Monday, June 27, 2011

နဂါးဈေး


ဒူဘိုင်းက International City မှာ China ဆိုပြီး ဧရိယာတစ်ခုပါလာပါတယ်။ နေရာကို China လို့ခေါ်သလို အဲဒီ့ဧရိယာမှာ နေတာကလဲ တရုတ်တွေများပါတယ်။ ဘာလို့လဲဆိုတော့ နံဘေးက Dragon Mart နဲ့က လမ်းပဲခြားတော့ နီးလို့ထင်ပါတယ်။ အခုရေးမဲ့ နဂါးဈေး ဆိုတာကလဲ ဒီ Dragon Mart ကို အလည်တခေါက် ရောက်တဲ့ အကြောင်းပါ။ သွားရတာကတော့ နဲနဲလှမ်းတယ်။ သွားလမ်းတလျှောက်မှာ မြင်ရတာကလဲ ပျင်းစရာ၊ ကီလိုတရာ သတ်မှတ်ချက်ကလဲရှိတော့ ရောက်ခဲတယ်ထင်ရပါတယ်..



ရောက်ရောက်ချင်း ရှေ့မှာ ရေပန်းကြီးရှိပါတယ်။ ပူပြင်းတဲ့ နေရောင်အောက်မှာ ကြေးနီရောင်အလုံးကြီးကို နဂါးအကြီးကြီးက ဖက်တွယ်တက်နေပြီး သက်တောင့်သက်သာ နေပါစေဆိုတဲ့သဘောနဲ့ နဂါးအငယ်တွေက ပါးစပ်ထဲထွက်နေတဲ့ ရေတွေနဲ့ဖြန်းပေးနေပါတယ်။



           ဘယ်နေမတုန်း သူလဲပါတာပေါ့..


အထဲရောက်သွားတော့ ဒီလိုမျိုးလဲ သေသေချာချာ ရှင်းပြထားပါတယ်။ သရုပ်ဖေါ်ပုံတွေနဲ့ အကျယ်တ၀င့်ပေါ့။ နားတော့မလည်ပါဘူး...
            မီးအိမ်တွေလဲ တွေ့ရပါတယ်။ အရွယ်စုံ ပုံစံမျိုးစုံပါပဲ...



ကွန်ဖူးခေတ်ကို ပြန်ပြောင်းအောက့်မေ့ဖွယ် မော်ဒယ်များ။ အပေါ်ဖက်ကလက်ရဲ့ လက်မအနေအထားကိုကြည့်ရင် အတွင်းအား အနုအရင့်ကို ခန့်မှန်းသိရှိနိုင်ပါတယ်။
               ဆိုင်ခန်းလေးတွေဖွဲပြီး  ပစ္စည်းမျိုးစုံရောင်းနေပါတယ်။ အရုပ်ကအစ စက်မှု့လက်မှု့ လုပ်ငန်းသုံးတွေအထိပါ..



ခြေညောင်းတဲ့အထိပတ်ပြီး ပြန်လာပါတယ်။ ဘာတွေဝယ်ခဲ့တုန်းဆိုတော့ သားအတွက် ကာတွန်းရုပ် စတစ်ကာလေးကတခု၊ နောက် ဖုံးထဲ့တဲ့အိပ်ကလေးကတလုံး။

ကြီးကြီးမားမား ၀ယ်ဖူးလားဆိုတော့ တခါတော့ ၀ယ်ဖူးပါတယ်။ ရေမှုန်လေးတွေပါ ရောဖြန်းပေးတဲ့ ပန်ကာပါ။ စက်ဆင်တဲ့အပိုင်းက ဆူပါဗိုက်ဇာက လိုချင်တယ်ဆိုလို့။ လုပ်ငန်းခွင်သုံးလေ။ သွားဝယ်ကြတော့ ၆လ အာမခံပေးတယ်တဲ့။ ဒါနဲ့ တနှစ်လောက်မပေးဖူးလား၊ ဘာလို့ ၆်လထဲ ပေးတာလဲ မေးတာပေါ့။

သူက ၆လတောင်ခံမှတော့ အကြာကြီး အသုံးခံပြီပေါ့တဲ့။ ဒါနဲ့ပဲ ၀ယ်လာခဲ့ပါတယ်။ ၂ လလောက်ရှိတော့ ပျက်ရောပါပဲ။ ပြန်သွားပြောတော့ အာမခံပေးတဲ့အထဲ မော်တာမပါဘူးတဲ့။ ပန်ကာ မှာ မော်တာကလွဲလို့ ကျန်တာ အာမခံပေးဆိုပဲ။

နောက်တော့ ဈေးကြီးတာ မ၀ယ်ဖြစ်တော့ပါဘူး။ ကစားစရာတွေ ရလို့ သွားရင် သားငယ်က တော့ အတော်ပျော်ပါတယ်။ အရုပ်လေးတွေကို ဒီအတိုင်း လွှတ်ထားတာပါပဲ၊ တခါတလေ ကိုယ့်သားကိုကိုယ် ပြေးဆွဲရတယ်။ ခြေညောင်း၊ အပျင်းပြေ မကြာခဏရောက်ဖြစ်ပါတယ်...

နာသွားမှာစိုးတဲ့ သိမ်းငှက်ရဲ့ နှုတ်သီးကို စည်းပိတ်ထားတာကတော့ ကြည့်ရတာ တမျိုးကြီးပဲ..

          

Monday, June 20, 2011

ကျွန်တော်တို့သည်... ( ၅ )







ဟုတ်ပါတယ်။ ကျွန်တော့ အတွေးအမြင်တွေဟာ သားငယ် လည်ချောင်းမှာ ခွဲစိတ်ကုသပေးခဲ့ရချိန်မှာပဲ ပြောင်းလဲသွားခဲ့ပါတယ်။ သားငယ်က လယ်ချောင်းမှာ Tonsil နဲ့ Adenoid တွေ သိပ်ကြီးနေလို့ ခွဲထုတ်ပေးခဲ့ရတာပါ။

သူ့ရဲ့လက္ခဏာတွေကတော့ ကျွန်တော်တို့ ၁ နှစ်ကျော်ကျော်မှာ စသတိထားမိပါတယ်။ စ သတိထားမိတယ် ဆိုတာကလည်း သေသေချာချာ သိနေလို့တော့မဟုတ်ပါ။ ပေါက်ပြီးမှပေါ်လာတဲ့ ချဲတွက်နည်းလိုပါပဲ။ အော် ဒါကြောင့် သူဒီလိုဖြစ်နေခဲ့တာကိုးဆိုသလိုပေါ့။

တနေတခြား ကြီးလိုက်လာတဲ့ Tonsil နဲ့ Adenoid ကြောင့် သူဟာ ပုံမှန်နေ့ခင်းပိုင်းတွေမှာ မသိစိတ်နဲ့ လယ်ချောင်းဟရှုတတ်လို့ အသက်ရှုပြင်းတာလောက်ပဲရှိနေပေမဲ့ ညပိုင်းအိပ်ချိန်ရောက်ရင် ဟောက်တတ်လာပါတယ်။ အိပ်မက်ဆိုးလဲ မက်တတ်ပုံရပါတယ်။ တခါတလေ ထိုင်ပြီး ငိုနေတတ်သေးတယ်။ အိပ်ဖို့ သိပ်ရခက်လာပါတယ်။

