Sunday, May 29, 2011

ကျွန်တော်တို့သည်... ( ၂ )


ပြဿနာမီးပွားရဲ့အစကား မီးခြစ်ကပင်။ မနေ့က ကျွန်တော့်မီးခြစ်ကို လက်ဖက်ရည်ဆိုင်မှာ ကျန်ခဲ့သည်။ ဇနီးသည်ဈေးအသွား အသစ်တလုံးဝယ်ခဲ့ပေးဖို့မှာခဲ့ရာ သူမကလဲ မေ့ခဲ့သည်။ သို့နှင့် စာဖတ်ရင်း သောက်ဖို့ မီးညှိရာ ဖတ်ပြီးခဲ့သမျှ ပြန်စဉ်းစားနေသောစိတ်ဖြင့် အမှတ်တမဲ့ အိပ်ကပ်ထဲထည့်ကာ ယူခဲ့မိသည်။ သို့နှင့် ဟင်းချက်ဖို့ မီးမွှေးရန် မီခြစ်ကို ထားနေကြနေရာမှာကြည့်တော့ တော့ သူမ မတွေ့တော့။

သူမသည် စည်းကမ်းကြီးသည်။ ပစ္စည်းများနေရတကျထားတတ်သည်။ ထိုအကျင့်သည် အခုလို အသက်ကလေးရလာချိန်မှာ အလွန်အသုံးဝင်သည်။ ရှာရဖွေရမရှိလှသောကြောင့် လူသက်သာသလို ရုတ်တရက် မီးပျက်ခဲ့တောင် သိပြီးသား ဓါတ်မီးရှိရာသွား၊ နောက် ထွန်းလက်စဖယောင်းတိုင် ရှိသောနေရာကိုသွား၊ ဘေးမှာ မီးခြစ်က အဆင်သင့်ဆိုသလိုမျိုး။ သို့သော် ကျွန်တော်ကလဲ မေ့တတ်သည်၊ ယောင်တတ်သည်။

ခါတိုင်းလိုဆိုလျှင်တော့ သူမသည် အိမ်ရှေ့မိမိရှိရာအထိလာကာ

 “ မီးခြစ်က တော့ဆီမှာလား ”

လို့လာမေးပြီး ယူသွားပေလိမ့်မည်။ သို့သော် မနက်ကထည်းက သားကိုလွမ်းသောစိတ် ဖိစီးနေတော့ ဒီတခါ သိပ်စိတ်မကြည်တော့။ သို့နှင့်ကျွန်တော်ကြားရအောင်...

“ ပြောခဲ့တာလဲ ၄၊ ၅ ဆယ်နှစ်မကတော့ဘူး။ ဘာလိုချင်လိုချင် ဘယ်တော့မှ သူ့နေရာနဲ့သူကိုမရှိဘူး။ မေ့လိုက်တာကလဲ အလွန်၊ ကြာရင် ဟဲ့.. နောက်ဖေးမီးဖိုချောင်ထဲက ဘယ်သူတုန်း လုပ်တော့မယ်။ ” လို့ ပြောပါတော့သည်။

ဤမျှ ကြားရလျှင်ပင် ကျွန်တော်သိပြီ။ သို့နှင့်စမ်းကြည့်တော့ မီးခြစ်ကို အိပ်ကပ်ထဲထည့်ထားမိကြောင်းသိရပါသည်။ သို့နှင့် သက်ပြင်းချ၊ နောက်မီးသေနေသော ဆေးပေါ့လိပ်ကို မီးပြန်ညှိ၊ ပြီးမီးဖိုချောင်ဆီသို့ထွက်လာပါသည်။ ပုံမှန်အားဖြင့်တော့ သူမအနီးမှာ ကျွန်တော် ဆေးလိပ်သောက်လေ့မရှိ၊ အနံမကြိုက်မှန်းသိပါသော်လည်း စိတ်ထဲတွင် သူ့ကို မီးခြစ်တလုံးဝယ်ခဲ့ပါလို့ မှာတာကို မေ့ခဲ့ပြီးတော့ဆိုပြီး ကျွဲမြှီးတိုနေသောကြောင့် တမင်ဆေးလိပ်ကိုပါ လက်ကြားညှပ်ခဲ့သည်။

ကျွန်တော် မီးခြစ်ကို သူ့နေရာမှာသူ ဂွပ်ခနဲမြည်အောင် ချပြီး ပြန်လှည့်ထွက်လာတော့ သူမလဲ ကျွန်တော့်စိတ်ထဲက အတွေးကိုသိနေပုံရပါသည်။ နောက် ဘာကြောင့် ကျွန်တော်တမင် ဆေးပေါ့လိပ် လက်ကြားညှပ်ကာ လာမှန်းကိုလဲ သူမ ရိပ်မိနေသည်။ သို့နှင့် ဒီဂရီက နဲနဲပိုတက်လာသည်။

