Sunday, May 29, 2011

ကျွန်တော်တို့သည်...


သည်မနက်တော့ ရာသီဥတုကောင်းနေသည်။

မနက်စောစောထဖြစ်ပါတယ်။ အသက်ကြီးလာသည်နှင့်အမျှ မနက်စောစောထဖြစ်သည်က များလာသည်။ အိပ်ယာကနိုးတာကိုက စောစောလာသည်။ တခါတလေ နိုးနေသော်လည်း မိုးလင်းသည့်တိုင် စောင့်နေရသောရက်တွေက များလာသည်။ ကြည်ကြည်လင်လင်ရှိနေသော်လည်း အိပ်ယာထဲမှာ ဆက်လှဲလျှောင်းနေရသည်မှာ စိတ်မရှည်စရာ။

အိပ်ယာကထ မျက်နှာသစ်ပြီး အိမ်ရှေ့ထွက်လာတော့ အိမ်ရှေ့ဘန်ဒါပင်မှ ရွက်ကြွေတွေက ရှေ့ခြံဝန်းထဲတွင်အပြည့်။ သားကိုသတိရမိသွားသည်။ တချိန်က သူ ထိုရွက်ကြွေတွေတွေ့တော့ ၀မ်းသာအားရ ပြေးလိုက်၊ နင်းလိုက် ကောက်လိုက် ဆော့ကစားနေတာ မနေ့တနေ့ကလိုပင်။ သူဒီနေ့ဖုန်းဆက်လာလျှင် ထိုအကြောင်းပြောအုံးမည်၊ ရွက်ကြွေတွေအကြား ဆော့နေတာကို ရိုက်ထားတဲ့ ဓါတ်ပုံလေး ပြန်ပြအုံးမည်လို့ စိတ်ထဲက တေးမှတ်ထားလိုက်မိသည်။

ဇနီးသည်ကိုတော့ ခေါ်မပြတော့၊ ကိုယ့်ထက်စောကာ အိပ်ယာကထသွားတော့ သူမြင်ပြီးလောက်ပြီ၊ နောက်ဖေးတွင် ဆွမ်းတော်တင်ရန် ချက်ပြုတ်နေရင်း သားကိုသတိရကာ မျက်ရည်ပင် ၀ဲနေလောက်ပြီ။ ဖုန်းဆက်လာလျှင် ဒီအကြောင်းကို သူကတောင် အရင်ဦးအောင်ပြောနေပေလိမ့်မည်။

ရွက်ကြွေတွေ လှည်းရင်းက အပင်မော့ကြည့်တော့ အပင်မှာ ရွက်ဟောင်းတွေ တ၀က်လောက်ပဲ ကျန်တော့တာတွေ့ရသည်။ အရွက်တွေကြွေတာ အလွန်ဆုံး ၂ရက်လောက်ပဲကျန်တော့မည်။ ဒီအပင်အကြောင်း သူကောင်းကောင်းသိနေပြီ။ ပြီးခဲ့တဲ့တနှစ်က သူစိတ်မရှည်စွာနှင့် အရွက်တွေကုန်အောင် ၀ါးလုံးဖြင့်ထိုးချခဲ့ဖူးသည်။ ပြီးတော့ ခါးနာတာ ၂ပတ်လောက် ခံစားလိုက်ရသည်။ ဒီတခေါက်တော့ ကြွေသည်ကိုပင် စောင့်တော့မည်။ ထပ်ပြီး ခါးနာမည်ကို မခံစားလိုတော့။

ငယ်ရွယ်သန်စွမ်းစဉ်ကတော့ ကြိုးစားပြီး အပင်ပန်းခံကာလုပ်ခဲ့သည်။ ဒါဏ်တို့ နာကျင်တာတို့ဆိုတာက အလွန်ဆုံး နောက်တနေ့မနက်ခင်းအထိသာ။ နောက် ပျောက်ကွယ်သွားကာ မေ့မေ့ပျောက်ပျောက်။ အဲဒီတုန်းကတော့ ပျောက်ကင်းသွားသည်လို့ပဲထင်နေမိသည်။ အခုကဲ့သို ဒီအချိန်ရောက်မှ ပြန်ပေါ်လာကာ အလစ်ချောင်းနှိပ်စက်နေလိမ့်မည်လို့ မထင်မှတ်ထားခဲ့။ သို့ကြောင့် သတိကြီးစွာဖြင့် ကိုယ့်စွမ်းအားနှင့်ကိုယ် မျှတအောင်သုံးနေရသည်။

