Thursday, December 1, 2011

… စရန် …




သိသော၊ တတ်သော၊ နားလည်သော သူတွေကတော့ မင်းနှယ်ကွယ်၊ ဒီအကြောင်းများ တဖွဲ့တနွဲ့ ရေးနေရတယ်လို့ စသည်ဖြင့် ပြောတော့မှာသေချာသည်။ တခြားမကြည့်နှင့် လွန်ခဲ့သော ၅ နှစ်ခန့်က သူငယ်ချင်းတယောက်က ဘာပြောခဲ့သလဲဆိုတော့ စင်္ကာပူဆိုတာကြီးဆီကို မသေခင် တခေါက်လောက်တော့ ရောက်ဖူးချင်တယ်တဲ့။ အခု အဲဒီသူငယ်ချင်းကိုယ်တိုင်က တခါတလေ အွန်လိုင်းမှာပေါ်လာပြီး ဟေ့ရောင် .. နောက်လထဲ ပိတ်ရက်များများရနိုင်စရာရှိလို့ စင်္ကာပူကို လည်ရင်းပတ်ရင်း ဈေးဝယ်ထွက်ရကောင်းမလား စဉ်းစားနေတယ်လို့ တိုင်ပင်သလိုလို ကြွားသလိုလိုလုပ်နေတတ်ပြီ။

ဒီတော့ ကျွန်တော်တို့ခရီးစဉ်ရဲ့ စင်္ကာပူလေဆိပ်ရောက် ခဏနား..နောက်လေယာဉ်စီး ရန်ကုန်ရောက် အပိုင်းကို မြေကြောရှုံ့ရင်း ကဲ ကျွန်တော်တို့ ရန်ကုန်ရောက်ပါပြီခင်ဗျား.. လို့ လုပ်ရတော့မည်။ သို့မဟုတ်လျှင် ဟာသတပုဒ် ဖန်တီးခဲ့သူကို ထိုဟာသ တခြားနေရာမှာ ပြန်ကြားခဲ့သူက မိန်ရေရှက်ရေ ပြန်ပြောကာ ရီပြနေသကဲ့သို့ရှိမည်။

အတော်တော့ အားတင်းရသည်။ စိတ်ဆိုတာက နားလည်ရခက်သည်။ ပြောရရင် ကျွန်တော် ဒီတခေါက် အဲဒီ့လေဆိပ်ရောက်တဲ့အထိ ဓါတ်ပုံ တပုံမှ မရိုက်။ သစ်ခွပင်တွေနဲ့ အမြဲလှပနေတဲ့ ပန်းခြံရှေ့က ခုံမှာ ထိုင်နေတောင် ပန်းခြံကို သိပ်စိတ်မ၀င်စား။ အရင်အခေါက်တွေတုန်းကတော့ ဒီပန်းခြံနောက်ခံထားပြီး ပန်းအမျိုးမျိုးနဲ့ ဇနီးပုံ၊ သားပုံတွေလှည့်ပတ်ရိုက်၊ နောက်ထပ်တခေါက် တယောက်ထဲလာခဲ့တုန်းက ပန်းအမျိုးမျိုးကို ဟိုဘက်ကလှည့်ရိုက် ဒီဖက်ကလှည့်ရိုက်နဲ့ နေခဲ့ဖူးသည်။ ပြီးတော့လဲ အဲဒီ့ပုံတွေ ကွန်ပြူတာထဲ သိမ်းထားခြင်းဖြင့်သာ အဆုံးသပ်သွားသည်။ ဒါ့ကြောင့် အခုအကြိမ်မှာ အာရုံမ၀င်စားတော့။

ဒီလိုပဲ ကြောပေးထိုင်နေရင်း ရှေ့က လမ်းဆုံမှ ဥဒဟို သွားနေတဲ့ ခရီးသယ်တွေပဲ ငေးနေမိသည်။ အဲဒီအချိန်မှာ လေယာဉ်တစီးက ခရီးသယ်တစု လာနေတာတွေ့ပါတယ်။ ကြည့်ရတာ ပြောင်းစီးရမဲ့ လေယာဉ်အချိန်နဲ့ သိပ်ကွာပုံမရ။ တစီးလုံးနီးပါး အတော်သွက်သွက်လျှောက်လာကြတာ တွေ့ရပါတယ်။ အဲဒီအထဲက အသက်၅၀နီးပါး အမျိုးသားနှစ်ယောက်က မပြေးရုံတမယ် ခြေလှမ်းတွေနဲ့ လာကာ ကျွန်တော့်နံဘေးက ထိုင်ခုံမှာ သူတို့အိတ်တွေ လာတင်ပါတယ်။

