Tuesday, November 29, 2011

အိမ်အပြန် ...




• အေးဆေးဆိတ်ငြိမ်သော...
• အကျွမ်းတ၀င် ရှိးနှီးမှူ့များနဲ့ ယုံကြည်စိတ်ချစွာနေနိုင်ရာဖြစ်သော...
• ကြည့်မ၀ မြင်မ၀နိုင်သည့် မျက်နှာများရှိသော...
• သက်တောင့်သက်သာရှိလှသော...
• စားမြိန်စေရမည်ဟု အမြဲအာမခံချက် ပေးစွမ်းနိုင်သည့် စားဖွယ်ရာများရှိသော...
• အထူးသဖြင့် အလိုလိုက်ခံရသော...

ပြောရရင်တော့ အများကြီးပေါ့ဗျာ။ အိမ်ပြန်ရင် တကယ့်ကို ကိုယ်ရော စိတ်ကော အနားရစေသလို ပျော်စရာလဲ အတိပါပဲ။ အပေါ်မှာလို ဘာတွေကြောင့်ဆိုပြီး စီကာ စဉ်ကာ ရေးရင်တော့ ထွက်လာမှာ အများကြီး။ တဦးနဲ့ တဦးလဲ တူနိုင်စရာမရှိ။ အဲဒီ့လိုပဲ ပြန်ခါနီးသူတွေရဲ့ ခံစားချက်နဲ့ သွင်ပြင်ဟာလဲ တယောက်နဲ့တယောက် တူနိုင်စရာမရှိ။ ကျွန်တော်ဖြစ်နေပုံကို အကြမ်းဖျင်း သရုပ်ဖေါ်ရရင် ပျော်သောမျက်လုံး၊ ပြုံးသောမျက်နှာ၊ ဇွန်းနှင့် ခရင်းအား လက်တဖက်တချက်စီမှာဆွဲကိုင်လျှက် လို့ ပုံဖေါ်ပြရမှာပါပဲ။ ဆွေမျိုးတွေနဲ့ တွေ့ချင်စိတ်ကို အသာထားလိုက်လျှင် အဓိက အချက် ၂ ခု ကျန်တာက စားမယ်၊ နှပ်မယ် ဆိုတာပါပဲ။

အပြန်ခရီးကတော့ ထုံးစံအတိုင်း လေယာဉ်ပျံကြီးနဲ့ပဲ စပါတယ်။ ပထမလေယာဉ် စီးချိန် ( ၇ ) နာရီနီးပါးကြပါမယ်။ နောက် စလုံးလေဆိပ်မှာ ၅ နာရီခန့် သောင်တင်ပါမယ်။ နောက် ရန်ကုန်သို့ ၃ နာရီနီးပါး စီးရပါလိမ့်မယ်။ ည ၈ နာရီလောက် လေယာဉ်စစီးကာ နောက် နေ့ ညနေ ၆ နာရီလောက်မှာ တည်းရမယ့် ဟိုတယ်ကို ရောက်ပါမယ်။ ဒီကြားထဲတော့ စိမ်ခေါ်မှူ့အပြည့်နဲ့ လမ်းခရီးပေါ့။

အစစအရာရာလည်း ကြိုပြင်ရပါတယ်။ ကလေး လူကြီးတွေအတွက် အနွေးထည် လက်ဆွဲအိပ်မှာထည့်။ သွားတိုက်တံကို လေယာဉ်ပေါ်မှာ ပေးလေ့ရှိပေမဲ့ ဘယ်ညာ သုံးလေးချက်လောက် ခပ်ပြင်းပြင်းလေး တိုက်လိုက်ရင် အနဲဆုံး သုံးလေးမျှင်လောက် စကျွတ်လာတတ်တော့ သွားတိုက်တံကိုလဲ လက်ဆွဲအိပ်မှာ ပါအောင်ထည့်။ နောက် စလုံးလေဆိပ်မှာ နားရင် လဲရအောင် အင်္ကျီအပို တစုံစီ။ အမွှေးနံ့သာ ကျားသုံး၊ မ သုံး။ သားအတွက် အခြေခံလိုအပ်သည့် အရာများ။ အားလုံးကို ဇနီးက ထောင့်စေအောင် ပြင်ထားပေးပါတယ်။

