Friday, March 2, 2012

အကျင့်








ကျွန်တော် အကျင့်တခုရလာတယ်။ 

ကျွန်တော်က အရင်က မုန့်ဖိုတခုမှာ အလုပ်လုပ်ခဲ့တယ်။ အလုပ်ဝင်ကာစကတော့ မုန့်ဖုတ်ဆရာရဲ့အကူ။ ၆ လအကျော်မှာ အဲဒီဆရာသမား လခထုတ်ပြီး နောက်တရက် ပေါ်မလာတော့။ ကိုယ့်ကိုယ်ကို မယုံကြည်မှူ့တွေ၊ စိတ်ဖိစီးမှူ့တွေ၊ ပင်ပန်းပြီး စိတ်ဆင်းရဲမှူ့တွေနဲ့ နေ့တွေပဲ။ ပိုင်ရှင်က လစာတိုးပေးပြီး နဲနဲ ကျားကန်ပေးခဲ့ပါရဲ့၊ သိုပေမဲ့ ၀န်နဲ့အားနဲ့ မမျှတော့ တနေ့တာအပြီးမှာ ရှိသမျှခွန်အား ကုန်စင်အောင် ညှစ်ထုတ်ထားခဲ့ရသလိုမျိုး အိမ်ပြန်ချိန်ရောက်တိုင်း ခံစားရတယ်။ ကြမ်းပြင်ဆေးတဲ့ အ၀တ်စုတ်တခုလိုမျိုး။ တနေကုန် ဆေးလိုက်၊ ညှစ်ထုတ်လိုက် နဲ့ အပြီးမှာ ဖွာထွက်နေတဲ့ အစကို တန်းပေါ်ဖြန့်လှမ်းထား၊ နောက်နေ့ ခြောက်သွေ့ပြီး နဲနဲတောင့်တင်းချိန်မှာ အားလုံး အစက ပြန်စ။ 

မိုးလင်းလို့ အလုပ်သွားရတဲ့ အချိန်ကို အကြောက်ဆုံး။ တခါးဖွင့်ဝင်လိုက်တာနဲ့ ပိုင်ရှင့်မျက်နှာက ပြုံးချိုနေပြီး ကောင်လေးရေ ဒီနေ့ မုန့်အော်ဒါတွေ ရှိတယ်ဟေ့လို့ ပြောလိုက်ရင် စိတ်ထဲမှာ ကောင်လေးရေ ဒီနေ့ကတော့ မင်းအတွက် ငရဲနေ့ဟေ့လို့ ကြားလိုက်ရသလိုပဲ။ လအတော်များများ ကြာလာတဲ့အခါမှာတော့ ကျွန်တော်ဟာ လူရော စိတ်ရော လုံးပါးပါးလာပါတော့တယ်။ နေ့စဉ် အလုပ်ထဲမှာ လုပ်နေရမှာမို့ လုပ်နေရတဲ့ ခံစားချက်မဲ့ အလုပ်သမားတယောက်၊ နှေးလို့ရသမျှနှေး၊ အင်နဲ့အား ချွေတာနိုင်သလောက် ချွေတာ၊ တတ်နိုင်သလောက် မစဉ်းစားဖြစ်အောင်နေရင်းနဲ့ပေါ့။

ဒီလိုနေရင်း တနေ့မှာ  တဆစ်ချိုး ပြောင်းလဲစေတဲ့ အချိန်ကို ကျွန်တော်ကြုံလာခဲ့တယ်။ အတွေးတခုကစလာတာ။ ဒီလို အပြောင်းအလဲ ကြုံစေတဲ့ အခိုက်အတန့်မှာ ပေါ်လာတတ်တဲ့အတွေးဟာ တခြားအတွေးတွေနဲ့မတူသလိုပဲ။ သိပ်ပြီး ပီပြင်တယ်၊ ရှင်းလင်းပြတ်သားတယ်၊ အဲ့ဒီ့အတွေးကို လက်လျှော့လိုက်သည်အထိ၊ သို့မဟုတ်လျှင် ဖြေရှင်းနိုင်တဲ့အထိ၊ အဆုံးအထိ မတွေးနိုင်၊ လမ်းမရှာနိုင်သေးသ၍ အကြိမ်ကြိမ် ပြန်ပေါ်လာတတ်တယ်။ 

အဲ့ဒီ့အချိန်မှာ ကျွန်တော်ဟာ Cupcake ဖုတ်ဖို့ မုန့်စပ်ပြီး မွှေစက်အောက်မှာထား၊ မွှေဖို့ အချိန်ကို ချိန်ရာမှာ စိတ်ထဲက သိနေတဲ့ လိုအပ်ချိန်လေးကိုချိန်၊ လှည့်နေတဲ့ဒိုင်ခွက်မှာလက်မရုပ်သေးပဲ ညစ်ချင်တဲ့စိတ်ပေါ်လာပြီး ထပ်ပြီးအချိန်ကိုတင်တယ်။ မကောင်းမှန်းသိနေလို့ လိပ်ပြာမလုံတဲ့စိတ်ဟာ ဖြတ်ခနဲဝင်လာတယ်။ မုန့်ကတော့ ပျက်စရာအကြောင်းမရှိဘူးပေါ့ဗျာ။ ဒါပေမဲ့ အလုပ်ချိန် ဖြုန်းတာတော့ ကိုယ့်ဘာသာကို သိနေတာပဲ။ မိနစ်အနည်းငယ်ဆိုပေမဲ့ ညာတာက ညာတာပဲ။ နောက် အဲဒီ့ မလုံမလဲစိတ်နဲ့ပဲ မလှမ်းမကမ်းမှာရှိနေတဲ့ ပေါင်မုန့် အတွက်နှပ်ထားတဲ့ ဂျုံလုံးကြီးဆီကို တလှမ်းချင်းသွားခဲ့တယ်။ 

ကျွန်တော်တို့ဆီမှာ သုံးတဲ့ တဆေး ( yeast ) တွေက နဲနဲအပွင့်ကြမ်းတယ်၊ ကြီးတယ်။ ဒီတော့ ဂျုံမှုန့်နဲ့ မနယ်ခင် ရေကြက်သီးနွေးနဲ့ ဖျော်ထား၊ ပွထနေမှ စပ်ပေမဲ့၊ ဂျုံသားနဲ့ပါ ကောင်းကောင်းပေါင်းစပ်ဖို့ အချိန်ပေးရသေးတယ်။ မီးဖိုနဲ့ မလှမ်းမကမ်းမှာ ခပ်နွေးနွေး ထားပြီး မကြာခင် ဂျုံလုံးဟာ တဖြေးဖြေး ဖေါင်းပြီး ကြီးလာတယ်။ လုပ်နေကြဆိုတော့ ဘယ်အရွယ်ရောက်လာရင် အိုကေပြီတာ သိနေတာပေါ့။ အခုလဲ ဒီဂျုံလုံးဟာ အဆင်သင့်နေပြီ။ နဲနဲထပ်နယ်၊ ပြီးရင် သင့်တော်သလောက်အရွယ်လေးတွေခွဲ၊ ဖုတ်လိုက်လျှင် ပေါင်မုန့်အတွက် ပြီးပြီ။ စိတ်ထဲက အချိန်တွေကို တွက်ကြည့်တယ်။

အခုနက Cupcake ရယ်၊ ပေါင်မုန့်ရယ်။ ကိတ်က ဖုတ်လျှင် မီးအပူချိန်ပြင်းပြင်း၊ အချိန်တိုတို၊ ပေါင်မုန့်က အချိန်ကြာကြာ၊ မီးအေးအေး။ ဒီတော့ ပေါင်မုန့်စဖုတ်လိုက်ရင် Cupcake ကို အိုဗင်နဲ့ အလီလီခွဲဖုတ်ရတော့မယ်။ မီးတင်ထားပြီး Cupcake ကိုစဖုတ်ရင် ဒီမီးဖိုနဲ့ဆို တကြိမ်ထဲနဲ့ပြီးမယ်။ အလုပ်သက်သာမယ်၊ နောက် ပြီးရင် မီးအားလျှော့သွားသည်အထိ စိတ်အေးလက်အေး စောင့်ရမယ်။ ပြီးရင်ပေါင်မုန့်ဖုတ်။ အားလုံးဟာ ကျွန်တော့အတွက် သက်သာစေတဲ့လမ်း။ အလုပ်အတွက်ကတော့ မတွင်ကျယ်ဆုံးသောလမ်း။ 

