Wednesday, December 21, 2011
စေတနာ...
အိမ်ရောက်တဲ့အချိန်က တကယ့်အချိန်ကောင်းပါပဲ။
တန်ဆောင်မုန်းလပြည့်ဖို့ ၃ ရက်ပဲအလို။ အေးပြီး ကြည်လင်နေသော ရာသီဥတု။ ဆောင်းရနံ့နဲ့အတူ နေရာတကာမှာလဲ ကထိန်ပွဲ ကြီးငယ်တွေအတွက် တာစူနေကြပြီ။ ဒီတော့ ကျွန်တော်တို့အိမ် ပတ်ဝန်းကျင်အိမ်တစုကလဲ ကုသိုလ်စိတ်လေးတွေ တဖွားဖွားဝင်နေကြပြီ။ ဒီတပတ် ဘာလေးများလုပ်ပြီး ဘုန်းကြီးကျောင်းပို့၊ အိမ်နီးနားတွေဝေရပါ့မလဲဆိုတာ အကြံထုတ်နေကြပါပြီ။
ကျွန်တော်တို့ရောက်တဲ့နေမှာပဲ သိပ်မဝေးလှတဲ့တအိမ်က မုန့်ဆီကြော်လုပ်ပြီးဝေတယ်ဗျ။ သိပ်ဝမ်းသာမိတာပဲ။ ဘယ်အသက်အရွယ်က နောက်ဆုံးစားဖြစ်ခဲ့လဲဆိုတာ ရေးရေးလေးတောင် မမှတ်မိတော့တဲ့မုန့်ဗျ။
လပြည့်ကျော်လာသည်အထိ တအိမ်ပြီးတအိမ် မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ စသည်ဖြင့် မရိုးရ မတူရအောင် လုပ်ပြီးဝေကြပါတယ်။ ကျွန်တော်တို့မှာလဲ အစီအစဉ်တခုရှိပါတယ်။ ရက်ကလေးက နဲနဲ လိုသေးတော့ အသာပဲ ဝေတဲ့မုန့်တွေ စားရင် စောင့်နေကြတာပေါ့။ အညာတ၀ိုက်မှာတော့ ဒီလိုပဲ အိမ်နီးချင်းကို ခင်မင် အလေးထားပြီး စကားလုံးသုံးတာကိုတောင် ရပ်ဆွေရပ်မျိုး လို့သုံးကြပါရဲ့။
တအိမ်နဲ့တအိမ် တကယ်လဲ စောင့်ရှောက်ကြပါတယ်။ ဘေးအိမ်ကဆို ကျွန်တော့်အမေကို အတော်ဂရုစိုက်ကြပါရဲ့။ အမေက အသက်အတော်ရနေပြီဆိုတော့ သူတို့က အိမ်မှာ ကိုယ့်အိမ်အမှူ့ ကိုယ်ပြုနေရင်းက နေ့ခင်းလောက်အထိ အမေ့ကို အိမ်ရှေ့ အိမ်နောက် မမြင်မိဖူးထင်ရင် အိမ်ရောက်လာတော့တာပဲ။ ဘာဟင်းချက်လဲ ဘာလဲမေးရင်းနဲ့ပေါ့။ တကယ်တော့ မာရဲ့လား ဆိုတာ လာကြည့်တာ။
ကိုယ်မိသားစုနဲ့ကိုယ်၊ ထို့အတူ အသိပညာရယ်၊ စီးပွားရေးရယ်၊ ၀သီလေးတွေရယ် ကွဲကြတော့ အမြင်မှာ တည့်တာရှိ မတည့်တာရှိပေမဲ့ တဦးအပေါ်တဦးထားတဲ့ စေတနာတွေကတော့ သိပ်မြင်သာပါတယ်။ပြောပြရအုံးမယ်..
