ထို့ ပြင် ယခုရက်အတွင်း သတိထားမိသလောက် အဘူဒါဘီကပြန်လာပြီးမှ ပါးစပ်ကို ပိတ်ပြီးစကားကို ပြောပြောနေတော့ စိတ်တိုမိကာ ငေါက်မိပါတော့သည်။ အလိုလို စိတ်က မကြည်ရတဲ့ကြားထဲ..အဲဒီ ပါးစပ်ကြီး ပိတ်ပိတ်ပြောနေ။ ခွဲမှာ စိတ်မှာမို့ စိတ်က လေးနေရတဲ့ကြားထဲ..အဲလိုလုပ်နေ .. မပြောကောင်းမဆိုကောင်း အသံတွေ ဘာတွေ မထွက်တော့မှဖြင့် ဟင်း… အော်မိပါတော့သည်။ ကျမမှာ ဒေါသတွေ ပူပန်မှုတွေ အယူသီးမှုတွေ အစိုးရိမ်လွန်မှုတွေ .. တွေ ပေါင်းများစွာခြင့် ဆောက်တည်ရာမရပါ။
ညရောက်တော့ သားအဖေနဲ့  စကားပြောဖြစ်ခဲ့ကြပြန်ပါသည်။ ထုံးစံအတိုင်း ခလေးအကြောင်း ၊ ကျမအတွေးတွေအကြောင်း။ သားအဖေက.. ညီးက လျှောက်တွေးနေတာကိုး၊ဘာမှ မဖြစ်ဘူး စိတ်ပူမနေနဲ့  ဆရာဝန်တွေက ခလေး ဘာဖြစ်တယ်ဆိုတာ သိသလို သူတို့ တာဝန်ယူထားတာ သူတို့ အကောင်းဆုံး ဖြစ်အောင်လုပ်ပေးကြမှာ ။ လျှောက်တွေးမနေနဲ့ ..ဟု။ ကျမက .. သိပါတယ် အဲဒါကို ။ ဒါပေမဲ့…ဆို ရပ်ကာ စကား မဆက်ဖြစ်တော့ပါ။ ကျမ၏ အတွေးဆိုး နမိတ်ဆိုး အကြောင်း နှုတ်က ဖွင့် မပြောပြလိုက်ပါ။ မပြောချင်မိပါ။ နှုတ်က ပြောမထွက်ပါ။ ညီး မသိဘာဘူးလေ…ဟုသာ သံရှည်ဆွဲရင်း ခေါင်းရမ်းနေမိပါသည်။
ကျမ ကိုယ့်ဟာကို ပြန်တွေးနေမိပါသည်။ ငါ့ အတွေးတွေ မှန်လား မှားလား.. လိုလား မလိုလား..တွေးတာတွေ ဖြစ်နိုင်လား မဖြစ်နိုင်လား…တွေးဆဲ ငေးဆဲပါ။ စိတ်တွေ မရပ်နိုင်သေးပါ။ ကဲ..ငါဘာလုပ်သင့် သလဲ… တစ်ခုပဲရှိပါသည်။ ဘုးရား၊ တရားအမြဲအောင့်မေ့နေဖို့ သာပင်။ ဖြစ်နိုင်သလား စဉ်းစား..မဖြစ်နိုင်ပါ။ ကိုယ့်ဟာကို သိနေပါသည်။
သို့ သော် ကျမဆုံးဖြတ်လိုက်ပါသည်။ ဥပုသ်စောင့်ဖို့ သာပင်။ မနှစ်ကလည်း ၀ါဆိုက စပြီး ဒီဇင်ဘာ ၃၀ရက်နေ့ ထိ ရက်ရှည်စောင့်ခဲ့ဘူးပါသည်။ အမှန်အတိုင်းဆိုရပါက အကြောင်းကြောင်းများကြောင့် ရာနှုန်းပြည့် မစောင့်နိုင်ခဲ့ပါ။ သို့ သော် အသိကလေးကပ်ထားတော့ လွတ်သွားပြန်ထိန်း၊ အသိလေးဝင် စိတ်ကလေးပြန်မတ်၊ ဘုရားစာလေးရွတ်ဖြင့် သာမန်ထက်တော့ဖြင့် စိတ်အေးချမ်းမှုရခဲ့သည် အမှန်ပါ။ အင်း အခုလည်း အနည်းနဲ့ အများတော့ စိတ်တည်ငြိမ်မှုရနိုင်ကောင်းပါသည်။
