Sunday, August 21, 2011
ဝမ်းသာရင်း ကျေးဇူးတင်နေမိပါသည်...( ၉ )
၎.၆.၁၁ စနေနေ့ ရောက်တော့ သားကလည်း စနေသားဖြစ်သူမို့ ဘုရားမှာ ဆွမ်း၊ ဟင်း၊သစ်သီး၊ပန်းကပ်လှူရင်း ကျမတို့ သာမက သားကိုပါ ရှိခိုး ဆုတောင်းစေခဲ့ကြပါသည်။သားကလည်း သူဆိုတတ်သလို ဆိုရင်း ကျန်းမာမမစေ….ပါ ရွတ်လို့ ရှိခိုးဦးခိုက်ပါသည်။
နေ့ လည်စာ ထမင်းစားပြီးကြတော့ မိတ်ဆွေတွေကို လိုက်ပို့ ရန်ဆေးရုံသို့ ထွက်ခဲ့ကြပါသည်။ ဆေးခန်းထဲ ၀င်လိုက်သည်နှင့် နှုတ်ဆက်သံကြားသဖြင့် ကြည့်လိုက်ကြရာ  သားအဖေ၏ မန်နေဂျာကို တိုက်တိုက်ဆိုင်ဆိုင် မထင်မှတ်ပဲ တွေ့ လိုက်ရပါတော့သည်။ တွေ့ ကြတော့ သားအကြောင်း ထပ်ခါမေးဖြစ် ပြောဖြစ်ခဲ့ကြပြန်ပါသည်။ မိတ်ဆွေတို့ လုပ်စရာပြီးတော့ ကံကောင်းစေဖို့ ဆုတောင်းပေးသည့် သားအဖေ၏ မန်နေဂျာနှင့် မိန်းမတို့ ကို  နှုတ်ဆက်ပြီး ပြန်ခဲ့ကြပါသည်။ 
ကားထားရာရောက်တော့ မိတ်ဆွေများကို လမ်းခွဲနှုတ်ဆက်ရင်း ကျမတို့  ကားဆီသို့ ထွက်ခဲ့ကြပါသည်။ ကားပေါ်မတက်ခင် မိတ်ဆွေက သားကို အရုပ်ပေးရန်ခေါ်သဖြင့် သားက သူတို့ ကားဆီသို့ သွားကာ ယူပါသည်။ 
သားပြန်လာတော့ ကျမက ကားပေါ် တက်ဖို့ အဆင်သင့်ဖြစ်နေသဖြင့် မိတ်ဆွေက ရတယ် ရတယ်အစ်မ ..ကျမ ခလေးကို ဒီဘက်က တင်ပေးလိုက်မယ်…ဆိုကာ သားထိုင်ရာခုံပေါက်သို့ လိုက်ပို့ ပေးပါသည်။ သားက သူ့ ဟာသူ တက်ထိုင်ရင်း ကားပေါ်ရောက်၊ ခါးပါတ်ပတ်ပေးပြီး ထွက်ခဲ့ကြပါတော့သည်။
ကျမတို့ သွားလိုရာ ရှော့ပင်းမောလ်အရောက် ကားပေါ်က ဆင်းဖို့ ပြင်ကြတော့ သားက အော်ပါတော့သည်။ သားသားဖပ်ဖပ်ရော သားသားဖပ်ဖပ်ရော…ဟု။ သားထိုင်ခုံအောက် ရှာကြည့်တော့ တစ်ဖက်က ပါမလာခဲ့တော့ပါ။ သားက ပါးစပ်က ရွတ်လို့ မဆုံး သူ့ ဖိနပ်ပျောက်သဖြင့်။ ကျမက.. မေမေအသစ် ၀ယ်ပေးမယ်နော် ခု ဖေဖေက ချီခဲ့မယ်တဲ့။ သား ဒီအတိုင်း လိုက်ခဲ့…ဟု ကျေနပ်အောင်ချော့ပြောပြီး ချီခဲ့ရပါတော့သည်။
လုပ်စရာရှိတာလုပ်အပြီး အပြန်လမ်းတလျှောက် ကျမနှင့် သားအဖေတို့ အတွေးတူစွာ တွေးဖြစ်သလို ပြောလည်း ပြောဖြစ်ခဲ့ကြပါသည်။ အယူသီးသည်ပဲ ပြောပြော၊ ဒါတွေနဲ့ မဆိုင်ပါဘူးကွာ…ဟုပဲ ဆိုချင်ဆို တွေးရင်း ပြောရင်း ကျမတို့ စိတ်ဖြေရာ စိတ်သက်သာရာရခဲ့ကြရသည်တော့ အမှန်ပါပင်။ စနေသား သားရဲ့ စနေနံ ဖိနပ်က စနေနေ့ မှာပဲ သားခွဲရမည့် ဆေးရုံမှာပင် တိုက်တိုက်ဆိုင်ဆိုင် ကျပျောက်ခဲ့ပါသည်။ စနေနံထွက်သွားသည့်အတွက် ကျေနပ်ခဲ့မိကြပါသည်။ 
ညရောက်တော့ အိမ်နားက ရှော့ပင်းမောလ်သို့ ထမင်းစားပြီး လမ်းလျှောက်သဘော ထွက်ခဲ့ကြပါသည်။ သားအတွက်ကတော့ ကျယ်ကျယ်ဝန်းဝန်း ပြေးလွှားဆော့ကစားရာ နေရာတစ်ခုပါ။ရောက်တော့ နွေရာသီ ဈေးရောင်းပွဲစနေပြီဖြစ်သဖြင့် အားလုံးက ၀ယ်ချင်စရာချည်း ဖြစ်နေပါသည်။
