Thursday, July 28, 2011

ဂျစ်ဆောဝါကျများ



ရုံးမှာက လူကနဲပေမဲ့ လူမျိုးကတော့ အတော်စုံပါတယ်။ ဗမာ၊ အင်္ဂလိပ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အာရပ် အစရှိတဲ့နိုင်ငံတွေက အစုံပါပဲ။ အင်္ဂလိပ်ရယ်၊ အိန္ဒိယ ကလွဲလို့ ကျန်တဲ့လူမျိုးက အလွန်ဆုံးရှိရင် ၂ယောက်ပါပဲ။ ဒီတော့ တယောက်နဲ့တယောက် ပြောဆိုဆက်ဆံရင် အင်္ဂလိပ်လိုပဲပေါ့။

ဒီတော့ ကျွမ်းကျင်တဲ့သူကော မကျွမ်းကျင်တဲ့သူကော အစုံပါပဲ။ ရောက်ခါစ တယောက်လေယူလေသိမ်း၊ အသုံးအနှုန်းကို အထာမကျသေးခင်တော့ နဲနဲခက်တာပေါ့။ နောက်မကြာပါဘူး တဖြေးဖြေးအဆင်ပြေသွားတာပါပဲ။ အင်္ဂလိပ်တွေကလွဲလို့ ကျန်တဲ့ ကျွန်တော်တို့အဖို့မှာတော့ သင်ရင်း ပြောရင်းနဲ့ဆိုတော့ တဦးနဲ့တဦး ပြောဆိုနေတာ ဗွေမယူကြသလို သိမ်ငယ်စရာလဲမရှိတော့ဘူးပေါ့။

တယောက် အထာတယောက် အလွတ်ရလာတဲ့အခါ သိပ်တောင်ပြောဖို့မလိုတော့ပါဘူး။ ဥပမာ ကျွန်တော်က ဟူစိန်လို့ လက်ဖက်ရည်ဖျော်ပေးနေသူကို ခေါ်လိုက်တာနဲ့ သူ့ထုံးစံအတိုင်း ရက်ချားလို့ထူးမယ်။ ပြီးရင် ကော်ဖီတခွက် ဖျော်လာပေးမယ်။ သူရက်ချားလို့ ထူးတာကို ဘယ်သူမှ ပြုံးစေ့စေ့မလုပ်ဖြစ်ပါဘူး။ တယောက်အကြောင်း၊ လေယူလေသိမ်းကို တခြားတယောက်က အလွတ်ရနေပြီးသားပဲလေ။

အဲဒီတော့ တယောက်ယောက်ကများစပြီး ဂျစ်ဆောဝါကျတခုခုလုပ်လိုက်ရင် အားလုံးလိုလို တန်းသတိထားမိတော့တာပါပဲ။ ဂျစ်ဆောဝါကျဆိုတာကတော့ ကျွန်တော်တို့ ဂျစ်ဆောဆက်ရင် သိတဲ့၊ သေချာတဲ့ အပိုင်းလေးတခုကိုအရှင်ရှာ၊ ပြီးမှ ကျန်တာတွေကို ယူပြီး ဆက်ယူရတာမဟုတ်လား။ မှားတဲ့အခါမှား၊ မှန်သွားရင် နောက်တခုထပ်ရှာ၊ ဒီသဘောမျိုးပါပဲ။

တခါက အင်္ဂလိပ်တယောက်က စာတစောင်ပို့တဲ့အထဲ အမှားတခုပါလာလို့ မကြာခင်အီးမေးတစောင်နဲ့ ကျွန်တော်တို့အားလုံးကို အသိပေးပါတယ်။ သူပို့လိုက်တဲ့စာမှာ အပိုင်းတခုမှားနေတာကို သတိထားမိလိုက်လို့ ပြင်ပြီးမှ ထပ်ပို့ပေးလိုက်ပါ့မယ်။ အရင်စာကို မေ့လိုက်ပါ ဆိုတဲ့သဘောပါ။

သူက အဲဒီ့စာမှာ emend  ဆိုတဲ့စကားလုံးသုံးထားပါတယ်။ အဲဒီကစပြီး တရုံးလုံး ဒီစကားလုံးကို သုံးဖို့ ချောင်းနေတော့တာပါပဲ။ ထစ်ကနဲမမှားလိုက်နဲ့  Sorry, I will emend .... လို့လုပ်လာတော့တာပဲ။ စာပြင်တာသာမက စက်ဆင်တာကော ဘာသောညာသော အကုန်လုံးမှာ ဆိုင်ဆိုင်မဆိုင်ဆိုင် မမှားလိုက်နဲ့ တန်းသုံးတော့တာပါပဲ။ တခါတလေများ ပြောချင်လို့ တမင်များ မှားနေသလား ထင်ရပါရဲ့။ သုံးနေကြ လွယ်လွယ်ကူကူ စကားလုံးတွေကို ဆီ ပြန်ရောက်ဖို့ အတော်ကြာပါတယ်။

အခုအချိန်မှာ ဒီလို ဂျစ်ဆောဝါကျလေးတွေ လှိုင်လှိုင်သုံးနေတာကတော့ တခြားဟုတ်ရိုးလား အိမ်က သုံးနှစ်မတ်တင်း သားငယ်ပါပဲ။ စကားက ပြောတတ်ခါစ၊ အိမ်မှာပြောတာက ဗမာလို၊ ကာတွန်းကား ကြိုက်တာက အင်္ဂလိပ်လို၊ တီဗီက ကာတွန်းကား လိုင်းအချို့က အာရပ်လို၊ ဘာသာသုံးခုအကြားမှာ ဂျစ်ဆောစကားလုံးလေးတွေ တပွေ့တပိုက်နဲ့ပေါ့။

ဘုရားရှိခိုးတာကလွဲလို့ သူ့ကို သိပ်တော့မသင်ပေးဖြစ်ပါဘူး။ သူ့ဘာသာ သူတွေ့နေ ကြားနေတာလေးတွေကို တစချင်းမှတ်ပြီး သုံးနေတာလေး သဘောကျလို့ပါ။ ဆိုပါတော့ Thanks you ကို လိုအပ်တာမို့ သင်ပေးလိုက်ပါတယ်။ သူပြောနေပြီးမကြာခင် So much ဆိုတဲ့စကားကိုပါ နားရည်ဝပြီး တွဲသုံးတာမှန်းသူသိလာပါတယ်။ နောက် သူပြောရင် Thanks you ..so much ဖြစ်လာပါတယ်။

နောက် so much ကိုဆက်စပ်ပြီးသုံးတော့တာပါပဲ။ တုံးကလေးတွေ စီတာဆော့နေရင်း ခပ်မြင့်မြင့်ရောက်လာလို့ နောက်ထပ်ထပ်တင်နိုင်လိုက်ရင် ပြုံးကာ လက်ခုပ်လက်ဝါးတီးပြီး Good boy... so much.. လို့ထအော်ပါတယ်။ သူစိတ်ကူးနဲ့သူတော့ အဟုတ်ပဲ။သဘောကျတာနဲ့  ဥာဏ်ရှိသလောက် ချဲ့ပါစေဆိုပြီး မပြင်ပေးသေးပါဘူး။ Bye bye.. so much.. မဟုတ်ရင် ပြီးတာပါပဲလေ။