+ + +
ကျမလည်း တွေးရင်း တောရင်း ခလေးနဲ့ အလုပ်ရှုပ်ရင်း ပုံမှန်ပင် နေ့ တွေကျော်ဖြတ် နေရပါသည်။ ၇.၅.၁၁ ရက်နေ့ က အဘူဒါဘီသွားလည်ပြီးလို့ တပါတ်အကြာ ၁၃.၅.၁၁ရက်နေ့ ကျ ထပ်ပြီး လာလည်ဖို့ ညိုက ဖိတ်ပြန်ပါသည်။ ကြာဇံကြော်နဲ့ ဝက်သားတုတ်ထိုး လုပ်စားမှာမို့ လာခဲ့ဖို့ ပါ။
ကျမကလည်း ချက်ချင်း သားအဖေကို ဖုန်းဆက်ပြောပြတော့ သူကလည်း သွားချင်သွားဖို့ နဲ့ တစ်ခုခု ချက်ပြီး ယူသွားဖို့ ပါ စဉ်းစားရင်း ပြောဖြစ်ခဲ့ကြ၏။ တကယ်တော့ ၁၃ရက်နေ့ က ကျမတို့ ရဲ့ ( ၇ )နှစ်မြောက် နှစ်ပါတ်လည်မို့ ပြီးခဲ့တဲ့ အပါတ်က သွားလည်ခဲ့ခြင်း ဖြစ်ပါသည်။
သူတို့ ကလည်း ပြီးခဲ့တဲ့ အခေါက်က ကျမတို့ ကြေးအိုးဆီချက် ချက်ယူသွားပြီး သူတို့ အိမ်မှာ တပျော်တပါး စားခဲ့ကြသဖြင့် ပြန်လည် ကျွေးချင်တာလည်း ပါ ပါလိမ့်မည်။ သို့ သော် ကျမတို့ က သားလေး ခလေးဖေါ်နဲ့  ကစားရတာပေါ့ ..ဟု တွေးရင်း ၁၃ ရက်နေ့ က တစ်ခေါက် သွားခဲ့ကြပြန်ပါသည်။
ဆုံကြတော့ ထုံးစံအတိုင်း စကားတွေ ဖေါင်နေကြပါသည်။ စားလို့ ကလည်းကောင်း တော့ ဗိုက်တွေကလည်း တင်းနဲ့ ပါ။ ကျမတို့ လူကြီးတွေ စားဝင်သလောက် သားလေးကတော့ ကျွေးသမျှ ငြင်းနေသဖြင့် နဲနဲပဲ ၀င်ပါသေးသည်။ ကျမလည်း သားအဖေကို ကပ်ပြီး တိုးတိုး တိုင်ပင်မေး မေးမိ၏။ ပြီးကျမှ ရှော့ပင်းမော်လ်သွားပြီး သားအကြိုက် တစ်ခုခုကျွေးကြရန်ပါ။
ထိုစဉ် ညိုက ဧည့်ခန်းထဲက ရေခဲသေတ္တာဖွင့်လို့ ဗူးတစ်ဗူးကို ယူလိုက်ပါသည်။ ခဏတာ တံခါးအဖွင့်အပိတ်အတွင်း သားက ဘာကို တွေ့ သွားသည် မသိပါ။ ချက်ချင်း အပြေးသွားကာ ဇွတ်အတင်း တံခါးဆွဲဖွင့်ပါတော့သည်။ ကျမက မဖွင့်ဖို့ တားနေသော်လည်း ညိုက မြင်သဖြင့် တံခါးပြန်ဖွင့်ပေးလိုက်တော့ သူက တံခါးရွက်က နွားနို့ ဗူးကို ထိုးပြပါတော့သည်။ ထိုအခါမှ ညိုက .. အော် ဟုတ်ပ ။ခလေးက စားချင်တာ သူ့ ဟူသူ ရှာရတယ်။ တီတီက အကြိုက်ကို မကျွေးတတ်ဘူးနော်… ဆိုကာ ခွက်လေးထဲ ထည့်ပေးလိုက်ပါသည်။ တခါတည်း မော့သောက်လိုက်ပြီး ထပ်တောင်း ၊ ထပ်မော့ ။ ပြီး ထပ်တောင်း ထပ်မော့၊ ၃ခါပြီးမှ ပြီးသွားတော့သည်။
