Monday, May 16, 2011

ပျင်းစရာ ( ၂ )

           နွေဦးတဲ့ ..ကဲ ရှေ့လျှောက် ဒူဘိုင်းမှာ ပိုပျင်းစရာကောင်းပါတော့မယ်။

အခုမှမှ တရေးနိုးလာပြီလားလို့မေးကြပါလိမ့်မယ်။ နေရာအတော်များများမှာ နွေဦးကပြီးတာကြာလို့ မိုးတောင်ဝင်တော့မယ်။ ဒါပေမဲ့ ဒီမှာက နွေဦးပဲရှိပါသေးတယ်။ အခုနေတာက ရာသီဥတုနှစ်ခုပဲရှိတဲ့ တိုင်းပြည်ပါ။ နွေရယ် ဆောင်းရယ်ပဲရှိတဲ့ တိုင်းပြည်လေ။

ဒီတော့ နွေဦးဟာ ဘယ်လိုနေလဲဆိုတော့ ကျွန်တော်တို့အတွက် တက်သုတ်ရိုက်ပြီး လည်ချင်ရာ သွားချင်ရာ သွားရတဲ့အချိန်။ နောက်ဆိုရင် ပူတော့မှာမို့ ပင်လယ်ကမ်းခြေသွားတာတို့၊ ကန္တာရအလယ် ဆာဖာရီထွက်တာတို့ ဟိုမြို့ဒီမြို့သွားတာတို့ စတဲ့ လုပ်ချင်တာလေးတွေကို မပူခင် အကုန်လျှောက်လုပ်ထားဖြစ်ပါတယ်။

ပူပြီဆိုရင်တော့ အိမ် ( အဲယားကွန်းအောက် )၊ အလုပ်အသွားအပြန် ကားထဲ ( အဲယားကွန်းအောက် )၊ အလုပ် ( အဲယားကွန်းအောက် )၊ ဈေးဝယ် ( အဲယားကွန်းအောက် )၊ နောက်ဆုံး Bus တွေစောင့်ရင်တောင် Bus Stand က ( အဲယားကွန်းအောက် )၊ တနေရာက တနေရာ အကူးအပြောင်းလောက်ပဲ သဘာဝနဲ့ထိတွေ့ရတဲ့နေရာ။ အဲဒီလိုလဲ မနေလို့မရ။ ဒါ့ကြောင့် ရှေ့လျှောက် ပိုပျင်းစရာကောင်းပါတော့မယ် လို့ပြောတာပါ။

Bus Stand ( Bus Station )

ရောက်ခါစက ဒီအပူဒါဏ်ကို တော်တော်နဲ့အသားမကျခဲ့ပါ။ ကျွန်တော်လဲ အညာဒေသ ပူတဲ့နေရာမှာ နေခဲ့ရသူပါပဲ။ သို့ပေမဲ့ ညနေ၊ မှောင်သွားလို့ အပြင်ထွက်ရင် အတော်သိသိသာသာ အေးနေပြီ၊ နေရောင်ပျောက်သွားပြီး မကြာခင် သိသိသာသာ အပူချိန် လျှော့သွားတတ်တယ်လေ။ အဲဒါကြောင့် ရောက်စ တနေကုန် အခန်းအောင်း၊ နောက် ညပိုင်းရောက်လို့ အပြင်ထွက်ရင် တခါးဖွင့်လိုက်တာနဲ့ နေ့ခင်းကအတိုင်း ပူနေဆဲဖြစ်နေတာကို စိတ်ထဲက လက်ကိုမခံနိုင်တာ။ တနှစ်စာ အပူချိန်အတက်အကျတွေက..( တနေ့တနေ့ နေရောင်ရတဲ့အချိန်တွေရယ် နောက် မိုးရေချိန်ကိုပါ သတိထားကြည့်ပေးပါ။ )




အပူချိန်တွေကိုကြည့်ရင်တော့ အများဆုံး ၄၁လို့တွေ့ပါလိမ့်မယ်။ ဒါကပျမ်းမျှယူထားတဲ့ အပူချိန်ပါ။ ရက်အတော်များများမှာလဲ ၅၀ ကျော်သွားတတ်ပါတယ်။ ရောက်ခါစနှစ်က အပူဆုံးပါပဲ။ အဲဒီနှစ်က ကတ္တရာလမ်းပေါ် ကြက်ဥခွဲပြီးချထားတာ အချိန်အတော်ကြာ လာတဲ့အခါ အကာတွေ ကျက်စပြုလာပါတယ်။ အဲဒီ့အချိန်တုန်းက ဒါလဲ သတင်းစာထဲ ဓါတ်ပုံတွေနဲ့ပါလာတာပါပဲ။ အခုနောက်ပိုင်းရောက်မှ တိုးရစ်လုပ်ငန်း ထိခိုက်မှာစိုးလို့ မတွေ့ရတော့ဖူး။ ကျွန်တော့ စိတ်ထဲမှာလဲ အဲဒီတုန်းကလောက် ပူတယ်လဲ မထင်တော့ပါ။

သိပ်ပူတဲ့လတွေရောက်လာတာနဲ့ အလုပ်သမားတွေကို နေ့လည် ၁၂ နာရီကျော်လာရင် အမိုးမပါတဲ့နေရာတွေမှာ အလုပ်လုပ်ခွင့်မပေးတော့ပါဘူး။ ဒီက အစိုးရက လိုက်နာရမဲ့ စည်းမျဉ်းအနေနဲ့ ထုတ်ထားတာပါ။ လုပ်ချင်ရင် မနက်လုပ်၊ နေ့လည် ၁၂ နာရီကနေ ညနေ ၄ နာရီအထိ နား၊ ပြီးမှဆက်လုပ်၊ အလုပ်ချိန်ပြည့်အောင် ညအထိဆက်လုပ်။ ရုံးလိုမျိုး အခန်းထဲမှာ၊ အမိုးအကာအောက်မှာ လုပ်နေသူတွေကတော့ ပုံမှန်အလုပ်ချိန်အတိုင်းပါပဲ။ မလိုက်နာရင် အဲဒီကုမ္ပဏီကို ဒါဏ်ငွေပေးဆောင်ခိုင်းပါတယ်။ တကယ်တမ်းဆိုရင်တော့ ဒီအပူချိန်ဟာ သိပ်မြင့်ပါတယ်ဆိုတဲ့အထဲ မပါပါဘူး။ တနှစ်က ပြည်မှာနေဖြစ်တုန်း အပူချိန် ၅၀ ကျော်သွားသေးတာပဲ။ သိပ်မဆန်းပါဘူးလို့ ထင်ချင်ထင်မိပါလိမ့်မယ်။ ဒီမှာက နေရထိုင်ရခက်စေတာက အပူချိန်အပြင် စိုထိုင်းဆပါ။ ပျမ်းမျှပမာဏကိုကြည့်ရင် ..



ဟိုးအရင်တုန်းက အာရပ်တွေ အခုလို သက်တောင့်သက်သာ နေလို့ဖြစ်စေမဲ့ အဲကွန်းတွေမပေါ်ခင်က နွေရာသီဆိုရင် ကမ်းခြေနဲ့ဝေးတဲ့ ကုန်းတွင်းပိုင်းက အိုအေစစ်တွေဆီ သွားကြပါသတဲ့။ အိမ်ကိုတောင်မှ သူတို့ဟာ ဒီစိုထိုင်းဆတွေနဲ့ သင့်လျှော်အောင်၊ နောက် အပူချိန်လျှောချ့နိုင်အောင် သူ့ဒီဇိုင်းနဲ့သူ ဆောက်တတ်ကြတယ်။ အဲဒီအကြောင်းကိုတော့ နောက်မှ သိသလောက်ထပ်ရေးပါ့မယ်။

