Saturday, December 24, 2011

သည်တော..သည်တောင်..သည်မြေ..

မိတ္ထီလာမှတဆင့် ကျွန်တော်တို့ ညောင်ဦးမြို့ဆီ ခရီးဆက်ပါတယ်။ အစီအစဉ်ကတော့ ညောင်ဦးမှာ ၃ ညအိပ် ၄ ရက် နေမယ်။ ကျွန်တော်တို့မိသားစု ၃ ယောက်က မိတ္ထီလာကနေ သွားနေချိန်မှာ မန္တလေးမှ ဇနီးသယ်ရဲ့ အကို မိသားစု ၃ ဖွဲ့ကလဲ ညောင်ဦးကိုလာနေပြီ။ နယ်ခံ ၀န်ထမ်းအကိုရဲ့အိမ်မှာတည်းမယ်၊ နောက် ပုဂံမြို့ဟောင်းမှဘုရားတွေ ဖူးကြမယ်။




မိတ္ထီလာမြိုအထွက်ရောက်တော့ ၉ နာရီထိုးနေပါပြီ။ ဒီတခေါက်လောက် လမ်းခရီးတလျှောက် လှနေတာ မကြုံဖူးခဲ့။ မိုးကင်းတာမကြာသေးလို့ သစ်ပင်တွေကစိမ်းစိမ်းစိုစို၊ အရင်အခေါက်တွေက ခြောက်သွေ့နေသော သဲချောင်းတွေအဖြစ်သာရှိနေခဲ့တဲ့ ချောင်းတွေ မြောင်းတွေမှာလဲ ရေတင်နေသေးတော့ ဒီခရီးဟာ ကျွန်တော်တို့အတွက် မမေ့ချင်စရာ။



လမ်းက အတော်ကြီးကို ကောင်းနေတာတွေ့ရပါတယ်။ အပေါက်မရှိ၊ လမ်းလဲကျယ်၊ အရင်အခေါက်တွေတုန်းက ကုမ္ပဏီတခုက ခင်းနေလက်စတွေ့ခဲ့ရတာ ဒီတခေါက်မှ အချောသပ် ပြီးစီးနေပါပြီ။


ဓါတ်ဆီရောင်းတဲ့ ဆိုင်လေးတွေတော့ ရှိနေတုန်းပါပဲ။ ပိုတောင် စုံအောင်တင်လာကြပါတယ်။ ရောင်စုံဗူးလေးတွေ၊ အဖြူရောင် ( ဓါတ်ဆီ )၊ အ၀ါရောင် ( ဒီဇယ် )၊ အနီရောင် ( အောက်တိန်း )။ ညပိုင်းဆို မီးရောင်လေးနဲ့ လှတောင်နေသေး။



တလမ်းလုံး အများဆုံးတွေ့ရတာကတော့ ထနောင်း၊ ရှား၊ ထန်းပင် နဲ့ ကုက္ကိုပင်တွေပါပဲ။ အညာတလျှောက် အတွေ့ရဆုံးအပင်တွေပါ။ ထနောင်းပင်ကတော့ အကိုင်းအလက် ကွေ့ကွေ့ကောက်ကောက် လှလှပပ။ နွေရာသီမှာ အားအကိုးရဆုံးအပင်။ နွေထနောင်း ဆောင်းမန်ကျည်းလို့ ဆိုထားသလို နွေမှာ ထနောင်ပင် အပင်ရိပ်ဟာ အေးတယ်တဲ့။




တခါက ကိုရင်ဝတ် ဓူဒင်ဆောင်တော့ နေ့ပိုင်းဆို ထနောင်းပင်ရိပ်အောက် တနေကုန်နေဖြစ်ရတဲ့အခါ တခါတရံ ကျလာတတ်တဲ့ ရေမှုန်မွှားလေးတွေတောင် သတိထားမိခဲ့ပါတယ်။ ရှားပင်က အနှစ်များပြီး အသားမာတော့ ထွန်သွားတွေအဲဒီ့အသားနဲ့ပဲလုပ်ကြပါတယ်။ ကျန်တဲ့အပင်တွေကတော့ အသိများတဲ့အပင်တွေပေါ့။ ခရီးပြန်ဆက်ကြစို့ရဲ့..




