Sunday, September 18, 2011

တွေ့ ကြုံခဲ့ရပါသည်..

ဒီတစ်ခေါက် မိတ္ထီလာကို ရောက်တော့ မှောင်စပြုနေပြီ။ဇန်န၀ါရီလလယ် ဆောင်းရာသီမို့  နေ့ တာတို၍ ဖြစ်နိုင်သလို၊ မန္တလေးမှ ထွက်တာနောက်ကျ၍လည်း ဖြစ်နိုင်ပါသည်။အိမ်မှ လာကြိုသူများနှင့်ကားရောက်တော့ ည ၈နာရီကျော်စပြုပြီ။

ကားဂိတ်က အိမ်အသွား ဟိုဟိုဒီဒီ လှမ်းကြည့်ရာ အိမ်တစ်ချို့  မှ တပိုင်တနိုင်ထွန်းထားသော မီးရောင် ကြိုးကြားကြိုးကြားသာ မြင်ရ၏။ လမ်းတစ်လျှောက်လုံး ဆိုင်ကယ် သုံး၊လေးစင်း ကားသုံး။လေးစင်းသာ တွေ့ ရပြီး လမ်းဘေးဆိုင်များလည်း ပိတ်ရန် ပြင်ဆင် နေကြသည်။ ဆောင်းအေးအေးမို့  ချမ်း၍ထင့် အိမ်အများစုမှာလည်း တံခါးများပိတ် တိတ်ဆိတ်နေပေပြီ။ (လျှပ်စစ်မီးမလာ၍ လည်းဖြစ်နိုင်ပါသည်။)

အိမ်ရောက်တော့ ဆောင်းလေအေးအေးကြား အိမ်ရှေ့ထွက်ကြိုနေသော အမေ့ကို အလင်းရောင် ဖျော့ဖျော့ကြားမှာ ဦးစွာ တွေ့ လိုက်ရတော့သည်။တွေ့ တွေ့ ချင်း မြေးကို ချီဖို့  ဦးစွာ ကြိုးစားရင်း လမ်းတစ်လျှောက် အဆင်ပြေ၊ မပြေ မေးကာ ပါလာသည့် အထုပ်အပိုးများသယ်၍အိမ်ထဲ ၀င်ခဲ့ကြတော့သည်။

နေကောင်းကျန်းမာ အပြန်အလှန်မေးအပြီး အမေနှင့် အကို ညစာစားဖို ခူးခပ်နေစဉ် ကျမလည်း အခန်းထဲဝင်ကာ အိပ်ဖို့ အဆင်သင့်ဖြစ်ရန် ပြင်ဆင်ရ၏၊ သားက အိပ်ချင်နေပြီ ဖြစ်သလို အမေ့အတွက်လည်း အိပ်ရာဝင်နောက်ကျနေပေပြီ။ ညစာစားပြီး စကားနဲနဲပါးပါး ပြောဆိုကာ သားကိုသိပ်ရတော့သည်။ အိပ်ရာပြောင်း ပါက အအိပ်ခက်တတ်သည့် ကျမလည်း ဒါကိုယ့်အိမ်ရာဆိုသည့် အသိနှင့်ပင် နှစ်ခြိုက်လွယ်ကူစွာ အိပ်ပျော်သွားတော့သည်။

။ = ။ = ။ = ။ = ။ =

မနက်နိုးလို့  မျက်လုံးဖွင့်ကြည့်တော့ ပြတင်းပေါက်ကတစ်ဆင့် အလင်းရောင်ကို ကောင်းစွာမြင်နေရပြီ။ ဆောင်းလေအေးအေးတိုက်နေသည့် အရသာကိုပါ ရလိုက်၍ သေချာထကြည့်တော့ အိမ်ရှေ့တံခါးမကြီးဖွင့်ထားသည်ကို တွေ့ လိုက်ရသည်။သို့ ဖြင့် ကျမလည်း အိပ်ရာမှ ထကာ အိမ်ရှေ့သို့ ထွက်ခဲ့တော့သည်။

အိမ်ရှေ့ရောက်တော့ အမေနှင့် အကို ဆွမ်းလောင်း ပြီး ၍ ဆွမ်းအုပ်နှင့် ခုံလေးကိုပင် သိမ်းနေကြပေပြီ။ ကျမလည်း အိမ်ရှေ့ရှိ ထိုင်ခုံပေါ်ထိုင်လိုက်ရင်း ရှေ့တူရှူကို ငေးမောနေမိ၏။လေဖြူးဖြူးလေးလည်းတိုက်ခတ်နေရာ ခုလို သဘာဝ ဆောင်းလေအေးအေးအရသာကို မခံစားရသည်မှာ ကြာပြီ ဖြစ် ၍ လေကို အားရပါးရ ရှူရှိုက်နေမိသည်။ကျမ စိတ်တွေ လန်းဆန်းပေါ့ပါး နေပါသည်။ မျက်နှာချင်းဆိုင် ကွက်လပ်ထဲရှိ သရက်ပင်များ နှင်းများဖြင့် ဖွေးဖွေးဖြူနေသည်ကို ကြည့်နေမိပြန်သည်။

တကယ်တော့ သားလေးမွေးပြီးကတည်းက ခုလို တစ်ခါမှ အေးအေးဆေးဆေး မထိုင်ဖူးသေး ၍ ခုချိန်လေးကို လွန်စွာကျေနပ်နေမိသည်။သားလေး မနိုးခင်ကလေး အထိပေါ့လေ။ခဏ နေတော့ အမေနှင့် အကိုက မီးဖိုချောင်မှ အိမ်ရှေ့ထွက်အလာ သားလေး၏ အော်သံ နှင့် သူ့ အဖေ စကားသံတို့ ကို တပြိုင်တည်းကြားလိုက်ရတော့သည်။

သားလေးနိုးသံကြားတော့ အဖွား ဖြစ်သူ နှင့် ဦးလေးဖြစ်သူ မနေနိုင်တော့။အခန်းဆီသွားကာ ခေါ်ထုတ်လာခဲ့ကြသည်။ ကျမက အိပ်စေချင်သေးပေမဲ့ သူတို့ အတွက်က စောင့်ရတာ ကြလှပေပြီ။မတွေ့ ကြရတာ ၃လတောင် ကြာခဲ့ပြီကိုး။

သားနှင့် သူ့ အဖေပါ အိမ်ရှေ့ ရောက်လာမှပင် ကျမလည်း ထိုင်နေရာမှ ထကာ မျက်နှာသစ်ဖို့  ပြင်ဖြစ်တော့သည်။ တကယ်တော့ ကျမ ခုနကလို ထိုင်ငေး နေချင်ပါသေးသည်။ သို့ သော် ...

ကျမ မျက်နှာသစ်အပြီးထိ သားနှင့် သူ့ အဖေတို့ က စကားပြော ကောင်းတုံး။ မြေး၊ အဖွား၊ သားအမိ တစ်တွေ ပြောစရာ စကား မကုန်နိုင်ပါ။ ကျမ နားလည်နိုင်ပါသည်။ ထို့ ကြောင့် သူတို့ ကို ထားခဲ့ကာ မနက်စာပြင်ရန် မီးဖိုချောင်သို့  ထွက်ခဲ့ပါတော့သည်။ စားပွဲပေါ်ကို ကြည့်လိုက်တော့ သုံးယောက်အတွက် အားလုံးအကြိုက် စားစရာ အစုံ ပြင်ထားပြီးသား ပူပူနွေးနွေး အဆင်သင့်။ မနက်စာ အေးမသွားခင် အမြန်စားနိုင်ရန် ကိုယ်တိုင်ဝင်ကာ သားငယ်ကို မျက်နှာသစ်ပေးလိုက်ရတော့သည်။

မနက်စာစားပြီးတော့ ထုံးစံအတိုင်း လက်ဘက်ရည်ဆိုင်သွားဖို့ ပြင်ကြ၏။ ထိုစဉ် နောက်တစ်နေ့ စာ စားချင်တာကို ဈေးဝင် ၍ ၀ယ်ခဲ့ရန် အမေက မှာတော့သည်။ ဒီကနေ့ အတွက်တော့ သူ့ သားအကြိုက် သူ အားလုံး စီစဉ် ချက်ပြုတ်ပြီးသား။