ပူရတဲ့အထဲ စိုထိုင်းဆကများတော့ ပိုနေရထိုင်ရခက်စေပါတယ်။ ရေနွေးငွေ့နဲ့ ပေါင်းနေသလိုပါပဲ။ အပြင်ထွက်လိုက်တာနဲ့ ချွေးက တပေါက်ပေါက်၊ တဒီးဒီးစီးကျပြီး ခဏအတွင်းမှာ ရေဓါတ်ဆုံးရှုံးတာ သိပ်များပါတယ်။ နောက်စိုထိုင်းဆ သိပ်လွန်ကဲတဲ့နေ့တွေဆိုရင် မိုးလင်းတာနဲ့ မြူတွေဆိုင်းနေတော့တာပဲ။ အေးတဲ့မြူတော့မဟုတ်ပါ ( Fog )။ ဒါ့ကြောင့် ကားမတော်တဆ ထိခိုက်မှု့တွေများတတ်လို့ အမြဲတမ်း ကြော်ငြာပေးနေတတ်ပါတယ်။ နောက် ပန်းနာ၊ ရင်ကျပ် သမားတွေအတွက် ပင်လယ်ကမ်းခြေဘက် မသွားဖို့လဲ ကြော်ငြာပေးတတ်ပါတယ်။


ဒါ့ကြောင့်လဲ နွေဦးကာလ မြူတွေထလာခါနီးတာနဲ့ ကျွန်တော်တို့ ကဲ ဒီတပတ်ပိတ်ရက် ဒို့ဘယ်သွားကြမလဲဆိုပြီး အမြဲ အပြင်ထွက်ဖို့ ပြင်နေတတ်တာပေါ့။ အဲ ဒီသုံးလလောက်ကျော်သွားတာနဲ့ တဖြေးဖြေးပြန်အေးလာပြီး နေရောင်တောက်တောက် လေအေးအေးတဖြူးဖြူးနဲ့ သိပ်နေလို့ကောင်းလာမှာပါ။ ဒါပေမဲ့ သုံးလလောက်တော့ ပူနေပါလိမ့်အုံးမည်။

ပုံတွေအားလုံး ဂူဂယ်က ယူထားပါသည်။

Wednesday, May 11, 2011

ပျင်းစရာ ( ၁ )



ရေးတော့ရေးနေတာပါပဲ။ ကိုယ့်အကြောင်း ကိုယ်ထင်တာမြင်တာ၊ ကိုယ့်ဘာသာနားလည်သလို ရေးတတ်သလိုတော့ ရေးနေတာပါပဲ။ ဒါပေမဲ့ ပျင်းစရာကြီးဗျ။

စဉ်းစားကြည့်လေ။ တနေ့တနေ့ အိပ်ယာထ၊ ပြီးရင်အလုပ်သွား၊ အချိန်စေ့ရင်ပြန်လာ၊ ပြီးရင် သားနဲ့ကစား၊နောက် ညစာစား၊ အပြင်သွားချင်သွား၊ တီဗီ၊အင်တာနက် ကြည့်ချင်ကြည့်။ နောက်အိပ် ပြီးပါပြီ။ ဒါတွေဟာ ကျွန်တော့ရဲ့တနေ့တာပါပဲ။ ဒီတော့ ဘာတွေရေးရပါ့။ တနေ့တနေ့ တွေ့နေရတာကလဲ ဒီလူနဲ့ဒီလူ၊ သူတို့ကလဲ သူတို့နေ့စဉ်လုပ်နေကြအလုပ်သူလုပ်၊ ကိုယ်လဲ ကိုယ်လုပ်နေကြအလုပ်ကိုယ်လုပ်။ ဒီတော့ မြင်နေ တွေ့နေရတာကလဲတနေ့တနေ့ထူးမခြားနား၊ တပုံထည်း တဖြတ်ထည်းတွေပါပဲ။

အဲဒီတော့ တနေ့တာအကြောင်းကို တခါရေးလိုက်ပြီဆိုတာနဲ့ ပြီးပြီ၊ နောက်အလုပ်မပြောင်းမခြင်း၊ နေတာမပြောင်းမခြင်း နောက်ကနေ ၎င်းအတိုင်း၊ ၎င်းအတိုင်း လို့သာမြှောက်ပေးသွားရုံပဲ။ တနှစ်လဲမက ၂ နှစ်လဲမက၊ သွားပေရော့ပါပဲ။ ဒီတော့ တနေ့တာထဲက ပုံမှန်မဟုတ်ပဲ ထူးထူးခြားခြားဖြစ်ခဲ့တာလေးတွေ ရေးဖို့သာရှိတော့တယ်ထင်ပါရဲ့။

ခက်တာက အဲဒီ့ထူးထူးခြားခြားဖြစ်ခဲ့တာဆိုတာကလဲ ထူးခြားတယ်လို့ သတ်မှတ်ရအခက်သားဗျ။ ဆိုပါတော့ ကျွန်တော်တို့အခုနေတဲ့နေရာမှာ မိုးရွာတယ်ဆိုပါတော့။ ဘုရားစူးပါစေ့ အဲဒါ ဒီမှာ တကယ့်ကို ထူးခြားတဲ့အဖြစ်ဗျ။ တနှစ်လုံးမှ လေးငါးခါလေးရွာတဲ့နိုင်ငံလေဗျာ။ ရွာတာတောင် ခပ်ပါးပါးလို့ပြောရမဲ့ရွာနည်းမျိုး။ သို့ပေမဲ့ စကာင်္ပူလိုနေရာမျိုးကသူကို ဟေး.. ဒီနေ့ဒီမှာထူးသဗျာ၊ မိုးတွေရွာနေတယ်ဗျို့..လို့ အားပါးတရ လေသံနဲ့ပြောကြည့်ပါလား။ ဟိုတယောက်က အူကြောင်ကြောင်နဲ့ပြန်ကြည့်နေလိမ့်မယ်။ သူ့အတွက်မိုးရွာတယ်ဆိုတာ ထူးတဲ့ဖြစ်ရပ်တခုမှမဟုတ်တာ။

ဒီမှာတော့ မိုးမရွာတဲ့နိုင်ငံကိုး။ မိုးမရွာဆို လမ်းတွေမှာတောင် ရေမြောင်းတွေမထားပါ။ လမ်းသား၊ လမ်းပုခုံး ၊ ပြီးရင်သဲပြင်၊ ဒါပါပဲ။ ဘာရေမြောင်းမှမရှိဘူး၊ လမ်းကြီးကိုရှင်းလို့။ မိုးလေးများ နဲနဲ ခပ်သည်းသည်းလေးရွာလိုက်ရင် လမ်း တချို့နေရာတွေမှာ ရေကျော်လို့ ကားအသွားအလာတွေ ပိတ်ထားပြီး ရေတွေစုတ်ထုတ်ပြစ်ရပါတယ်။ ဒီတော့ မိုးရွာတယ်ဆိုတာ ဒီဒေသမှာ အထူးအဆန်းပေါ့။



ထူးလွန်းလို့ ကျွန်တော်ရောက်ခါစ ၂၀၀၃ ခုနှစ်လောက်တုန်းက မိုးရွာတယ်ဆိုရင် နောက်နေ့သတင်းစာထဲမှာ ကနေတဲ့ပုံတွေပါလာပြီလေ။ သူတို့ကလဲ Rain Dance လို့ပဲခေါ်တာပါပဲ။ ရေပိုက်တွေနဲ့ ဖြန်းထားတာမျိုးတော့မဟုတ်၊ မိုးရွာထဲမှာ ၀တ်စုံအဖြူကြီးနဲ့ ထီးတစ်ချောင်းဖွင့်ကိုင်ထားပြီး ကနေတဲ့ပုံတွေလေ။ အခုနောက်ပိုင်းတော့ ကတဲ့ပုံတွေမပါလာတော့ဘူး။ သိမ်းမထားမိလို့ ဂူဂယ်ကြည့်တာလဲ မတွေ့တော့ဖူး။ မိုးရွာတယ်ဆိုတာက ဒီမှာ အဲဒီလောက်ထူးတာ။

ဒီတော့ ထူးသမျှရေးဖို့ဆိုတာကလဲ ကာလံဒေသံ အခြေအနေကိုကြည့်ရပါသေးတယ်လေ။


အပေါ်ကပုံကို မခင်ဦးမေ စီဘောက်ကကစ်လာပါသည်။ နောက်ပုံကို ဒီကယူထားပါသည်.. http://pujadutta.wordpress.com/2008/01/24/chaotic-rain-in-uae/