တခါတလေတော့ နဲနဲပလီချင်တယ်။ သားသားနေကောင်းဖူး.. ခေါင်းမူးတယ်..ပီဇာ စားချင်တယ်တဲ့။ တကယ်မဟုတ်ပါဘူး။ သိထား မှတ်ထားတာတွေ သုံးပြီး ပူစာတာလေ။

သူ့မှာ အကျင့်တခုရှိပါတယ်။ အပြင်ထွက်လို့ ကားပေါ်ရောက်တာနဲ့ သူပူစာလေ့ရှိတာ လေးဖြူရဲ့ မလုပ်နဲ့..မလုပ်နဲ့.. လက်နှက်ငါချပြီးသား.. ဆိုတဲ့သီချင်းပဲ။ တပုဒ်ထဲ တလမ်းလုံးနားထောင်ချင်တာ။ ပြန်ပြန်ကျော့ပေးရပါတယ်။ လိုက်ဆိုလို့ ရသလောက်လဲရှိနေပါပြီ။ တချို့နေရာကတော့ သူကြားထားသလို သူ့စာသားနဲ့သူဆိုနေတာ။

တနေ့တော့ ဈေးဝယ် သုံးယောက်သားထွက်လာပါတယ်။ သူနဲ့ အမေက ကားနောက်ခန်းမှာ။ ဇာတ်လမ်းစတာကတော့ အမေလုပ်တဲ့သူ ဥပုဒ်စောင့်ထားလို့ သွားရင်းလာရင်း အချိုရည်တဗူး ၀ယ်တိုက်လိုက်ပါတယ်။ သူ့တော့ ပေးမတိုက်ပါဘူး။ ဒါပေမဲ့ အမေလုပ်တဲ့သူက အာသာပြေလေး အကပ်ကလေး သောက်ပါစေဆိုပြီး ဗူးလေးသူ့ကို ပေးလိုက်ပါတယ်။

ကုန်နေတဲ့အထဲက တစက်ပြီးတစက် သူ စိတ်ရှည်လက်ရှည် မော့သောက်နေတယ်။ ပြီးသွားတော့ ဗူးကိုသူ့ဘာသာပိတ်၊ ကားတံခါးရွက်ဆီကို လက်လှမ်းရင်း ဒီအထဲ ထဲ့ထားလိုက်မယ်နော်တဲ့။ အေးအေးဆိုတော့ ထည့်ထားလိုက်ပါရော။ သူ့ကို တကယ့် အသီးအရည်ကလွဲလို့ မတိုက်ပါဘူး။ ဒီတော့ အမေကသောက်ပြီး သူမသောက်ရတော့ သိပ်တော့ ကြည်လင်ပုံမရ။

သွားရင်းလာရင်း၊ ကားတစီးက ရုတ်တရက်အရှိန်လျှော့လိုက်တော့ ကျွန်တော်လဲ ဘရိတ်ကို၊ နာနာနင်းလိုက်ရပါတယ်၊ အဲဒီတော့ သူထည့်ထားတဲ့ အချိုရည်ဗူးခွံလေးက အောက်ကြမ်းပြင်ပေါ် ထွက်ကျသွားပါတယ်။

ဒါလဲမြင်ရော ပြန်ကောက်ထည့်ပေးဖို့ သူ့အမေကို ပူစာပါတယ်။ အမေလုပ်တဲ့သူကလည်း၊ ကားတွေရှုပ်နေလို့ တပ်ထားတဲ့ ခါးပတ်ဖြုတ်ပြီး မကောက်ချင်သေးဘူး။ ဒီတော့ သားသားရယ်၊ ရောက်ခါနီးပြပြီ၊ အမှိုက်ဖြစ်သွားပြီလေ၊ နောက်မှကောက်ပေးမယ်၊ အစရှိသမျှ စုံအောင် ပြောနေပေမဲ့ သူကမရဘူး၊ ဘ၀င်မကျဖြစ်နေတာပါပဲ။

နောက်တော့ သူ့အမေက စိတ်မရှည်တော့ဘူး၊ ရောက်မှ ကောက်ပေးမယ်လို့ လေသံနဲနဲမာမာနဲ့ပြောလိုက်ပါရော။ ဒီမှာ အမေ့လေသံကို သတိထားမိတော့ သားကချက်ချင်းပဲ..

နိုးနိုးနိုး... အဲ့လိုမပြောရဘူးလေ... လက်နှက်ချပြီးသားလေ  တဲ့..

ကျွန်တော်တို့နှစ်ယောက်မှာ ရီလိုက်ရတာ...

Sunday, July 17, 2011

အယိုင်ဆုံး...