ဈေးကပြန်ရောက် ၍ မကြာခင်မှာပင် ကျမတို့ အိမ်နှင့် အနီးဆုံး အကိုကြီးတို့  လင်မယားရောက်လာ၏။ ပြီး အဝေးဆုံး ကိုဝင်းရောက်လာပြီး နောက်ဆုံး တော့ အဝေးမြို့ မှ ကိုပေါက်ရောက်လာတော့သည်။ အမေကြိုတင် အကြောင်းကြားထား ၍ ဖြစ်ပါသည်။

လူစုံပြီဆိုတော့ ပြောလို့ မဆုံး အကြောင်းအရာအစုံ။ ပြောရင်း သူတို့ စိတ်အ၀င်စားဆုံးက သားလေးကို။ သားလေး စိတ်အ၀င်စားဆုံးကလဲ သူ့ ဦးကြီးများကိုပင်။ ဦးကြီးများ အပြောအဆိုကြည့် ၍ သူ့ စိတ်ကြိုက် လုပ်လို့ ရမှန်းသိကာ ဦးကြီးများနားမှ မခွာ။ သူ့ ဦးကြီး အကြီးဆုံးက အလို အလိုက်ဆုံး။

ကျမတို့ နှစ်ယောက်က သူတစ်ခုခုလုပ် ၍ လှမ်း ဟန့် ပါက သူ့ ဦးကြီးမှ လုပ်လုပ် ကြိုက်တာလုပ် ဦးကြီးရှိတယ် ၀င်ဝင်ပြောတော့ သူ့ ဘက်လိုက်မှန်းသိသွားတော့သည်။ မကြာပါ သူ့ ဦးကြီးလက်ဆွဲ ၍ သူ လုပ်ချင်တာတွေ တစ်ခုပြီး တစ်ခု လုပ်ပါတော့သည်။

ဦးကြီးများလည်း သားလေးနှင့် တပြုံးပြုံး။ သားလေး အတွက်ကတော့ ပြောစရာမလို။ မဟာအခွင့်အရေး။ နေ့ လည်ရောက် ၍ ရေချိုးဖို့ ပြင်တော့ အိမ်ရဲ့ အရှေ့မြောက်ထောင့်မှာရှိတဲ့ ရေအုတ်ကန်ဘေးမှာ ဦးကြီးလေးယောက်က အဆင်သင့်။ သူတို့ တူလေးကို ရေချိုးပေးဖို့ ။ ရေချိုးတော့ သားလေးက ပလပ်စတစ် ရေပုံးကြီးထဲမှာ ၀င်ပြီး ဆော့လို့ ။ ဦးကြီးလေးယောက်က ဘေးက ၀ိုင်းလို ၊့ရေလောင်းသူကလောင်း။ ဆပ်ပြာတိုက်ဖို့ ပြင်သူကပြင်။ သားလေးတစ်ယောက် ရေချိုးမရပ်ချင်တော့ ။ တော်တော်ကြာတော့ မရတော့ ကျမ၀င်ခေါ်ရတော့သည်။ အလိုလိုက်သူ ဦးကြီးများနှင့် သားလေးတစ်ယောက် ရေချိုးရပ်မှာ မဟုတ်တော့ပါ။
ပြီးတော့ အဖွားကလဲ သနပ်ခါးသွေးပြီး အဆင်သင့်။ ကျမတို့ လိမ်းပေးလျှင် ခက်သလောက် သူ့ အဖွားနဲ့ တော့ဟုတ်လို့ ။ တကယ်တော့ သားက လူရည်လည်။ ခဏ သည်းခံလိုက်တာနှင့် သူ့ စိတ်ကြိုက် လုပ်ချင်တာ လုပ်ခွင့်ရမည်ဆိုတာ သိသွားပြီကိုး။
နေ့ လည်စာ စားသောက်ပြီးကြတော့ ဦးကြီးများ တစ်ယောက်ပြီး တစ်ယောက် ပြန်သွားကြတော့သည်။ တကယ်တော့ မပြန်ချင်ကြသေး။ ကျမတို့ နှင့် စကားပြောချင်ကြသေးသလို သားလေးကို စိတ်ကြိုက်ဆော့ခွင့် ပေးချင်ကြသေးသည်။ သို့ သော် သူတို့ လုပ်ငန်းခွင် ပြန်ဝင်ကြရအုံးမည်။

မွန်းလွဲချိန်ရောက်တော့လည်း သားလေးအိပ်ဖို့ စိတ်မကူး။ သူ့ ဦးကြီး အငယ်ဆုံး ၊ သူ့ အဖေတို့ နှင့် ဆက်ကစားတုံး။ ဂစ်တာတီးလိုက်၊ ကီးဘုတ်တီးလိုက်ဖြင့် သူ့ ဦးကြီး လုပ်ပြသမျှနောက်က လိုက်လုပ်ကာ အကျေနပ်ကြီး ကျေနပ်နေလေသည်။ ကျမနှင့် အမေတို့ ကတော့ အိမ်ရှေ့ရှိ ကုလားထိုင်များတွင် ထိုင်ရင်း ဟိုအကြောင်း ဒီအကြောင်း စပ်မိစပ်ရာ စကားပြောနေကြသည်။

ဒီလိုနှင့် ပြောကြရင်း မနက်ဆွမ်းလောင်းသည့်အကြောင်း ရောက်သွားတော့သည်။ ထိုအကြောင်းကို သိပြီးသား။ ပြီးခဲ့သည့် အခေါက် အောက်တိုဘာလအတွင်း လာစဉ်က ကြုံခဲ့ပြီးသား။ သို့ သော် သေသေချာချာ စုံစုံလင်လင်မဟုတ်။ စုံစုံလင်လင်မဟုတ်ဆိုသည်မှာ အမေ ယခုပြောပြသည့် ကိုရင်လေးများအကြောင်း မပါ ၍ပါ။
ထိုစဉ်ပြောပြစဉ်က အမေရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ ကျမတို့ မိသားစုလေး ကျန်းမာပျော်ရွှင် အဆင်ပြေရေးအတွက် ဆုတောင်း လှူဖြစ်ပုံလေးသာ ။ အဲဒီတုံးက ပြောပြခဲ့စဉ်က `သမီးရယ် အမေကလေ... ` အစချီ၍ ...

` သမီးတို့ လည်း ကုသိုလ်ရအောင် ဆိုပြီးလေ အိမ်ရှေ့လမ်းကနေ ကြွတဲ့ ကိုရင်လေးတွေ၊ ဦးပဇင်းလေးတွေကို မနက်တိုင်း ဆွမ်းချက်လောင်းတယ် သမီးရဲ့။ တစ်ခါတစ်လေတော့လည်း ဘီစကွတ်မုန့် ကလေး၊ အကြော်ကလေးပေါ့လေ။ အဆင်ပြေရာလေးတွေပေါ့။ အမေက တစ်လစာ ဆန်ဝယ်ကတည်းကကို ဆွမ်းအတွက်ဆိုပြီး သပ်သပ် ရည်ရွယ်ပြီး ၀ယ်တာ။ သမီးတို့ ပို့ ပေးတဲ့ငွေနဲ့ ဆိုတော့လေ သမီးတို့ သားတို့ ရဲ့ ကုသိုလ်ပေါ့ ။ `

` သမီးသိတဲ့အတိုင်း အိမ်ဆောက်တုံးကပိုနေတဲ့ အသား အတိုအပြတ်စတွေကလည်း ရှိနေတော့ အမေက အဲဒါလေးတွေနဲ့  မီးမွှေးပြီး မနက်စာ ထချက်တာကိုး။ ဆောင်းတွင်းဆိုတော့ စောစောစီးစီး အချမ်းလဲပြေ၊ အသားစလေးတွေလဲ အလကား မဖြစ်အောင်လို့ လေ။ အမေက စောစောလည်း နိုးနိုးနေတတ်တော့ ။ `

`အဲဒါ တစ်ရက်ကျ ကိုရင်ကြီးတစ်ပါး အိမ်ရှေ့မှာ ဆွမ်းရပ်လို့  လောင်းရာကနေ စပြီး အခုဆို ကိုရင်လေးတွေနဲ့  ပေါင်း အပါး ၃၀ လောက်တောင်ရှိနေပြီ သမီးရဲ့ ။ `