ညိုတို့ အိမ်က ပြန်တော့ ရှော့ပင်းမောလ်ဝင်ပြီး ကျမတို့ က ကော်ဖီသောက်၊ သားကိုတော့ သူ့ အကြိုက် ပေါင်မုန့် မီးကင်ကျွေးကြပါသည်။ ကျမတို့ စားနေစဉ် ဘေးစားပွဲကို မျက်စိရောက်တော့ တစ်ခုသတိထားမိလိုက်ပါသည်။ လူကြီး နှစ်ယောက်ကြားက သားငယ်လေးက အော်တစ်ဇင် ရောဂါရှင်လေးပါ။ ၂နှစ်ကျော်အရွယ်လေးလောက်ပင်ဖြစ်ပါသည်။ ကျမမှာ သူ့ ကို ကြည့်ရင်း သူလေးကို သနားနေမိသလို ဘေးနားက အမေဖြစ်သူကိုလဲ ကိုယ်ချင်းစာနေမိပါသည်။ ထို့ ပြင် အတွေးလဲ ၀င်လာပါသည်။
အော် ကျမတို့ သူတို့ နဲ့ နှိုင်းစာပါက ကံကောင်းလှပါသည်။ ကျမ အပူကြီးပူပြီး သားလေးအတွက် စိတ်မကောင်းနေရသည်က ကုရသည့်အခြေအနေမျိုးပါ။ သူတို့ လိုများ..အို ကျမဆက်မတွေးချင်သလို သားအဖေကိုလည်း ပြောပြနေမိပါသည်။သားအဖေက.. ဒါကြောင့်ပြောတာပေါ့ လျှောက်တွေးမနေပါနဲ့ ။ အေးဆေးပါ။ ပူစရာမလိုတဲ့ အခြေအနေပါ..ဟု ကြုံတုံး သူပြောချင်တာ ပြောလိုတာလည်း ပါပါမည်။ ကျမကို အားပေးပါသည်။ ကျမ သူတို့ အတွက် စိတ်မကောင်းဖြစ်မိသလို သားအတွက်တော့ စိတ်အားတက်မိပါသည်။
အပြန်လမ်းမှာတော့ သားက မောပန်းပြီး ချက်ချင်း အိပ်မောကျသွားသလို ကျမကတော့ စိတ်သက်သာပေါ့ပါ့းနေပါသည်။ သားအဖေကတော့ သား သူ့ ဟာသူ နို့ ဗူးလက်ညှိုးထိုးပြီး ရှာသောက်တာကို သဘောတကျ ပြန်လှန်ပြောနေပါသည်။ ဘာပဲဖြစ်ဖြစ် သူ့ ဟာသူ သူလိုချင်တာ သူရှာဖွေတတ်တဲ့ သူ့ စိတ် ကလေးကို နှစ်သက်နေလေသည်။ ကြီးလာခဲ့လျှင် ကိုယ့်အားကိုယ်ကိုးစိတ်ကလေးရှိလာမဲ့ သူ့ စိတ်ဓါတ် အစပျိုးလေးဖြစ်လေမလား...။
( ကျမတို့ တုံးကတော့ အသက် ၃၀ကျော်ထိ မိဘများနဲ့ အတူနေတုံး ၊ အမှန်အတိုင်းဆိုရပါက မှီခိုတုံး။ သားတို့ ခေတ်ကျလျှင်တော့ အစစပြောင်းလဲလာသည့် အခြေအနေများအရ ငယ်စဉ်ကတည်းက ကိုယ့်အားကိုယ်ကိုးပြီး လျှောက်လှမ်းရမည့် အနေအထားမျိုး။ ကျမတို့ တတွေ သူ့ ပင်ကိုယ် မူလ စိတ်ဓါတ်၊ အတွေးအခေါ်။ အပြုအမူလေးများကို စောင်ကြည့်မှတ်သားရင်း ထိုအချက်များအပေါ်အခြေခံပြီး မည်သို့ သော ရှေ့ဆောင်လမ်းညွှန်မှုကောင်းများ ပေးရမည်နည်းဟု လေ့လာနေရချိန်ဖြစ်ပါသည်။)
