ရုံးမှာက လူကနဲပေမဲ့ လူမျိုးကတော့ အတော်စုံပါတယ်။ ဗမာ၊ အင်္ဂလိပ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အာရပ် အစရှိတဲ့နိုင်ငံတွေက အစုံပါပဲ။ အင်္ဂလိပ်ရယ်၊ အိန္ဒိယ ကလွဲလို့ ကျန်တဲ့လူမျိုးက အလွန်ဆုံးရှိရင် ၂ယောက်ပါပဲ။ ဒီတော့ တယောက်နဲ့တယောက် ပြောဆိုဆက်ဆံရင် အင်္ဂလိပ်လိုပဲပေါ့။
ဒီတော့ ကျွမ်းကျင်တဲ့သူကော မကျွမ်းကျင်တဲ့သူကော အစုံပါပဲ။ ရောက်ခါစ တယောက်လေယူလေသိမ်း၊ အသုံးအနှုန်းကို အထာမကျသေးခင်တော့ နဲနဲခက်တာပေါ့။ နောက်မကြာပါဘူး တဖြေးဖြေးအဆင်ပြေသွားတာပါပဲ။ အင်္ဂလိပ်တွေကလွဲလို့ ကျန်တဲ့ ကျွန်တော်တို့အဖို့မှာတော့ သင်ရင်း ပြောရင်းနဲ့ဆိုတော့ တဦးနဲ့တဦး ပြောဆိုနေတာ ဗွေမယူကြသလို သိမ်ငယ်စရာလဲမရှိတော့ဘူးပေါ့။
တယောက် အထာတယောက် အလွတ်ရလာတဲ့အခါ သိပ်တောင်ပြောဖို့မလိုတော့ပါဘူး။ ဥပမာ ကျွန်တော်က ဟူစိန်လို့ လက်ဖက်ရည်ဖျော်ပေးနေသူကို ခေါ်လိုက်တာနဲ့ သူ့ထုံးစံအတိုင်း ရက်ချားလို့ထူးမယ်။ ပြီးရင် ကော်ဖီတခွက် ဖျော်လာပေးမယ်။ သူရက်ချားလို့ ထူးတာကို ဘယ်သူမှ ပြုံးစေ့စေ့မလုပ်ဖြစ်ပါဘူး။ တယောက်အကြောင်း၊ လေယူလေသိမ်းကို တခြားတယောက်က အလွတ်ရနေပြီးသားပဲလေ။
အဲဒီတော့ တယောက်ယောက်ကများစပြီး ဂျစ်ဆောဝါကျတခုခုလုပ်လိုက်ရင် အားလုံးလိုလို တန်းသတိထားမိတော့တာပါပဲ။ ဂျစ်ဆောဝါကျဆိုတာကတော့ ကျွန်တော်တို့ ဂျစ်ဆောဆက်ရင် သိတဲ့၊ သေချာတဲ့ အပိုင်းလေးတခုကိုအရှင်ရှာ၊ ပြီးမှ ကျန်တာတွေကို ယူပြီး ဆက်ယူရတာမဟုတ်လား။ မှားတဲ့အခါမှား၊ မှန်သွားရင် နောက်တခုထပ်ရှာ၊ ဒီသဘောမျိုးပါပဲ။
တခါက အင်္ဂလိပ်တယောက်က စာတစောင်ပို့တဲ့အထဲ အမှားတခုပါလာလို့ မကြာခင်အီးမေးတစောင်နဲ့ ကျွန်တော်တို့အားလုံးကို အသိပေးပါတယ်။ သူပို့လိုက်တဲ့စာမှာ အပိုင်းတခုမှားနေတာကို သတိထားမိလိုက်လို့ ပြင်ပြီးမှ ထပ်ပို့ပေးလိုက်ပါ့မယ်။ အရင်စာကို မေ့လိုက်ပါ ဆိုတဲ့သဘောပါ။