ပြီးခဲ့တဲ့ တပတ်က အဘူဒါဘီသွားဖြစ်ပါတယ်။ အဘူဒါဘီ အ၀င်မှာ ကမ္ဘာ့ အယိုင်ဆုံးဆိုပြီး မှတ်တမ်းဝင် အဆောက်အဦတခုရှိပါတယ်။ အဲဒီ့အဆောက်အဦကို Capital Gate လို့ အမည်ပေးထားပါတယ်။ ပြခန်းတွေရှိတဲ့ Abu Dhabi National Exhibition Centre မှာရှိပြီး၊ ကားပြိုင်ပွဲမှ ပွဲ ကြည့်တဲ့စဉ်နဲ့ ဆက်ပြီးဆောက်ထားတဲ့ပုံမျိုးပါပဲ။
အဆောက်အဦမှာ Hyatt International က အဘူဒါဘီရဲ့ ပထမဆုံး Hyatt ဟိုတယ်အနေနဲ့ အခန်း၂၀၀ ပါဝင်သော ကြယ်ငါးလုံးအဆင့် (‘Hyatt at Capital Centre’) ကို ဖွင့်လှစ်ထားပါတယ်။ နောက် ကျန်တဲ့ ဧရိယာ မီတာ ၂၀ ၀၀၀ ကတော့ စပါယ်ရှယ် ရုံးခန်းတွေပါတဲ့။ အဆောက်အဦ ရဲ့ အကြောင်း အချက်အလက်တွေကတော့..
အစောင်းဒီဂရီ                 ၁၈ ဒီဂရီ
                                    ( သူ့အရင်က စံချိန်ကတော့ ၄ ဒီဂရီ ရှိတဲ့ Tower of Pisa ပါ)
အမြင့်                           မြေပြင်မှအထက် မီတာ ၁၆၀
အထပ်အရေအတွက်း        ၃၅ ထပ်
ကုန်ကျငွေ                      အမေရီကန် ဒေါ်လာ ၂.၂ ဘီလီယံ
ပိသုကာအဖွဲ့                  RMJM Architects
တည်ဆောက်သူ              ADNEC (Abu Dhabi National Exhibitions Company)
ဟိုတယ်ကတော့ ၂၀၀၉ နှောင်းပိုင်းမှာဖွင့်ပြီး ၂၀၁၀ နှစ်ဆန်းမှာ World’s Furthest Leaning Manmade Tower ဆိုပြီး Guinness World Records က အသိအမှတ်ပြုတယ် ဆိုပါတယ်။ ဒီလို စောင်းတက်နေအောင် ၁၂ထပ်ကစပြီး ၃၀၀ မီလီမီတာကနေ ၁၄၀၀ မီလီမီတာအထိ ယိုင်ချင်ထက်ဘက်ကို တိုးပြီး ဆောက်သွားပါတယ်။ မြေပေါ်က အဆောက်အဦကို လေဒါဏ်၊ သူ့ရဲ့အလေးချိန်ဒါဏ်တွေ ခံနှိုင်ရည်ရှိအောင်၊ အောက်ပေ ၁၀၀နက်တဲ့အထိ တူးပြီး ပိုင်ပေါင်း ၄၉၀ ချထားခဲ့ပါတယ်။
အစောင်းရဲ့ဒါဏ်ခံနိုင်အောင် အပြင်ဘက် မျက်နှာပြင်မှာ မှာ‘diagrid’ ( မြန်မာလိုဆိုရင်တော့ ဆနွမ်းမကင်းပုံစံ သံဒိုင်းတွေလို့ ခေါ်မလားပဲ) ခပ်စပ်စပ်နဲ့ ကြားကန်ပေးထားပါတယ်။ ( ယူကျု့ဗီဒီယိုမှာ အတော်အသေးစိတ် မြင်ရပါလိမ့်မယ်) အတွင်း အဆောက်အဦထဲကတော့ ဒီအဆာက်အဦမှာ pre-cambered’ core လို့ခေါ်တဲ့ အဆောက်အဦ ပင်မ နည်းပညာအသစ် သုံးထားပါတယ်။ အသေးစိတ်သိချင်လို့ ရှာကြည့်ပါသော်လည်း၊ အခုအချိန်အထိ လျှို့ဝှက်ထားဆဲဖြစ်တာ တွေ့ရပါတယ်။


ရိပ်ဖမ်း သံဖမ်းရေးထားတာကတော့ ကွန်ကရစ် ထုထည် ၁၅ ၀၀၀ ( မီတာ)၊ အားဖြည့် သံချောင်းသံတန်ချိန် ၁၀ ၀၀၀နဲ့ သူလဲ အထက် တဖြောင့်ထည်း မတက်ပဲ နဲနဲစီ ဘေးလွှဲတည်ဆောက်ကာ အစွန်းထွက်သွားတဲ့ အထပ်တွေရဲ့ အလေးချိန်ကို ဆန့်ကျင်ဘက်အားအဖြစ် ပြောင်းသွားအောင် စီမံထားပါသည်တဲ့။ အောက်ကပုံထဲမှာတော့ ၁၂ထပ်မတိုင်ခင်က ပုံဆိုတော့ စပြီးစောင်းနေပုံမရသေးပါဘူး။ ဒီနောက်ပိုင်း ဓါတ်ပုံတွေလဲ မတွေ့ရတော့ပါ။ ကွန်ကရစ်ကိုလဲ ဓါတုဆေးတွေနဲ့ ပိုပြီးခိုင်မာအောင် ဆောက်ထားပါတယ်။
အခန်း ၂၀၀ ပါတဲ့ ဟိုတယ်ရယ်၊ ရုံးခန်းတွေရယ် ပဲပါတဲ့ ၂.၂ ဘီလီယံကုန်ကျသော ဒီအဆောက်အဦဟာ ငွေကြေးသက်သက်သာ ဆောက်ခဲ့တာမဟုတ်တာကတော့ သေချာပါတယ်။ ပိုင်ရှင်တွေအတွက် ဂုဏ်ဟာ အရေးပါသလို တည်ဆောက်သူတွေအတွက် နည်းပညာဟာ တကယ့်အမြတ်ဖြစ်မှာပါပဲ။


         
စိတ်ဝင်စားမယ်ဆိုရင် ဗီဒီယိုများ တခုပြီးတခု ဆက်ကြည့်သွားလို့ရပါတယ်..
ကိုးကား...

Tuesday, July 5, 2011

သင့်တော်၏၊ မတော်၏။

( ၁ )

ကြာခဲ့ပါပြီ။ ကျောင်းတုန်းက အဖြစ်အပျက်လေးတခုပါ။ ကျောင်းကန်တင်းတ၀ိုက်က မြေဟာ မြေနီ၊ စေးသည်။ မိုးတိတ်ပြီးမကြာခင် ရေကွက်လေးတွေက ဟိုတချို့ ဒီတချို့။ ကန်တင်းမှာ ထိုင်နေကြတာကလဲ ဆိုင်တွေမှာ လူသိပ်မများလှ။

ထိုအချိန်မှာ အကျီအဖြူ၊ ရေမိုးချိုးပြီးသား၊ သန့်သန့်ပြန့်ပြန်နှင့် အသိမဟုတ်သော ကျောင်းသားတယောက် ကန်တင်းရှေ့ရှိမြေကွက်လပ်ကလေးကို ဖြတ်လျှောက်လာသည်။ ရေကွက် ခပ်ရွယ်ရွယ်လေးတွေ့တော့ ရှောင်မသွားပဲ ခုန်ကျော်လိုက်သည်။ ရေကွက်လေးကလဲ တကယ့်ခြေတလှမ်းသာမျှသာ။

သို့သော် သူဟန်ချက်ပျက်သွားသည်။ မြေပေါ်အကျ အရှေ့နဲနဲချော်ပြီး ထောက်ထားသည့် ခြေထောက်မှာ တဖက်ပဲ ထောက်မိနေသည်၊ ပြီးတော့ လူက လဲလုလု နောက်သို့လန်သွားသည်။ အချိန်မှီ ပြန်တည့်မတ်နိုင်ရန် သူကြိုးစားရှာသည်။ လန်နေသောကိုယ်မှာ ခေါင်းကို ရှေ့မရမကဆွဲယူသည်။ လက်နှစ်ဖက်ကို ငှက်များ အတောင်ပန်ခတ်သကဲသို့ အမြန်ယက်ယူရင်း ခန္တာကိုယ်ကို ရှေ့သို့ ယက်ဆွဲယူနေသည်။ တစက္ကန့်... နှစ်စက္ကန့်..၃.. ၄..၅.. လဲမသွားသလို ပြန်လဲမတ်မလာသေး။