`သမီးသိတဲ့ အတိုင်းပဲ လျှပ်စစ်မီးကလဲ အားမကိုးရတော့ ဒီထင်း ၊ တစ်ခါတစ်လေ မီးသွေးနဲ့ ပဲ အပါး ၃၀ စာ ချက်ရတော့ များများတော့လဲ မလောင်းနိုင်ဘူးပေါ့လေ။ တစ်လုတ်တစ်ဆုတ်ပေါ့။ `

(ကျမစဉ်းစားကြည့်ရာ လူတိုင်းအတွက် ဒီတစ်လုတ်တစ်ဆုတ်စာ ဆန်အတွက် မခဲယဉ်းပါ။ အပန်းမကြီးနိုင်ပါ။ တတ်နိုင်ကြပါလိမ့်မည်။ သို့ သော် အသက် ၈၀ ကျော် အဖွားတစ်ယောက်က နေ့ တဓူဝ မနက် ၅ နာရီခန့် ထပြီး ကိုယ်တိုင်ချက်ဖို့ ဆိုတာတော့ မလွယ်ကူနိုင်ပါ။ ကျမ လွန်စွာကျေးဇူးတင်မိပါသည်။ နောက်ဆက်တွဲ စကားများကြားရတော့ ပိုလို့ ပင် ကျေးဇူးအထူးတင်မိပါတော့သည်။ )

`အဲဒါတစ်ရက် သားဆီက အီးမေးလ်လာတယ်ဆိုလို့ ကိုအောင် ဆိုင်ကို သွားယူတာလေ။ စာထဲမှာ ငါ့သမီး ကိုယ်ဝန်ရှိတဲ့ အကြောင်းလဲပါရော အမေ့မှာ သိဆို စပြီး ဆုတောင်းတော့တာပဲ။ သြော် ငါ့သမီးတို့ မှာ မိဝေး၊ ဘဝေးနဲ့ ၊နောက်ပြီး သားဦးကိုယ်ဝန်၊ အတွေ့ အကြုံက မရှိ၊ နောက်ပြီး နီးစပ်ရာဆွေမျိုးသားချင်းကလဲ မရှိကိုး။ အမေ့မှာတွေးတွေးပြီး ပူလိုက်ရတာ။ ဖြစ်ကြပါ့မလားနဲ့ ပေါ့ ။ `

` အဲဒီနေ့ ကစပြီး ဆွမ်းလောင်းဆို ဆုတောင်းတော့တာပဲ။ ငါးသမီးကျန်းမာပါစေ၊ အဆင်ပြေပါစေ၊ သားကောင်း သမီးကောင်းလေးရပါစေ၊ အဓိက ကတော့ သမီးရေ ကျန်းကျန်းမာမာ ကိုယ်အင်္ဂါံပြည့်ပြည့်စုံစုံပေါ့ သမီးရယ်။ `
`အမေ့မှာလေ ဆုတောင်းတော့ သမီးမရမှာ စိုးလို့ လေ ဟိုငါ့သမီးက တစ်ခြားတိုင်းပြည်မှာဆိုတော့ မရမှာစိုးလို ။့အမေက ဆုတောင်းတိုင်း တစ်ကမ္ဘာလုံးမှာရှိသော ကိုယ်ဝန်ဆောင် မိခင်တိုင်း ကျန်းမာကြပါစေပေါ့။ ဒါမှ ထိရောက်မှာကိုး။ သုတ်တွေလည်း ရွတ်ပေးတာပဲ သမီးရေ မနက်ရယ် ညရယ်မဟုတ်ဖူး သတိရတိုင်းပဲ ။ `

` မွေးဖို့ နီးလာတော့ တစ်ခါ သမီးတို့ က ဟိုမှာပဲ မွေးမယ်ဆိုတော့ အမေတွေးသေးတာ၊ သြော် ဒီမှာ သမီး အစ်ကို ဆရာဝန်တွေ ရှိရဲ့နဲ့  ဘာလို့ များ ပြန်မလာရသလဲပေါ့။ ငွေတွေကလဲ ကုန်လိုက်တာနဲ့ ပေါ့လေ။ နောက်တော့လဲ ဆွမ်းလောင်းတိုင်းသာ သမီးအတွက် ၊ သမီးအတွက်နဲ့  ဆုတောင်းရတော့တာပါပဲ။ နောက်ချောချောမောမောမွေးတယ်ဆိုမှ စိတ်ချရတော့တာပဲ။ ဒါတောင် ကိုယ်တိုင် မတွေ့ ရတော့ ဖြစ်မှ ဖြစ်ပါ့မလား စိတ်ပူရသေးတာ။ `

`နောက်မကြာဘူး သားက အီးမေးလ်ကနေ ဓါတ်ပုံတွေပို့ တော့ ကိုအောင်က ဆိုင်ကနေ တစ်ခါတည်း ပုံတွေ ထုတ်ယူလာတာ ၊ အဲဒီကျမှပဲ စိတ်ချပြီး ငါ့မြေးက လူချောပဲ ဆိုပြီး ဓါတ်ပုံပြ ကြွားတော့တာပဲ။ `

ထိုစဉ် ဘေးနားက အမေ ထထွက်သွားသည်ကို ရိပ်ကနဲ သိလိုက်သလို အတွေးလဲပြတ်သွား၏။ပုံမှန်အသိပြန်ဝင်လာပြီး ကျမ ကြာရှည်စွာ ဘာစကားမှ မပြောဖြစ်မှန်း ကိုယ့်ဟာကိုယ် ရိပ်မိလိုက်၏။ အမေ့ရဲ့ နံ့ သာဖြူ သနပ်ခါး ဖွေးဖွေးမျက်နှာကို ငေးကြည့်နေရင်း လွန်ခဲ့သော အောက်တိုဘာလထဲ လာခဲ့စဉ်က အမေ့ပြောစကားများကို တစ်ကြောင်းချင်း ပြန်လည်တွေးတော နေမိ၍ ဖြစ်ပါသည်။

ထိုစဉ်အခါက အမေ့ စကားရှည်ကြီးဆုံးသွားတော့ ပြန်ပြောစရာ စကား မရှိခဲ့ပါ။ မရှိပါဆိုတာထက် စကားလုံးရှာ မတွေ့ ခြင်းပါ။အမေ နောက်ဖေးသို့  ထထွက် သွားပေမဲ့ ကျမကတော့ စဉ်းစားရင်း ကျန်ခဲ့ပါသည်။

ကျမ ယုံကြည်ပါသည်။ အမေ့ရဲ့  မေတ္တာ ၊ စေတနာ၊ စိုးရိမ်ပူပန်မှု အပြည့်နှင့် ကုသိုလ်ကောင်းမှု အလှူဒါနကို နေ့ စဉ် မပြတ် ဆုတောင်း လောင်းလှူမည်ဆိုတာ စိတ်မှန်းဖြင့် မြင်ယောင် ခံစားနိုင်ပါသည်။
ကျမ ကြည်နူး၊ ကျေနပ် ကျေးဇူးတင်မဆုံးပါ။တကယ်လည်း နှစ်ဘက် မိဘ၊ မောင်နှမ ၊အစ်ကိုများရဲ့  ပို့ သသော မေတ္တာဖြင့် သားလေးကို အဆင်ပြေလွယ်ကူ ချောမွေ့ စွာ မွေးဖွားနိုင်ခဲ့ပါသည်။

တကယ်တော့ ဆွေးမျိုးများတင် မကပါ။ ကျမ၏ သူငယ်ချင်းများလည်း ပါဝင်ပါသည်။ လက်တွေ့ ကြုံခဲ့မှုများ၊ တဆင့်ကြားသိမှုများကို ဖုန်းဖြင့် တစ်မျိုး၊ အီးမေးလ်များဖြင့် တစ်သွယ်၊ စာအုပ်များဖြင့် တစ်လ၊ီ နှုတ်အားဖြင့် ၊ စာအားဖြင့် ကူညီအားပေးခဲ့ကြသော စင်ကာပူနိုင်ငံမှ သူငယ်ချင်းများ၊ မန္တလေးမှ ညီအစ်မသဖွယ်ချစ်ကြသူများ အားလုံးကို အလွန်ကျေးဇူးတင်မိပါသည်။ ဆောင်ရန် ရှောင်ရန် နှင့် လိုအပ်ချက်များကို သိရှိသည်သာမက ခွန်အားများလည်းရရှိခဲ့ ပါသည်။