ဒီတော့ မီးဖိုဆီသွားပြီး မီးအားကို တင်လိုက်ပါတယ်။ နောက် အသင့်ဖြစ်နေတဲ့ ဂျုံလုံးဆီသွားပြီး အရွယ်အစားလျှော့သွားအောင် နောက်ဖက်တနေရာမှာ မုန့်လုံးကို လက်ညှိုးနဲ့ အသာထိုးလိုက်ပါတယ်။ ရှူးဆိုတဲ့ အသံတိုးတိုးလေးနဲ့အတူ လေလျှော့လိုက်တဲ့ တာယာတခုလို ဂျုံလုံးဟာ အရွယ်အစား ကျုံ့သွားပါတယ်။ တဖြေးဖြေးတော့ ပြန်ဖေါင်းလာမှာပါပဲ။ အချိန်တော့ ယူပါလိမ့်အုံးမည်။ ကျွန်တော့အတွက် စိတ်ချရအောင် လုပ်ခြင်းမျှသာ။ တကယ်လို့ ပိုင်ရှင် ၀င်လာခဲ့ရင်။ ဒီဂျုံလုံး အဆင်သင့်မဖြစ်သေးချိန်မှာ Cupcake ကိုအမြန်ပြီးအောင် ဖုတ်လိုက်သည်ဆိုလျှင် သူကျေးဇူးတောင် တင်သွားနိုင်သေးသည်ပဲ။ 

အခုနကပြောတဲ့ ပြောင်းလဲစေတဲ့အတွေးဆိုတာ အဲဒီ့အချိန်လေးမှာပေါ်လာတာ။ မလုံမလဲဖြစ်နေတဲ့ စိတ်ကို အခြေခံပြီးပေါ်လာတာ။ အတွေးကတော့ တိုတယ်၊ ရှင်းတယ်၊ ပြတ်သားနေတယ်။ ငါဒီလိုဆက်နေလို့ မဖြစ်တော့ဘူးဆိုတာပဲ။ ဖြုန်းတီးနေတဲ့ အချိန်တွေ၊ လျှော့ပါးနေတဲ့ ကိုယ်စွမ်းကိုယ်စတွေ၊ လိပ်ပြာမလုံတာတွေ၊ အဓိပ္ပါယ်မဲ့၊ အနှစ်သာရမဲ့ ဖြစ်နေမှူ့တွေ အားလုံးကို အခြေခံပြီးပေါ်လာခဲ့တာ။ တနေကုန် ထပ်တလဲလဲ တွေးနေတာ ညနေ အိမ်ပြန်ချိန်အထိ အဲဒီ့အတွေးဟာ ပျောက်ပျယ်မသွား။

ညပိုင်း စားသောက်အပြီးမှာတော့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ စိတ်အနှောက်အယှက်ပေးနေတဲ့ ဒီအတွေးကို အပြတ်ဖြတ်မှဖြစ်တော့မယ်။ ဒီတော့ ပထမဆုံး ထွက်ပေါက်ရှာတယ်။ ဒီအလုပ်ကထွက်၊ နောက်အလုပ်တခုကိုရှာ။ သို့ပေမဲ့ တွေးလို့ရတာက ဒီမှာတင်ဆုံးသွားတယ်။ ဘာအလုပ်လုပ်ရမလဲ၊ မသေချာ။ ဒီအလုပ်ကိုဆက်လုပ်နေရမှာကတော့ အနည်းနှင့် အများသေချာနေပါတယ်။ 

ဒီတော့ နောက်နေ့ အလုပ်ပြန်သွား၊ အဲဒီ့အချိန်ကစ အလုပ်မှာ စိတ်ပါလက်ပါလုပ်တော့မယ်လို့တွေးမိတယ်။ သို့သော် ဘယ်လောက်အထိ စိတ်ချနိုင်မလဲ။ မသေချာသေး။ ဒီအဖြစ်ဟာ တဖန်ပြန်လည်လာဖို့ အခွင့်အများကြီးသာနေတယ်။ ဒီတော့ ဘာလုပ်ကြမလဲ။ မလျှော့မတင်းစိတ်က နဲနဲဆက်လုပ်၊ ပြီးလျှင် တိုးတက်ရာတိုးတက်ကြောင့်ရှာပေါ့။ ဒီလိုတွေးတော့လဲ တိုးတက်ဖို့ဆိုတာက နောက်ဆုံး ကိုယ်ပိုင် မုန့်ဖိုထောင်ဖို့ပဲရှိတော့တယ်။ တခြားဘာမှ မယ်မယ်ရာရာမလုပ်တတ်သေး။ 

ဒီမှာ ဖြတ်ကနဲ စိတ်ထဲဝင်လာတာကတော့ ကိုယ့်နိုင်ငံ ကိုယ့်မြို့မှာ မုန့်ဖိုထောင်ဖို့။ လုံးလည်ချာလည်လိုက်နေတဲ့ အတွေးတွေဟာ ထွက်ပေါက်တခုရသလို အရှိန်အဟုန် ပြင်းပြင်းနဲ့အဲဒီ့အတွေးလမ်းကြောင်းပေါ်စ ဦးတည်တယ်။ ကျွန်တော် စိတ်လှုပ်ရှားလာတယ်။ ဖြတ်ကနဲ စာရွက်ရယ် ဘောပင်ရယ်ကောက်ယူပြီး လက်တွေ့ကျကျ စတွက်တယ်။

ဒါဟာတကယ် ဖြစ်နိုင်နေတယ်။  ယခုလက်ရှိအိမ်နေရာဟာ ဆိုင်ဖွင့်ဖို့မသင့်တော့်၊ ဒီတော့ ဆိုင်ဖွင့်လို့ရတဲ့နေရာမှာ မုန့်ဖိုတခုတည်လို့ရမဲ့ မြေနေရာအတော်လောက် ရဲ့ဈေးခန့်မှန်းကို ခန့်မှန်းပြီး ချရေး။ နောက် ပစ္စည်းတွေ။ ဖြစ်နိုင်တာပဲတွေး၊ ခန့်မှန်းခြေတွေပေါင်း။ ကုန်ကျစားရိတ်တွေပေါင်း၊ ပြီးတော့ လက်ရှိအိမ်လေး စိတ်ကူးနှင့်ရောင်းကာ ငွေဖြည့်ကြည့်။ အသားတင်လိုငွေ ထွက်လာသည်။ ဒါကို လက်ရှိ စုဆောင်းနိုင်တဲ့ ငွေနှင့် ဆ ကြည့်ရာ နှစ်အနည်းငယ်ပေါ်လာသည်။ 

ဆောက်တည်ရာသွားရသလို ပျော်တဲ့စိတ်ပါဝင်လာသည်။ သည်တော့ နှစ်အနည်းငယ်လုပ်နေတုန်း ပိုက်ဆံအပြင် ကိုယ့်ဖက်က ဘာတွေဖြည့်ဆည်းထားဖို့လိုမယ်ဆိုတာပါတွေးကြည့်သည်။ ဒီမှာက ဒစ်ဂျစ်တယ် ကမ္ဘာ၊ ဟိုမှာက အရာရာက လက်ဆ။ ဒီတော့ ကိုယ့်ကိုကိုယ် လေ့ကျင့်ရတော့မည်။

နောက်နေ့ကစပြီး ဒီမုန့်ဖုတ်ဖိုဟာ စိတ်ဝင်စားစရာ လေ့ကျင့်သင်ကြားစရာ စာမျက်နှာသစ်တခု။ ရောသည့် စပ်သည့် အခါတိုင်း ချိန်ခွက်၊ အလေးချိန်တိုင်းတာစက်ပေါ်မှာ အတိအကျ ချိန်ပြီးသည်နှင့် အိမ်မှာရနိုင်သော ခွက်နှင့် ပြန်တိုင်းထည့်သည့်အခါထည့်သည်။ လက်နှင့် ပြန်ဆကြည့်တဲ့အခါ ဆကြည့်သည်။ အကြိမ်တိုင်း မပျက်မကွက် အတိုင်းအဆတို့ကို မှတ်နေသည်။ ထို့အတူ အပူချိန်ကိုလဲ ချိန်ညှိပြီးသည်နှင့်  မီးဖိုနား ကပ်သွားခါ လူကိုလာဟပ်သော အပူချိန်ကို စိတ်ထဲ မှတ်မိနေအောင် မှတ်နေသည်။ အလုပ်တွေ ဇယ်ဆက်နေသလို လုပ်ရင်းက စိတ်ထဲမှာ ဖြူစင်စွာ၊ လိပ်ပြာလုံစွာ၊ တက်ကြွစွာ၊ အေးချမ်းစွာ။ တဖက်ကလဲ ရနိုင်သလောက် မျှော်မှန်းချက်ကြီးစွာ စုဆောင်းနေသည်။ 

