Friday, March 2, 2012

အကျင့်








ကျွန်တော် အကျင့်တခုရလာတယ်။ 

ကျွန်တော်က အရင်က မုန့်ဖိုတခုမှာ အလုပ်လုပ်ခဲ့တယ်။ အလုပ်ဝင်ကာစကတော့ မုန့်ဖုတ်ဆရာရဲ့အကူ။ ၆ လအကျော်မှာ အဲဒီဆရာသမား လခထုတ်ပြီး နောက်တရက် ပေါ်မလာတော့။ ကိုယ့်ကိုယ်ကို မယုံကြည်မှူ့တွေ၊ စိတ်ဖိစီးမှူ့တွေ၊ ပင်ပန်းပြီး စိတ်ဆင်းရဲမှူ့တွေနဲ့ နေ့တွေပဲ။ ပိုင်ရှင်က လစာတိုးပေးပြီး နဲနဲ ကျားကန်ပေးခဲ့ပါရဲ့၊ သိုပေမဲ့ ၀န်နဲ့အားနဲ့ မမျှတော့ တနေ့တာအပြီးမှာ ရှိသမျှခွန်အား ကုန်စင်အောင် ညှစ်ထုတ်ထားခဲ့ရသလိုမျိုး အိမ်ပြန်ချိန်ရောက်တိုင်း ခံစားရတယ်။ ကြမ်းပြင်ဆေးတဲ့ အ၀တ်စုတ်တခုလိုမျိုး။ တနေကုန် ဆေးလိုက်၊ ညှစ်ထုတ်လိုက် နဲ့ အပြီးမှာ ဖွာထွက်နေတဲ့ အစကို တန်းပေါ်ဖြန့်လှမ်းထား၊ နောက်နေ့ ခြောက်သွေ့ပြီး နဲနဲတောင့်တင်းချိန်မှာ အားလုံး အစက ပြန်စ။ 

မိုးလင်းလို့ အလုပ်သွားရတဲ့ အချိန်ကို အကြောက်ဆုံး။ တခါးဖွင့်ဝင်လိုက်တာနဲ့ ပိုင်ရှင့်မျက်နှာက ပြုံးချိုနေပြီး ကောင်လေးရေ ဒီနေ့ မုန့်အော်ဒါတွေ ရှိတယ်ဟေ့လို့ ပြောလိုက်ရင် စိတ်ထဲမှာ ကောင်လေးရေ ဒီနေ့ကတော့ မင်းအတွက် ငရဲနေ့ဟေ့လို့ ကြားလိုက်ရသလိုပဲ။ လအတော်များများ ကြာလာတဲ့အခါမှာတော့ ကျွန်တော်ဟာ လူရော စိတ်ရော လုံးပါးပါးလာပါတော့တယ်။ နေ့စဉ် အလုပ်ထဲမှာ လုပ်နေရမှာမို့ လုပ်နေရတဲ့ ခံစားချက်မဲ့ အလုပ်သမားတယောက်၊ နှေးလို့ရသမျှနှေး၊ အင်နဲ့အား ချွေတာနိုင်သလောက် ချွေတာ၊ တတ်နိုင်သလောက် မစဉ်းစားဖြစ်အောင်နေရင်းနဲ့ပေါ့။

ဒီလိုနေရင်း တနေ့မှာ  တဆစ်ချိုး ပြောင်းလဲစေတဲ့ အချိန်ကို ကျွန်တော်ကြုံလာခဲ့တယ်။ အတွေးတခုကစလာတာ။ ဒီလို အပြောင်းအလဲ ကြုံစေတဲ့ အခိုက်အတန့်မှာ ပေါ်လာတတ်တဲ့အတွေးဟာ တခြားအတွေးတွေနဲ့မတူသလိုပဲ။ သိပ်ပြီး ပီပြင်တယ်၊ ရှင်းလင်းပြတ်သားတယ်၊ အဲ့ဒီ့အတွေးကို လက်လျှော့လိုက်သည်အထိ၊ သို့မဟုတ်လျှင် ဖြေရှင်းနိုင်တဲ့အထိ၊ အဆုံးအထိ မတွေးနိုင်၊ လမ်းမရှာနိုင်သေးသ၍ အကြိမ်ကြိမ် ပြန်ပေါ်လာတတ်တယ်။ 

