ညရောက် အမှောင်ဝင်လာတာနဲ့ ကျွန်တော်တို့အိမ် ပတ်ဝင်းကျင်ဟာ တဖြေးဖြေး ဆိပ်ငြိမ်စပြုလာပါပြီ။ ဥပုဒ်ရက် ညပိုင်းများမှာတော့ မနီးမဝေးမှ ရွက်ကွက်ဓမ္မာရုံလေးဆီက ဆရာတော် တပါးပါးဟောကြားတဲ့ တရားဒေသနာသံကြားနေရတတ်ပါတယ်။ အခုလို ကြားရက်တွေမှာတော့ ဆိပ်ငြိမ်မှု့တို့သာ ကြီးစိုးနေလေရဲ့။
မမှောင်ခင်လေးအမှီ ကျွန်တော်တို့နှစ်ယောက် ညစာစားလေ့ရှိပါတယ်။ မှောင်စ၀င်လာတာနဲ့ နှစ်ဦးသား အိမ်အရှေ့က ကုလားထိုင်လေးမှာထိုင် စကားစမည်ပြောရင်းပေါ့။ ဈေးမှ အလုပ်မှ ပြန်လာကြသူ အိမ်နီးနားချင်း တချို့တလေကတော့ အိမ်ရှေ့ဖြတ်စဉ် သာကြောင်း မာကြောင်းလောက်တော့ လှမ်းပြောဖြစ်လေ့ရှိပါတယ်။
နောက် ဇနီးသည်လဲ ဘုရားရှိခိုးကာ တရားထိုင်ဖို့ သူဘာသာ ရေရွတ်သလို ပြောရင်း ထိုင်ရာမှထသွားတော့ ရှေ့ပက်လက်ကုလားထိုင်မှာ ကျွန်တော်တစ်ယောက်ထည်း ထိုင်ကာကျန်ရစ်ခဲ့ပါတယ်။ အကျင့်ပါနေတဲ့လက်က ထိုင်ခုံ ခေါင်းအမှီမှာ ချိတ်ထားတဲ့ စိတ်ပုတီးကုန်းဆီလက်က ရောက်သွားပါတယ်။
ပုတီးစိတ်ဖြစ်နေခဲ့တာကတော့ ကြာပါပြီ။ ဒီပုတီးလေးဟာ ကျွန်တော်ရယ်၊ သံဝေဂတွေရယ်၊ ဖြတ်သန်းခဲ့သမျှ ဘ၀အနိမ့်အမြင့် အချိန်တွေရယ်၊ စိတ်သောကတွေ ကြည်နူးမှူ့တွေရယ်၊ တည်ငြိမ်အေးချမ်းမှု့တွေရယ်၊ တွေဝေလေးလံမှု့တွေရယ်အကြား ပေါင်းကူးလေးတခုနှယ်။ ပုတီးတလုံးမှာ ကြည်ညို တည်ငြိမ်နေပေမဲ့ နောက်သုံးလေးလုံးမှာ ပူလောင်သောကတွေဆီကို စိတ်ရောက်ချင် ရောက်သွားတတ်ပါတယ်။ ဒီနေ့လိုမျိုး နေ့တွေက ပိုဆိုးတာပေါ့။
နေ့ခင်းမှာ အပူစုတ်ပြီး ညပိုင်းမှာ အခိုးလွှတ်တတ်တယ်တဲ့။ တရား တကြောင်းကို စိတ်ကရောက်သွားပါသည်။ နေ့မှာကျင်လည် ကျက်စားရင်း လောက အပူတွေစုတ်၊ ညရောက်တော့ ဒီအပူတွေကိုပဲ ပြန်လည်သုံးသတ်ရင်း အခိုးအငွေ့တွေထပ်ထုတ်ကြသတဲ့။ ဒီလိုပဲ တနေ့ပြီးတနေ့ ဖြတ်သန်းခဲ့တော့ စိတ်မှာ တွေးစရာ၊ ပူစရာ၊ ပျော်စရာ၊ ကြည်နူးစရာတွေဟာ ကျွန်တော့်မှာ ထုနဲ့ထည်နဲ့ ဖြစ်နေပြီ။ ဒါကြောင့် ပုတီးတလုံးမှာ ကျွန်တော့မျက်နှာဟာ တည်ငြိမ်နေပေမဲ့ နောက်တလုံးမှာ ပြုံးယောင်သန်းချင်သန်းနေပေလိမ့်မည်။