ဒီတစ်ခါ အဘူဒါဘီက ပြန်လာအပြီး လည်း မေ့ပျောက်သွားပြီထင်ထားသော ပါးစပ်ပိတ် စကားပြောသည်ကို သားက ပြန်ပြောပြန်ပါသည်။ ကျမက တစ်ခါ စိတ်တိုကာ.. ပြောပြန်ပြီလား ဒီပါးစပ်ကြီး ပိတ်ပိတ်ပြီး..စကား မပြောတတ်တဲ့သူတွေလို...နဲ့ အော်မိပြန်ပါသည်။ ညရောက်တော့ သားအဖေကို ပြောပြတော့ သားအဖေက ကွမ်းဝါးရင်း စကားပြန်ပြောပါသည်။ ထိုအခါမှ ကျမလည်း သူ ပါးစပ်ပိတ်ပြီး စကားပြောတာကို သတိထားမိသွားကာ ၀မ်းသာသွားပါသည်။ သားအဖေကို တော့ စိတ်တိုလျှက်ပါ။
သားအဖေက အဘူဒါဘီကနေ ကွမ်းဝယ်ဝယ်လာပြီး ကွမ်းကိုဝါး၊ စကားပြောဖို့ လိုလာလျှင် ကွမ်းဝါးလျှက်ဆိုတော့ ပါးစပ်စိပြီး စကားကိုပြော၊ ဒါကို သားက အတုယူပြီး အဖေပြောသလို လိုက်ပြော။ ဟင်း..ခုမှ ဟင်းချနိုင်ပါသည်။ ကျမမှာ ဘာမှန်း ညာမှန်းမသိနိုင်စွာ အတိတ်နမိတ်တွေကောက်ပြီး စိတ်တွေပူနေမိခဲ့ရပါသည်။
ကျမမှာ မနေနိုင်စွာ ထိုအကြောင်း မန်းလေးမှ သူငယ်ချင်းကို ပြောပြတော့ .. ခလေးကတော့ ကြံကြံဖန်ဖန် အမေကို စတတ်တယ်...ဟု မှတ်ချက်ချခဲ့ပါသေးသည်။ အေးဟာ...လူကြီးက စိတ်ပူလို့ ပြောလေ သူက သဘောတွေကျလို့ ထပ်ပြောလေနဲ့ ...ဟု ပြောပြဖြစ်ခဲ့သေးပါသည်။
+ + +
ဒီလိုနဲ့ ၁၇.၅.၁၁ ရက်နေ့ ညောင်ရေသွန်းပွဲတော်နေ့ ကဆုန်လပြည့်နေ့ ကစ သီလယူဖြစ်ခဲ့ပါသည်။ ကျမမှာ ကိုယ့်ဟာကို အထိန်းအကွပ်လေးရှိနေဖို့ ဂျီတော့ခ်မှာပင် ဥပုသ်ယူထားကြောင်း ရေးထားလိုက်ပါသည်။ အများသိထားပြီဖြစ်သဖြင့် တော်ရုံနဲ့ ဖျက်ဖို့ မလွယ်တော့ပါ။ ကျမမှာ ကိုယ့်စိတ်ကို ထိန်းဖို့ ချည်ကြိုးများစွာနဲ့ ပါ။
ထုံးစံအတိုင်း ပထမဦးစွာ ချောချောက .. ရည်ရှည်ကြီး..အဲလောက်တောင် မစောင့်ပါန့ဲ ။ ခလေးတင် မဟုတ်ဘူး လူကြီးတွေပါ ခလေးကို ကောင်းကောင်းပြုစုဖို့ အားပြည့်နေမှ...ဟု စေတနာအပြည့်ဖြင့် ပြောလာပါသည်။ ကျမက ခလေးခွဲမှာမို့ အကြောင်းပြလိုက်တော့ အင်း ဒါလဲ ဟုတ်တာပါပဲ..ဟု လက်ခံသွားပါသည်။ သားအတွက် ဆုတောင်း ဘုရားစာရွတ်ဖို့  အဓိက ဖြစ်သလို အဆိုးမြင်အတွေးများကို မေ့ပျောက်နေဖို့ ကလဲ အကြောင်း တစ်ကြောင်းပင်။