တမနက်မှာ အိမ်ရှေ့ကို မီးသွေးလှည်းတစီးရောက်လာတယ်။ အနီးအနားက ရွာကထင်ပါတယ်။ နွားလှည်းပေါ်မှာ မီးသွေးတင်ပြီး လမ်းကြိုလမ်းကြား လှည့်ရောင်းနေတာပါ။ အိမ်ရှေ့ရောက်တော့ အမေက အပြင်ထွက်ရင်း ဘယ်လိုရောင်းလဲ မေးတော့ တအိပ်ကို ၂၇၀၀ တဲ့။ မီးသွေးအိတ်အရွယ်က အလတ်စား၊ ဆန် တတင်းခွဲဝင်တဲ့အိတ်ကို အပြည့်ထည့်ထားတာ။
အမေက မြင်နေရတဲ့ အပေါ်ပိုင်း မီးသွေးကိုကြည့် အိတ်ကို ဟိုစမ်းဒီစမ်းလုပ်ပြီး ၂၀၀၀ ရရင် ၂အိပ်ယူမယ်ဆိုပါတယ်။ ရောင်းတဲ့သူက မရဘူး နဲနဲထပ်တိုးပေးပါဆို တော့ အမေက “ကွယ်.. အမေလဲ အမေနိုင်တဲ့ဈေးပေးတာ.. ” လို့ ပြောပြီး အိမ်ထဲပြန်ဝင်သွားတယ်။အမေ့ကို ကြည့်ရတာ မသိမသာစောင့်ကြည့်နေတာမျိုးမဟုတ်ပဲ ဟိုးအိမ်အနောက်ဖေး မီးဖိုချောင်အထိ တန်းတန်းမတ်မတ်ကို ပြန်သွားတာ။
ကျွန်တော်ပဲ အိမ်အရှေ့မှာ ရှိနေတော့တယ်။ လှည်းကို ဓါတ်ပုံရိုက်ချင်လို့ မယောင်မလည်နဲ့ စောင့်နေပေမဲ့ အခြေအနေက ဘာမှန်းမသိ။ မရိုက်ရဲသေး။ လှည်းမှာ ပါလာတဲ့နှစ်ယောက်ကလဲ သူတို့အချင်းချင်း စကားကို အသံအုပ်အုပ်နဲ့ပြောလိုက်ကြ၊ တခါတလေ ရီနေကြနဲ့။ အမေလဲ အမေနိုင်တဲ့ဈေးပေးတာ ဆိုတဲ့ အမေပြောခဲ့တဲ့ စကားလဲ သူတို့ဆီက တစွန်းတစ ကြားနေရပါတယ်။
နောက်အတော်ကြာမှ ကဲကဲ..အမေ အိတ်ရှိလား၊ လှည်ရအောင်.. လို့ ပြောသံထွက်လာတယ်။ ဒါနဲ့ကျွန်တော်လဲ အမေ့ကိုမေးမို့ အိမ်ထဲဝင်တော့ အမေက မီးသွေးထည့်နေကြ အိတ်နှစ်လုံး အသင့်ကိုင်ပြီး မီးဖိုထဲက ထွက်လာတယ်။ သူက အဲဒီ့သွား အိတ်ရှာနေတာကိုး။
ကျွန်တော်က အိတ်၂လုံး သူတို့ဆီသွားပေးတော့ သူတို့က အိတ်ဖိုးပေးပြီး အိတ်ပါယူထားလိုက်ပါလားလို့ပြောတယ်။ ကျွန်တော် သိပ်ဘ၀င်မကျ ဖြစ်သွားပါတယ်။ လျှက်တပြက် ၀င်လာတဲ့အတွေးက အိတ်ပေါ်မှာပါ အမြတ်တင်ချင်လို့လားဆိုတဲ့အတွေးနဲ့။ ဘာလို့လဲဗျလို့မေးတော့ သူတို့က ဒီအိတ်တွေက ဆွေးနေပြီတဲ့။ တကယ်လို့ အိပ်မ၀ယ်ချင်ဘူးဆိုရင် ဘယ်မှာထားမှာလဲပြပါတဲ့။ သူတို့ မီးသွေးအိပ်တခါထည်းသယ်လာပြီး ထားမဲ့နေရာမှာတခါထည်းချ၊ လှည်မှရမယ်။ နေရာအရွှေ့မခံတော့ဘူးတဲ့။