ကျမတို့  လွန်စွာမှ ကံကောင်းကြပါသည်။ အသက် ၄၀ နားတိုင်သည်ထိ မိဘ၊ညီအစ်ကို၊ ဆွေမျိုးသားချင်းများနှင့် သူငယ်ချင်းများ၏ စိုးရိန်မှု၊ ပူပန်မှု၊ ဂရုစိုက်မှု အပြည့် ရရှိ ခံစားရဆဲမို့ ပါ။

တစ်ယောက်တည်း တွေးတော စဉ်းစားဆဲမှာပင် သား၊ သူ့ အဖေနှင့် အတူနေ သူ့ဦးကြီးတို့ အပြင်က ပြန်ရောက်လာကြ၏။ ဘယ်အချိန်က အပြင်ထွက်သွားကြမှန်း မသိလိုက်ပါ။ သားငယ်ရဲ့အသံ ဆူဆူညံညံ ကြားကတည်းက သူဘယ်လောက်ထိ ပျော်လာသည်ကို ခန့် မှန်းနိုင်ပါသည်။
သားလေးသည်လည်း အလွန်ကံကောင်းပါသည်။ သူသည် ကျမတို့ ထက် ပိုမို၍ပင် ကံကောင်းပါသည်။ ကျမတို့ တုံးကထက် ပိုသော အချစ်များ၊ ဂရုစိုက်မှုများ ရရှိနေ၍ပဲ ဖြစ်ပါသည်။

ကျမအထက်ပါ အကြောင်းများကို ရှည်ရှည် လျားလျား ပြန်စဉ်းစား တွေးတော သုံးသပ်မိသည်မှာ အမေက ပြောပြ ၍့ မနက်တိုင်း ဆွမ်းလာခံသော ကိုရင်လေးများ အကြောင်း ထပ်မံ သိလိုက်ရသောကြောင့် ဖြစ်ပါသည်။ အတွေးရှည်ကြီး မစခင် အမေနှင့်ပြောဖြစ်ခဲ့သည်က ဆွမ်းလောင်းသည်နှင့် ပတ်သတ်သည့်အကြောင်းသာပင်။ သို့ သော် ဒီတစ်ခါက ဆွမ်းလောင်းသည် နှင့် ဆက်စပ်သော ကိုရင်လေးများ အကြောင်း ဖြစ်ပါသည်။

အမေနှင့် ကျမ အပြန်အလှန် ပြောဖြစ်ခဲ့ကြသည်က...

`သမီးရေ အမေကလေ သမီး ကလေးမီးဖွားပြီးပြန်တော့လည်း ဆွမ်းလောင်းတော့ မပျက်ဖူး။ နေမကောင်းလို့ မချက်နိုင်ရင်တောင် ကိုအောင့်ကို မုန့် ကလေး၊ ဘာလေး ကြိုဝယ်ခိုင်းပြီး လောင်းဖြစ်သေးတယ်။ `
ကျမ ဘာမှ မပြောပဲ နားထောင်နေမိသည်။ အမေက ဆက်၍

`ကိုရင်လေးတွေကလဲ သိနေပြီ။ အိမ်ရှေ့ ဆွမ်းအုပ် မရှိလဲ ရပ်တာပဲ။ တစ်မျိုးမဟုတ် တစ်မျိုးလောင်းမှန်း သိနေတာကိုး။ အဲဒီတော့ အမေလဲ အပျက်မခံပဲ လောင်းဖြစ်နေရောပဲ သမီးရေ။ `ကျမ ယုံကြည်ပါသည်။ မပြတ်အောင် မရှိ ရှိတာနဲ့ လောင်းသည်ဆိုသည်ကို။

`မွေးပြီးတော့လဲ တစ်မျိုးပူရတာပါပဲ။ သားဦးဆိုတော့ ပြုစုတတ်ပါ့မလား။ တစ်ယောက်ယောက်များ နေမကောင်းဖြစ်ရင် လူပိုလဲ မရှိနဲ့ ။ ဘယ်လိုများ လုပ်ကြမှာ ပါလိမ့်ဆိုပြီး။ ပူတတ်ရင်တော့လဲ ပူချင်စရာချည်းပေါ့လေ။ `
အမေမှ မဟုတ်ပါ။ ကျမကလဲ ပေါင်းစုံတွေး ပူပင်တတ်သူမို့ အဝေးကနေ တွေးပူမှာ သိပါသည်။

`အဲဒါတစ်နေ့ ဆွမ်းလောင်းနေရင်း ခါတိုင်း လာနေကြ ကိုရင် ခပ်ကြီးကြီးလေး မပါလာတာ သတိထားမိပြီး မေးမိတော့ အဲဒီထဲက ဗမာစကား နားလဲလည် ပြန်လဲပြောတတ်တဲ့ ကိုရင်လေးက သူပြန်သွားတာ သူပုန်သတ်လို့ သေပြီ ဆိုပြီး တုံးတိတိနဲ့ ပြန်ပြောတယ် သမီးရဲ့ ။ `

အမေ့ စကားအဆုံး ကျမအံ့သြသွား၏။ မိတ္ထီလာမြို့ က ကိုရင်လေးများက ဗမာစကား မတတ်ဘူးဆိုသည်ကိုး။ နောက်ပြီး ပို ၍ အံ့သြသွား၏။ သူပုန်သတ်လို့ သေပြီ ဆို ၍ ပါ။ တကယ်တော့ အံ့သြတာထက်ပိုပါသည်။ ပြောမပြတတ်တော့ပါ။ သို့ ဖြင့် ကျမက `သူတို့ က ဗမာစကားမတတ်ဘူးလား ` မေးမိတော့

`ဟုတ်တယ် ခပ်ကြီးကြီးလေးတွေပဲ နဲနဲပါးပါး တတ်ကြတာ `
`ဟင်..ဘာလုပ်တုံး `
`သူတို့ က တောင်ပေါ်ရွာလေးတွေက လာကြတယ် ပြောတာပဲ။ ရှမ်းတို့ ပအို့ တို့ လို့ ထင်တာပါပဲ
အင်း..သေချာတာကတော့ အမေ သေသေချာချာ မသိခြင်းပါ။ ရပါသည်။ယခု ကျမသိချင်နေသည်က သူတို့ ဘာလူမျိုးလဲ ဆိုသည်ထက် သူပုန်သတ်လို့ သေပြီဆိုသော အကြောင်းကိုပင်။ဆက် ၍ ကျမက
`သူပုန်သတ်လို့ ` ဟုမေးမိတော့ အမေက..
`သူတို့ လေးတွေလာကတည်းကိုက သူပုန့် ရန်ကြောက်လို့ တဲ့။ မိဘတွေက သူတို့ နဲ့ မထားပဲ ဒီဘုန်းကြီးဆီပို့ ထားကြတာတဲ့`
`ဘာဖြစ်လို့ ကြောက်ရတာတဲ့တုံး`ကျမ ဆက်သိချင်နေမိသည်။ ဒီတော့ အမေက..

`အမေလဲ သေသေချာချာ မသိပါဘူး။ သူတို့ တွေက ဗမာစကားကလဲ ရည်ရည်လည်လည် မပြောတတ်ကြတော့ စကားကောင်းကောင်း မပြောဖြစ်ဘူး သမီးရဲ့ ။သူတို့ ကလဲ ဘာမှမပြောကြဘူး။ ဆွမ်းခံပြီးဆို ပြန်ကြွသွားတာပဲ`
အင်း..ဖြစ်နိုင်ပါသည်။ ဘာကြောင့်ဆို ဆွမ်းလောင်းလှူနေသည်မှာ လပေါင်းများ ၍ နှစ်ပင် ရှိတော့မည် ခုချိန်ထိ ဘာမှမသိဆို ၍ပင်။ စကားပြောဖြစ်ရင်တော့လဲ တစ်ခွန်းစ နှစ်ခွန်းစပါလာမှာပင်။

