မျှော်လင့်နေသော ဖုန်းဝင်လာပါပြီ။ မြည်သံကြားသည်နှင့် ကျွန်တော် ဇတ်ခနဲထကာ နံပါတ်ကိုကြည့်သည်။ ပြုံးပြီး ခေါင်းငြိမ့်ပြလိုက်သည်နှင့် ဇနီးသည်က သူမအပိုင် နားကျပ်စပီကာလေးတခု ကောက်ခါ နားတွင်တပ်လိုက်သလို ဖုန်းဖြေရင်း ကျွန်တော်ကလဲ ကျွန်တော့နားကျပ်တဖက်ကို ယူလိုက်သည်။
တဖက်က သားရဲ့အသံ “ ဖေနဲ့မေ နေကောင်းကြလား ” တဲ့။ ဘ၀တလျှောက်လုံး နားထောင်၍ မ၀နိုင်သောအသံ၊ ကလေးငယ်အရွယ် မပြီမသလေးမှ အခုလို အသံသြသြလေး ဖြစ်လာသည်အထိ၊ ကိုယ်တိုင် ပျိုးထောင်ပေးခဲ့သော ကိုယ်ပိုင်၊ကိုယ်ခွဲ အသံလေးတခုအလား။
ကျွန်တော်တို့ဖုန်းပြောရာအမှာ ထုံးစံအတိုင်း သူ့အပိုင်းလေးတွေနှင့်သူ။ ပထမတပိုင်းကား အင်တာဗျူးနေသလိုလို။ ဇနီးသည်က သား နေကောင်းလား၊ အဆင်ပြေလားလို့ အစချီကာ သူသိချင်သော သားနှင့်ပတ်သက်သည့်အချက်တွေ တခုပြီးတခု ၀င်မေးသည်။ ကျွန်တော်က နားထောင်ရင်း မိမိကျွမ်းဝင်နေပြီးသား လေသံအတက်အကျကတဆင့် သူ့အခြေအနေကို သရုပ်ခွဲနေမိသည်။ သိချင်တာရှိသော အခါ၊ လေသံမှတဆင့် တခုခုများ လွဲချော်နေပြီလားဟု ထင့်ကနဲဖြစ်သောအခါများမှ တခွန်းတလေ ၀င်မေးသည်။ များသောအားဖြင့် ဇနီးသည်မေး၊ သားကဖြေ။
နောက်တပိုင်းက ကျွန်တော်တို့က သားကိုပြောပြချင်သည် တို့ကိုပြောပြသောအပိုင်း။ ထင်သည့်အတိုင်း ဇနီးသည်က ဗန်ဒါရွက်တွေ ကြွေနေပြီက စကာ သူက လွမ်းနေကြောင်း၊ ဘယ်နေ့က သားကို ဘယ်လိုအိပ်မက်မက်ကြောင်း၊ ကျွန်တော်ကလဲ ဘာတွေဂရုစိုက်၊ ဘာတွေလုပ် စသည်ဖြင့် မှာကြ တိုက်တွန်းကြ ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောကြနှင့် သူတခွန်းကိုယ်တခွန်း။
နောက်တပိုင်းကတော့ သားရဲ့အလှည့်။ ဖေဖေ ခါးနာသေးလား၊ မေမေ သွေးခဏခဏ တက်သလားဖြင့် စသည်။ သည်တပိုင်းကား ကျွန်တော်တို့သုံးယောက်စလုံး ပျော်ရွှင် ခုံမင်ကြသော အပိုင်း။ သား၏ ဖေဖေခါးနာနေသေးလားဆိုသည်မှာ သူကျွန်တော့ကို မေးတာမဟုတ် သလို မေမေကော သွေးခဏခဏတက်သေးလားမှာလဲ သူ့အမေကိုမေးသည်မဟုတ်။ ချွန်ပေးခြင်း။
ဖေဖေခါးနာနေသေးလားဆိုသည်နှင့် ဇနီးသည်က မင့်အဖေကတော့ ပြောမနေနဲ့လို့စကာ တပတ်အတွင်း ကျွန်တော်လုပ်သမျှ၊ ဖြစ်သမျှကို ပေါ်တင်အတင်းတုပ်သလို မကြိုက်သည်တို့၊ မလုပ်စေခဲ့ချင်သည်တို့ကိုလည်း သားကိုပုဏ္ဏားတိုင်လုပ်ကာ ပိုပိုသာသာပြောပါတော့သည်။ တဖက်က သားက ရီလိုက်၊ ကျွန်တော့်ကို လှမ်းစလိုက်နှင့်။ ထိုအတူ သူ့အမေအကြောင်း စမေးလိုက်တာနှင့် ကျွန်တော့အလှည့် ဘယ်ရမလဲ ကျွန်တော်ကလဲ ပြန်တွယ်သပေါ့။