အဲ့ဒီ့အချိန်မှာ ကျွန်တော်ဟာ Cupcake ဖုတ်ဖို့ မုန့်စပ်ပြီး မွှေစက်အောက်မှာထား၊ မွှေဖို့ အချိန်ကို ချိန်ရာမှာ စိတ်ထဲက သိနေတဲ့ လိုအပ်ချိန်လေးကိုချိန်၊ လှည့်နေတဲ့ဒိုင်ခွက်မှာလက်မရုပ်သေးပဲ ညစ်ချင်တဲ့စိတ်ပေါ်လာပြီး ထပ်ပြီးအချိန်ကိုတင်တယ်။ မကောင်းမှန်းသိနေလို့ လိပ်ပြာမလုံတဲ့စိတ်ဟာ ဖြတ်ခနဲဝင်လာတယ်။ မုန့်ကတော့ ပျက်စရာအကြောင်းမရှိဘူးပေါ့ဗျာ။ ဒါပေမဲ့ အလုပ်ချိန် ဖြုန်းတာတော့ ကိုယ့်ဘာသာကို သိနေတာပဲ။ မိနစ်အနည်းငယ်ဆိုပေမဲ့ ညာတာက ညာတာပဲ။ နောက် အဲဒီ့ မလုံမလဲစိတ်နဲ့ပဲ မလှမ်းမကမ်းမှာရှိနေတဲ့ ပေါင်မုန့် အတွက်နှပ်ထားတဲ့ ဂျုံလုံးကြီးဆီကို တလှမ်းချင်းသွားခဲ့တယ်။ 

ကျွန်တော်တို့ဆီမှာ သုံးတဲ့ တဆေး ( yeast ) တွေက နဲနဲအပွင့်ကြမ်းတယ်၊ ကြီးတယ်။ ဒီတော့ ဂျုံမှုန့်နဲ့ မနယ်ခင် ရေကြက်သီးနွေးနဲ့ ဖျော်ထား၊ ပွထနေမှ စပ်ပေမဲ့၊ ဂျုံသားနဲ့ပါ ကောင်းကောင်းပေါင်းစပ်ဖို့ အချိန်ပေးရသေးတယ်။ မီးဖိုနဲ့ မလှမ်းမကမ်းမှာ ခပ်နွေးနွေး ထားပြီး မကြာခင် ဂျုံလုံးဟာ တဖြေးဖြေး ဖေါင်းပြီး ကြီးလာတယ်။ လုပ်နေကြဆိုတော့ ဘယ်အရွယ်ရောက်လာရင် အိုကေပြီတာ သိနေတာပေါ့။ အခုလဲ ဒီဂျုံလုံးဟာ အဆင်သင့်နေပြီ။ နဲနဲထပ်နယ်၊ ပြီးရင် သင့်တော်သလောက်အရွယ်လေးတွေခွဲ၊ ဖုတ်လိုက်လျှင် ပေါင်မုန့်အတွက် ပြီးပြီ။ စိတ်ထဲက အချိန်တွေကို တွက်ကြည့်တယ်။

အခုနက Cupcake ရယ်၊ ပေါင်မုန့်ရယ်။ ကိတ်က ဖုတ်လျှင် မီးအပူချိန်ပြင်းပြင်း၊ အချိန်တိုတို၊ ပေါင်မုန့်က အချိန်ကြာကြာ၊ မီးအေးအေး။ ဒီတော့ ပေါင်မုန့်စဖုတ်လိုက်ရင် Cupcake ကို အိုဗင်နဲ့ အလီလီခွဲဖုတ်ရတော့မယ်။ မီးတင်ထားပြီး Cupcake ကိုစဖုတ်ရင် ဒီမီးဖိုနဲ့ဆို တကြိမ်ထဲနဲ့ပြီးမယ်။ အလုပ်သက်သာမယ်၊ နောက် ပြီးရင် မီးအားလျှော့သွားသည်အထိ စိတ်အေးလက်အေး စောင့်ရမယ်။ ပြီးရင်ပေါင်မုန့်ဖုတ်။ အားလုံးဟာ ကျွန်တော့အတွက် သက်သာစေတဲ့လမ်း။ အလုပ်အတွက်ကတော့ မတွင်ကျယ်ဆုံးသောလမ်း။ 