၁နှစ်က ၂ နှစ်ကြာလာတော့ ကျွန်တော် ဂဏန်းတွေ၊ ချိန်ခွက်တွေနဲ့ ကင်းလွတ်လာသည်။ အချိန်အဆ မှန်ကန်စွာ၊ စိတ်ထဲမှ မှတ်မိနေစွာ၊ အရာရာအသားကျသွားပြီ။ ခန့်မှန်းချက်၊ အတိုင်းအဆ နှင့် ရလာမည့်အရသာတို့ တသားထဲ။ ဆားခွက်မှ ဆားပွင့်တွေခပ်လိုက်လျှင်ပဲ မုန့်မှာပေါ်လာမည့် အရသာကိုပါ ခံစားမိနေသလိုလို။ အရင်က ပြောခဲ့တဲ့ ကျွန်တော် အကျင့်တခု ရလာသည်ဆိုတာက  ဒီလိုလုပ်နေရင်းကရလာတာ။

အကျင့်ဆိုတာကဗျာ၊ မုန့်ဖိုထဲက မုန့်ဗန်းထုတ်လိုက်တာနဲ့ ဘယ်မုန့်မှာဘာလိုတယ် ပိုတယ်ဆိုတာ ခန့်မှန်းကြည့်တတ်တဲ့အကျင့်။ ဆိုဒါနဲသလား၊ မီးနဲလို့၊ အပူအညီအမျှမရလို့ ဒီတလုံး ဟိုတလုံး အရောင်မလှသလား ဆိုတာကအစ မုန့်လေးတွေ တခုစီကို ခန့်မှန်းတွက်ကြည့်တတ်တဲ့အကျင့်။ အစောပိုင်းမှာ မသင်္ကာတဲ့ တလုံးတလေ ဖဲ့မြည်းကြည့်ခဲ့ရပေမဲ့ နောက်ပိုင်းမှာ မြင်တာနဲ့တင် သိလာတယ်။ မပျက်မကွက်လုပ်နေရာက ပေါ်လာတဲ့အကျင့်။

ပြောရရင်ပေါ့ဗျာ။ စီးပွားပျက်ကပ်ဖြစ်လာတော့ ကျွန်တော့်သဌေးလဲ ဘာအသားနဲ့ထုထားတာမို့လဲ။ သူလဲ ပြာတာပေါ့ဗျာ။  အားလုံးထဲမှာ လစာအများဆုံးက ကျွန်တော်။ ဒီတော့ အလုပ်ကနားရဖို့အကြောင်းဖန်လာတယ်။ မှန်းထားတဲ့အတိုင်း ပြန်ပြီးအလုပ်စကြဖို့က ဖြစ်နိုင်နေပြီ။ ဒါနဲ့ အိမ်ကို အကျိုးအကြောင်းလှမ်းပြောတော့ သူတို့နဲနဲစဉ်းစားနေကြတယ်။ ကျွန်တော်လဲ တွေဝေချင်တယ်။ လက်ရှိလေးရောင်းရမဲ့အနေအထားဆိုတော့ ၀ယ်ဖို့တဖက် သေချာမှ စချင်တယ်။ လက်မဲ့မဖြစ်လို။ ဒီတော့ သေချာအောင် စီစဉ်ခိုင်းထားပြီး ဒီလို စောင့်နေရမဲ့အချိန်မှာ မနစ်နာရအောင် တခြားအလုပ်တခု အပူတပြင်းရှာတယ်။ စားရိတ်ကြေပြီး နဲနဲမြတ်ရင်ကို တော်ပါပြီ။

ကံကောင်းချင်တော့ သင်္ဘောကျင်းတခုမှာ လုံခြုံရေးဝန်ထမ်းအလုပ်ကို ရလာတယ်။ ထုံးစံအတိုင်း ဒီအလုပ်က ဘာများ အကျိုးရှိအောင် လုပ်နိုင်မလဲ ကြည့်တော့ လူတွေပဲရှိတော့ လူတွေအကြောင်း သိအောင် ကြိုးစားကြည့်မယ်ပေါ့။ ထူးတယ်ဗျ။ လူတွေရဲ့စိတ်တွေက။ လုံခြုံရေးဝန်ထမ်း ဆိုတာနဲ့ သူတို့ဘာလုပ်ဖို့ ခန့်ထားတယ်ဆိုတာထက် သက်သက် ကြပ်ဖို့ လူဖြစ်နေတဲ့သူတွေလို့ ထင်နေသူက များတယ်။

ကျွန်တော် အမြဲတာဝန်ကျတာက ဂိတ်မှာမဟုတ်ဖူး၊ ပြင်ဖို့ ဒေါက်တင်ထားတဲ့ သင်္ဘောကြီးတက်ဖို့ လှေခါးအရင်းမှာ။ သင်္ဘောတွေက ရေနံတွေ သဘာဝဓါတ်ငွေ့တွေ တင်ပို့လေ့ရှိတဲ့ သင်္ဘောတွေဆိုတော့ ပြင်တဲ့နေရာမှာ အန်မတန်အန္တရယ်များတယ်ဗျ။ ဒီအလုပ်မစခင် သင်တန်းပေးတော့ ပေါက်ကွဲပျက်စီးပြီး မမြင်ဝံ့စရာပုံတွေ လို့ပဲဆိုပါတော့။ အဲဒီ့ပုံတွေကို ဆလိုက်ထိုးပြဖူးတယ်။ ဘာမဟုတ်တဲ့  မီးပွားသေးသေးကစတဲ့ ပေါက်ကွဲမှူ့တွေ။ ဒါတွေကြည့်ပြီး ဒီနေရာမှာ လုပ်ရတာတောင် အတော်လန့်တယ်ဗျ။ သဘောင်္ပေါ်မှာ လုံခြုံရေးအဖွဲ့တွေက လိုက်ကြပ်မှတ်နေတယ်ဆိုပေမဲ့ ဒီလူတွေက မိပေါင်းသားတွေကိုးဗျ။ 

ကျွန်တော့တာဝန်က မီးပွားဖြစ်စေတဲ့ ကိရိယာတွေနဲ့လာရင် ဘယ်နေရာမှာလုပ်မှာလဲ၊ ခွင့်ပြုပြီးသားအလုပ်လား စစ်ကြည့်ရတယ်ဗျ။ နောက် တချိန်လုံးစောင့်ကြည့်နေမဲ့ လုံခြုံရေးဝန်ထမ်းကရော အသင့်ဖြစ်နေပြီလား စစ်ရတယ်။ နောက် သင်္ဘောပေါ်တက်သွားသူတွေ စိုက်ထိုးထားခဲ့တဲ့ မှတ်ပုံတင်ကဒ်လေးတွေ အခြေအနေကို ကြည့်ရသေးတယ်။ လှေခါးပေါ်တက်ခါနီး နာမည်ရယ် ဓါတ်ပုံလေးရယ်ပါတဲ့ ကဒ်လေးတွေထိုးပြီးတက်၊ နောက် ပြန်ဆင်းလာရင် ပြန်ဖြုတ်ယူသွားကြရတာ။

တဦးတယောက် ကဒ်လေးများ ပြန်ယူသွားဖို့မေ့လို့ဖြစ်ဖြစ်၊ ပြန်ဆင်းမလာတာ ကြာရင်ဖြစ်ဖြစ် ကျွန်တော့မှာ စိတ်ပူနေရပြီ။ ၁၀ နာရီကျော်ရင် သတင်းပို့ရပါတော့မယ်။ အသက်အန္တတခုခု ကြုံနေနိုင်ပြီလို့ ယူဆရပါတော့မယ်။ အံ့သြစရာကောင်းတာက ဒီလူတွေက အဲဒီ့လိုမတွေးကြဖူးဗျ။ သက်သက်ရစ်တယ်လို့ ထင်နေသူကများတယ်။ ကျွန်တော် သူတို့အတွေးကို မျက်နှာပေါ်မှာ အတိုင်းသားမြင်နေရတယ်ဗျ။ ထားပါလေ။

အကျင့် .. အခုနက အကျင့်က ဒီနေရာမှာ ပြန်ပေါ်လာတာက တမျိုးဗျ။ လူတွေသင်္ဘောပေါ်တက်မသွားချင် အကျင့်အရ မသိစိတ်နဲ့ သေသေချာချာကြည့်နေမိတယ်။ နောက် စိတ်ထဲမှာဗျာ.. ပြောရရင်တော့မကောင်းပါဘူး။ ဒီသင်္ဘောပေါ်တုံဆိုင်းတုံ့ဆိုင်းနဲ့ တက်သွားတာကို ကြည့်ရင်း မီးဖိုထဲ ဗန်းလေးတွေ ၀င်သွားတဲ့ပုံမျိုးမြင်နေတယ်။ နောက် အချိန်ကို ၈ နာရီချိန်လိုက်တယ်ဗျာ။ အချိန်စေ့သွားတော့ တန်းစီပြီးထွက်လာကြတယ်။ အကြမ်းအားဖြင့် ပင်ပန်းနွမ်းနယ်နေတာ၊ စိတ်လွတ်လပ်သွားတာတွေက ဆင်တယ်ဆိုပေမဲ့ မျက်နှာပေါ်က စိတ်ခံစားချက်တွေရဲ့ ပုံတွေကမတူကြဘူးဗျ။ ဘယ်လိုမှ မှန်းမရ။ အနည်းဆုံး တယောက်ချင်းတောင် တနေ့နဲ့တနေ့ တူမနေဘူး။

