Saturday, August 13, 2011
ဝမ်းသာရင်း ကျေးဇူးတင်နေမိပါသည်... ( ၃ )
 တညတာကို အတွေးပေါင်းများစွာနဲ့ ကျော်ဖြတ်လို့ ..နောက်တနေ့  ၂.၅.၁၁ ကို ရောက်ပြန်ပါပြီ။ ထုံးစံအတိုင်း သားအဖေက ရုံးကို သွား၊ ကျမနဲ့ သားက အိမ်မှာ ..သားက အချိန်များများမှာ သူ့ ဟာသူ ဆော့.. ကျမက အိမ်အလုပ်တွေ လုပ်စရာ ရှိတာလုပ်..။ တွေးချင်ရာကိုတွေး လို့ စိတ်တွေ လွင့်နေပါသည်။
အိမ်ကို ဖုန်းဆက်ပြီး ဒီလို ဒီလိုမို့ ခွဲရမယ်လို့ .. သတင်းပေးရင်း ပြောလိုက်ရမလား။ ဒါမှမဟုတ်လဲ ဘာဖြစ်ဖြစ်ပြောနေကျ ဒီက သူငယ်ချင်းတစ်ယောက်ကို ပြောလိုက်ရမလား.. .။ အင်း မန်းလေးက သူငယ်ချင်းတယောက် အွန်လိုင်းရှိနေတာ သူမကို ထုံးစံအတိုင်း ပြောပြလိုက်ရမလား... ။ ဟိုလိုလုပ်၇မလား ဒီလိုလုပ်ရမလား တွေးနေမိသဖြင့်  စဉ်းစားကြည့်မိတော့ တစ်ယောက်ယောက်ကို ပြောပြလိုက်ရင်ဖြင့် ထိုသူက ဘယ်လိုများ ထင်မြင်ချက်ပေးမှာပါလိမ့် ...လို့ မျှော်နေမိခြင်းဖြစ်နိုင်သလို... ဒါမှမဟုတ်  ထိုသူ ပြန်လှန်ပြောတဲ့ နှစ်သိမ့် စကား၊ အမေးစကားရမှ စိတ်နဲနဲ ပေါ့သွားလိမ့်မည် ထင်နိုးနဲ့ ထင်ပါ့။ တစ်ယောက်တည်း တောင်စဉ်းစား မြောက်စဉ်းစားထက် တစ်ပါးသူကပါ ၀င်ဆွေးနွေးတာမျိုး အားပေးတာမျိုး မေးမြန်းတာမျိုး မျှော်လင့်နေမိခြင်းဖြစ်ပါလိမ့်မည်။ 
ဒီလို စိတ်လူးလူးလှိမ့်လှိမ့်နဲ့ ပဲ တနေကုန်လို့ ညနေရောက်ပြီး သားအဖေလည်း အလုပ်က ပြန်ရောက်လာပါပြီ ။ ပြန်ရောက်ရောက်ခြင်း သတင်းပေးပါသည်။
 ရုံးက အားလုံးအဆင်ပြေတယ်။ ဘော့စ်နှစ်ယောက်လုံးရှိနေတော့ အတော်ပဲ.. ချက်ချင်း အခြေအနေအားလုံးကို ပြောပြလိုက်တယ်။ သူတို့ က သား ဖြစ်နေတဲ့ဟာကိုလည်း သိတော့ လုပ် လုပ် လုပ်စရာရှိတာမြန်မြန်လုပ်။ ခလေးအတွက် ကျန်းမာရေးအတွက်။ကျန်တာဘာမှ မပူနဲ့ ။လုပ်စရာရှိတာ ကိုယ့်ဟာကို လုပ်...လို့ ပြန်ပြောတယ်။ ကဲ ခွင့်အတွက် ဘာပဲဖြစ်ဖြစ် စိတ်နဲနဲတော့ ပေါသွားတာပေါ့..လို့  ပြုံးရင်း ပြန်ပြောပြပါသည်။ 