ဒီတော့ မီးဖိုဆီသွားပြီး မီးအားကို တင်လိုက်ပါတယ်။ နောက် အသင့်ဖြစ်နေတဲ့ ဂျုံလုံးဆီသွားပြီး အရွယ်အစားလျှော့သွားအောင် နောက်ဖက်တနေရာမှာ မုန့်လုံးကို လက်ညှိုးနဲ့ အသာထိုးလိုက်ပါတယ်။ ရှူးဆိုတဲ့ အသံတိုးတိုးလေးနဲ့အတူ လေလျှော့လိုက်တဲ့ တာယာတခုလို ဂျုံလုံးဟာ အရွယ်အစား ကျုံ့သွားပါတယ်။ တဖြေးဖြေးတော့ ပြန်ဖေါင်းလာမှာပါပဲ။ အချိန်တော့ ယူပါလိမ့်အုံးမည်။ ကျွန်တော့အတွက် စိတ်ချရအောင် လုပ်ခြင်းမျှသာ။ တကယ်လို့ ပိုင်ရှင် ၀င်လာခဲ့ရင်။ ဒီဂျုံလုံး အဆင်သင့်မဖြစ်သေးချိန်မှာ Cupcake ကိုအမြန်ပြီးအောင် ဖုတ်လိုက်သည်ဆိုလျှင် သူကျေးဇူးတောင် တင်သွားနိုင်သေးသည်ပဲ။ 

အခုနကပြောတဲ့ ပြောင်းလဲစေတဲ့အတွေးဆိုတာ အဲဒီ့အချိန်လေးမှာပေါ်လာတာ။ မလုံမလဲဖြစ်နေတဲ့ စိတ်ကို အခြေခံပြီးပေါ်လာတာ။ အတွေးကတော့ တိုတယ်၊ ရှင်းတယ်၊ ပြတ်သားနေတယ်။ ငါဒီလိုဆက်နေလို့ မဖြစ်တော့ဘူးဆိုတာပဲ။ ဖြုန်းတီးနေတဲ့ အချိန်တွေ၊ လျှော့ပါးနေတဲ့ ကိုယ်စွမ်းကိုယ်စတွေ၊ လိပ်ပြာမလုံတာတွေ၊ အဓိပ္ပါယ်မဲ့၊ အနှစ်သာရမဲ့ ဖြစ်နေမှူ့တွေ အားလုံးကို အခြေခံပြီးပေါ်လာခဲ့တာ။ တနေကုန် ထပ်တလဲလဲ တွေးနေတာ ညနေ အိမ်ပြန်ချိန်အထိ အဲဒီ့အတွေးဟာ ပျောက်ပျယ်မသွား။

ညပိုင်း စားသောက်အပြီးမှာတော့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ စိတ်အနှောက်အယှက်ပေးနေတဲ့ ဒီအတွေးကို အပြတ်ဖြတ်မှဖြစ်တော့မယ်။ ဒီတော့ ပထမဆုံး ထွက်ပေါက်ရှာတယ်။ ဒီအလုပ်ကထွက်၊ နောက်အလုပ်တခုကိုရှာ။ သို့ပေမဲ့ တွေးလို့ရတာက ဒီမှာတင်ဆုံးသွားတယ်။ ဘာအလုပ်လုပ်ရမလဲ၊ မသေချာ။ ဒီအလုပ်ကိုဆက်လုပ်နေရမှာကတော့ အနည်းနှင့် အများသေချာနေပါတယ်။ 

ဒီတော့ နောက်နေ့ အလုပ်ပြန်သွား၊ အဲဒီ့အချိန်ကစ အလုပ်မှာ စိတ်ပါလက်ပါလုပ်တော့မယ်လို့တွေးမိတယ်။ သို့သော် ဘယ်လောက်အထိ စိတ်ချနိုင်မလဲ။ မသေချာသေး။ ဒီအဖြစ်ဟာ တဖန်ပြန်လည်လာဖို့ အခွင့်အများကြီးသာနေတယ်။ ဒီတော့ ဘာလုပ်ကြမလဲ။ မလျှော့မတင်းစိတ်က နဲနဲဆက်လုပ်၊ ပြီးလျှင် တိုးတက်ရာတိုးတက်ကြောင့်ရှာပေါ့။ ဒီလိုတွေးတော့လဲ တိုးတက်ဖို့ဆိုတာက နောက်ဆုံး ကိုယ်ပိုင် မုန့်ဖိုထောင်ဖို့ပဲရှိတော့တယ်။ တခြားဘာမှ မယ်မယ်ရာရာမလုပ်တတ်သေး။ 

