Saturday, December 17, 2011

အတွေးများစွာဖြင့်..




နောက်တနေ့တော့ မိထ္တီလာကို သွားကြပါတယ်။

အမေ့အိမ်အပြန်ခရီးဆိုပါတော့ဗျာ။ ပျော်စရာကောင်းတဲ့ မျှော်လင့်ချက်တွေကတလှည့် စိတ်ရဲ့ ထောင့်တနေရာက ဟိုတွေးဒီတွေး တွေးပူရင်း ပေါ်လာတတ်တဲ့ ဟိုလိုမမြင်ရပါစေနဲ့ ဒီလိုမမြင်ရပါစေနဲ့ဆိုတဲ့ မမျှော်လင့်မှူ့တွေကတလှည့် နဲ့..
အိမ်ကတော့ ကွန်ကရစ် လမ်းအသစ်ကနေသွားကြည့်ပါ့လားတိုက်တွန်းပေမဲ့ မသွားလို။ သိနေ ရင်းနှီးနေပြီးသား လမ်းပဲ ကောင်းမည်ထင်သည်။ စိမ်းစိုလှပနေသော လမ်း...



ကျောက်ဆည်တ၀ိုက်နဲ့ ကူမဲအနီးအနားဟာ ဆည်ရေရလို့ လမ်းဘေးတွေမှာ စပါးခင်းတွေ။
တလမ်းလုံးလဲ ရင့်မည့်နေတဲ့ စပါးခင်းတွေရယ်၊ မှည့်လုလု စပါးခင်းတွေရယ်က မျက်စိတဆုံး။









တနေရာမှာ ရိတ်ပြီးတော့ တဆက်ထည်း ခြွေလှေ့ပြီးပုံထားတာကိုလဲ တွေ့ရပါတယ်။ သူတို့အတွက်တော့ အချိန်အခါမဲ့ မိုးသားတွေတက်လာရင် ရင်ပူလာရစေသော အချိန်တွေ ကုန်ဆုံးလုနေပြီပေါ့။




အဲဒီ့ဆည်ရေသောက်လယ်မြေတွေလွန်လာတော့ ယာမြေတွေ။ ဆောင်းသီးနှံတွေစိုက်ဖို့ ပြင်နေကြပြီ။ တလောက မိုးဆက်တိုက်ရွာထားခဲ့တော့ ထွန်ပြီး ပျိုးကြဲဖို့ အဆင်သင့်ဖြစ်နေပြီ။ ဆန္ဒတွေရယ် မျှော်လင့်ချက်ပေါင်းများစွာရယ်နဲ့ တာစထွက်ကြပြီ။



အိမ်ရောက်လို့ ကျွန်တော်တို့ကိုလဲမြင်ရော.. အမေ့မျက်နှာက ပြုံးလို့.. သူ့ကုလားထိုင်နံဘေးမှ ခရေပန်းပွင့် အကြွေလေးတွေကလဲ မွှေးလို့…

Saturday, December 10, 2011

မန္တလေးမှာ..



မန္တလေးမှာ နေခဲ့ရတဲ့ရက်တွေကတော့ သိပ်ထူးခြားလှတယ်ရယ်လို့မရှိ။ အရင်တုန်းကလိုပဲ နယ်ခံ အိမ်သူ အိမ်သားတွေနဲ့ တသားထဲ ကိုယ်နေတတ်သလို၊ နေခဲ့သလိုပဲ နေ့တွေဖြတ်သန်းခဲ့တာပေါ့။ ပြောစရာတခုကတော့ အဝေးရောက်နေချိန်မှာ ဒီလိုပြန်နေချင်စိတ်ကလေး ပြင်းပြနေခဲ့တော့ အလိုက်အထိုက်နဲ့ နေ့တွေကုန်သွားတာမျိုးမဟုတ်ပဲ၊ ခံစားနှစ်သက်စွာ ကုန်စေခဲ့ပါတယ်လို့တော့ ပြောရမှာပါ။ အတော့ကို စိတ်အေးချမ်းခဲ့ပါတယ်။

မနက်ဆို နိုးစက်အသံကြောင့်မဟုတ်ပဲ အိပ်ရေးဝပြီး နိုးလာတာကိုက အရသာ။ ၆ နာရီ ခွဲလောက်ဆို အားလုံး နိုးနေကြပြီ။ စိတ်ကြည်လင်နေစေတဲ့ မနက်ခင်းများပါပဲ။ အိမ်ကအဖွဲ့တွေကတော့ မနက်စာအဖြစ် ထမင်းပူပူဆီဆမ်း၊ အကြော်နဲ့ ပဲပြုတ်ထွက်ဝယ်ပြီး စားလေ့ရှိပါတယ်။ ဒီလိုပဲ ၀င်စားဖြစ်တဲ့ရက်မှာ စားပေမဲ့ များသောအားဖြင့်တော့ အပြင်ထွက်စားတတ်ကြပါရဲ့။ ပြန်ရင် စားမယ်ဆိုပြီး တေးထားတဲ့ စားစရာတွေက မနည်းလှ။ အဓိက မြီးရှေ နဲ့ မုန့်တီ



အဲဒီ့နှစ်မျိုးထဲက ကျွန်တော်က မုန့်တီကို ပိုကြိုက်ပါတယ်။ ဇနီးကတော့ မန္တလေးသူဆိုတော့ မြီးရှေသမား။ မုန့်တီကို လတ်တလော အကြိုက်ဆုံးဆိုင်က ရွှေပြည်မိုး လက်ဖက်ရည်ဆိုင်၊ နဲနဲလှမ်းပေမဲ့ တကူးတက သွားစားကြပါတယ်။

သွားရ လာရတာကတော့ အတော်ဂရုစိုက်ရတယ်။ အရင် ကျောင်းတက်တုန်းက မန္တလေးကလမ်းတွေမှာ စက်ဘီးနဲ့ ဆိုင်ကယ် အရေအတွက် သိပ်မကွာလှ။ ဆိုင်ကယ်စီးရင် စက်ဘီးသမားတွေကို အတော် ဂရုစိုက် ဦးစားပေးကြပါတယ်။ ဘယ်၊ ညာကွေ့တော့မယ်ဆို မတိုးမိအောင် အချက်ပြကွေ့၊ မီးပွိုင့်တွေဆို မီးစိမ်းပေမဲ့ ဘယ်ကွေ့မဲ့ စက်ဘီး ဆိုင်ကယ်အဖွဲ့တွေရဲ့ အခြေအနေကိုကြည့် ပြီးမှ ထွက်ရတယ်။ အဲဒီတုန်းက အချင်းချင်း နောက်ပြောပြောကြတာက မန္တလေးက မီးပိုင့်တွေမှာ စနစ်ထက် နားလည်မှူ့လိုတယ်လို့ပါ။

အခုတော့ ဆိုင်ကယ်တွေ အရမ်းများနေပြီး နားလည်မှူ့လိုတာက မီးပွိုင့်တင်မဟုတ်တော့ပါ။ တလမ်းလုံးလိုလို ဖြစ်လာပါပြီ။ အကွေ့တွေလဲ ဘာမှအချက်မပြပဲ ဆတ်ခနဲကွေ့၊ ကိုယ့်ရှေ့ကိုလဲ လမ်းအကြားကနေ ဖြတ်ခနဲဝင်နဲ့ အတော်သတိထားရပါတယ်။ အားလပ်ရက်ခရီးမှာ ဘေးမထိအောင် သတိကြီးကြီးနဲ့ သွားလာနေရတာပါပဲ။ တညက ရောက်တဲ့အထိမ်းအမှတ် ၀ိုင်းကြတော့ ဘော်ဒါတယောက် ၀င်ခေါ်ရင်း ဒီဆိုင်ကယ်လေးကို တွေ့လို့ သဘောကျတာနဲ့ ဓါတ်ပုံရိုက်လာပါတယ်။