 အစာမျိုရခက်တော့ အစာစားရင် အသားဖတ်ကအစ သေးသေးလေးပါလာရင် ပါးစပ်ထဲ ဟိုပို့ဒီပို့နဲ့ ချန်ထားပြီး ထမင်းအကုန်မှာ ပြန်ဖယ်လေ့ရှိသည်။ နောက်ပိုင်းမှာ ပါးစပ်ကလေးက အိပ်ယာထဆိုရင် နံချင်လာတယ်။ အိပ်ရင် ခေါင်းချွေးထွက်တာများလာတယ်။ နဲနဲပိန်ချင်လာတယ်။ ခွဲခါနီးရက်တွေဆို သိပ်ကြီးနေတဲ့ Tonsil နဲ့ Adenoid ကြောင့် အိပ်နေရင်း အသက်ရှုတာ တ၀က်လောက်အနေမှာ ပိတ်သွားတဲ့ပုံမျိုး ကြားကြားနေရပါတယ်။

တိုတိုဆိုကြပါစို့။ ဘာဖြစ်နေတယ် သိအပြီး  ရက်တွေကစပြီး ကျွန်တော် ဒီအကြောင်းကို အသေးစိတ် လေ့လာပါတယ်။ ခွဲစိတ်ဖို့လိုသလို ခွဲစိတ်ကုသပြီး နောက်ပိုင်းရက်တွေမှာ သူ့ကို ဘယ်လိုပြုစုပေးရမလဲ ဆိုတာသိချင်တာကြောင့်ပါ။

ဒီလိုလေ့လာတော့ ဘယ်လိုခွဲစိတ်သလဲ ဆိုတာပါတွေ့ပါတယ်။ ကြီးနေတဲ့ Tonsil နဲ့ Adenoid ကိုဖြတ်ထုတ်၊ ပြီးတော့ လျှပ်စစ်ဂန်းနဲ့ပိတ်၊ စိတ်ထဲမှာ ဘုရားတမိသွားပါတယ်။ ဒီလောက်နုနယ်တဲ့နေရာမှာ ဒီလိုလုပ်တယ်ဆိုတော့... ခွဲစိတ်ဖို့ရက်မတိုင်ခင် နောက်ပိုင်းရက်တွေမှာ ကျွန်တော့်အတွေးထဲ ဒီအကြောင်းပဲ တ၀ဲလည်လည်နဲ့။ တကယ်ဆိုရင် နား၊ နှာခေါင်း၊ လယ်ချောင်း အပိုင်းမှာ အသေးအဖွဲထဲပါတဲ့ ကုသမှု့ပေမဲ့ နာကျင်မှု့ကတော့ ဘယ်အပိုင်းနှင့်မှ လျှော့မယ်မထင်။ ပြီးတော့ နုနယ်သော ၂ နှစ်ခွဲကျော်ကျော် ကလေးငယ်။ သူ့ကို ပျော်နေအောင် ထားသော်ငြား၊ သူရီမောနေသော်ငြား ကျွန်တော်အတူလိုက်ကာ ရီမောပြနေသော်ငြား ရင်ထဲမှာ မချိ။

ဆေးရုံရွေးတော့လဲ ဆေးအာမခံနှင့် အလကားနီးပါး ကုသပေးနိုင်သည့် ဆေးရုံကို စိတ်တိုင်းမကျ။ သူ့ကို မွေးပေးခဲ့သော၊ တလျှောက်လုံး ကာကွယ်ဆေးကအစ ပုံမှန်စစ်ဆေးပေးခဲ့သည့် ဆေးရုံကိုပဲရွေးခဲ့သည်။ သည်တော့ ငွေကအိပ်စိုက်၊ သို့ပေမဲ့ ဆေးရုံအကြောင်းသိနေတော့ ဈေးကြီးပေမဲ့ သူ့ကိုအဆင်အပြေဆုံး အသက်သာဆုံးဖြစ်အောင် လုပ်ပေးနိုင်မည်။ ရက်ကတော့ အတော်စောင့်လိုက်ရသည်။ စောင့်ရတာ ကြာလေ အတွေးများလေပါပဲ။

ကုန်ရကျိုးနပ်ခဲ့ပါသည်။ ခွဲပြီး ၂ နာရီလောက်နေတော့ သူကဆော့ချင်နေပြီ။ ထုံဆေးတွေကြောင့် သူနာကျင်မှု့ကို သတိမပြုမိ။ ကြာလာတော့ စိတ်တွေရှုပ်ပြီး ငိုချင်သည်။ နောက်ပိုင်းလဲ အနာသက်သာအောင် ပေးတဲ့ဆေး တခုနှင့် တခုအကြားမှာ လည်ပင်းလေး နှစ်ဖက်ကိုင်ကာ အီချင်သည်။ တတ်နိုင်သလောက်တော့ သူကျိတ်မှိတ်နေပါသည်။ သား လည်ပင်းလေးက နာလို့လားဆိုတော့ သားသားနေကောင်းပါတယ်လို့သာ မျက်ရည်တွေဝဲရင်း ဖြေတတ်သည်။ တခါတလေကျတော့လဲ သူ့လက်သီးဆုတ်လေးနှင့် လာထုတတ်သည်။ တပတ်နီးပါး အရည်များသာ သောက်ရသော့ကြောင့် ပိန်သွားသည်မှာ မကြည့်ရက်စရာ...

နောက် နှစ်ပတ်နားနီးလာတော့ ပုံမှန်ပြန်ဖြစ်လာပါတယ်။ သူ့အိပ်ချိန်ကြည့်ရတာ စိတ်အချမ်းသာဆုံးပါပဲ။ မျက်နှာကြည်နေပြီး ပါးစပ်ကလေးကလဲပိတ်လို့။ အသက်ရှုနေတာကလည်း ငြိမ်လို့။ သိပ်ရတာကလဲ ခဏလေး။ ဘယ်တော့မှ ဟောက်တော့မည်မထင်။

သူမွေးပြီးနောက်ပိုင်း အိမ်အလည်အပတ်ရောက်ခဲ့ရင် သားနဲ့ကျွန်တော့်ကိုကြည့်ရင်း အမေက မေးဖူးပါတယ်။ မိဘမေတ္တာဆိုတာ အခုတော့နားလည်ပြီပေါ့တဲ့။ ကျွန်တော် ပြုံးပြီးသာနေခဲ့ပါတယ်။ တကယ်တော့အဲဒီတုန်းက နားလည်တာမဟုတ်၊ သိရုံမျှသာ။ ချစ်တာကတော့ ချစ်ကြတာပေါ့၊ မိဘမေတ္တာမှာပါတဲ့ အဓိကကျသော ဂရုဏာရယ် အနစ်နာရယ်ဟာ ကျွန်တော့အတွက်တော့ ကိုယ်တိုင်ခံစားရတော့မှ နားလည်ပါတယ် အနေအထားရောက်ခဲ့တာပါ။

ငါကြီးလာရင်ဆိုတဲ့စိတ်နဲ့ အဖေအမေတို့ရဲ့ လိုလေးသေးမရှိ ပြုစုပျိုးထောင်မှု့အောက်မှာ ပညာတွေသင်၊ ငါ့အတွက်ဆိုတဲ့ ဦးစားပေးမှု့နဲ့ လုပ်ငန်းခွင်ထဲသွား၊ ငါ့ဘ၀ဆိုပြီး မိသားစုတခုဆောက်၊ လှေခါးထစ်တွေသာရှာခဲ့တဲ့ကျွန်တော်၊ အခုတော့ သားအတွက်ပါဆိုတဲ့ ဘ၀တဆစ်ချိုး ရောက်နေခဲ့ပါပြီ။ ဒီကစပြီး သားကိုဆွဲတင်ဖို့ ကျွန်တော်ဟာလှေခါးထစ် ဖြစ်ရပါတော့မည်။