“ မှာတာကလွယ်ပါ့၊ ဒီမှာတော့ တနေ့တနေ့ ဘာတွေ ဘယ်လိုချက်ရလဲ စဉ်းစားရတာကတမျိုး၊ ကုန်ဈေးနှုန်းတွေနဲ့ တွက်ရချက်ရ ဂေါင်းကိုက်ရတာတမျိုး၊ အချိန်မှီအောင် ချက်ရပြုတ်ရတာကတမျိုးနဲ့။ နောက် ကိုယ်မလုပ်နိုင်တဲ့ဟာတွေအတွက် စိတ်ဆင်းရဲရတာကတမျိုးနဲ့... ”ဆိုတဲ့ စကားသံက ကျွန်တော့်နောက်ကို ထပ်ချပ်မကွာ။

ဆိုလိုတာက မီးခြစ်မေ့ခဲ့တာ ကိုကာကွယ်ပြောတာဖြစ်သလို တခြားကျွန်တော် အပြစ်ကလေးတခုကိုပါ သတိရအောင် ပြောရင်းထောက်လိုက်ခြင်းပင်။ ထိုအရာကတော့ အိမ်အနောက်မှ ရေမြောင်းကလေး။ ကျွန်တော် ဖတ်လက်စ စာအုပ်မှာ စိတ်က မရှိတော့၊ သူပြောတာနဲ့ပတ်သက်ပြီး အတွေးက ဆက်နေပြီ။

မြောင်းဘောင်ပေါ်ရှိ ရှည်လာသော မြက်ပင်တို့ရယ်၊ သစ်ရွက်ကြွေချိန်ဆိုတော့ သစ်ရွက်တချို့ရယ်ကြောင့် ထိုမြောင်းကား ရေကောင်းကောင်းမစီးတော့၊ နောက်ဆို ခြင်ဝပ်တော့မည်။ သို့ကြောင့် ဆယ်ဖို့ကြံတော့ အိမ်မှာရှိသော ပေါက်ပြားက တိုပြီးတုံးနေပြီလေ။ ဒီပေါက်ပြားသာ သုံးရင် ကျွန်တော် အတော်အီမည်။ သို့နှင့် ပေါက်ပြားတလက်ဝယ်ဖို့ကြံနေတာကြာပြီ။ ကိုယ်ကိုယ်တိုင်ကော၊ သူမပါ မြောင်းကိုကြည့် စိတ်ရှုပ်နေတာကြာပြီ။

ဖြစ်ချင်တော့ ၀ယ်နေကြ တောက အထမ်းသယ်က ပျောက်နေသည်။ ဈေးထဲရှိ ဆိုင်မှ ပေါက်ပြားများကား သံသားမကောင်း။ ပေါက်လေ ထက်လေဖြစ်ရမည့်အစား၊ ပေါက်လေ တုံးလေ။ ငွေကုန် လူပန်းတာသာ အဖတ်တင်မည်။ သို့ကြောင့် သူမ ကြားရအောင် အသံကျယ်ကျယ်နဲ့..

“ အေး.. အိမ်က ပေါက်ပြားနဲ့ဆိုရင် နောက်တလလောက်နေမှ ပြီးမှာပေါ့၊ ပြီးရင် ဆေးကုရလိမ့်မယ်။ ပေါက်ပြားအသစ်ဝယ်ဖို့ စောင့်နေတာလဲ အသိသားနဲ့။ တွေ့ကရာဝယ်ရင် တော့ပေါက်ပြားက တနှစ်တခါ ၀ယ်ရသလားလုပ်အုံးမယ်။ ”ဆိုတော့ သူမက..

“ ကျုပ်ကြည့်ခဲ့ပါတယ်တော်။ ရှင်ဝယ်နေကြ ကောင်လေးက ကိုယ်တိုင် မရောင်းတော့ပဲ ဈေးထဲကဆိုင်ကို သွင်းခဲ့ပါသတဲ့။ သေသေချာချာကြည့်တော့ တံဆိပ်ကလဲ ရှင်ပြောတဲ့တံဆိပ်ပဲ ”

“ အဲဒါဆို မနက်ဖြန် ဈေးထဲ ကျုပ်ပါလိုက်ခဲ့မယ် ” လို့ဆိုကာ စကားနည်းရန်စဲ လုပ်လိုက်ရသည်။ သူ့ဖက်က သေချာနေမှ ကိုယ်ကဆက် တိုက်စစ်ဆင်မဖြစ်တော့။ အနိုင်ရသူတို့ထုံးစံ ပုကျိပုကျိ ဆက်ပြောနေသော်လည်း စာအုပ်သာ မဲတင်းဖတ်နေသယောင် ဆောင်နေရသည်။