ဒီကနေ့ အတွေးတွေမှာ အစိုးမိုးဆုံးကတော့ သားအကြောင်းပါ။ သူမွေးစဉ်ကော သူတဖြေးဖြေးအရွယ်ရောက်လာသည်အထိ ကျွန်တော်တို့ မိသားစု သုံးယောက်က ဆွေမျိုးပတ်သက်ရာတွေရဲ့ အဝေးက တနိုင်ငံမှာ သုံးယောက် တကမ္ဘာတည်ထောင်ခဲ့ကြသည်။ တဦးပေါ်တဦး သံယောဇဉ်ကလဲ ကြီးလှသည်။ ထိုစဉ်ကကျွန်တော်ကိုယ်တိုင်လဲ တက်ကြွပျော်ရွှင်နေချိန်၊ ဘ၀မှာ အပျော်ရွှင်ဆုံးအချိန်။ ကြုံလာသမျှ အခက်အခဲမှန်သမျှကိုလဲ အားကြိုးမာန်တက် ထိပ်တိုက် တွေ့ဆုံရင်ဆိုင်နေချိန်။
ထိုစဉ်က စိတ်ထဲစွဲနေသော စိတ်ထဲစွဲကာ ကျင့်ကြံနေမိသော ဂျပန် စကားပုံလေးတခုကို မှတ်မိပါသေးသည်။ အရင်တုန်းက ဂျပန် ငါးဖမ်းသဘောင်္တွေမှ အဖြစ်အပျက်ကို အခြေခံကာ ပေါ်ပေါက်လာသော စကားပုံကလေး။
ရှေးအရင်က ဂျပန် ငါးဖမ်းသဘောင်္တွေဟာ အမြဲတမ်းလိုလို ကမ်းကနေ ဝေးရာ ပင်လယ်နက်ဆီကို သွားဖမ်းရပါတယ်တဲ့။ အခုလို နောက်ဆုံးပေါ်နည်းပညာတွေ မရှိသေးတော့ ဖမ်းမိလာတဲ့ငါးတွေဟာ အချိန်ကြာလို့ ကမ်းခြေရောက်ရင် လတ်ဆတ်တဲ့အရသာ ပျောက်ကွယ်နေပြီတဲ့။ ဒီတော့ သဘာဝရယ်၊ လတ်ဆတ်ခြင်းရယ် ကို ဦးစားပေးတဲ့ ဂျပန်တွေ နည်းအမျိုးမျိုးနဲ့ ကြိုးပမ်းကြပါတယ်။
သဘောင်္ဝမ်းထဲမှာ ရေငန်တွေထည့်၊ ဖမ်းပြီးပြီးချင်း အဲဒီ့အထဲကိုထည့်၊ ပြန်ရောက်လို့ စားကြည့်တော့ ထုံးစံအတိုင်း သူတို့လိုချင်တဲ့ လတ်ဆတ်တဲ့ အရသာကိုမရသေးပါဘူး။ တနေ့ အဲဒီလို ဖမ်းပြီးအထည့် ငါးတွေအကြားမှာ ငါးမန်းပေါက်တကောင်ပါလာပါတယ်။ ငါးတွေဟာ လှေဝမ်းထဲကရေဖြည့်ထားတဲ့ ကန်ထဲမှာ ငါးမန်းနီးလာရင် ဝေးရာကိုကူး၊ နောက် ငါးမန်းက လိုက်လာရာ တခြားတဖက်ကိုကူးနဲ့ နားပြီးမနေရခဲ့ပါ။ အဲဒီ့ငါးတွေဟာ ကမ်းခြေရောက်သည့်တိုင် လတ်ဆတ်တဲ့ အရသာ ရှိတုန်းပဲတဲ့။