Sunday, June 19, 2011

Our Town

The Cars ကာတွန်းကားလေးထဲက စကားပြောလေးတခုပါ။ ကြည့်ဖူးမယ်ထင်လို့ အသေးစိတ်မပြောတော့ပါဘူး...
“Cars didn't drive on it to make a great time. They drove on it to have a great time.”
ကျွန်တော့အတွက်ကတော့ ပြောင်းပြန် ထင်မိပါတယ်။ ဆယ်တန်းလောက်အထိကတော့ ဘာမှန်းညာမှန်းမသိခဲ့ဘူးပေါ့။ ကျောင်းသွား၊ ပတ်ဝန်းကျင်က လှုံ့ဆော်မှု့ကြောင့် စာကြိုးစားရမယ် ဆိုတဲ့အတွေးနဲ့သာ နေသွားခဲ့တာပေါ့။ အသက် ၁၆ လောက်ကနေ ၂၄ လောက်အထိကတော့ drive on it to make a great time ပါပဲ။ ဒီကာတွန်းကားလေးက အခုရေးနေတဲ့ စာမှာ  အဓိက အတွေးများရစေခဲ့တာပါပဲ။ လတ်တလော ဆက်မရေးဖြစ်သေးလို့ ဒီသီချင်းလေးပဲ တင်ပါရစေ...


Long ago, but not so very long ago
The world was different, oh yes it was
You settled down and you built a town and made it live
And you watched it grow
It was your town

Time goes by, time brings changes, you change, too
Nothing comes that you can't handle, so on you go
Never see it coming, the world caves in on you
On your town
Nothing you can do.

Main street isn't main street anymore
Lights don't shine as brightly as they shone before
Tell the truth, lights don't shine at all
In our town

Sun comes up each morning
Just like it's always done
Get up, go to work, start the day,
Open up for business that's never gonna come
As the world rolls by a million miles away

Main street isn't main street anymore
No one seems to need us like they did before
It's hard to find a reason left to stay
But it's our town
Love it anyway
Come what may, it's our town.

Sunday, June 12, 2011

ကျွန်တော်တို့သည်... ( ၄ )



ညရောက် အမှောင်ဝင်လာတာနဲ့ ကျွန်တော်တို့အိမ် ပတ်ဝင်းကျင်ဟာ တဖြေးဖြေး ဆိပ်ငြိမ်စပြုလာပါပြီ။ ဥပုဒ်ရက် ညပိုင်းများမှာတော့ မနီးမဝေးမှ ရွက်ကွက်ဓမ္မာရုံလေးဆီက ဆရာတော် တပါးပါးဟောကြားတဲ့ တရားဒေသနာသံကြားနေရတတ်ပါတယ်။ အခုလို ကြားရက်တွေမှာတော့ ဆိပ်ငြိမ်မှု့တို့သာ ကြီးစိုးနေလေရဲ့။

မမှောင်ခင်လေးအမှီ ကျွန်တော်တို့နှစ်ယောက် ညစာစားလေ့ရှိပါတယ်။ မှောင်စ၀င်လာတာနဲ့ နှစ်ဦးသား အိမ်အရှေ့က ကုလားထိုင်လေးမှာထိုင် စကားစမည်ပြောရင်းပေါ့။ ဈေးမှ အလုပ်မှ ပြန်လာကြသူ အိမ်နီးနားချင်း တချို့တလေကတော့ အိမ်ရှေ့ဖြတ်စဉ် သာကြောင်း မာကြောင်းလောက်တော့ လှမ်းပြောဖြစ်လေ့ရှိပါတယ်။

နောက် ဇနီးသည်လဲ ဘုရားရှိခိုးကာ တရားထိုင်ဖို့ သူဘာသာ ရေရွတ်သလို ပြောရင်း ထိုင်ရာမှထသွားတော့ ရှေ့ပက်လက်ကုလားထိုင်မှာ ကျွန်တော်တစ်ယောက်ထည်း ထိုင်ကာကျန်ရစ်ခဲ့ပါတယ်။ အကျင့်ပါနေတဲ့လက်က ထိုင်ခုံ ခေါင်းအမှီမှာ ချိတ်ထားတဲ့ စိတ်ပုတီးကုန်းဆီလက်က ရောက်သွားပါတယ်။

ပုတီးစိတ်ဖြစ်နေခဲ့တာကတော့ ကြာပါပြီ။ ဒီပုတီးလေးဟာ ကျွန်တော်ရယ်၊ သံဝေဂတွေရယ်၊ ဖြတ်သန်းခဲ့သမျှ ဘ၀အနိမ့်အမြင့် အချိန်တွေရယ်၊ စိတ်သောကတွေ ကြည်နူးမှူ့တွေရယ်၊ တည်ငြိမ်အေးချမ်းမှု့တွေရယ်၊ တွေဝေလေးလံမှု့တွေရယ်အကြား ပေါင်းကူးလေးတခုနှယ်။ ပုတီးတလုံးမှာ ကြည်ညို တည်ငြိမ်နေပေမဲ့ နောက်သုံးလေးလုံးမှာ ပူလောင်သောကတွေဆီကို စိတ်ရောက်ချင် ရောက်သွားတတ်ပါတယ်။ ဒီနေ့လိုမျိုး နေ့တွေက ပိုဆိုးတာပေါ့။

နေ့ခင်းမှာ အပူစုတ်ပြီး ညပိုင်းမှာ အခိုးလွှတ်တတ်တယ်တဲ့။ တရား တကြောင်းကို စိတ်ကရောက်သွားပါသည်။ နေ့မှာကျင်လည် ကျက်စားရင်း လောက အပူတွေစုတ်၊ ညရောက်တော့ ဒီအပူတွေကိုပဲ ပြန်လည်သုံးသတ်ရင်း အခိုးအငွေ့တွေထပ်ထုတ်ကြသတဲ့။ ဒီလိုပဲ တနေ့ပြီးတနေ့ ဖြတ်သန်းခဲ့တော့ စိတ်မှာ တွေးစရာ၊ ပူစရာ၊ ပျော်စရာ၊ ကြည်နူးစရာတွေဟာ ကျွန်တော့်မှာ ထုနဲ့ထည်နဲ့ ဖြစ်နေပြီ။ ဒါကြောင့် ပုတီးတလုံးမှာ ကျွန်တော့မျက်နှာဟာ တည်ငြိမ်နေပေမဲ့ နောက်တလုံးမှာ ပြုံးယောင်သန်းချင်သန်းနေပေလိမ့်မည်။

ဒီကနေ့ အတွေးတွေမှာ အစိုးမိုးဆုံးကတော့ သားအကြောင်းပါ။ သူမွေးစဉ်ကော သူတဖြေးဖြေးအရွယ်ရောက်လာသည်အထိ ကျွန်တော်တို့ မိသားစု သုံးယောက်က ဆွေမျိုးပတ်သက်ရာတွေရဲ့ အဝေးက တနိုင်ငံမှာ သုံးယောက် တကမ္ဘာတည်ထောင်ခဲ့ကြသည်။ တဦးပေါ်တဦး သံယောဇဉ်ကလဲ ကြီးလှသည်။ ထိုစဉ်ကကျွန်တော်ကိုယ်တိုင်လဲ တက်ကြွပျော်ရွှင်နေချိန်၊ ဘ၀မှာ အပျော်ရွှင်ဆုံးအချိန်။ ကြုံလာသမျှ အခက်အခဲမှန်သမျှကိုလဲ အားကြိုးမာန်တက် ထိပ်တိုက် တွေ့ဆုံရင်ဆိုင်နေချိန်။

