ဟုတ်ပါတယ်။ ကျွန်တော့ အတွေးအမြင်တွေဟာ သားငယ် လည်ချောင်းမှာ ခွဲစိတ်ကုသပေးခဲ့ရချိန်မှာပဲ ပြောင်းလဲသွားခဲ့ပါတယ်။ သားငယ်က လယ်ချောင်းမှာ Tonsil နဲ့ Adenoid တွေ သိပ်ကြီးနေလို့ ခွဲထုတ်ပေးခဲ့ရတာပါ။
သူ့ရဲ့လက္ခဏာတွေကတော့ ကျွန်တော်တို့ ၁ နှစ်ကျော်ကျော်မှာ စသတိထားမိပါတယ်။ စ သတိထားမိတယ် ဆိုတာကလည်း သေသေချာချာ သိနေလို့တော့မဟုတ်ပါ။ ပေါက်ပြီးမှပေါ်လာတဲ့ ချဲတွက်နည်းလိုပါပဲ။ အော် ဒါကြောင့် သူဒီလိုဖြစ်နေခဲ့တာကိုးဆိုသလိုပေါ့။
တနေတခြား ကြီးလိုက်လာတဲ့ Tonsil နဲ့ Adenoid ကြောင့် သူဟာ ပုံမှန်နေ့ခင်းပိုင်းတွေမှာ မသိစိတ်နဲ့ လယ်ချောင်းဟရှုတတ်လို့ အသက်ရှုပြင်းတာလောက်ပဲရှိနေပေမဲ့ ညပိုင်းအိပ်ချိန်ရောက်ရင် ဟောက်တတ်လာပါတယ်။ အိပ်မက်ဆိုးလဲ မက်တတ်ပုံရပါတယ်။ တခါတလေ ထိုင်ပြီး ငိုနေတတ်သေးတယ်။ အိပ်ဖို့ သိပ်ရခက်လာပါတယ်။
အစာမျိုရခက်တော့ အစာစားရင် အသားဖတ်ကအစ သေးသေးလေးပါလာရင် ပါးစပ်ထဲ ဟိုပို့ဒီပို့နဲ့ ချန်ထားပြီး ထမင်းအကုန်မှာ ပြန်ဖယ်လေ့ရှိသည်။ နောက်ပိုင်းမှာ ပါးစပ်ကလေးက အိပ်ယာထဆိုရင် နံချင်လာတယ်။ အိပ်ရင် ခေါင်းချွေးထွက်တာများလာတယ်။ နဲနဲပိန်ချင်လာတယ်။ ခွဲခါနီးရက်တွေဆို သိပ်ကြီးနေတဲ့ Tonsil နဲ့ Adenoid ကြောင့် အိပ်နေရင်း အသက်ရှုတာ တ၀က်လောက်အနေမှာ ပိတ်သွားတဲ့ပုံမျိုး ကြားကြားနေရပါတယ်။
တိုတိုဆိုကြပါစို့။ ဘာဖြစ်နေတယ် သိအပြီး ရက်တွေကစပြီး ကျွန်တော် ဒီအကြောင်းကို အသေးစိတ် လေ့လာပါတယ်။ ခွဲစိတ်ဖို့လိုသလို ခွဲစိတ်ကုသပြီး နောက်ပိုင်းရက်တွေမှာ သူ့ကို ဘယ်လိုပြုစုပေးရမလဲ ဆိုတာသိချင်တာကြောင့်ပါ။
ဒီလိုလေ့လာတော့ ဘယ်လိုခွဲစိတ်သလဲ ဆိုတာပါတွေ့ပါတယ်။ ကြီးနေတဲ့ Tonsil နဲ့ Adenoid ကိုဖြတ်ထုတ်၊ ပြီးတော့ လျှပ်စစ်ဂန်းနဲ့ပိတ်၊ စိတ်ထဲမှာ ဘုရားတမိသွားပါတယ်။ ဒီလောက်နုနယ်တဲ့နေရာမှာ ဒီလိုလုပ်တယ်ဆိုတော့... ခွဲစိတ်ဖို့ရက်မတိုင်ခင် နောက်ပိုင်းရက်တွေမှာ ကျွန်တော့်အတွေးထဲ ဒီအကြောင်းပဲ တ၀ဲလည်လည်နဲ့။ တကယ်ဆိုရင် နား၊ နှာခေါင်း၊ လယ်ချောင်း အပိုင်းမှာ အသေးအဖွဲထဲပါတဲ့ ကုသမှု့ပေမဲ့ နာကျင်မှု့ကတော့ ဘယ်အပိုင်းနှင့်မှ လျှော့မယ်မထင်။ ပြီးတော့ နုနယ်သော ၂ နှစ်ခွဲကျော်ကျော် ကလေးငယ်။ သူ့ကို ပျော်နေအောင် ထားသော်ငြား၊ သူရီမောနေသော်ငြား ကျွန်တော်အတူလိုက်ကာ ရီမောပြနေသော်ငြား ရင်ထဲမှာ မချိ။
