Sunday, July 17, 2011

အယိုင်ဆုံး...


ပြီးခဲ့တဲ့ တပတ်က အဘူဒါဘီသွားဖြစ်ပါတယ်။ အဘူဒါဘီ အ၀င်မှာ ကမ္ဘာ့ အယိုင်ဆုံးဆိုပြီး မှတ်တမ်းဝင် အဆောက်အဦတခုရှိပါတယ်။ အဲဒီ့အဆောက်အဦကို Capital Gate လို့ အမည်ပေးထားပါတယ်။ ပြခန်းတွေရှိတဲ့ Abu Dhabi National Exhibition Centre မှာရှိပြီး၊ ကားပြိုင်ပွဲမှ ပွဲ ကြည့်တဲ့စဉ်နဲ့ ဆက်ပြီးဆောက်ထားတဲ့ပုံမျိုးပါပဲ။
အဆောက်အဦမှာ Hyatt International က အဘူဒါဘီရဲ့ ပထမဆုံး Hyatt ဟိုတယ်အနေနဲ့ အခန်း၂၀၀ ပါဝင်သော ကြယ်ငါးလုံးအဆင့် (‘Hyatt at Capital Centre’) ကို ဖွင့်လှစ်ထားပါတယ်။ နောက် ကျန်တဲ့ ဧရိယာ မီတာ ၂၀ ၀၀၀ ကတော့ စပါယ်ရှယ် ရုံးခန်းတွေပါတဲ့။ အဆောက်အဦ ရဲ့ အကြောင်း အချက်အလက်တွေကတော့..
အစောင်းဒီဂရီ                 ၁၈ ဒီဂရီ
                                    ( သူ့အရင်က စံချိန်ကတော့ ၄ ဒီဂရီ ရှိတဲ့ Tower of Pisa ပါ)
အမြင့်                           မြေပြင်မှအထက် မီတာ ၁၆၀
အထပ်အရေအတွက်း        ၃၅ ထပ်
ကုန်ကျငွေ                      အမေရီကန် ဒေါ်လာ ၂.၂ ဘီလီယံ
ပိသုကာအဖွဲ့                  RMJM Architects
တည်ဆောက်သူ              ADNEC (Abu Dhabi National Exhibitions Company)
ဟိုတယ်ကတော့ ၂၀၀၉ နှောင်းပိုင်းမှာဖွင့်ပြီး ၂၀၁၀ နှစ်ဆန်းမှာ World’s Furthest Leaning Manmade Tower ဆိုပြီး Guinness World Records က အသိအမှတ်ပြုတယ် ဆိုပါတယ်။ ဒီလို စောင်းတက်နေအောင် ၁၂ထပ်ကစပြီး ၃၀၀ မီလီမီတာကနေ ၁၄၀၀ မီလီမီတာအထိ ယိုင်ချင်ထက်ဘက်ကို တိုးပြီး ဆောက်သွားပါတယ်။ မြေပေါ်က အဆောက်အဦကို လေဒါဏ်၊ သူ့ရဲ့အလေးချိန်ဒါဏ်တွေ ခံနှိုင်ရည်ရှိအောင်၊ အောက်ပေ ၁၀၀နက်တဲ့အထိ တူးပြီး ပိုင်ပေါင်း ၄၉၀ ချထားခဲ့ပါတယ်။
အစောင်းရဲ့ဒါဏ်ခံနိုင်အောင် အပြင်ဘက် မျက်နှာပြင်မှာ မှာ‘diagrid’ ( မြန်မာလိုဆိုရင်တော့ ဆနွမ်းမကင်းပုံစံ သံဒိုင်းတွေလို့ ခေါ်မလားပဲ) ခပ်စပ်စပ်နဲ့ ကြားကန်ပေးထားပါတယ်။ ( ယူကျု့ဗီဒီယိုမှာ အတော်အသေးစိတ် မြင်ရပါလိမ့်မယ်) အတွင်း အဆောက်အဦထဲကတော့ ဒီအဆာက်အဦမှာ pre-cambered’ core လို့ခေါ်တဲ့ အဆောက်အဦ ပင်မ နည်းပညာအသစ် သုံးထားပါတယ်။ အသေးစိတ်သိချင်လို့ ရှာကြည့်ပါသော်လည်း၊ အခုအချိန်အထိ လျှို့ဝှက်ထားဆဲဖြစ်တာ တွေ့ရပါတယ်။