ထိုစဉ်က စိတ်ထဲစွဲနေသော စိတ်ထဲစွဲကာ ကျင့်ကြံနေမိသော ဂျပန် စကားပုံလေးတခုကို မှတ်မိပါသေးသည်။ အရင်တုန်းက ဂျပန် ငါးဖမ်းသဘောင်္တွေမှ အဖြစ်အပျက်ကို အခြေခံကာ ပေါ်ပေါက်လာသော စကားပုံကလေး။

ရှေးအရင်က ဂျပန် ငါးဖမ်းသဘောင်္တွေဟာ အမြဲတမ်းလိုလို ကမ်းကနေ ဝေးရာ ပင်လယ်နက်ဆီကို သွားဖမ်းရပါတယ်တဲ့။ အခုလို နောက်ဆုံးပေါ်နည်းပညာတွေ မရှိသေးတော့ ဖမ်းမိလာတဲ့ငါးတွေဟာ အချိန်ကြာလို့ ကမ်းခြေရောက်ရင် လတ်ဆတ်တဲ့အရသာ ပျောက်ကွယ်နေပြီတဲ့။ ဒီတော့ သဘာဝရယ်၊ လတ်ဆတ်ခြင်းရယ် ကို ဦးစားပေးတဲ့ ဂျပန်တွေ နည်းအမျိုးမျိုးနဲ့ ကြိုးပမ်းကြပါတယ်။

သဘောင်္ဝမ်းထဲမှာ ရေငန်တွေထည့်၊ ဖမ်းပြီးပြီးချင်း အဲဒီ့အထဲကိုထည့်၊ ပြန်ရောက်လို့ စားကြည့်တော့ ထုံးစံအတိုင်း သူတို့လိုချင်တဲ့ လတ်ဆတ်တဲ့ အရသာကိုမရသေးပါဘူး။ တနေ့ အဲဒီလို ဖမ်းပြီးအထည့် ငါးတွေအကြားမှာ ငါးမန်းပေါက်တကောင်ပါလာပါတယ်။ ငါးတွေဟာ လှေဝမ်းထဲကရေဖြည့်ထားတဲ့ ကန်ထဲမှာ ငါးမန်းနီးလာရင် ဝေးရာကိုကူး၊ နောက် ငါးမန်းက လိုက်လာရာ တခြားတဖက်ကိုကူးနဲ့ နားပြီးမနေရခဲ့ပါ။ အဲဒီ့ငါးတွေဟာ ကမ်းခြေရောက်သည့်တိုင် လတ်ဆတ်တဲ့ အရသာ ရှိတုန်းပဲတဲ့။

ဒါကို စကားပုံက ဘယ်လိုကောက်ချက်ချပေးသလဲဆိုတော့ အလုပ်ထဲမှာ ပြိုင်စရာ၊ ကိုယ့်ကိုတွန်းတိုက်ကာ အပြစ်ရှာနေတဲ့သူရှိရင် စိတ်မညစ်ပါနဲ့ စိတ်ဓါတ်မကျပါနဲ့တဲ့။ သူတို့ဟာ ငါးမန်းပေါက်လိုပဲ ကိုယ့်ကို တိုးတက်အောင်၊ သတိဝီရိယ အမြဲရှိနေဖို့ တွန်းအားပေးတဲ့သူတွေဖြစ်ပြီး ကိုယ့်ရဲ့အရည်အချင်း ကိုယ်ရည်ကိုယ်သွေးကို ထွန်းထောက်နေအောင် ပံ့ပိုးပေးနေသူတွေလို့ မှတ်ယူပါတဲ့။

စကားပုံကတော့ အားပေးတာပါ။ သို့ပေမဲ့ ကျွန်တော်အနေနဲက တက်ကြွနေစဉ်ဆိုတော့ မွေးယူခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ကျွန်တော် ငါးမန်းတွေမွေးခဲ့တာ အလုပ်ခွင်မှာရော၊ ပတ်ဝန်းကျင်မှာပါ ဟောတကောင် ဟောတကောင်နဲ့ပါပဲ။ ဒီလိုပဲ ကျွန်တော်ဟာလဲ ဘ၀မှာ တဆင့်ပြီးတဆင့် တက်လှမ်းနိုင်ခဲ့ပါတယ်။

နောက် အခြေချကာ ဘ၀တည်ငြိမ်ဆို့ လိုလာတဲ့အချိန်ရောက်တော့ ဒီစကားပုံဟာ ကျွန်တော့်ကို အထောက်အကူ မပြုတော့ပါဘူး။ ငါးမန်းတွေများလေလေ၊ တည်ငြိမ်မှု့ပျောက်လေလေပါပဲ။ မိသားစုနဲ့ ဘ၀ကို တည်ငြိမ်ချင်လေလေ စိုးရိမ်စိတ်နဲ့ သံသယတွေက ကြီးလေလေ၊ တည်ငြိမ်မှု့နဲ့ ဝေးသထက်ဝေးလေနဲ့ပေါ့။ ဒီကာလမှာ ကျွန်တော်ဟာ စိတ်ကော လူကော အတော်လေး ပင်ပန်းခဲ့ပါတယ်။

ဒီအချိန်မှာ သားငယ်လေးရဲ့ လယ်ချောင်းမှာ ခွဲစိတ်ကုသပေးဖို့ လိုလာခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ကျွန်တော့် အတွေးအခေါ်တွေကို တဆစ်ချိုး ပြောင်းလဲစေခဲ့တာပါပဲ။ သားငယ် ၂ နှစ်ခွဲ ကျော်ကျော်မှာပေါ့....

Monday, May 30, 2011

ကျွန်တော်တို့သည်... ( ၃ )



မျှော်လင့်နေသော ဖုန်းဝင်လာပါပြီ။ မြည်သံကြားသည်နှင့် ကျွန်တော် ဇတ်ခနဲထကာ နံပါတ်ကိုကြည့်သည်။ ပြုံးပြီး ခေါင်းငြိမ့်ပြလိုက်သည်နှင့် ဇနီးသည်က သူမအပိုင် နားကျပ်စပီကာလေးတခု ကောက်ခါ နားတွင်တပ်လိုက်သလို ဖုန်းဖြေရင်း ကျွန်တော်ကလဲ ကျွန်တော့နားကျပ်တဖက်ကို ယူလိုက်သည်။

တဖက်က သားရဲ့အသံ “ ဖေနဲ့မေ နေကောင်းကြလား ” တဲ့။ ဘ၀တလျှောက်လုံး နားထောင်၍ မ၀နိုင်သောအသံ၊ ကလေးငယ်အရွယ် မပြီမသလေးမှ အခုလို အသံသြသြလေး ဖြစ်လာသည်အထိ၊ ကိုယ်တိုင် ပျိုးထောင်ပေးခဲ့သော ကိုယ်ပိုင်၊ကိုယ်ခွဲ အသံလေးတခုအလား။