သားအဖေက ဖိနပ်တစ်ရံကို တကြည့်ကြည့်ကြိုက်နေသဖြင့် ကျမက.. လိုချင်ဝယ်နော် ဒီအချိန်ပဲ ဈေးချတုံး ၀ယ်ကောင်းတာ။သို့ မို့ ဆို ဈေးကကြီးနဲ့ ဝယ်မပေးဘူးနော်…ဟု ကျမက သူကြိုက်နေသည်ကို မြင်သဖြင့် ၀ယ်ဖြစ်ဖို့ တိုက်တွန်းနေမိပါသည်။ သူက.. အေးပါ သိပါတယ်။ ဒါပေမဲ့ နောက်မှ။ ခုမ၀ယ်သေးဘူး…ထပ်ခါ ထပ်ခါပြောနေသဖြင့် ကျမကလည်း ထပ်ခါ.. အေးနော် ပြီးခါမှတော့ ၀ယ်မပေးဘူး။ ခုချိန်ဝယ်ချင်ဝယ်ပဲ…ဟု ထပ်ပြောမိပြန်ပါသည်။ သူကလည်းထပ်ခါ.. ခု ၀ယ်သေးဘူး၊ ပြီးမှ  ။ ညီးမသိသေးပါဘူးအေ…ဟု ဆိုပါတော့သည်။ 
ကျမက ဇွတ်အတင်း ဘာလို့ လဲ … မေးကာမှ ဖိနပ်က စနေနံမို့ …ဟု တိုးတိမ်စွာ ဖြေပါသည်။ ကျမမှာလည်း ထိုခါမှ ရပ်ပါတော့သည်။ ဟုတ်ပေသားပဲ…ဆိုကာ ညီမငယ် ရွှေဖြူက သားအတွက် ရှူးဖိနပ်လေးလက်ဆောင်ဝယ်ပေးထားသည်ကို ပေးသူကိုမှ အားမနာနိုင်စွာ အယူသီးလှသည်မဟုတ်လှပဲ နောက်မှယူမယ်၊ သိမ်းထားပေးအုံး…ပြောခဲ့သည်ကို သွားသတိရမိပါတော့သည်။ သူမက ပေးချင် ၊ စီးစေချင်လှပေမဲ့ မတတ်နိုင်ပါ။ ငြင်းဆန်ခဲ့ကြပါသည်။ ကျမတို့ စိတ်ထဲတွင် ဒီအကြောင်းနဲ့ ပါတ်သတ်ပြီး စိတ်ထဲစွဲကာ ခါးခါးသီးဖြစ်နေသည်တော့ မဟုတ်ရပါ။သို့ သော် ဒါကြောင့်ဆိုပြီးတော့ဖြင့် နောင်တမရချင်ကြပါ။ သို့ ဖြင့် အစစ သတိထားပြီး ဘုရား၊တရားကို စိတ်ထဲမြဲမြဲစွဲလို့  အရာရာ အကောင်းဆုံး ပြင်ဆင်ခဲ့ကြပါသည်။
+                                                          +                                                          +
၅.၆.၁၁ ၊ တနင်္ဂနွေနေ့ ။ မနက်ဖြန်ဆိုလျှင် သားလေးခွဲရ စိတ်ရပါတော့မည်။ ပြီးလျှင်ဖြင့် ပူပန်နေရမှုတွေ ပျောက်လို့ သားလေးလည်း  နေကောင်းကျန်းမာဖြစ်လာပါတော့မည်။ စောင့်ရသည့် ရက်များလည်း မောပန်းစွာ ကုန်ဆုံးပါတော့မည်။ 
စိတ်က ဘုရားစာကိုသာ တွင်တွင်ရွတ်ရင်း လုပ်စရာရှိတာ စဉ်းစားကာ ဆက်တိုက်လုပ်နေဖြစ်ပါသည်။ စာတွေဖတ်ထားသဖြင့် ဆေးရုံက ဆင်းလာလျှင်လိုအပ်မည့်အရာများထဲက ကြိုတင် လုပ်လို့ ရသည်များ ကိုလည်း သတိတရ လုပ်နေဖြစ်၏။
ကျမက အိတ်တွေ အထုပ်အပိုးတွေပြင်တော့ သားက ခုန်ပေါက်ပျော်နေ၏။ ကျမက အိတ်ထဲသို့ သား၏ အ၀တ်သုံးလေးစုံ၊ အရုပ်နဲ့ ကားပုံစာအုပ်တွေ သေချာမမေ့အောင် ထည့်ရင်း သဘောပေါက်လိုက်ပါသည်။ သားအထင် ကျမတို့ မန်းလေးသို့ သွားဖို့ ပြင်ဆင်ထည့်သိုနေသည်ဟု။ ပါးစပ်ကလည်း .. ကိုကိုတို့ မမတို့ …တတွတ်တွတ်ပြောလို့ ။ ပျော်နေပါစေ။ ခုချိန်ထိ ကျမတို့ ခွဲသည်နှင့် ပါတ်သတ်သည့်အကြောင်း သူ့ ကို ပြောပြဖို့ ဆုံးဖြတ်ထားလင့်ကစား မပြောပြရသေးပါ။
ညနေ သားအဖေ ရုံးကပြန်ရောက်တော့.. ကဲ အားလုံး လုပ်စရာရှိတာတွေ လုပ်ခဲ့ပြီးပြီ။ ခလေးအတွက် လုပ်ဖို့ ပဲရှိတော့တယ်…ဆိုကာ စီစဉ်ထည့်သိုထားသမျှပြန်စစ်ရင်း မနက်ဖြန်အတွက် အဆုံးသတ် ရပါတော့သည်။ ကဲ လိုရင်လဲ ထွက်ဝယ်တာပေါ့၊ ထားလိုက်တော့။စိတ်အေးအေးထားပြီး မနက်ဖြန်အတွက်နဲ့ နောက် ၁၀ရက်အတွက် ပြင်တော့…ဟု ထပ်မံဆိုရင်း စိတ်လှုပ်ရှားနေမှုကို ဖုံးကာ အိပ်ရာ ၀င်လိုက်ကြပါတော့သည်။