ထို့ ပြင် ဟိုးအရင် သားမမွေးခင်က ထိုးခဲ့ဘူးသော နှစ်ချောင်ထိုးအပ်များနှင့် ၀ယ်ထားပြီး ဆက်မထိုးဖြစ်ပဲ သိမ်းထားခဲ့သော ချည်များကို ပြန်ရှာဖြစ်ခဲ့ပါသည်။ ကျမ ချည်ပြန်ထိုးဖို့ ဆုံးဖြတ်လိုက်ပါသည်။ သားအတွက် ဆောင်းတွင်းဝတ် အနွေးထည်လေးများ ဆောင်းအမှီပြီးဖို့ အတွက်။ နောက်တစ်ခုက အဒေါ်တစ်ယောက်ပြောဖူးသလို ချည်ထိုးတာ တရားထိုင်သလိုပဲ စိတ်ကို ချည်ထိုးတာမှာ နှစ်ထားရင်တဲ့။ ကျမ အစ်ကိုကြီးကတော့ ပြောဖူးပါသည်။ မိန်းခလေးတွေ ချည်ထိုးတာ ကြည့်ရတာ အိနြေ္ဒရသလို ကျက်သရေရှိတယ်…ဟု။ ကျမအတွက်ကတော် လူ အိနြေ္ဒရဖို့ ထက် စိတ်တည်ငြိမ်အိနြေ္ဒရဖို့ အရေးကြီးသည့် အချိန်ပါ။
နောက်တစ်ချက်က ကျမ သေသေချာချာတွေးဖို့ လိုလာပါပြီ။ ဒီလို အတွေးတွေ တွေးနေဖို့ ထက် အခုနေ ဘာလုပ်သင့် သလဲ ဆိုတာကိုပါ။ ဥပုသ်လဲ ယူထားတော့ စိတ်ကလေးက အတန်အသင့် ငြိမ်နေပါပြီ။ ကောင်းကောင်း တွေးဖြစ်သလို အမြင်လဲ ကြည်နေပါပြီ။ ထို အခါမှပင် ငါ့နှယ်နော်..ဘာဖြစ်လို့ များ သားအပေါ် မကောင်းတဲ့ အတိတ်နမိတ်တွေ ထားမိနေပါလိမ့်..ဟု ကျမကို ကျမ ဒေါသထွက်နေမိပါသည်။
ကျမတို့ သားလေး..၂နှစ်၇လသာ ရှိသေးပေမဲ့ ဘုရားမှန်း တရားမှန်းသိသူလေး။ မနက်တိုင်း ကျမ ရှိခိုးတိုင်း ကျမနောက်က ထိုင်လို့ ဦးတော်လုပ်မြဲ။ ညအိပ်ရာဝင်တိုင်း မိဘတွေက ပြောစရာ မလို … သူ့ အသိလေးနဲ့ သူ ဦးချပြီးမှ အိပ်တတ်သူလေး။ အိပ်ဖို့ ပြင်ပြီးမှ ဦးမချရသေးတာ သတိရပါက သားသားကြီး ဦးချရသေးဘူးလေ… ဆိုကာ ထထိုင်ပြီး ဦးချတတ်သူလေး။ ဆော့ရင်း ကစားရင်း အသားတုံးလေးတွေ အကြီးအပေါ်အသေး ထပ်ဆင့်စီရင်း သားသားဦးတော်လေးဆိုကာ ဦးချတတ်သူလေး။ ပုဂံက ပြန်လာပြီးချိန်ကစလို့  တီဗွီကြည့်ရင်း အဆောက်အဦး ချွန်ချွန်တွေ့ တိုင်း ဦးတော်တွေလေ ဆိုကာ ဦးချတတ်သူလေး။