အရင်တုန်းက ကာတွန်းထဲက ဆိုင်ကယ်နဲ့တူတဲ့ Scooter လေးဆိုပြီး သဘောကျလို့ ရိုက်လာတာပါ။ နောက်တော့ သွားရင်းလာရင်းနဲ့ ဒီလိုပဲ Scooter တွေ အတော်များများ စီးနေကြတာ တွေ့လာပါတယ်။ ကျား၊ မ ကြီးငယ်မရွေး စီးနေတာတွေ့လာပါတယ်။ ပုံကလဲ ဓါတ်ပုံထဲကလို ရိုးရိုးပုံသာမက Transformers ဇာတ်လမ်းထဲကလို ချက်ချင်းစက်ရုပ်ဖြစ်သွားမလိုလို ထင်ရတဲ့ ခပ်ဆန်းဆန်း ပုံတွေအထိပါပဲ။

နောက်တနေ့ Perfect မဂ္ဂဇင်းကို အပျင်းပြေ ဟိုဖတ်ဒီဖတ်လုပ်ရင်းနဲ့ ကုန်ပစ္စည်း မိတ်ဆက်သဘောမျိုး ရေးထားတဲ့ စာတပုဒ်တွေ့မှ ဇာတ်ရည်လည်ပါတော့တယ်။ အရင်တုန်းက Scooter ဆိုရင် မိန်းမစီးပဲလို့နားလည်ထားမိခဲ့လို့ နဝေတိမ်တောင်ဖြစ်နေခဲ့မိတာပါ။ နိုဝင်ဘာလထုတ်မှာ စာရေးသူက ၀ိုင်းပါ။ အခုလို ရေးဖြစ်လိမ့်မယ် မထင်မိခဲ့လို ချရေးပြီး မှတ်မလာခဲ့မိ။ မှတ်မိနေသမျှကတော့..

လျှပ်စစ်မော်တော်ဆိုင်ကယ်လို့ဆိုပါတယ်။ Environment Friendly ပေါ့ဗျာ။ ထုံးစံအတိုင်း တရုတ်နိုင်ငံမှ အထိက တင်သွင်းလာပါတယ်။ ဘာနဲ့ ဆွဲဆောင်ပြီးတွက်ပြထားလဲဆိုရင် တကယ်လို့ အင်ဂျင်နဲ့ဆိုင်ကယ် စီးမယ်ဆိုရင် မူလ ၀ယ်တဲ့ ဈေးကိုဖယ်ထား စီးရင်းနဲ့ တနှစ်တာသွားရင်းလာရင်းကုန်တဲ့ ဆီမှာ သုံးရတဲ့ပိုက်ဆံက ဒီမော်တော်ဆိုင်ကယ်ကို ၀ယ်ပြီးစီးရင် အားသွင်းလို့ ကုန်ကျတဲ့ မီတာခပါအပါအ၀င် ဆိုင်ကယ်ဝယ်တဲ့ အရင်းပါကြေတယ်တဲ့။ အခြေခံထားပြီး တွက်ပြသွားတာကတော့ ဒီလျှပ်စစ်ဆိုင်ကယ်၊ ပြန်းမျှ မိုင်၃၀ စီးရင် တခါအားပြန်သွင်းရမယ်။ သွင်းလျှင် မီတာခ ၂ ယူနစ် စာကျမယ်။ တယူနစ်ကို ၂၅ ကျပ်နဲ့တွက်တယ်ထင်ပါတယ်။ အဲဒီမိုင်သုံးဆယ်ကို သုံးစွဲမဲ့ ဓါတ်ဆီ အပြင်ပေါက်ဈေးကနေ နုတ်ပြီးတွက်ပြတာပါ။ ဘက်ထရီက တနှစ်နေရင် ဆားဗစ်ပြန်လုပ်ပေးမယ်ဆိုပါတယ်။ Maintenance free အမျိုးအစား ( ပြည်တွင်းမှာတော့ အိုးခြောက် လို့ခေါ်ပါတယ် )။


အဲဒီ့စာထဲမှာတော့မပါပါဘူး၊ စဉ်းစားကြည့်တာပါ။ ၂ ယူနစ်ဆိုတော့ ဆိုပါတော့ ၁၀၀၀ ၀ပ်သုံးပြီးဖြည့်တယ်ဆို အားသွင်းချိန် ၂ နာရီ။ ဘက်ထရီက ကြာလာရင်တော့ အချိန်ပိုလိုလာမည်။ တခါအားဖြည့်ပြီးရင် ၀ပ်ဆိုက်ဒ်တခုရဲ့ အဆိုအရ စီးချိန် ၄ နာရီကနေ ၆ နာရီအထိ ခံတယ်တဲ့။ အခုတလော မန္တလေးမှာ ရပ်ကွက်တိုင်း ထရန်စဖေါ်မာတွေ လိုက်တပ်နေပြီး မီးအားကလဲ ကောင်းနေပါရဲ့။ ဒါ့ကြောင့် ဒီလို ဆိုင်ကယ်တွေ အတွေ့ရများလာသည်ထင်ပါသည်။


ပြန်ဆက်ရရင် အခုနက ရေးခဲ့သလိုပါပဲ ရောက်စညမှာ အထိမ်းအမှတ်ဝိုင်းတော့ လွမ်းမောခဲ့ရတဲ့ မန္တလေးက အကင်ကို ကိုယ်စားချင်ရာမှာပြီး၊ ပြန်ရောက်မှသာ ဆုံခွင့်ရတဲ့ စည်လေးရယ်နဲ့ ညဥ့်တောင် အတော်နက်သွားရော..

Thursday, December 8, 2011

လူလည်လေး...




လမ်းခရီးတလျှောက် တက်ကြွနေသူတွေထဲမှာ သားကလဲ သူ့အထွာလေးနဲ့သူ ပါနေပါတယ်။
အရင်တခါ ၂ နှစ်သားက မန္တလေးကိုတခါပြန်ပါတယ်။ အိမ်မှာ သူ ကြာကြာနေခဲ့ရတော့ အတူနေ ၀မ်းကွဲ အကိုနဲ့အမကို သူ သိပ်သံယောဇဉ် တွယ်သွားပါတယ်။

အဲဒီ့နောက် ဒူဘိုင်းကို သူပြန်ရောက်စ အချိန်တုန်းက ဆိုပါလျှင် သနားစရာ။ အခန်းထဲမှာ တယောက်ထဲ ကစားနေစဉ် တံခါးဖွင့်လိုက်လို့ အောက်က ကလေးတွေရဲ့ အသံများကြားရလျှင် မျက်နှာလေး ၀င်းသွားပြီး ကိုကိုအိမ်ပေါ်တက်ခဲ့လေ..၊ ညီလေးအိမ်ပေါ်မှာလေ..လို့ အော်ရှာပါတယ်။ အခုဒီအပြန်ခရီးကို သူကမှတ်မိနေတော့ ကိုကိုတို့ဆီသွားနေတာနော်၊ မမ တို့ဆီသွားနေတာနော်လို့ မကြာခန တိုင်တည်နေလေ့ရှိပါတယ်။ အခု ကားပေါ်ရောက်တော့လဲ ထုံးစံအတိုင်း ပျော်နေတဲ့အသံလေးနဲ့ တတွတ်တွတ်မေးနေတုန်းပါပဲ။