ကျမမှာတော့ ဘုရားရှိခိုးဆုတောင်းမပျက် ဆုတောင်းလျှက်က စိတ်ပိုမောနေပါသည်။ အလူးလူး အလှိမ့်လှိမ့်ဖြင့် တော်တော်နဲ့ အိပ်မပျော်နိုင်ခဲ့ပါ။ အတွေးများ ပိုမိုပြီး ယောက်ယတ်ခတ်နေပါသည်။ ဘယ်လိုများခွဲမှာပါလိမ့်၊ ဘာတွေများဖြစ်….အို မဆုံးနိုင်သေးသော အတွေးဆိုးများဖြင့် စိတ်ရော လူပါ မငြိမ်သက်နိုင်ပါ။
+                                                          +                                                          +
၆.၆.၁၁ တနင်္လာနေ့ ။ မနက် ၇ နာရီအရောက်သွားရမှာမို့ စိတ်စောစွာ နိုးတ၀က် ပျော်တ၀က် တစ်ညတာကို ဖြတ်ရင်း စောစောစီးစီးနိုးနေပါသည်။
ကျမ မျက်နှာသစ် သွားတိုက်လုပ်စရာရှိတာလုပ်အပြီး ရေချိုးခန်းထဲက ထွက်လာတော့ သားအဖေသာမက သားပါ စောစီးစွာ နိုးပါတော့သည်။ မနက် ၆နာရီကျော်တာနဲ့ ရေကအစ မတိုက်ရတော့သည်ကို သတိထားပြီး သားကို အမြန်ပင် မျက်နှာသစ်၊ သွားတိုက်လုပ်ပေးပြီး ရေတိုက်ရပါသည်။
အားလုံးအဆင်သင့်ဖြစ်တော့ ကျမက ဘုရားမှာ ရှိခိုး ဆုတောင်းလုပ်ပါသည်။ ကျမ ရှိခိုးအပြီး သားက ကျမတို့ ဘာမှ မပြောရပဲ ဘုရားစဉ်ရှေ့သွားလို့ ရှိခိုး ဆုတောင်းပါတော့သည်။ ကျမတို့ နှစ်ယောက်လုံး .. အေးအေး သားသားက ဂွတ်ဘွိုင်းနော်။သားသား ကျန်းမာပါစေ…ဆုတောင်းပေးမိကြပါသည်။ ကျန်းမာပါစေကလွဲလို့ ကျန်တာ သတိမရမိတာလည်း ကြာခဲ့ပါပြီ။ ခလုတ်ထိမှ အမိတ ဆိုချင်ဆို။
၆နာရီကျော်တော့ အိမ်ကစထွက်ခဲ့ကြပါတော့သည်။ စိတ်ထဲတွင် အကောင်းဆုံးဖြစ်ဖို့ ဆိုသည်ကို စွဲထားပါလျှက် စိတ်မောပန်းလေးပင်စွာေ၀၀ါးနေပါသည်။ ခေါင်းလည်း တွေးရ မောရလွန်းသဖြင့် ထူနေ အုံနေပါပြီ။ ဘာမှလည်း ကြည်ကြည်လင်လင်ပြတ်ပြတ်သားသားရှိမနေပါ။
ဆေးရုံသွားရာလမ်းတလျှောက် ဘေးဝဲယာကြည့်ရင်း သားကိုသာ မကြာမကြာ ကြည့်နေမိသည်။ စိတ်ထဲကလည်း ဘာမှ စိုးစိုးဝါးဝါးမဖြစ်ပါစေနဲ့ တွင်တွင်ဆုတောင်းရင်း မောနေပြန်ပါသည်။ ကားမောင်းရင်း သားအဖေထံမှ သက်ပြင်းချသံကိုလည်းကြားနေရ၏။ သားအဖေရော ဘာတွေ အတွေးရောက်နေလို့ ပါလိမ့်… တချက်တချက် မျက်ရည်ဝေ့လာကာ ၀မ်းနည်းနေမိပြန်သည်။ 
သားကတော့ အိတ်များသယ်ကာ ကားနဲ့ သွားကြသည်ကို ပျော်နေပါသည်။ ၀ူး…ဟု သံရှည်စွဲရင်း လက်ကို အပေါ်မြှောက်ပြီး လေယာဉ်ပျံသလို လုပ်ပြရင်း.. ဟိုး အဝေးကြီးကိုသွားမှာနော်။တီတီတို့ မမတို့ ရှိတယ်လေ…ဆိုကာ မန်းလေးသွားသည်အထင်ဖြင့် ပျော်နေပါသည်။ ကျမမှာ သူ့ ကို အလိုက်သင့် စကားပြန်ပြောနေမိပေမဲ့ ဘာတွေပြန်ပြောနေမိမှန်းမသိပါ။
ကျမရက်ပေါင်းများစွာကို စောင့်စားကျော်ဖြတ်ခဲ့ပြီး ဒီနာရီပိုင်းအလို အချိန်လေးကို ခက်ခဲမွန်းကျပ်လှစွာ သီးမခံနိုင်လောက်အောင်ဖြစ်နေပါသည်။ ကျမ ဆေးရုံကို ရောက်ချင်လှပါပြီ။ ခွဲမည့် ၉နာရီ၁၅မိနစ်ကို ချက်ချင်းထိုးစေချင်ပါပြီ။ခွဲချိန် မိနစ် ၂၀ကို ကျော်လွန်စေချင်လှပါပြီ။ ပိုက်တွေတန်းလန်း ချိတ်ထားလင့်ကစား အားလုံးပြီးစီးလို့ အောင်အောင်မြင်မြင် ပြုံးပြုံးရွှင်ရွှင် မျက်နှာဖြင့် ကုတင်ပေါ်လဲလျောင်းနေသော သားလေးကို တွေ့ ချင်လှပါပြီ။ တကယ်ကို ကျမအတွက် အကြာဆုံးသော ၃နာရီပါပင်။