ဒီမှာ ဖြတ်ကနဲ စိတ်ထဲဝင်လာတာကတော့ ကိုယ့်နိုင်ငံ ကိုယ့်မြို့မှာ မုန့်ဖိုထောင်ဖို့။ လုံးလည်ချာလည်လိုက်နေတဲ့ အတွေးတွေဟာ ထွက်ပေါက်တခုရသလို အရှိန်အဟုန် ပြင်းပြင်းနဲ့အဲဒီ့အတွေးလမ်းကြောင်းပေါ်စ ဦးတည်တယ်။ ကျွန်တော် စိတ်လှုပ်ရှားလာတယ်။ ဖြတ်ကနဲ စာရွက်ရယ် ဘောပင်ရယ်ကောက်ယူပြီး လက်တွေ့ကျကျ စတွက်တယ်။

ဒါဟာတကယ် ဖြစ်နိုင်နေတယ်။  ယခုလက်ရှိအိမ်နေရာဟာ ဆိုင်ဖွင့်ဖို့မသင့်တော့်၊ ဒီတော့ ဆိုင်ဖွင့်လို့ရတဲ့နေရာမှာ မုန့်ဖိုတခုတည်လို့ရမဲ့ မြေနေရာအတော်လောက် ရဲ့ဈေးခန့်မှန်းကို ခန့်မှန်းပြီး ချရေး။ နောက် ပစ္စည်းတွေ။ ဖြစ်နိုင်တာပဲတွေး၊ ခန့်မှန်းခြေတွေပေါင်း။ ကုန်ကျစားရိတ်တွေပေါင်း၊ ပြီးတော့ လက်ရှိအိမ်လေး စိတ်ကူးနှင့်ရောင်းကာ ငွေဖြည့်ကြည့်။ အသားတင်လိုငွေ ထွက်လာသည်။ ဒါကို လက်ရှိ စုဆောင်းနိုင်တဲ့ ငွေနှင့် ဆ ကြည့်ရာ နှစ်အနည်းငယ်ပေါ်လာသည်။ 

ဆောက်တည်ရာသွားရသလို ပျော်တဲ့စိတ်ပါဝင်လာသည်။ သည်တော့ နှစ်အနည်းငယ်လုပ်နေတုန်း ပိုက်ဆံအပြင် ကိုယ့်ဖက်က ဘာတွေဖြည့်ဆည်းထားဖို့လိုမယ်ဆိုတာပါတွေးကြည့်သည်။ ဒီမှာက ဒစ်ဂျစ်တယ် ကမ္ဘာ၊ ဟိုမှာက အရာရာက လက်ဆ။ ဒီတော့ ကိုယ့်ကိုကိုယ် လေ့ကျင့်ရတော့မည်။

နောက်နေ့ကစပြီး ဒီမုန့်ဖုတ်ဖိုဟာ စိတ်ဝင်စားစရာ လေ့ကျင့်သင်ကြားစရာ စာမျက်နှာသစ်တခု။ ရောသည့် စပ်သည့် အခါတိုင်း ချိန်ခွက်၊ အလေးချိန်တိုင်းတာစက်ပေါ်မှာ အတိအကျ ချိန်ပြီးသည်နှင့် အိမ်မှာရနိုင်သော ခွက်နှင့် ပြန်တိုင်းထည့်သည့်အခါထည့်သည်။ လက်နှင့် ပြန်ဆကြည့်တဲ့အခါ ဆကြည့်သည်။ အကြိမ်တိုင်း မပျက်မကွက် အတိုင်းအဆတို့ကို မှတ်နေသည်။ ထို့အတူ အပူချိန်ကိုလဲ ချိန်ညှိပြီးသည်နှင့်  မီးဖိုနား ကပ်သွားခါ လူကိုလာဟပ်သော အပူချိန်ကို စိတ်ထဲ မှတ်မိနေအောင် မှတ်နေသည်။ အလုပ်တွေ ဇယ်ဆက်နေသလို လုပ်ရင်းက စိတ်ထဲမှာ ဖြူစင်စွာ၊ လိပ်ပြာလုံစွာ၊ တက်ကြွစွာ၊ အေးချမ်းစွာ။ တဖက်ကလဲ ရနိုင်သလောက် မျှော်မှန်းချက်ကြီးစွာ စုဆောင်းနေသည်။ 