အိမ်က ထိုင်ခုံကြိုဖြတ်ပေးထားပြီး သူတို့စီစဉ်ပေးထားတာက နှစ်ယောက်ခုံရယ်၊ အဲဒီ့နောက်ကခုံရယ်။ ဒီတော့ သူတို့သားအမိနှစ်ယောက်က အရှေ့က၊ ကျွန်တော်က အနောက်ကခုံ။ ရုပ်ရှင်ကြည့်လိုက် သူတို့နှစ်ယောက်သား စကားပြောလိုက်နဲ့၊ နောက်တော့ သားက တဖြေးဖြေးအိပ်ချင်လာတယ်။ ငိုက်မြည်းနေတဲ့သူ့ကို အမေဖြစ်သူက နှဖူးလေးသပ်ရင်း .. အိပ်အိပ်သားရေ၊ အိပ်ပြီးနိုးတာနဲ့ မမတို့နဲ့တွေ့ရမှာ လို့ပြောပါတယ်။ အိပ်ဖြစ်အောင်အိပ်ဖို့ တွန်းအားပေးတဲ့သဘောပေါ့။ ဒီစကားက အတော်တာသွားပါတယ်။

စင်းနေတဲ့မျက်လုံး ဖျပ်ခနဲပွင့်လာပြီး၊ ကိုကိုနဲ့ မမနဲ့ တွေ့ရမှာနော်လို့ အားတက်သရောမေးပါတယ်။ ပြီးတော့ တီဗီအသံကြောင့် ပြန်ထိုင်၊ ဆော့လိုက် စကားပြောလိုက် လုပ်ပါတယ်။ ကြာလာရင်ပြန်ငိုက်၊ အိပ်ပျော်လုလုအချိန်ရောက်တော့ သူပြန်သတိရပြီး အိပ်ပြီးရင် ပြန်တွေ့ရတော့မှာနော်မေးကာ ပြန်တက်ကြွ၊ လုံးလည်ချာလည်လိုက်နေပါတော့တယ်။ ကြာတော့ သူ့အမေနဲ့ သူနဲ့ မတည့်ချင်တော့။

ဒီအချိန်မှာ ကျွန်တော် ကားမီးရောင်နဲ့ မိုင်တိုင်တွေကြည့်လိုက်တော့ နားမည့်နေရာနှင့် သိပ်မဝေးလှတော့။ မိုင်၉၀ ကျော်နေပြီ။ ဘေးကတယောက်ကလဲ အိပ်မောကျနေပြီ။ ဒါနဲ့ သားကိုနောက်ခုံဆီခေါ်၊ ရင်ခွင်ပေါ်တင်ထားပြီး တက်ကြွနေတဲ့သားကို စကားတွေ ပြောခိုင်းတော့တာပါပဲ။ ဘယ်လိုကစားမှာလဲ၊ ကိုကိုနဲ့အရုပ်ဆိုင်တူတူသွားမှာလား၊ စသည်ဖြင့်ပေါ့။ သူ့ကို အားရကျေနပ်သွားတဲ့အထိ တခုပြီးတခုမေး သားကလဲ သူသိသလောက် မှတ်မိသလောက် အားပါးတရဖြေ၊ သူ့အသံလေး ကျယ်လာရင် ဘေးကအိပ်နေသူ အနှောက်အယှက်မဖြစ်အောင် ရှုးတိုးတိုးလုပ်နဲ့ ကားနားတဲ့နေရာအထိပါပဲ။

ကားနားတဲ့အချိန်မှာ သူ့ကို ဗိုက်ကလေး တင်းနေအောင် ကျွေးလိုက်တော့ ကားပြန်ထွက် ပြီးမကြာခင် အိပ်ပျော်သွားပါတယ်။ ဒီအချိန်မှာ တီဗီပြနေတာကလဲပြီးပြီဆိုတော့ သူအနှောက်အယှက်မရှိ အိပ်လို့ရသွားတာလဲပါပါမယ်။ မန္တလေးရောက်မှပဲ သူနိုးပါတော့တယ်။

တကယ်တော့ သားဟာ တလမ်းလုံး တချက်မှ မငိုခဲ့၊ ဂျီမကျခဲ့၊ သဘောကောင်းစွာပဲ လိုက်လာခဲ့တာပါ။ သူလိမ္မာလို့ ကျွန်တော်တို့နှစ်ယောက် အတော်သက်သာခဲ့ရတာပါပဲ။ အဲ.. မန္တလေးရောက်တော့ ပိုပြီးတော့တောင် လိမ္မာသွားရော။

အကိုနဲ့ဆော့လိုက် အမနဲ့ဆော့လိုက်နဲ့ ကျွန်တော်တို့အနားမကပ်တဲ့အပြင် အခေါ်တောင်မခံတော့။ တခါတလေ စိတ်လိုလက်ရရှိလို့ သားသားရေ ဖေကြီးဆီလာပါအုံးဆိုရင်တောင် မလာပဲ ပြုံးပြုံးနဲ့ ခေါ်ဘူး၊ ချစ်ဘူးလို့ပြောပါတယ်။

အရင်က ခေါက်ဆွဲဆိုရင် သူ့ဘာသူ ကောင်းကောင်းစားပြီး ထမင်းကျွေးလျှင် ယီးလေးဆွဲပြီး အကြာကြီးစားတတ်တဲ့သူ။ အခုတော့ ထမင်းစားချိန် မှာသူ့ထမင်းပန်းကန်ဆွဲ သူ့အန်တီဆီသွား တီတီကျွေးပေးပါဆိုပြီး ရင်ခွင်ပေါ်တက်ထိုင်တော့တာပါပဲ။ ဒီတော့ အိမ်ကအဖွဲ့တွေကလဲ ချစ်ကြပါတယ်။ ကျွန်တော်တို့နှစ်ယောက် အပြင်ထွက်မယ်ဆိုမှ ယီးတီးယားတားနဲ့ အနားကပ်ပါတယ်။

ဒီလူလည်လေးကြောင့် ကျွန်တော်တို့ မန္တလေးမှာ အတော်အနားရပါတယ်။

Monday, December 5, 2011

ခေတ္တ ရန်ကုန်




ရန်ကုန်ရောက်တော့ ပင်ပန်းနေကြပေမဲ့ အနီးအနား တပတ်တော့လျှောက်ဖြစ်ပါတယ်။ လက်ရွေးစင်အရှေ့ကလမ်းလေးပါ။ ရောက်လေတိုင်း ငေး၊ မုန့်ဟင်းခါးအနံ့လေးကလဲမွှေးနေသလို၊ ဇနီးသယ်ကလဲ ဟယ်အသုပ်၊ ဟယ်ရခိုင်မုန့်တီ စသည်ဖြင့် ဈေးတန်းအစအဆုံး တမျိုးပြီးတမျိုး အားပါးတရ ရေရွတ်လာပါတယ်။

နောက်နေ့ စောစောထပြီး ရွှေတိဂုံဘုရား သွားချင်တာနဲ့ သိပ်မသွားဖြစ်ပဲ နီးနီးနားနားက ဆိုင်မှာစားပြီး ပြန်လာခဲ့ပါတယ်။ သို့ပေမဲ့ မနက်စာစားပြီး တည်းခိုခန်းက ထွက်လာတော့ ၈ နာရီလောက်ရှိနေပါပြီ။ သွားနေတဲ့ တက္ကစီတစီးလှမ်းတားပါတယ်။ တက္ကစီငှားရင် အခုအချိန်အထိ မနက်သွား၊ ညရပ် ဆိုတဲ့ဖေါ်မြူလာကိုယုံတုန်းပဲ။ မှန်သေးလား၊ မမှန်တော့ဘူးလား မသိတော့ပါဘူး။ ကားတစီးတားပြီး ဘုရားကြီးသွားမယ် ဘယ်လောက်လဲ ခပ်တည်တည်မေးပါတယ်။ ကားမောင်းသူက ဘာမှမပြောခင် ဇနီးသယ်က ရီသံတ၀က်နဲ့ ရွှေတိဂုံကိုသွားမှာလို့ ၀င်ပြောပါတယ်။ ပြောတဲ့ဈေးက မျှော်လင့်ထားသလောက်ဆိုတော့ အဆင်ပြေစွာနဲ့ပဲ ငှားဖြစ်သွားပါတယ်။ ဘုရားပေါ်ရောက်တော့ နေက အတော်မြင့်နေပါပြီ။