Monday, May 2, 2011

သဲကြိုးအသစ်

ဒီတပတ်ပိတ်ရက်မှာ ကျွန်တော်ရယ် သားငယ်ရယ် ဆံပင်သွားညှပ်ကြပါတယ်။
ဆံပင်ညှပ်တာနဲ့ပတ်သက်ရင် ကျွန်တော်ငယ်ငယ်က ကြောက်ပြီး ငိုယိုနေခဲ့တာမျိုးကို မမှတ်မိပါ။ ထူးထူးခြားခြားမှတ်မိနေတာက ကျွန်တော်ပထမတန်းတက်နေစဉ်ကအကြောင်းပါ။ ထိုနှစ်က ကျွန်တော်တို့ တတန်းလုံးနီးပါး ခေါင်းကုတ်ခဲ့ကြရပါတယ်။ ဘယ်သူ့ဆီက စလဲတော့မသိ၊ ကျွန်တော်တို့ အတော်များများရဲ့ ခေါင်းမှာ အနာလေးတွေ ကိုယ်စီနဲ့။
စာမေးပွဲ နောက်ဆုံးနေ့မှာ အိမ်လဲပြန်လာရော အမေက အိမ်နီးနားချင်းတယောက်ဆီ ခေါ်သွားပါတယ်။ သူက ကျွန်တော့်ကို ကတုံးတုန်းပေးတယ်။ အမေကပြန်ပြောပြတာကတော့ ဆံပင်ညှပ်ဆိုင်ဆိုရင် သူများတွေဆီထပ်ကူးမှာစိုးရိမ်လို့ အကူအညီတောင်းထားတာတဲ့။ ဆံပင်ညှပ်နေကြ ကတုံးတုန်းနေကြသူမဟုတ်တော့ သူ့မှာစိုးရိမ်စိတ်ကမကင်း၊ ဒီအထဲ အနာရှိတဲ့နေရာဆိုရင် သွေးတွေကလဲ စီးကျလာတော့ သူ့မှာကျွန်တော့်ကို ကြည့်ရင်းသနားနေတာတဲ့။ ကျွန်တော်ကတော့ အောက်မှာဇိမ်ကျလို့၊ အယားတွေပြေနေပြီး အလွန်နေလို့ကောင်းတာကို မှတ်မိနေပါသေးတယ်။
နောက်လဲ ဆံပင်ညှပ်ရတော့မယ်ဆိုရင် အိမ်ကပိုက်ဆံပေးပြီး လမ်းထိပ်ကဆိုင်ကို တယောက်ထဲ လွှတ်လိုက်တာများပါတယ်။ ကျွန်တော်ကလဲ အေးဆေး၊ ပေးတဲ့ပိုက်ဆံက အမြဲတမ်း ဂျစ်တူးဇီးပြား တပြားဖိုး ပိုပေးတတ်ပါတယ်။ ထိုစဉ်က ကျွန်တော်တို့အတွက် ဂျစ်တူးဇီးပြားထဲမှာပါတဲ့ ကာတွန်းစာအုပ်ကလေးတွေဟာ သိပ်ရေပန်းစားနေတော့ ပျော်ပျော်ပဲသွားတတ်ပါတယ်။
အဲဒီ့ဆံပင်ညှပ်ဆိုင်က အခုထိရှိနေသေးပါတယ်။ ဆိုင်နာမည်တော့တပ်မထား၊ ညှပ်ပေးတဲ့သူနာမည်ကိုစွဲပြီး ခေါ်ကြပါတယ်။ ညှပ်တဲ့သူကတော့ ထုံးစံအတိုင်း လေပေါတတ်ပါတယ်။ ကိုယ့်ရှေ့မှာ သူနဲ့လေပေးသင့်သူရှိနေရင်တော့ တန်းလျှားလေးပေါ်ထိုင်ရင်း တမေ့တမော စောင့်ပေတော့ပဲ။ ထိုသူ့ဆံပင်လဲ လေးပေးဖြောင့်ရင် ဖြောင့်သလောက် တိုတိုသွားပါတယ်။ ဆံပင်ညှပ်ထားပြီး ပုံကလိုတာထက်တိုနေရင် အချင်းချင်း မင်းဒီနေ့လေပေးဖြောင့်လာတယ်ထင်တယ်လို့ ပြောစမတ်တွင်သည်အထိ။
သူက ကျွန်တော်တို့လို ကလေးတွေကိုလဲ သိပ်အလွတ်မပေးတတ်ပါဘူး။ တခါတလေ လက်ချာရိုက်တယ်၊ တခါတလေ ကျွန်တော့်အကိုတွေအကြောင်း၊ အဖေ့အကြောင်းတွေမေးတယ်။ ကြည့်ရတာ ကလေးအတွေးနဲ့ တောင်တောင်အီအီဖြေတာတွေ သဘောကျပုံရပါတယ်။ ဆံပင်ပုံကတော့ ဘယ်သူလာလာ ပုံစံတမျိုးပဲညှပ်တယ်။ ကျွန်တော်မကြိုက်တာဆိုလို့ ဂေါင်းကိုကိုင် ဟိုစောင်းဒီစောင်းလုပ်တဲ့အခါ ကိုင်တာခပ်တင်းတင်းဖြစ်နေတတ်တာရယ်၊ ဒေါက်သတဲ့အခါ သင်တုန်းဓါးကို တိုင်မှာချိတ်ထားတဲ့ သားရေပြားကြီးနဲ့ အကြာကြီး သနေတတ်တာရယ်ပါ။ ဒါကလွဲလို့ ကျွန်တော်ရဲ့ ငယ်ငယ်က ဆံပင်ညှပ်ခဲ့ရတာမှာ သိပ်ထွေထွေထူးထူးမရှိခဲ့။
သားငယ်ကတော့ မလွယ်။ အရင်ကညှပ်တဲ့သူနဲ့ဆိုရင် လုံးမအဆင်မပြေ။ အရင်က ညှပ်ပေးနေကြသူကလဲ တခြားမဟုတ် ကျွန်တော်ကိုယ်တိုင်။ သူမွေးစမှာ ကလေးတို့သဘာဝအတိုင်း တကိုယ်လုံးမှာ အမွှေးတွေက အပြည့်။ ပေါင်တွေမှာဆို မွေးလွယ်အောင် သဘာဝအရ ပေါက်တဲ့ အမွှေးနုလေးတွေလို့တောင် ခေါ်လို့မရ၊ ကြမ်းပြီး သန်နေပါတယ်။ ပြီးတော့ လက်တဆစ်လောက်ရှည်ပါတယ်။ ဆံပင်ကလဲ မဲပြောင်ပြီး သန်လှသည်။ မွေးဆံပင်ကိုက အတော်ရှည်ရှည်။
နောက်တလလောက်လဲရှိရော အမွှေးတွေမရှိတော့၊ အရင်က သန်လှသော ဆံပင်များလဲ နုပြီး ကျိုးတို့ကျဲတဲဖြစ်လာသည်။ ကျွတ်လိုက်သည်မှာကလဲ ကုတင်ပေါ်မှ သူ့ဆံပင်လေးတွေ အများကြီး တွေ့နေရတတ်တော့ စိုးရိမ်လာမိသည်။ ထိုအချိန်မှာ ကာကွယ်ဆေးတွေကလဲ မကြာမကြာထိုးနေရသည့်အပြင်၊ ကလေးဆရာဝန်ကိုမေးပြီး ခေါင်းလျှော်ရည်တွေဘာတွေလဲ သုံးပြီး ရေချိုးပေးဖြစ်နေသည်ဆိုတော့ ဘာနဲ့အဆင်မပြေဖြစ်လဲဆိုတဲ့အတွေးကရော၊ နောက် ငါ့သားလေး ဆံပင်များမသန်ပဲ ကျို့တို့ကျဲတဲလေးဆိုရင်ဖြင့် ဆိုတဲ့စိုးရိမ်စိတ်ကရော ကျွန်တော်တို့ကိုဖိစီးနေသည်။
နောက်တကြိမ် ဆရာဝန်နှင့် ပုံမှန်ပြရချိန်မှာ ကျွန်တော်တို့သူ့ကို ကတုံးတုန်းပေးလို့ရမလားလို့ မေးတော့ ရပြီတဲ့။ ဒါနဲ့ သူ့ကိုဂျုတ်ကလေးနဲ့ မနာအောင် ဖွဖွလေးရိပ်ပေးပါတယ်။ ကြောက်ကြောက်နဲ့ပါ။ အစောပိုင်းတော့ အိုကေပါတယ်။ သူက အုအုအဲအဲနဲ့ ပြန်ပြောနေသေးတယ်။ သိပ်တော့မတွင်၊ ၁၅မိနစ်လောက်ရှိတော့ နေရာနဲနဲပဲ ပြီးသေးတယ် စငိုပါလေရောဗျာ။ ကြည့်ရတာ ခေါင်းကျိမ်းလာတာရော၊ လက်တွေမလှုပ်အောင်၊ အအေးမမိအောင် ထုတ်ထားတာကိုမကြိုက်တာရောနဲ့ ရှေ့ဆက်လို့ကိုမရတော့ပါ။ ငိုလေ နာတယ်ထင်လေ လက်မရဲတော့လေနဲ့ ရပ်လိုက်ရပါတယ်။