တယောက်က အိတ်တင်ပြီးတာနဲ့ နောက်က ပန်းခြံကိုသွားပြီး ဓါတ်ပုံတွေရိုက်နေပါတယ်။ နောက်ဘိုးတော်ကတော့ သူ့အိပ်ထဲ ပြာယာပြာယာနဲ့နှိက်ရှာနေရင်း ပါးစပ်က “ Where the hell is my video camera..” ဆိုတာကို တတွတ်တွတ်ရွတ်ရင်းနဲ့ပါ။ ရှာတွေ့သွားမှ ပန်းခြံတပတ်လည် ဗီဒီယိုရိုက်၊ နောက်နှစ်ဦးသား ပြန်လာ၊ အိတ်တွေသယ်ကာ လေယာဉ်ဂိတ်ဆီ အသောနှင်ပါတယ်။ ဒါကိုမြင်ရတော့ ကျွန်တော့စိတ်ထဲ ရောက်တုန်း ဓါတ်ပုံမရိုက်မိခဲ့ရမှာကို လုပ်သင့်တာပဲ မလုပ်မိသလိုလို၊ နှမြောသလိုလို ဖြစ်လာပြီး တပုံနှစ်ပုံလောက် ရိုက်.. နောက် သက်ပျင်းချကာ ပြန်ထိုင် လုပ်မိသွားပါတယ်။ အခုလဲ မြေကြောရှုံ့တော့မယ် ဆုံးဖြတ်တော့ အဲဒီတုန်းကလို ခံစားမိပြန်ပါရဲ့။

ကုက္ကိုတုံး လုပ်ရကောင်းမလားလို့တော့ တခါတလေ စဉ်းစားမိပါတယ်။

ကုက္ကိုတုံးဆိုတာက အမေက ကျွန်တော်တို့ညီအကိုတွေကို ခိုင်းချင် နှိုင်းချင်ရင် သုံးတဲ့ပုံပြင်က စကားပါ။ အတိုချုပ်ကတော့ဗျာ လူတယောက်က ကုက္ကိုတပင်ကိုလှဲတယ်ဗျာ၊ ပြီးတော့ ပင်စည်တပိုင်းကိုဖြတ် ထမ်းပြီးအရပ်ထဲ လှည့်ရောင်းတယ်။ ကုက္ကိုတုံး.. ကုက္ကိုတုံး.. လို့ အော်ရင်းပေါ့။ ဒါကိုမြင်တဲ့ နောက်တယောက်က သူဖြတ်ပြီးသား ကျန်တဲ့ပင်စည် အဖျားပိုင်းကို တတုံးဖြတ်၊ အဲဒီ့လူ နောက် အသောလေးလိုက်၊ မှီလာတော့ ရှေ့ကလူက ကုက္ကိုတုံး.. ကုက္ကိုတုံး.. လို့အော်ရင် သူကနောက်ကနေ ရှေ့ကဟာနဲ့တဖြတ်ထဲ.. ရှေ့ကဟာနဲ့တဖြတ်ထဲ.. လို့ လိုက်အော်ပါတယ်။ ရှေ့လူရောင်းရရင် သူလဲ တဖြတ်ထဲကဆိုတော့ ရောင်းရမှာပဲလို့ သေချာပေါက် အတွေးနဲ့ပေါ့။ ထားပါလေ သူရေးတာ ကောင်းလို့ ကြိုက်ပေမဲ့ ကိုယ့်ကျဖတ်ရတာ ပျင်းစရာကြီးနေမှာပါ..

နောက်တနည်းက ခပ်သောသောလေး စိတ်ဝင်စားအောင် ရေးတဲ့နည်း။ သို့သော် ထိုသို့ရေးနိုင်စရာအဖြစ်ကလဲ များများစားမရှိ။ တခုပဲရှိသည်။

နေ့လည်စာ စားမယ့်ကြံတော့ ဆိုင်တွေကြည့်ရင်း တဆိုင်ကို မျက်စေ့ကျသွားသည်။ ယိုးတယားအစားအစာရသည့်ဆိုင်။ ဆိုင်က မီနူးရလာတော့ အဖုံးက စိတ်ဝင်စားစရာ။ Combo Meal ၄ မျိုးကို အော်ဖာလုပ်ထားတာ။ ဓါတ်ပုံတွေကလဲလှ၊ နောက် ဈေးကလဲ ဘယ်လို တွက်တွက် တန်နေသည်။ သို့နှင့် Combo Meal ၂ မျိုးကို ရွေးမှာလိုက်သည်။