ဒါကို စကားပုံက ဘယ်လိုကောက်ချက်ချပေးသလဲဆိုတော့ အလုပ်ထဲမှာ ပြိုင်စရာ၊ ကိုယ့်ကိုတွန်းတိုက်ကာ အပြစ်ရှာနေတဲ့သူရှိရင် စိတ်မညစ်ပါနဲ့ စိတ်ဓါတ်မကျပါနဲ့တဲ့။ သူတို့ဟာ ငါးမန်းပေါက်လိုပဲ ကိုယ့်ကို တိုးတက်အောင်၊ သတိဝီရိယ အမြဲရှိနေဖို့ တွန်းအားပေးတဲ့သူတွေဖြစ်ပြီး ကိုယ့်ရဲ့အရည်အချင်း ကိုယ်ရည်ကိုယ်သွေးကို ထွန်းထောက်နေအောင် ပံ့ပိုးပေးနေသူတွေလို့ မှတ်ယူပါတဲ့။
စကားပုံကတော့ အားပေးတာပါ။ သို့ပေမဲ့ ကျွန်တော်အနေနဲက တက်ကြွနေစဉ်ဆိုတော့ မွေးယူခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ကျွန်တော် ငါးမန်းတွေမွေးခဲ့တာ အလုပ်ခွင်မှာရော၊ ပတ်ဝန်းကျင်မှာပါ ဟောတကောင် ဟောတကောင်နဲ့ပါပဲ။ ဒီလိုပဲ ကျွန်တော်ဟာလဲ ဘ၀မှာ တဆင့်ပြီးတဆင့် တက်လှမ်းနိုင်ခဲ့ပါတယ်။
နောက် အခြေချကာ ဘ၀တည်ငြိမ်ဆို့ လိုလာတဲ့အချိန်ရောက်တော့ ဒီစကားပုံဟာ ကျွန်တော့်ကို အထောက်အကူ မပြုတော့ပါဘူး။ ငါးမန်းတွေများလေလေ၊ တည်ငြိမ်မှု့ပျောက်လေလေပါပဲ။ မိသားစုနဲ့ ဘ၀ကို တည်ငြိမ်ချင်လေလေ စိုးရိမ်စိတ်နဲ့ သံသယတွေက ကြီးလေလေ၊ တည်ငြိမ်မှု့နဲ့ ဝေးသထက်ဝေးလေနဲ့ပေါ့။ ဒီကာလမှာ ကျွန်တော်ဟာ စိတ်ကော လူကော အတော်လေး ပင်ပန်းခဲ့ပါတယ်။
ဒီအချိန်မှာ သားငယ်လေးရဲ့ လယ်ချောင်းမှာ ခွဲစိတ်ကုသပေးဖို့ လိုလာခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ကျွန်တော့် အတွေးအခေါ်တွေကို တဆစ်ချိုး ပြောင်းလဲစေခဲ့တာပါပဲ။ သားငယ် ၂ နှစ်ခွဲ ကျော်ကျော်မှာပေါ့....
ဂျပန်စကားပုံလေး ပေါ်ပေါက်လာပုံက စိတ်ဝင်စားဖို့ ကောင်းတယ်၊ ဒီမိသားစုလေး အကြောင်း အစကနေ ဆွဲခေါ်လာတာ အခုထိပဲ၊ ဖတ်လို့ ကောင်းတယ်ဗျ၊ ဆက်ရန် စောင့်နေမယ်...။
ReplyDelete