သားက တော့ ခုန်ပေါက် ပျော်ရွှင်စွာနဲ့ ယခင်နေ့ များကအတိုင်း စက်ဘီးစီးဖို့ တာစူနေပါပြီ။ အဖေ ရေသောက်တာကိုပင် စောင့်ရတာကြာသလို ခြေထောက်ကို ဖက်လို့ ဘီးဘီးစီးမယ်လေလို့ ...ဇွတ် တွန်းပြော ပြောလို့ ..။ သားအဖ နှစ်ယောက်ထွက်သွားတော့ တခါ ညစာချက်ဖို့ ပြင်ရပါတော့သည်။
သားတို့ ပြန်ရောက် ရေချိုး၊ ခဏနား ပြီး ညစာ စား။ ပြီးတော့ ကွန်ပြူတာရှေ့ထိုင် အွန်လိုင်းတက်လာသူတွေစောင့်..။ မကြာပါ မန်းလေးက ယောင်းမတက်လာတော့ လွန်စွာမှပင် ၀မ်းသာသွားပါသည်။ စိတ်အ၀င်စားဆုံး၊ နားအလည်ဆုံး၊ ပြောလို့ အကောင်းဆုံး ၊ပြီးတော့ သားလေးကိုလည်း အချစ်ဆုံး..။
သူမကလည်း ဆေးရုံသွားတာသိသလို သိချင်စောစွာ ချက်ချင်းမေး၊ ကျမကလည်း လွန်စွာမှ ပြောလိုလှသူ ချက်ချင်းပြော..။
ဆရာဝန်များနဲ့ နီးစပ်လှပေမဲ့ ဆေးပညာနဲ့ ဝေးတဲ့ ကျမနဲ့ သူမက ပြောသူနဲ့ နားထောင်သူအဖြစ်သာ။ ကျမကလည်း တိတိကျကျမရှင်းတတ်သလို သူမကလည်း ချက်ကျ လက်ကျ မမေးတတ်။ ကျမက သာမာန်လူ နားလည်အောင် မရှင်းတတ်တော့ သူမကလည်း ကောင်းကောင်းနားမလည်။ ကျမတို့ အဖြစ်က ပြောချင်လွန်းသူ နဲ့ သိချင်သူ နှစ်ယောက် ပြောကာ မေးကာ သက်သက်သာပါ။ သို့ သော် ကျမအတွက် စိတ်ပူပေးမည့်သူ ၊ နားလည်ပေးမည့်သူ ရလာသည့်အတွက် စိတ်သက်သာမှုအမြတ်ထွက်လာပါသည်။ 
ထို့ နောက်တော့ သူမက ကျမအစ်ကိုတွေကို ပြန်ပြောပြမဲ့အကြောင်းနဲ့ ဖြစ်နိုင်ရင် အဲဒါနဲ့ ပါတ်သတ်တာပို့ ပေးဖို့ အကြောင်း ဆက်ပြောပါသည်။ ကျမက အီးမေးလ်ပို့ လိုက်မယ်ဆိုပြီး မနေ့ က ဆရာဝန်ပေးလိုက်သော စာရွက်ကို ချက်ချင်းပင် စကန်ဖတ်ပြီး ပို့ လိုက်၏။ သူမကလည်း ချက်ချင်းဖွင့်၏။ ကံမကောင်းစွာ ဖွင့်မရပါတဲ့။ 
ကျမက ဖေ့ဘွတ်ရော ဖွင့်ရလားဆိုတော့ ..ရတယ် အခုတောင် ဖွင့်ထားတယ်တဲ့..။ အေး..ဒါဆို ဖေ့ဘွတ်မှာ ငါ တင်လိုက်မယ် ..ဆိုပြီး တင်လိုက်ပါသည်။
