Saturday, December 10, 2011

မန္တလေးမှာ..



မန္တလေးမှာ နေခဲ့ရတဲ့ရက်တွေကတော့ သိပ်ထူးခြားလှတယ်ရယ်လို့မရှိ။ အရင်တုန်းကလိုပဲ နယ်ခံ အိမ်သူ အိမ်သားတွေနဲ့ တသားထဲ ကိုယ်နေတတ်သလို၊ နေခဲ့သလိုပဲ နေ့တွေဖြတ်သန်းခဲ့တာပေါ့။ ပြောစရာတခုကတော့ အဝေးရောက်နေချိန်မှာ ဒီလိုပြန်နေချင်စိတ်ကလေး ပြင်းပြနေခဲ့တော့ အလိုက်အထိုက်နဲ့ နေ့တွေကုန်သွားတာမျိုးမဟုတ်ပဲ၊ ခံစားနှစ်သက်စွာ ကုန်စေခဲ့ပါတယ်လို့တော့ ပြောရမှာပါ။ အတော့ကို စိတ်အေးချမ်းခဲ့ပါတယ်။

မနက်ဆို နိုးစက်အသံကြောင့်မဟုတ်ပဲ အိပ်ရေးဝပြီး နိုးလာတာကိုက အရသာ။ ၆ နာရီ ခွဲလောက်ဆို အားလုံး နိုးနေကြပြီ။ စိတ်ကြည်လင်နေစေတဲ့ မနက်ခင်းများပါပဲ။ အိမ်ကအဖွဲ့တွေကတော့ မနက်စာအဖြစ် ထမင်းပူပူဆီဆမ်း၊ အကြော်နဲ့ ပဲပြုတ်ထွက်ဝယ်ပြီး စားလေ့ရှိပါတယ်။ ဒီလိုပဲ ၀င်စားဖြစ်တဲ့ရက်မှာ စားပေမဲ့ များသောအားဖြင့်တော့ အပြင်ထွက်စားတတ်ကြပါရဲ့။ ပြန်ရင် စားမယ်ဆိုပြီး တေးထားတဲ့ စားစရာတွေက မနည်းလှ။ အဓိက မြီးရှေ နဲ့ မုန့်တီ



အဲဒီ့နှစ်မျိုးထဲက ကျွန်တော်က မုန့်တီကို ပိုကြိုက်ပါတယ်။ ဇနီးကတော့ မန္တလေးသူဆိုတော့ မြီးရှေသမား။ မုန့်တီကို လတ်တလော အကြိုက်ဆုံးဆိုင်က ရွှေပြည်မိုး လက်ဖက်ရည်ဆိုင်၊ နဲနဲလှမ်းပေမဲ့ တကူးတက သွားစားကြပါတယ်။

သွားရ လာရတာကတော့ အတော်ဂရုစိုက်ရတယ်။ အရင် ကျောင်းတက်တုန်းက မန္တလေးကလမ်းတွေမှာ စက်ဘီးနဲ့ ဆိုင်ကယ် အရေအတွက် သိပ်မကွာလှ။ ဆိုင်ကယ်စီးရင် စက်ဘီးသမားတွေကို အတော် ဂရုစိုက် ဦးစားပေးကြပါတယ်။ ဘယ်၊ ညာကွေ့တော့မယ်ဆို မတိုးမိအောင် အချက်ပြကွေ့၊ မီးပွိုင့်တွေဆို မီးစိမ်းပေမဲ့ ဘယ်ကွေ့မဲ့ စက်ဘီး ဆိုင်ကယ်အဖွဲ့တွေရဲ့ အခြေအနေကိုကြည့် ပြီးမှ ထွက်ရတယ်။ အဲဒီတုန်းက အချင်းချင်း နောက်ပြောပြောကြတာက မန္တလေးက မီးပိုင့်တွေမှာ စနစ်ထက် နားလည်မှူ့လိုတယ်လို့ပါ။

အခုတော့ ဆိုင်ကယ်တွေ အရမ်းများနေပြီး နားလည်မှူ့လိုတာက မီးပွိုင့်တင်မဟုတ်တော့ပါ။ တလမ်းလုံးလိုလို ဖြစ်လာပါပြီ။ အကွေ့တွေလဲ ဘာမှအချက်မပြပဲ ဆတ်ခနဲကွေ့၊ ကိုယ့်ရှေ့ကိုလဲ လမ်းအကြားကနေ ဖြတ်ခနဲဝင်နဲ့ အတော်သတိထားရပါတယ်။ အားလပ်ရက်ခရီးမှာ ဘေးမထိအောင် သတိကြီးကြီးနဲ့ သွားလာနေရတာပါပဲ။ တညက ရောက်တဲ့အထိမ်းအမှတ် ၀ိုင်းကြတော့ ဘော်ဒါတယောက် ၀င်ခေါ်ရင်း ဒီဆိုင်ကယ်လေးကို တွေ့လို့ သဘောကျတာနဲ့ ဓါတ်ပုံရိုက်လာပါတယ်။