၁နှစ်က ၂ နှစ်ကြာလာတော့ ကျွန်တော် ဂဏန်းတွေ၊ ချိန်ခွက်တွေနဲ့ ကင်းလွတ်လာသည်။ အချိန်အဆ မှန်ကန်စွာ၊ စိတ်ထဲမှ မှတ်မိနေစွာ၊ အရာရာအသားကျသွားပြီ။ ခန့်မှန်းချက်၊ အတိုင်းအဆ နှင့် ရလာမည့်အရသာတို့ တသားထဲ။ ဆားခွက်မှ ဆားပွင့်တွေခပ်လိုက်လျှင်ပဲ မုန့်မှာပေါ်လာမည့် အရသာကိုပါ ခံစားမိနေသလိုလို။ အရင်က ပြောခဲ့တဲ့ ကျွန်တော် အကျင့်တခု ရလာသည်ဆိုတာက  ဒီလိုလုပ်နေရင်းကရလာတာ။

အကျင့်ဆိုတာကဗျာ၊ မုန့်ဖိုထဲက မုန့်ဗန်းထုတ်လိုက်တာနဲ့ ဘယ်မုန့်မှာဘာလိုတယ် ပိုတယ်ဆိုတာ ခန့်မှန်းကြည့်တတ်တဲ့အကျင့်။ ဆိုဒါနဲသလား၊ မီးနဲလို့၊ အပူအညီအမျှမရလို့ ဒီတလုံး ဟိုတလုံး အရောင်မလှသလား ဆိုတာကအစ မုန့်လေးတွေ တခုစီကို ခန့်မှန်းတွက်ကြည့်တတ်တဲ့အကျင့်။ အစောပိုင်းမှာ မသင်္ကာတဲ့ တလုံးတလေ ဖဲ့မြည်းကြည့်ခဲ့ရပေမဲ့ နောက်ပိုင်းမှာ မြင်တာနဲ့တင် သိလာတယ်။ မပျက်မကွက်လုပ်နေရာက ပေါ်လာတဲ့အကျင့်။

ပြောရရင်ပေါ့ဗျာ။ စီးပွားပျက်ကပ်ဖြစ်လာတော့ ကျွန်တော့်သဌေးလဲ ဘာအသားနဲ့ထုထားတာမို့လဲ။ သူလဲ ပြာတာပေါ့ဗျာ။  အားလုံးထဲမှာ လစာအများဆုံးက ကျွန်တော်။ ဒီတော့ အလုပ်ကနားရဖို့အကြောင်းဖန်လာတယ်။ မှန်းထားတဲ့အတိုင်း ပြန်ပြီးအလုပ်စကြဖို့က ဖြစ်နိုင်နေပြီ။ ဒါနဲ့ အိမ်ကို အကျိုးအကြောင်းလှမ်းပြောတော့ သူတို့နဲနဲစဉ်းစားနေကြတယ်။ ကျွန်တော်လဲ တွေဝေချင်တယ်။ လက်ရှိလေးရောင်းရမဲ့အနေအထားဆိုတော့ ၀ယ်ဖို့တဖက် သေချာမှ စချင်တယ်။ လက်မဲ့မဖြစ်လို။ ဒီတော့ သေချာအောင် စီစဉ်ခိုင်းထားပြီး ဒီလို စောင့်နေရမဲ့အချိန်မှာ မနစ်နာရအောင် တခြားအလုပ်တခု အပူတပြင်းရှာတယ်။ စားရိတ်ကြေပြီး နဲနဲမြတ်ရင်ကို တော်ပါပြီ။

ကံကောင်းချင်တော့ သင်္ဘောကျင်းတခုမှာ လုံခြုံရေးဝန်ထမ်းအလုပ်ကို ရလာတယ်။ ထုံးစံအတိုင်း ဒီအလုပ်က ဘာများ အကျိုးရှိအောင် လုပ်နိုင်မလဲ ကြည့်တော့ လူတွေပဲရှိတော့ လူတွေအကြောင်း သိအောင် ကြိုးစားကြည့်မယ်ပေါ့။ ထူးတယ်ဗျ။ လူတွေရဲ့စိတ်တွေက။ လုံခြုံရေးဝန်ထမ်း ဆိုတာနဲ့ သူတို့ဘာလုပ်ဖို့ ခန့်ထားတယ်ဆိုတာထက် သက်သက် ကြပ်ဖို့ လူဖြစ်နေတဲ့သူတွေလို့ ထင်နေသူက များတယ်။