ဘေးလူတယောက်က ဒီအချိန် ကျွန်တော်တို့နှစ်ယောက်ကိုမြင်လျှင် ဒီနှစ်ယောက် ဘာတွေဖြစ်နေလဲ၊ တကျက်ကျက်နဲ့ ပြီးတော့ ဘာတွေပြောနေမှန်းလဲ မသိသလို၊ ဘာတွေကြောင့် ဒီလိုဖြစ်နေကြမှန်းလဲမသိလို့ဆိုကြပေလိမ့်မည်။ အိမ်ထောင်သက် အနှစ် ၃၀ နီးပါးရှိလာပြီဖြစ်သောကြောင့် သူတခွန်း ကိုယ်တခွန်းပြောနေကြသည်က အချင်းချင်း စိတ်ကူးထဲက ကွက်ကျော်လေးတွေပါ မြင်နေသောကြောင့် နှစ်ယောက်သာ သိသော အကွက်နှင့် ကတောက်ကဆ ဖြစ်နေကြသလိုပင်။

တခါတလေတော့ ထမင်းစားချိန်ထိအောင် တခွန်းစ နှစ်ခွန်းစ မပြတ်။ စားပြီးပြီးချင်း ထိုသို့သော နေ့တွေရဲ့ ထုံးစံအတိုင်း ဇနီးသည် အိပ်ခန်းထဲဝင်အိပ်ပါတော့သည်။ ပုံမှန်ဆို ကျွန်တော် မှေးရာ ကုလားထိုင်ဘေးမှ သူ့ခုံလာထိုင်ကာ သားအကြောင်း နှင့် အခြား ထွေရာလေးပါး ပြောတတ်ကြသည်။ နောက်အိပ်ချင်မှ အခန်းထဲဝင် နာရီဝက် တနာရီ တမှေးမှေးလေ့ရှိသည်။ ဒီနေ့ သားဆီက ဖုန်းဆက်မည့်နေပင် ရှေ့လာထိုင်ကာ ဘာမှမပြော။

ကျွန်တော်ကား ဖုန်းကိုယူ၊ နံဘေးမှာချ၊ ထုံးစံအတိုင်း သားနှင့်စကားပြောရင် နားကျပ်စပီကာလေး ကို သူမနှင့် တယောက်တဖက်နားထောင်ရင်းပြောဖို့ အသင့်လုပ်၊ စာအုပ်ဆက်ဖတ်ရင်း ထိုင်နေသည်။ တနာရီကျော်လာသည်အထိ သူမ ထွက်မလာတော့ ကျွန်တော်ပြုံးမိသည်။ သူမစိတ်မပြေသေး။ သို့နှင့် နာရီဝက်လောက်ထပ်စောင့်သည်။ နာရီဝက်ကျော်လာတော့ သွေးပေါင်ချိန်တိုင်းစက်ကလေးကိုယူက ကျွန်တော်အခန်းထဲ လိုက်သွားသည်။
ဘာဖြစ်နေတုန်း၊ အစားများသွားလို့လား၊ လို့မေးရင်း သွေးပေါင်ချိန်ဖို့ပြင်သည်။ သည်မှာတော့ ကျွန်တော်ကော၊ သူကော ပြုံးချင်နေပြီ၊ စပြုံးမိသောသူသည် ချော့သောသူဖြစ်သည်။ ထိုသူသည် ကျွန်တော်ဖြစ်သည်က များပါသည်။ နောက်တော့ အိမ်ရှေ့ထိုင်ခုံသို့ အပျင်းပြေ စားစရာတမျိုးမျိုးဖြင့် သူမရောက်လာပါသည်။

ထိုညနေခင်းမှာ ရာသီဥတု ပြန်လည် ကြည်လင်လာသည်။

( ဆက်ပါအုံးမည် )

5 comments:

  1. ဒီမှာတော့ ရာသီဥတု တနေ့လုံးသာယာနေတာပဲ..။
    အဟိ..။
    စ တာပါ.။
    ဖတ်လို့ ကောင်းတယ်.။
    မျော့နေမယ်..။

    ReplyDelete
  2. ဟိုဝတ်ထုထဲမှာတော့အခန်းထဲကိုပွေ့ပြီး ချီသွားရင်စိတ်ကောက်ပြေသွားတာဘဲတဲ့ ချီကြည့်ပါလား။

    ReplyDelete
  3. 'တစ်ယောက်တစ်ခွန်း စကားများကြတဲ့အခါ xxx အချစ်များ သူ့ဆီမှာ' ဆိုတဲ့ သီချင်းတောင် သတိရသွားတယ်၊ အခြေအတင် စကားပြောခန်းလေး ကောင်းတယ်ဗျ၊ ဆက်ပါဦး...။

    ReplyDelete
  4. T PAUK..
း) ရာသီဥတု အမြဲ သာယာနေပါစေ...
    Ma khin oo may
    အကြံကောင်းပေးတဲ့အတွက် ကျေးဇူးပါ။း)
    Ko Nyi Linn Thit
    ကျေးဇူးတင်ပါတယ်။

    ReplyDelete
  5. အချော့တော်ကြီး

    နောက်ဖေးမီးဖိုချောင်ထဲက ဘယ်သူတုန်း :P

    ReplyDelete