ဒီလိုနဲ့ ၇နာရီကျော်စမှာပင် ဆေးရုံသို့ ရောက်ပါသည်။ ကားသော့နဲ့ ကားကို ၀န်ထမ်း ဆီပေးခဲ့ပြီး ခွဲခန်းရှိရာ အဆောင်သစ်ဆီသို့ သုံးယောက်သား လှမ်းခဲ့ကြပါသည်။ သားလက်ကို ကျမကဆွဲလို့ ခေါ်လာတော့ သူထင်ထားသလို မဟုတ်သဖြင့် မျက်နှာက တမျိုးဖြစ်နေပါပြီ။ ခြေလှမ်းက လေးပင်စွာ လူကနောက်ချန်လို့ သူ အသိတစ်ခုခုဝင်လာပုံရပါသည်။ သိတ်မကြည်လင်တော့ပါ။
ဆေးရုံအဆောက်အဦးထဲရောက်တော့ သားအဖေက ရုံးခန်းထဲဝင်ကာ လိုအပ်သည့် စာရွက်စာတမ်း နှင့် ပေးစရာရှိသည်တို့ ပေးနေစဉ် ကျမနဲ့ သားက ထိုင်ခုံပေါ်ထိုင်ရင်းစောင့်နေရပါသည်။ ကျမစိတ်ထဲ စရေတွက်နေမိပါသည်။ ခုချိန်ကစလို့ သားလေး ခွဲဖို့ အတွက် စတင်ပါပြီ။ တကယ်ကို နဖူးတွေ့ ဒူးတွေ့ စပါပြီ။ ကောင်းဖို့ ကောင်းဖို့ ဆိုသည်ကို အသိထဲစွဲရင်း မှုန်ဝါးဝါးအတွေးတွေရှင်းဖို့ ကြိုးစားနေမိသည်။ကျမရင်တွေ တဒုန်းဒုန်းအခုန်မြန်နေပါပြီ။ သားကိုသာ မမှိတ်မသုန်ကြည့်ရင်း ဘုရားစာကိုသာတွင်တွင်ရွတ်ရင်း….။ နောက် ၃နာရီဆို … နောက် ၃နာရီဆို……
ဝန်ထမ်းတစ်ဦးခေါ်ဆောင်ရာနောက် ကျမတို့ ၃ယောက် လိုက်လာခဲ့ကြပါသည်။ လူနဲ့ စိတ်နဲ့ ကိုယ်နဲ့ တွဲနေသလား ဘာလားမသိ။ အခန်း၅၂၈ရောက် တံခါးဖွင့်ဝင်၊ အိတ်တွေချ ခုံပေါ်ထိုင်။ ပြီးထပ်စောင့်။ နောက်ထပ်တစ်ခါ ၉နာရီ၁၅ဆိုတာရောက်ဖို့ ။ မိနစ် ၂၀ကို ကျော်ဖို့ ။ နောက်ရှေ့မှာရှိနေသော ကုတင်ပေါ် သားလေးရောက်နေသည်ကို မြင်ရဖို့ ။
မနက် ၇နာရီ ၃၀ မိနစ်။ ၁၅မိနစ်ရှိသွားပါပြီ။ ဒီအခန်းထဲရောက်တာ။ ကျမရော သားအဖေပါ အိတ်တွေရွေှ့လိုက်၊ အခန်းထဲလျှောက်ကြည့်လိုက်၊ တီဗွီဖွင့်လိုက် ၊လိုင်းပြောင်းလိုက်။ တကယ်တော့ ဒါတွေအားလုံးကို လိုအပ်လို့ လုပ်နေကြသည်မဟုတ်ပါ။ စိတ်ရောကိုယ်ပါ မအားဖို့ ထင်ပါရဲ့ ။လုပ်မိလုပ်ရာ လုပ်နေမိခြင်းသာ။
သားကတော့ ခလေးဘာဝ နေရာသစ်ရောက်တော့လည်း ဆော့စရာရှာဆော့လို့ ။ မကြာပါ အဖေနဲ့ အမေတို့မျက်နှာကြည့်ရင်း သူပါ ငြိမ်သွားကာ အဖေနားကပ်လိုက် အမေနားကပ်လိုက်ဖြင့် ဘာမှန်းမသိ အဖြေရှာနေသလို။ကျမကတော့ ဘာမှ မပြောနိုင်တော့ပါ။
၇နာရီ ၄၅ မိနစ်။အမျိုးသား သူနာပြုလေးရောက်လာကာ သားကို အမည်မေးရင်း လိုအပ်သည်တို့ ပြန်စစ်ရင်း လက်မှာ အမည်၊ မွေးရက်ပါ အပတ်လေးပတ်ပေးသွားပါသည်။ သားလေး တရားဝင် လူနာလေးဖြစ်သွားပါပြီ။ ခဏအကြာ ဆေးရုံဝတ်အင်္ကျီလေးလဲလိုက်တော့ သားမျက်နှာ ချက်ချင်းပြောင်းသွားပါတော့သည်။
လက်ပတ်လေးတုံးက.. သားသားကို ဘန်တန်းလက်ပတ်လေးဝတ်ပေးတာနော် ဦးဦးက …ပြောထားသဖြင့် ငြိမ်သွားခြင်းဖြစ်ပါသည်။ ကျမတို့ ၃ယောက်သား အခန်းပြတင်းမှန်က ဖြတ်မြင်နေရသော ဘောလုံးကွင်းတွေ၊ လေယာဉ်ပျံတွေ၊ အဆောက်အဦးတွေဆီကိုသာ စိတ်ကိုပို့ ထားမိကြပါသည်။
