( ၁ )
( ၂ )
ကြာခဲ့ပါပြီ။ ကျောင်းတုန်းက အဖြစ်အပျက်လေးတခုပါ။ ကျောင်းကန်တင်းတ၀ိုက်က မြေဟာ မြေနီ၊ စေးသည်။ မိုးတိတ်ပြီးမကြာခင် ရေကွက်လေးတွေက ဟိုတချို့ ဒီတချို့။ ကန်တင်းမှာ ထိုင်နေကြတာကလဲ ဆိုင်တွေမှာ လူသိပ်မများလှ။
ထိုအချိန်မှာ အကျီအဖြူ၊ ရေမိုးချိုးပြီးသား၊ သန့်သန့်ပြန့်ပြန်နှင့် အသိမဟုတ်သော ကျောင်းသားတယောက် ကန်တင်းရှေ့ရှိမြေကွက်လပ်ကလေးကို ဖြတ်လျှောက်လာသည်။ ရေကွက် ခပ်ရွယ်ရွယ်လေးတွေ့တော့ ရှောင်မသွားပဲ ခုန်ကျော်လိုက်သည်။ ရေကွက်လေးကလဲ တကယ့်ခြေတလှမ်းသာမျှသာ။
သို့သော် သူဟန်ချက်ပျက်သွားသည်။ မြေပေါ်အကျ အရှေ့နဲနဲချော်ပြီး ထောက်ထားသည့် ခြေထောက်မှာ တဖက်ပဲ ထောက်မိနေသည်၊ ပြီးတော့ လူက လဲလုလု နောက်သို့လန်သွားသည်။ အချိန်မှီ ပြန်တည့်မတ်နိုင်ရန် သူကြိုးစားရှာသည်။ လန်နေသောကိုယ်မှာ ခေါင်းကို ရှေ့မရမကဆွဲယူသည်။ လက်နှစ်ဖက်ကို ငှက်များ အတောင်ပန်ခတ်သကဲသို့ အမြန်ယက်ယူရင်း ခန္တာကိုယ်ကို ရှေ့သို့ ယက်ဆွဲယူနေသည်။ တစက္ကန့်... နှစ်စက္ကန့်..၃.. ၄..၅.. လဲမသွားသလို ပြန်လဲမတ်မလာသေး။
မြင်လိုက်ကြရသော ကျွန်တော်တို့အားလုံး စိုးရိမ်တကြီး၊ မင်သက်စွာ ဖြင့်သတိလက်လွှတ် ကြည့်နေမိသည်။ သူလက်ဖြင့် ရှေ့ယက်ယူတိုင်း၊ မတ်မလာသေးသည်ကိုမြင်ရတိုင်း၊ စိုးရိမ်တကြီးဖြင့် ဟာ..ဟာ..ဟာ..နှင့် စည်းချက်ညီစွာ သတိလက်လွတ်လဲ အားလုံးအော်နေမိသည်။ ဒီပုံစံဖြင့် သူအတော်ကြာနေသွားရပါသည်။ နောက်တော့ ဖင်ထိုင်လျှင်ကျသွားသည်။ အားလုံးထံမှ ၀ါးကနဲရီသံ ပေါ်လာပါသည်။ ရီနေသူတွေထဲမှာ ကျွန်တော်လဲ ပါခဲ့ပါသည်။
ဒူဘိုင်း မြို့လည်တနေရာမှာ အအေးသောက် အကြော်စား ကျွန်တော်တို့တစုထွက်လာကြသည်။ အထင်ကရ နိုက်ကလပ်တခုရှေ့ ပလက်ဖေါင်းပေါ်မှာ စကားခေါင်ဖွဲ့ရင်းလျှောက်လာတော့ တနေရာမှာ Bus မှတ်တိုင်ဆိုင်းဘုတ်က ပလက်ဖေါင်း အလည်မရှိတရှိမှာ ထောင်ထားသည့်နေရာသို့ရောက်လာသည်။ မှတ်တိုင်ဘေး ကျန်သည့်၊ ကျဉ်းသည့် ပလက်ဖေါင်းနေရာမှာ မျက်နှာချင်းဆိုင်လာသူက နီးလျှင် ကျွန်တော်တို့က ရပ်စောင့်ရနေရပါသည်။