ပြောရရင် လူတွေရဲ့ ခံစားချက်နဲ့ တုန့်ပြန်စိတ်လေးတွေက သိပ် Sensitive ဖြစ်လွန်းတယ်ထင်တယ်။ ( ကိတ်မှုန့်စကားနဲ့ ဆိုရင် စိတ်ထဲက ဆိုဒါတို့ တဆေးတို့ပေါ့ဗျာ )။ အေးတယ်ထင်တဲ့သူတွေ တခါတလေ ဒေါသတကြီးဆင်းလာတဲ့ပုံများဗျာ ကျွန်တော့မှာ ကောင်းသောညနေခင်းတောင် မပြောရဲအောင်ပဲ။ တဦးစီ တဦးစီကို အချိန်လိုက် ပြောင်းလဲသွားတာ ဘယ်လိုမှ မမှန်းနိုင်အောင်ပဲ။ လေလေးတချွှန်ချွှန်နဲ့ ဟန်ကျပန်ကျ ဆင်းလာသူကို  ဒီနေက အလုပ်ဟန်ကျလာတယ်ထင်ပါ့လို့ သွားပြောမိတာ မင်းအလုပ်မဟုတ်ဖူးလို့ ပက်ခနဲ ပြောသွားတာလဲ ကြုံဖူးသေးတယ်။ သင်္ဘောပေါ် ဒေါသတကြီး တက်သွားသူတချို့လဲ ပြန်ဆင်းလာရင် ( အိပ်လာတယ်တောင်ထင်ရတယ် ) မျက်နှာက ပြည့်လာပြီး ကြည်ကြည်လင်လင်။

ဒီအကျင့်ကတော့ဗျာ စွန့်ရင်စွန့်၊ မစွန့်လို့ ကြာရင် လူတွေအကြောင်း နောကြေရင် ကြေ၊ မကြေရင်တော့ ရူးသွားနိုင်မလားပဲ…








Saturday, February 25, 2012

မသိနိုင်သော..

               တိတ်ဆိတ်နေသောအခန်းတခု။ ကျွန်တော်ရယ်၊ ဗေဒင်ဆရာရယ် ၊ ဆံပင်ညှပ်သမားရယ်၊ သုံးဦးသား ငြိမ်ငြိမ်သက်သက်..


                ဗေဒင်ဆရာ ပင့်သက်တခု ခပ်ဖွဖွချပြီး စကားစပြောသည်။ မရှေးမနှောင်း သူ့လက်မှကိုင်ထားတဲ့ ဘောပင်နဲ့ တစုံတခု စဆွဲသည်။ ဘောပင်စဆွဲရာနေရာသို့ တဖန်ပြန်ရောက်လာလျှင် ပုံတခုပေါ်လာမည်။ စက်ဝိုင်းလည်းဖြစ်နိုင်သလို လေးထောင့်လဲဖြစ်နေနိုင်သည်။ အဲဒီ့အခိုက်အတန့်နောက်မှာတော့ ကျွန်တော်ဟာ တစတစ ပျောက်ကွယ် သွားပါတော့မည်။



( Image Credit : ကိုအရိပ် )



ဗေဒင်ဆရာ..

                မြို့ကလေးကသေးတော့ သူ့အတွက် ကြားနေတာ မြင်နေတာတွေက များလှသည်။ သူကိုယ်တိုင်လဲ ဒီအလုပ်ကို မြတ်နိုးသည်။ လူတွေကို အမြင်မတော်တာတွေမလုပ်ဖို့၊ သူ့တို့ဘ၀တွေကို ဖြောင့်တန်းမှန်ကန်နေစေဖို့ ထိမ်းကြောင်းပေးနေရသော ပဲ့ကိုင်ရှင်တယောက်အဖြစ် သူ့ကိုသူ ၀မ်းသာဂုဏ်ယူနေတတ်သူ။ စိတ်လွတ်လက်လွတ်ရှိနေချိန်ဆို လူတယောက်ရဲ့အတင်းကို မျက်နှာချင်းဆိုင် သက်တောင့်သက်သာ ပြောခွင့်သည် သူ့မှာပဲရှိသည်ဟု စိတ်ချရင်းနှီးသူတချို့အား ပြောပြတတ်တယ်။

              လူဦးရေနည်းသော နေရာဆိုတော့ အစပိုင်းမဆိုးလှပေမဲ့ တဖြေးဖြေးနဲ့ လာမေးသူ ပါးလာသည်။ အခက်အခဲတခုကြောင့်ဖြစ်စေ၊ တခုခု ဇဝေဇ၀ါဖြစ်လာလို့ဖြစ်စေ သူ့ဆီရောက်လာတတ်သူများနှင့် ရောင်းလိုက်ဝယ်လိုက် ပွဲစားတယောက်နှစ်ယောက်မှအပ တခြားသူများ သူ့ဆိုင်ဖက် ခြေဦးမလှည့်လာကြတော။ အဆင်မပြေတော့ စိတ်အလိုမကျမှူ့လေးတွေ ပေါ်လာသည်။ ဒီတော့ သာမန် အဆင်ချောနေကြသူများအား မုန်းမိချင်လာသည်။ လက်တကမ်းမှတိုးတက်မှူ့ အခွင့်အလမ်းများကို မျက်နှာလွဲချင်ကြသူများ၊ မိုးပြိုမှာ မကြောက်တတ်ကြသူများလို့ မြင်လာသည်။

              ထို့အတူ လာမေးရင်း တနှစ်စာမျှ ကြိုတွက်ပေးသည်ကို မတင်းတိမ်ပဲ အသက်ဘယ်နှနှစ်လောက်အထိ ကောင်းမှာလဲ၊ ဆိုးနေမှာလဲဆိုတဲ့ မေးခွန်းတွေကိုလဲ သူ မုန်းလာသည်။ မုန့်ဟင်းခါးဆိုင်မှာ ဟင်းရေလိုက်ပွဲတောင်းသည့်ပမာ။ နှုတ်မှ လွယ်လွယ်ကူကူ ထွက်ကျလာတတ်သော မေးခွန်းတခု။ သူက နောက် ၃ နှစ်လောက် သေချာပေါက် ကောင်းနေပါသည် ပြောကြည့်ပါ့လား၊ အဲ့ဒီလူ နောက် ၃ နှစ်ကုန်သွားသည်အထိ ပြန်မလာမှာ မြေကြီးလက်ခတ်မလွဲ။ အကယ်၍ မတင်မကျဖြေလျှင်လဲ မတတ်ပါဘူးအထင်ခံရကာ နစ်နာရအုံးမည်။ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ကာဖြစ်စေ နစ်နာစေမည့်မေးခွန်းတခုလို့ သူ ခံစားရသည်။ မမေးပဲလဲမနေကြ။ သို့နှင့် ဗေဒင်မေးသူတယောက်လာတိုင်း ဒီမေးခွန်းကို သိသိကြီးနှင့်စောင့်ကာ ဟောနေရသလို။

              ဒီတော့.. စိတ်ထွေနေသူတယောက်ထုံးစံအတိုင်း တွက်အပြီး စဟောချိန်မှာ ပါးစပ်ကဟောရင်း၊ လက်ကကိုင်ထားသောဘောပင်နှင့် စာရွက်အောက်ခြေ နေရာလွတ်ကလေးမှာ ပုံစံတခုခု မသိစိတ်နှင့် ရေးခြစ်နေတဲ့ အကျင့်တခုရလာသည်။ တခါတလေ စက်ဝိုင်းလေးတခုကို အထပ်ထပ်ဆွဲနေမိသလို တခါတရံ လေးထောင့်ပုံ စသည်ဖြင့်။ တကယ်တော့ ထိုပုံလေးတွေဟာ လာမေးသူ၊ ဗေဒင်ပညာ၊ အကြားအမြင် စသည်တို့နှင့် ပတ်သက်နေစရာအကြောင်းမရှိ၊ သို့သော် ပတ်သက်ဆက်နွယ်နေအောင် လုပ်မည့်သူတယောက် ပေါ်လာသည်။ ထိုသူကား ဗေဒင်ဆရာဟောခန်းလေးနှင့် ကပ်လျှက်ဆိုင်ကသူ။

ဆံပင်ညှပ်သမား..