ဒီတော့ ကလေးလဲသက်သာအောင်၊ မြန်မြန်လဲပြီးအောင် ရိတ်တဲ့စက် ( ကျွန်တော်တို့ အရပ်အခေါ် ဂိုက်ထိုးစက် ) သွားဝယ်ဖို့ ကျွန်တော်တို့နှစ်ယောက်တိုင်ပင်ကြတယ်။ ကလေးက ရိပ်လက်စ ကွက်တိကွက်ကြားနဲ့ဆိုတော့ တွန်းလှည်းထဲထည့်၊ အနှီးနဲ့ပတ်၊ ခေါင်းကိုပါ မမြင်ရအောင် သေချာထုတ်ပြီး အနီးဆုံးရှော့ပင်းမောကို ချီတက်ကြပါတယ်။
ရှာနေ၊ ရွေးနေတုန်း သေသေချာချာထုတ်ထားတဲ့ကြားက ကလေးရဲ့လက်ကလေးက ထွက်ထွက်လာတတ်ပြီး ခေါင်းပေါ်ဖုံးထားတဲ့အ၀တ်ကိုထိုးဖယ်၊ ကျွန်တော်တို့ကပြန်ဖုံး၊ တခါနှစ်ခါ နေတော့  သူကငို၊ ချီလို့မဖြစ်လို့ အသင့်ဖျော်လာတဲ့နို့ဗူးအတင်းတိုက်၊ သို့နှင့် မြန်မြန်ဝယ်ပြီးပြန်ရပါတယ်။
ထိုစဉ်ကစ သူ့ကို ကတုံး ကျွန်တော်တုံးပေးတိုင်းလဲငိုတယ်။ အပြင်ရောက်၊ ခုံပေါ်ထိုင်ခိုင်းထားတဲ့အထိ အိုကေပါပဲ။ ဆံပင်ရိတ်တဲ့စက် စဖွင့်လို့မော်တာသံတိုးတိုးလေး ကြားတာနဲ့စငိုတာ။ သူ့မျက်နှာပေါ် ဆံပင်မွှေးတွေကျပြီး ယားကာ လန့်တတ်သွားတယ်ထင်ပါတယ်။ ကျွန်တော်တို့သားဟာ အမြဲတမ်းကတုံးနဲ့ ၂နှစ်ပြည့်တဲ့အထိပါပဲ။ တခြားကလေးပုံလေးတွေ လက်တည့်တော့ စမ်းကြည့်ပါသေးတယ်။ တဂေါင်းလုံး ညီနေအောင် နံပါတ် ၆နဲ့ထိုး၊ ပြီးမှ အနားတွေကိုတိုယူ၊ ဒါပေမဲ့ ပြီးပြီဆိုရင် အမြဲတမ်း ကွက်ကြားဖြစ်နေတာကိုတွေ့၊ နောက်ရက်ရောက်တော့ ဂတုံးပြန်တုန်းရ၊ ကလေး ၂ ခါငိုရတာပဲအဖတ်တင်တော့ သေချာတဲ့ကတုံးပဲ တုံးပေးဖြစ်ပါတော့တယ်။
သူငိုတတ်တဲ့အကျင့်က ခွင့်ပိတ်ရက် မန္တလေးပြန်ချိန်ရောက်မှ ပျောက်ပါတယ်။ တခါ သူ့အမေက ဆံပင်ညှပ်ဆိုင်ခေါ်သွားတယ်၊ ညှပ်တော့ ထုံးစံအတိုင်းငိုပါတယ်။ ညှပ်ပေးနေတာကလဲ ကလေးတွေ၊ နောက် ခုံမှာလဲ ကားမောင်းသလိုဆော့ဖို့ စီယာရင်ပါတယ်လေ၊ ငိုနေပေမဲ့ သူအဲဒါနှစ်ခုကိုတော့ သဘောကျသွားပါတယ်။ နောက် အဲဒီ့ဆိုင်အနား အကြောင်းတခုနဲ့ရောက်ရင် သူဆံပင်ညှပ်တဲ့ဆိုင်လို့ ပြောတတ်သလိုပြန်ပြောပြပါတယ်။
တနေ့သူ့အမေကိုသူက သားသားညှပ်လို့ပြောပြတော့ သူ့အမေက အမှတ်တမဲ့ပဲ ဒီတခါလဲငိုမှာလားလို့မေးပါတယ်။ အဲဒီတော့သူက ငိုဘူးတဲ့၊ ခပ်တည်တည်ပဲပြန်ဖြေပါတယ်။ နောက် ဘယ်နှစ်ခါမေးမေး ငိုဘူးလို့ပဲဖြေပါတယ်။ တကယ်ညှပ်မဲ့နေ့ ကျွန်တော်တို့သူ့ကိုခေါ်ပြီးသွားတော့လဲ  တလမ်းလုံး မေးသမျှ ငိုဘူးဆိုတာပဲဖြေပါတယ်။ တကယ်လဲ သူဂတိတည်ပါတယ်။ မငိုခဲ့ပါ။ လက်ကိုင်ဘီးလေးကိုဆော့ပြီးနေခဲ့ပါတယ်။ သိပ်မကြာသေးပါ၊ လွန်ခဲ့တဲ့ မတ်လက ညှပ်ခဲ့တာပါ။
အဲဒါတွေကြောင့် ဒီမှာ ကလေးဆံပင်ညှပ်ဆိုင် သီးသန့်ထားတာဖြစ်မှာပါ။ ခုံက အရောင်စုံ အရုပ်တွေနဲ့ တီဗီမှာ ကာတွန်းကားလေးတွေပြလို့။
အခုဒီတပတ်တော့ သားအဖနှစ်ယောက် ပုံမှန်ကျွန်တော်ညှပ်နေကြ ဆိုင်ကိုပဲသွားပါတယ်။ သူ့ကိုဇွတ်ပဲ သားသားဆံပင်ညှပ်မယ် ဒီတခါလဲ ငိုရဘူးနော်လို့ သဘောတူညီမှု့ယူထားပါတယ်။ မငိုသလို၊ သူညှပ်ပြီး ကျွန်တော့်အလှည့်မှာ ဘေးခုံမှာထိုင်ရင်း သူယူလာတဲ့ ကားကလေးဆော့ကာ စောင့်နေရှာပါတယ်။ စကားပြောလိုက် ဆော့လိုက်နဲ့ဆိုတော့ အဖေါ်တောင်ရနေပါသေးတယ်။
ကျွန်တော်ငယ်ငယ်က ဆံပင်ညှပ်လာပြီး နောက်တရက် ၂ ရက်အထိ အောင်မယ် သဲကြိုးအသစ်နဲ့ပါလားလို့ လူကြီးတွေက စလေ့ရှိပါတယ်။ ထိုအချိန်က ကျွန်တော်တို့စီးရလေ့ရှိတာ ဆင်ကြယ်ဖိနပ်၊ အကြောင်းကြောင်းကြောင့် သဲကြိုးပြတ်သွားခဲ့ရင် ဈေးမှာ သဲကြိုးအသစ်ဝယ်လို့ရပါတယ်။ ပြီးရင် သဲကြိုးအသစ်ကလေးလဲ၊ ဖိနပ်ကလေးကို သေသေချာချာဆေး၊ ပြန်ဝတ်ပေါ့။ ဒီတော့ ဖိနပ်ခုံနွမ်းနွမ်းမှာ သဲကြိုးအသစ်ကလေးက ထင်းနေအောင် ပေါ်နေတာပေါ့။ အဲဒီ့လိုပဲ ဆံပင်ညှပ်ပြီးကာစမှာ ကျွန်တော်တို့လဲ အရင်လို ဘုတ်သိုးသိုးမဖြစ်တော့တာက တကြောင်း၊ ဆံပင်က တိုတိုဆိုတော့ အောက်ကပေါ်လာတဲ့ နေပြန်မထိသေးတဲ့ နားအနားကတို့ ဂုတ်ကတို့ အသားတွေကလဲ ( နကွင်း လို့ခေါ်ကြပါတယ်) ထင်းထင်းကြီးဖြူနေတာကို တင်စားတယ်ထင်ပါတယ်။ ဖိနပ်နဲ့ ခေါင်းနှိုင်းတာကိုတော့ အဲဒီအချိန်တုန်းက သိပ်အစာမကြေဖူးပေါ့ဗျာ။
အခု သူတို့တွေ့ရင်လဲ ကျွန်တော်တို့ကို သားအဖနှစ်ယောက် သဲကြိုးလဲလာကြတယ်ထင်ပါ့လို့ ပြောကြအုံးမှာအသေအချာပါပဲ။