သားက စကားထောက်လိုက် စလိုက်၊ ရီလိုက်၊ ဒီဖက်က ကျွန်တော်တို့ကလဲ ရီလိုက် သူတင်ကိုယ်တင်ပြောလိုက်နှင့် အသံတွေလဲ တိုးရာကကျယ်၊ စိတ်တွေကလဲ ပျော်နေကြသည်။ ဒီအချိန် ဘေးကမြင်ရင်တော့ ဒီအဖိုးကြီး အဖွားကြီး နားကျပ်တယောက်တဖက်တပ်ကာ တယောက်နှင့်တယောက် ရေရေလည်လည် ပေါက်ကွဲနေကြသည် ထင်ပေမည်။
နောက်ဆုံးအပိုင်းကတော့ အလွမ်းသယ်ခြင်း။ ဇနီးသည်က မှာစရာရှိတာထပ်မှာ၊ သားကို ဂရုဖိုက်ဖို့တွင်တွင်ပြော၊ သားကလဲ စိုးရိမ်တကြီး ကျွန်တော်တို့ကို ဂရုစိုက်ဖို့ပြောနှင့် တဖက်နှင့်တဖက် မှာ ၍မကုန်။ နောက် အကြိမ်ကြိမ်နှုတ်ဆက်ကာ ဖုန်းချသွားသည်။
ကျွန်တော်တို့နှစ်ယောက် သက်ပျင်းကိုယ်စီချကာ ကုလားထိုင် နှောက်မှီဆီသို့ မတ်ထားသော ကိုယ်တွေကို လျှော့ချကာ ထိုင်ကြသည်။ မျက်နှာတို့ကား ပြုံးနေဆဲ။ ရင်ထဲမှာ ကြေနပ်၊ ကြည်နူးမှု့ရယ် လွမ်းဆွတ်စိတ်ရယ်က တလှည့်စီ။
နောက် ဖုန်းပြောခဲ့ချိန်လေးကို နှစ်ဦးသား စမြုံ့ပြန်ကြသည်။ စိုးရိမ်စိတ်နှင့် သူဟိုအကြောင်းပြောပြနေတော့ လေသံလေးက တမျိုးပဲနော်၊ တကယ်ကော အဆင်ပြေရဲ့လားမသိတို့၊ နောက် နင့်သားလေသံကြည့်ရတာ ဒို့ကတော့သတိရနေလို့၊ သူကတော့ ဟိုမှာ ပျော်နေပုံပဲဗျားလို့ ကြေနပ်စိတ်ကို မလိုတမာအသံလေးစွက်ကာ ပြောဖြစ်ကြပါသည်။
များသောအားဖြင့် ထိုအချိန်မှာ ဇနီးသည်လုပ်လေ့ရှိတာကတော့ “ အဲတော်.. ဟိုကိစ္စပြောဖို့ရာ မေ့သွားတယ်။ အရေးကြီးတာကို သေသေချာချာ ပြောမယ်လို့ စိတ်ကူးထားတာ။ တော်က ဘာမဟုတ်တဲ့ သွေးတက်တဲ့အကြောင်း တခုပ်တရ ပြောနေတာနဲ့ မေ့သွားတယ်။ ပြန်ခေါ်ပေး ” လို့လုပ်တတ်ပါတယ်။
တကယ်တော့ သူပြောမ၀သေး၊ နောက် အကြောင်းအရာတခုခုကို တမင်တကာချန်ထားပြီး ကျွန်တော့ကြောင့်လို့ လုပ်လေ့ရှိတာ သူ့အကျင့်။ ကျွန်တော်မသိချင်ယောင်ဆောင်ပြီး သားဆီ ပြန်ခေါ်ပေးရသည်။ တဖက်က သားကလဲ မျှော်လင့်ထားပြီးသား။ စပြီးဖုန်းဖြေသည်ပင် “ မေမေလား၊ ပြောလေ၊ ဘာမေ့သွားလို့လဲ” လို့ စထူးတတ်သည်။
တခါတလေတော့ ကျွန်တော်ပါဝင်ပြောတတ်သည်။ တခါတလေတော့ ဇနီးသည် အားရပါးရ ပြောပါစေဆိုသည့်သဘောနှင့် ကျွန်တော့နားကျပ်ပါ သူ့ကို ပေးလိုက်လေ့ရှိသည်။ နောက် ခပ်ကြာကြာ သူတို့နှစ်ယောက် ထပ်ပြောလေ့ရှိသည်။
သူတို့ဖုန်းပြောပြီးချိန်တွင် နေကားအတော်စောင်းနေပေပြီ။ တိမ်တချို့နှင့် နေ၀င်ချိန်ကား လွမ်းမောဖွယ်ရာအတိ။
သားနဲ့ ဖုန်းပြောတဲ့ စကားပြောခန်းက ကြည့်နူးစရာလေးပဲ..၊ မိဘနဲ့ ဝေးနေတဲ့ သားတွေအတွက်တော့ ဒါရိုက်ဟစ်ပဲဗျ..။း)
ReplyDeleteအခုမှပဲ လာဖတ်ဖြစ်တော့တယ်..။
ReplyDeleteသရုပ်ပေါ်အောင် ရေးတတ်လိုက်ကြတာနော်။
(၂ယောက်လုံး..)
ဖတ်နေဆဲ
ReplyDelete