( အမှန်အတိုင်း ပြောရပါက ဖေ့ဘွတ်မှာ တင်ဖို့ စိတ်ကူးမရှိသလို မတင်လိုပါ။ ဘာကြောင့်ဆိုပါက ကျမ သိရသလောက် ဖေ့ဘွတ်ဆိုတာ ပျော်စရာများအတွက်သာပါ။ သူ့ ပုံ ကိုယ့်ပုံ လှလှတွေတင်ကြ။ ကြိုက် မကြိုက် စာလေးတွေ အပြန်အလှန်ရေးကြ။ သူသူကိုယ်ကိုယ် ရောက်နေရာ ။ သွားခဲ့ရာ နေရာဒေသ အသစ်အဆန်းပုံ လှလှလေးတွေတင်ကြ ၊ ဝေငှကြ ။မွေးနေ့ တွေ အပြန်အလှန်ဆုတောင်းပေးကြ။ နှစ်ပါတ်လည်တွေ သတိရကြ ။ အားလုံးဟာ ပျော်စရာ တွေချည်းသာ။ မည်သူမှလည်း မကောင်းတာ ၊ မလှတာ၊ စိတ်မချမ်းသာစရာ မမြင်လို မသိလို မကြားလိုတာ သဘာဝမို့ နားလည်းပြီးသား လက်ခံပြီးသားပါ။ သို့ သော် အခြေအနေအရ တင်လိုက်ရပါသည်။ အိမ်က ဖတ်ပြီးရင်ဖြင့် ပြန်ဖျက်ကြမယ်ဆိုတဲ့ အတွေးနဲ့ သားအဖေနဲ့ သဘောတူ တင်လိုက်ခြင်းသာပါ။ မည်သူ့ မှ မဖတ်မိစေချင်သလို မည်သူ့ ကိုမှ စိတ်မပူစေချင်တာ အဓိကပါ။ )
တင်ပြီးခဏနေတော့ ယောင်းမက အွန်လိုင်းက ပျောက်သွားပါသည်။ သူမ ရ မရ မသိလိုက်ရပါ။ နောက်တစ်နေ့ စောင့်ပြီးမှ ဖျက်ရပါတော့မည်။ 
ယောင်းမနဲ့ စကားပြောပြီးလို့ မကြာပါ ဖုန်းဝင်လာပါသည်။ ကြည့်လိုက်တော့ အဘူဒါဘီက ညီမငယ်ထံမှပါ။ သူမက..မကြီး ခလေးက ဘာဖြစ်တာတုံး။ တဲ့..ကျမက ဖတ်ကြည့်ပေါ့..ဆိုတော့ ဖတ်ရမှာ ပြင်းလို့ ပေါ့။တခါတည်း ဗမာလို ပြောပြစမ်းပါ..ဟု ဆိုပါသည်။ ကျမက ပြောပြတော့ သူမက စိတ်ပူပန်စွာ အင်း..ခွဲရတော့မှာပေါ့။ ဒါနဲ့ မကြီး..ညီမတို့ ရုံးက တယောက် tonsils ဖြတ်တာကြားဘူးတယ်။ ဒီမှာပဲဖြတ်တာ။ အဲဒါခဏခဏယောင်ပြီး နာလည်းနာ ဖျားလည်းဖျားတာဗျ။ဒါပေမဲ့ မကြီးတို့ က အကောင်းဆုံးဆေးရုံမှာ ပြတာဆိုတော့ ပူရမှာ မှုတ်ပါဘူး။ စိတ်ချရမှာပါ..လို့ ပြောပြပါသည်။ ခဏအကြာ စကားဖြတ်ပြီး ဖုန်းချသွားပါသည်။
ကျမကလည်း ခဏမဆိုင်း သားအဖေကို အကုန်ပြောပြပါသည်။ အဓိက က သူမ အသိ ခွဲပြီး ပြန်နာတာ၊ ဖျားတာ ပြန်ဖြစ်တဲ့ အကြောင်းပါ။ ကျမကလည်း ကျမပင်။ နက်ကတစ်အပြော အတွေးတွေကိုပဲ ဘာဖြစ်လို့ များ လက်ခံနေမိမှန်းမသိပါ။
သားအဖေကတော့ ရှင်းပါသည်။ ပြတ်ပါသည်။ ခလေး ကျန်းမာရေး လုပ်စရာရှိတာလုပ်ရမှာပဲ ဒါပဲ..ဟု ပြောပါသည်။ ဒီတော့လည်း ကျမ က.. ဟို မလုပ်ဘူးလို့ ပြောတာမှုတ်ဘူးလေ။ သူပြောသလို အဆင်မပြေဖြစ်တာမျိုး ဖြစ်ခဲ့ရင် ပူတာပေါ့..