Monday, June 27, 2011

နဂါးဈေး


ဒူဘိုင်းက International City မှာ China ဆိုပြီး ဧရိယာတစ်ခုပါလာပါတယ်။ နေရာကို China လို့ခေါ်သလို အဲဒီ့ဧရိယာမှာ နေတာကလဲ တရုတ်တွေများပါတယ်။ ဘာလို့လဲဆိုတော့ နံဘေးက Dragon Mart နဲ့က လမ်းပဲခြားတော့ နီးလို့ထင်ပါတယ်။ အခုရေးမဲ့ နဂါးဈေး ဆိုတာကလဲ ဒီ Dragon Mart ကို အလည်တခေါက် ရောက်တဲ့ အကြောင်းပါ။ သွားရတာကတော့ နဲနဲလှမ်းတယ်။ သွားလမ်းတလျှောက်မှာ မြင်ရတာကလဲ ပျင်းစရာ၊ ကီလိုတရာ သတ်မှတ်ချက်ကလဲရှိတော့ ရောက်ခဲတယ်ထင်ရပါတယ်..



ရောက်ရောက်ချင်း ရှေ့မှာ ရေပန်းကြီးရှိပါတယ်။ ပူပြင်းတဲ့ နေရောင်အောက်မှာ ကြေးနီရောင်အလုံးကြီးကို နဂါးအကြီးကြီးက ဖက်တွယ်တက်နေပြီး သက်တောင့်သက်သာ နေပါစေဆိုတဲ့သဘောနဲ့ နဂါးအငယ်တွေက ပါးစပ်ထဲထွက်နေတဲ့ ရေတွေနဲ့ဖြန်းပေးနေပါတယ်။



           ဘယ်နေမတုန်း သူလဲပါတာပေါ့..


အထဲရောက်သွားတော့ ဒီလိုမျိုးလဲ သေသေချာချာ ရှင်းပြထားပါတယ်။ သရုပ်ဖေါ်ပုံတွေနဲ့ အကျယ်တ၀င့်ပေါ့။ နားတော့မလည်ပါဘူး...
            မီးအိမ်တွေလဲ တွေ့ရပါတယ်။ အရွယ်စုံ ပုံစံမျိုးစုံပါပဲ...



ကွန်ဖူးခေတ်ကို ပြန်ပြောင်းအောက့်မေ့ဖွယ် မော်ဒယ်များ။ အပေါ်ဖက်ကလက်ရဲ့ လက်မအနေအထားကိုကြည့်ရင် အတွင်းအား အနုအရင့်ကို ခန့်မှန်းသိရှိနိုင်ပါတယ်။
               ဆိုင်ခန်းလေးတွေဖွဲပြီး  ပစ္စည်းမျိုးစုံရောင်းနေပါတယ်။ အရုပ်ကအစ စက်မှု့လက်မှု့ လုပ်ငန်းသုံးတွေအထိပါ..



ခြေညောင်းတဲ့အထိပတ်ပြီး ပြန်လာပါတယ်။ ဘာတွေဝယ်ခဲ့တုန်းဆိုတော့ သားအတွက် ကာတွန်းရုပ် စတစ်ကာလေးကတခု၊ နောက် ဖုံးထဲ့တဲ့အိပ်ကလေးကတလုံး။

ကြီးကြီးမားမား ၀ယ်ဖူးလားဆိုတော့ တခါတော့ ၀ယ်ဖူးပါတယ်။ ရေမှုန်လေးတွေပါ ရောဖြန်းပေးတဲ့ ပန်ကာပါ။ စက်ဆင်တဲ့အပိုင်းက ဆူပါဗိုက်ဇာက လိုချင်တယ်ဆိုလို့။ လုပ်ငန်းခွင်သုံးလေ။ သွားဝယ်ကြတော့ ၆လ အာမခံပေးတယ်တဲ့။ ဒါနဲ့ တနှစ်လောက်မပေးဖူးလား၊ ဘာလို့ ၆်လထဲ ပေးတာလဲ မေးတာပေါ့။

သူက ၆လတောင်ခံမှတော့ အကြာကြီး အသုံးခံပြီပေါ့တဲ့။ ဒါနဲ့ပဲ ၀ယ်လာခဲ့ပါတယ်။ ၂ လလောက်ရှိတော့ ပျက်ရောပါပဲ။ ပြန်သွားပြောတော့ အာမခံပေးတဲ့အထဲ မော်တာမပါဘူးတဲ့။ ပန်ကာ မှာ မော်တာကလွဲလို့ ကျန်တာ အာမခံပေးဆိုပဲ။

နောက်တော့ ဈေးကြီးတာ မ၀ယ်ဖြစ်တော့ပါဘူး။ ကစားစရာတွေ ရလို့ သွားရင် သားငယ်က တော့ အတော်ပျော်ပါတယ်။ အရုပ်လေးတွေကို ဒီအတိုင်း လွှတ်ထားတာပါပဲ၊ တခါတလေ ကိုယ့်သားကိုကိုယ် ပြေးဆွဲရတယ်။ ခြေညောင်း၊ အပျင်းပြေ မကြာခဏရောက်ဖြစ်ပါတယ်...

နာသွားမှာစိုးတဲ့ သိမ်းငှက်ရဲ့ နှုတ်သီးကို စည်းပိတ်ထားတာကတော့ ကြည့်ရတာ တမျိုးကြီးပဲ..

          

2 comments:

  1. တရုတ်တန်းတွေက ဝယ်တာမဝယ်တာ ထားလို့.. ဒီလိုပဲ အပျင်းပြေ လျှောက်ကြည့်ရတာနဲ့တင် တန်နေပြီ၊ စိတ်ဝင်စားဖို့ ကောင်းတယ်ဗျ၊ ကျနော် တို့ဆီမှာတော့ တရုတ်တန်း မရှိဘူး၊ သိမ်းငှက်ကို နှုတ်သီးပိတ်ထားတာ တွေ့တော့ အာရပ်တွေ ကန္တာရထဲမှာ အမဲလိုက်တဲ့ သိမ်းတွေကို နှုတ်သီး ပိတ်ပြီး မွေးလေ့ရှိတာ သတိရသွားတယ်..။

    ReplyDelete
  2. တရုတ်ဆို စိတ်မဝင်စားဘူးဗျ..။

    ပုံ။
    တရုတ်တောထဲတွင်နေသူ

    ReplyDelete