Combo Meal တခုက အသားပြားကြီး ၄ ပြားလောက်ကို လှနေအောင်ထပ်ထားသည်ကို အောက်မှာ ခပ်ဖြူဖြူထမင်းကဲ့သို့အရာ ( Depth နည်းနည်းနဲ့ ရိုက်ထားသောကြောင့် အသားပြားလေးငါးချပ်သာ ထင်းနေပြီး အောက်က ဖြူဖြူလေးတွေက မပြတ်သား၊ နာမည်သေချာတော့ မဖတ်မိ၊ ယိုးတယား အစားအစာပေါ် ယုံကြည်မှု့ရှိသည်၊ စားကောင်းမည်သေချာသည် )၊ နောက် ဒမ်းဆမ်းက ၂ ခု၊ လက်ဖက်ရည်။

နောက်တခုက ရှင်းသည်၊ ခေါက်ဆွဲရယ်၊ အသားမံကြော်နှစ်ခုရယ် လက်ဖက်ရည်ရယ်။

လာချပေးတော့ ခေါက်ဆွဲကတော့မှန်သည်၊ နောက်တခုက ယိုးတယားဆန်ပြုတ်ခွက်။ ချက်ချင်းပြန်ခေါ်ကာ လွဲနေတယ်၊ ငါတို့မှာတာက ဒီဟာဆိုပြီး ပုံထောက်ပြတော့ စားပွဲထိုးမက အသားပြားတွေက အထဲထဲမှာတဲ့။ ဒီတော့မှ စာပြန်ဖတ်တော့ ဟုတ်ပါ့၊ ဆန်ပြုတ်မှ ဆန်ပြုတ်အစစ်။ မသိလို့နော်လို့ ပြောကာ စားပွဲထိုးမ ပြန်သွားမှ စားရင်း ပြောပြီး နှစ်ဦးသားရယ်ကြရင်းနဲ့ပေါ့။

အရသာက တကယ်ကောင်းပါသည်၊ စင်းထားသော အသားစလေးများကိုလဲ ပုံမှာပြထားသည်နှင့် ကွဲနေ၊ နဲနေသည်ကိုလဲ ထောက်မပြလိုတော့။ ငွေရှင်းတော့မှ စိတ်ညစ်ရသည်။ တောင်းသည့်ငွေသည် Combo Meal တွေမှာ စာလုံးအနီနှင့် အကြီးကြီးရေးပြထားသော ငွေနှင့် သိသိသာသာကွာနေသည်။ သေချာကြည့်တော့ ၀န်ဆောင်ခ၊ အခွန်၊ နောက် ပြန်ထုတ်လို့ရသော နောက်ထပ် ထပ်တိုးငွေ၊ ပြန်ထုတ်ပေးနိုင်မှတော့ ဘာလို့များထည့်ပေါင်းထားလဲ မသိလို့ ပြောရင် ညံ့ရာကျမည်ဖြစ်သောကြောင့် မပြောလိုတော့။

ဒီတော့ ဒီအကြောင်းကို ဟာသစွက်ရေးလျှင် ကိုယ်ညံ့သည်ကလဲ ဗူးပေါ်သလို ပေါ်သွားမည်ကို စိုးရိမ်ရသည်။ မဖြစ်တော့။ ပညာပေး အနေနဲ့ တမျိုးပြောင်းရေးချင်လျှင်တော့ဖြစ်မည်ထင်သည်။ ဆိုပါတော့ စင်္ကာပူဆိပ်ရောက်လျှင် တခုခုစားမည်ကြံပါက အောက်ပါ အချက်များ အရင် သတိထားဖို့လိုပါသည် အစချီပြီး အခွန်၊ ၀န်ဆောင်ခ၊ လေဆိပ်မှာ ရီဖန်းလုပ်နိုင်သော အခွန်အကြောင်း အသေးစိတ်ရေး။ ပုံမှာပြထားတာနဲ့ ဟင်းခွက်နှင့် အရသာတူမည်ဖြစ်သောလဲ ပုံစံကွဲလွဲနိုင်သည်ကို မျှော်လင့်ထားဖို့လိုကြောင်း။ ၀န်ဆောင်မှု့စားရိတ်ကို ရှောင်လွှဲချင်လျှင် ကိုယ်တိုင် ငွေချေ၊ ကိုယ်တိုင်ယူစနစ်များရှိသော တချို့ဆိုင်များမှာ စားသောက်သင့်ကြောင်းပေါ့။ သို့သော် ရေးစရာ နဲနေသေးသည်။