ကျွန်တော်တို့ဖုန်းပြောရာအမှာ ထုံးစံအတိုင်း သူ့အပိုင်းလေးတွေနှင့်သူ။ ပထမတပိုင်းကား အင်တာဗျူးနေသလိုလို။ ဇနီးသည်က သား နေကောင်းလား၊ အဆင်ပြေလားလို့ အစချီကာ သူသိချင်သော သားနှင့်ပတ်သက်သည့်အချက်တွေ တခုပြီးတခု ၀င်မေးသည်။ ကျွန်တော်က နားထောင်ရင်း မိမိကျွမ်းဝင်နေပြီးသား လေသံအတက်အကျကတဆင့် သူ့အခြေအနေကို သရုပ်ခွဲနေမိသည်။ သိချင်တာရှိသော အခါ၊ လေသံမှတဆင့် တခုခုများ လွဲချော်နေပြီလားဟု ထင့်ကနဲဖြစ်သောအခါများမှ တခွန်းတလေ ၀င်မေးသည်။ များသောအားဖြင့် ဇနီးသည်မေး၊ သားကဖြေ။

နောက်တပိုင်းက ကျွန်တော်တို့က သားကိုပြောပြချင်သည် တို့ကိုပြောပြသောအပိုင်း။ ထင်သည့်အတိုင်း ဇနီးသည်က ဗန်ဒါရွက်တွေ ကြွေနေပြီက စကာ သူက လွမ်းနေကြောင်း၊ ဘယ်နေ့က သားကို ဘယ်လိုအိပ်မက်မက်ကြောင်း၊ ကျွန်တော်ကလဲ ဘာတွေဂရုစိုက်၊ ဘာတွေလုပ် စသည်ဖြင့် မှာကြ တိုက်တွန်းကြ ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောကြနှင့် သူတခွန်းကိုယ်တခွန်း။

နောက်တပိုင်းကတော့ သားရဲ့အလှည့်။ ဖေဖေ ခါးနာသေးလား၊ မေမေ သွေးခဏခဏ တက်သလားဖြင့် စသည်။ သည်တပိုင်းကား ကျွန်တော်တို့သုံးယောက်စလုံး ပျော်ရွှင် ခုံမင်ကြသော အပိုင်း။ သား၏ ဖေဖေခါးနာနေသေးလားဆိုသည်မှာ သူကျွန်တော့ကို မေးတာမဟုတ် သလို မေမေကော သွေးခဏခဏတက်သေးလားမှာလဲ သူ့အမေကိုမေးသည်မဟုတ်။ ချွန်ပေးခြင်း။

ဖေဖေခါးနာနေသေးလားဆိုသည်နှင့် ဇနီးသည်က မင့်အဖေကတော့ ပြောမနေနဲ့လို့စကာ တပတ်အတွင်း ကျွန်တော်လုပ်သမျှ၊ ဖြစ်သမျှကို ပေါ်တင်အတင်းတုပ်သလို မကြိုက်သည်တို့၊ မလုပ်စေခဲ့ချင်သည်တို့ကိုလည်း သားကိုပုဏ္ဏားတိုင်လုပ်ကာ ပိုပိုသာသာပြောပါတော့သည်။ တဖက်က သားက ရီလိုက်၊ ကျွန်တော့်ကို လှမ်းစလိုက်နှင့်။ ထိုအတူ သူ့အမေအကြောင်း စမေးလိုက်တာနှင့် ကျွန်တော့အလှည့် ဘယ်ရမလဲ ကျွန်တော်ကလဲ ပြန်တွယ်သပေါ့။

သားက စကားထောက်လိုက် စလိုက်၊ ရီလိုက်၊ ဒီဖက်က ကျွန်တော်တို့ကလဲ ရီလိုက် သူတင်ကိုယ်တင်ပြောလိုက်နှင့် အသံတွေလဲ တိုးရာကကျယ်၊ စိတ်တွေကလဲ ပျော်နေကြသည်။ ဒီအချိန် ဘေးကမြင်ရင်တော့ ဒီအဖိုးကြီး အဖွားကြီး နားကျပ်တယောက်တဖက်တပ်ကာ တယောက်နှင့်တယောက် ရေရေလည်လည် ပေါက်ကွဲနေကြသည် ထင်ပေမည်။

နောက်ဆုံးအပိုင်းကတော့ အလွမ်းသယ်ခြင်း။ ဇနီးသည်က မှာစရာရှိတာထပ်မှာ၊ သားကို ဂရုဖိုက်ဖို့တွင်တွင်ပြော၊ သားကလဲ စိုးရိမ်တကြီး ကျွန်တော်တို့ကို ဂရုစိုက်ဖို့ပြောနှင့် တဖက်နှင့်တဖက် မှာ ၍မကုန်။ နောက် အကြိမ်ကြိမ်နှုတ်ဆက်ကာ ဖုန်းချသွားသည်။

ကျွန်တော်တို့နှစ်ယောက် သက်ပျင်းကိုယ်စီချကာ ကုလားထိုင် နှောက်မှီဆီသို့ မတ်ထားသော ကိုယ်တွေကို လျှော့ချကာ ထိုင်ကြသည်။ မျက်နှာတို့ကား ပြုံးနေဆဲ။ ရင်ထဲမှာ ကြေနပ်၊ ကြည်နူးမှု့ရယ် လွမ်းဆွတ်စိတ်ရယ်က တလှည့်စီ။

နောက် ဖုန်းပြောခဲ့ချိန်လေးကို နှစ်ဦးသား စမြုံ့ပြန်ကြသည်။ စိုးရိမ်စိတ်နှင့် သူဟိုအကြောင်းပြောပြနေတော့ လေသံလေးက တမျိုးပဲနော်၊ တကယ်ကော အဆင်ပြေရဲ့လားမသိတို့၊ နောက် နင့်သားလေသံကြည့်ရတာ ဒို့ကတော့သတိရနေလို့၊ သူကတော့ ဟိုမှာ ပျော်နေပုံပဲဗျားလို့ ကြေနပ်စိတ်ကို မလိုတမာအသံလေးစွက်ကာ ပြောဖြစ်ကြပါသည်။

များသောအားဖြင့် ထိုအချိန်မှာ ဇနီးသည်လုပ်လေ့ရှိတာကတော့ “ အဲတော်.. ဟိုကိစ္စပြောဖို့ရာ မေ့သွားတယ်။ အရေးကြီးတာကို သေသေချာချာ ပြောမယ်လို့ စိတ်ကူးထားတာ။ တော်က ဘာမဟုတ်တဲ့ သွေးတက်တဲ့အကြောင်း တခုပ်တရ ပြောနေတာနဲ့ မေ့သွားတယ်။ ပြန်ခေါ်ပေး ” လို့လုပ်တတ်ပါတယ်။

တကယ်တော့ သူပြောမ၀သေး၊ နောက် အကြောင်းအရာတခုခုကို တမင်တကာချန်ထားပြီး ကျွန်တော့ကြောင့်လို့ လုပ်လေ့ရှိတာ သူ့အကျင့်။ ကျွန်တော်မသိချင်ယောင်ဆောင်ပြီး သားဆီ ပြန်ခေါ်ပေးရသည်။ တဖက်က သားကလဲ မျှော်လင့်ထားပြီးသား။ စပြီးဖုန်းဖြေသည်ပင် “ မေမေလား၊ ပြောလေ၊ ဘာမေ့သွားလို့လဲ”  လို့ စထူးတတ်သည်။