ကျမမှာတော့ သူပုန်သတ်လို့ ဆိုသော စကား နားထဲက မထွက်တော့ပါ။ရခဲလှသော လူ့ အသက်တစ်ချောင်းကို ရက်ရက်စက်စက် သတ်တယ်ဆိုသည်ကို...ဘယ်လိုနည်းနဲ့ မှ အကြောင်းရင်းကို စဉ်းစားမရပါ။ စဉ်းစားရင်း စိတ်မကောင်းသာ ဖြစ်ရပါတော့သည်။ ကျမမှာ စဉ်းစားရင်း စဉ်းစားရင်း အတွေးတွေသာ ပိုပိုများလာပါတော့သည်။
ထို့ ပြင် ကျမ သေသေချာချာ သိချင်ပါသေးသည်။ သူပုန်ဆိုသူတွေက ဒီကိုရင်လေးတွေရဲ့ အသက်ကို ဘာကြောင့်များ ယူချင်ကြရပါလဲ။ နောက်ပြီး သိရသည်က ယောက်ကျားလေးတွေမှတဲ့။ ဒါဆို ဒီကိုရင်လေးတွေရဲ့ အဖေများကြတော့ရော..။ ချမ်းသာပေးကြသလား။ စဉ်းစားရုံသာပါ။ အဖြေပေးနိုင်မည့် သူလဲ မရှိပါ။

တကယ်လို့ ဘုန်းကြီးကျောင်း လိုက်သွားပြီး မေးရရင်ရော...။ ကောင်းပါ့မလား။ ပြောရော ပြောချင်ပါ့မလား။ သိချင်တဲ့သူ အတွက် အမေးလွယ်ပေမဲ့ သူ တို့အတွက်က အဖြေခက်နေမည်လား။ သေချာတာကတော့ စိတ်မကောင်းစရာမို့ အလွယ်တကူ နဲ့ တော့ ပြောပြချင်မည် မဟုတ်ပါ။

ကျမတစ်ယောက်တည်း စဉ်းစားကြည့်လိုက် အဖြေရှာကြည့်လိုက်နှင့် စိတ်တွေရှုတ်လာတော့သည်။
သားလေးနေ့ လည် အိပ်ချိန်တန်၍ သိပ်ဖို့ ပြင်ရတော့သည်။ သူအိပ်သွားတော့ သူ့ ကိုကြည့်ရင်း ကိုရင်လေးများအကြောင်း ခေါင်းထဲ ၀င်လာပြန်သည်။
သားငယ်နှင့် ယှဉ် စဉ်းစားနေမိ၏။ ချစ်ခင်ကြ၊ အလိုလိုက်ကြသော ဦးကြီးများ၊ ဆွေမျိုးများ ၀ိုင်းဝိုင်းလည်နေသော မောင်ညီသန့် လိုပင် ဒီကိုရင်လေးများ သူတို့ မြို့ ရွာပြန်သွားပါက ရှိပါ့မလား။ နောက်ပြီး မိဘများကရော မလွမ်းကြဘူးလား။ မတွေ့ ချင်ကြဘူးလား။ အတူတူမနေချင်ဘူးလား။ မေးစရာ မလိုပါ။ အားလုံးမှာ ဆန္ဒတွေရှိကြမှာပါ။ မတတ်နိုင်လွန်းလို့ သာဖြစ်ပါလိမ့်မည်။

ကျမ ကိုရင်လေးများကို ထပ်တွေ့ ချင် ၊သူတို့ အကြောင်းထပ်သိချင်ပါသေးသည်။ မနက်ဖြန် ဆွမ်းလောင်းအမှီ စောစော ထရပါလိမ့်မည်။ ကျမ မနက်ရောက်ဖို့ စိတ်စောစွာ တစ်နေ့ တာ ကုန်ခဲ့ပါတော့သည်။

။ = ။ = ။ = ။ = ။ = ။

မနက် ကျမနိုးတော့ ဆွမ်းအုပ်က တင်နေကျ ခုံလေးပေါ်မှာ အဆင်သင့်။ သားနှင့် သူ့ အဖေက အိပ်တုံး။ မျက်နှာမသစ်ဖြစ်ပဲ ပက်လက်ကုလားထိုင်ပေါ်ထိုင် စောင့်နေမိသည်။
မကြာပါ ကိုရင်လေးများ ၃၊၄ ပါးစီ ကြွလာကြသည်။ ကြွလာသည်ဆိုသည်ထက် သုတ်သုတ် သုတ်သုတ်ဖြင့် မပြေးရုံတမယ် လှမ်းလာခြင်းသာ။

အိမ်ရှေ့ ၀င်းဝရောက်မှသာ အရှိန်လျှော့ ၍ ဖြေးဖြေးလှမ်း ၀င်လာကြတော့သည်။ ပထမ၃၊၄ ပါးကတော့ ပုံမှန်ပင်။ သူတို့ က ဘယ်လက်ဖြင်ပွေ့ လာသော သပိတ်ကို ရှေ့ထိုးပေး၊ အမေက ဆွမ်းကိုလောင်း လိုက်ခြင်းသာ။ သပိတ်က ဘာအဖုံးမှမပါ။ ဆွမ်းခွက်ပါ မပါတော့ မမြင်ရ၍မသိပါ။

ကိုရင်လေးများ ကြွလာရာလှမ်းမျှော်ကြည့်တော့ ၁၀ပါး ၁၅ပါး အတန်းလိုက်ကြွလာတာ မြင်နေရပါသည်။စနစ်တကျ မဟုတ်။ ၃၊၄ ပါးတစ်စု။၃၊၄ ပါး တစ်စုစီ။နောက် ၃၊ပါးရောက်လာတော့ ညာလက်က ပလပ်စတစ်ဟင်းခွက်ရောင်စုံကလေးတွေ ကိုင်လို့ ။ အဖုံးပါသူရော၊ မပါသူရော။ ထိုတစ်ဖွဲ့ပြီးသွားတော့ မရှိတော့။ လာရာလမ်းကို လှမ်းကြည့်တော့ ကျောင်းဆီမှ တရွေ့ ရွေ့ ကြွလာနေသေးသည်ကို သရက်ပင်များကြားကနေ မြင်နေရလေသည်။

ထိုစဉ် အမေက..
`သမီး နောက်တစ်ဖွဲ့ လာရင်ကြည့်ထား။ သူတို့ ခေါင်းပေါ်မှာ ဖြုတ်အုပ်စုက ၀ဲပြီးပါလာတာ။ ပြီးကျ အိမ်ဝိုင်းထဲ ကျန်ခဲ့ရော။ အဲဒါ လမ်းက ပါလာတာနေမှာပေါ့။ တစ်ခါတစ်လေကျ အမေ့မှာ ကြည့်ပြီးရီနေရတယ်။`

`နောက်ပြီး သူတို့ ဝတ်ထားတဲ့ အနွေးထည်လေးတွေကြည့်ထား။ အရောင်စုံပဲ သမီးရေ။ သိုးမွှေးလဲပါရဲ့ ။ ချည်ထည်လဲ ပါရဲ့ ။ဖလန်ထည်လဲပါရဲ့ ။ အဲဒါလေးတွေ ၀တ်ထားလို့ လဲနွေးတာပေါ့။ သို့ မို့ ဆို ဆောင်းက အေးကအေးနဲ့ ။ အမေ သေချာကြည့် ကြည့်တာ အမယ် သိုးမွှေးထည်တွေက အရောင်စုံ၊ ဒီဇိုင်းစုံနဲ့ ။ အမေ့အထင် လေဘေးထည်လေးတွေလိုပဲ။ လှူတဲ့သူကလဲ အဆင်ပြေရာပေါ့လေ။ဒါမှ မဟုတ်လဲ ဆွမ်းလောင်းတဲ့အိမ်တွေက အဟောင်းထည်လေးတွေ လှူထားတာလဲ ဖြစ်နိုင်တာပေါ့။`

အမေက သူတွေ့ ထား၊ မြင်ထားတာလေးတွေ ပြောပြတော့ သူတို့ အကြောင်းသာမကတော့ သူတို့ ဝတ်စားထားတာပါ ကြည့်ဖို့ အမှတ်ရသွား၏။ ခဏနေတော့ တစ်ပါးပြီး တစ်ပါး ရောက်လာကြတော့သည်။ ဒီတစ်ခါတော့ ထိုင်ရာက ထ၍ အနီးကပ် ဆွမ်းလောင်းရာနား သွားကြည့်မိတော့သည်။ အသက်ရန်ကြောက်ကာ အညာမြို့ လေးမှာ လာရောက်ကွန်းခိုနေသူလေးများ အဖြစ်ပါ ပို၍ ဂရုစိုက်မိရသည်။ နောက်ပြီး သူတို့  မျက်နှာကို ကြည့်၍ သူတို့ ခံစားမှုကိုလည်း ဖတ်ကြည့်ချင်သေးသည်။ ငယ်လွန်းတော့ သူတို့ ခံစားမှုက မျက်နှာမှာ ရိုက်ခတ်နေပါ့မလား။

