Sunday, August 14, 2011
ဝမ်းသာရင်း ကျေးဇူးတင်နေမိပါသည်... ( ၄ )
၃.၅.၁၁ ရက်နေ့ ။မနက်ထ လုပ်စရာရှိတာလုပ်အပြီး ကွန်ပြူတာဖွင့်..ဖေ့ဘွတ်ဖွင့်။
တကယ်တော့ ကျမ အလွန်စိုးရိမ်နေခြင်းပါ။ ဘာကြောင့် ဘာကို တွေးပူနေမှန်းမသိပါ။ ကြီးမားတဲ့ ရောဂါမဟုတ်ဘူးဆိုတာ သိပါလျှက်နဲ့ ကို ပူနေမိသူပါ။ သူ့ ရဲ့ အားပေးမှုက သတိတချက် ၀င်လာပါသည်။ ဆရာဝန်ပြောလိုက်တဲ့ မိုင်နာပါ ဆိုတာကိုပါ သတိရရင်း ပူပန်မှုကို ပြန်ထိန်းမိပါသည်။ 
သို့ သော် ခဏတာပါ။ အတွေးက ပြန်ရောက်။ တွေးရင်း စိတ်က ပြန်ပူ၊ စိတ်ပူရင်း ပြန်တွေးနဲ့ လုံးချာလည်နေပါသည်။ နေ့ လည်ရောက်တော့ အဘူဒါဘီက ညီမငယ်  ဖုန်းဆက်လာပါသည်။ သူမက..
မကြီး..ညကလေ စဉ်းစားနေတာ။ညီမတူအတွက် ဘာလုပ်ပေးနိုင်မလဲလို့ ။ ကိုယ်ကလဲ ဘာမှ မလုပ်တတ်နဲ့ ။ အဲဒါ မကြီး..ဟို ငွေတွေကလဲ အများကြီးကုန်မှာဆိုတော့လေ..ညီမက အိမ်ကို မပို့ ရသေးတော့ လက်ထဲ လခကရှိသေးတယ်။လိုရင် ပြောနော် ဟို အားမနာပါနဲ့ ..ဟု ။
ကျမကလည်း ချက်ချင်း ရတယ်ညီမရေ။ ကျေးဇူးပါပဲ။ လိုချင် ရင်တော့ လိုမှာ။အတိအကျက ခွဲပြီးမှ သိရမှာဆိုတော့လေ။ အဲဒါ လိုခဲ့ရင်လဲ ရုံးကပဲ ယူလိုက်တော့မယ်။ အဆင်ပြေမှာပါ။ကျေးဇူးပါပဲ။ တကယ်ပြောတာနော်.။ အဲ ဒါထက် တကယ်လို့ ဘယ်တော့မှ တပြားမှ ပြန်မပေးရတော့ဘူးဆိုရင်တော့ ရသလောက်ယူချင်သား..လို့ ကျမက စလိုက်ပါသည်။ သူမကလည်း ချက်ချင်းပင် ထီထိုးထားတယ် မကြီးရေ..သန်းထီပေါက်လို့ ကတော့ ရတယ် ကြိုက်သလောက်ယူ ပေးမယ်လို့ ...ပြောပါသည်။ ကျမက အေးအေးဟာ ယူမယ်ဟာလို့ ...ပြန်ပြောရင်း တကယ်ပေါက်ပါစေ ဆုတောင်းပါတယ်.လို့ ဆုတောင်းပေးဖြစ်ခဲ့ပါသည်။ 
ညနေရောက်လို့ သားအဖေ ရုံးက ပြန်ရောက်..ခါတိုင်းနေ့ များလို သားနဲ့ စက်ဘီးသွားစီး..ပြန်ရောက်။ ပြန်ရောက်လာကြတိုင်း မေးနေကျ .. သားသား ဒီနေ့ လဲခဲ့သေးလား...ကိုမေး၊ သားကလဲ ဖြေနေကျ ... ဖေဖေက ရှေ့ကိုကြည့်ပါ ရှေ့ကို ကြည့်ပါလို့ ပြောတော့ တားတားကြီးလဲ လဲတွားရော...ကို နေ့ တိုင်းဖြေ။ စစီးတတ်ခဲ့ကတည်းက စီးရင်း တွေ့ သမျှကိုငေးလို့ အဖေက ဘေးနားက သတိအမြဲပေးနေရပါသော်လည်း ငေးမြဲငေး၊ တွေ့ ရာ တိုက်မြဲတိုက်၊ လဲမြဲလဲတဲ့...အဖေလုပ်သူက ပြန်လာတိုင်းပြောတတ်၏။
 ဒီလိုနဲ့ ပဲ ညနေတိုင်းကို ကျော်ဖြတ်လို့ ညရောက် ... ညစာစား။ စားပြီးတော့  အင်တာနက်ကနေ ယောင်းမကိုစောင့်။ မနေ့ က ရ၊မရ မသိရခင် လိုင်းက ထွက်သွားတော့ ရလား သိချင်နေမိပါသည်။