အရင်တုန်းက ကာတွန်းထဲက ဆိုင်ကယ်နဲ့တူတဲ့ Scooter လေးဆိုပြီး သဘောကျလို့ ရိုက်လာတာပါ။ နောက်တော့ သွားရင်းလာရင်းနဲ့ ဒီလိုပဲ Scooter တွေ အတော်များများ စီးနေကြတာ တွေ့လာပါတယ်။ ကျား၊ မ ကြီးငယ်မရွေး စီးနေတာတွေ့လာပါတယ်။ ပုံကလဲ ဓါတ်ပုံထဲကလို ရိုးရိုးပုံသာမက Transformers ဇာတ်လမ်းထဲကလို ချက်ချင်းစက်ရုပ်ဖြစ်သွားမလိုလို ထင်ရတဲ့ ခပ်ဆန်းဆန်း ပုံတွေအထိပါပဲ။

နောက်တနေ့ Perfect မဂ္ဂဇင်းကို အပျင်းပြေ ဟိုဖတ်ဒီဖတ်လုပ်ရင်းနဲ့ ကုန်ပစ္စည်း မိတ်ဆက်သဘောမျိုး ရေးထားတဲ့ စာတပုဒ်တွေ့မှ ဇာတ်ရည်လည်ပါတော့တယ်။ အရင်တုန်းက Scooter ဆိုရင် မိန်းမစီးပဲလို့နားလည်ထားမိခဲ့လို့ နဝေတိမ်တောင်ဖြစ်နေခဲ့မိတာပါ။ နိုဝင်ဘာလထုတ်မှာ စာရေးသူက ၀ိုင်းပါ။ အခုလို ရေးဖြစ်လိမ့်မယ် မထင်မိခဲ့လို ချရေးပြီး မှတ်မလာခဲ့မိ။ မှတ်မိနေသမျှကတော့..

လျှပ်စစ်မော်တော်ဆိုင်ကယ်လို့ဆိုပါတယ်။ Environment Friendly ပေါ့ဗျာ။ ထုံးစံအတိုင်း တရုတ်နိုင်ငံမှ အထိက တင်သွင်းလာပါတယ်။ ဘာနဲ့ ဆွဲဆောင်ပြီးတွက်ပြထားလဲဆိုရင် တကယ်လို့ အင်ဂျင်နဲ့ဆိုင်ကယ် စီးမယ်ဆိုရင် မူလ ၀ယ်တဲ့ ဈေးကိုဖယ်ထား စီးရင်းနဲ့ တနှစ်တာသွားရင်းလာရင်းကုန်တဲ့ ဆီမှာ သုံးရတဲ့ပိုက်ဆံက ဒီမော်တော်ဆိုင်ကယ်ကို ၀ယ်ပြီးစီးရင် အားသွင်းလို့ ကုန်ကျတဲ့ မီတာခပါအပါအ၀င် ဆိုင်ကယ်ဝယ်တဲ့ အရင်းပါကြေတယ်တဲ့။ အခြေခံထားပြီး တွက်ပြသွားတာကတော့ ဒီလျှပ်စစ်ဆိုင်ကယ်၊ ပြန်းမျှ မိုင်၃၀ စီးရင် တခါအားပြန်သွင်းရမယ်။ သွင်းလျှင် မီတာခ ၂ ယူနစ် စာကျမယ်။ တယူနစ်ကို ၂၅ ကျပ်နဲ့တွက်တယ်ထင်ပါတယ်။ အဲဒီမိုင်သုံးဆယ်ကို သုံးစွဲမဲ့ ဓါတ်ဆီ အပြင်ပေါက်ဈေးကနေ နုတ်ပြီးတွက်ပြတာပါ။ ဘက်ထရီက တနှစ်နေရင် ဆားဗစ်ပြန်လုပ်ပေးမယ်ဆိုပါတယ်။ Maintenance free အမျိုးအစား ( ပြည်တွင်းမှာတော့ အိုးခြောက် လို့ခေါ်ပါတယ် )။