သွားလို့ရသည့်အချိန် ထိုနေရာအဖြတ်မှာ မျက်နှာချင်းဆိုင်မှ လာနေသော အိန္ဒိယ လူမျိုးတယောက် ကို သတိထားမိလိုက်ပါသည်။ လျှောက်လာသည့်အရှိန် လျှော့ကာ စောင့်ရမည်ကို မစောင့်သောကြောင့် သတိထားမိခြင်းပါ။ သူ့မျက်လုံးနှင့် စိတ်အာရုံက တဖက်က လမ်းကူးလာသည့် ကလပ်တက်မည့် ရုရှားမယ်တွေဆီမှာ၊ တိုက်တော့မည်ကို မြင်လို့ ဟေ့..ဟေ့ အသံပြုစဉ်မှာပဲ ဆိုင်းဘုတ်က သံပိုက်ခါသွားသည်အထိ အုန်းကနဲ ကိုယ်လုံးဖြင့်တိုက်သည်။ တကိုယ်လုံး အပြားလိုက် တိုက်မိလို့သာ တော်တော့သည်။
ယိုင်လာသော ကိုယ်ကို ဆွဲရင်း မင်းဘာဖြစ်သွားလဲမေးတော့ သူ့အဖြစ်ကို သူသိတော့ ရှက်သည့်စိတ်နှင့် မျက်နှာက ပြုံးပြုံးကြီး၊ ပြီးတော့ သူက ဆောရီး ဆောရီး တွင်တွင်ပြောနေသည်။ သူနာသွားသည့် အဖြစ်ကိုမရည်ရွယ်ပေ၊ သို့သော် ဤသို့ အဆီအငေါ်မတည့်သည့် ဆောရီးတတွတ်တွတ် ပြောနေခြင်းကြောင့် သူ့ရှေ့မှ အောင့်အီးမျက်နှာလွှဲကာ အမြန်လစ်ရင်း တဟားဟားရီနေမိခဲ့သည်။
( ၃ )
တလောက ဘာသာရေးအတွက် သီးသန့်အစုအဖွဲ့လေးတခု ရှိရာသွားဖြစ်ပါသည်။ ကျောင်းမရှိ၊ ဆည်းကပ်ရာစေတီ ပုထိုးမရှိသေးသော ဒေသဆိုတော့ အချင်းချင်း နှစ်ပတ်တခါ အတူစုံကာ ၀တ်ရွတ်ကြ၊ အစားအသောက်တခုဖြင့် ဧည့်ဝတ်ပြုကြလေ့ရှိသောနေရာပါ။
ထိုနေ့က မုန့်ဟင်းခါးကျွေးပါသည်။ ချက်သည့်အထဲ မပါသော်လည်း အဖွဲ့ထဲမှာ စွမ်းသောပေါကရောက်သော အသိတယောက်က ဧည့်ခံပါသည်။ ကောင်းနိုးရာရာ ရှာဖွေရင်း ဖယ်ထား၊ ချန်ထားသော ပဲကပ်ကြော်တွေ ယူလာက ကျွန်တော်တို့ဝိုင်းကိုချပေးသည်။
ကြည့်ရတာ မာလွန်းလို့ ဖယ်ထားပုံရပါသည်။ ထည့်ထားသော အကြော်ဖတ်လေးများ ဟင်းရည်နှင့်နူးအောင် ကြာကြာထားသော်လည်း ပဲစေ့ကိုက မာနေသောကြောင့်မထူး။ ကုန်အောင် အတော်စားယူရပါသည်။ မုန့်ဟင်းခါးကတော့ အတော့်ကို အရသာကောင်းလှပါသည်။
နောက်ဝတ်ရွတ်၊ အမျှဝေ၊ ဆုတောင်း ပြီး ထိုင်ရာကအထမှာ စောစောက တ၀ိုင်းထဲအတူစားခဲ့သူမှ သွားတွေကျိုးတဲ့အထိ ကုသိုလ်ပြုနိုင်ပါစေ လို့ ခပ်တိုးတိုးဆုတောင်းသံလေး ထွက်လာပါသည်။ သူ့ဆုတောင်း အတိမ်အနက်ကို သိသောကြောင့် ကျွန်တော် ပြုံးမိခဲ့ပါသည်....
ပြုံးရပါ့..။
ReplyDeleteသွားတွေကျိုးတဲ့အထိ ကုသိုလ်ပြုနိုင်ပါစေ..။
မြင်နေကျ၊ ကြုံနေကျ အဖြစ်အပျက်လေးတွေနဲ့ လူ့သဘာဝလေးတွေ ပါပဲ၊ အဖြစ်အပျက် တခု ဖတ်ပြီးတိုင်း ခေါင်းစဉ်နဲ့ ပြန်တိုက်ပြီး စဉ်းစားစရာ ကောင်းတယ်..၊
ReplyDelete