မြင်လိုက်ကြရသော ကျွန်တော်တို့အားလုံး စိုးရိမ်တကြီး၊ မင်သက်စွာ ဖြင့်သတိလက်လွှတ် ကြည့်နေမိသည်။ သူလက်ဖြင့် ရှေ့ယက်ယူတိုင်း၊ မတ်မလာသေးသည်ကိုမြင်ရတိုင်း၊ စိုးရိမ်တကြီးဖြင့် ဟာ..ဟာ..ဟာ..နှင့် စည်းချက်ညီစွာ သတိလက်လွတ်လဲ အားလုံးအော်နေမိသည်။ ဒီပုံစံဖြင့် သူအတော်ကြာနေသွားရပါသည်။ နောက်တော့ ဖင်ထိုင်လျှင်ကျသွားသည်။ အားလုံးထံမှ ၀ါးကနဲရီသံ ပေါ်လာပါသည်။ ရီနေသူတွေထဲမှာ ကျွန်တော်လဲ ပါခဲ့ပါသည်။

 ( ၂ )

ဒူဘိုင်း မြို့လည်တနေရာမှာ အအေးသောက် အကြော်စား ကျွန်တော်တို့တစုထွက်လာကြသည်။ အထင်ကရ နိုက်ကလပ်တခုရှေ့ ပလက်ဖေါင်းပေါ်မှာ စကားခေါင်ဖွဲ့ရင်းလျှောက်လာတော့ တနေရာမှာ Bus မှတ်တိုင်ဆိုင်းဘုတ်က ပလက်ဖေါင်း အလည်မရှိတရှိမှာ ထောင်ထားသည့်နေရာသို့ရောက်လာသည်။ မှတ်တိုင်ဘေး ကျန်သည့်၊ ကျဉ်းသည့် ပလက်ဖေါင်းနေရာမှာ မျက်နှာချင်းဆိုင်လာသူက နီးလျှင် ကျွန်တော်တို့က ရပ်စောင့်ရနေရပါသည်။

သွားလို့ရသည့်အချိန် ထိုနေရာအဖြတ်မှာ မျက်နှာချင်းဆိုင်မှ လာနေသော အိန္ဒိယ လူမျိုးတယောက် ကို သတိထားမိလိုက်ပါသည်။ လျှောက်လာသည့်အရှိန် လျှော့ကာ စောင့်ရမည်ကို မစောင့်သောကြောင့် သတိထားမိခြင်းပါ။ သူ့မျက်လုံးနှင့် စိတ်အာရုံက တဖက်က လမ်းကူးလာသည့် ကလပ်တက်မည့် ရုရှားမယ်တွေဆီမှာ၊ တိုက်တော့မည်ကို မြင်လို့ ဟေ့..ဟေ့ အသံပြုစဉ်မှာပဲ ဆိုင်းဘုတ်က သံပိုက်ခါသွားသည်အထိ အုန်းကနဲ ကိုယ်လုံးဖြင့်တိုက်သည်။ တကိုယ်လုံး အပြားလိုက် တိုက်မိလို့သာ တော်တော့သည်။

ယိုင်လာသော ကိုယ်ကို ဆွဲရင်း မင်းဘာဖြစ်သွားလဲမေးတော့ သူ့အဖြစ်ကို သူသိတော့ ရှက်သည့်စိတ်နှင့် မျက်နှာက ပြုံးပြုံးကြီး၊ ပြီးတော့ သူက ဆောရီး ဆောရီး တွင်တွင်ပြောနေသည်။ သူနာသွားသည့် အဖြစ်ကိုမရည်ရွယ်ပေ၊ သို့သော် ဤသို့ အဆီအငေါ်မတည့်သည့် ဆောရီးတတွတ်တွတ် ပြောနေခြင်းကြောင့် သူ့ရှေ့မှ အောင့်အီးမျက်နှာလွှဲကာ အမြန်လစ်ရင်း တဟားဟားရီနေမိခဲ့သည်။

( ၃ )

တလောက ဘာသာရေးအတွက် သီးသန့်အစုအဖွဲ့လေးတခု ရှိရာသွားဖြစ်ပါသည်။ ကျောင်းမရှိ၊ ဆည်းကပ်ရာစေတီ ပုထိုးမရှိသေးသော ဒေသဆိုတော့ အချင်းချင်း နှစ်ပတ်တခါ အတူစုံကာ ၀တ်ရွတ်ကြ၊ အစားအသောက်တခုဖြင့် ဧည့်ဝတ်ပြုကြလေ့ရှိသောနေရာပါ။

ထိုနေ့က မုန့်ဟင်းခါးကျွေးပါသည်။ ချက်သည့်အထဲ မပါသော်လည်း အဖွဲ့ထဲမှာ စွမ်းသောပေါကရောက်သော အသိတယောက်က ဧည့်ခံပါသည်။ ကောင်းနိုးရာရာ ရှာဖွေရင်း ဖယ်ထား၊ ချန်ထားသော ပဲကပ်ကြော်တွေ ယူလာက ကျွန်တော်တို့ဝိုင်းကိုချပေးသည်။

ကြည့်ရတာ မာလွန်းလို့ ဖယ်ထားပုံရပါသည်။ ထည့်ထားသော အကြော်ဖတ်လေးများ ဟင်းရည်နှင့်နူးအောင် ကြာကြာထားသော်လည်း ပဲစေ့ကိုက မာနေသောကြောင့်မထူး။ ကုန်အောင် အတော်စားယူရပါသည်။ မုန့်ဟင်းခါးကတော့ အတော့်ကို အရသာကောင်းလှပါသည်။

နောက်ဝတ်ရွတ်၊ အမျှဝေ၊ ဆုတောင်း ပြီး ထိုင်ရာကအထမှာ စောစောက တ၀ိုင်းထဲအတူစားခဲ့သူမှ သွားတွေကျိုးတဲ့အထိ ကုသိုလ်ပြုနိုင်ပါစေ လို့ ခပ်တိုးတိုးဆုတောင်းသံလေး ထွက်လာပါသည်။ သူ့ဆုတောင်း အတိမ်အနက်ကို သိသောကြောင့် ကျွန်တော် ပြုံးမိခဲ့ပါသည်....

Monday, June 27, 2011

နဂါးဈေး


ဒူဘိုင်းက International City မှာ China ဆိုပြီး ဧရိယာတစ်ခုပါလာပါတယ်။ နေရာကို China လို့ခေါ်သလို အဲဒီ့ဧရိယာမှာ နေတာကလဲ တရုတ်တွေများပါတယ်။ ဘာလို့လဲဆိုတော့ နံဘေးက Dragon Mart နဲ့က လမ်းပဲခြားတော့ နီးလို့ထင်ပါတယ်။ အခုရေးမဲ့ နဂါးဈေး ဆိုတာကလဲ ဒီ Dragon Mart ကို အလည်တခေါက် ရောက်တဲ့ အကြောင်းပါ။ သွားရတာကတော့ နဲနဲလှမ်းတယ်။ သွားလမ်းတလျှောက်မှာ မြင်ရတာကလဲ ပျင်းစရာ၊ ကီလိုတရာ သတ်မှတ်ချက်ကလဲရှိတော့ ရောက်ခဲတယ်ထင်ရပါတယ်..