ဘုရားရင်ပြင်ပေါ်ရောက်တာနဲ့ စိတ်ရော လူရော အေးချမ်းသွားပါတယ်။ စေတီတော်ကြီးဟာလဲ ဖူးမျှော်လို့ မ၀နိုင်၊ ဒီတော့ ကွန်တော်တို့မိသားစုထဲက တယောက်ရဲ့ မွေးနေ့ထောင့်မှာ ရှိခိုးကန်တော့လိုက်၊ ပြီး အနီးနားမှာရှိတဲ့ ဇရပ်လေးသွားထိုင်ပြီး စေတီတော် ကြည်ငြိုလိုက်၊ ဟိုဟိုဒီဒီသွားလာနေသူတွေကြည့်လိုက်၊ နောက် မွေးနေ့တထောင့်၊ တခါပြန်ငေး၊ ဒီလိုပဲ ကြည်နူးစိတ်လေးကို တတ်နိုင်သလောက် အချိန်ဆွဲဆန့်နေမိပါတယ်။
အတူဘုရားဖူးလာသူတွေလဲ ထပ်တူခံစားချက်မျိုးကိုယ်စီနဲ့။ ဟိုဟိုဒီဒီကြည့်နေစဉ်မှာ အဘိုးအိုတယောက် လာနေတာကိုတွေ့လို့ ငေးမိသွားတယ်။ အသက်ကြီးတော့ လမ်းလျှောက်လာနေတာ ကြည့်ရတာ အတော်နုန့်နေပါပြီ။ တနေရာရောက်တော့ မောလို့ ခနနားပါတယ်။




ဒီလို စိတ်အေးချမ်းမှူ့၊ ကြည်နူးပျော်ရွှင်မှူ့ ငြိမ်းအေးကြည်ညိုမှူ့တွေ ပေးစွမ်းနိုင်တဲ့ သပ္ပါယ်စွာတည်နေတဲ့ ဘုရားအဖြစ်ကို ထိမ်းသိမ်းစောင့်ရှောက်နေသူတွေအထဲက တယောက်ကိုတွေ့လို့ ဓါတ်ပုံတပုံရိုက်ခဲ့မိပါတယ်။ ကြည်ညိုမှူ့ သဒ္ဒါတရား ကတော့ အတော်အားသာနေသူပါပဲ။ အကယ်၍ ၀မ်းရေးကြောင့် လုပ်တယ်ဆိုရင်တောင် သူ့ရဲ့စေတနာက သိပ်မြင်သာပါတယ်။




ဘုရားဖူးပြီးတော့ အသိတယောက်အိမ်ကိုသွားပါတယ်။ သူက ပင်းတယဖက်က လာခဲ့တာဆိုတော့ သူတို့ပုံမှန်စားနေကြ ရှမ်းခေါက်ဆွဲ ချက်ကျွေးပါတယ်။ အရသာက ကျွန်တော်တို့အတွက် တမျိုးတဘာသာထူးနေတော့ အတော်စားကောင်းခဲ့တယ်။ နောက်တော့ အခန်းကိုပြန်လာပါတယ်။ လမ်းသင့်တော့ ရွှေပုစွန် ခန၀င်ပါတယ်။ မြို့ရောက်နေမှတော့ ဖွာလူဒါ မသောက်လို့ ဘယ်ဖြစ်မလဲ။

နောက် ညနေစောင်းလာတော့ အခန်းပြန်ပြီး အထုတ်အပိုးတွေပြင်တော့တာပါပဲ။ ဇနီးသယ်က ထပ်တိုးကုန်တွေကြည့်ပြီး အတော်စိတ်ညစ်နေပုံရပါတယ်။ ဘယ်ကစ ဘာလိုပြန်ထုပ်ရမလဲ မသိဘူးလို့ တတွတ်တွတ် ရေရွတ်ရင်းနဲ့ပေါ့။ ဘာကြောင့်လဲဆိုတာကိုသိလို့ ရန်ကုန်မန်းလေး ကားကတော့ ကီလိုမချိန်ပါဘူးလေ လို့ ကျွန်တော်ကပြောတော့ သူသဘောပေါက်ပြီး ဟက်ဟက်ပက်ပက်ရီပါတယ်။ ကျွန်တော်တို့မှာ အိပ်အကြီးကြီး တလုံးပါလာပါတယ်၊ ခရီးစဉ်အစမှာ ၂၅ ကီလိုချိန်ထည့်ထားတော့ အိပ်က ခပ်ပျော့ပျော့ပဲရှိနေသေးပေမဲ့ အခုအချိန်အထိ သူ့စိတ်ထဲမှာထပ်ထည့်လို့မရတော့ဘူးလို့ စွဲနေသေးပုံရပါတယ်။

ဒီလိုနဲ့ ညရောက်တော့ ကျွန်တော်တို့ဟာ မန္တလေးဆီ ဦးတည်ပြီးသွားနေတဲ့ ကားကြီးပေါ်မှာ အငြိမ့်သားပေါ့ဗျာ…

Thursday, December 1, 2011

… စရန် …




သိသော၊ တတ်သော၊ နားလည်သော သူတွေကတော့ မင်းနှယ်ကွယ်၊ ဒီအကြောင်းများ တဖွဲ့တနွဲ့ ရေးနေရတယ်လို့ စသည်ဖြင့် ပြောတော့မှာသေချာသည်။ တခြားမကြည့်နှင့် လွန်ခဲ့သော ၅ နှစ်ခန့်က သူငယ်ချင်းတယောက်က ဘာပြောခဲ့သလဲဆိုတော့ စင်္ကာပူဆိုတာကြီးဆီကို မသေခင် တခေါက်လောက်တော့ ရောက်ဖူးချင်တယ်တဲ့။ အခု အဲဒီသူငယ်ချင်းကိုယ်တိုင်က တခါတလေ အွန်လိုင်းမှာပေါ်လာပြီး ဟေ့ရောင် .. နောက်လထဲ ပိတ်ရက်များများရနိုင်စရာရှိလို့ စင်္ကာပူကို လည်ရင်းပတ်ရင်း ဈေးဝယ်ထွက်ရကောင်းမလား စဉ်းစားနေတယ်လို့ တိုင်ပင်သလိုလို ကြွားသလိုလိုလုပ်နေတတ်ပြီ။

ဒီတော့ ကျွန်တော်တို့ခရီးစဉ်ရဲ့ စင်္ကာပူလေဆိပ်ရောက် ခဏနား..နောက်လေယာဉ်စီး ရန်ကုန်ရောက် အပိုင်းကို မြေကြောရှုံ့ရင်း ကဲ ကျွန်တော်တို့ ရန်ကုန်ရောက်ပါပြီခင်ဗျား.. လို့ လုပ်ရတော့မည်။ သို့မဟုတ်လျှင် ဟာသတပုဒ် ဖန်တီးခဲ့သူကို ထိုဟာသ တခြားနေရာမှာ ပြန်ကြားခဲ့သူက မိန်ရေရှက်ရေ ပြန်ပြောကာ ရီပြနေသကဲ့သို့ရှိမည်။