စောင့်ရင်းနဲ့ ဖုန်းထဲက ပြောဖြစ်ခဲ့သည်များကို သားအဖေကို ပြန်ပြောပြ။ ဘာပဲဖြစ်ဖြစ် မိဘများနဲ့ ဝေးနေချိန်မှာ ဒီလို မိတ်ဆွေများရှိနေသည်က အားရှိရပါသည်။ ကျေးဇူးတင်နေမိပါသည်။
            +                                                          +                                                          +
၎.၅.၁၁ နေ့ ရောက်တော့ မနက်လင်း လင်းချင်း မန်းလေးမှ သူငယ်ချင်းဆီ အီးမေးလ်ပို့ လိုက်ပါသည်။ပရင့်ထုတ်ပြီး အိမ်ကို ပေး ပေးဖို့ ပါ။ ချက်ချင်းမကြာပါ ပြန်လာပါသည်။ စိတ်ချပါ ထုတ်ပြီး နေ့ လည်စာပြန်စားရင်း  အိမ်ကို ၀င်ပေးလိုက်ပါမည်..ဟု။ ညီမငယ်ချောချောဆိုတာ ဟိုး အရင်ကတည်းက ကျမနဲ့ အိမ်ကြား ဆက်သွယ်ပေးသူ ၊ သတင်းပို့ သူ ၊ ယူသူ တစ်ယောက်ပါ။ ကူညီဖို့ အမြဲ အဆင်သင့်ဖြစ်နေသလို အမြဲတမ်းလဲ ချက်ချင်းကူညီပေးခဲ့သူပါ။ ကျေးဇူးတင်ရပြန်ပါသည်။ သူမက ခလေးအကြောင်း မေးလာပြန်တော့ ရှင်းပြရပြန်ပါသည်။ သူမသည် ကျမ ကိုယ်ဝန်စရှိစဉ်က စလို့ ယခုချိန်ထိ မပြတ်တမ်း ခလေးအကြောင်း၊ လူကြီးအကြောင်း အဝေးကနေ စိတ်ပူပေး၊ နှစ်သိမ့်ပေးသူ၊ အကြံဥာဏ်ပေးနေသူ ပါ။
သူမကတော့ အကြောင်းစုံသိသူမို့ ကျမကို မစိုးရိမ်ဖို့ အားပေးရင်း ကုသမှုနဲ့ ဆရာဝန်များအပေါ် ယုံကြည်ပြီးသားပဲ.. ဘာမှ ပူစရာမလိုကြောင်း ပြောလာပါသည်။
ဒီလိုနဲ့ ၆.၅.၁၁ ရက် သောကြာနေ့ ရောက်လာတော့ လုံးဝသီးမခံနိုင်စွာပဲ ညောင်ဦးက အစ်ကိုလတ်ဆီ ဖုန်းဆက်ပြောဖြစ်ခဲ့ပါသည်။ ယောင်းမကို ကြိုတင် ပြောခိုင်းထားသဖြင့် အစ်ကိုလတ်က နဲနဲသိနေပါပြီ။ သို့ သော် သူက..နေပါအုန်း ဘာဖြစ်တာတဲ့တုံး..လို့ ထပ်မေးလာတော့ ကျမ က Adenoidsကြီးလို့ တဲ့ အသက်ရှူရခက်နေတာ။အဲဒါခွဲရမယ်တဲ့။...ဆိုတော့ သူက ဟေ..ဟုတ်လား။ငါတော့ ငါ့လုပ်သက် ၁၆နှစ်အတွင်း Adenoidsကြီးလို့ ခွဲရတယ်လို့ တစ်ခါမှ မကြားဖူးဘူး။ အော် ဒီခလေးမှ လာဖြစ်ရတယ်လို့ ။ အေးပေါ့ဟာ လိုအပ်ရင်တော့ ခွဲရမှာပဲ။ဒါနဲ့ ငွေက ဘယ်လောက်ကုန်မှာလဲ။ အင်း မေးကြည့်တာပါ။ငွေကုန်လဲ လုပ်စရာရှိတာလုပ်ရမှာပဲ။ အေးအေး.ဒါနဲ့ ဘယ်တော့လဲ..လို့ မေးပါသည်။ ကျမ က မသိသေးဘူး။ ဆေးရုံကို သွားပြီး ရက် မချိတ်ရသေးဘူး။မနက်ဖြန်သွားမှ ရက်က သိရမှာ။..လို့ ပြန်ဖြေရင်း ကျမက ဒါနဲ့ ကိုလတ် အဲဒါကဆိုးလားဟင်။ ခွဲစိတ်ဆရာဝန်ကတော့ မိုင်နာပါလို့ ပြောတာပဲ..ဆိုတော့ သူက... 