ရောက်ရောက်ချင်း ရှေ့မှာ ရေပန်းကြီးရှိပါတယ်။ ပူပြင်းတဲ့ နေရောင်အောက်မှာ ကြေးနီရောင်အလုံးကြီးကို နဂါးအကြီးကြီးက ဖက်တွယ်တက်နေပြီး သက်တောင့်သက်သာ နေပါစေဆိုတဲ့သဘောနဲ့ နဂါးအငယ်တွေက ပါးစပ်ထဲထွက်နေတဲ့ ရေတွေနဲ့ဖြန်းပေးနေပါတယ်။



           ဘယ်နေမတုန်း သူလဲပါတာပေါ့..


အထဲရောက်သွားတော့ ဒီလိုမျိုးလဲ သေသေချာချာ ရှင်းပြထားပါတယ်။ သရုပ်ဖေါ်ပုံတွေနဲ့ အကျယ်တ၀င့်ပေါ့။ နားတော့မလည်ပါဘူး...
            မီးအိမ်တွေလဲ တွေ့ရပါတယ်။ အရွယ်စုံ ပုံစံမျိုးစုံပါပဲ...



ကွန်ဖူးခေတ်ကို ပြန်ပြောင်းအောက့်မေ့ဖွယ် မော်ဒယ်များ။ အပေါ်ဖက်ကလက်ရဲ့ လက်မအနေအထားကိုကြည့်ရင် အတွင်းအား အနုအရင့်ကို ခန့်မှန်းသိရှိနိုင်ပါတယ်။
               ဆိုင်ခန်းလေးတွေဖွဲပြီး  ပစ္စည်းမျိုးစုံရောင်းနေပါတယ်။ အရုပ်ကအစ စက်မှု့လက်မှု့ လုပ်ငန်းသုံးတွေအထိပါ..



ခြေညောင်းတဲ့အထိပတ်ပြီး ပြန်လာပါတယ်။ ဘာတွေဝယ်ခဲ့တုန်းဆိုတော့ သားအတွက် ကာတွန်းရုပ် စတစ်ကာလေးကတခု၊ နောက် ဖုံးထဲ့တဲ့အိပ်ကလေးကတလုံး။

ကြီးကြီးမားမား ၀ယ်ဖူးလားဆိုတော့ တခါတော့ ၀ယ်ဖူးပါတယ်။ ရေမှုန်လေးတွေပါ ရောဖြန်းပေးတဲ့ ပန်ကာပါ။ စက်ဆင်တဲ့အပိုင်းက ဆူပါဗိုက်ဇာက လိုချင်တယ်ဆိုလို့။ လုပ်ငန်းခွင်သုံးလေ။ သွားဝယ်ကြတော့ ၆လ အာမခံပေးတယ်တဲ့။ ဒါနဲ့ တနှစ်လောက်မပေးဖူးလား၊ ဘာလို့ ၆်လထဲ ပေးတာလဲ မေးတာပေါ့။

သူက ၆လတောင်ခံမှတော့ အကြာကြီး အသုံးခံပြီပေါ့တဲ့။ ဒါနဲ့ပဲ ၀ယ်လာခဲ့ပါတယ်။ ၂ လလောက်ရှိတော့ ပျက်ရောပါပဲ။ ပြန်သွားပြောတော့ အာမခံပေးတဲ့အထဲ မော်တာမပါဘူးတဲ့။ ပန်ကာ မှာ မော်တာကလွဲလို့ ကျန်တာ အာမခံပေးဆိုပဲ။

နောက်တော့ ဈေးကြီးတာ မ၀ယ်ဖြစ်တော့ပါဘူး။ ကစားစရာတွေ ရလို့ သွားရင် သားငယ်က တော့ အတော်ပျော်ပါတယ်။ အရုပ်လေးတွေကို ဒီအတိုင်း လွှတ်ထားတာပါပဲ၊ တခါတလေ ကိုယ့်သားကိုကိုယ် ပြေးဆွဲရတယ်။ ခြေညောင်း၊ အပျင်းပြေ မကြာခဏရောက်ဖြစ်ပါတယ်...

နာသွားမှာစိုးတဲ့ သိမ်းငှက်ရဲ့ နှုတ်သီးကို စည်းပိတ်ထားတာကတော့ ကြည့်ရတာ တမျိုးကြီးပဲ..

          

Monday, June 20, 2011

ကျွန်တော်တို့သည်... ( ၅ )







ဟုတ်ပါတယ်။ ကျွန်တော့ အတွေးအမြင်တွေဟာ သားငယ် လည်ချောင်းမှာ ခွဲစိတ်ကုသပေးခဲ့ရချိန်မှာပဲ ပြောင်းလဲသွားခဲ့ပါတယ်။ သားငယ်က လယ်ချောင်းမှာ Tonsil နဲ့ Adenoid တွေ သိပ်ကြီးနေလို့ ခွဲထုတ်ပေးခဲ့ရတာပါ။

သူ့ရဲ့လက္ခဏာတွေကတော့ ကျွန်တော်တို့ ၁ နှစ်ကျော်ကျော်မှာ စသတိထားမိပါတယ်။ စ သတိထားမိတယ် ဆိုတာကလည်း သေသေချာချာ သိနေလို့တော့မဟုတ်ပါ။ ပေါက်ပြီးမှပေါ်လာတဲ့ ချဲတွက်နည်းလိုပါပဲ။ အော် ဒါကြောင့် သူဒီလိုဖြစ်နေခဲ့တာကိုးဆိုသလိုပေါ့။

တနေတခြား ကြီးလိုက်လာတဲ့ Tonsil နဲ့ Adenoid ကြောင့် သူဟာ ပုံမှန်နေ့ခင်းပိုင်းတွေမှာ မသိစိတ်နဲ့ လယ်ချောင်းဟရှုတတ်လို့ အသက်ရှုပြင်းတာလောက်ပဲရှိနေပေမဲ့ ညပိုင်းအိပ်ချိန်ရောက်ရင် ဟောက်တတ်လာပါတယ်။ အိပ်မက်ဆိုးလဲ မက်တတ်ပုံရပါတယ်။ တခါတလေ ထိုင်ပြီး ငိုနေတတ်သေးတယ်။ အိပ်ဖို့ သိပ်ရခက်လာပါတယ်။