သူတို့သပိတ်၊ဆွမ်းခွက်နှင့်ဆွမ်းခံပုံကဘာမှမထူး။ အတူတူပင်။ အရွယ်လေးတွေကလည်း ရွယ်တူကများ၏။ အရပ်နှင့် ကိုယ်လုံးကြည့်၍ ၈နှစ်နဲ့  ၁၃၊၁၄နှစ် ကြားဟုထင်မိ၏။ အနွေးထည်လေးများကလည်း အမေပြောထားတာနဲ့  သေချာကြည့်တော့ ကျမအမြင်ကလည်းအမေနဲ့ တစ်ထပ်တည်း။

ဖြုတ်တစ်ဖွဲ့ ကလည်း သူတို့ ခေါင်းပေါ်မှာ တ၀ဲဝဲ။ ခေါင်းထက်မှာ ဖြုတ်က၀ဲသလို တစ်ခေါင်းလုံးကလဲ ဒက်အနာလေးတွေက အပြည့်။ နောက်သူတို့ သင်္ကန်းတွေကို အကြည့်ရောက်တော့ အရောင်ခပ်မွဲမွဲကို ညာလက်အောက်ကရှိုပြီး ဘယ်ပုခုံးပေါ်မှာ ထုံးချည်ထားတာတွေ့ ၍ အော်..အရွယ်လေးတွေက ငယ်လိုက်ကြတာ သင်္ကန်းတောင် ကောင်းကောင်း မရုံနိုင်ကြသေးပါလားလို့ တွေးနေမိ၏။ သင်းပိုင်များကလဲ အောက်အနားလေးတွေက အလိတ် အလိတ်တွေနဲ့ ။ အထက် အောက် လှည့်ဝတ်ထားပုံမျိုး။ သူတို့ ပြန်ကြွသွားကြတော့ ကျမ အမေ့ကို ချက်ချင်းပင် မေးပြော ပြောဖြစ်တော့သည်။

`ဒီကိုရင်လေးတွေက ငယ်လိုက်ကြတာနော်။ ဟို..သူတို့ တွေ ဆွမ်းခံကြွရင် သင်္ကန်းကို လက်ကန်တော့ထိုးရတယ်လို့ ကြားဘူးတာ။ သေချာတော့လည်း မသိပါဘူး။ အဲဒါ ဒီကိုရင်လေးတွေက အဲလိုလဲ မရုံကြဘူး။ ငယ်လွန်းလို့  သင်္ကန်း မနိုင်လို့ ထင်တယ်နော်။`

ကျမက အဲလိုလဲပြောရော အမေက ပြောတော့တာပါပဲ။

`မဟုတ်ဘူး သမီးရေ မနိုင်လို့ မဟုတ်ဘူးရယ်။ အမေ့ အထင်တော့ မလောက်လို့ ထင်တာပါပဲ။ အကြီးတစ်ထည်ကို နှစ်ပိုင်းဖြတ်ပြီး နှစ်ပါးရုံရတယ် မှန်းတာပါပဲ။ သမီးမြင်တဲ့အတိုင်းပဲ ကိုယ်လုံးကို ပါတ်မိရုံနဲ့ ပုခုံးပေါ်မှာချည်ထားရတာ။ ပုံမှန် သင်္ကန်းသာဆို သူတို့ ဒီလို ဘယ်ထုံးထားမှာလဲ။နောက် တစ်ကိုယ်လုံးကိုလည်း ရုံမိမှာပေါ့။ ဒါကြောင့်လဲ လက်နှစ်ဖက်လုံးနဲ့ ဘယ်လက်အောက်ကစ အောက်ထိ သင်္ကန်းလွတ်နေပြီး သူတို့ ဝတ်ထားတဲ့ အနွေးထည် ရောင်စုံလေးတွေကို အတိုင်းသား မြင်နေရတာပေါ့။ `

အမေပြောလိုက်မှ ဆက်စပ်မိသွားတော့သည်။ အမှန်အတိအကျ မဟုတ်နိုင်ပေမဲ့ ဖြစ်နိုင်ပါသည်။ သူတို့ မျက်နှာလေးတွေကို သတိတရနှင့် ကြည့်မိတော့ ခံစားမှုမရှိ ဗလာနတ္ထိ။
ခဏနေတော့ ကိုရင်လေးတွေလဲ ကုန်လုပြီမို့  အမေက အိမ်နောက်ဖေးဝင် မနက်စာ စားဖို့ လုပ်တော့သည်။ကျမလည်း တစ်နေ့ တာ လုပ်ငန်းစဖို့ ပြင်ရတော့သည်။ ဆွမ်းလောင်းသည့်အကြောင်း စိတ်ကရောက်သွားပြန်တော့ ဆွမ်းဟင်းလောင်းချင်စိတ်များပေါ်လာ၏။ အမေ့ကိုပြောပြတော့

`ကောင်းတာပေါ့ သမီးရယ်၊ အမေကလည်း ဖြစ်နိုင်ရင် လောင်းချင်တာ။ သူတို့ တွေ ဆွမ်းဟင်း များများမရရှာကြဘူးရယ်။ အမေကလည်း ချက်ရတာ မနိုင်တော့ စိတ်ရှိပေမဲ့ မလောင်းဖြစ်ဘူး။ အဲဒါဆို ကိုရင် တစ်ပါးပါးတော့ကျန်အုံးမယ်ထင်တယ်။ အမေ စောင့်ပြီး သတင်းပေးလိုက်အုံးမယ်။ ကြည့်နေ ပြောလိုက်ရင် တအားပျော်သွားကြမှာ။`
ပြောပြီး အမေ အိမ်ရှေ့ထွက်စောင့်တော့ ကျမပါလိုက်စောင့်နေမိသည်။ သားငယ်တို့ သားအဖက အိပ်တုံးဆိုတော့ အချိန်ရပါသေးသည်။ တအောင့်နေတော့ ၁၄နှစ်အရွယ်လောက် ကိုရင်တစ်ပါး အိမ်ရှေ့က ဖြတ်အသွား အမေကလှန်းခေါ်ပြီး မနက်ဆွမ်းဟင်းပါလောင်းမှာမို့ လာဖြစ်အောင် လာဖို့ ပြောလိုက်ရာ ပြုံးသွားပြီး...

`ပဲပုတ်ကို ငရုတ်သီးစပ်စပ်နဲ့ ကြော်ပါ။ စပ်စပ်မှ ဆွမ်းအများကြီးစားဝင်တာ`ဟု ပြောကာ လှည့်ထွက်သွားတော့သည်။
သို့ ဖြစ်၍ အမေ နဲ့ တိုင်ပင်ကာ သူ တို့ လေးတွေ ပါကြိုက်မည့် ၀က်သားကို အာလူးနှင့်ရော၊ နောက်ပြီး ကိုရင်လေးပြောသွားသော ပဲပုတ်ကို စပ်စပ်ကြော် လောင်းရန် ဆုံးဖြတ်လိုက်သည်။

ကျမလည်း သားလေးတို့ တွေထကြပြီမို့ လုပ်စရာရှိတာလုပ်၍ မနက်စာ စားပြီး ဈေးဝယ် သွားဖို့ ပြင်ကြတော့သည်။
ဈေးကပြန်လာတော့ အပါး၃၀ စာ ၀က်သားတုံး ခပ်ရွယ်ရွယ် ၉၀ ကို အာလူး အတုံးသေး၉၀နဲ့ ရော ချက်ထား၊ ပဲပုတ်အစိုကို ပဲပြားနဲ့ ရော ကြော်ထားပြီး မနက်အတွက် အဆင်သင့် ပြင်ထားလိုက်တော့သည်။
တနေ့ တာ ပုံမှန်လည်ပတ်ရင်း မနက်ဆွမ်းလောင်းဖို့ ကို စိတ်ကူးထဲမှာ မြင်ယောင်ကြည့်နေမိသည်။ မနက်ရောက်ဖို့ စောင့်ရတာကြာသလိုပင်။

အဖေကလဲ သူ့ အစ်ကိုများနှင့် ညီအစ်ကိုတစ်တွေဆုံတုံး ပြောမကုန်၊ သားလေးကလဲ သူ့ ဦးကြီးများနှင့် ဆော့မဆုံး တစ်နေ့ တာလုံးပင်။ ဒီလိုနှင့် ညရောက် အိပ်ရာဝင်လိုက်ကြတော့သည်။

Wednesday, September 7, 2011

Fujairah သို့ တခေါက်...