ကျွန်တော် အမြဲတာဝန်ကျတာက ဂိတ်မှာမဟုတ်ဖူး၊ ပြင်ဖို့ ဒေါက်တင်ထားတဲ့ သင်္ဘောကြီးတက်ဖို့ လှေခါးအရင်းမှာ။ သင်္ဘောတွေက ရေနံတွေ သဘာဝဓါတ်ငွေ့တွေ တင်ပို့လေ့ရှိတဲ့ သင်္ဘောတွေဆိုတော့ ပြင်တဲ့နေရာမှာ အန်မတန်အန္တရယ်များတယ်ဗျ။ ဒီအလုပ်မစခင် သင်တန်းပေးတော့ ပေါက်ကွဲပျက်စီးပြီး မမြင်ဝံ့စရာပုံတွေ လို့ပဲဆိုပါတော့။ အဲဒီ့ပုံတွေကို ဆလိုက်ထိုးပြဖူးတယ်။ ဘာမဟုတ်တဲ့  မီးပွားသေးသေးကစတဲ့ ပေါက်ကွဲမှူ့တွေ။ ဒါတွေကြည့်ပြီး ဒီနေရာမှာ လုပ်ရတာတောင် အတော်လန့်တယ်ဗျ။ သဘောင်္ပေါ်မှာ လုံခြုံရေးအဖွဲ့တွေက လိုက်ကြပ်မှတ်နေတယ်ဆိုပေမဲ့ ဒီလူတွေက မိပေါင်းသားတွေကိုးဗျ။ 

ကျွန်တော့တာဝန်က မီးပွားဖြစ်စေတဲ့ ကိရိယာတွေနဲ့လာရင် ဘယ်နေရာမှာလုပ်မှာလဲ၊ ခွင့်ပြုပြီးသားအလုပ်လား စစ်ကြည့်ရတယ်ဗျ။ နောက် တချိန်လုံးစောင့်ကြည့်နေမဲ့ လုံခြုံရေးဝန်ထမ်းကရော အသင့်ဖြစ်နေပြီလား စစ်ရတယ်။ နောက် သင်္ဘောပေါ်တက်သွားသူတွေ စိုက်ထိုးထားခဲ့တဲ့ မှတ်ပုံတင်ကဒ်လေးတွေ အခြေအနေကို ကြည့်ရသေးတယ်။ လှေခါးပေါ်တက်ခါနီး နာမည်ရယ် ဓါတ်ပုံလေးရယ်ပါတဲ့ ကဒ်လေးတွေထိုးပြီးတက်၊ နောက် ပြန်ဆင်းလာရင် ပြန်ဖြုတ်ယူသွားကြရတာ။

တဦးတယောက် ကဒ်လေးများ ပြန်ယူသွားဖို့မေ့လို့ဖြစ်ဖြစ်၊ ပြန်ဆင်းမလာတာ ကြာရင်ဖြစ်ဖြစ် ကျွန်တော့မှာ စိတ်ပူနေရပြီ။ ၁၀ နာရီကျော်ရင် သတင်းပို့ရပါတော့မယ်။ အသက်အန္တတခုခု ကြုံနေနိုင်ပြီလို့ ယူဆရပါတော့မယ်။ အံ့သြစရာကောင်းတာက ဒီလူတွေက အဲဒီ့လိုမတွေးကြဖူးဗျ။ သက်သက်ရစ်တယ်လို့ ထင်နေသူကများတယ်။ ကျွန်တော် သူတို့အတွေးကို မျက်နှာပေါ်မှာ အတိုင်းသားမြင်နေရတယ်ဗျ။ ထားပါလေ။