အတော်တော့ အားတင်းရသည်။ စိတ်ဆိုတာက နားလည်ရခက်သည်။ ပြောရရင် ကျွန်တော် ဒီတခေါက် အဲဒီ့လေဆိပ်ရောက်တဲ့အထိ ဓါတ်ပုံ တပုံမှ မရိုက်။ သစ်ခွပင်တွေနဲ့ အမြဲလှပနေတဲ့ ပန်းခြံရှေ့က ခုံမှာ ထိုင်နေတောင် ပန်းခြံကို သိပ်စိတ်မ၀င်စား။ အရင်အခေါက်တွေတုန်းကတော့ ဒီပန်းခြံနောက်ခံထားပြီး ပန်းအမျိုးမျိုးနဲ့ ဇနီးပုံ၊ သားပုံတွေလှည့်ပတ်ရိုက်၊ နောက်ထပ်တခေါက် တယောက်ထဲလာခဲ့တုန်းက ပန်းအမျိုးမျိုးကို ဟိုဘက်ကလှည့်ရိုက် ဒီဖက်ကလှည့်ရိုက်နဲ့ နေခဲ့ဖူးသည်။ ပြီးတော့လဲ အဲဒီ့ပုံတွေ ကွန်ပြူတာထဲ သိမ်းထားခြင်းဖြင့်သာ အဆုံးသပ်သွားသည်။ ဒါ့ကြောင့် အခုအကြိမ်မှာ အာရုံမ၀င်စားတော့။

ဒီလိုပဲ ကြောပေးထိုင်နေရင်း ရှေ့က လမ်းဆုံမှ ဥဒဟို သွားနေတဲ့ ခရီးသယ်တွေပဲ ငေးနေမိသည်။ အဲဒီအချိန်မှာ လေယာဉ်တစီးက ခရီးသယ်တစု လာနေတာတွေ့ပါတယ်။ ကြည့်ရတာ ပြောင်းစီးရမဲ့ လေယာဉ်အချိန်နဲ့ သိပ်ကွာပုံမရ။ တစီးလုံးနီးပါး အတော်သွက်သွက်လျှောက်လာကြတာ တွေ့ရပါတယ်။ အဲဒီအထဲက အသက်၅၀နီးပါး အမျိုးသားနှစ်ယောက်က မပြေးရုံတမယ် ခြေလှမ်းတွေနဲ့ လာကာ ကျွန်တော့်နံဘေးက ထိုင်ခုံမှာ သူတို့အိတ်တွေ လာတင်ပါတယ်။

တယောက်က အိတ်တင်ပြီးတာနဲ့ နောက်က ပန်းခြံကိုသွားပြီး ဓါတ်ပုံတွေရိုက်နေပါတယ်။ နောက်ဘိုးတော်ကတော့ သူ့အိပ်ထဲ ပြာယာပြာယာနဲ့နှိက်ရှာနေရင်း ပါးစပ်က “ Where the hell is my video camera..” ဆိုတာကို တတွတ်တွတ်ရွတ်ရင်းနဲ့ပါ။ ရှာတွေ့သွားမှ ပန်းခြံတပတ်လည် ဗီဒီယိုရိုက်၊ နောက်နှစ်ဦးသား ပြန်လာ၊ အိတ်တွေသယ်ကာ လေယာဉ်ဂိတ်ဆီ အသောနှင်ပါတယ်။ ဒါကိုမြင်ရတော့ ကျွန်တော့စိတ်ထဲ ရောက်တုန်း ဓါတ်ပုံမရိုက်မိခဲ့ရမှာကို လုပ်သင့်တာပဲ မလုပ်မိသလိုလို၊ နှမြောသလိုလို ဖြစ်လာပြီး တပုံနှစ်ပုံလောက် ရိုက်.. နောက် သက်ပျင်းချကာ ပြန်ထိုင် လုပ်မိသွားပါတယ်။ အခုလဲ မြေကြောရှုံ့တော့မယ် ဆုံးဖြတ်တော့ အဲဒီတုန်းကလို ခံစားမိပြန်ပါရဲ့။

ကုက္ကိုတုံး လုပ်ရကောင်းမလားလို့တော့ တခါတလေ စဉ်းစားမိပါတယ်။

ကုက္ကိုတုံးဆိုတာက အမေက ကျွန်တော်တို့ညီအကိုတွေကို ခိုင်းချင် နှိုင်းချင်ရင် သုံးတဲ့ပုံပြင်က စကားပါ။ အတိုချုပ်ကတော့ဗျာ လူတယောက်က ကုက္ကိုတပင်ကိုလှဲတယ်ဗျာ၊ ပြီးတော့ ပင်စည်တပိုင်းကိုဖြတ် ထမ်းပြီးအရပ်ထဲ လှည့်ရောင်းတယ်။ ကုက္ကိုတုံး.. ကုက္ကိုတုံး.. လို့ အော်ရင်းပေါ့။ ဒါကိုမြင်တဲ့ နောက်တယောက်က သူဖြတ်ပြီးသား ကျန်တဲ့ပင်စည် အဖျားပိုင်းကို တတုံးဖြတ်၊ အဲဒီ့လူ နောက် အသောလေးလိုက်၊ မှီလာတော့ ရှေ့ကလူက ကုက္ကိုတုံး.. ကုက္ကိုတုံး.. လို့အော်ရင် သူကနောက်ကနေ ရှေ့ကဟာနဲ့တဖြတ်ထဲ.. ရှေ့ကဟာနဲ့တဖြတ်ထဲ.. လို့ လိုက်အော်ပါတယ်။ ရှေ့လူရောင်းရရင် သူလဲ တဖြတ်ထဲကဆိုတော့ ရောင်းရမှာပဲလို့ သေချာပေါက် အတွေးနဲ့ပေါ့။ ထားပါလေ သူရေးတာ ကောင်းလို့ ကြိုက်ပေမဲ့ ကိုယ့်ကျဖတ်ရတာ ပျင်းစရာကြီးနေမှာပါ..

နောက်တနည်းက ခပ်သောသောလေး စိတ်ဝင်စားအောင် ရေးတဲ့နည်း။ သို့သော် ထိုသို့ရေးနိုင်စရာအဖြစ်ကလဲ များများစားမရှိ။ တခုပဲရှိသည်။

နေ့လည်စာ စားမယ့်ကြံတော့ ဆိုင်တွေကြည့်ရင်း တဆိုင်ကို မျက်စေ့ကျသွားသည်။ ယိုးတယားအစားအစာရသည့်ဆိုင်။ ဆိုင်က မီနူးရလာတော့ အဖုံးက စိတ်ဝင်စားစရာ။ Combo Meal ၄ မျိုးကို အော်ဖာလုပ်ထားတာ။ ဓါတ်ပုံတွေကလဲလှ၊ နောက် ဈေးကလဲ ဘယ်လို တွက်တွက် တန်နေသည်။ သို့နှင့် Combo Meal ၂ မျိုးကို ရွေးမှာလိုက်သည်။

Combo Meal တခုက အသားပြားကြီး ၄ ပြားလောက်ကို လှနေအောင်ထပ်ထားသည်ကို အောက်မှာ ခပ်ဖြူဖြူထမင်းကဲ့သို့အရာ ( Depth နည်းနည်းနဲ့ ရိုက်ထားသောကြောင့် အသားပြားလေးငါးချပ်သာ ထင်းနေပြီး အောက်က ဖြူဖြူလေးတွေက မပြတ်သား၊ နာမည်သေချာတော့ မဖတ်မိ၊ ယိုးတယား အစားအစာပေါ် ယုံကြည်မှု့ရှိသည်၊ စားကောင်းမည်သေချာသည် )၊ နောက် ဒမ်းဆမ်းက ၂ ခု၊ လက်ဖက်ရည်။