တခါတလေတော့ ကျွန်တော်ပါဝင်ပြောတတ်သည်။ တခါတလေတော့ ဇနီးသည် အားရပါးရ ပြောပါစေဆိုသည့်သဘောနှင့် ကျွန်တော့နားကျပ်ပါ သူ့ကို ပေးလိုက်လေ့ရှိသည်။ နောက် ခပ်ကြာကြာ သူတို့နှစ်ယောက် ထပ်ပြောလေ့ရှိသည်။

သူတို့ဖုန်းပြောပြီးချိန်တွင် နေကားအတော်စောင်းနေပေပြီ။ တိမ်တချို့နှင့် နေ၀င်ချိန်ကား လွမ်းမောဖွယ်ရာအတိ။

Sunday, May 29, 2011

ကျွန်တော်တို့သည်... ( ၂ )


ပြဿနာမီးပွားရဲ့အစကား မီးခြစ်ကပင်။ မနေ့က ကျွန်တော့်မီးခြစ်ကို လက်ဖက်ရည်ဆိုင်မှာ ကျန်ခဲ့သည်။ ဇနီးသည်ဈေးအသွား အသစ်တလုံးဝယ်ခဲ့ပေးဖို့မှာခဲ့ရာ သူမကလဲ မေ့ခဲ့သည်။ သို့နှင့် စာဖတ်ရင်း သောက်ဖို့ မီးညှိရာ ဖတ်ပြီးခဲ့သမျှ ပြန်စဉ်းစားနေသောစိတ်ဖြင့် အမှတ်တမဲ့ အိပ်ကပ်ထဲထည့်ကာ ယူခဲ့မိသည်။ သို့နှင့် ဟင်းချက်ဖို့ မီးမွှေးရန် မီခြစ်ကို ထားနေကြနေရာမှာကြည့်တော့ တော့ သူမ မတွေ့တော့။

သူမသည် စည်းကမ်းကြီးသည်။ ပစ္စည်းများနေရတကျထားတတ်သည်။ ထိုအကျင့်သည် အခုလို အသက်ကလေးရလာချိန်မှာ အလွန်အသုံးဝင်သည်။ ရှာရဖွေရမရှိလှသောကြောင့် လူသက်သာသလို ရုတ်တရက် မီးပျက်ခဲ့တောင် သိပြီးသား ဓါတ်မီးရှိရာသွား၊ နောက် ထွန်းလက်စဖယောင်းတိုင် ရှိသောနေရာကိုသွား၊ ဘေးမှာ မီးခြစ်က အဆင်သင့်ဆိုသလိုမျိုး။ သို့သော် ကျွန်တော်ကလဲ မေ့တတ်သည်၊ ယောင်တတ်သည်။

ခါတိုင်းလိုဆိုလျှင်တော့ သူမသည် အိမ်ရှေ့မိမိရှိရာအထိလာကာ

 “ မီးခြစ်က တော့ဆီမှာလား ”

လို့လာမေးပြီး ယူသွားပေလိမ့်မည်။ သို့သော် မနက်ကထည်းက သားကိုလွမ်းသောစိတ် ဖိစီးနေတော့ ဒီတခါ သိပ်စိတ်မကြည်တော့။ သို့နှင့်ကျွန်တော်ကြားရအောင်...

“ ပြောခဲ့တာလဲ ၄၊ ၅ ဆယ်နှစ်မကတော့ဘူး။ ဘာလိုချင်လိုချင် ဘယ်တော့မှ သူ့နေရာနဲ့သူကိုမရှိဘူး။ မေ့လိုက်တာကလဲ အလွန်၊ ကြာရင် ဟဲ့.. နောက်ဖေးမီးဖိုချောင်ထဲက ဘယ်သူတုန်း လုပ်တော့မယ်။ ” လို့ ပြောပါတော့သည်။

ဤမျှ ကြားရလျှင်ပင် ကျွန်တော်သိပြီ။ သို့နှင့်စမ်းကြည့်တော့ မီးခြစ်ကို အိပ်ကပ်ထဲထည့်ထားမိကြောင်းသိရပါသည်။ သို့နှင့် သက်ပြင်းချ၊ နောက်မီးသေနေသော ဆေးပေါ့လိပ်ကို မီးပြန်ညှိ၊ ပြီးမီးဖိုချောင်ဆီသို့ထွက်လာပါသည်။ ပုံမှန်အားဖြင့်တော့ သူမအနီးမှာ ကျွန်တော် ဆေးလိပ်သောက်လေ့မရှိ၊ အနံမကြိုက်မှန်းသိပါသော်လည်း စိတ်ထဲတွင် သူ့ကို မီးခြစ်တလုံးဝယ်ခဲ့ပါလို့ မှာတာကို မေ့ခဲ့ပြီးတော့ဆိုပြီး ကျွဲမြှီးတိုနေသောကြောင့် တမင်ဆေးလိပ်ကိုပါ လက်ကြားညှပ်ခဲ့သည်။

ကျွန်တော် မီးခြစ်ကို သူ့နေရာမှာသူ ဂွပ်ခနဲမြည်အောင် ချပြီး ပြန်လှည့်ထွက်လာတော့ သူမလဲ ကျွန်တော့်စိတ်ထဲက အတွေးကိုသိနေပုံရပါသည်။ နောက် ဘာကြောင့် ကျွန်တော်တမင် ဆေးပေါ့လိပ် လက်ကြားညှပ်ကာ လာမှန်းကိုလဲ သူမ ရိပ်မိနေသည်။ သို့နှင့် ဒီဂရီက နဲနဲပိုတက်လာသည်။

“ မှာတာကလွယ်ပါ့၊ ဒီမှာတော့ တနေ့တနေ့ ဘာတွေ ဘယ်လိုချက်ရလဲ စဉ်းစားရတာကတမျိုး၊ ကုန်ဈေးနှုန်းတွေနဲ့ တွက်ရချက်ရ ဂေါင်းကိုက်ရတာတမျိုး၊ အချိန်မှီအောင် ချက်ရပြုတ်ရတာကတမျိုးနဲ့။ နောက် ကိုယ်မလုပ်နိုင်တဲ့ဟာတွေအတွက် စိတ်ဆင်းရဲရတာကတမျိုးနဲ့... ”ဆိုတဲ့ စကားသံက ကျွန်တော့်နောက်ကို ထပ်ချပ်မကွာ။

ဆိုလိုတာက မီးခြစ်မေ့ခဲ့တာ ကိုကာကွယ်ပြောတာဖြစ်သလို တခြားကျွန်တော် အပြစ်ကလေးတခုကိုပါ သတိရအောင် ပြောရင်းထောက်လိုက်ခြင်းပင်။ ထိုအရာကတော့ အိမ်အနောက်မှ ရေမြောင်းကလေး။ ကျွန်တော် ဖတ်လက်စ စာအုပ်မှာ စိတ်က မရှိတော့၊ သူပြောတာနဲ့ပတ်သက်ပြီး အတွေးက ဆက်နေပြီ။