Wednesday, April 27, 2011

ဘီးနှင့်ဗိုက်



 ရင်သွေးလေးရလာတော့ မိဘတိုင်း ကိုယ့်စိတ်ကူးနဲ့ ကိုယ်ပံ့ပိုး၊ ဖြည့်ဆည်းပေးချင်မိတာပေါ့ဗျာ။ သမီးလေးရထားတဲ့ မိဘတွေဆိုရင်လဲ ကိုယ့်သမီးကိုကိုယ် ဆင်စီးပြီး မြင်းရံတာမြင်ချင်ကြသတဲ့။ ကျွန်တော့မှာကသားကလေးရှိတယ်လေ။ အခုမှ ပိစိကွေးလေးပဲရှိပါသေးတယ်။ ဒီတော့ သူ့ကိုဘီးစီးပြီး ဘောကန်တာမြင်ချင်မိတာပေါ့။

ဘော်လုံးကတော့ ကန်နေပါပြီ။ ၂နှစ်ခွဲဆိုတော့ သူတတ်နိုင်သမျှတော့ ကြိုးစားပြီးဆော့ရှာပါတယ်။ ဘော်လုံးကန်ရင်တော့ အမြဲတမ်း ဘယ်ခြေနဲ့ကန်တတ်ပါတယ်။ ဘယ်သန်လားဆိုတာတော့ မသေချာပါဘူး။ ထမင်းစားတာတို့ စာရေး၊ ပုံဆွဲတာတို့ကျတော့ ညာလက်နဲ့လုပ်လေ့ရှိပါတယ်။ ဘယ်ခြေ၊ ညာလက်သမားလေးပေါ့။ ကြည့်ရတာ လိုက်အတုခိုးပြီးလုပ်ပုံရပါတယ်။ ဘော်လုံးကန်တော့ ကျွန်တော်က သူနဲ့မျက်နှာချင်းဆိုင်က ကန်တာဆိုတော့ ဆန့်ကျင်ဘက်တွေဘာတွေ မသိသေးတာနေမှာပါ။ အတုခိုးတတ်တာကတော့ လွန်တယ်။

စကားကတတ်ခါစ၊ သူ့ရှေ့မှာ စကားပြောဆင်ချင်နေရတယ်။ ဘာပြောပြော လုံးဝ ကော်ပီကက်ပဲ။ တခါက ဆော့နေရင်း သူလေလည်တယ်၊ တခါ နှစ်ခါရှိတော့ ကျွန်တော်က သားသား၊ အီအီးပေါက်တာနံတယ်၊ သွား ပူပူးပါချေဆိုတော့ ပြေးပြီး ပါရှာတယ်။ တခါတလေ သူက အဆော့သန်တော့ ကျိတ်မှိတ်နေပြီး မနေနိုင်တဲ့အဆုံးမှ သွားရင်းလာရင်း ထွက်တတ်တာ သိလို့ခိုင်းတာပါ။ မင်းသားက မှတ်ထားတယ်။

တနေ့သူက သူ့ခုံသေးသေးလေးမှာထိုင်ပြီး တီဗီကြည့်နေတယ်။ ကျွန်တော်က သူ့ဘေးမှာပေါ့။ လေလဲလည်လိုက်မိရော မင်းသားက ခပ်တည်တည်ပဲ၊ ကျွန်တော့ကိုတောင်လှည့်မကြည့်ဖူး၊ ဖေဖေ နံတယ် ပူပူးသွားပါဆိုပြီး ခိုင်းတယ်။ ဟုတ်ကဲ့ပါ ခင်ဗျာဆိုပြီးလစ်ရတယ်။

ဒီလိုကလေး သူ့အိမ်ရှေ့မှာ သူများတွေ စက်ဘီးစီးနေတာမြင်တော့ ဘယ်နေမလဲ၊ သိပ်စီးချင်တာပေါ့။ အရင်က သူ့မှာ သုံးဘီးပါတဲ့ ဘီးလေးတစင်းရှိဖူးတယ်။ ကျင်ကျင်လည်လည် စီးတတ်နေပါပြီ။ ဒါနဲ့ နှစ်ဘီးကို ဒေါက်ကလေးပါတဲ့ ဘီးမျိုးလေး ၀ယ်ပေးဖို့စဉ်းစားမိပါတယ်။ ဒါမှ ကြီးလာလို့ စီးတတ်ရင်လဲ ဒေါက်ကလေးဖြုတ်၊ တကယ့်ဘီးမျိုးလေးဖြစ်၊ ရေရှည်စီမံကိန်းပေါ့။

ဒါပေမဲ့ ဈေးတွေကအများသား။ အမှန်အကန်ဆိုရင် ဒေါ်လာ ၄၀၀လောက်အထိရှိတယ်။ ဒါနဲ့ နောက်တနေရာမှာတော့ တရုတ်ကလာတာ ဒေါ်လာ ၁၀၀ ကျော်ကျော်။ သိပ်မဆိုး၊ သို့သော် မ၀ယ်ဖြစ်သေး။ သူကလဲ ကားတို့ ဘီးတို့ အရုပ်စင်တွေနား ရောက်သွားတိုင်း လက်ညှိုးတထိုးထိုးနဲ့ ပူဆာတတ်ပါတယ်။ ဒါပေမဲ့ သားသား အဲဒါကြီးက ကောင်းဘူးဆိုရင်တော့ ရတယ်။ ဆက်မတောင်းတော့ဖူး၊ သူက ဘာမှန်းညာမှန်းသာမသိသေးတာ မကောင်းဘူးဆိုတာကိုတော့ လိုချင်ပုံမရ။ တော်ပါသေးတယ်၊ ဒီကဆိုင်တွေကလဲ ဗမာစကား နားမလည်ကြလို့။ 