               သူကား ဗေဒင်ဆရာနှင့်ဆန့်ကျင်ဖက် လုပ်ငန်းသဘာဝပိုင်ဆိုင်သူ။ လူတွေ ပုံမှန် ဆံပင်ရှည်နေလေ အနပ်မှန်နေလေ၊ ပုံမှန်အလုပ်။ ဆန္ဒနည်းနေစေသလို ပူပန်မှူ့လဲမရှိစေတော့ အမြဲပေါ့ပါးသွက်လက်နေသူ။ သူ့အဖို့ ငွေဆိုသည်မှာ အရုပ်လေးများပါသော စာရွက်တရွက်၊ ထိုစာရွက်လေးကြောင့် အစားအသောက်လိုလျှင် တဦးနှင့်တဦး တိုက်ခိုက်နေရဖို့မလိုတော့။ ဤသည်သာ သူ့ရဲ့ စီးပွားရေးအမြင်။ ထို့ကြောင့် အမြဲ အနှောင်အဖွဲကင်းစွာ စကားတအေးအေးနှင့်။ လာညှပ်သူကို မေးလဲမေး ပြောလဲပြော။ဒီလိုနဲ့ ရပ်အကြောင်း၊ ရွာအကြောင်းမှအစ ပါးစပ် ဗဟုသုတပေါင်းများစွာ ခြင်းကြားနှင့်တိုက်ယူနေသူ။ တဖြေးဖြေး သူ့ကိုယ်သူ ဘက်စုံနှံ့စပ်ကျင်လည်သူတဦး အဖြစ်မြင်ယောင်လာသည်။

              တနေ့မှာ ဗေဒင်မေးပြီး သူ့ရဲ့ဆံပင်ညှပ်ဆိုင်ဖက် ကူးလာတဲ့ ပွဲစားတယောက် တွက်ထားတဲ့စာရွက်လေးကို အိပ်ကပ်ထဲ တရိုတသေ ခေါက်ထည့်လိုက်တာ သတိထားမိသည်။ သို့နှင် စကားစကြည့်တော့ လတ်တလော လက်ထဲသောင်တင်နေသည့် ကားတစင်းထွက်စေချင်လို့ သွားမေးတာမှန်းသိလာပါသည်။ ဟောထားတဲ့ စာရွက်လေးကိုပါ တောင်းအကြည့်၊ စာရွက်အောက်ခြေ ထောင့်ကလေးက ဗေဒင်ဆရာအထပ်ထပ်ခြစ်ထားတဲ့ စက်ဝိုင်းလေးတွေ့တော့ သူမျက်မှောင်ကုတ်မိသွားသည်။ သူရဲ့ တတိုတစ သိထားတဲ့ တွက်ကိန်းတွေထဲမှာ စက်ဝိုင်းမျိုးမပါ။ ဗေဒင်ပညာနှင့် မပတ်သက်မှန်းကို သူသေချာသိနေပါသည်။

               လျှပ်တပြက် ခေါင်းထဲဝင်လာတဲ့ အတွေးနဲ့ ဒီဗေဒင်ဆရာ တကယ့်ဆရာဗျ၊ အကြားအမြင်ရနေပုံရတယ်။ ခင်ဗျားက ငွေနံသမား။ ဒီတော့ ငွေမြဲနေမဲ့သူဆိုတာ ဒီစက်ဝိုင်းလေးက ညွှန်းနေတာဗျလို့ ပြောတော့ ပွဲစားလဲ သဘောတွေကျပြီး လေပေးဖြောင့်သွားတာပေါ့။ ဆံပင်ညှပ်တဲ့သူက နောက်ပိုင်း ကြုံတဲ့သူမှန်သမျှ အသစ်အဆန်းဖြစ်နေတဲ့ အဲဒီ့ စက်ဝိုင်းလေးအကြောင်းပြောတော့တာပဲ။ ဒီတော့ တဖြေးဖြေးနဲ့ လူတွေစိတ်ဝင်စားလာကြတယ်။ ပွဲစားနဲ့ မဆင်မသင့်တဲ့သူတွေဆိုရင် နဲနဲ ဇာတ်လမ်းလှည့်ပြီး ဗေဒင်ဆရာက ဒီလူ့ကို ငွေသမားလို့ မသိမသာ ထည့်လိုက်တာဗျ။ င၀ိုင်းသမားဆိုတဲ့သဘောပေါ့ဗျာ လို့လဲ လုပ်တတ်သေးတယ်။

              အဲဒီ့အကြောင်းတွေကို ဗေဒင်ဆရာကိုယ်တိုင်လဲ ဆံပင်ညှပ်သမားဆီက ပြန်ကြားရပါတယ်။ အကွက်ပေါ်လာမှန်းသိတော့ သူကလဲ နောက်ပိုင်း မသိစိတ်နဲ့ ဆွဲနေတာမျိုးမဟုတ်တော့ပဲ သိထားသမျှ ဖေါက်သယ်တွေနဲ့ ကိုက်မယ်ထင်တာလေးတွေ သေသေချာချာဆွဲပေးတာမျိုးဖြစ်လာတယ်။စက်ဝိုင်း၊ လေးထောင့်၊ တခါတရံ ပြောရခက်သည့် ခပ်ဆန်းဆန်း ပုံလေးများ။ မေးတဲ့သူတွေကလဲ သူ့ဟောပြီးတာနဲ့ ချက်ချင်း ဆံပင်ညှပ်ဆိုင်ဖက်ကူး၊ ဟိုဆရာကလဲ သူထင်တာရယ် သိတာရယ် ပေါင်းပြီးသရုပ်ခွဲ၊ တဖြည်းဖြည်းနဲ့ ဇာတ်ရှိန်တက်လာပါတယ်။ ဗေဒင်ဆရာအတွက် တဖန်ပြန်အဆင်ပြေလာသလို ဆံပင်ညှပ်သမားလဲ ဒီဇာတ်လမ်းမှာ သိပ်အရေးပါတဲ့နေရာမှာဆိုတော့ သဘောခွေ့နေတယ်။


ကျွန်တော်..

              ကျွန်တော်က အဲဒီ့ဆံပင်ညှပ်ဆရာရဲ့ ပုံမှန်ဖေါက်သယ်ထဲက တယောက်။ သွားညှပ်တိုင်း ဗေဒင်မေးပြီးပြီလား သူက မေးလေ့ရှိတယ်။ မမေးရသေးမှန်းသိတဲ့အခါ ဗေဒင်ဆရာတော်ကြောင်းကို တဖွဲ့တနွဲ့ပြောချင်ပြောတယ်၊ ဒါမှမဟုတ် သူ့ဟောတမ်းနဲ့ လူတွေ ဘယ်လို ပတ်သက်သက်နေပုံရှင်းပြချင်ပြမယ်၊ နောက်ဆုံး မှာတော့ မေးသင့်တဲ့အချက်အလက်တွေ တသီတတန်းကြီးပြောပြီး သွားမေးဖို့တိုက်တွန်းပါတော့တယ်။ စိတ်ညစ်လာလို့ တတ်နိုင်သလောက် မညှပ်ပဲနေ၊ တခြားနေရာရောက်မှ ညှပ်ဆိုတော့လဲ အမြဲရှောင်နေလို့ရတာမဟုတ်။ သူညှပ်တဲ့ ဆံပင်ပုံမဟုတ်မှန်း သိသာနေတော့ တဖက်ကလဲ မျက်နှာပူရနဲ့ အတော့်ကိုခက်နေတာပဲ။

             တကယ်တော့ ကျွန်တော်လဲ လူတယောက်ပါပဲ။ ကတ်မုန့်တလုံးလို အတွင်းက မုန့်သားပေါ်မှာ ဖွယ်ဖွယ်ရာရာ ပြင်ဆင်မွန်းမံထားတဲ့ topping အပြည့်နဲ့။ တတ်နိုင်ရင် တတ်နိုင်သလောက် ပြင်ဆင်ထားတဲ့ အပေါ်ယံကို လူတွေကြည့်ပြီး တိုက်ရိုက်ဖြစ်စေ၊ တဆင့်နားနှင့်ဖြစ်စေ ကိုယ့်ကို ဘယ်လိုမြင်တယ်ဆိုတာကို ပြန်ကြားချင်တာပေါ့။ သို့ပေမဲ့ကိုယ့်ကိုယ်တိုင်တောင် မသေချာလှတဲ့ အတွင်းပိုင်းကို ထင်သလိုမြင်သလိုမျိုး ပြောတာကိုတော့ သိပ်သဘောမတွေ့လှ။ သေချာသိနိုင်သူက ပြောပြမယ်ဆိုရင်လဲ သိပ်မစွန့်စားလို၊ သေချာ မသိချင်ခဲ့။ အားနည်းချက်ဆိုသည်မှာ တစွန်းတစသိပြီးနောက်မှာ ပြန်လည်မြိုချလို့လွယ်ကူလှသည်မဟုတ်။