၈ နာရီ ၁၅ မိနစ်။ သား ၏ ဘယ်ဘက်လက်ဖမိုးလေးမှာ ထုံဆေးကပ်ခွာလေးလာကပ်ပေးပါသည်။ အကြောအတွင်း အားဆေးသွင်းဖို့ ၊ လိုအပ်ရာ သွင်းဖို့ ။ သားလေးမျက်နှာ တစတစနဲ့ ပြောင်းလာပါပြီ။ သူ ဘာမှန်းမသိပေမဲ့ ပုံမှန်မဟုတ်မှန်းသိလာပါပြီ။ 
ကျမတို့  နှစ်ယောက်စလုံး ခေါင်းထဲ အချိန်ကျပြီဆိုသည်ကို အချက်ပေး ခေါင်းလောင်းထိုးလိုက်သလို အသိ ရောက်လာပါသည်။ သားအဖေက ချက်ချင်း သားကို သူ့ ပေါင်ပေါ်တင်ချီပြီး .. သားသား ဖေဖေ့ကို ကြည့်ပါအုံး… ဟုပြောကာ မျက်လုံးချင်းဆုံအောင် ကြိုးစားရပါသည်။ ပြီး စပြောပါတော့သည်။ ညင်သာစွာ၊ ချိုသာစွာ ၊နောက်ပြီး သားလေးအရွယ်နဲ့ နားအလည်နိုင်ဆုံး စကားလုံးတို့ ရွေးသုံးကာဖြင့်…။
ရိုးရှင်းစွာနဲ့ သူနားအလည်ဆုံး စကားနှစ်လုံးသာပင်။ ဖေဖေနဲ့ မေမေက သားသားကို ချစ်လို့ ၊ ခေါ်လို့ သားသားကောင်းဖို့ လုပ်ပေးမှာနော် ။ သားသားနဲနဲတော့ နာမယ်၊ ဒါပေမဲ့ ခဏပဲကြာမှာပါ၊ ပြီးကျ သားသား ကောင်းသွားမှာ။ သားသား မုန့် တွေ အများကြီးစားလို့ ရတော့မှာနော်…။ ထိုမျှသာပါ။ 
အဖေ့စကားဆုံးတော့ သားက.. ဖေဖေက ချစ်တယ်၊ ခေါ်တယ်နော်။ နာဖူးနော်…ဟု လိုက်ဆိုတော့ ကျမကပါ ၀င်ပြီး.. မေမေတို့ က ချစ်လို့ နော်။ သားသားကိုခေါ်လည်းခေါ်တယ်နော်… ဟု ပြောလိုက်ရပါသည်။ သားက ခေါင်းလေးတညိတ်ညိတ်ဖြင့် သဘောပေါက်နားလည်သွားသည့်အလား.. ချစ်တယ် ခေါ်တယ်နော်…ဆိုသည်ကို ထပ်ခါထပ်ခါရွတ်ရင်း ငြိမ်သွားပါသည်။
ကျမတို့ မှာ သားလေး ငယ်ငယ်ပေမဲ့ သဘောပေါက်တတ်သည်ကို ၀မ်းသာရမည့်အစား အသနားပိုကာ စိတ်မကောင်းဖြစ်သွားရပါသည်။ ငယ်ငယ်လေးနဲ့ သိတတ်လိုက်လေခြင်းဟုသာ…။
ကျမတို့ သားလေး၊ ငယ်ရွယ်သေးပေမဲ့ သိတတ်လွန်းသည့်သားလေး၊ လိမ်မာလိုက်သည့် သားလေး..သားလေးအပေါ် မကောင်းတာ ဘာမှ မဖြစ်ပါစေနဲ့ …ဟုသာ ရွတ်နေမိပါတော့သည်။ 
၈နာရီ ၄၅မိနစ်။ သူနာပြုလေးလာပြီး အိပ်ဆေးတိုက်ပါသည်။ ဆေးက ခါးသည်ထင့်။ ဆေးတိုက်ရလွယ်သည့် သားက တစ်ငုံအပြီး ခေါင်းတခါခါဖြင့် တိုက်မရတော့ပါ။ ကျမတို့ က ဘန်တန်းလို ပါဝါတွေရှိအောင်၊ သိုင်းချလို့ ရအောင် တိုက်တာလေ..လို့ ပြောတော့ နဲနဲ ပြန်သောက်ပါသည်။ တခါငြင်းပြန် ပြန်သောက်ပြန်ဖြင့် ၄၊ ၅ ခါလောက် တိုက်ယူရပါသည်။ အကုန်မကုန်ပေမဲ့ အိုကေ၊ အိုကေ ဆိုကာ သူနာပြုလေး ထွက်သွားပါသည်။ 
သူနာပြုထွက်သွားတော့ သားမျက်နှာက ပြန်ချိုလာပါသည်။သူဆေးမသောက်ရတော့ဘူးဆိုတာ သိသွားပါသည်။မကြာပါ သားလေး ရီဝေေ၀ဖြစ်လာပုံလည်း ရပါသည်။ 
အခန်းတံခါးဖွင့်လို့ ခွဲခန်းသွားရန် ကုတင်လဲ ရောက်လာပါပြီ။ ၉နာရီလဲ ထိုးပါပြီ။
ကုတင်ပေါ် သားအဖေက ချီတင်ပေးတော့ မျက်နှာက ပြုံးစိစိဖြင့်။ ကျမတို့ ဝမ်းသာနေရပါသည်။ တကယ်တော့ ကျမတို့ သာမကပါ။ သူနာပြုကောင်လေးရော ၊ ကုတင်တွန်းဝန်ထမ်းရော အပြုံးမျက်နှာဖြင့်။