အေးဟ..ခွဲစိတ်ဆရာဝန်တွေကတော့ ခွဲမယ်၊ဖြတ်မယ်၊လှီးမယ်၊ထုတ်မယ် ဒါသူတို့ အလုပ်ကိုး။ အဓိကကျတာက ခွဲတုံး အစစအဆင်ပြေအောင်လုပ်ပေးရတဲ့ မေ့ဆေးဆရာဝန်ပဲ။ နင်တို့ မခွဲမီ ဆရာဝန်တွေနဲ့ ဆွေးနွေးတဲ့အခါကျ မေးကြည့်ပေါ့။ ငါမြင်ကြည့်တာ လည်ချောင်းမှာ လုပ်ရမှာ ဆိုတော့ ခွဲတုံး အသက်ရှူလမ်းကြောင်းက လေ၀၀ရဖို့ လိုမယ်။ အဲဒါသူတို့ ဘယ်လို လုပ်မလဲဆိုတာ မေးကြည့်ဖို့ ။ နောက်ခွဲပြီးလို့ ၂ရက် ၃ရက်ကြာ ဒါဏ်ကြောင့် ယောင်နိုင်သလို ယောင်ခဲ့လို့ အသက်ရှူရခက်ရင် ဘယ်လို လုပ်ရမလဲဆိုတာရယ်..နောက်ပြီး ဘာတွေ ဆိုးကျိုးရှိနိုင်သလဲဆိုတာပေါ့။မေးထားတာ မလွန်ပါဘူး။ ဘာလို့ လဲဆိုတော့ လည်ချောင်းမို့ ..အသက်ရှူလမ်းကြောင်းမှာမို့ ။ပြင်ပကဟာ ခြေတို့ လက်တို့ ဆို ဘာမှ စိုးရိမ်စရာ မရှိဘူးလေ။ အေးပါဟာ..ငါကတွေးကြည့်တာပါ။ သူတို့ က ကြုံဘူးရင်ပိုသိကြမှာပါ။ အေး..လုပ်စရာရှိတာတော့ ဆွဲမနေနဲ့ မြန်မြန်သာ အဲဒီမှာပဲ လုပ်လိုက်ပါ..ဆိုကာ စကားဖြတ်လိုက်ပါသည်။ကျမလည်း အင်းပါလုပ်မှာပါ..လို့ ပြန်ပြောရင်း ဖုန်းဖြတ်လိုက်ပါသည်။
ကျမက ချက်ချင်းဆိုသလို သားအဖေကို အကုန် ပြန်ပြောပြလိုက်ပါသည်။ ကျမတို့ ၂ယောက်လုံး သူပြောသလို လည်ချောင်းခွဲစိတ်မှု၊ နောက် အသက်ရှူလမ်းကြောင်းဆိုတာတွေ ထပ်ခါစဉ်းစားရင်း စိတ်ပူလာပြန်ပါသည်။ မသိခင်ကထင်ရာတွေးလို့ ပူပန်မိသလို အကျိုးအကြောင်းသင့် သိလာပြန်တော့တစ်ခါ ပူလာပြန်ပါသည်။ 
ကျမက သားအဖေကိုပြောပြစဉ် ..Adenoids ခွဲရမှာလို့ ကိုလတ်ကို ပြောပြကြောင်း ဆိုမိတော့ သူက မဟုတ်ဘူးလေ..ဆရာဝန်ပြောတာက Tonsilsလို့ ပြောတာ။ ..ဟု ဆိုပါတော့သည်။ ဟင်.ဒါဆို သူငယ်ချင်းကို ဖေ့ဘွတ်ထဲမှာ ရေးကတည်းက ဘာလို့ မပြောတာတုံး။ဒါဆို အမှားကြီး ပြောမိတာပေါ့။ ဆရာဝန်ပေးတဲ့စာရွက် ဖတ်ကြည့်တော့ Adenoids က လည်ချောင်းအနောက်မှာ ရှိတာဆိုထားတော့ အသက်ရှူရခက်တာက Adenoids ကြောင့် မဖြစ်နိုင်ဘူးလား။ အဲလိုထင်လို့ ပြောလိုက်တာ။ဆရာဝန်ပြောတုံးက Tonsilsဆိုတာတော့ ကြားလိုက်တယ်။..ကျမ ဇဝေဇ၀ါဖြစ်သွားပါတော့သည်။ နောက်ပြီး ၀မ်းသာသွားပါသည်။