နောက်တခုက ရှင်းသည်၊ ခေါက်ဆွဲရယ်၊ အသားမံကြော်နှစ်ခုရယ် လက်ဖက်ရည်ရယ်။

လာချပေးတော့ ခေါက်ဆွဲကတော့မှန်သည်၊ နောက်တခုက ယိုးတယားဆန်ပြုတ်ခွက်။ ချက်ချင်းပြန်ခေါ်ကာ လွဲနေတယ်၊ ငါတို့မှာတာက ဒီဟာဆိုပြီး ပုံထောက်ပြတော့ စားပွဲထိုးမက အသားပြားတွေက အထဲထဲမှာတဲ့။ ဒီတော့မှ စာပြန်ဖတ်တော့ ဟုတ်ပါ့၊ ဆန်ပြုတ်မှ ဆန်ပြုတ်အစစ်။ မသိလို့နော်လို့ ပြောကာ စားပွဲထိုးမ ပြန်သွားမှ စားရင်း ပြောပြီး နှစ်ဦးသားရယ်ကြရင်းနဲ့ပေါ့။

အရသာက တကယ်ကောင်းပါသည်၊ စင်းထားသော အသားစလေးများကိုလဲ ပုံမှာပြထားသည်နှင့် ကွဲနေ၊ နဲနေသည်ကိုလဲ ထောက်မပြလိုတော့။ ငွေရှင်းတော့မှ စိတ်ညစ်ရသည်။ တောင်းသည့်ငွေသည် Combo Meal တွေမှာ စာလုံးအနီနှင့် အကြီးကြီးရေးပြထားသော ငွေနှင့် သိသိသာသာကွာနေသည်။ သေချာကြည့်တော့ ၀န်ဆောင်ခ၊ အခွန်၊ နောက် ပြန်ထုတ်လို့ရသော နောက်ထပ် ထပ်တိုးငွေ၊ ပြန်ထုတ်ပေးနိုင်မှတော့ ဘာလို့များထည့်ပေါင်းထားလဲ မသိလို့ ပြောရင် ညံ့ရာကျမည်ဖြစ်သောကြောင့် မပြောလိုတော့။

ဒီတော့ ဒီအကြောင်းကို ဟာသစွက်ရေးလျှင် ကိုယ်ညံ့သည်ကလဲ ဗူးပေါ်သလို ပေါ်သွားမည်ကို စိုးရိမ်ရသည်။ မဖြစ်တော့။ ပညာပေး အနေနဲ့ တမျိုးပြောင်းရေးချင်လျှင်တော့ဖြစ်မည်ထင်သည်။ ဆိုပါတော့ စင်္ကာပူဆိပ်ရောက်လျှင် တခုခုစားမည်ကြံပါက အောက်ပါ အချက်များ အရင် သတိထားဖို့လိုပါသည် အစချီပြီး အခွန်၊ ၀န်ဆောင်ခ၊ လေဆိပ်မှာ ရီဖန်းလုပ်နိုင်သော အခွန်အကြောင်း အသေးစိတ်ရေး။ ပုံမှာပြထားတာနဲ့ ဟင်းခွက်နှင့် အရသာတူမည်ဖြစ်သောလဲ ပုံစံကွဲလွဲနိုင်သည်ကို မျှော်လင့်ထားဖို့လိုကြောင်း။ ၀န်ဆောင်မှု့စားရိတ်ကို ရှောင်လွှဲချင်လျှင် ကိုယ်တိုင် ငွေချေ၊ ကိုယ်တိုင်ယူစနစ်များရှိသော တချို့ဆိုင်များမှာ စားသောက်သင့်ကြောင်းပေါ့။ သို့သော် ရေးစရာ နဲနေသေးသည်။

နောက်ဆုံးတော့ စိတ်ပိုင်းဖြတ်လိုက်ပါသည်။ တိုတိုပဲ ကျွန်တော်တို့သည် စင်္ကာပူလေဆိပ်မှာ ခနနား၊ နောက် လေယာဉ်ရန်ကုန်သို့စီး၊ လေယာဉ်ပေါ်တွင် ကျွေးတာစား၊ တိုက်သည်သောက်၊ တိမ်တွေငေး ကာ နေရာ သိပ်များစွာမကြာလှ.. ရန်ကုန်သို့ ရောက်ရှိသွားပါသည်။

တိုနိုင်သမျှတိုအောင် ခေါင်းစဉ်ကိုပါ စင်္ကာပူ ရန်ကုန် ခရီး တွေဘာတွေ မလုပ်တော့၊ တိုတိုပဲ စရန်လို့ ပေးလိုက်ပါသည်။

Tuesday, November 29, 2011

အိမ်အပြန် ...




• အေးဆေးဆိတ်ငြိမ်သော...
• အကျွမ်းတ၀င် ရှိးနှီးမှူ့များနဲ့ ယုံကြည်စိတ်ချစွာနေနိုင်ရာဖြစ်သော...
• ကြည့်မ၀ မြင်မ၀နိုင်သည့် မျက်နှာများရှိသော...
• သက်တောင့်သက်သာရှိလှသော...
• စားမြိန်စေရမည်ဟု အမြဲအာမခံချက် ပေးစွမ်းနိုင်သည့် စားဖွယ်ရာများရှိသော...
• အထူးသဖြင့် အလိုလိုက်ခံရသော...

ပြောရရင်တော့ အများကြီးပေါ့ဗျာ။ အိမ်ပြန်ရင် တကယ့်ကို ကိုယ်ရော စိတ်ကော အနားရစေသလို ပျော်စရာလဲ အတိပါပဲ။ အပေါ်မှာလို ဘာတွေကြောင့်ဆိုပြီး စီကာ စဉ်ကာ ရေးရင်တော့ ထွက်လာမှာ အများကြီး။ တဦးနဲ့ တဦးလဲ တူနိုင်စရာမရှိ။ အဲဒီ့လိုပဲ ပြန်ခါနီးသူတွေရဲ့ ခံစားချက်နဲ့ သွင်ပြင်ဟာလဲ တယောက်နဲ့တယောက် တူနိုင်စရာမရှိ။ ကျွန်တော်ဖြစ်နေပုံကို အကြမ်းဖျင်း သရုပ်ဖေါ်ရရင် ပျော်သောမျက်လုံး၊ ပြုံးသောမျက်နှာ၊ ဇွန်းနှင့် ခရင်းအား လက်တဖက်တချက်စီမှာဆွဲကိုင်လျှက် လို့ ပုံဖေါ်ပြရမှာပါပဲ။ ဆွေမျိုးတွေနဲ့ တွေ့ချင်စိတ်ကို အသာထားလိုက်လျှင် အဓိက အချက် ၂ ခု ကျန်တာက စားမယ်၊ နှပ်မယ် ဆိုတာပါပဲ။

အပြန်ခရီးကတော့ ထုံးစံအတိုင်း လေယာဉ်ပျံကြီးနဲ့ပဲ စပါတယ်။ ပထမလေယာဉ် စီးချိန် ( ၇ ) နာရီနီးပါးကြပါမယ်။ နောက် စလုံးလေဆိပ်မှာ ၅ နာရီခန့် သောင်တင်ပါမယ်။ နောက် ရန်ကုန်သို့ ၃ နာရီနီးပါး စီးရပါလိမ့်မယ်။ ည ၈ နာရီလောက် လေယာဉ်စစီးကာ နောက် နေ့ ညနေ ၆ နာရီလောက်မှာ တည်းရမယ့် ဟိုတယ်ကို ရောက်ပါမယ်။ ဒီကြားထဲတော့ စိမ်ခေါ်မှူ့အပြည့်နဲ့ လမ်းခရီးပေါ့။