အဖွားတွေနဲ့ အတူ အခင်းလေးတွေခင်း လို့ အခင်းပေါ်ထိုင် ဘုရားရှိခိုးတတ်ပြီးနောက် ဖျာလို အခင်းသေးသေးတွေတွေ့ တိုင်း ထိုင်ကာ ဦးချတတ်ပါသေးသည်။ ခြေသုတ်ခုံပေါ်လဲထိုင်ဦးချတတ်၏။ သူ ၁နှစ်ကျော်ကျော်က မှတ်မှတ်ရရအဖြစ်တစ်ခုပါ။ ကျမတို့ မျက်မှန်ဆိုင်သို့ မျက်စိစမ်းရန်သွားခဲ့စဉ်ကပါ။ ကျမတို့ သုံးယောက် ဆိုင်ထဲရောက်ဆို သားက ဆိုင်အလယ်သို့ အပြေးသွားကာ ဒူးကလေးထောက်ထိုင်ပြီး ဦးချပါတော့သည်။ သူ့ ရှေ့မှာက မျက်မှန်ကောင်တာတွေပဲရှိပါသည်။ ကျမတို့ က ပြုံးမိသွားသလို ဆိုင်က ၀န်ထမ်းက ဝေခွဲမရတဲ့ အကြည့်နဲ့ ကြည့်လို့ ။ ကျမတို့ သေချာ ကြည့်မိတော့မှ အဖြစ်မှန်ကို သိရပါတော့သည်။ ဆိုင်အလယ်တွင် ခင်းထားသည့် ကြွေပြားလေးပြားက ပန်းဒီဇိုင်းနှင့်ဆိုတော့ သူ့ အမြင်မှာ ဘုရားရှိခိုးစဉ် ခင်းသည့် အခင်းလို့ ထင်ပုံရပါသည်။ ထို့ ကြောင့် ကြွေပြားလေးပြားအလယ်မှာထိုင်ပြီး မှန်ကောင်တာများကို ဦးချခြင်းဖြစ်ပါသည်။
ဦးချလျှင်လည်း ကျမတို့ သင်ပေးထားသည့်အတိုင်း ထိခြင်းငါးပါးအပြည့်ဖြင့် ပီပီပြင်ပြင် ချတတ်ပါသည်။ ငယ်ရွယ်သူကိုယ်ပိုင်အသိကလေးဖြင့် ဘုရားကိုဦးတည်လို့ မဟုတ် ပုဂံမှ ဘုရားများလိုအထင်ဖြင့် တွေ့ သမျှ အဆောင်အဦးချွန်ချွန်ကို သော်လည်းကောင်း၊ အခင်းသေးသေး ပုံစံတူကိုပေါ်ထိုင်လို့ သော်လည်းကောင်း ဦးချတတ်ခဲ့၏။ မည်သို့ သော အကြောင်းဖြစ်ပါစေ ကျမတို့ ကျေနပ်ခဲ့ကြ ပီတိဖြစ်ခဲ့ကြပါသည်။
ယခုသော် သားလေး ကောင်းကောင်းသိသွားသလို ဗုဒ္ဓံ ပူဇေမိ၊ ဓမ္မံ ပူဇေမိ၊ သံဃံ ပူဇေမိ ရွတ်ပြီး ဦးချတတ်နေပြီ ဖြစ်သလို ကျန်းမာကြပါစေ ကိုလည်း သူ ရွတ်တတ်သလို .. ကျန်းမာမမစေ…လို့ ညတိုင်း မပျက်မကွက် ဆုတောင်းတတ်ပါပြီ။ ရေချိုးတိုင်း ကျမက ပထမတစ်ခွက်ကို ဘုရားရေလို့ ရွတ်ရင်း လောင်းလိုက်၊ ဒုတိယခွက်ကို တရားရေ၊ တတိယခွက်ကို သံဃာရေ၊ မိဘရေ၊ ဆရာရေလို့ ငါးခွက် ရွတ်ဆိုလောင်းပေးပြီးမှ ကျန်တာဆက် ချိုးပေးခဲ့သဖြင့် ယခုဆို သူ့ ဟာသူ ရွတ်ရင်း ချိုးတတ်နေပါပြီ။ ဘုရား၊ တရားနဲ့ မဝေးသူလေးပါ။