ပြီးခဲ့တဲ့ ၂ ရက်လောက်က ၀ယ်စရာတစ်ခုရှိလို့ Satwa ကိုရောက်ပါတယ်။ ကျွန်တော်တို့ အခေါ်နဲ့ဆိုရင် ဆပ်သွားပေါ့။ ဒီနေရာက ဒူဘိုင်းရယ်လို့ ဖြစ်စတည်စထဲက ရှိပုံရပါတယ်။ သက်တမ်းပြည့်လို့ အချို့အဆောက်အဦတွေတောင် ဖြိုပစ်ပြီး အသစ်ဆောက်နေကြပါတယ်။ ဒီတော့ အဆောက်အဦအတော်များများက အဟောင်းတွေ။ အောက်ဆုံးထပ်တွေက ဈေးဆိုင်တွေ။ ဆိုင်တွေကတော့ စုံပါတယ်။ အပ်၊ အပ်ချည်ကစ အထည်တွေ၊ အဆောက်အဦသုံး ပစ္စည်းဆိုင်တွေ ( ဒါတွေကလဲ တကယ့်တိုလီမိုလီကအစ စုံနေအောင် သူ့ဆိုင်နဲ့သူ ရှိနေပါတယ် )၊ ကူရှင်ချုပ်ဆိုင် အပ်ချုပ်ဆိုင်တွေ၊ နောက်ဆုံး ပြင်တဲ့ဆိုင်တွေကလဲ အီလက်ထရောနစ်ကအစ သော့အထိ စတဲ့ ဆိုင်ပေါင်းစုံရှိပါတယ်။




အရင် ဒူဘိုင်းရောက်စက ဆပ်သွားမှာ ၁နှစ်နီးပါးလောက်နေဖြစ်ခဲ့တော့ ဒီနေရာမှာ ဘယ်မှာဘာရှိလဲဆိုတာ သိနေပါပြီ။ အလုပ်အတွက် လိုတာလေးတွေလဲ လာလာဝယ်ရတတ်ပါတယ်။ ဒူဘိုင်းမှာ ဒီလိုမျိုးခပ်ဆင်ဆင် အခြားနေရာလေးတွေလဲရှိပါတယ်။ ကြုံမှ ကြုံသလိုရေးပါမည်။

ဒါနဲ့ ဆပ်သွားမှာ လိုနေတဲ့ ၀ယ်စရာဝယ်လို့ပြီးတော့ ဟိုဟိုဒီဒီလျှောက်ကြည့်ပါတယ်။ အဲဒီမှာ ဘီးလေးတွေသွားတွေ့ပါတယ်။ ဈေးမေးကြည့်တော့ ဒေါ်လာ ၄၀ လောက်ပြောပါတယ်။ ဘီးကြည့်တော့ ဘောင်တွေဘာတွေက အမာစား။ ဟိုအရင်ကြည့်တဲ့ လေးရာကျော်လို အပေါ့စားအလွိုင်းမဟုတ်။ ဒေါ်လာ တရာဆိုတဲ့ဘီးနှင့်တော့မကွာ။ မ ကြည့်တော့ နဲနဲလေးသည်။ နင်းရင်တော့မဆိုး ဘီးကသွက်သည်။ ဆိုင်ထဲမှာတင် သားကိုတက်လို့ပြောပြီး နင်းခိုင်းကြည့်တော့ အိုကေသည်။

သို့နှင့် ဈေးဆစ်သည်။ ဆပ်သွားမှာက ဆိုင်တိုင်း ဈေးနှုန်းလေးတွေကပ်ထားသည်။ ကြိုက်ရင်ဝယ်သွားပေါ့။ သို့သော် ဈေးဆစ်ရင်လဲရသည်။ ဒါကိုသိတော့ ခပ်တည်တည်ပဲ ၃၂ခွဲ ရရင်ဝယ်မည်လို့ ပြောကြည့်သည်။ ရောင်းသူက ကြားထဲကဈေးနဲ့ ဟိုဝေ့ဒီဝေ့လုပ်နေသေးသည်။ သို့နှင့် ပြန်မည်ပြင်မှ အိုကေအိုကေ ဆိုလာသည်။ 

ထိုအချိန်ရောက်မှ ဘေးမှ အခြေအနေအကဲခပ်နေသော သားဖက်ကိုလှည့်ကာ သားသားရေ ဒီဘီးကောင်းတယ် ဆိုပြီး လက်မထောင်ပြလိုက်တော့ သူလဲပျော်သွားသည်။ ထိုရက်ကစ မနက်မိုးလင်းကနေ ညနေအထိ ဘီးစီးဘို့ တတွတ်တွတ်ရွတ်ရင်း သူမှာလဲ ကျွန်တော်ရုံးဆင်းချိန် စောင့်နေရှာသည်။ စီးဖို့ဘီးကောင်းကောင်းတစီးရှိနေပြီလေ။

ကြီးလာလို့ ဒီစာဖတ်မိရင်သော်၎င်း၊ သူငယ်ချင်းများရဲ့ဘီး စီးမိပြီး သူ့စက်ဘီးထက်ပေါ့တာကို ရိပ်မိသွားလျှင်သော်၎င်း၊ သူကျွန်တော့်ကို စိတ်ကွက်နိုင်သည်။ သန်စွမ်းကျမ်းမာနေလျှင်သော်၎င်း၊ အကယ်၍တိုးဒီဖရန့်မှာ စင်ပေါ်တက်ကာ ရှန်ပိန်ပုလင်းဖေါက်နေဖြစ်သောအချိန်တွင်၎င်း သူကျွန်တော့်ကို ကျေးဇူးတင်နေပေလိမ့်မည်။ 

လတ်တလောတော့ ညနေတိုင်း အိမ်ရှေ့မှာ စက်ဘီးနင်းနေသောသားငယ်ရယ်၊ သူလဲမည်စိုးလို့ သွက်သွက်အတူလိုက်လျှောက်ရင်း ဘိုက်ပြုတ်ဖို့စိတ်ကူးယဉ်နေသော ကျွန်တော်ရယ် ပျော်နေကြတာကတော့ သေချာပါသည်။

Monday, April 25, 2011

အိုအေစစ်

ရှေးစကားရိုးရိုးလေး တခွန်းရှိပါသည်။ “ ရောက်တဲ့နေရာမှာ ပျော်အောင်နေ၊ တွေ့တဲ့သူနဲ့ တည့်အောင်ပေါင်း” တဲ့...
 *****     *****     *****
အချိန်ဆိုတာ စိတ်အခြေအနေပေါ်မူတည်ပြီး ကုန်သွားတာ မြန်တယ်ထင်လိုက်၊ နှေးတယ်ထင်လိုက်နှင့် တလှည့်စီခံစားရပါသည်။ အဆိုးဆုံးကတော့ ပိတ်ရက်တွေမှာ၊ ကုန်သွားတာ မြန်လွန်းတယ်ထင်ရပါတယ်။ ကုန်လွယ်ထင်တာစတာကတော့ ပိတ်ရက်မစခင် ညကစပါတယ်။ နောက်ရက်က ပိတ်ရက်၊ ဒီတော့ ညနက်တဲ့အထိ မအိပ်၊ နောက်မနက်ရောက်တော့ ညဥ့်နက်ထားတာရယ်၊ နှပ်ချင်တာရယ်နဲ့ အစောဆုံးထဖြစ်ရင် ၁၀နာရီထိုး။ ထိုမနက်က ပဲအီကြာလုပ်စားကြပါသည်။