သူက အဲဒီ့စာမှာ emend ဆိုတဲ့စကားလုံးသုံးထားပါတယ်။ အဲဒီကစပြီး တရုံးလုံး ဒီစကားလုံးကို သုံးဖို့ ချောင်းနေတော့တာပါပဲ။ ထစ်ကနဲမမှားလိုက်နဲ့ Sorry, I will emend .... လို့လုပ်လာတော့တာပဲ။ စာပြင်တာသာမက စက်ဆင်တာကော ဘာသောညာသော အကုန်လုံးမှာ ဆိုင်ဆိုင်မဆိုင်ဆိုင် မမှားလိုက်နဲ့ တန်းသုံးတော့တာပါပဲ။ တခါတလေများ ပြောချင်လို့ တမင်များ မှားနေသလား ထင်ရပါရဲ့။ သုံးနေကြ လွယ်လွယ်ကူကူ စကားလုံးတွေကို ဆီ ပြန်ရောက်ဖို့ အတော်ကြာပါတယ်။
အခုအချိန်မှာ ဒီလို ဂျစ်ဆောဝါကျလေးတွေ လှိုင်လှိုင်သုံးနေတာကတော့ တခြားဟုတ်ရိုးလား အိမ်က သုံးနှစ်မတ်တင်း သားငယ်ပါပဲ။ စကားက ပြောတတ်ခါစ၊ အိမ်မှာပြောတာက ဗမာလို၊ ကာတွန်းကား ကြိုက်တာက အင်္ဂလိပ်လို၊ တီဗီက ကာတွန်းကား လိုင်းအချို့က အာရပ်လို၊ ဘာသာသုံးခုအကြားမှာ ဂျစ်ဆောစကားလုံးလေးတွေ တပွေ့တပိုက်နဲ့ပေါ့။
ဘုရားရှိခိုးတာကလွဲလို့ သူ့ကို သိပ်တော့မသင်ပေးဖြစ်ပါဘူး။ သူ့ဘာသာ သူတွေ့နေ ကြားနေတာလေးတွေကို တစချင်းမှတ်ပြီး သုံးနေတာလေး သဘောကျလို့ပါ။ ဆိုပါတော့ Thanks you ကို လိုအပ်တာမို့ သင်ပေးလိုက်ပါတယ်။ သူပြောနေပြီးမကြာခင် So much ဆိုတဲ့စကားကိုပါ နားရည်ဝပြီး တွဲသုံးတာမှန်းသူသိလာပါတယ်။ နောက် သူပြောရင် Thanks you ..so much ဖြစ်လာပါတယ်။
နောက် so much ကိုဆက်စပ်ပြီးသုံးတော့တာပါပဲ။ တုံးကလေးတွေ စီတာဆော့နေရင်း ခပ်မြင့်မြင့်ရောက်လာလို့ နောက်ထပ်ထပ်တင်နိုင်လိုက်ရင် ပြုံးကာ လက်ခုပ်လက်ဝါးတီးပြီး Good boy... so much.. လို့ထအော်ပါတယ်။ သူစိတ်ကူးနဲ့သူတော့ အဟုတ်ပဲ။သဘောကျတာနဲ့ ဥာဏ်ရှိသလောက် ချဲ့ပါစေဆိုပြီး မပြင်ပေးသေးပါဘူး။ Bye bye.. so much.. မဟုတ်ရင် ပြီးတာပါပဲလေ။
တခါတလေတော့ နဲနဲပလီချင်တယ်။ သားသားနေကောင်းဖူး.. ခေါင်းမူးတယ်..ပီဇာ စားချင်တယ်တဲ့။ တကယ်မဟုတ်ပါဘူး။ သိထား မှတ်ထားတာတွေ သုံးပြီး ပူစာတာလေ။
သူ့မှာ အကျင့်တခုရှိပါတယ်။ အပြင်ထွက်လို့ ကားပေါ်ရောက်တာနဲ့ သူပူစာလေ့ရှိတာ လေးဖြူရဲ့ မလုပ်နဲ့..မလုပ်နဲ့.. လက်နှက်ငါချပြီးသား.. ဆိုတဲ့သီချင်းပဲ။ တပုဒ်ထဲ တလမ်းလုံးနားထောင်ချင်တာ။ ပြန်ပြန်ကျော့ပေးရပါတယ်။ လိုက်ဆိုလို့ ရသလောက်လဲရှိနေပါပြီ။ တချို့နေရာကတော့ သူကြားထားသလို သူ့စာသားနဲ့သူဆိုနေတာ။