အမှိုက်တွေသိမ်းပြီးတော့ ချွေးပင်စို့စို့နှင့် နေလို့ထိုင်လို့ ကောင်းနေသည်။ သို့နှင့် မျက်နှာသစ်၊ ကိုယ်လက်တွေဆေးကြောကာ ဈေးသွားဖို့ ဇနီးသည်ဘုရားရှိခိုးအပြီးစောင့်နေသည်။ ရေတော့မချိုးသေး၊ နေမြင့်လာသည်အထိ စောင့်ပြီးချိုးတာ ပိုစိတ်ချရသည်။ နေမကောင်းမဖြစ်ချင်တော့ပါ။

နောက် နှစ်ဦးသား ဈေးဘက်သို့ထွက်လာကြသည်။ စကားသိပ်မပြောဖြစ်ကြ။ ဒီနေ့ ဘာချက်စားရင်ကောင်းမလဲလို့ဆိုကာ စိတ်ကူးဖြင့် ဟင်းတွေစပ်ကြည့်ကြသည်။ ဈေးနားရောက်တော့ ထုံးစံအတိုင်း ကိုယ်က လက်ဖက်ရည်ဆိုင်ဝင်သည်။ ဇနီးသည်က ဈေးထဲဝင်သွားသည်။ သူပြန်မလာခင် လက်ဖက်ရည်တခွက်မှာသောက်ကာ သတင်းစာတစောင်ဆွဲပြီး ဖတ်နေမိသည်။ သူမအတွက်တော့ ကောင်းနိုးရာရာ စားစရာတခု မှာထားပေးသည်။

သူပြန်လာချိန်မှာ ပြောစရာစကားတွေ တလှေကြီးဖြင့်။ ဘယ်အသီးအနှံတွေပေါ်နေပြီကစ၊ ရှာမတွေ့တော့သော ရာသီစာများ၊ ၀ယ်နေကျ ဈေးဆိုင်လေးများအကြောင်း၊ ဈေးနှုန်း အတက်အကျများ စသည်ဖြင့် တနေ့တမျိုးမရိုးနိုင်စရာ။ ကျွန်တော်တို့မှာ ဆိုင်ထိုင်ရင်း စကားပြောရတာကိုနှစ်သက်သည်။ အသက်ကြီးလာလေ လူကြီးဖြစ်လာလေ လက်ဖက်ရည်ဆိုင် အဖေါ်မပါပဲ၊ စကားပြောဖေါ်မရှိပဲ မထိုင်ချင်တော့။

 တချို့ ရွယ်တူ ထိုင်နေကျလူတွေ ရှိရင်တော့ မဆိုး၊ မရှိလျှင် လာထိုင်သော လူငယ်တွေကို အလျှင်းသင့်အောင်ပြောရင်း ၊ သဘောကောင်းသော၊ ဖေါ်ရွှေသော၊ ပျော်တတ်သော လူပျော်ကြီးများပုံ ပြောင်းသွားတတ်သည်။ မိမိမှာ ဇနီးသည်နှင့် ထိုင်လေ့ရှိတာ အတော်ကောင်းသည်။ ပြောဖြစ်တာက  တမေ့တမောတော့မဟုတ်၊ ၀ယ်လာသော သီးနှံသားငါးတွေ လတ်ဆတ်စဉ်မှာ ချက်ချင်သေးသည်။

အိမ်ပြန်ရောက်၊ ဇနီးသည် ဟင်းစချက်ချိန်မှာ ဆေးပေါ့လိပ်ရယ်၊ ဖတ်လက်စ စာအုပ်တအုပ်ကိုဆွဲကာ အိမ်ရှေ့မှာ ပက်လက်ကုလားထိုင်ဆီသို့ သူထွက်လာသည်။ စာအုပ်ဖတ်လို့ ၂ မျက်နှာမရှိတရှိမှာ ရာသီဥတုကပြောင်းသွားသည်။

( ဆက်ပါအုံးမည် )


1 comment:

  1. ပြောင်းလဲ မြန်လိုက်တာ..။

    ReplyDelete