သက်သေပြတဲ့အနေနဲ့ အိတ်အပေါ်ထောင့်ကို လက်နဲ့အသာဆွဲပြတာ အဟုတ်ပဲ အိတ်ကဆွေးနေတာ တွေ့ရတယ်။ အမေက သပ်သပ်ရပ်ရပ် ခေါက်ပြီး သိမ်းထားခဲ့တာ ဘယ်လောက်ကြာပြီလဲမသိ။ အမြင်မှာကောင်းနေပေမဲ့ တကယ်တမ်းတော့ ဆွေးနေပြီ။ ကျွန်တော် စိတ်မကောင်းဖြစ်သွားမိတယ်။ သူတို့က တကယ်တော့ စေတနာနဲ့ ပြောနေတာပဲ။
ဒါတွေကြားတဲ့ အမေက နောက်ထပ် အိတ်အသစ် ၂ လုံးထပ်ထုတ်လာတော့ အဆင်ပြေသွားတယ်။ သူတို့ မီးသွေးအိတ်တွေ အိမ်ထဲကူပို့နေတုန်း၊ လှည်းမှာလူရှင်းခိုက်ကို အခွင့်ကောင်းယူပြီး ကျွန်တော်ဓါတ်ပုံရိုက်ဖို့ ပြင်ပါတယ်။ ဒါကိုလဲ လှမ်းမြင်ရော.. ဓါတ်ပုံရိုက်မလို့လားဗျ.. ခနလေး ခနလေးဆိုပြီး လှည်းဆီအမြန်လာကာ လှည်းပေါ်တက်ပြီး အဆင်သင့်စောင့်နေတယ်။ ဒါနဲက သူပါ ပါတဲ့ ပုံ ၂ ပုံလောက်ပဲ ရိုက်ခွင့်ရခဲ့တယ်။
ဘယ်လိုကြည့်ကြည့် ရိုးသား၊ စေတနာပါသော မျက်နှာကြီးက ထင်းထင်းကြီး...
Labels:
အားလပ်ရက်ခရီး ၂၀၁၁
Subscribe to:
Post Comments (Atom)
ဒါဆို အိမ်ရှေ့မှာ သစ်ပင်တွေ ချုံပုတ်တွေနဲ့ စိမ်းစိမ်းစိုစိုပေါ့..၊ မြို့ပြကနေ ပြေးလာတဲ့ လူအဖို့တော့ ကောင်းကောင်း အနားယူစရာပဲ၊ ကွမ်းသွေးတွေ လွှမ်းထားတဲ့ အဲဒီလို အပြုံးတွေကတော့ဗျာ.. ရင်ဘတ်ထဲအထိ မြင်ရအောင်ကို ကြည်လင်လှပါပေတယ်...။
ReplyDeleteArr kya de kwel.You have real happy holidays.
ReplyDeleteGyidaw
Thank you for your star flowers(khayay),montsikyaw,bullocart and the man with sincere smile.I love them all.
ReplyDeleteGyidaw
ကိုယ်တွေရှေ့မှာ မသန့်စင်တဲ့ အလွှာတွေခံနေတော့ သူတို့ကိုတောင် ရုတ်တရက် အရင်းအတိုင်း မမြင်နိုင်တော့တာဖြစ်မှာပေါ့။
ReplyDeleteခရေပန်း၊ မုန့်ဆီကြော်၊ ရိုးသားတဲ့ မျက်နှာ
ReplyDeleteအားလုံးကို ရင်းနှီးတယ်၊
နီးသွားတဲ့တနေ့ ပိုစ့်တွေ အများကြီးရေးဖြစ်မယ်လို့
တွေးမိနေတယ်။
အမြင်စူးပါ့ ကိုညီလင်းသစ်ရေ..း)
ReplyDeleteGyidaw ပုံနဲ့ ခရီးစဉ်ကို သဘောကျတယ်ဆိုလို့ ၀မ်းသာမိပါတယ်။
ဟုတ်ပါ့ မရီတာ..
အပြုံးပန်း.. ဖြစ်မှာ သိပ်သေချာပါတယ်ဗျာ။
အားလုံးကို တကယ် ကျေးဇူးတင်ပါတယ်ဗျာ..