Thursday, December 8, 2011
လူလည်လေး...
လမ်းခရီးတလျှောက် တက်ကြွနေသူတွေထဲမှာ သားကလဲ သူ့အထွာလေးနဲ့သူ ပါနေပါတယ်။
အရင်တခါ ၂ နှစ်သားက မန္တလေးကိုတခါပြန်ပါတယ်။ အိမ်မှာ သူ ကြာကြာနေခဲ့ရတော့ အတူနေ ၀မ်းကွဲ အကိုနဲ့အမကို သူ သိပ်သံယောဇဉ် တွယ်သွားပါတယ်။
အဲဒီ့နောက် ဒူဘိုင်းကို သူပြန်ရောက်စ အချိန်တုန်းက ဆိုပါလျှင် သနားစရာ။ အခန်းထဲမှာ တယောက်ထဲ ကစားနေစဉ် တံခါးဖွင့်လိုက်လို့ အောက်က ကလေးတွေရဲ့ အသံများကြားရလျှင် မျက်နှာလေး ၀င်းသွားပြီး ကိုကိုအိမ်ပေါ်တက်ခဲ့လေ..၊ ညီလေးအိမ်ပေါ်မှာလေ..လို့ အော်ရှာပါတယ်။ အခုဒီအပြန်ခရီးကို သူကမှတ်မိနေတော့ ကိုကိုတို့ဆီသွားနေတာနော်၊ မမ တို့ဆီသွားနေတာနော်လို့ မကြာခန တိုင်တည်နေလေ့ရှိပါတယ်။ အခု ကားပေါ်ရောက်တော့လဲ ထုံးစံအတိုင်း ပျော်နေတဲ့အသံလေးနဲ့ တတွတ်တွတ်မေးနေတုန်းပါပဲ။
အိမ်က ထိုင်ခုံကြိုဖြတ်ပေးထားပြီး သူတို့စီစဉ်ပေးထားတာက နှစ်ယောက်ခုံရယ်၊ အဲဒီ့နောက်ကခုံရယ်။ ဒီတော့ သူတို့သားအမိနှစ်ယောက်က အရှေ့က၊ ကျွန်တော်က အနောက်ကခုံ။ ရုပ်ရှင်ကြည့်လိုက် သူတို့နှစ်ယောက်သား စကားပြောလိုက်နဲ့၊ နောက်တော့ သားက တဖြေးဖြေးအိပ်ချင်လာတယ်။ ငိုက်မြည်းနေတဲ့သူ့ကို အမေဖြစ်သူက နှဖူးလေးသပ်ရင်း .. အိပ်အိပ်သားရေ၊ အိပ်ပြီးနိုးတာနဲ့ မမတို့နဲ့တွေ့ရမှာ လို့ပြောပါတယ်။ အိပ်ဖြစ်အောင်အိပ်ဖို့ တွန်းအားပေးတဲ့သဘောပေါ့။ ဒီစကားက အတော်တာသွားပါတယ်။
စင်းနေတဲ့မျက်လုံး ဖျပ်ခနဲပွင့်လာပြီး၊ ကိုကိုနဲ့ မမနဲ့ တွေ့ရမှာနော်လို့ အားတက်သရောမေးပါတယ်။ ပြီးတော့ တီဗီအသံကြောင့် ပြန်ထိုင်၊ ဆော့လိုက် စကားပြောလိုက် လုပ်ပါတယ်။ ကြာလာရင်ပြန်ငိုက်၊ အိပ်ပျော်လုလုအချိန်ရောက်တော့ သူပြန်သတိရပြီး အိပ်ပြီးရင် ပြန်တွေ့ရတော့မှာနော်မေးကာ ပြန်တက်ကြွ၊ လုံးလည်ချာလည်လိုက်နေပါတော့တယ်။ ကြာတော့ သူ့အမေနဲ့ သူနဲ့ မတည့်ချင်တော့။
ဒီအချိန်မှာ ကျွန်တော် ကားမီးရောင်နဲ့ မိုင်တိုင်တွေကြည့်လိုက်တော့ နားမည့်နေရာနှင့် သိပ်မဝေးလှတော့။ မိုင်၉၀ ကျော်နေပြီ။ ဘေးကတယောက်ကလဲ အိပ်မောကျနေပြီ။ ဒါနဲ့ သားကိုနောက်ခုံဆီခေါ်၊ ရင်ခွင်ပေါ်တင်ထားပြီး တက်ကြွနေတဲ့သားကို စကားတွေ ပြောခိုင်းတော့တာပါပဲ။ ဘယ်လိုကစားမှာလဲ၊ ကိုကိုနဲ့အရုပ်ဆိုင်တူတူသွားမှာလား၊ စသည်ဖြင့်ပေါ့။ သူ့ကို အားရကျေနပ်သွားတဲ့အထိ တခုပြီးတခုမေး သားကလဲ သူသိသလောက် မှတ်မိသလောက် အားပါးတရဖြေ၊ သူ့အသံလေး ကျယ်လာရင် ဘေးကအိပ်နေသူ အနှောက်အယှက်မဖြစ်အောင် ရှုးတိုးတိုးလုပ်နဲ့ ကားနားတဲ့နေရာအထိပါပဲ။