ပုံမှန် အားလပ်ရက်နှစ်ရက်ဖြစ်တဲ့ သောကြာ၊ စနေအပြင် Eid အတွက် အပိုဆောင်း ၂ ရက်ပါ ရလေတော့ ဒီလေးရက်အပိတ်မှာ ဟိုဟိုဒီဒီ လျှောက်လည်ဖြစ်ပါတယ်။ လည်ဖြစ်ခဲ့တဲ့ နေရာထဲက တခုကတော့ Fujairah ( ဖူဂျဲရား ) ပါပဲ။

Fujairah ဟာ ယူအေအီး ( အာရပ်စော်ဘွားများ ပြည်ထောင်စု ) အနက်မှ  ပြည်နယ်တခုပါ။ အဲဒီပြည်နယ်ထဲက အဓိက မြို့နာမည်ကလဲ Fujairah ပါပဲ။ ကျွန်တော်တို့သွားခဲ့တာ အဲဒီ့ဖူဂျဲရား မြို့ဆီကိုပါ။ ယူအေးအီးမှာ  ပြည်နယ် ( ၇ ) ခု ရှိပါတယ်။ အောက်မှာဖေါ်ပြထားသလို ပိုင်းခြားတည်ရှိနေပါတယ်။

ဒီပုံကိုကြည့်လိုက်တာနဲ့ ပြည်နယ်တချို့ဟာ တချို့နေရာတွေမှာ နယ်ခြားဆုံးနေပေမဲ့တခြားနယ်ရဲ့ အလယ်လောက်ရောက်မှ ပြန်ပြီး သီးသန့်တကွက်သွားပိုင်နေတာမျိုး တွေ့နိုင်မှာပါ။ ဒီကြားထဲမှာ အိုမန်နိုင်ငံကတမျိုး။ ယူအေအီးနိုင်ငံအောက်မှာ ပင်မမြေ၊ နောက် နိုင်ငံအလယ်က ပြည်နယ်မျိုးစုံအလယ်မှာကွက်ကွက်ကလေးတခု၊ နောက် အပေါ်အစွန်မှာတနေရာ။ ဒီလို နယ်မြေခွဲဝေပုံတွေဟာ စိတ်ဝင်စားစရာပါ။


ယူအေအီးဟာ ၁၉၇၁ ခုနှစ်မှာ နိုင်ငံတနိုင်ငံအဖြစ် ကြေငြာပါတယ်။ နှစ်တိုင်း ဒီဇင်ဘာ( ၂ )ရက်နေ့ကို National Day အဖြစ် သတ်မှတ်ပြီး ပျော်ကြတယ်။ အတော့်ကို ပျော်ကြတာပါ။ အခုလာမဲ့  ဒီဇင်ဘာ( ၂ )နေ့ဆိုပါလျှင် အနှစ် ၄၀ ပြည့်ပြီပေါ့။

အရင်ကတော့ အင်္ဂလိပ် နယ်ချဲ့လက်အောက်မှာပါ။ ဒူဘိုင်းနဲ့ အဘူဒါဘီက ၁၉၄၀ လောက်ကစပြီး နယ်မြေစစ်ပွဲတွေ  နွှဲလာကြတယ် ဆိုပါတယ်။ နောက်ပိုင်း မှာ ရှားဂျာ ( Sharjah ) အုပ်ချုပ်မှု့ လက်အောက်ကနေ ခွဲထွက်ဖို့ Ajman ရယ် Umm Al Quwain ရယ် Ras Al Khaimah နှင့် Fujairah အစရှိတဲ့ နယ်မြေတွေဟာ ကိုယ်ပိုင်နယ်မြေအဖြစ် တသီးတခြား ရပ်တည်နိုင်ရေးအတွက်  ပုန်ကန်ကြတယ်ဆိုပါတယ်။ အဆိုးဆုံးက Ras Al Khaimah နှင့် Fujairahပါပဲ၊ အုပ်ချုပ်သူရယ်၊ သူတို့နှစ်နယ်မြေ အချင်းချင်းရယ်အကြားမှာ အတော်တင်းမာ  ပြင်းထန်ခဲ့တယ်ဆိုပါတယ်။

နောက်ပိုင်း ဒီလို နယ်မြေခွဲခြမ်းနေလိုမှု့တွေ အရှိန်ကောင်းလာတော့ အင်္ဂလိပ်နယ်ချဲ့မှ Trucial Oman Scouts  ကိုလွှတ်၊ နယ်မြေတကာကို ကုလားအုပ်တွေနဲ့လှည့်၊ မေးမြန်းစုံစမ်းပြီး သက်ဆိုင်ရာ နယ်မြေတွေကို မြေပုံနဲ့တကွသတ်မှတ်ဖို့လွှတ်လိုက်ပါတယ်။ အခုနယ်မြေတွေဟာ အဲဒီ့အဖွဲ့ ဆွဲခဲ့တဲ့မြေပုံအပေါ်မှာ အခြေခံပြီးဖြစ်လာတာပါ။ သူ့နယ် ကိုယ့်နယ် အငြင်းပွားမှု့ဟာ သားစဉ်မြေးဆက် ရှည်ကြာခဲ့ပါတယ်။  အဘူဒါဘီနဲ့ ဒူဘိုင်းတို့ရဲ့နယ်မြေတွေတောင်လွတ်လပ်ရေးရအပြီး ၁၉၇၉ လောက်မှ ပြီးပြတ်တယ်လို့ဆိုပါတယ်။

အသေးစိတ်ကို ဒီနေရာမှာ ဖတ်လို့ရပါတယ်။ ပုံကိုလဲအဲဒီ့က ယူထားတာပါ။ အခုလိုခရီးသွားတဲ့အခါ တနယ်နဲ့တနယ်အဖြတ် မှာ တားဆီးတာတွေ နယ်ကူးလက်မှတ်တွေ မလိုပါဘူး။ တောက်လျှောက်မောင်းပါပဲ။ လမ်းဥပဒေတွေကတော့ သူ့နယ်နဲ့သူ မတူကြပါ။ ဥပမာ အမြန်ဆုံးကန့်သတ်မှု့တွေဘာတွေ။ တကယ်လို့ တိုက်မိ ခိုက်မိလျှင် ဆိုင်ရာ ရဲနဲ့ရှင်း၊ နယ်မကူးရ။ ဘာမှမဖြစ်ရင်တော့ ဘာမှမဖြစ်ဖူးပေါ့။း-)


ကဲခရီးစကြပါစို့ရဲ့။ နေ့လယ် ၂ နာရီကျော်ကျော်မှာ အိမ်က စထွက်ပါတယ်။ သွားတဲ့လမ်းကြောင်းက အောက်က မြေပုံအတိုင်းပါပဲ။ အနီလမ်းကြောင်း တပတ်သွားထားတဲ့နေရာဟာ ဖူဂျဲရားမြို့ပါ။ 


 
ဒူဘိုင်းကနေ ရှားဂျာကိုတော့ ထုံးစံအတိုင်း မြန်မြန်မောင်းလိုက် တချို့နေရာတွေရောက်ရင် ကားတွေကျပ်လာတော့ နှေးသွားလိုက်နဲ့ပါ။ ဖူဂျဲရားသွားတိုင်း ဖြစ်နေကြထုံးစံအတိုင်း လမ်းတခါလွဲမောင်းမိပါသေးတယ်။ နောက်ပြန်လှည့်ဖို့အရေး အတော်ကြာအောင်မောင်းသွားရတာ အချိန်အတော်ကုန်သွားပါရဲ့။