ပြီးတော့ အိုအေစစ်တွေဆီသွားကြသည်။ ကန္တာရဒေသမှာနေပြီး အိုအေစစ်တွေဆီကို မရောက်ဖူးလို့ မဖြစ်။ ဒီတော့ Al Ain ကအိုအေစစ်တွေဆီ သွားဖို့ပြင်သည်။ ကျွန်တော်နေသော နေရာမှ ၁ နာရီကျော်ကျော် သွားရပါသည်။ အိုအေစစ်တွေနဲ့ပတ်သက်လို့ အရင်က စာတွေဖတ်ကာ စိတ်ထဲမှာ ပုံဖေါ်မြင်ယောင်မိသည်က လူတယောက် သဲကန္တာရထဲ မျက်စိလည်၊ တရွတ်တွဲဖြစ်ဖြစ်၊ လေးဖက်ထောက်ဖြစ်ဖြစ် သဲတောင်ကုန်းတခုရဲ့ထိပ်ကိုရောက်၊ အောက်မှာက ကြည်ပြီး လှပနေတဲ့ စွန်ပလွန်ပင်တွေစည်ရီပေါက်နေတဲ့ ချိုင့်လေးရဲ့အလယ်က စိမ်းကြည်နေတဲ့ ရေကန်လေးတွေ့လိုက်ရသည် ဆိုတာမျိုး။
မသွားခင် အကျင့်အတိုင်း ဂူဂယ်ကြည့်သည်။ ဓါတ်ပုံ သိပ်များများမတွေ့ရ၊ တွေ့သောပုံထဲတွေမှာလဲ ရေအိုင်မပါ။ သို့သော် ပုံတပုံမှာတော့ တွေ့ရသည်။ စိတ်ကူးထဲကအတိုင်း၊ သဲတောင်ကုန်းလေးတွေရဲ့အလယ်မှာ သိပ်လှပါသည်။ သို့သော် ဘယ်နေရာ ဘယ်လိုသွားဆိုတာ လမ်းညွှန်မပါ။ အဆိုးဆုံးက ကိုယ်ဘာသာရှာကြည့်နိုင်ရန် နေရာအမည်တောင်မပါ။ ဟိုတယ်များလားလဲမသိ။


 နောက်တဆင့်၊ သွားမည့်နေရာတွေကို မြေပုံကြည့်ကာ ဘယ်လိုမောင်းရမလဲ ရှာသည်။ သွားချင်တာ နှစ်နေရာ၊ ဘယ်လမ်းမှ ဘယ်လိုသွားရမည်ကို သေသေချာချာမှတ်ပါသည်။ ထိုသို့ရှာနေရင်း မနီးမဝေးနေရာမှာ ရေကန်ပုံစံမျိုး နေရာတနေရာတွေ့ရသည်။ သို့သော် ထိုသို့ Satellite ဓါတ်ပုံများကား ရာနှုန်းပြည့်မယုံရ၊ ဘယ်တုန်းက ရိုက်ထားမှန်းမသိနှိုင်၊ မိမိသိထားသော နေရာတခုတောင် နောက်ဆုံးအခြေအနေရဲ့ပုံမဟုတ်လာသေး။ အချို့ အဆောက်အဦအသစ်တွေ ပေါ်မလာသေး။ နောက်တချက်ကတော့ ကြည့်ရတာသဲတွေအလယ်မှာရှိနေသည်။လမ်းမပေါက်သေး။
သဲတွေပေါ် ကားမောင်းခွင့် မိမိမှာမရှိသေး၊ နောက် မောင်းနည်းသင်တန်း ( ၁ရက်တက်ရပါသည် ) မတက်ရသေး၊ မောင်းလဲ မမောင်းဖူးသေး။ နောက်သဲထဲမောင်းမယ်ဆိုရင် လမ်းပေါ်ကဆင်း၊ သဲထဲရောက်သည်နှင့် ကားဘီးတွေ လေလျှော့ပြစ်ရသည်။ သို့မှသာ သဲထဲမနှစ်မှာ။ ပြီးတော့ လမ်းပေါ်ပြန်တက်တော့ လေပြန်ထိုးဖို့ Compressor kit မိမိမှာမရှိ။ သို့သော် တနေ့တော့ မရောက်ရောက်အော် သွားမည်ဟု တေးထားပါသည်။ ထိုနေရာသို့ ဆာဖာရီထွက်သော အေးဂျင့်များရှာရင် အဆင်ပြေမည်ထင်ပါသည်။ သို့နှင့် အခုတခါတော့ သွားလို့ရနိုင်သော အိုအေစစ်များကိုသာ ရွေးဖြစ်ပါသည်။
ထိုအိုအေစစ်များကား Hili  နှင့် Al Ain အိုအေစစ်တို့ပင်။ ကားနှင့်ဝင်ရပါသည်။ အထဲက လမ်းတွေက ၀င်္ကဘာထဲရောက်သွားသလိုလို။ လမ်းဆုံ၊ လမ်းခွဲတွေအများကြီး၊ ပုံစံတူတွေ။ မျက်စိလည်နိုင်သောကြောင့်လဲ အ၀င်မှာ ဂိတ်ထားပြီး ညနေ ၆နာရီကျော်လျှင်မ၀င်ရ။ ကားတစီးဝင်သွားလျှင် နောက်မှ လုံခြုံရေးက အိုအေစစ်အတွင်းသုံးသော ဂေါက်ကွင်းတွေမှာ သုံးသည့်ကားပုံမျိုးလေးနှင့် လိုက်လာတတ်သည်။ လွတ်လွတ်လပ်လပ်တော့ နေခွင့် ကြည့်ခွင့်ရှိသည်။ လိုက်လံစောင့်ရှောက်ရုံမျှသာ။ သွားချင်ရသွား၊ နားချင်သလောက်နား အေးအေးဆေးဆေးစောင့်ပေးသည်။ မသိတာမေးလို့ရသည်။ ကျေးဇူးတင်မိပါသည်။
အထဲမှာ ၀င်းနှင့် ခြံကလေးတွေအများကြီး။ များသောအားဖြင့် သော့ခတ်မထား၊ ၀င်ချင်သည့်ခြံအတွင်း လွတ်လွတ်လပ်လပ်ဝင်ကြည့်နိုင်သည်။ စွန်ပလွန်ပင် အပင်အမြင့်ကြီးတွေရော ၊ အပင်အသေးလေးတွေကော အုပ်အုပ်ဆိုင်းဆိုင်းအောက်မှာ ကြည်လင်နေသောရေစီးနေသည့် မြောင်းလေးတွေရှိသည်။ မြောင်းတိုင်းတော့ ရေစီးမနေ၊ မြေပြင်ပေါ် ရေစီးစေသည့် မြောင်းအဆုံးသပ်ရှိသည့် အပိုင်းများကိုတော့ သဲအိပ်များနှင့် ပိတ်ထားသည်။ ခြံဝင်းတိုင်းမှာ သူ့ပိုင်ရှင်နှင့်သူရှိပုံရသည်။ လူနေသော အရိပ်အယောင်တော့ မတွေ့။


တကယ်တမ်းဆိုရင်တော့ အေးချမ်းသောနေရာတခု၊ သို့သော် ကြိုတင်ပြီး မျှော်လင့်ထားသည့် ပုံမျိုးမဟုတ်ခဲ့၍ စိတ်ထဲမှာ ရောက်ဖြစ်သည့် ခရီးအပေါ်နှင့် ရာနှုန်းပြည့် နှစ်သိမ့် ပျော်ရွှင်မှု့မရခဲ့။  အိုအေစစ်ရောက်ပြီး စိတ်ထဲမှာ အေးချမ်းပျော်ရွှင်မှု့ဟူသော အိုအေစစ်ရှာမတွေ့ခဲ့။ ဟိုဟိုဒီဒီသွားကာ ညမှောင်လာတော့ အိမ်ပြန်ခဲ့ပါသည်။ သို့နှင့် အားလပ်ရက် တရက်ကုန်ဆုံးခဲ့ပါသည်။
နောက်ရက်မှာ အုန်းနို့ခေါက်ဆွဲနှင့် ဗူးသီးကြော်လုပ်စားကြပါသည်။ နောက်ညနေပိုင်းမှာ သားငယ်ကို ပင်လယ်ကမ်းခြေလိုက်ပို့ပေးပါသည်။ သဲထဲ ပျော်ရွှင်စွာဆော့ကစားနေသော သားငယ်ကိုကြည့်နေမိသည်။ သူကားပင်လယ်ရေနှင့် အထာမကျသေး။ မျက်နှာစင်လျှင် သုတ်၊ သို့နှင့်ရေစိုနေသောလက်ကတဆင့် ပါးစပ်ထဲရောက်လာသော ပင်လယ်ရေအရသာကို သူခံစားလို့မရ၊ ရေစိုလို့သုတ်လေ၊ ငန်လေဖြစ်နေတာကို သူမကြိုက်။ သို့နှင့် ရေထဲဆင်းခိုင်းလို့မရ။ သဲထဲဆော့ရင်း သဲတွင်းလေးထဲ ရေပုံးလေးနှင့် ရေလောင်းဖို့ ကမ်းစပ်ကို သတိထားပြီးသွားကာခပ်သည်။ ရေလှိုင်းလာရင် ပြန်လှည့်ပြေးလာသည်။ သူ့ကိုကြည့်ရင်း ရီကာ ကျွန်တော်တို့ ပျော်လာသည်။
ဒီလိုပဲ အတက်အကျတွေနဲ့ ဘ၀အမောတွေ အပျော်စိတ်တွေအကြားမှာ စိတ်ကြည်နူးစေသော စိတ်ရဲ့အိုအေစစ်လေးတွေကိုတော့ အမှတ်မထင် မကြာခဏကြုံတွေ ပိုင်ဆိုင်ခွင့်ရလေ့ရှိပါသည်။ တချို့သောအိုအေစစ်တွေက တွေ့ရန်၊ ရရန် ကိုယ့်ဖက်ကလဲ ဖြည့်ဆည်းပေးဖို့လိုနေသေးသည်။ တချို့ကတော့ လက်ရှိအနေအထားနဲ့ လက်တကမ်းမှာ။ ဒါ့ကြောင့်လဲ နောက်နောင်တော့ ဘယ်လို စိတ်ရဲ့အိုအေစစ်လေးတွေပဲ ရပါစေ ကျေနပ်စွာ ပြည့်ပြည့်၀၀ ငြိမ်းအေးပျော်ရွှင်နိုင်ဖို့ ကျွန်တော့်ကို ကျွန်တော်ပြုပြင်ယူရအုံးမည်။