ဆေးရုံရွေးတော့လဲ ဆေးအာမခံနှင့် အလကားနီးပါး ကုသပေးနိုင်သည့် ဆေးရုံကို စိတ်တိုင်းမကျ။ သူ့ကို မွေးပေးခဲ့သော၊ တလျှောက်လုံး ကာကွယ်ဆေးကအစ ပုံမှန်စစ်ဆေးပေးခဲ့သည့် ဆေးရုံကိုပဲရွေးခဲ့သည်။ သည်တော့ ငွေကအိပ်စိုက်၊ သို့ပေမဲ့ ဆေးရုံအကြောင်းသိနေတော့ ဈေးကြီးပေမဲ့ သူ့ကိုအဆင်အပြေဆုံး အသက်သာဆုံးဖြစ်အောင် လုပ်ပေးနိုင်မည်။ ရက်ကတော့ အတော်စောင့်လိုက်ရသည်။ စောင့်ရတာ ကြာလေ အတွေးများလေပါပဲ။
ကုန်ရကျိုးနပ်ခဲ့ပါသည်။ ခွဲပြီး ၂ နာရီလောက်နေတော့ သူကဆော့ချင်နေပြီ။ ထုံဆေးတွေကြောင့် သူနာကျင်မှု့ကို သတိမပြုမိ။ ကြာလာတော့ စိတ်တွေရှုပ်ပြီး ငိုချင်သည်။ နောက်ပိုင်းလဲ အနာသက်သာအောင် ပေးတဲ့ဆေး တခုနှင့် တခုအကြားမှာ လည်ပင်းလေး နှစ်ဖက်ကိုင်ကာ အီချင်သည်။ တတ်နိုင်သလောက်တော့ သူကျိတ်မှိတ်နေပါသည်။ သား လည်ပင်းလေးက နာလို့လားဆိုတော့ သားသားနေကောင်းပါတယ်လို့သာ မျက်ရည်တွေဝဲရင်း ဖြေတတ်သည်။ တခါတလေကျတော့လဲ သူ့လက်သီးဆုတ်လေးနှင့် လာထုတတ်သည်။ တပတ်နီးပါး အရည်များသာ သောက်ရသော့ကြောင့် ပိန်သွားသည်မှာ မကြည့်ရက်စရာ...
နောက် နှစ်ပတ်နားနီးလာတော့ ပုံမှန်ပြန်ဖြစ်လာပါတယ်။ သူ့အိပ်ချိန်ကြည့်ရတာ စိတ်အချမ်းသာဆုံးပါပဲ။ မျက်နှာကြည်နေပြီး ပါးစပ်ကလေးကလဲပိတ်လို့။ အသက်ရှုနေတာကလည်း ငြိမ်လို့။ သိပ်ရတာကလဲ ခဏလေး။ ဘယ်တော့မှ ဟောက်တော့မည်မထင်။
သူမွေးပြီးနောက်ပိုင်း အိမ်အလည်အပတ်ရောက်ခဲ့ရင် သားနဲ့ကျွန်တော့်ကိုကြည့်ရင်း အမေက မေးဖူးပါတယ်။ မိဘမေတ္တာဆိုတာ အခုတော့နားလည်ပြီပေါ့တဲ့။ ကျွန်တော် ပြုံးပြီးသာနေခဲ့ပါတယ်။ တကယ်တော့အဲဒီတုန်းက နားလည်တာမဟုတ်၊ သိရုံမျှသာ။ ချစ်တာကတော့ ချစ်ကြတာပေါ့၊ မိဘမေတ္တာမှာပါတဲ့ အဓိကကျသော ဂရုဏာရယ် အနစ်နာရယ်ဟာ ကျွန်တော့အတွက်တော့ ကိုယ်တိုင်ခံစားရတော့မှ နားလည်ပါတယ် အနေအထားရောက်ခဲ့တာပါ။
ငါကြီးလာရင်ဆိုတဲ့စိတ်နဲ့ အဖေအမေတို့ရဲ့ လိုလေးသေးမရှိ ပြုစုပျိုးထောင်မှု့အောက်မှာ ပညာတွေသင်၊ ငါ့အတွက်ဆိုတဲ့ ဦးစားပေးမှု့နဲ့ လုပ်ငန်းခွင်ထဲသွား၊ ငါ့ဘ၀ဆိုပြီး မိသားစုတခုဆောက်၊ လှေခါးထစ်တွေသာရှာခဲ့တဲ့ကျွန်တော်၊ အခုတော့ သားအတွက်ပါဆိုတဲ့ ဘ၀တဆစ်ချိုး ရောက်နေခဲ့ပါပြီ။ ဒီကစပြီး သားကိုဆွဲတင်ဖို့ ကျွန်တော်ဟာလှေခါးထစ် ဖြစ်ရပါတော့မည်။
ဒီလို ခွဲစိတ်မှုမျိုးက မိုင်နာကေ့စ် ဆိုပေမယ့် ကလေး,လေး တစ်ယောက် အတွက်တော့ နာကျင်မှာ သေချာပါတယ်၊ သားကလေး လည်း ဒီလိုသာ ဆိုရင် ဆိုတဲ့ စိတ်မျိုးနဲ့ ဖတ်လို့လား မသိဘူး.. စကားလုံးတိုင်းက ထိတယ်၊ ဆက်ဦးမယ်ထင်ပါတယ်....။
ReplyDelete