ထိုကဲ့သို့ ဘုရား တရားသိတတ်လှသည့် ခလေးအပေါ် ဘာကြောင့်များ အဆိုးတွေး တွေးနေမိပါလိမ့်။ ကျမကို ကျမ စိတ်တိုနေမိပါသည်။ စိုးရိမ်စိတ်လွန်အတွေးဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မည်။ သူ ၏ ကောင်းသော အလုပ်အတွက် ကောင်းသောကံလေးရှိနေမှာ တွေးမိတော့ စိတ်ပါ့ပါးသွားပြန်ပါတော့သည်။
ကျမအသိကောင်းလေးဝင်လာတော့ တဖန် နောက်တမျိုးဝင်လာပြန်ပါသည်။ ယခုချိန်ထိ ကျမမှာ စိတ်အေးချမ်းမှု မရှိသေးပါ။
အတွေးတွေ ပျံ့ လွင့်တော့ အသိလေးပြန်ကပ် ဘုရားစာပြန်ရွတ်။ တစ်ခါ အတွေးကပြန်ရောက် အသိပြန်ဝင် ပြန်ရွတ်ဖြင့် စိတ်ကို ထိန်းနေရပါသည်။ သို့ သော် စိတ်ကို ထိန်းရခက်မှန်း ကိုဟိုးအရင်ကတည်းက အတွေးများသူမို့ ကိုယ့်ဟာကို သိခဲ့ပါသည်။ ခုလောက် ခက်မှန်းတော့ ခုမှ သိရတော့သည်။ ဘယ်လောက် အသိ သတိရှိရှိ စိတ်က လွင့်တုံး တွေးတုံးသာပင်။
ဒီတခါ ကျမကို ကျမ ဆန်းစစ်နေမိခြင်းပါ။ ငါ့ကြောင့်များ သားလေးအပေါ် တစ်ခုခု ဖြစ်ခဲ့ရင်ဖြင့် ဘယ်လိုမှ ဖြေဆည်လို့ ရနိုင်မည် မထင်တော့ပါ…။ အို ကျမလောက် အဆိုးမြင်တဲ့သူ မရှိလောက်ပါ။ သားလေးရဲ့ ကံကို ယုံကြည်ပါသည်။ သို့ သော် အမိ အဖကြောင့်များ သားလေးခံစားရလေမလား။ တကယ်တော့ ယုတ်တိမရှိပါ။ သို့ သော်….
ကျမ တကယ်ကို ထိုသို့ တွေးနေမိပါသည်။ ငါ့ကြောင့်…ငါ့ကြောင့်…ငါ့ကြောင့်…ကျမကိုယ် ကျမ သိပါသည်။ ဆိုးခဲ့ဘူးသလို တစ်ခါတစ်ရံ ဆိုးဆဲပါ ။ ထို့ ကြောင့်လည်း ငါ မိဘ မောင်ဖွားတွေပေါ် ဆိုးခဲ့တာများ သားလေးပြန်ခံစားရမလား..ဟု တွေးရင်း ပူပန်လာပြန်ပါသည်။ ငါ့နှယ်နော် မဆီမဆိုင်..ဟု စိတ်က ရောက်ပေမဲ့ တကယ်ကို တွေးမိပါသည်။ မဖြစ်ပါစေနဲ့ ..မဖြစ်ပါစေနဲ့ ..သာ တွင်တွင် ရွတ်ရင်း ဘုရားမှာ ဆုတောင်းနေမိပါသည်။ တစ်ခါတစ်ရံလည်း စိတ်ဆင်းရဲနေမိပါသည်။ ဘာကြောင့်မှန်းတော့ မရေရာခဲ့ပါ။
ပုဂံကပြန်လာပြီးကတည်းက အဆောက်အဦးချွန်ချွန်မြင်တိုင်းဦးချတတ်တဲ့သား
ReplyDeleteသားလေးကိုအတော်သဘောကျသွားမိတယ်...၊ချစ်စရာကောင်းလိုက်တဲ့သား
သားလေးပဲ...၊