ခွဲခန်းရောက်တော့ အမည်၊အသက်ပြန်စစ်ပြီးခဏ အကြာ မေ့ဆေးဆရာဝန်က သူ့ ဟာသူ မိတ်ဆက်လို့ သူတာဝန်ယူမည့်အကြောင်းနဲ့ အားလုံး အေးအေးဆေးဆေးချောချောမောမောဖြစ်မှာပါ။ …ဆိုကာ သားကို.. ဟိုင်း ဖိုက်..ပြောရင်း လက်လှမ်းတော့ သားက ပြန် လက်ချင်းရိုက်ကြပါသည်။ ဆရာဝန်က သဘောကျစွာ.. ကောင်းတယ် ကောင်းတယ်…ဆိုပါသည်။ မေ့ဆေးလက်ထောက်၊ သူနာပြုလက်ထောက်တို့ ကပါ မိတ်ဆက်ရင်း ခဏအကြာမှာတော့ သားလေး ခွဲစိတ်ခန်းထဲသို့ ဝင်သွားရပါပြီ။ 
ခွဲတာ ကြည့်ခွင့် မပြုပေမဲ့ ခွဲစိတ်ခန်းထဲအထိတော့ သားကို လိုက်ပို့ ခွင့် တစ်ယောက်ရသည့်အတွက် သားအဖေပဲ လိုက်သွားပါသည်။ ကျမကတော့ မကြည့်ရက် မမြင်ရက်ပါ။ ကျမ လူနာစောင့်များအတွက် အခန်းမှာ ပြန်စောင့်နေရပါသည်။ သားအဖေပါ ရောက်လာတော့ နှစ်ယောက်လုံး အခန်းဆီသို့ ပြန်သွား စောင့်ရပါသည်။
အခန်းပြန်ရောက်တော့ ၉နာရီ ၁၅မိနစ်။ စခွဲသည့် အချိန်။ ထိုင်ခုံပေါ်ပြစ်ထိုင်ချလိုက်ရင်း စကားမဆိုနိုင်စွာ ၂ယောက်သား တိတ်နေကြပါသည်။ စိတ်ထဲကတော့ မိနစ် ၂၀၊ မိနစ် ၂၀ ဆိုတာကိုသာ ရွတ်ရင်း နံရံပေါ်က နာရီကိုသာ ကြည့်ရင်း၊ခွဲ ပြီးလျှင်အကြောင်းကြားမည့် ဖုန်းမြည်သံကို နားစွင့်ရင်း….။
ကျမတို့ နှစ်ယောက် ဘယ်သူ့ ဘယ်သူမှ မကြည့်ဖြစ်ပါ။ ကျမက နာရီရှိသည့် နံရံကို မျက်နှာမူလို့ ။ သားအဖေနဲ့ က ဘေးတစောင်းတိုက်။သားအဖေက အခန်းဝင်ပေါက်ကို ရှေ့ရှုလို့ ။အချင်းချင်း တယောက်မျက်နှာ တစ်ယောက်မကြည့်မိအောင်ကြိုးစားနေမိကြသည်။ ပြိုတော့မည့် မိုးလိုလား၊ လိပ်ပြာလွင့်နေသလိုလား…။
သို့ သော် စတင်ပြီးစကားစသူက အဖေဖြစ်သူ။ သူက.. ညီး စိတ်ခိုင်ခိုင်ထားနော်။ အခြေအနေ ဆိုးဆိုး ၀ါးဝါးမြင်ခဲ့လို့ ရှိ….သူ့ စကား မဆုံးခင် ကျမက..  နေပါဦး၊ ဘာဖြစ်လို့ ဘာက အခြေအနေဆိုးရမှာတုံး….ဟု  စိတ်တိုတောင်းစွာ ဒေါသထွက်စွာ ပြောလိုက်တော့ ( ပြောလိုက်တော့ ဆိုသည်ထက် အော်လိုက်မိသည်ထင်ပါသည်၊) သူလည်း ရပ်သွားပါသည်။ 
ကျမ အခုအချိန်မှ မဟုတ်၊ ခွဲရတော့မည်ဟု စသိရစဉ်ကတည်းက ဆိုးဆိုးဝါးဝါး ဆိုတာ အကြိမ်များစွာ တွေးဖြစ်ခဲ့ပေမဲ့ သားအဖေဆီကတော့ မကြားခဲ့ရသလို မကြားချင်ပါ။ ငါ တွေးသလို သူလဲ တွေးရင် ဒါဖြစ်နိုင်လို့ များလားဆိုသော အတွေးပူမျိုး မတွေးချင်ခဲ့ပါ။
ဟို အရင်က မပြောခဲ့ပါပဲနဲ့ အခုလို တကယ့် အချိန်ကောင်းကျမှ ဒီစကားမျိုးပြောလာတော့ ထိတ်လန့် ရုံသာမက သွေးပါလန့် မတတ်ဖြစ်သွားခဲ့ပါသည်။ သူက ခွဲစိတ်ခန်းထဲထိ ရောက်ခဲ့သူ ဆိုတော့…ဘာတွေများ တွေ့ ခဲ့လို့ တုံး….။ ကျမ ကြိုးစားမေ့ဖျောက်ထားရသည်က လွယ်လှသည့်အရာ မဟုတ်ပါ။ တခုခုများ လွဲချော်လို့ …ဆိုတာ ခလေးကံ ၊ သူ့ ကံ ကိုယ့်ကံ ..အို စုံနေအောင် အတွေးထဲရောက်ခဲ့ဘူးတော့ ကြောက်နေမိတာပါ ပါသည်။ နှစ်ယောက်သား ပြန်တိတ်သွားပြန်ပါသည်။
၉နာရီ ၃၅မိနစ်။ မိနစ် ၂၀ ရှိသွားပြီ။ ပြီးပြီပေါ့။ ကျမ အတွေးဆုံးသွားပါပြီ။ ခွဲခန်းထဲမှာ ပြီးနေလောက်ရောပေါ့။ ထိုစဉ် အခန်းတံခါးခေါက်ပြီး ဖွင့်ဝင်လာသူကို မြင်လိုက်တော့ ၂ယောက်သား ဖင်ကြွသွားကြသည်။ 