                ကျောင်းတက်စဉ် သူငယ်ချင်းတယောက်နဲ့ နောက်ဆုံးတန်းမှာ အတူထိုင်လေ့ရှိသည်။ ထိုစဉ်က ကျောက်သင်ပုန်းပေါ်က ဆရာတွေရဲ့ လက်ရေးတိုင်းလိုလို အတော်သော့သည်ထင်ခဲ့သည်။ အမြဲတမ်း ဘေးက သူငယ်ချင်းကို ဒီနေရာမှာ ရေးထားတာ ဘာလဲ မေးချင်မေး.. သို့မဟုတ် သူရေးထားတာကို တဆင့်ပြန်ကူး။

                 တနေ့ အတော်လေး မှန်းရခက်တဲ့စာ သူငယ်ချင်းကိုမေးတော့ သူက ဖြတ်ကနဲ တချက်ကြည့်ကာ ဘာလဲဆိုတာ ရေရေရာရာဖြေသည်။ အဲဒီ့မှာ စိတ်ထဲဇဝေဇ၀ါဖြစ်လာပြီး မင်း သေသေချာချာမြင်ရလားဆိုတော့ သူငယ်ချင်းက အေးလေတဲ့.။ ဒီ့နောက် ကျွန်တော်စကားဆက်မဆိုတော့။ နောက် အတန်းပြီး အားလုံးအခန်းထဲက ထွက်သွားသည်အထိ စောင့်နေပြီး တယောက်ထဲ ခုံတန်း တတန်းချင်း ရှေ့ကိုတိုးသွားသည်။ အခန်းအလယ်လောက်အရောက်မှာတော့ သင်ပုန်းပေါ်က စာတွေကို ပီပီပြင်ပြင်မြင်စပြုလာသည်။ အရင်က သော့သည့်ထင်သော လက်ရေးများ၊ အခုတော့ ပီပီသသ၊ ရှင်းရှင်းလင်းလင်း။

                ငါမျက်စိမှန်ပြီပဲလို့ သေချာသိရတဲ့နောက်၊ ကိုယ့်ရဲ့ အားနည်းချက်တခုကို သိရတဲ့နောက်မှာ ပိုပြီးထိခိုက်စေတဲ့ စကားတခွန်း ထပ်ကြားခဲ့ရသည်။ မျက်စိဆရာဝန်ထံမှ။ အဝေးမှုန်ဆိုတော့ တသက်လုံး မျက်မှန်တပ်နေရတော့မယ်တဲ့။ တဖြေးဖြေး ပါဝါတက်လာဖို့ပဲ ရှိတော့တယ်၊ အကယ်၍ ပါဝါနဲ (နည်း ) လာပြီဆို သတိထားတဲ့၊ သေခါနီးလာလို့ဆိုပဲ။ ကျနေသောစိတ်ဓါတ် ဟိုးအဆုံးစွန်အထိ။ ဒါဟာ တကယ်တော့ အားနည်းချက်ဆိုသော်လည်း ပြင်ပ၊ သာမန်၊ အသေးအဖွဲ တခုမျှသာ။ စိတ်နှင့် ပတ်သက်သော အားနည်းချက်ကတော့ ရင်ဆိုင်ရန် လွယ်ကူမည်မဟုတ်။

                 လက်လျှော့လွယ်သူသည် အသေးအဖွဲလေးကအစ လက်လျှော့ဖို့အဆင်သင့်။ သူ့ကိုမသိသောပတ်ဝန်းကျင်မှာ အထိုက်အလျှောက်ကြိုးစားကြည့်လိမ့်မည်ဖြစ်ပေမဲ့ လူပျော့လို့သတ်မှတ်ထားသောပတ်ဝန်းကျင်မှာတော့ သက်တောင့်သက်သာ လက်လျှော့ပစ်လိုက်ဖို့ သူ့အတွက် အခွင့်သင့်နေသည်။ ဆန့်ကျင်ဖက်တွန်းအားတခု ပေါ်ဖို့ အတော်ခက်နေလိမ့်မည်။

                ကျွန်တော့အမြင် လူတယောက်မှာ ကိုယ်ပိုင်အရည်အသွေးကိုမူတည်ပြီးတွက်ရင် အစွမ်းအစဟာ ရလဒ်လို့ထားနိုင်သလို အားနည်းချက်ဟာ အကြွင်းတခု။ မိမိ အားနည်းချက်ကို သိထားတာကောင်းတယ်လို့ဆိုပေမဲ့ အားသာချက်ကိုသာ ပိုပြီး အလေးပေးချင်သည်။ ရဲတိုက် ထိုင်ဆောက်နေခြင်းထက် လုံသည်ဆိုရုံလေးကာကာ တတ်နိုင်သလောက်ရှေ့ဆက်ချင်သည်။ ဒီအခြေအနေမျိုးမှာ ကျွန်တော်သည် သူတို့ ၂ယောက်ရှေ့မှာ တကယ်အမှန်အကန် သိသည်ဖြစ်စေ၊ အပေါ်ယံသက်သက်ဖြစ်စေ ချပြနိုင်ဖို့မရဲ။ သူတို့သည် အားနည်းချက်ကို ပိုပြီးထင်ထင်ရှားရှား မြင်သာသော မျက်လုံးများနှင့် လူများ။

              
နံရံကို ပထမဆုံးဖေါက်ထွက်ဖို့ ကြိုးစားသူအတွက် သွေးအလိမ်းလိမ်းဖြစ်နေမည်မှာမလွဲ။ တကယ်တော့ မမေးပဲနေခဲ့သော်လည်း သူတို့နှစ်ဦးရဲ့အတွေးမှာ တခုခု သတ်မှတ်ပြီးဖြစ်နေလောက်ပြီ။ အနားညီ တြိဂံပုံသည် တထောင့် ၆၀ ဒီဂရီရှိသောကြောင့် ကျွန်တော်သည် ယောင် ၆၀၊ ဆဌဂံဆိုလဲ အတူတူ၊ နောက်ဆုံး စက်ဝိုင်းတခုဆိုလျှင်တောင်မှ လုံးလည်ချာလည်လိုက်နေသူ၊ ဒီလိုပဲဖြစ်နေလိမ့်မည်။ မေးလျှင်ပြောမည်၊ မမေးလျှင် သတင်းလွှင့်မည်။


သို့နှင့် တနေ့…


              တိတ်ဆိတ်နေသောအခန်းတခု။ ကျွန်တော်ရယ်၊ ဗေဒင်ဆရာရယ် ၊ ဆံပင်ညှပ်သမားရယ်၊ တခဏတာ သုံးဦးသား ငြိမ်ငြိမ်သက်သက်..

                ဗေဒင်ဆရာ ပင့်သက်တခု ခပ်ဖွဖွချပြီး စကားစပြောသည်။ မရှေးမနှောင်းသူ့လက်မှကိုင်ထားတဲ့ ဘောပင်နဲ့ တစုံတခု စဆွဲသည်။ ဘောပင်စဆွဲရာနေရာသို့ တဖန်ပြန်ရောက်လာလျှင် ပုံစံတခုပေါ်လာမည်။ စက်ဝိုင်းလည်းဖြစ်နိုင်သလို လေးထောင့်လဲဖြစ်နေနိုင်သည်။ အဲဒီ့အခိုက်အတန့်နောက်မှာတော့ ကျွန်တော်ဟာ တစတစ ပျောက်ကွယ် သွားပါတော့မည်။

                 အားနည်းချက်တို့ကို ထင်းနေအောင် ပြရင်း တရွေ့ရွေ့သွားနေသော လူတစုအကြားတနေရာမှာ ပြန်ပေါ်လာမည်လား၊ သူတို့မမြင်သာသော နံရံတခြားတနေရာမှာလားတော့ မသိနိုင်သေး…


မှတ်စု..

“ Its just money; its made up. Pieces of paper with pictures on it so we don't have to kill each other just to get something to eat. ”
Margin Call

Friday, January 27, 2012

သည်ည ကဗျာရေးပါဦး




အနုပညာရှင်တယောက်..

သူသိပ်မြတ်နိုးခဲ့တဲ့ သူ့ရဲ့ဖန်တီးမှူ့တွေထဲကတခုအတွက်..

အပြင်လူတယောက်အတွက်တော့ သူ့ရင်ထဲက ခံစားချက်တွေကို မှန်းရခက်ပေမဲ့..

အသံအဖြစ်ပြောင်းလဲသွားခဲ့တဲ့စကားလုံးတွေထက်..

အသံအဖြစ် မပြောင်းလဲပဲတည်နေခဲ့တဲ့ မျက်နှာပေါ်က အရိပ်တွေဟာ..