အဲဒီ့စာထဲမှာတော့မပါပါဘူး၊ စဉ်းစားကြည့်တာပါ။ ၂ ယူနစ်ဆိုတော့ ဆိုပါတော့ ၁၀၀၀ ၀ပ်သုံးပြီးဖြည့်တယ်ဆို အားသွင်းချိန် ၂ နာရီ။ ဘက်ထရီက ကြာလာရင်တော့ အချိန်ပိုလိုလာမည်။ တခါအားဖြည့်ပြီးရင် ၀ပ်ဆိုက်ဒ်တခုရဲ့ အဆိုအရ စီးချိန် ၄ နာရီကနေ ၆ နာရီအထိ ခံတယ်တဲ့။ အခုတလော မန္တလေးမှာ ရပ်ကွက်တိုင်း ထရန်စဖေါ်မာတွေ လိုက်တပ်နေပြီး မီးအားကလဲ ကောင်းနေပါရဲ့။ ဒါ့ကြောင့် ဒီလို ဆိုင်ကယ်တွေ အတွေ့ရများလာသည်ထင်ပါသည်။


ပြန်ဆက်ရရင် အခုနက ရေးခဲ့သလိုပါပဲ ရောက်စညမှာ အထိမ်းအမှတ်ဝိုင်းတော့ လွမ်းမောခဲ့ရတဲ့ မန္တလေးက အကင်ကို ကိုယ်စားချင်ရာမှာပြီး၊ ပြန်ရောက်မှသာ ဆုံခွင့်ရတဲ့ စည်လေးရယ်နဲ့ ညဥ့်တောင် အတော်နက်သွားရော..

9 comments:

  1. စကူတာဘီးလေးတွေကိုသဘောကျတယ်....။သဘောအကျဆုံးကတော့
    အောက်ဆုံးက စည်ဘီဘီပဲ.....:))))

    ReplyDelete
  2. ဘီယာခွက်ကလေးလှတာ.

    na မပါ. အဟိ.

    ReplyDelete
  3. အပေါ်ပုံနဲ့ အောက်ပုံ :P

    ReplyDelete
  4. ကိုငြိမ်းနိုင်.. စီဘီဘီနဲ့ တ၀ီဝီ စကူတာ စီးကြစို့..
    မကွန်.. ဒီတခါလဲ မပါပြန်ဖူးပေါ့..
    ကိုမောင်သန့် .. ရွေးတတ်ပါ့။
    အားလုံးကို ကျေးဇူးတင်ပါတယ်။

    ReplyDelete
  5. မန္တလေးမှာ လျှပ်စစ်ဆိုင်ကယ်တွေ ရှိတာ မသိသေးဘူးဗျ၊ ဆိုင်ကယ်တွေ များသထက် များလာနေတဲ့ မြို့မှာ ဒီလိုဆိုင်ကယ်မျိုးတွေ သုံးတာ အားပေးသင့်တယ်လို့ ဆိုရမယ် ထင်တယ်ဗျ၊ တခုပဲ ရှိတာက​ တရုတ်လုပ် ဆိုင်ကယ်ရဲ့ ကွာလတီနဲ့ မြန်မာပြည် အနေအထား လက်တွေ့မှာ ဘယ်လို အဆင်မပြေနိုင်တာတွေ ရှိသလဲတော့ မသိနိုင်ဘူး..။

    ReplyDelete
  6. မုန့်တီ စားချင်တယ်..။
    ပေါက်

    ReplyDelete
  7. ဟုတ်ပါတယ် ကိုညီလင်းသစ်။ လတ်တလောတော့ ကွာလတီ ပြဿနာက မသိသာလှသေးပါဘူး။ နောက်ပိုင်း အသုံးဝင်လာတာနဲ့အမျှ အမျိုးအစားကောင်းတွေလဲ ရောက်လာမယ်ထင်ပါတယ်။

    ကောင်းမှကောင်းပဲ ပေါက်.. ရောက်ရင်မှတ်မှတ်ရရ စားကြည့်ပါ။

    ReplyDelete
  8. Mee shay sar chin del...
    Gyidaw(ex shwemanthu)not bus line,shweman hall at MU......:P

    ReplyDelete
  9. တခါက ရွှေမန်းအဆောင်သူခင်ဗျား.. ပြန်ခွင့်ကြုံတိုင်း စားဖြစ်ပါစေ၊း)
    N/A

    ReplyDelete