ကားနားတဲ့အချိန်မှာ သူ့ကို ဗိုက်ကလေး တင်းနေအောင် ကျွေးလိုက်တော့ ကားပြန်ထွက် ပြီးမကြာခင် အိပ်ပျော်သွားပါတယ်။ ဒီအချိန်မှာ တီဗီပြနေတာကလဲပြီးပြီဆိုတော့ သူအနှောက်အယှက်မရှိ အိပ်လို့ရသွားတာလဲပါပါမယ်။ မန္တလေးရောက်မှပဲ သူနိုးပါတော့တယ်။
တကယ်တော့ သားဟာ တလမ်းလုံး တချက်မှ မငိုခဲ့၊ ဂျီမကျခဲ့၊ သဘောကောင်းစွာပဲ လိုက်လာခဲ့တာပါ။ သူလိမ္မာလို့ ကျွန်တော်တို့နှစ်ယောက် အတော်သက်သာခဲ့ရတာပါပဲ။ အဲ.. မန္တလေးရောက်တော့ ပိုပြီးတော့တောင် လိမ္မာသွားရော။
အကိုနဲ့ဆော့လိုက် အမနဲ့ဆော့လိုက်နဲ့ ကျွန်တော်တို့အနားမကပ်တဲ့အပြင် အခေါ်တောင်မခံတော့။ တခါတလေ စိတ်လိုလက်ရရှိလို့ သားသားရေ ဖေကြီးဆီလာပါအုံးဆိုရင်တောင် မလာပဲ ပြုံးပြုံးနဲ့ ခေါ်ဘူး၊ ချစ်ဘူးလို့ပြောပါတယ်။
အရင်က ခေါက်ဆွဲဆိုရင် သူ့ဘာသူ ကောင်းကောင်းစားပြီး ထမင်းကျွေးလျှင် ယီးလေးဆွဲပြီး အကြာကြီးစားတတ်တဲ့သူ။ အခုတော့ ထမင်းစားချိန် မှာသူ့ထမင်းပန်းကန်ဆွဲ သူ့အန်တီဆီသွား တီတီကျွေးပေးပါဆိုပြီး ရင်ခွင်ပေါ်တက်ထိုင်တော့တာပါပဲ။ ဒီတော့ အိမ်ကအဖွဲ့တွေကလဲ ချစ်ကြပါတယ်။ ကျွန်တော်တို့နှစ်ယောက် အပြင်ထွက်မယ်ဆိုမှ ယီးတီးယားတားနဲ့ အနားကပ်ပါတယ်။
ဒီလူလည်လေးကြောင့် ကျွန်တော်တို့ မန္တလေးမှာ အတော်အနားရပါတယ်။
Labels:
အားလပ်ရက်ခရီး ၂၀၁၁
Subscribe to:
Post Comments (Atom)
ဟုတ်တယ်ဗျ၊ ခရီးဝေးသွားတဲ့အခါ အခုလို ကလေးတွေက ဂျီမကျဘဲ လိုက်လာရင် တကယ်ပဲ စိတ်သက်သာရာ ရတယ်၊ မိသားစုထဲမှာ ပျင်းမနေဘဲ ဝမ်းကွဲတွေနဲ့ ပျော်နေရင် ပိုပြီးတောင် စိတ်ချမ်းမြေ့ရတယ်..။ သားက ချစ်စရာ ကောင်းတာပဲ..။
ReplyDeleteသားလေးက ချစ်စရာလူလည်လေးပဲဗျ...၊စကားလည်းတတ်လိုက်မယ်ဖြစ်ခြင်း..၊
ReplyDeleteဖေ၊မေ တို့ရဲ့အသဲကျော်လေးပေါ့လေ......။
(အပေါ်ကကွန်မန့်ကလည်း ကျွန်တော်မန့်တာပဲဗျိုး...၊အခြားအကောင့်နဲ့မို့လို့
နာမည်မတူလို့ပြန်ဖျက်လိုက်တာ...:))
ဟုတ်ပါတယ်.. ကိုညီလင်းသစ် ကျေးဇူးပါ..း}
ReplyDeleteဟုတ် စကားလဲ တတ်ပါတယ် ကိုငြိမ်းနိုင်ရေး)
( ကွန်မန့်လဲ ဖယ်လိုက်ပါတယ် )း)
ချစ်စရာလေး
ReplyDelete(အဖေမပါ)
းD..
ReplyDeleteပြန်ချင်တယ်..
ReplyDeleteစိတ်လွတ်ကိယ်ုယ်လွတ် စိတ်အနားပေးချင်လို့..။
ပေါက်