အိုအေစစ် ပုံ၂ ပုံအား ဒီကယူပါသည်။ http://geekiest.net/beautifulmails/post/Oasis-in-Al-Ain-(UAE).aspx



Thursday, April 21, 2011

N/A ရဲ့ N/A

             ငယ်ငယ်တုန်းက ကျောင်းမှာ ဗလာစာအုပ်အသစ်ထုတ်ရသလိုပါပဲ။ အဖုံးလေးသေချာဖုံး၊ ပြီး ဘေးမျဉ်းတွေဘာတွေ ကြိုပြီးတားထား၊ နောက်ဘယ်လို သပ်သပ်ရပ်ရပ် ရေးပစ်လိုက်မယ်ဆိုပြီး ကြိုတင်စိတ်ပိုင်းဖြတ်ထား၊ အခုအဖြစ်က အဲဒီလိုအဖြစ်မျိုး တပုံစံထည်းပါပဲ။
            အရင်ဘလော့က အကြောင်းကြောင်းကြောင့် ပျက်သွားခဲ့ပြီ။ ဒါနဲ့ အသစ်တခုပြန်စမယ်ဆိုပြီး အခုဒီဘလော့လေးကို စလုပ်ပါတယ်။ အရင်ဘလော့တုန်းကတော့ ရေးခဲ့တာတွေက ဟိုတတို့ ဒီတတို့ပေါ့။ ဒီဘလော့မှာ  ဘာတွေကို ဘယ်က စရေးမလဲလို့ ကိုယ်ကိုယ်ကို ပြန်မေးကြည့်တော့ ဘယ်ကစရမှန်းမသိ။
            ပထမဆုံးကိုယ်ကိုယ်ကို မေးမိတာကတော့ ဘာလို့ ရေးချင်ရတာလဲပေါ့။ အဖြေ တိတိကျကျမရှိပါ။ ကျောင်းသားဟောင်းတွေ စုထောင်ထားတဲ့ Network မှာ အချင်းချင်းနောက်ချင်လို့ စာတိုတိုလေးတပုဒ်စရေးဖြစ်ရာက အရင် ဘလော့လေးလုပ်ဖြစ်သည်အထိ ဖြစ်လာခဲ့ပါတယ်။ ဘလော့ရေးနေသူ အများစုကတော့ မိမိရေးချင်တာ၊ ပေးချင်တာ စတာတွေနဲ့ ကိုယ်ကိုယ်ကို သတ်မှတ်ပိုင်းဖြတ်ပြီး စနစ်တကျရေးနေကြပါတယ်။ ကျွန်တော့်မှာသာ အသစ်ရောဂါတက်နေတာပါ။ ဒါနဲ့ ဟိုဖတ်ဒီဖတ်လုပ်မိတော့ လူတွေဘာလို့ ဘလော့လုပ်ကြလဲဆိုတဲ့ စစ်တမ်းလေးကိုတွေ့မိပါတယ်။


            လွန်ခဲ့တဲ့ ၂ နှစ်ကစစ်တမ်းလေးပေါ့။ ဒါကိုတွေ့တော့ ကျွန်တော်လဲ ကိုယ့်ကိုယ်ကို For Pleasure ထဲပါတယ်လို့ ဆုံးဖြတ်နိုင်သွားပါတယ်။ အဲဒီအတွက်ရေးမယ်ပေါ့ခင်ဗျာ။ ဒီတော့ဘာတွေရေးမလဲ ဆိုတာထပ်မေးမိပါတယ်။ ရောက်နေကြ၊ ဖတ်နေကြ ဘလော့တွေကို တခါထပ်လည်မိပါတယ်။ တချို့က ဒီဘလော့လာရင် အသိတိုးစေရယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ရေးနေကြပါတယ်။ တချို့က ရသတွေ အတွေးတွေရစေပါတယ်။ တချို့က ခင်မင်စရာကောင်းတဲ့စာတွေရေးနေကြသလို၊ တချို့က စိတ်လက်ပေါ့ပါး ရွှင်လန်းစေပါတယ်။ ဒါတွေတွေ့လေ သဘောကျလေ ကျွန်တော့်မှာ ----- ( or ) ----- ( or ) ----- ( or ) တွေ တသီတတန်းကြီးဖြစ်လာလေပေါ့။
            နောက်ဆုံးတော့ ကိုယ့်ဘာသာ ဆုံးဖြတ်မိတာကတော့ အရင်လိုပဲပေါ့ပေါ့ပါးပါး ပဲရေးတော့မယ်။ ဘာတွေပဲရေးမယ်ဆိုတဲ့ နှောင်ကြိုးမထားတော့ပါ။ မူလတန်း စာအုပ်ထဲက ဖတ်စာတပုဒ်လို စေစောထ၊ အိပ်ချင်မူးတူးဖြစ်၊ သွားတိုက်၊ မျက်နှာသစ် ကအစချီပြီး နောက်ဆုံး အိပ်ရာဝင်သည်အထိ တနေ့တနေ့ တနင့်တပိုး သယ်ဆောင်သွားခဲ့ရတာတွေရေးမယ်၊ ကိုယ်ရောက်ခဲ့ရာ နေရာဒေသမှ ကိုယ်အတွက် ထူးဆန်းတာတွေ၊ ပြုံးစရာတွေ၊  ခံစားမိတာတွေရေးမယ်။ မိသားစုဘ၀ထဲက အမြဲမှတ်မိနေမိချင်တဲ့ အဖြစ်တချို့ကို တေးထားမယ်၊ ဒီလိုပဲဆုံးဖြတ်မိပါတယ်။ သတိထားစရာကတော့ သူတဖက်သားအကြောင်းတွေ မရေးမိစေဖို့၊ ရေးတဲ့အထဲ ပါမလာမိစေဖို့ပါ။
            ဒီတော့ ဒီဘလော့မှာ ကျွန်တော်ဆိုတဲ့ လူထဲက လူတယောက်အကြောင်း၊ သူ့ရဲ့ ရိုးရိုးသာမန်အတွေး တချို့အကြောင်း၊ သူ့ရဲ့ တနေ့တာထဲမှ အပိုင်းအစ တချို့အကြောင်း တွေသာ ရေးဖြစ်ပါမည်။ ဖတ်ပျော်အောင်တော့ ကြိုးစားပြီးရေးပါမည်။

Sunday, April 17, 2011

နှစ်သစ်ဆုတောင်း

မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ကြည်နှုးချမ်းမြေ့ဖွယ် နှစ်သစ်ဖြစ်ပါစေ....