 အစာမျိုရခက်တော့ အစာစားရင် အသားဖတ်ကအစ သေးသေးလေးပါလာရင် ပါးစပ်ထဲ ဟိုပို့ဒီပို့နဲ့ ချန်ထားပြီး ထမင်းအကုန်မှာ ပြန်ဖယ်လေ့ရှိသည်။ နောက်ပိုင်းမှာ ပါးစပ်ကလေးက အိပ်ယာထဆိုရင် နံချင်လာတယ်။ အိပ်ရင် ခေါင်းချွေးထွက်တာများလာတယ်။ နဲနဲပိန်ချင်လာတယ်။ ခွဲခါနီးရက်တွေဆို သိပ်ကြီးနေတဲ့ Tonsil နဲ့ Adenoid ကြောင့် အိပ်နေရင်း အသက်ရှုတာ တ၀က်လောက်အနေမှာ ပိတ်သွားတဲ့ပုံမျိုး ကြားကြားနေရပါတယ်။

တိုတိုဆိုကြပါစို့။ ဘာဖြစ်နေတယ် သိအပြီး  ရက်တွေကစပြီး ကျွန်တော် ဒီအကြောင်းကို အသေးစိတ် လေ့လာပါတယ်။ ခွဲစိတ်ဖို့လိုသလို ခွဲစိတ်ကုသပြီး နောက်ပိုင်းရက်တွေမှာ သူ့ကို ဘယ်လိုပြုစုပေးရမလဲ ဆိုတာသိချင်တာကြောင့်ပါ။

ဒီလိုလေ့လာတော့ ဘယ်လိုခွဲစိတ်သလဲ ဆိုတာပါတွေ့ပါတယ်။ ကြီးနေတဲ့ Tonsil နဲ့ Adenoid ကိုဖြတ်ထုတ်၊ ပြီးတော့ လျှပ်စစ်ဂန်းနဲ့ပိတ်၊ စိတ်ထဲမှာ ဘုရားတမိသွားပါတယ်။ ဒီလောက်နုနယ်တဲ့နေရာမှာ ဒီလိုလုပ်တယ်ဆိုတော့... ခွဲစိတ်ဖို့ရက်မတိုင်ခင် နောက်ပိုင်းရက်တွေမှာ ကျွန်တော့်အတွေးထဲ ဒီအကြောင်းပဲ တ၀ဲလည်လည်နဲ့။ တကယ်ဆိုရင် နား၊ နှာခေါင်း၊ လယ်ချောင်း အပိုင်းမှာ အသေးအဖွဲထဲပါတဲ့ ကုသမှု့ပေမဲ့ နာကျင်မှု့ကတော့ ဘယ်အပိုင်းနှင့်မှ လျှော့မယ်မထင်။ ပြီးတော့ နုနယ်သော ၂ နှစ်ခွဲကျော်ကျော် ကလေးငယ်။ သူ့ကို ပျော်နေအောင် ထားသော်ငြား၊ သူရီမောနေသော်ငြား ကျွန်တော်အတူလိုက်ကာ ရီမောပြနေသော်ငြား ရင်ထဲမှာ မချိ။

ဆေးရုံရွေးတော့လဲ ဆေးအာမခံနှင့် အလကားနီးပါး ကုသပေးနိုင်သည့် ဆေးရုံကို စိတ်တိုင်းမကျ။ သူ့ကို မွေးပေးခဲ့သော၊ တလျှောက်လုံး ကာကွယ်ဆေးကအစ ပုံမှန်စစ်ဆေးပေးခဲ့သည့် ဆေးရုံကိုပဲရွေးခဲ့သည်။ သည်တော့ ငွေကအိပ်စိုက်၊ သို့ပေမဲ့ ဆေးရုံအကြောင်းသိနေတော့ ဈေးကြီးပေမဲ့ သူ့ကိုအဆင်အပြေဆုံး အသက်သာဆုံးဖြစ်အောင် လုပ်ပေးနိုင်မည်။ ရက်ကတော့ အတော်စောင့်လိုက်ရသည်။ စောင့်ရတာ ကြာလေ အတွေးများလေပါပဲ။

ကုန်ရကျိုးနပ်ခဲ့ပါသည်။ ခွဲပြီး ၂ နာရီလောက်နေတော့ သူကဆော့ချင်နေပြီ။ ထုံဆေးတွေကြောင့် သူနာကျင်မှု့ကို သတိမပြုမိ။ ကြာလာတော့ စိတ်တွေရှုပ်ပြီး ငိုချင်သည်။ နောက်ပိုင်းလဲ အနာသက်သာအောင် ပေးတဲ့ဆေး တခုနှင့် တခုအကြားမှာ လည်ပင်းလေး နှစ်ဖက်ကိုင်ကာ အီချင်သည်။ တတ်နိုင်သလောက်တော့ သူကျိတ်မှိတ်နေပါသည်။ သား လည်ပင်းလေးက နာလို့လားဆိုတော့ သားသားနေကောင်းပါတယ်လို့သာ မျက်ရည်တွေဝဲရင်း ဖြေတတ်သည်။ တခါတလေကျတော့လဲ သူ့လက်သီးဆုတ်လေးနှင့် လာထုတတ်သည်။ တပတ်နီးပါး အရည်များသာ သောက်ရသော့ကြောင့် ပိန်သွားသည်မှာ မကြည့်ရက်စရာ...

နောက် နှစ်ပတ်နားနီးလာတော့ ပုံမှန်ပြန်ဖြစ်လာပါတယ်။ သူ့အိပ်ချိန်ကြည့်ရတာ စိတ်အချမ်းသာဆုံးပါပဲ။ မျက်နှာကြည်နေပြီး ပါးစပ်ကလေးကလဲပိတ်လို့။ အသက်ရှုနေတာကလည်း ငြိမ်လို့။ သိပ်ရတာကလဲ ခဏလေး။ ဘယ်တော့မှ ဟောက်တော့မည်မထင်။

သူမွေးပြီးနောက်ပိုင်း အိမ်အလည်အပတ်ရောက်ခဲ့ရင် သားနဲ့ကျွန်တော့်ကိုကြည့်ရင်း အမေက မေးဖူးပါတယ်။ မိဘမေတ္တာဆိုတာ အခုတော့နားလည်ပြီပေါ့တဲ့။ ကျွန်တော် ပြုံးပြီးသာနေခဲ့ပါတယ်။ တကယ်တော့အဲဒီတုန်းက နားလည်တာမဟုတ်၊ သိရုံမျှသာ။ ချစ်တာကတော့ ချစ်ကြတာပေါ့၊ မိဘမေတ္တာမှာပါတဲ့ အဓိကကျသော ဂရုဏာရယ် အနစ်နာရယ်ဟာ ကျွန်တော့အတွက်တော့ ကိုယ်တိုင်ခံစားရတော့မှ နားလည်ပါတယ် အနေအထားရောက်ခဲ့တာပါ။

