယ်… `
ဟူသော အပြောမျိုးကြုံလာလေတိုင်း ကျမမှာ နောက်ဆက်တွဲ အတွေးတတန်းကြီးဖြင့် သူပြောသော ပြောင်းလဲနေတယ် ဆိုတာနဲ့ မပြောင်းလဲဘူးဆိုတာကို ဘာတွေပေါ်အခြေခံပြီး ပြောတာများဖြစ်နိုင်မလဲ၊ နောက်ပြီး ဘာတွေများ တကယ်ပြောင်းလဲနေမလဲဟု( မိမိကိုယ်တိုင်၏ တရိပ်ရိပ် ပြောင်းလဲမှုများကိုလဲ ဆန်းစစ်ရင်း ) စဉ်းစားမြဲ စဉ်းစားကာ ငယ်စဉ်က ပညာဆည်းပူးသင်ယူခဲ့ရသော အလယ်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ငယ်သူငယ်ချင်းများကို အတွေးထဲမှာပင် လွမ်းဆွတ်သတိရနေမိပါတော့သည်။
                                                                                                ၁၆.၅.၁၁ ( တနင်္လာနေ့ )
3 comments:
  1. ဖတ်ရတာ တချက်မှ မငြီးဘူး။
    ဖတ်နေရင်းနဲ့ မျက်မှန် ခဏခဏ ချွတ်ရတယ်။
    ReplyDelete
  2. ကျေးဇူးတင်ပါတယ် မရီတာ
    ReplyDelete