အစစအရာရာလည်း ကြိုပြင်ရပါတယ်။ ကလေး လူကြီးတွေအတွက် အနွေးထည် လက်ဆွဲအိပ်မှာထည့်။ သွားတိုက်တံကို လေယာဉ်ပေါ်မှာ ပေးလေ့ရှိပေမဲ့ ဘယ်ညာ သုံးလေးချက်လောက် ခပ်ပြင်းပြင်းလေး တိုက်လိုက်ရင် အနဲဆုံး သုံးလေးမျှင်လောက် စကျွတ်လာတတ်တော့ သွားတိုက်တံကိုလဲ လက်ဆွဲအိပ်မှာ ပါအောင်ထည့်။ နောက် စလုံးလေဆိပ်မှာ နားရင် လဲရအောင် အင်္ကျီအပို တစုံစီ။ အမွှေးနံ့သာ ကျားသုံး၊ မ သုံး။ သားအတွက် အခြေခံလိုအပ်သည့် အရာများ။ အားလုံးကို ဇနီးက ထောင့်စေအောင် ပြင်ထားပေးပါတယ်။

အရေးအကြီးဆုံး ပြင်ဆင်မှု့ကတော့ သားငယ်ကို အဲဒီနေ့ နေ့ခင်းမှာ လုံးဝ အိပ်ခွင့်မပေး။ တတ်နိုင်သမျှ ဆော့ခိုင်းထားပါတယ်။ ဒီတော့ လေဆိပ်ထွက်လာတဲ့အချိန်မှာ အိပ်ရန်အသင့် ဆိုတဲ့အနေအထား ရောက်နေပါပြီ။ လေယာဉ်ပေါ်တက်ဖို့ သက်ဆိုင်ရာ ဂိတ်ထဲ လက်မှတ်ပြလဲ ၀င်လိုက်ရော ကျွန်တော်တို့နှစ်ယောက်လုံး ဟိုက်ခနဲ အော်မိမတတ်ဖြစ်သွားပါတယ်။

များလိုက်တဲ့ ကလေးတွေဗျာ။ တခရီးထဲသွားကြမှာ။ ပိတ်ရက်ရှည် အစညဆိုတော့ မိသားစုလိုက် ချီတက်လာကြတာ ကလေးမပါတဲ့ ခရီးသယ်က ခပ်ရှားရှားပါပဲ။ အရွယ်စုံ ကလေးတွေဟာ လေယာဉ်ပေါ်မတက်ခင် စောင့်နေရစဉ် နည်းမျိုးစုံ ကစားကာ ပျော်နေကြပါတယ်။ မျက်စိ မှေးစပြုနေပြီဖြစ်တဲ့ သားကလဲ တတ်နိုင်သလောက် ၀င်ဆော့ပါတယ်။ နောက်ဆုံး လမ်းလျှောက်တတ်ခါစ ကလေးလေးတောင် မျက်နှာလေးက ပြုံးပြီး ဆော့နေတဲ့ ကလေးတွေကြား တောက်တောက် တောက်တောက်နဲ့ လျှောက်နေတာ ချစ်စရာလေး။ မမောနိုင် မပမ်းနိုင် လျှောက်နေတာကြည့်ရင်း သူလေယာဉ်ပေါ်ရောက်ရင် ကောင်းကောင်းအိပ်လိမ့်မယ်ဆိုတာ ခန့်မှန်းမိပါတယ်။

ကလေးတွေများပေမဲ့ လေယာဉ်ပေါ်ရောက်တော့ တိတ်ဆိတ်နေတာပါပဲ။ ကျွန်တော့်သား မျက်တောင်စင်းလေးကတော့ ထင်ထားသလို မအိပ်သေးဘူး။ ဟိုလိုလို ဒီလိုလို လုပ်ချင်လာလို့ သူ့ရှေ့က တီဗီလေးမှာ ကာတွန်းကားရှာပြပေး၊ ပြီးတော့ နားကျပ်လေးတပ်ပေးလိုက်တော့ သူသဘောကျသွားတယ်။ Smurfs ဆိုတော့ သူသိပ်သဘောကျသွားပြီး အိပ်ချင်နေတာကို ဇွတ်ထိမ်းပြီးကြည့်နေပါရော။ လေယာဉ်မှူးတို့ လေယာဉ်မယ်တို့က တခုခုပြောလို့ ကာတွန်းကား ခဏရပ်ရင် သူကျွန်တော့်ကို လက်ကုပ်ပြီး ပြင်ခိုင်းပါတယ်။ တီတီစကားပြောနေလို့လေ ကောင်းသွားပါလိမ့်မယ် ခနလေးစောင့်လို့ ၂ ခါလောက် ပြောပြအပြီးမှာတော့ သူသိသွားတယ်။ နောက်အကြိမ်တွေမှာ မပြင်ခိုင်းတော့၊ သေချာအောင်လို့ တီတီ စကားပြောနေတယ်နော်လို့တော့ တိုင်တည်တတ်ပါတယ်။ ဇာတ်လမ်း တ၀က်လောက်ရောက်မှ သူအိပ်ပျော်သွားပါတယ်။

ညလေယာဉ်ဆိုတော့ ကျွန်တော်တို့ကိုလဲ လေယာဉ်မယ်တွေက မအိပ် အိပ်အောင်သိပ်ပါတယ်။ တီဗီဇာတ်လမ်းထဲ အာရုံရောက်နေတုန်း တယောက်ပြီးတယောက်လာပြီး “Any more wine, please...” နဲ့။ ရုပ်ရှင် တကားအပြီးမှာ ကျွန်တော်အိပ်ပျော်သွားပါတယ်။ အိပ်ကောင်းနေစဉ်မှာပဲ မီးတွေ ထိန်လင်းလာပြီး ပြန်နှိုးပါရော။ တိုတိုပြောရရင်တော့ အဆင်ပြေ ချောမွေ့စွာ စင်္ကာပူလေဆိပ် ရောက်လာပါတယ်။ သဘောကောင်းလှတဲ့ သားငယ်ကလဲ ကြည်ကြည်လင်လင်လေးပါပဲ။

Monday, October 10, 2011

နေနှင့်အုံးပေါ့..

အိုမန်က ဆိုဟာ ( Sohar ) မြို့လေးကို တခေါက်သွားခဲ့ရပါတယ်။ မမျှော်လင့်ပဲ သွားခဲ့ရတာပါ။ အရင်နေ့က မသွားချင်လို့ တခြားသူလွှတ်လိုက်ရာက တရက်နဲ့ ပြီးအောင် မလုပ်နိုင်ခဲ့ပါ။ သို့နှင့် နောက်တရက် ထပ်လွှတ်တော့ သူက ခေါင်းမထူနိုင်အောင် ကိုက်နေပါသဖြင့်ဆိုတာနဲ့ ကိုယ်တိုင်ပဲ သွားခဲ့ရပါတယ်။

အိုမန်ကားအာမခံက သူ့နာမည်နဲ့လုပ်ထားပေးတာဆိုတော့ ကိုယ့်နာမည်အဖြစ် တရားဝင် ပြောင်း၊ အခြေအနေ အသေးစိတ်မေးနဲ့ ထွက်ဖြစ်တော့ ၁၀နာရီကျော်ကျော်၊ စာအုပ်အနီ အိမ်ပြန်ယူရတာနဲ့ ဘာနဲ့ဆိုတော့ အမြန်လမ်းပေါ်ရောက်တော့ မနက် ၁၁ နာရီကျော်နေပါပြီ။