ကိုလတ်က .. Tonsils ဆိုရင်တော့ ခွဲဘူးသလို သိတ်မစိုးရိမ်ရကြောင်းနဲ့ လူတွေအတွက် လိုအပ်ပေမဲ့ မရှိလို့ လဲ အရေးမကြီးကြောင်း..ရှင်းပြသည်ကို သားအဖေအား ထပ်ပြောပြ လိုက်ပါသည်။ သားအဖေပြောသလို Tonsils ဆိုရင်ရော ဘာတွေသိသင့်သလဲ သိချင်သွားကာ ကိုလတ်ဆီထပ်ခေါ် လိုက်ပါသည်။
ကိုလတ်က ရယ်မောရင်း ..Tonsils ဆိုရင်တော့ လွယ်ပါတယ်။ ဒီမှာတောင်ခွဲနေကြတာပဲ။သူက ပါးစပ်ကတဆင့် ၀င်လာတဲ့ ပိုးတွေကို ကာဆီးပေးတယ်ဆိုပေမဲ့ မရှိလဲ သိတ်တော့ ပြသာနာမရှိပါဘူး။ အေးဟာ နင်က Adenoids ဆိုလို့ ငါကလဲ တစ်ခါမှ မခွဲဘူးလို့ ပါ။ Tonsils ဆိုရင် မခက်ဘူး။ ပါးစပ် အ၀နားတင်။ နာတာ ၊ စားရခက်တာ ဘာညာတော့ရှိမှာပေါ့။ ခလေးဆိုတော။့ ကျန်တာက အေးဆေးပါ။ ဒီမှာတောင် ဒီလိုပဲ ခွဲနေကြတာပဲ..အေးအေး ဘာပဲဖြစ်ဖြစ် လုပ်စရာရှိတာ လုပ်လိုက်ပါ။ငယ်တုန်း နုတုန်း...ဟု ပြောလာပါသည်။ 
ကျမ အင်မတန်မှကို စိတ်အေးသွားပါသည်။ သားအဖေပြောသလို Tonsils ပဲဖြစ်ဖို့ ဆုတောင်း မိပါတော့သည်။ သားအဖေကလည်း နဲနဲစိတ်အေးသွားပုံရပါသည်။
သို့ သော် ကျမတို့ နှစ်ယောက်စကားဝိုင်းက မပြီးဆုံးသေးပါ။ ကိုလတ်က အဲဒီမှာတောင် ခွဲကြတယ်ဆိုတော့ အိမ် ပြန်ပြီးခွဲကြရင်ကောင်းမလား။ အားလုံးဝိုင်းဝိုင်းဝန်းဝန်းဆိုတော့ ကိုယ်ရော ခလေးရော အားရှိတာပေါ့။ငွေကုန်လဲ သက်သာတာပေါ့။ခွဲပြီး ပြုစုတာလဲ အခက်အခဲမရှိတော့ဘူးပေါ့။ ..ကျမက အဆိုတင်သွင်းတော့ သားအဖေကလည်း...
အင်း..ကိုလတ်ပြောဖူးသလိုပေါ့။ကုန်စရာရှိလို့ သာ ငွေရှာနေကြတာပေါ့။ကုန်စရာမရှိရင် ရှာစရာလဲ မလိုဘူးပေါ့။ ငွေကိုသုံးတာမဟုတ်ပဲ ဖြုန်းတာမျိုး မဖြစ်ရင်ပြီးတာပဲ။အင်း..ခုလဲ ခလေးအတွက် အရေးအကြီးဆုံးကျန်းမာရေးအတွက် ကုန်ရတာပဲ..ဟု နှစ်ယောက်သား ပြန်လည်ပြောရင်း ဆုံးဖြတ်ချက်လဲ တစ်ခါတည်း ချလိုက်ကြပါတော့သည်။
No comments:
Post a Comment