လို့ ပြောလိုက်ပါသည်။ ခလေးအဖေက ဆက်ပြီး…လုပ်စရာရှိတာ လုပ်ရမယ်။ လုပ်ပေးမယ်။ အဲဒီအတွက် ခုကတည်းက စိတ်ကို ရှင်းထားတယ်။ကိုယ် ဘယ်လို အကောင်းဆုံးဖြစ်အောင် ဘေးက လုပ်ပေးနိုင်မလဲ စဉ်းစားပြီး တတ်နိုင်တဲ့ဘက်က လုပ်နိုင်သလောက် လုပ်ပေးမယ်။ ဒါပဲ..ဟု ပြောရင်း ကျမကို..အေး..ညီးကလည်း ကြိုပြင်ထား။ စိတ်ရှည်ရှည်ထားပြီး ခလေးသက်သာအောင် ဘယ်လို ပြုစုပေးမလဲဆိုတာ..ဟု ဆက်ပါသည်။
ကျမ အကြွင်းမဲ့လက်ခံပါသည်။ တကယ်လည်း တွေးပူ လျှောက်ပူ စိတ်ပူနေမဲ့အစား ခုချိန်ကစလို့ စိတ်အေးအေးထားလို့ ရချိန် မှာ ပြင်ဆင်စရာရှိတာ သေချာစဉ်းစား ပြင်ဆင်ထားဖို့ သာပင်။  တော်ပါသေးသည်ဟု ညည်းဖြစ်ပါသည်။ သားအဖေကပါများ ကျမလို စိတ်ယောက်ယက်ခတ်နဲ့ အတွေးချော်ချော် မတည်မငြိမ်ဆိုပါက သားလေးအတွက် မခက်ပါလား။
သို့ သော်ကျမ သိနေပါသည်။ သူလည်း အနည်းနဲ့ အများတော့ တွေးမိ ပူမိနေမှာကိုပင်။ ကျမ သားလေးမမွေးခင် ကိုယ်ဝန်နဲ့ ရှိစဉ်က အာလ်ထရာဆောင်း ရိုက်ရင်း ဗိုက်ထဲကသားရဲ့ ဓါတ်ပုံ ရဘူးသည်။ထိုစဉ်က ကျမမှာ ကြည့်မ၀နိုင်စွာအသေးစိတ်တချိန်လုံးကြည့်နေမိပါသည်။ ဘယ်သူနဲ့ တူနိုင်တယ်..ဘာကတော့ ဘယ်လိုနဲ့ …ကြည့်ရင်း နှုတ်ခမ်းကလေးကို တွန့် တွန့် လေးမြင်ရတော့ သားအဖေကို…အယ် သေချာကြည့်ပါအုံး ဓါတ်ပုံကို။နှုတ်ခမ်းလေးက တမျိုးနဲ့ နှုတ်ခမ်းကွဲလေးများ ဖြစ်နေမလား မသိဘူး..ဟု ပြောလိုက်ပါသည်။ သူက ချက်ချင်း ယူကြည့်ပြီး..စိတ်ထင်လို့ ပါ။အပြင်ကနေရိုက်ရတာ ဗိုက်သားတွေ ဘာတွေဖြတ်ပြီးမှ ရိုက်ရတော့ အပေါ်အသားတွေက တွန့် နေတာပါ..ဟု သူ့ အထင်ပြောပြပါသည်။ ထိုစဉ်က ကျမလည်း စိတ်အေးရပါသည်။ ဖြစ်နိုင်ချေလည်းရှိသည်ကိုး။ မွေးလာတော့လည်း တကယ်ပင် အားလုံး ချောချောမောမောပါ။ 
( နောက်မွေးပြီးကြာမှ ပြန်ပြောပြခဲ့ပါသည်။သူလည်း ရုံးမှာ ဓါတ်ပုံကို ပြန်ပြန်ကြည့်မိကြောင်းနဲ့ တကယ်များ ဖြစ်နေမလား စိုးရိမ်းခဲ့ဘူးကြောင်းကိုပါ။ ) ယခုရော သားအဖေ ဘယ်လို တွေးနေမလဲ စဉ်းစားနေမိပြန်ပါသည်။ ကျမကိုက အလွန်အတွေးထူသူတစ်ယောက်ဖြစ်နေပါပြီ။
No comments:
Post a Comment