အရေးအကြီးဆုံး ပြင်ဆင်မှု့ကတော့ သားငယ်ကို အဲဒီနေ့ နေ့ခင်းမှာ လုံးဝ အိပ်ခွင့်မပေး။ တတ်နိုင်သမျှ ဆော့ခိုင်းထားပါတယ်။ ဒီတော့ လေဆိပ်ထွက်လာတဲ့အချိန်မှာ အိပ်ရန်အသင့် ဆိုတဲ့အနေအထား ရောက်နေပါပြီ။ လေယာဉ်ပေါ်တက်ဖို့ သက်ဆိုင်ရာ ဂိတ်ထဲ လက်မှတ်ပြလဲ ၀င်လိုက်ရော ကျွန်တော်တို့နှစ်ယောက်လုံး ဟိုက်ခနဲ အော်မိမတတ်ဖြစ်သွားပါတယ်။

များလိုက်တဲ့ ကလေးတွေဗျာ။ တခရီးထဲသွားကြမှာ။ ပိတ်ရက်ရှည် အစညဆိုတော့ မိသားစုလိုက် ချီတက်လာကြတာ ကလေးမပါတဲ့ ခရီးသယ်က ခပ်ရှားရှားပါပဲ။ အရွယ်စုံ ကလေးတွေဟာ လေယာဉ်ပေါ်မတက်ခင် စောင့်နေရစဉ် နည်းမျိုးစုံ ကစားကာ ပျော်နေကြပါတယ်။ မျက်စိ မှေးစပြုနေပြီဖြစ်တဲ့ သားကလဲ တတ်နိုင်သလောက် ၀င်ဆော့ပါတယ်။ နောက်ဆုံး လမ်းလျှောက်တတ်ခါစ ကလေးလေးတောင် မျက်နှာလေးက ပြုံးပြီး ဆော့နေတဲ့ ကလေးတွေကြား တောက်တောက် တောက်တောက်နဲ့ လျှောက်နေတာ ချစ်စရာလေး။ မမောနိုင် မပမ်းနိုင် လျှောက်နေတာကြည့်ရင်း သူလေယာဉ်ပေါ်ရောက်ရင် ကောင်းကောင်းအိပ်လိမ့်မယ်ဆိုတာ ခန့်မှန်းမိပါတယ်။

ကလေးတွေများပေမဲ့ လေယာဉ်ပေါ်ရောက်တော့ တိတ်ဆိတ်နေတာပါပဲ။ ကျွန်တော့်သား မျက်တောင်စင်းလေးကတော့ ထင်ထားသလို မအိပ်သေးဘူး။ ဟိုလိုလို ဒီလိုလို လုပ်ချင်လာလို့ သူ့ရှေ့က တီဗီလေးမှာ ကာတွန်းကားရှာပြပေး၊ ပြီးတော့ နားကျပ်လေးတပ်ပေးလိုက်တော့ သူသဘောကျသွားတယ်။ Smurfs ဆိုတော့ သူသိပ်သဘောကျသွားပြီး အိပ်ချင်နေတာကို ဇွတ်ထိမ်းပြီးကြည့်နေပါရော။ လေယာဉ်မှူးတို့ လေယာဉ်မယ်တို့က တခုခုပြောလို့ ကာတွန်းကား ခဏရပ်ရင် သူကျွန်တော့်ကို လက်ကုပ်ပြီး ပြင်ခိုင်းပါတယ်။ တီတီစကားပြောနေလို့လေ ကောင်းသွားပါလိမ့်မယ် ခနလေးစောင့်လို့ ၂ ခါလောက် ပြောပြအပြီးမှာတော့ သူသိသွားတယ်။ နောက်အကြိမ်တွေမှာ မပြင်ခိုင်းတော့၊ သေချာအောင်လို့ တီတီ စကားပြောနေတယ်နော်လို့တော့ တိုင်တည်တတ်ပါတယ်။ ဇာတ်လမ်း တ၀က်လောက်ရောက်မှ သူအိပ်ပျော်သွားပါတယ်။