အကူအလုပ်သမား ၂ ယောက်ပါ ခေါ်လာခဲ့လေတော့ လုပ်ငန်းအခြေအနေအရ အလွန်ဆုံး ၁ နာရီလောက်ပဲလုပ်ရမယ်။ ကားမောင်းရချိန်က ထုံးစံအတိုင်း ခပ်မှန်မှန်မောင်း၊ နောက် နယ်စပ် အကူး ဗီဇာလုပ်ရတာကြာချိန်နဲ့ အလွန်ဆုံး ၄ နာရီ လောက်ကြာရင် လုပ်ရမဲ့နေရာကိုရောက်မယ်။ ဒီတော့ ညနေ ၃ နာရီလောက် အလုပ်စ၊ ၄ နာရီကျော်ကျော်မှာပြီးမယ်ပေါ့။ ပါလာတဲ့ အလုပ်သမားနှစ်ယောက်ကို ငါတို့ အလုပ်ပြီးတာနဲ့ ဆိုဟာကိုလည်မယ်လို့ ပြောတော့ သူတို့လဲပျော်နေတာပေါ့။

ဆိုဟာက အရင်က အိုမန်မှာ အကြီးဆုံးမြို့၊ အခုတော့ မြို့တော် Muscat က အလှဆုံး၊ အကြီးဆုံးမြို့ပေါ့။ အဲဒီလိုပဲ အရင်တုန်းက ဆိုဟာက ဆိပ်ကမ်းကလဲ အကြီးဆုံးပါပဲ။ လတ်တလောတော့ ပင်မ Oil refinery စက်ရုံတွေအပြင် ကြေးနီတန်ချိန်အမြောက်အများပါ ဆိုဟာနားမှာတွေ့လေတော့ စက်မှု့လုပ်ငန်းတွေနဲ့ စည်ကားနေတဲ့မြို့လေးပေါ့။ ရှေးကျတဲ့ ဘုရားရှိခိုးကျောင်း၊ ရိုးရာထိမ်းသိမ်းထားဆဲဖြစ်သော ဈေးလေး၊ စသည်ဖြင့် စိတ်ဝင်စားစရာနေရာအချို့လဲရှိပါတယ်။

ဒီတော့ လာရာလမ်းမှာ ကျွန်တော်တို့တသိုက် စိတ်ကူးထဲမှာတော့ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်ဆိုတာချည့်ပဲ။




အိုမန်နယ်စပ်မှာ ဗီဇာလုပ်တဲ့နေရာရောက်တော့ မထင်မှတ်ပဲ လူရှင်းနေတာကိုတွေ့ရပါတယ်။ လ၀ကမှ အရာရှိက ခဲမှန်ဖူးတဲ့စာသူငယ်ထင်ရပါတယ်။ စာအုပ်အနီပေးလိုက်တော့ မြန်မာမှန်းသိပြီး လူနဲ့ဓါတ်ပုံတိုက်စစ်တဲ့သဘောတောင် မော့မကြည့်ရှာပါဘူး။ ကွန်ပြူတာထဲ ဟိုနှိပ်ဒီနှိပ်လုပ်ပြီး တံဆိပ်တုံးထုပေးပါတယ်။ မြန်မှမြန်။ နောက် ဗီဇာကြေး ငါးဆယ်ကျပါတယ် ဆိုတာတောင် လေသံပြော့လေးနဲ့ပြောလာတယ်။

နယ်စပ်ကထွက်လာပြီး ပထမဆုံးမြို့လေးအရောက်မှာ ထမင်းစားကြပါတယ်။ ဒူဘိုင်းထက် ၃ ဆနီးပါး ဈေးချိုတယ်၊ စားလို့ကောင်းပါတယ်။

ကြိုတင် ခန့်မှန်းထားတဲ့အတိုင်း နေ့လည် ၃ နာရီပတ်ဝန်းကျင်မှာ အလုပ်လုပ်ရမဲ့နေရာရောက်လာပါတယ်။ ဆိုဟာမရောက်ခင် စက်မှု့ဇုံမှာပါ။ လည်ချင်လို့ တက်ကြွနေတဲ့ အလုပ်သမားနှစ်ယောက်ကလဲ တက်တက်ကြွကြွ သွက်သွက်လက်လက်နဲ့။ ဒါဟာ ကံဆိုးခြင်းအစဖြစ်သွားတာပါပဲ။

အလုပ်သမားတယောက် အင်ဂျင်ဖလှိုင်းဝှီးထဲမှာ မြုတ်ထားတဲ့ ဘယ်ရင်တခုကို ဆွဲထုတ်ရာမှာ သုံးတဲ့ကရိယာ ထက်ပိုင်းကျိုးသွားပါလေရော။ အဲဒီတော့ ဘယ်လိုလုပ်ရမလဲဆိုတာကြည့်ပြီး အကြံထုတ်ပါတယ်။ နောက်ဒေသခံတွေဆီမှာ သံပြား ၈မီလီမီတာလောက်အထူကို ၂လက်မကျော်ကျော် အ၀ိုင်းဖြတ်၊ အလယ်မှာ အပေါက်တပေါက်ဖေါက်ပေးပြီး ယူလာပေးပါလို့မှာပါတယ်။ ကိုယ်ပိုင်သဘောင်္ကျင်း အကြီးစားကြီးမှာ ဘယ်နေရာကြည့်ကြည့် အလွယ်တကူရနိုင်တဲ့ သံပြားအသေးလေး၊ အနုစိတ်နေစရာမလို လက်ရာခပ်ကြမ်းကြမ်းဆိုရင်ကိုရပါတယ် ဆိုတာတောင် မယုံမရှိပါနဲ့ ၃ နာရီနီးပါးကြာပါတယ်။

မရသေးဘူလားလို့ ဘေးမှာရှိတဲ့ဒေသခံ အလုပ်သမားကို မေးလိုက်ရင် အဲဒီ့တယောက်ပျောက်သွားပါတယ်၊ နောက်တယောက်မေးရင်လဲ ထိုနည်း၎င်း၊ နောက်ဆုံး ကျွန်တော်တို့ ၃ ယောက်ပဲ စက်အနားကျန်တော့ပါတယ်။ အလုပ်သမားနှစ်ယောက်လဲ မျက်နှာငယ်လေးတွေနဲ့၊ တောက်တောင် မခေါက်ရက်လို့ မြိုချနေရပါတယ်။ နေ၀င်ခါနီးမှ အဲဒီသံပြားလေးရလာပါတယ်

ဒါကတော့ ဇတ်လိုက်ကျော်ကြီးပေါ့..




နောက်ဆုံး တိုတိုပြောရရင်တော့ အလုပ်ပြီးတဲ့အချိန်မှာမှောင်နေပါပြီ။ စမ်းပြပါအုံးဆိုလို့ ဟိုစောင့်ဒီစောင့်နဲ့ ၈နာရီထိုးလုလုမှ အဲဒီသဘောင်္ကျင်းက ထွက်လာပါတယ်။ ဆိုဟာဘက် မျက်စောင်းတောင် လှည့်မထိုးသာတော့။ အလုပ်သမား၂ ယောက်နဲ့ ညစာစားတော့ သူတို့ကတော့ အားရပါးရစားနေပေမဲ့ ကိုယ်မှာကတော့ သိပ်လည်းစားမ၀င်၊ ၃နာရီလောက် မောင်းရအုံးမယ်ဆိုတော့ ငိုက်နေမှာလဲစိုးရိမ်နဲ့။ ဒီလိုနဲ့ .. မအီမသာ ဌာနီကိုသာ ပြန်လာရတယ်၊ နေနှင့်အုံးပေါ့ ဆိုဟာရယ်..