မြောင်းဘောင်ပေါ်ရှိ ရှည်လာသော မြက်ပင်တို့ရယ်၊ သစ်ရွက်ကြွေချိန်ဆိုတော့ သစ်ရွက်တချို့ရယ်ကြောင့် ထိုမြောင်းကား ရေကောင်းကောင်းမစီးတော့၊ နောက်ဆို ခြင်ဝပ်တော့မည်။ သို့ကြောင့် ဆယ်ဖို့ကြံတော့ အိမ်မှာရှိသော ပေါက်ပြားက တိုပြီးတုံးနေပြီလေ။ ဒီပေါက်ပြားသာ သုံးရင် ကျွန်တော် အတော်အီမည်။ သို့နှင့် ပေါက်ပြားတလက်ဝယ်ဖို့ကြံနေတာကြာပြီ။ ကိုယ်ကိုယ်တိုင်ကော၊ သူမပါ မြောင်းကိုကြည့် စိတ်ရှုပ်နေတာကြာပြီ။

ဖြစ်ချင်တော့ ၀ယ်နေကြ တောက အထမ်းသယ်က ပျောက်နေသည်။ ဈေးထဲရှိ ဆိုင်မှ ပေါက်ပြားများကား သံသားမကောင်း။ ပေါက်လေ ထက်လေဖြစ်ရမည့်အစား၊ ပေါက်လေ တုံးလေ။ ငွေကုန် လူပန်းတာသာ အဖတ်တင်မည်။ သို့ကြောင့် သူမ ကြားရအောင် အသံကျယ်ကျယ်နဲ့..

“ အေး.. အိမ်က ပေါက်ပြားနဲ့ဆိုရင် နောက်တလလောက်နေမှ ပြီးမှာပေါ့၊ ပြီးရင် ဆေးကုရလိမ့်မယ်။ ပေါက်ပြားအသစ်ဝယ်ဖို့ စောင့်နေတာလဲ အသိသားနဲ့။ တွေ့ကရာဝယ်ရင် တော့ပေါက်ပြားက တနှစ်တခါ ၀ယ်ရသလားလုပ်အုံးမယ်။ ”ဆိုတော့ သူမက..

“ ကျုပ်ကြည့်ခဲ့ပါတယ်တော်။ ရှင်ဝယ်နေကြ ကောင်လေးက ကိုယ်တိုင် မရောင်းတော့ပဲ ဈေးထဲကဆိုင်ကို သွင်းခဲ့ပါသတဲ့။ သေသေချာချာကြည့်တော့ တံဆိပ်ကလဲ ရှင်ပြောတဲ့တံဆိပ်ပဲ ”

“ အဲဒါဆို မနက်ဖြန် ဈေးထဲ ကျုပ်ပါလိုက်ခဲ့မယ် ” လို့ဆိုကာ စကားနည်းရန်စဲ လုပ်လိုက်ရသည်။ သူ့ဖက်က သေချာနေမှ ကိုယ်ကဆက် တိုက်စစ်ဆင်မဖြစ်တော့။ အနိုင်ရသူတို့ထုံးစံ ပုကျိပုကျိ ဆက်ပြောနေသော်လည်း စာအုပ်သာ မဲတင်းဖတ်နေသယောင် ဆောင်နေရသည်။

ဘေးလူတယောက်က ဒီအချိန် ကျွန်တော်တို့နှစ်ယောက်ကိုမြင်လျှင် ဒီနှစ်ယောက် ဘာတွေဖြစ်နေလဲ၊ တကျက်ကျက်နဲ့ ပြီးတော့ ဘာတွေပြောနေမှန်းလဲ မသိသလို၊ ဘာတွေကြောင့် ဒီလိုဖြစ်နေကြမှန်းလဲမသိလို့ဆိုကြပေလိမ့်မည်။ အိမ်ထောင်သက် အနှစ် ၃၀ နီးပါးရှိလာပြီဖြစ်သောကြောင့် သူတခွန်း ကိုယ်တခွန်းပြောနေကြသည်က အချင်းချင်း စိတ်ကူးထဲက ကွက်ကျော်လေးတွေပါ မြင်နေသောကြောင့် နှစ်ယောက်သာ သိသော အကွက်နှင့် ကတောက်ကဆ ဖြစ်နေကြသလိုပင်။

တခါတလေတော့ ထမင်းစားချိန်ထိအောင် တခွန်းစ နှစ်ခွန်းစ မပြတ်။ စားပြီးပြီးချင်း ထိုသို့သော နေ့တွေရဲ့ ထုံးစံအတိုင်း ဇနီးသည် အိပ်ခန်းထဲဝင်အိပ်ပါတော့သည်။ ပုံမှန်ဆို ကျွန်တော် မှေးရာ ကုလားထိုင်ဘေးမှ သူ့ခုံလာထိုင်ကာ သားအကြောင်း နှင့် အခြား ထွေရာလေးပါး ပြောတတ်ကြသည်။ နောက်အိပ်ချင်မှ အခန်းထဲဝင် နာရီဝက် တနာရီ တမှေးမှေးလေ့ရှိသည်။ ဒီနေ့ သားဆီက ဖုန်းဆက်မည့်နေပင် ရှေ့လာထိုင်ကာ ဘာမှမပြော။

ကျွန်တော်ကား ဖုန်းကိုယူ၊ နံဘေးမှာချ၊ ထုံးစံအတိုင်း သားနှင့်စကားပြောရင် နားကျပ်စပီကာလေး ကို သူမနှင့် တယောက်တဖက်နားထောင်ရင်းပြောဖို့ အသင့်လုပ်၊ စာအုပ်ဆက်ဖတ်ရင်း ထိုင်နေသည်။ တနာရီကျော်လာသည်အထိ သူမ ထွက်မလာတော့ ကျွန်တော်ပြုံးမိသည်။ သူမစိတ်မပြေသေး။ သို့နှင့် နာရီဝက်လောက်ထပ်စောင့်သည်။ နာရီဝက်ကျော်လာတော့ သွေးပေါင်ချိန်တိုင်းစက်ကလေးကိုယူက ကျွန်တော်အခန်းထဲ လိုက်သွားသည်။
ဘာဖြစ်နေတုန်း၊ အစားများသွားလို့လား၊ လို့မေးရင်း သွေးပေါင်ချိန်ဖို့ပြင်သည်။ သည်မှာတော့ ကျွန်တော်ကော၊ သူကော ပြုံးချင်နေပြီ၊ စပြုံးမိသောသူသည် ချော့သောသူဖြစ်သည်။ ထိုသူသည် ကျွန်တော်ဖြစ်သည်က များပါသည်။ နောက်တော့ အိမ်ရှေ့ထိုင်ခုံသို့ အပျင်းပြေ စားစရာတမျိုးမျိုးဖြင့် သူမရောက်လာပါသည်။

ထိုညနေခင်းမှာ ရာသီဥတု ပြန်လည် ကြည်လင်လာသည်။

( ဆက်ပါအုံးမည် )

ကျွန်တော်တို့သည်...