အကျင့် .. အခုနက အကျင့်က ဒီနေရာမှာ ပြန်ပေါ်လာတာက တမျိုးဗျ။ လူတွေသင်္ဘောပေါ်တက်မသွားချင် အကျင့်အရ မသိစိတ်နဲ့ သေသေချာချာကြည့်နေမိတယ်။ နောက် စိတ်ထဲမှာဗျာ.. ပြောရရင်တော့မကောင်းပါဘူး။ ဒီသင်္ဘောပေါ်တုံဆိုင်းတုံ့ဆိုင်းနဲ့ တက်သွားတာကို ကြည့်ရင်း မီးဖိုထဲ ဗန်းလေးတွေ ၀င်သွားတဲ့ပုံမျိုးမြင်နေတယ်။ နောက် အချိန်ကို ၈ နာရီချိန်လိုက်တယ်ဗျာ။ အချိန်စေ့သွားတော့ တန်းစီပြီးထွက်လာကြတယ်။ အကြမ်းအားဖြင့် ပင်ပန်းနွမ်းနယ်နေတာ၊ စိတ်လွတ်လပ်သွားတာတွေက ဆင်တယ်ဆိုပေမဲ့ မျက်နှာပေါ်က စိတ်ခံစားချက်တွေရဲ့ ပုံတွေကမတူကြဘူးဗျ။ ဘယ်လိုမှ မှန်းမရ။ အနည်းဆုံး တယောက်ချင်းတောင် တနေ့နဲ့တနေ့ တူမနေဘူး။

ပြောရရင် လူတွေရဲ့ ခံစားချက်နဲ့ တုန့်ပြန်စိတ်လေးတွေက သိပ် Sensitive ဖြစ်လွန်းတယ်ထင်တယ်။ ( ကိတ်မှုန့်စကားနဲ့ ဆိုရင် စိတ်ထဲက ဆိုဒါတို့ တဆေးတို့ပေါ့ဗျာ )။ အေးတယ်ထင်တဲ့သူတွေ တခါတလေ ဒေါသတကြီးဆင်းလာတဲ့ပုံများဗျာ ကျွန်တော့မှာ ကောင်းသောညနေခင်းတောင် မပြောရဲအောင်ပဲ။ တဦးစီ တဦးစီကို အချိန်လိုက် ပြောင်းလဲသွားတာ ဘယ်လိုမှ မမှန်းနိုင်အောင်ပဲ။ လေလေးတချွှန်ချွှန်နဲ့ ဟန်ကျပန်ကျ ဆင်းလာသူကို  ဒီနေက အလုပ်ဟန်ကျလာတယ်ထင်ပါ့လို့ သွားပြောမိတာ မင်းအလုပ်မဟုတ်ဖူးလို့ ပက်ခနဲ ပြောသွားတာလဲ ကြုံဖူးသေးတယ်။ သင်္ဘောပေါ် ဒေါသတကြီး တက်သွားသူတချို့လဲ ပြန်ဆင်းလာရင် ( အိပ်လာတယ်တောင်ထင်ရတယ် ) မျက်နှာက ပြည့်လာပြီး ကြည်ကြည်လင်လင်။

ဒီအကျင့်ကတော့ဗျာ စွန့်ရင်စွန့်၊ မစွန့်လို့ ကြာရင် လူတွေအကြောင်း နောကြေရင် ကြေ၊ မကြေရင်တော့ ရူးသွားနိုင်မလားပဲ…








3 comments:

  1. မုန့်ဖုတ်ရောင်းမလို့လား မမn/a?
    :P
    ပွင့်

    ReplyDelete
  2. စိတ်ဝင်တစား အဆုံးအထိ ဆွဲခေါ်သွားနိုင်ပြီး နောက်ထပ်များ ဆက်ရန်ရှိသေးလား အပေါ်တက် အောက်ဆင်း ပြန်ကြည့်မိတယ်.. ရေးထားတာ ကောင်းလိုက်တာ..
    Motivation လိုနေတာနဲ့ အတော်ပဲ..

    ReplyDelete
  3. သူငယ်ချင်းတယောက်ပြောဖူးတဲ့ စိတ်တဖက်ကနေ အခြားတဖက်ပြောင်းသွားဖို့ဆိုတာ တကယ်တော့ အချိန်အများကြီးမလိုဘူးတဲ့၊ စက္ကန့်ပိုင်းလေးအတွင်းမှာ ဖြစ်သွားတာတဲ့။ အဲဒါကို Golden Second လို့ခေါ်တယ်တဲ့။ အဲဒါကို အရင်က သေချာနားမလည်ခဲ့ဘူး။ ဒါလေးဖတ်လိုက်ရတော့မှ ဟုတ်နိုင်သားပဲလို့ တွေးလိုက်မိတယ်။

    ReplyDelete