Monday, January 9, 2012

ဈေးပွဲတော်..

အခုအချိန် ဒူဘိုင်းမှာက ဈေးရောင်းပွဲတော်အချိန်၊ ခေါ်ကြတာကတော့ Dubai Shopping Festival ( DSF )၊ အချိန်အားဖြင့် တလ၊ ပုံမှာပါတဲ့အတိုင်းပါပဲ။




ရောင်းတဲ့သူတွေကလဲ နည်းမျိုးစုံပဲ လျှော့ရောင်းကြ၊ တွဲရောင်းကြနဲ့ မက်လောက်စရာအခင်းအကျင်း၊ ၀ယ်တဲ့သူတွေကလဲ အားရပါးရ၀ယ်နဲ့။ ကျွန်တော်ကတော့ ဘယ်ဖက်ကမှ မပါဘူး။


ဒီလိုပဲ ဒူဘိုင်းမြို့ပြင်တနေရာမှာ ( အနီးနားမှာ အိမ်ယာ စီမံချက်တွေရှိသော်လဲ မပြီးပြတ်သေးလို့ မြို့ပြင်လို့ပဲ ပြောနိုင်သေးပါတယ် ) Global Village ဆိုပြီး ဈေးပွဲတော် တခုကိုလဲ ကျင်းပနေပါတယ်။ သူကတော့ DSF ကို အခြေခံထားတယ်ဆိုပေမဲ့ အချိန်ပိုယူထာားပါတယ်။ နိုဝင်ဘာလ ၁ ရက်နေ့ကနေ မတ်လ ၃ ရက်နေ့အထိတဲ့။ ရောင်းပေတော့ပဲ။


ပြီးခဲ့တဲ့ သောကြာနေ့က ကျွန်တော် အဲဒီ့ကို သွားဖြစ်ခဲ့ပါတယ်။ အရင်နေ့တွေမှာ စိတ်ကူးထားတာက ကားမကျပ်ခင် စောစောသွားပြီး အဲဒီ့မှာ အေးအေးဆေးဆေးနေမယ်ပေါ့။ ပိတ်ရက် ထုံးစံအတိုင်း လူစည်နေလိမ့်မယ်၊ စောလေ ကောင်းလေပေါ့။ စဖွင့်တာက ၄ နာရီဆိုတော့ ၅ နာရီလောက် အိမ်ကထွက်ရင် အဆင်ပြေနိုင်မယ်ပေါ့။


သို့သော် ပိတ်ရက်တို့ထုံးစံအတိုင်း နေ့လည်စာ ၂ နာရီကျော်မှာစား၊ ပြီးတော့ စာအုပ်တအုပ်ဖတ်ရင်းနဲ့ မထင်ပဲ အိပ်ပျော်သွားရာက နိုးတော့ ၆ ခွဲနေပြီ။ အရင်လို အဆင်မပြေနိုင်တော့ဘူးဆိုတာသိပေမဲ့ ဒီလိုပိတ်ရက်တွေမှ လုပ်လေ့ရှိတဲ့ သူတို့အခေါ် Events & Shows ဆိုတဲ့ ဖျော်ဖြေပွဲလေးတွေ မက်တာကြောင့် ဇွတ်ထွက်လာဖြစ်ပါတယ်။ ရောက်တော့ ၇ နာရီခွဲ။
ထင်တဲ့အတိုင်းပဲ ရောက်တဲ့အချိန်မှာ ကားကျပ်တဲ့အပြင် ရဲတွေက လမ်းပိတ်ပြီး အဝေးဆုံးက ကားပါကင်တွေကို ဖြည့်နေတဲ့အချိန်။ ရပ်ရတဲ့နေရာနဲ့ ၀င်ပေါက်က အတော့ကိုလှမ်းသေးတာ တွေ့ရပါတယ်။ တကယ်တမ်းတော့ ၂ ဦးနှစ်ဖက် အကျိုးရှိတယ် ပြောရမှာပဲ။