သည်မနက်တော့ ရာသီဥတုကောင်းနေသည်။

မနက်စောစောထဖြစ်ပါတယ်။ အသက်ကြီးလာသည်နှင့်အမျှ မနက်စောစောထဖြစ်သည်က များလာသည်။ အိပ်ယာကနိုးတာကိုက စောစောလာသည်။ တခါတလေ နိုးနေသော်လည်း မိုးလင်းသည့်တိုင် စောင့်နေရသောရက်တွေက များလာသည်။ ကြည်ကြည်လင်လင်ရှိနေသော်လည်း အိပ်ယာထဲမှာ ဆက်လှဲလျှောင်းနေရသည်မှာ စိတ်မရှည်စရာ။

အိပ်ယာကထ မျက်နှာသစ်ပြီး အိမ်ရှေ့ထွက်လာတော့ အိမ်ရှေ့ဘန်ဒါပင်မှ ရွက်ကြွေတွေက ရှေ့ခြံဝန်းထဲတွင်အပြည့်။ သားကိုသတိရမိသွားသည်။ တချိန်က သူ ထိုရွက်ကြွေတွေတွေ့တော့ ၀မ်းသာအားရ ပြေးလိုက်၊ နင်းလိုက် ကောက်လိုက် ဆော့ကစားနေတာ မနေ့တနေ့ကလိုပင်။ သူဒီနေ့ဖုန်းဆက်လာလျှင် ထိုအကြောင်းပြောအုံးမည်၊ ရွက်ကြွေတွေအကြား ဆော့နေတာကို ရိုက်ထားတဲ့ ဓါတ်ပုံလေး ပြန်ပြအုံးမည်လို့ စိတ်ထဲက တေးမှတ်ထားလိုက်မိသည်။

ဇနီးသည်ကိုတော့ ခေါ်မပြတော့၊ ကိုယ့်ထက်စောကာ အိပ်ယာကထသွားတော့ သူမြင်ပြီးလောက်ပြီ၊ နောက်ဖေးတွင် ဆွမ်းတော်တင်ရန် ချက်ပြုတ်နေရင်း သားကိုသတိရကာ မျက်ရည်ပင် ၀ဲနေလောက်ပြီ။ ဖုန်းဆက်လာလျှင် ဒီအကြောင်းကို သူကတောင် အရင်ဦးအောင်ပြောနေပေလိမ့်မည်။

ရွက်ကြွေတွေ လှည်းရင်းက အပင်မော့ကြည့်တော့ အပင်မှာ ရွက်ဟောင်းတွေ တ၀က်လောက်ပဲ ကျန်တော့တာတွေ့ရသည်။ အရွက်တွေကြွေတာ အလွန်ဆုံး ၂ရက်လောက်ပဲကျန်တော့မည်။ ဒီအပင်အကြောင်း သူကောင်းကောင်းသိနေပြီ။ ပြီးခဲ့တဲ့တနှစ်က သူစိတ်မရှည်စွာနှင့် အရွက်တွေကုန်အောင် ၀ါးလုံးဖြင့်ထိုးချခဲ့ဖူးသည်။ ပြီးတော့ ခါးနာတာ ၂ပတ်လောက် ခံစားလိုက်ရသည်။ ဒီတခေါက်တော့ ကြွေသည်ကိုပင် စောင့်တော့မည်။ ထပ်ပြီး ခါးနာမည်ကို မခံစားလိုတော့။

ငယ်ရွယ်သန်စွမ်းစဉ်ကတော့ ကြိုးစားပြီး အပင်ပန်းခံကာလုပ်ခဲ့သည်။ ဒါဏ်တို့ နာကျင်တာတို့ဆိုတာက အလွန်ဆုံး နောက်တနေ့မနက်ခင်းအထိသာ။ နောက် ပျောက်ကွယ်သွားကာ မေ့မေ့ပျောက်ပျောက်။ အဲဒီတုန်းကတော့ ပျောက်ကင်းသွားသည်လို့ပဲထင်နေမိသည်။ အခုကဲ့သို ဒီအချိန်ရောက်မှ ပြန်ပေါ်လာကာ အလစ်ချောင်းနှိပ်စက်နေလိမ့်မည်လို့ မထင်မှတ်ထားခဲ့။ သို့ကြောင့် သတိကြီးစွာဖြင့် ကိုယ့်စွမ်းအားနှင့်ကိုယ် မျှတအောင်သုံးနေရသည်။

အမှိုက်တွေသိမ်းပြီးတော့ ချွေးပင်စို့စို့နှင့် နေလို့ထိုင်လို့ ကောင်းနေသည်။ သို့နှင့် မျက်နှာသစ်၊ ကိုယ်လက်တွေဆေးကြောကာ ဈေးသွားဖို့ ဇနီးသည်ဘုရားရှိခိုးအပြီးစောင့်နေသည်။ ရေတော့မချိုးသေး၊ နေမြင့်လာသည်အထိ စောင့်ပြီးချိုးတာ ပိုစိတ်ချရသည်။ နေမကောင်းမဖြစ်ချင်တော့ပါ။

နောက် နှစ်ဦးသား ဈေးဘက်သို့ထွက်လာကြသည်။ စကားသိပ်မပြောဖြစ်ကြ။ ဒီနေ့ ဘာချက်စားရင်ကောင်းမလဲလို့ဆိုကာ စိတ်ကူးဖြင့် ဟင်းတွေစပ်ကြည့်ကြသည်။ ဈေးနားရောက်တော့ ထုံးစံအတိုင်း ကိုယ်က လက်ဖက်ရည်ဆိုင်ဝင်သည်။ ဇနီးသည်က ဈေးထဲဝင်သွားသည်။ သူပြန်မလာခင် လက်ဖက်ရည်တခွက်မှာသောက်ကာ သတင်းစာတစောင်ဆွဲပြီး ဖတ်နေမိသည်။ သူမအတွက်တော့ ကောင်းနိုးရာရာ စားစရာတခု မှာထားပေးသည်။

သူပြန်လာချိန်မှာ ပြောစရာစကားတွေ တလှေကြီးဖြင့်။ ဘယ်အသီးအနှံတွေပေါ်နေပြီကစ၊ ရှာမတွေ့တော့သော ရာသီစာများ၊ ၀ယ်နေကျ ဈေးဆိုင်လေးများအကြောင်း၊ ဈေးနှုန်း အတက်အကျများ စသည်ဖြင့် တနေ့တမျိုးမရိုးနိုင်စရာ။ ကျွန်တော်တို့မှာ ဆိုင်ထိုင်ရင်း စကားပြောရတာကိုနှစ်သက်သည်။ အသက်ကြီးလာလေ လူကြီးဖြစ်လာလေ လက်ဖက်ရည်ဆိုင် အဖေါ်မပါပဲ၊ စကားပြောဖေါ်မရှိပဲ မထိုင်ချင်တော့။

 တချို့ ရွယ်တူ ထိုင်နေကျလူတွေ ရှိရင်တော့ မဆိုး၊ မရှိလျှင် လာထိုင်သော လူငယ်တွေကို အလျှင်းသင့်အောင်ပြောရင်း ၊ သဘောကောင်းသော၊ ဖေါ်ရွှေသော၊ ပျော်တတ်သော လူပျော်ကြီးများပုံ ပြောင်းသွားတတ်သည်။ မိမိမှာ ဇနီးသည်နှင့် ထိုင်လေ့ရှိတာ အတော်ကောင်းသည်။ ပြောဖြစ်တာက  တမေ့တမောတော့မဟုတ်၊ ၀ယ်လာသော သီးနှံသားငါးတွေ လတ်ဆတ်စဉ်မှာ ချက်ချင်သေးသည်။

အိမ်ပြန်ရောက်၊ ဇနီးသည် ဟင်းစချက်ချိန်မှာ ဆေးပေါ့လိပ်ရယ်၊ ဖတ်လက်စ စာအုပ်တအုပ်ကိုဆွဲကာ အိမ်ရှေ့မှာ ပက်လက်ကုလားထိုင်ဆီသို့ သူထွက်လာသည်။ စာအုပ်ဖတ်လို့ ၂ မျက်နှာမရှိတရှိမှာ ရာသီဥတုကပြောင်းသွားသည်။

( ဆက်ပါအုံးမည် )