နောက်ဆုံးတော့ စိတ်ပိုင်းဖြတ်လိုက်ပါသည်။ တိုတိုပဲ ကျွန်တော်တို့သည် စင်္ကာပူလေဆိပ်မှာ ခနနား၊ နောက် လေယာဉ်ရန်ကုန်သို့စီး၊ လေယာဉ်ပေါ်တွင် ကျွေးတာစား၊ တိုက်သည်သောက်၊ တိမ်တွေငေး ကာ နေရာ သိပ်များစွာမကြာလှ.. ရန်ကုန်သို့ ရောက်ရှိသွားပါသည်။

တိုနိုင်သမျှတိုအောင် ခေါင်းစဉ်ကိုပါ စင်္ကာပူ ရန်ကုန် ခရီး တွေဘာတွေ မလုပ်တော့၊ တိုတိုပဲ စရန်လို့ ပေးလိုက်ပါသည်။

9 comments:

  1. ကောင်းတယ်ဗျာ၊ စရန်ကို ဖတ်ရပေမယ့် အကျေချေတာ ရလိုက်သလိုပဲ၊း)
    ဆက်ပါဦး..။

    ReplyDelete
  2. စရန်ရထားရင်ကိုကျေနပ်ရမှာပဲဗျာ.....:)))
    စလုံးကဆိုင်တွေကအဲ့တိုင်းချည်းဗျ...၊ပုံထဲမှာတော့ အကြီးကြီး၊အများကြီးပဲ..၊
    ရောက်လာတော့နဲနဲလေး....၊ရေးထားရင် ဈေးကတစ်မျိုး...၊ဟောပြီးလို့ဘီလ်
    ထွက်လာရင် ဟိုဟာပေါင်း၊ဒီဟာထည့်နဲ့.....။အစားအသောက်ပုံဆို ပုံကြီးချဲ့
    ပြီး၊ဈေးနှုန်းဆို ချုံထားတတ်တယ်ဗျ.....။ချုံသည်၊ချဲ့သည်ပေါ့ဗျာ.....:P

    ReplyDelete
  3. ညံ့က အောက်ကမြင့် ပျောက်နေတယ်..။

    ပုံ.။
    ပေါက်ထုံ

    ReplyDelete
  4. ကျေးဇူးပါ ကိုညီလင်းသစ်.. ဆက်ပါ့မယ်ဗျာ..
    ကိုငြိမ်းနိုင် ဟုတ်တယ်ဗျ.. မတူလွန်းလို့ မှတ်တောင်မမှတ်မိပါဘူး..
    ပေါက် ကျေးဇူး.. ပြင်လိုက်ပါပြီ..
    N/A

    ReplyDelete
  5. This comment has been removed by the author.

    ReplyDelete
  6. စရန်လား စရံလား

    ReplyDelete
  7. :D ဘယ်တော့မှ စလုံးကို transit မစီးပါ။ ယိုးဒယားကို ပိုအဆင်ပြေသည်ဟုမြင်သည်။

    ReplyDelete
  8. juli အမှားပါခဲ့ရင် သည်းခံပေးပါ။ ကြိုးစားနေဆဲပါဗျာ..

    မမြတ်ကြည်၊ ဟုတ်တယ်ဗျ။ ထိုင်းလေကြောင်းနဲ့ဆိုရင် လေယာဉ်စီးရချိန် အတော်နည်းသွားပါတယ်။ ဒါပေမဲ့ ဒီကလေယာဉ်ရောက်တဲ့အချိန်နဲ့ ရန်ကုန်ထွက်မဲ့ လေယာဉ်အကြား စောင့်ရချိန်ကတော့ သိသိသာသာများနေတယ်။ မမြတ်ကြည်တို့ဖက်ကတော့ အတော်အဆင်ပြေမဲ့ပုံ ရှိတယ်။

    N/A

    ReplyDelete
  9. မကျေနပ်ဘူး ဆွဲဆန့်လိုက်ရင် ဆယ်ပုဒ်ဖြစ်တယ်။

    ReplyDelete