တနေ့တော့ ဈေးဝယ် သုံးယောက်သားထွက်လာပါတယ်။ သူနဲ့ အမေက ကားနောက်ခန်းမှာ။ ဇာတ်လမ်းစတာကတော့ အမေလုပ်တဲ့သူ ဥပုဒ်စောင့်ထားလို့ သွားရင်းလာရင်း အချိုရည်တဗူး ၀ယ်တိုက်လိုက်ပါတယ်။ သူ့တော့ ပေးမတိုက်ပါဘူး။ ဒါပေမဲ့ အမေလုပ်တဲ့သူက အာသာပြေလေး အကပ်ကလေး သောက်ပါစေဆိုပြီး ဗူးလေးသူ့ကို ပေးလိုက်ပါတယ်။
ကုန်နေတဲ့အထဲက တစက်ပြီးတစက် သူ စိတ်ရှည်လက်ရှည် မော့သောက်နေတယ်။ ပြီးသွားတော့ ဗူးကိုသူ့ဘာသာပိတ်၊ ကားတံခါးရွက်ဆီကို လက်လှမ်းရင်း ဒီအထဲ ထဲ့ထားလိုက်မယ်နော်တဲ့။ အေးအေးဆိုတော့ ထည့်ထားလိုက်ပါရော။ သူ့ကို တကယ့် အသီးအရည်ကလွဲလို့ မတိုက်ပါဘူး။ ဒီတော့ အမေကသောက်ပြီး သူမသောက်ရတော့ သိပ်တော့ ကြည်လင်ပုံမရ။
သွားရင်းလာရင်း၊ ကားတစီးက ရုတ်တရက်အရှိန်လျှော့လိုက်တော့ ကျွန်တော်လဲ ဘရိတ်ကို၊ နာနာနင်းလိုက်ရပါတယ်၊ အဲဒီတော့ သူထည့်ထားတဲ့ အချိုရည်ဗူးခွံလေးက အောက်ကြမ်းပြင်ပေါ် ထွက်ကျသွားပါတယ်။
ဒါလဲမြင်ရော ပြန်ကောက်ထည့်ပေးဖို့ သူ့အမေကို ပူစာပါတယ်။ အမေလုပ်တဲ့သူကလည်း၊ ကားတွေရှုပ်နေလို့ တပ်ထားတဲ့ ခါးပတ်ဖြုတ်ပြီး မကောက်ချင်သေးဘူး။ ဒီတော့ သားသားရယ်၊ ရောက်ခါနီးပြပြီ၊ အမှိုက်ဖြစ်သွားပြီလေ၊ နောက်မှကောက်ပေးမယ်၊ အစရှိသမျှ စုံအောင် ပြောနေပေမဲ့ သူကမရဘူး၊ ဘ၀င်မကျဖြစ်နေတာပါပဲ။
နောက်တော့ သူ့အမေက စိတ်မရှည်တော့ဘူး၊ ရောက်မှ ကောက်ပေးမယ်လို့ လေသံနဲနဲမာမာနဲ့ပြောလိုက်ပါရော။ ဒီမှာ အမေ့လေသံကို သတိထားမိတော့ သားကချက်ချင်းပဲ..
နိုးနိုးနိုး... အဲ့လိုမပြောရဘူးလေ... လက်နှက်ချပြီးသားလေ တဲ့..
ကျွန်တော်တို့နှစ်ယောက်မှာ ရီလိုက်ရတာ...
သားသားက ရယ်ရတယ်..။
ReplyDeleteအဖေ့ကြောင့် လေးဖြူခရေဇီဖြစ်နေတယ် ထင်တယ်..။
ဒီမှာလည်း တူတူပဲ.။
ပေါက်
လက်နက်ချပြီးသား...ဟုတ်လား၊းD
ReplyDeleteသားက တယ်ဟုတ်ပါလား၊ အသုံးလေးက သူ့နေရာနဲ့သူ အံ့ဝင်နေတာပဲ..၊ ကလေးတွေ စကားလုံး အသစ်တွေမှတ်ပြီး နေရာတကျ ပြန်သုံးဖို့ ကြိုးစားတာ အတော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်..။
ဟား ဟား ခုကတည်းက လူရည်လည်နေပြီ။ ကြီးရင်တော့ မွတ်နေမယ် စကားပြော။
ReplyDeleteသုံးနှစ်မတ်တင်းသားကလေး.... တော်တော်ရယ်ရတယ်...
ReplyDeleteချစ်ဖို့ကောင်းလိုက်မယ့်ပုံ
ပုံ စင်စင်...
ReplyDeleteကျန်ခဲ့လို့ ..အဟိ