ငါကြီးလာရင်ဆိုတဲ့စိတ်နဲ့ အဖေအမေတို့ရဲ့ လိုလေးသေးမရှိ ပြုစုပျိုးထောင်မှု့အောက်မှာ ပညာတွေသင်၊ ငါ့အတွက်ဆိုတဲ့ ဦးစားပေးမှု့နဲ့ လုပ်ငန်းခွင်ထဲသွား၊ ငါ့ဘ၀ဆိုပြီး မိသားစုတခုဆောက်၊ လှေခါးထစ်တွေသာရှာခဲ့တဲ့ကျွန်တော်၊ အခုတော့ သားအတွက်ပါဆိုတဲ့ ဘ၀တဆစ်ချိုး ရောက်နေခဲ့ပါပြီ။ ဒီကစပြီး သားကိုဆွဲတင်ဖို့ ကျွန်တော်ဟာလှေခါးထစ် ဖြစ်ရပါတော့မည်။


Sunday, June 19, 2011

Our Town

The Cars ကာတွန်းကားလေးထဲက စကားပြောလေးတခုပါ။ ကြည့်ဖူးမယ်ထင်လို့ အသေးစိတ်မပြောတော့ပါဘူး...
“Cars didn't drive on it to make a great time. They drove on it to have a great time.”
ကျွန်တော့အတွက်ကတော့ ပြောင်းပြန် ထင်မိပါတယ်။ ဆယ်တန်းလောက်အထိကတော့ ဘာမှန်းညာမှန်းမသိခဲ့ဘူးပေါ့။ ကျောင်းသွား၊ ပတ်ဝန်းကျင်က လှုံ့ဆော်မှု့ကြောင့် စာကြိုးစားရမယ် ဆိုတဲ့အတွေးနဲ့သာ နေသွားခဲ့တာပေါ့။ အသက် ၁၆ လောက်ကနေ ၂၄ လောက်အထိကတော့ drive on it to make a great time ပါပဲ။ ဒီကာတွန်းကားလေးက အခုရေးနေတဲ့ စာမှာ  အဓိက အတွေးများရစေခဲ့တာပါပဲ။ လတ်တလော ဆက်မရေးဖြစ်သေးလို့ ဒီသီချင်းလေးပဲ တင်ပါရစေ...


Long ago, but not so very long ago
The world was different, oh yes it was
You settled down and you built a town and made it live
And you watched it grow
It was your town

Time goes by, time brings changes, you change, too
Nothing comes that you can't handle, so on you go
Never see it coming, the world caves in on you
On your town
Nothing you can do.

Main street isn't main street anymore
Lights don't shine as brightly as they shone before
Tell the truth, lights don't shine at all
In our town

Sun comes up each morning
Just like it's always done
Get up, go to work, start the day,
Open up for business that's never gonna come
As the world rolls by a million miles away

Main street isn't main street anymore
No one seems to need us like they did before
It's hard to find a reason left to stay
But it's our town
Love it anyway
Come what may, it's our town.

Sunday, June 12, 2011

ကျွန်တော်တို့သည်... ( ၄ )



ညရောက် အမှောင်ဝင်လာတာနဲ့ ကျွန်တော်တို့အိမ် ပတ်ဝင်းကျင်ဟာ တဖြေးဖြေး ဆိပ်ငြိမ်စပြုလာပါပြီ။ ဥပုဒ်ရက် ညပိုင်းများမှာတော့ မနီးမဝေးမှ ရွက်ကွက်ဓမ္မာရုံလေးဆီက ဆရာတော် တပါးပါးဟောကြားတဲ့ တရားဒေသနာသံကြားနေရတတ်ပါတယ်။ အခုလို ကြားရက်တွေမှာတော့ ဆိပ်ငြိမ်မှု့တို့သာ ကြီးစိုးနေလေရဲ့။

မမှောင်ခင်လေးအမှီ ကျွန်တော်တို့နှစ်ယောက် ညစာစားလေ့ရှိပါတယ်။ မှောင်စ၀င်လာတာနဲ့ နှစ်ဦးသား အိမ်အရှေ့က ကုလားထိုင်လေးမှာထိုင် စကားစမည်ပြောရင်းပေါ့။ ဈေးမှ အလုပ်မှ ပြန်လာကြသူ အိမ်နီးနားချင်း တချို့တလေကတော့ အိမ်ရှေ့ဖြတ်စဉ် သာကြောင်း မာကြောင်းလောက်တော့ လှမ်းပြောဖြစ်လေ့ရှိပါတယ်။

နောက် ဇနီးသည်လဲ ဘုရားရှိခိုးကာ တရားထိုင်ဖို့ သူဘာသာ ရေရွတ်သလို ပြောရင်း ထိုင်ရာမှထသွားတော့ ရှေ့ပက်လက်ကုလားထိုင်မှာ ကျွန်တော်တစ်ယောက်ထည်း ထိုင်ကာကျန်ရစ်ခဲ့ပါတယ်။ အကျင့်ပါနေတဲ့လက်က ထိုင်ခုံ ခေါင်းအမှီမှာ ချိတ်ထားတဲ့ စိတ်ပုတီးကုန်းဆီလက်က ရောက်သွားပါတယ်။

ပုတီးစိတ်ဖြစ်နေခဲ့တာကတော့ ကြာပါပြီ။ ဒီပုတီးလေးဟာ ကျွန်တော်ရယ်၊ သံဝေဂတွေရယ်၊ ဖြတ်သန်းခဲ့သမျှ ဘ၀အနိမ့်အမြင့် အချိန်တွေရယ်၊ စိတ်သောကတွေ ကြည်နူးမှူ့တွေရယ်၊ တည်ငြိမ်အေးချမ်းမှု့တွေရယ်၊ တွေဝေလေးလံမှု့တွေရယ်အကြား ပေါင်းကူးလေးတခုနှယ်။ ပုတီးတလုံးမှာ ကြည်ညို တည်ငြိမ်နေပေမဲ့ နောက်သုံးလေးလုံးမှာ ပူလောင်သောကတွေဆီကို စိတ်ရောက်ချင် ရောက်သွားတတ်ပါတယ်။ ဒီနေ့လိုမျိုး နေ့တွေက ပိုဆိုးတာပေါ့။

နေ့ခင်းမှာ အပူစုတ်ပြီး ညပိုင်းမှာ အခိုးလွှတ်တတ်တယ်တဲ့။ တရား တကြောင်းကို စိတ်ကရောက်သွားပါသည်။ နေ့မှာကျင်လည် ကျက်စားရင်း လောက အပူတွေစုတ်၊ ညရောက်တော့ ဒီအပူတွေကိုပဲ ပြန်လည်သုံးသတ်ရင်း အခိုးအငွေ့တွေထပ်ထုတ်ကြသတဲ့။ ဒီလိုပဲ တနေ့ပြီးတနေ့ ဖြတ်သန်းခဲ့တော့ စိတ်မှာ တွေးစရာ၊ ပူစရာ၊ ပျော်စရာ၊ ကြည်နူးစရာတွေဟာ ကျွန်တော့်မှာ ထုနဲ့ထည်နဲ့ ဖြစ်နေပြီ။ ဒါကြောင့် ပုတီးတလုံးမှာ ကျွန်တော့မျက်နှာဟာ တည်ငြိမ်နေပေမဲ့ နောက်တလုံးမှာ ပြုံးယောင်သန်းချင်သန်းနေပေလိမ့်မည်။