ပိုမြင်သာပါလိမ့်မယ်။

Wednesday, January 11, 2012

ဈေးပွဲတော် ၃

ဒါကတော့ အာဖရိက ဈေးရုံလေးပါပဲ။



အ၀င်ဝမှာ တစ်ယောက်က အရုပ်တခု လုပ်ပြနေတယ်။ အောက်က အတိုအစပုံ ကိုကြည့်ရတာ အတော်ပြီးနေပြီးသားကိုမှ အချောသပ်နေတာဖြစ်ပုံရပါတယ်။



အထဲမှာတော့ များသောအားဖြင့် အရုပ်တွေ။ ( ဒီလူက ရုပ်ရှင်မင်းသားတယောက်နဲ့ တူတယ်ထင်တယ် )






အစွယ်တွေ ထင်လိုက်မိသေးတယ်။ နောက်မှ ဒီလိုထားတဲ့ပုံထောက်တော့ အစွယ်အစစ် မဟုတ်လောက်ပါဘူးလေ ဆိုတဲ့ အတွေးဝင်လာမိတယ်။ အဲ့ဒီ့အတွေးနဲ့တင် ကျေနပ်ပြီး စေ့စေ့စပ်စပ် မကြည့်ခဲ့တော့ဘူး။




နောက်တနေရာက ယီမန်..
အထဲမှာ ဟင်းခပ်အမွှေးအကြိုင်တွေ အားရပါးရ ရောင်းနေတာ တွေ့ပါတယ်။ သူတို့ ရိုးရာဝတ်စုံကိုက ကျွတ်ဆင်ကြီး၊ ခါးကြားမြှ ဓါးကောက်ထိုးလျှက် …






ပျားရည်တွေ့လို့ စပ်စုမိပါတယ်။ အတော်ဈေးချိုတာပဲ။ ပျားရိုင်းတွေဆီက ရတယ်ဆိုပါတယ်။ အရသာ မြည်းလို့လဲရတယ်။ ၇၀ မီလီမီတာလောက် ဘူးဝိုင်း ( အဖုံးပါ အပါအ၀င် ၈၀ မီလီမီတာခန့်အမြင့် ) တဗူးအပြည့်မှ ၂၀ တဲ့ ( ဒေါ်လာ= ၂၀/ ၃.၆၈ )




နောက် ဗီယက်နမ်.. အ၀င်ပေါက်ဘေးမှာ သီးသန့် ရိုးရာ တူရိယာ ဖျော်ဖြေပွဲလေးနဲ့။ တယောလို သံရယ်၊ ၀ါးပတ္တလားသံရယ်၊ ပလွေရယ်သံရယ် ပေါင်းထားတဲ့ အသံလို့ပဲ ပြောပါတော့။




ကြည့်နေဆဲမှာ ကျွန်တော် မအီမသာဖြစ်လာတယ်၊ နောက် နေရထိုင်ရ ပိုခက်လာတယ်။ အသက်ကလေးက ရလာပြီလေ..။ ကြာရင် ပိုဆိုးလာမယ် သိလို့ ပြန်ဖို့ စိတ်ကူးရတော့တယ်။ နောက်ထပ်သွားဖြစ်မှပဲ ကျန်တဲ့ နိုင်ငံတွေက ဆိုင်တွေအကြောင်း အသေးစိတ်ထပ်ရေးပါ့မယ်။

ဂိတ်ကနေ အပြင်လှမ်းထွက်လိုက်တော့ စိတ်ထဲ မကောင်းဖြစ်သွားသေးတယ်။ ဂိတ်ကြေးတဆယ် ဒီမှာတင် ဆုံးသွားပြီလေ..

Tuesday, January 10, 2012

ဈေးပွဲတော် ၂

အဲဒီ့ ၃ နိုင်ငံနဲ့ဆိုင်ရာ ဈေးရုံလေးတွေ ထဲ ပတ်ပြီးတော့ ကျွန်တော် အလယ်က ကွင်းပြင်ဆီ လျှောက်လာခဲ့ပါတယ်။ ကွင်းအလယ်မှာ စဉ်လေးတခုရှိပြီး အဲဒီ့မှာ နိုင်ငံပေါင်းစုံက ယဉ်ကျေးမှူ့အဖွဲ့တွေ သူ့ရက်နဲ့ သူ၊ သူ့အချိန်နဲ့သူ အလှည့်ကျ ဖျော်ဖြေပေးလေ့ရှိပါတယ်။


စဉ်ရှေ့ရောက်ခိုက်မှာပဲ ကြေငြာသံပေါ်လာတာက အီကွေဒေါနိုင်ငံက အဖွဲ့တခုက သီချင်းရယ်၊ အကရယ်နဲ့ ဖျော်ဖြေပေးမှာဖြစ်ပြီး ငါးမိနစ်နေရင် စမယ်ဆိုပါတယ်။ ဒါနဲ့ ကျွန်တော်လဲ စောင့်နေတော့တာပေါ့။
စတော့ အတော်သဘောကျမိပါတယ်။ အဆိုရယ်၊ ဂစ်တာရယ်၊ ကီးဘုတ်ရယ်၊ Drum ရယ်၊ ပလွေတလက်ရယ် သွက်သွက် မြူးမြူးနဲ့၊ အမျိုးသမီးတယောက်ကလဲ သီချင်းနဲ့ အတူကတယ်။




ပုံထဲမှာ ခါးမှ ထိုးထားတဲ့ ပ၀ါ အနီလေးကို အစွန်းနှစ်ဖက်က ကိုင်ပြီး ဟိုဟိုဒီဒီပြေးကလိုက် ၊ ခါးကြားထိုး ကလိုက်နဲ့။ အဲ .. သီချင်းလဲ ဆုံးရော အဲဒီ့ပ၀ါ အနီလေးကို ကလေးလေးအလား ပွေ့ရင်းနဲ့.. ( သရုပ်ပေါ်မယ်ထင်တာပဲ.. )




နောက်တပုဒ်မှာ နောက်တယောက် ထွက်ကပါတယ်။ လှတပတလေး..




စပြီးကတဲ့အခါ အရင်တယောက်အတိုင်းပဲ ခက်သွက်သွက်၊ ဂါဝန်စ ကို ကိုင်ရင်း နဲ့ ကပါတယ်။ သီချင်းအလယ်လောက်ရောက်တော့ ခနထိုင်ပြီး ရေချိုး အလှပြင်တဲ့ ပုံ လုပ်ပါတယ်။ ( အရွယ်ရောက်လာပြီ သရုပ်ဖေါ်လေသလားပဲ ) အဲဒီ့နောက် ပြန်ထကတော့ အရင်လို မဟုတ်တော့ သိမ်သိမ် မွေ့မွေ့နဲ့ ( လက်ပုံစံက ဘဲလေးအကနဲ့ အတော်တူအောင် ) သီချင်းဆုံးတဲ့ အထိ ကသွားပါတယ်။





ဒီတယောက်ကို မျက်နှာလိုက်တဲ့အနေနဲ့ နောက်တပုံထပ်တင်လိုက်အုံးမယ်..




နောက်ဆုံး အပုဒ်မှာတော့ နှစ်ယောက် အတူ။ စစချင်း ရှေ့ကတယောက်ထိုင် ဂါဝန် အစကို ကိုင်ပြီးအပ်နဲ့ ချုပ်နေတဲ့ပုံ၊ သူ့နောက်က တယောက်ကထိုင်ပြီး နောက်ကျောဘက်ကနေ ချုပ်ပေးနေတဲ့ပုံ လုပ်နေတယ်။ နောက်တော့ နှစ်ယောက်လုံး အ၀တ်အစား တကိုင်ကိုင်နဲ့ ကတော့တာပဲ။ ( အ၀တ်အစားသစ်ရလို့ ၀မ်းသာတယ် ပြချင်တာထင်တယ် ) ဒီလို ဖြစ်တဲ့အထိ ကသွားပါတယ်..




တခုအံ့သြမိတာက လူလောက်လူအများကြီးကြားထဲ ဘယ်လိုလုပ် တွေ့အောင်ရှာနိုင်တယ် မသိ..




နောက်ဖွဲ့က ယီမန်အဖွဲ့.. ဗုံနဲ့ လူလေးယောက်က ဓါးတရမ်းရမ်းနဲ့ ကတယ်။ ဘယ်ရမလဲ လစ်တော့တာပေါ့..