ခွဲစိတ်ဆရာဝန်ကြီးက တံခါးကို ဘယ်လက်ကတွန်းဖွင့်ထားပြီး ညာလက်က လက်မထောင်လို့ အပြုံးမျက်နှာဖြင့်..  ခုလေးပဲ အောင်အောင်မြင်မြင် ချောချောမွေ့ မွေ့ ပြီးသွားပါတယ်။စိုးရိမ်စရာလဲ မရှိပါ။ ခုတော့ အိပ်နေသေးပါတယ်။ ခဏနေ သူနာပြုတွေ ဖုန်းဆက်ပါလိမ့်မယ်။ ဒါဆို သွားကြည့်လို့ ရပါပြီ…ဟု တစ်လုံးချင်း ပြုံးချို စွာ ပြောပြပါတော့သည်။ စကားဆုံးဆို ကျမတို့ လည်း ပြိုင်တူဆိုသလိုပင် ကျေးဇူးတင်ကြောင်းပြောလိုက်ပါတော့သည်။ ဆရာဝန်ကြီးပြန်ထွက်သွားတော့…
နှစ်ယောက်သား ၀ုန်းဆိုပြန်ထိုင်လိုက်ကြရင်း အချင်းချင်းကြည့်ကာ  ပြုံးမိကြပါတော့သည်။ ကျမတို့ ရင်ထဲ ခေါင်းထဲ စိတ်ထဲ ဘာဆို ဘာမှ မရှိတော့လောက်အောင်ကို ပေါ့ပါး လန်းဆန်းသွားသည် ထင်ရပါသည်။ အပေါ့ပါးဆုံးအရာဆိုတာ ဒါမျိုးပါလား..လို့ ပြောရမလိုပါပင်။
ထိုအခါကျမှပဲ .. ထင်ပြီးသားပါ။ ချောချောမောမောဖြစ်မယ်ဆိုတာ။ ဒါပေမဲ့ ဖြစ်နိုင်တာပဲလေဆိုပြီး ပူတော့ ပူတာပေါ့…ဟု ခုမှ သက်မ တကယ်ချနိုင်သလို အရင်က လွန်လွန်ကဲကဲ မပူခဲ့ကြသယောင် ပြောလိုက်ကြပါတော့သည်။
ကဲ အားလုံးပြီးသွားပြီ။ကောင်းသွားပြီ။…ဟု သားအဖေက ပျော်ရွှင်သံအပြည့်ဖြင့် ပြောလိုက်ပါသည်။ ကျမတို့   ထိုင်ရာက ပြန်ထပြီး ရေသောက်သူက သောက်၊ ရေချိုးခန်းဝင်သူက ၀င်ဖြင့် အလုပ်၇ှုပ် သွားကြပါသည်။ ကျမတို့ ပုံမှန်လေသံ ဟန်ပန်မျိုးဖြင့် စကားပြန်ပြောနိုင်လာကြပါပြီ။ ကျမတို့ ပျော်နေကြပါသည်။ ပျော်ကြရပါပြီ။ ပျော်နိုင်ကြပါပြီ။
သို့ သော် ခုချိန်ထိ ဖုန်းသံက မြည်မလာသေးပါ။ ပျော်စောင့် စောင့်ရပြန်ပါသည်။ ၅မိနစ်လောက်ကြာပြီးမှ ကြားရပါတော့သည်။ သားအဖေက ချက်ချင်းကောက်ကိုင် ဟုတ်ကဲ့ ဟုတ်ကဲ့ ကို စောတလျင် ပြန်ဖြေပြီး ၂ယောက်သား သားရှိရာ အခန်းသို့ ထွက်လာခဲ့ကြပါသည်။ 
အခန်းကို တော်တော်နဲ့ ရှာမတွေ့ နိုင်၊စိတ်က လော၊ အခန်းတွေက ဆင်တူမို့ မမှတ်မိ၊ မေးလိုက် မှန်ပေါက်ငယ်လေးများကနေ ချောင်းကြည့်လိုက် မမြင်လိုက် ထပ်မေးထပ်ရှာဖြင့် အချိန် တော်တော်ကြာသွားပါသည်။ နောက်ဆုံးမှ ရောက်ပါတော့သည်။
အခန်းထဲရောက်တော့ ခွဲစိတ်လက်ထောက်ဆရာဝန် အရပ်ရှည်ရှည် ခပ်ချောချော တစ်ယောက်နှင့် သူနာပြုဆရာမနှစ်ယောက်တို့ က သားကုတင်ဘေးဝိုင်းရံရပ်လို့ အသင့်စောင့်နေကြပါသည်။ ကျမတို့ အနားကပ်သွားတော့ အခြေအနေအားလုံးကို ရှင်းပြပါသည်။ အနှစ်ချုပ်ကတော့  အားလုံးကောင်းပါသည်။ စိတ်ပူစရာမရှိသလို အိပ်နေရာက အနိုးကို စောင့်ဖို့ သာ ရှိပါတော့သည်။
ကျမမှာတော့ သားတစ်ကိုယ်လုံးချုံကြည့်ပြီး စိတ်မကောင်းဖြစ်သွားမိပါသေးသည်။ အော် ဒါကြောင့်လည်း သားအဖေက တကယ်လို့ များ အခြေအနေ ဆိုးဆိုးဝါးဝါး တွေ့ ခဲ့ရင်လို့ သတိ ပေးခဲ့တာ ပါလား…ဟု အမှတ်ရသွားသည်။