ရိပ်ဖမ်း သံဖမ်းရေးထားတာကတော့ ကွန်ကရစ် ထုထည် ၁၅ ၀၀၀ ( မီတာ)၊ အားဖြည့် သံချောင်းသံတန်ချိန် ၁၀ ၀၀၀နဲ့ သူလဲ အထက် တဖြောင့်ထည်း မတက်ပဲ နဲနဲစီ ဘေးလွှဲတည်ဆောက်ကာ အစွန်းထွက်သွားတဲ့ အထပ်တွေရဲ့ အလေးချိန်ကို ဆန့်ကျင်ဘက်အားအဖြစ် ပြောင်းသွားအောင် စီမံထားပါသည်တဲ့။ အောက်ကပုံထဲမှာတော့ ၁၂ထပ်မတိုင်ခင်က ပုံဆိုတော့ စပြီးစောင်းနေပုံမရသေးပါဘူး။ ဒီနောက်ပိုင်း ဓါတ်ပုံတွေလဲ မတွေ့ရတော့ပါ။ ကွန်ကရစ်ကိုလဲ ဓါတုဆေးတွေနဲ့ ပိုပြီးခိုင်မာအောင် ဆောက်ထားပါတယ်။
အခန်း ၂၀၀ ပါတဲ့ ဟိုတယ်ရယ်၊ ရုံးခန်းတွေရယ် ပဲပါတဲ့ ၂.၂ ဘီလီယံကုန်ကျသော ဒီအဆောက်အဦဟာ ငွေကြေးသက်သက်သာ ဆောက်ခဲ့တာမဟုတ်တာကတော့ သေချာပါတယ်။ ပိုင်ရှင်တွေအတွက် ဂုဏ်ဟာ အရေးပါသလို တည်ဆောက်သူတွေအတွက် နည်းပညာဟာ တကယ့်အမြတ်ဖြစ်မှာပါပဲ။


         
စိတ်ဝင်စားမယ်ဆိုရင် ဗီဒီယိုများ တခုပြီးတခု ဆက်ကြည့်သွားလို့ရပါတယ်..
ကိုးကား...

8 comments:

  1. အင်း....ဒီနိုင်ငံမှာလဲ အယိုင်အဆောက်အဦးတွေ ဆောက်လာကြပြီဗျ...၊
    ဒီအဆောက်အဦးလောက်တော့မယိုင်ဘူးပေါ့လေ...။အကိုပြောသလိုပါပဲ..၊
    ငွေကြေးထက် ဂုဏ်၊နည်းပညာကို အဓိကထားကြတယ်ထင်ပါတယ်...။

    ReplyDelete
  2. အဆောက်အဦးတော့ မသိဘူး.။
    အပေါ်ဆုံးပုံတော့ သဘောကျတယ်..။
    တိမ်နဲ့..အပင်နဲ့ အဆောက်အဦးနဲ့..
    အရောင်တွေနဲ့..

    ReplyDelete
  3. တကယ့်ကို ထူးထူးဆန်းဆန်း အဆောက်အဦးပါပဲ၊ ခိုင်ခန့်ရုံ၊ လှပရုံအပြင် ထူးခြားဆန်းကြယ်တဲ့ အသွင်အပြင်တွေကို မော်ဒန်ဗိသုကာ ပညာက ပေးလေ့ရှိတာ စိတ်ဝင်စားဖို့ ကောင်းတယ်....။

    ReplyDelete
  4. ကိုငြိမ်းနိုင်..
    အမြင်တူပြီး အားပေးတဲ့အတွက် ကျေးဇူးပါ။
    တီပေါက်..
    အဲသလောက်ကောင်းနေမှတော့ ကျွန်တော်ရိုက်တာ မဟုတ်မှန်း သိရောပေါ့။ ကြည့်ရတာ ဓါတ်ပုံအစစ်မဟုတ်ဘူးထင်တယ်။ Autodesk လား Pro လားတောါမသိဘူး.. အဆောက်အဦ ကို ပုံဆွဲပြီး တိမ်တွေနဲ့ ထပ်ထားတာလေ။ Google ကတွေ့လို့ ကြိုက်တာနဲ့ တင်လိုက်တာပါ။
    ကိုညီလင်းသစ်
    ဟုတ်တယ်ဗျ .. သိပ်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ပညာရပ်တွေ တိုးတက်လာတော့ လုပ်နိုင်စွမ်းလဲ ပိုပို လာတဲ့သဘောထင်ပါတယ်။

    ReplyDelete
  5. အံ့မခန်းနည်းပညာတွေနဲ့ အနာဂတ်မှာ ဘယ်လိုတွေ အသစ်အဆန်း ထပ်ဆောက်ကြအုံးမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းတယ်။

    ReplyDelete
  6. ဟုတ်ပါတယ်။ ဒီလိုနဲ့ ရှေ့ကလုပ် နောက်က ထပ်ပြီးသူ့ထက်သာအောင်လုပ်နဲ့ပေါ့.. ကွန်မန့်အတွက် ကျေးဇူးတင်ပါတယ်။

    ReplyDelete
  7. ရေခဲမုန့်ပုံတို့၊ မြွေလိမ်မြွေကောက်ပုံတို့၊ စပရိန်ပုံတို့လည်း မကြာခင် ဖြစ်မယ်ထင်တယ်။

    ReplyDelete
  8. သိပ်ကြာမယ်တော့မထင်ပါ။း)

    ReplyDelete