ဒါကတော့ မုန်တိုင်ဆည်။ မိတ္ထီလာကန်ရဲ့ ရေထိမ်းဆည်။ ငယ်ငယ်က ၄တန်းမှာ ဒီဆည်ကို လေ့လာရေးတခေါက် ရောက်ဖူးခဲ့ပါတယ်။ မှတ်မိနေတာကတော့ ဒီဆည်သာ မဆောက်ဖြစ်ရင် နုန်းမြေတွေနဲ့ ကန်ဟာ ကောသွားမယ်တဲ့။ နောက်ရေလွှတ်တံခါးက ကိုရီးယားနည်းပညာတဲ့။




နောက် ဘုမသဘမသိနဲ့ ဆည်ရဲ့လယ်ရေသောက်ဧရိယာတွေ၊ သိုလောင်ပမာဏ ဘာညာ ကိန်းဂဏန်းတွေ ကူးရေးနေမိခဲ့တယ်။ ဆည်ဘောင်ကြီးပေါ်လျှောက်ကြတော့ ဘောင်ရဲ့တဖက်မှာ ရေမျက်နှာပြင်နဲ့ နီးနီးလေး၊ တခြားတဖက်မှာ ရေလွတ်တဲ့မြောင်းရှိတဲ့ မြေပြင်က ချောက်ကြီးပမာ အနက်ကြီး။ အဲဒီ့တချက်ပဲ ကျွန်တော့အတွက် အံ့ခမန်းဖြစ်ခဲ့ပါတယ်။


ကလေးဆိုတော့ ဒီဘက်က လှောင်ထားတဲ့ ရေပမာနတွေ ဘာတွေမသိ။ အိမ်ရောက်တော့ အမေ့ကို အားပါးတရ ပြန်ပြောနေခဲ့မိတယ်။ ထူးဆန်းတယ် အမေရယ်.. ဘောင်ကြီးပေါ်မှာလေ ဒီဖက်က ရေက လေ နီးနီးလေး၊ ဟိုဖက်မှာလေ ချောက်ကြီးက အနက်ကြီးပဲလို့။ အခု ဒီနေရာရောက်တော့ ပြန်သတိရလို့ ပြုံးမိနေခဲ့ပါတယ်။




ခရီးဆက်ရင်း ချောင်းလေးတွေ တွေ့တော့လဲ ခန ရပ်ဖြစ်ပါတယ်။ တခြား သဘောကျသော နေရာလေးတွေမှာလဲ ရပ်တာပါပဲ။
ဒါကတော့ကြက်မောက်တောင်ဆည်နားက အဆင်းနားမှာရိုက်ထားတာပါ။




ကျောက်ပန်းတောင်းရောက်တော့ လမ်းမှာ ဟိုဟိုဒီဒီနားခဲ့တာများလို့ မရပ်ပဲ ညောင်ဦးကိုဆက်မောင်းပါတယ်။ ကျောက်ပန်းတောင်းနဲ့ ပုပ္ပါးမှလာတဲ့ ဗျတ္တပန်းဆက်လမ်း အဆုံအထိ လမ်းက အတော်ကြမ်းနေတယ်။ နေကလဲ မြင့်လာ နောက်ပြီးတော့ လမ်းကိုလဲ ဂရုစိုက်ရနဲ့ သိပ်မကြည့်အားတော့ပါဘူး။




နောက် နေ့လည်စာအမှီ ညောင်ဦးကိုရောက်လာပါတယ်။ နောက်တနာရီလောက်နေတော့ မန္တလေးမှအဖွဲ့လဲ ရောက်လာပါပြီ။ နေ့လည် တရေးတမောအိပ်ပြီးတာနဲ့ ဘုရားဖူးဖို့ အသင့်။ လူကြီး ၇၊ ကလေး ၆၊ ပေါင်း ၁၃ ရောက် ဗျ။း)

5 comments:

  1. ကောင်းကင်၊ ရေမြေ၊ သစ်ပင်၊ သဘာဝ အရမ်းလှတယ်
    သာယာတယ်

    ReplyDelete
  2. လူကြီး၇၊ကလေး၆၊ပေါင်း၁၃ယောက်၊အင်အားတောင့်လှချည်လားဗျ....:)
    အကို့အညာခရီးစဉ်ပို့စ်လေးက အတိတ်ကိုပြန်လည်နိုးထစေတယ်ဗျာ...။
    အကိုတို့မိသားစုတွေ ပျော်ရွင်နှစ်လိုဖွယ်ခရစ်စမတ်နှင့် နှစ်ကူးကာလကို
    ပိုင်ဆိုင်နိုင်ပါစေဗျား....။

    ReplyDelete
  3. မိတ္ထီလာကနေ ညောင်ဦးကို သွားတဲ့လမ်းကို ကျနော်လည်း ကြိုက်တယ်၊ အညာ ရဲ့ အငွေ့အသက်ကို အပြည့် ခံစားရတယ်..။

    Merry Christmas လို့လည်း နှုတ်ဆက်ပါတယ်ဗျာ။

    ReplyDelete
  4. အားပေးခဲ့ကြတဲ့ အပြုံးပန်း၊ ကိုညိမ်းနိုင် နဲ့ ကိုညီလင်းသစ်.. ကျေးဇူးတင်ပါတယ်ဗျာ။

    ReplyDelete