ဒီကနေ့ အတွေးတွေမှာ အစိုးမိုးဆုံးကတော့ သားအကြောင်းပါ။ သူမွေးစဉ်ကော သူတဖြေးဖြေးအရွယ်ရောက်လာသည်အထိ ကျွန်တော်တို့ မိသားစု သုံးယောက်က ဆွေမျိုးပတ်သက်ရာတွေရဲ့ အဝေးက တနိုင်ငံမှာ သုံးယောက် တကမ္ဘာတည်ထောင်ခဲ့ကြသည်။ တဦးပေါ်တဦး သံယောဇဉ်ကလဲ ကြီးလှသည်။ ထိုစဉ်ကကျွန်တော်ကိုယ်တိုင်လဲ တက်ကြွပျော်ရွှင်နေချိန်၊ ဘ၀မှာ အပျော်ရွှင်ဆုံးအချိန်။ ကြုံလာသမျှ အခက်အခဲမှန်သမျှကိုလဲ အားကြိုးမာန်တက် ထိပ်တိုက် တွေ့ဆုံရင်ဆိုင်နေချိန်။

ထိုစဉ်က စိတ်ထဲစွဲနေသော စိတ်ထဲစွဲကာ ကျင့်ကြံနေမိသော ဂျပန် စကားပုံလေးတခုကို မှတ်မိပါသေးသည်။ အရင်တုန်းက ဂျပန် ငါးဖမ်းသဘောင်္တွေမှ အဖြစ်အပျက်ကို အခြေခံကာ ပေါ်ပေါက်လာသော စကားပုံကလေး။

ရှေးအရင်က ဂျပန် ငါးဖမ်းသဘောင်္တွေဟာ အမြဲတမ်းလိုလို ကမ်းကနေ ဝေးရာ ပင်လယ်နက်ဆီကို သွားဖမ်းရပါတယ်တဲ့။ အခုလို နောက်ဆုံးပေါ်နည်းပညာတွေ မရှိသေးတော့ ဖမ်းမိလာတဲ့ငါးတွေဟာ အချိန်ကြာလို့ ကမ်းခြေရောက်ရင် လတ်ဆတ်တဲ့အရသာ ပျောက်ကွယ်နေပြီတဲ့။ ဒီတော့ သဘာဝရယ်၊ လတ်ဆတ်ခြင်းရယ် ကို ဦးစားပေးတဲ့ ဂျပန်တွေ နည်းအမျိုးမျိုးနဲ့ ကြိုးပမ်းကြပါတယ်။

သဘောင်္ဝမ်းထဲမှာ ရေငန်တွေထည့်၊ ဖမ်းပြီးပြီးချင်း အဲဒီ့အထဲကိုထည့်၊ ပြန်ရောက်လို့ စားကြည့်တော့ ထုံးစံအတိုင်း သူတို့လိုချင်တဲ့ လတ်ဆတ်တဲ့ အရသာကိုမရသေးပါဘူး။ တနေ့ အဲဒီလို ဖမ်းပြီးအထည့် ငါးတွေအကြားမှာ ငါးမန်းပေါက်တကောင်ပါလာပါတယ်။ ငါးတွေဟာ လှေဝမ်းထဲကရေဖြည့်ထားတဲ့ ကန်ထဲမှာ ငါးမန်းနီးလာရင် ဝေးရာကိုကူး၊ နောက် ငါးမန်းက လိုက်လာရာ တခြားတဖက်ကိုကူးနဲ့ နားပြီးမနေရခဲ့ပါ။ အဲဒီ့ငါးတွေဟာ ကမ်းခြေရောက်သည့်တိုင် လတ်ဆတ်တဲ့ အရသာ ရှိတုန်းပဲတဲ့။

ဒါကို စကားပုံက ဘယ်လိုကောက်ချက်ချပေးသလဲဆိုတော့ အလုပ်ထဲမှာ ပြိုင်စရာ၊ ကိုယ့်ကိုတွန်းတိုက်ကာ အပြစ်ရှာနေတဲ့သူရှိရင် စိတ်မညစ်ပါနဲ့ စိတ်ဓါတ်မကျပါနဲ့တဲ့။ သူတို့ဟာ ငါးမန်းပေါက်လိုပဲ ကိုယ့်ကို တိုးတက်အောင်၊ သတိဝီရိယ အမြဲရှိနေဖို့ တွန်းအားပေးတဲ့သူတွေဖြစ်ပြီး ကိုယ့်ရဲ့အရည်အချင်း ကိုယ်ရည်ကိုယ်သွေးကို ထွန်းထောက်နေအောင် ပံ့ပိုးပေးနေသူတွေလို့ မှတ်ယူပါတဲ့။

စကားပုံကတော့ အားပေးတာပါ။ သို့ပေမဲ့ ကျွန်တော်အနေနဲက တက်ကြွနေစဉ်ဆိုတော့ မွေးယူခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ကျွန်တော် ငါးမန်းတွေမွေးခဲ့တာ အလုပ်ခွင်မှာရော၊ ပတ်ဝန်းကျင်မှာပါ ဟောတကောင် ဟောတကောင်နဲ့ပါပဲ။ ဒီလိုပဲ ကျွန်တော်ဟာလဲ ဘ၀မှာ တဆင့်ပြီးတဆင့် တက်လှမ်းနိုင်ခဲ့ပါတယ်။

နောက် အခြေချကာ ဘ၀တည်ငြိမ်ဆို့ လိုလာတဲ့အချိန်ရောက်တော့ ဒီစကားပုံဟာ ကျွန်တော့်ကို အထောက်အကူ မပြုတော့ပါဘူး။ ငါးမန်းတွေများလေလေ၊ တည်ငြိမ်မှု့ပျောက်လေလေပါပဲ။ မိသားစုနဲ့ ဘ၀ကို တည်ငြိမ်ချင်လေလေ စိုးရိမ်စိတ်နဲ့ သံသယတွေက ကြီးလေလေ၊ တည်ငြိမ်မှု့နဲ့ ဝေးသထက်ဝေးလေနဲ့ပေါ့။ ဒီကာလမှာ ကျွန်တော်ဟာ စိတ်ကော လူကော အတော်လေး ပင်ပန်းခဲ့ပါတယ်။

ဒီအချိန်မှာ သားငယ်လေးရဲ့ လယ်ချောင်းမှာ ခွဲစိတ်ကုသပေးဖို့ လိုလာခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ကျွန်တော့် အတွေးအခေါ်တွေကို တဆစ်ချိုး ပြောင်းလဲစေခဲ့တာပါပဲ။ သားငယ် ၂ နှစ်ခွဲ ကျော်ကျော်မှာပေါ့....