ညလေယာဉ်ဆိုတော့ ကျွန်တော်တို့ကိုလဲ လေယာဉ်မယ်တွေက မအိပ် အိပ်အောင်သိပ်ပါတယ်။ တီဗီဇာတ်လမ်းထဲ အာရုံရောက်နေတုန်း တယောက်ပြီးတယောက်လာပြီး “Any more wine, please...” နဲ့။ ရုပ်ရှင် တကားအပြီးမှာ ကျွန်တော်အိပ်ပျော်သွားပါတယ်။ အိပ်ကောင်းနေစဉ်မှာပဲ မီးတွေ ထိန်လင်းလာပြီး ပြန်နှိုးပါရော။ တိုတိုပြောရရင်တော့ အဆင်ပြေ ချောမွေ့စွာ စင်္ကာပူလေဆိပ် ရောက်လာပါတယ်။ သဘောကောင်းလှတဲ့ သားငယ်ကလဲ ကြည်ကြည်လင်လင်လေးပါပဲ။

8 comments:

  1. ဟိုတခါ ၁၄နာရီစီးရတဲ့ ခရီးစဉ်တခုမှာ
    အိန္ဒိယလူမျိုးသားအမိ ၃ယောက် အနောက်တန်းက ခုံမှာ
    နေရာရတယ်..။
    (မိခင်+ ကလေး၂ယောက်)
    တလမ်းလုံး မအိပ်ရဘူး..။


    ပေါက်

    ReplyDelete
  2. အဲ မြန်မာပြည်ပြန်တယ်လား...ပြောစရာကြီးပဲဗျ....၊ဟုတ်တယ်...မြန်မာပြည်
    အလည်ပြန်တော့မယ်ဆို စားမယ့်အစားအသောက်တွေကြိုစာရင်းလုပ်ထား
    ရမယ်.....:)

    ReplyDelete
  3. အဲဗျာ....ပျော်စရာကြီးပဲဗျ....လို့ရေးတာဗျိုးးးး ဘယ်နှာ ပြောစရာကြီးဖြစ်သွား
    လဲမသိ....ဆောတီးဗျိုးးးးး:)))

    ReplyDelete
  4. ဟုတ်တယ် ပေါက်.. ခရီးသွားရတာ လမ်းမှာ အဲဒီလို အဆင်မပြေတာတွေရှိလာရင် ပိုပင်ပမ်းရတတ်တယ်။

    ဟားဟား.. ရပါတယ် ကိုငြိမ်းနိုင်။ ဒီလို ကွန်မန့်ကိုဖတ်ရတာ ပိုပျော်စရာကောင်းပါတယ်။

    N/A

    ReplyDelete
  5. ပြည်တော်ပြန်နေလို့ ပျောက်နေတာကိုး..၊ အတွေ့အကြုံတွေ ရှိခဲ့ရင် ရေးပါဦး၊ ကလေးတွေနဲ့ လေယာဉ်စီးရင် ပြင်ဆင်စရာတွေက အတော်ပဲ များတာပဲဗျ၊ ကျနော့်အလှည့် ကျရင်တော့ လေယာဉ်မယ်တွေ ရှေ့မှာ မျက်စိ ကြောင်ချင် ယောင်ဆောင်နေမယ်၊ အဲဒါမှ အိပ်ဆေး ပိုရမှာ...။း)

    ReplyDelete
  6. ကျေးဇူးကိုညီလင်းသစ်။ ရေးမှာပါ။ အဲဒီအကြံကောင်းတယ်.. ချီးယား..
    N/A

    ReplyDelete
  7. စင်ကာပူကို နှစ်ရက်လောက် ဝင်လည်လိုက်တာ မဟုတ်ဘူး။

    ReplyDelete
  8. ဘာမီတွန်သောက်လိုက်တာဘဲ။

    ReplyDelete