ကျွန်တော့်တို့ဖက်ကတော့ လမ်းလျှောက်ရတာပေါ့ဗျာ.. လျှောက်ပေတော့ တမျှော်တခေါ်၊ သူတို့ဖက်ကတော့ အောက်ကပုံလို ( ဆိုက်ကားပဲ ပြောပါတော့ ) စီးစရာယာဉ်လေးတွေစီစဉ်ထားတယ်။ စီးချင်ရင် ပိုက်ဆံပေးလေ၊ သက်သက်သာသာရောက်စေရမယ်ပေါ့။



သို့နှင့်ပေါ့ဗျာ.. အတော်လျှောက်လိုက်တော့ ဂိတ်ရောက်ပါလေရော။ လက်မှတ်ဝယ်ရပါတယ်။ ၀င်ကြေး ၁၀ ( ဒေါ်လာ= ၁၀/၃.၆၈ )။ လူတွေစည်လွန်းတော့ ၀င်ကြေးကိုက အတော်ရမှာ။ အထဲမှာတော့ ( ဈေးရောင်းပွဲတော်ဆိုတော့ ) ဈေးရုံလေးတွေလို့ပဲ ခေါ်ပါတော့၊ သူ့နိုင်ငံနဲ့သူ ရုံလေးတွေဖွဲ့ထားပါတယ်။ ကျွန်တော်ဝင်လာခဲ့တဲ့ ဂိတ်နဲ့ အနီးဆုံးက အီရန်။




အ၀င်ဝနားက အရုပ်တွေထဲက ဒီအရုပ်ကိုသဘောအကျဆုံးပဲ။ ကာကွယ်နေတာလိုလို.. ရွယ်ပဲနေတာလိုလို..




အထဲမှာ အဓိက ရောင်းနေတာကတော့ ကော်ဇောဆိုင်တွေများပါတယ်။ အထင်ကရကိုး..




နောက် ပါကစ္စတန်။ လောကကြီးကို လှနေစေချင်သူတို့သည် ပါကီ အမျိုးသားများဖြစ်ကြသည်လို့ အဆိုရှိတယ်မဟုတ်လား။ အလှဆင်ပစ္စည်းလေးတွေ ဘုစုခရု အကုန်ဆွဲထားတာပဲ။ ရွှေခြည် ငွေခြည်၊ ၀ါး စုံနေတာပဲ။







နောက်တခုကတော့ နာမည်ကြီး ချိုင်းနား..




အထဲမှာ အစစ်တွေပဲရောင်းပါတယ်။ အကုန်လုံး တရုတ်နိုင်ငံတွင်ထုတ်လုပ်သည်ဆိုတဲ့ အာမခံစာတမ်းလေးတွေနှင့်။ အရင်နှစ်ခုလို သီးသန့်ရောင်းတာရယ်လို့မရှိ၊ ပစ္စည်းမျိုးစုံ။ ဒီအရုပ်ဆိုင်လေးတောင်၊ နာမည်ကြီးဇာတ်ကောင် အကုန်စုံအောင် ထည့်ထားနိုင်ပါတယ်။ ဈေးမျိုးစုံနဲ့..



ဆက်ရန်..

3 comments:

  1. အောက်ဆုံးဆိုင်တွေကလွှဲရင် အပေါ်က ဆိုင်တွေအကုန် လည်ချင်တယ်..။
    ကော်ဇောဆိုင်လဲ ပတ်ချင်တယ်.။
    ဟိုရိုးရာအကျီဆိုင်လဲ ဝင်ကြည့်ချင်တယ်..။
    ခပ်ရိုးရိုးခေါင်းပေါင်းဝယ်ချင်တယ်..။
    ခေါင်းပေါင်းရင် သုံးတဲ့ ကလစ်ရိုးရိုးတွေ ဝယ်ချင်တယ်..။

    ပုံ..။
    Guess ကြည့်ပေါ့..
    ဟင်းးးး

    ReplyDelete
  2. ကော်ဇောဆိုင်တွေက စိတ်ဝင်စားစရာပဲ..၊ ဒေသထွက်ကုန်ဆိုတော့ ဈေးများ သင့်မလား မသိ...။

    ReplyDelete
  3. ဆက်ပါ။
    ကော်ဇောတွေ စိတ်ဝင်စားစရာ၊
    အဲဒီလို ရိုးရာပစ္စည်းတွေ စိတ်ဝင်စားတယ်၊
    တကယ် တခုမှ မ၀ယ်ဘူးလား။

    ReplyDelete