ကျမမျက်နှာ ကြည့်ပြီး လက်ထောက်ဆရာဝန်က ... ဘာလဲ စိတ်ပူနေတာလား…ဟု မေးလာပါသည်။ ကျမက ခေါင်းညိတ်ပြတော့... မလိုပါဘူး။ ဒါပုံမှန်နဲ့  အကောင်းဆုံးအနေအထားပါ။ ခလေးက ကောင်းရှာပါတယ်… ဟုအားပေးစကား ပြောလာပါသည်။ ယုံကြည်ပါသည်။ သို့ သော် သားနှာခေါင်းမှာက မေ့ဆေးပေးပိုက်က တန်းလန်း၊ လက်ညှိုးထိပ်မှာက သွေးဖိအားတိုင်း ကလစ်က ညှပ်လျှက်၊ လက်ဖမိုးမှာက အားဆေးရည်နဲ့ ပိုးသတ်ဆေးရည်သွင်းပိုက်မှ ဆေးရည်က တသွင်သွင် ဆင်းလျှက်၊ ခွဲခန်းဝတ်အင်္ကျီ ဟပြဲအောက်က ကိုယ်ပေါ်မှာက ကလစ်လိုလို ဘာလိုလို အပြား ၄၊၅ ခုက ကပ်လျှက်ဖြင့် ပါးစပ်ကလေးဟလို့  ခွေခွေလေး အိပ်နေသည်ကို ကြည့်ရသည်မှာ သနားစရာပုံလေးပါ။ သားအဖေ မခွဲခင် မြင်ခဲ့ရသလို ဖြစ်နိုင်ပါသည်။ 
ကျမတို့ အတော်ကြာသားကိုကြည့်အပြီး ချက်ချင်း သတိထားလိုက်မိကြပါသည်။ သားအသက်ရှူသံ… တိုးတိတ်ငြင်သာစွာ ချောချောမောမောရှူလို့ ။ကြည့်စမ်း.. ခွဲပြီးချက်ချင်း ကွာခြားသွားလိုက်တာ…. လွန်စွာ ကျေနပ်နှစ်သက်မိရပါတော့သည်။ သူ တစ်နှစ်သား အရွယ်လောက်ကစလို့  ဒီလို အသက်ရှူပြီး အိပ်တာမျိုး တွေ့ ရခဲလေတော့ ပြောမပြနိုင်လောက်အောင် ၀မ်းသာသွားပါသည်။ ကျေးဇူးလဲ တင်မိပါတော့သည်။ 
+                                                          +                                              +
ထို့ နောက်တော့ ကျမတို့ အတွက် ၊ သားအတွက် အရေးအကြီးဆုံးအချိန်ရောက်ပါပြီ။ ခွဲအပြီး သား အိပ်ရာက နိုးလာပါက  ဘယ်လို တုန့် ပြန်မလဲ … ကျမတို့ ကရော သားလေး ရင်ဆိုင် ခံစားနေရမှုတို့ ကို  ဘယ်သို့ သော စကားလုံးများဖြင့်  နားလည်လက်ခံနိုင်အောင် ပြောရပါမည်နည်း….။
မခွဲခင် ပြောခဲ့ကြသော စကားလုံး၏ အတိမ်အနက်ကို လက်တွေ့ သိလာရတော့ သားလေး မည်သို့ ခံစားရလေမည်နည်း…။ ကြောက်လန့် သွားမလား…။ ထိတ်သွားမလား…။ သူ လက်ခံ ခံစားနိုင်ပါ့မလား…။ သူ့ ပါးစပ်အတွင်း ဖြစ်ပေါ်နေမှုကို ဝေခွဲမရနိုင်စွာ ကြေကွဲ နာကျင်သွားမလား…..။
ကျမတို့ အတွက် စာများပေါ်က အသိနဲ့ လက်တွေ့  ဘယ်လို ခြားနားပြီး ဘယ်လို စခန်းသွားရမှာပါလိမ့်…။ တထိတ်ထိတ်နဲ့ သား အနိုးစောင့်နေစဉ် သူနာပြုများက ပြောပြချိန်တန်အောင် စောင့်နေသည်လား မသိ။ ကျမတို့ အတွေးအဆုံး သူတို့ စကား အစ အချိန်ကိုက်ပါပင်။
ကျမတို့ သားခွဲရသည်နှင့် ပါတ်သတ်သည့်စာစောင်များဖတ်စဉ်က အသိရလာခဲ့ပေမဲ့ တကယ်လက်တွေ့ ရင်ဆိုင်ကြရမည်ဆိုတော့ သူနာပြုဆရာမတွေ ပြောသလို သား၏ တုန့် ပြန်မှုကို စောင့်နေကြရုံသာပါ။ ကျမမှာတော့ ဘုရားစာ တစ်ခါရွတ်ပြန်ရင်း သားလေး ထိတ်လန့် ပြီးကြောက်သွားမှာကိုပဲ စိုးရိမ်နေမိပြန်ပါသည်။ တော်ကြာ တသက်လုံး မေ့မရလောက်အောင် အစွဲကြီးစွဲသွားလောက်အောင်များ စိတ်အနာတရဖြစ်သွားလေမလား…. ပူရပြန်ပါသည်။ သားလေး တစ်ခုခုဖြစ်ခဲ့လျှင်တောင် ကျမတို့ ရှင်းပြသမျှ အခြေအနေမှန်ကို နားလည်လက်ခံနိုင်ဖို့ ဆုတောင်းနေမိပါသည်။
ဆရာမတွေလည်း ပြောသင့်တာပြောပြပြီးတော့ သားကို နားနေခန်းသို့ ပြန်ပို့ ပေးပါသည်။ အခန်းပြန်ရောက်တော့ ၁၀နာရီ ကျော်ပါပြီ။ ဆရာမက လိုအပ်သည့် ဆေးများချိတ်၊ စက်များချိတ်ပြီး သားနိုးပါက ဖုန်းဆက်ခေါ်ဖို့ သတိပေးအပြီး အခန်းမှ ထွက်သွားပါတော့သည်။
No comments:
Post a Comment