ဒီစဉ်နဲ့ မလှမ်းမကမ်းမှာ ကွန်တိန်နာတွေချထားပြီး အပေါ်မှာ ဒီလိုအလုံးတခုတင်ထားတာ တွေ့ရပါတယ်။ ဒါနဲ့ သွားကြည့်တာ ဆိုင်ကယ် ငါးစီးလဲတွေ့တယ်ဆိုတော့ ( သေချာပါပြီ )ကျွန်တော်တို့ဆီက ဆပ်ကတွေထဲကလို ကမ္ဘာလုံးထဲ ဆိုင်ကယ်စီးမယ်ထင်တာပဲ။ မေးကြည့်တော့ စတော့မယ်တဲ့။ ဒါနဲ့ ဆိုင်ခန်းတွေဆီပြန်မသွားသေးပဲ စောင့်နေပါတယ်။
စတော့ လူလေးယောက် ဆိုင်ကယ် ၄ စီးနဲ့ ကွန်တိန်နာ အမိုးပေါ် တက်သွားတယ်။ ကျန်တဲ့တစီးကို အပေါ်တင်ပြီး ရပ်ထားတယ်။ နောက် မကြာပါဘူး တယောက်ပြီးတယောက် ကမ္ဘာလုံးထဲဝင်ပြီး စီးကြတာ ၄ ယောက်လုံး တပြိုက် စီးတဲ့အထိ ဖြစ်လာတယ်။ သိပ်မကျယ်လှတဲ့အထဲ ၄ ယောက် စီးကြတာဆိုတော့ ချိန်သားကိုက်ဖို့ အတော်လေ့ကျင့်ထားကြပုံပေါ်ပါတယ်။



၅ယောက်မြောက် နောက်ဆုံးတယောက်က အဲဒီ့အချိန်ရောက်မှ ကွန်တိန်နာထဲက ထွက်လာပြီး အပေါ်တက်လာတယ်။ အမျိုးသမီးဗျ။ ပြီးတော့ ၅ ယောက်လုံး တပြိုက်နက် စီးပြပြီး အထိအခိုက်မရှိ ပွဲပြီးသွားပါတယ်။
ဒီတော့မှ ကျွန်တော်လဲ ဆိုင်ခန်းတွေဆီ ပြန်လှည့်ဖြစ်တော့တယ်…

Monday, January 9, 2012

ဈေးပွဲတော်..

အခုအချိန် ဒူဘိုင်းမှာက ဈေးရောင်းပွဲတော်အချိန်၊ ခေါ်ကြတာကတော့ Dubai Shopping Festival ( DSF )၊ အချိန်အားဖြင့် တလ၊ ပုံမှာပါတဲ့အတိုင်းပါပဲ။




ရောင်းတဲ့သူတွေကလဲ နည်းမျိုးစုံပဲ လျှော့ရောင်းကြ၊ တွဲရောင်းကြနဲ့ မက်လောက်စရာအခင်းအကျင်း၊ ၀ယ်တဲ့သူတွေကလဲ အားရပါးရ၀ယ်နဲ့။ ကျွန်တော်ကတော့ ဘယ်ဖက်ကမှ မပါဘူး။


ဒီလိုပဲ ဒူဘိုင်းမြို့ပြင်တနေရာမှာ ( အနီးနားမှာ အိမ်ယာ စီမံချက်တွေရှိသော်လဲ မပြီးပြတ်သေးလို့ မြို့ပြင်လို့ပဲ ပြောနိုင်သေးပါတယ် ) Global Village ဆိုပြီး ဈေးပွဲတော် တခုကိုလဲ ကျင်းပနေပါတယ်။ သူကတော့ DSF ကို အခြေခံထားတယ်ဆိုပေမဲ့ အချိန်ပိုယူထာားပါတယ်။ နိုဝင်ဘာလ ၁ ရက်နေ့ကနေ မတ်လ ၃ ရက်နေ့အထိတဲ့။ ရောင်းပေတော့ပဲ။


ပြီးခဲ့တဲ့ သောကြာနေ့က ကျွန်တော် အဲဒီ့ကို သွားဖြစ်ခဲ့ပါတယ်။ အရင်နေ့တွေမှာ စိတ်ကူးထားတာက ကားမကျပ်ခင် စောစောသွားပြီး အဲဒီ့မှာ အေးအေးဆေးဆေးနေမယ်ပေါ့။ ပိတ်ရက် ထုံးစံအတိုင်း လူစည်နေလိမ့်မယ်၊ စောလေ ကောင်းလေပေါ့။ စဖွင့်တာက ၄ နာရီဆိုတော့ ၅ နာရီလောက် အိမ်ကထွက်ရင် အဆင်ပြေနိုင်မယ်ပေါ့။


သို့သော် ပိတ်ရက်တို့ထုံးစံအတိုင်း နေ့လည်စာ ၂ နာရီကျော်မှာစား၊ ပြီးတော့ စာအုပ်တအုပ်ဖတ်ရင်းနဲ့ မထင်ပဲ အိပ်ပျော်သွားရာက နိုးတော့ ၆ ခွဲနေပြီ။ အရင်လို အဆင်မပြေနိုင်တော့ဘူးဆိုတာသိပေမဲ့ ဒီလိုပိတ်ရက်တွေမှ လုပ်လေ့ရှိတဲ့ သူတို့အခေါ် Events & Shows ဆိုတဲ့ ဖျော်ဖြေပွဲလေးတွေ မက်တာကြောင့် ဇွတ်ထွက်လာဖြစ်ပါတယ်။ ရောက်တော့ ၇ နာရီခွဲ။
ထင်တဲ့အတိုင်းပဲ ရောက်တဲ့အချိန်မှာ ကားကျပ်တဲ့အပြင် ရဲတွေက လမ်းပိတ်ပြီး အဝေးဆုံးက ကားပါကင်တွေကို ဖြည့်နေတဲ့အချိန်။ ရပ်ရတဲ့နေရာနဲ့ ၀င်ပေါက်က အတော့ကိုလှမ်းသေးတာ တွေ့ရပါတယ်။ တကယ်တမ်းတော့ ၂ ဦးနှစ်ဖက် အကျိုးရှိတယ် ပြောရမှာပဲ။


ကျွန်တော့်တို့ဖက်ကတော့ လမ်းလျှောက်ရတာပေါ့ဗျာ.. လျှောက်ပေတော့ တမျှော်တခေါ်၊ သူတို့ဖက်ကတော့ အောက်ကပုံလို ( ဆိုက်ကားပဲ ပြောပါတော့ ) စီးစရာယာဉ်လေးတွေစီစဉ်ထားတယ်။ စီးချင်ရင် ပိုက်ဆံပေးလေ၊ သက်သက်သာသာရောက်စေရမယ်ပေါ့။



သို့နှင့်ပေါ့ဗျာ.. အတော်လျှောက်လိုက်တော့ ဂိတ်ရောက်ပါလေရော။ လက်မှတ်ဝယ်ရပါတယ်။ ၀င်ကြေး ၁၀ ( ဒေါ်လာ= ၁၀/၃.၆၈ )။ လူတွေစည်လွန်းတော့ ၀င်ကြေးကိုက အတော်ရမှာ။ အထဲမှာတော့ ( ဈေးရောင်းပွဲတော်ဆိုတော့ ) ဈေးရုံလေးတွေလို့ပဲ ခေါ်ပါတော့၊ သူ့နိုင်ငံနဲ့သူ ရုံလေးတွေဖွဲ့ထားပါတယ်။ ကျွန်တော်ဝင်လာခဲ့တဲ့ ဂိတ်နဲ့ အနီးဆုံးက အီရန်။




အ၀င်ဝနားက အရုပ်တွေထဲက ဒီအရုပ်ကိုသဘောအကျဆုံးပဲ။ ကာကွယ်နေတာလိုလို.. ရွယ်ပဲနေတာလိုလို..




အထဲမှာ အဓိက ရောင်းနေတာကတော့ ကော်ဇောဆိုင်တွေများပါတယ်။ အထင်ကရကိုး..




နောက် ပါကစ္စတန်။ လောကကြီးကို လှနေစေချင်သူတို့သည် ပါကီ အမျိုးသားများဖြစ်ကြသည်လို့ အဆိုရှိတယ်မဟုတ်လား။ အလှဆင်ပစ္စည်းလေးတွေ ဘုစုခရု အကုန်ဆွဲထားတာပဲ။ ရွှေခြည် ငွေခြည်၊ ၀ါး စုံနေတာပဲ။







နောက်တခုကတော့ နာမည်ကြီး ချိုင်းနား..




အထဲမှာ အစစ်တွေပဲရောင်းပါတယ်။ အကုန်လုံး တရုတ်နိုင်ငံတွင်ထုတ်လုပ်သည်ဆိုတဲ့ အာမခံစာတမ်းလေးတွေနှင့်။ အရင်နှစ်ခုလို သီးသန့်ရောင်းတာရယ်လို့မရှိ၊ ပစ္စည်းမျိုးစုံ။ ဒီအရုပ်ဆိုင်လေးတောင်၊ နာမည်ကြီးဇာတ်ကောင် အကုန်စုံအောင် ထည့်ထားနိုင်ပါတယ်။ ဈေးမျိုးစုံနဲ့..



ဆက်ရန်..

Saturday, December 31, 2011

၂၀၁၂





•မျက်လုံးများ

အဝေး ( မှုန် )
အနီး ( ကြည် )

•အတွေး

အဝေး ( ကြည် )
အနီး ( မှုန် )

•မျှော်လင့်ချက်


အဝေး ( အတော် မှုန် )
အနီး ( မဆိုး )


၂၀၁၂ ထဲ တလှမ်းပြီးတလှမ်း နင်းဝင်လိုက်တော့မယ်။ အဆင်ပြေမှာပါလေ....