ရှားဂျာကနေအမှတ် ၈၈ လမ်းပေါ်လဲတက်လိုက်ရော တဖက် ၂ လမ်းအဖြစ် ပြောင်းသွားပါတယ်။ အပြင်အနှေးလမ်းကနေ ခပ်မှန်မှန်မောင်းနေရာက ရှေ့မှာ ကိုယ့်ထက် နှေးတဲ့ကားနဲ့တွေ့လို့ရှိရင် ပွစိပွစိ ရေရွတ်ရင်း ကျော်တက်ဖို့ ကြိုးစား၊ ကျော်နေတဲ့အချိန် နောက်အတွင်းလမ်းက အမြဲတစေ အလျှင်လိုနေတတ်တဲ့ ကားတွေက လာလို့ နီးလာရင်  မီးပြပြီးလမ်းတောင်း၊ ဒီတော့ ကွိကွိကွကွ ရေရွတ်ရင်း လမ်းပြောင်းပေးနဲ့ပေါ့။ ဒါကတော့ ဘေးဘယ်ညာက သဲတွေအကြားကကားလမ်းပုံပါ၊ အခုအချိန်အထိတော့ ကြည့်ရတာ ပျင်းစရာနေမှာပေါ့။


အပေါ်ကသွားရာလမ်းတလျှောက်ပြထားတဲ့ပုံမှာ မြင်သာမလားတော့မသိ၊ အနီရောင်နေရာတွေက ဒီလိုသဲမြေပွတွေ၊နောက် Al Dhaid  မြို့အနားရောက်လာရင် မြေက မာလာပြီး မဲလာပြီ။ နောက်ရှေ့ကိုလှမ်းကြည့်ရင် တောင်တန်းကြီးကို ရေးရေးမြင်လာရပါပြီ။ ဒီခရီးစဉ်မှာစိတ်အ၀င်စားဆုံးနေရာဟာ အဲဒီတောင်တန်းတွေရှိနေရာပါပဲ။

သဲတွေကြားမှာနေ့တဓူဝဆိုတော့ ဒီလိုတောင်တန်းအကြားက လမ်းလေးတွေ တွေ့ရတာကို အပြောင်းအလဲအဖြစ် သိပ်သဘောကျပါတယ်။

ဒါတွေဟာအပင်မပေါက်သော ကျောက်တောင်တွေပါ။ အပေါ်မှာ မြေသားမှန်ပါးပါးနဲ့ အောက်မှာ ပကတိကျောက်အမာသားအတိ။ ဒီဒေသဟာ ကျောက်အဓိကထားထုတ်တဲ့နေရာတွေပါ။ လမ်းတွေကတော့ကျောက်သယ်တဲ့ကားတွေ သွားတဲ့လမ်းတွေပါ။




ဒီလိုပဲတောင်တွေအကြား တကွေ့ပြီးတကွေ့ တက်လိုက် ဆင်းလိုက်နဲ့ မောင်းလာရင်း တောင်တကွေ့မှာ ဆိုင်လေးပေါ်လာပါတယ်။ ဒီနေရာဟာ Masafi ဆိုတဲ့မြို့လေး ရောက်မှီက ဈေးဆိုင်တန်းလေးပါ။


ရောင်းတာကတော့အစုံပါပဲ။ ကောဇော၊ အပင်မျိုးစုံ၊ အသီးအနှံနဲ့ အမှတ်တရ ပစ္စည်းတွေ။





ဒါကတော့ငှက်လှောင်အိမ်လေးတွေ၊ အမြင်ဆန်းလို့ ရိုက်လာတာပါ။


ဒီလိုအုန်းရည်တို့ ပြောင်းဖူး မီးဖုတ်တို့လဲ ရပါတယ်။


အရင်တုန်းကဒီနေရာအရောက်မှာ သစ်သီးတွေဝယ်လေ့ရှိပါတယ်။ စိတ်ထဲ ဒီနယ်က ထွက်တယ် ထင်တာပေါ့။နောက်မှ ဘယ်ဟုတ်မလဲ  တွေ့နေ၀ယ်နေကြ အသီးအနှံတွေကို  သယ်လာပြီး ဒီမှာတင်ရောင်းတာတွေဖြစ်နေမှန်း  စူပါမားကပ်တွေနဲ့လုပ်ငန်းသဘောအရ ပတ်သက်နေတဲ့ ဘော်ဒါတယောက် ပြောပြမှ သိရပါတယ်။ နောက်တော့ မ၀ယ်ဖြစ်တော့ပါ။ သို့ပေမဲ့တမေ့တမောတော့ ဆိုင်တိုင်းစေ့ ငေးမိတာပါပဲ။ ဒီလိုရောင်းနေတော့ ဒီနယ်က ထွက်တာတွေလို့ထင်မိတာ မဆန်း။



နောက် ခရီးဆက်ပြီးမကြာခင် Masafi  မြို့ကို ရောက်ပါတယ်။ တောင်ပေါ်ခရီး အလယ်လောက်မှာ ရှိတဲ့မြို့လေးပါ။သူကလဲ ရာဇ၀င်နဲ့။ အစောက ပြောခဲ့တဲ့ နယ်မြေလုပွဲမှာ မဆာဖီကို Ras Al Khaimah နှင့်Fujairah တို့က သူ့နယ် ငါ့နယ်အဖြစ် လုကြတယ်။ နောက်ဆုံးတော့ မြို့ရဲ့ကြီးတဲ့အပိုင်းကို Ras Al Khaimah ကပိုင်သွားပြီး ငယ်တဲ့အပိုင်းကို Fujairah ကရသွားလို့ နှစ်ခြမ်းကွဲမြို့အဖြစ်နဲ့ ကျန်ခဲ့ပါတယ်။ နှစ်နယ်မြေရဲ့ နယ်စပ်ကတော့တပိုင်းတစ အဆောက်အဦအိုတွေပါပဲ။

          Masafi ကျော်သွားတာနဲ့ တောင်တွေက ပိုထူထပ်လာသလို တောင်အထပ်ထပ် နောက်ခံထားပြီး စွန်ပလွန်ပင်စုစုလေးတွေ ၊ နောက် အိမ်လေးတွေ ကြည့်မ၀ပါပဲ။



အောက်က ပုံကတော့ ဒီက ရေချမ်းစဉ်ပါ။ အပေါ်မှာ ရေတိုင်ကီ၊ အောက်က အေးတဲ့စက်။ ရေအေးအေးလေးတွေ  လှူထားတာပါ။ 



အတော်မောင်းလာတဲ့နောက်မှာတော့တောင်စွယ်အကြားက ထိုးထိုးထောင်ထောင် တိုက်အမြင့်ကြီးတွေကို လှမ်းမြင်ရပါတော့တယ်။ကားရပ်ရခက်တာနဲ့ အိမ်တွေနဲ့ နဲနဲ နီးသွားပါတယ်။ ကျော်သာ ကြည့်ကြပါ။း-)


မြို့ကိုတိုက်ရိုက်မသွား အလင်းရောင်ရှိတုန်းလေး Khor Fakkan က လှတဲ့ကမ်းခြေလေးဆီသွားချင်လို့ ဒီလိုပဲ မြို့ကြီးကို မမြင်ချင်ယောင် ဆောင်ထားလိုက်ပါတယ်။ ဒါ့ကြောင့်မြေပုံထဲ အဲဒီ့နေရာမှာ အ၀ိုင်းလိုဖြစ်သွားတာပါ။ 



ဒီဖူဂျဲရားဟာ၃၊ ၄ ခေါက် သွားဖြစ်ပေမဲ့ မြို့အနေနဲ့ ကျွန်တော်တို့ စိတ်ဝင်စားသောနေရာ နည်းပါတယ်။ ရှေးဟောင်းဗလီ တခုရှိပေမဲ့ မရောက်ဖြစ်သလို၊ မြို့အနေနဲ့လဲ မထူးခြားသောရှော့ပင်းမော တချို့သာရှိတာပါ။  စိတ်အ၀င်စားဆုံးက လမ်းတလျှောက်က တောင်တွေရယ်ဖူဂျဲရား အလွန် Khor Fakkan က လှတဲ့ကမ်းခြေလေးတွေပါ။

ကမ်းခြေရောက်တော့လူစည်စပြုနေပါပြီ။ ဒီလိုပိတ်ရက်တွေမှာ အခုလို ၅နာရီ ကျော်ကျော်မှာအဲဒီ့ကိုရောက်နေမှ၊ ဒီ့ထက်နောက်ကျရင် လာသူများတဲ့အတွက် ကားတွေ မောင်းမရ၊တနာရီလောက် စောင့်ပြီးစိတ်ရှည်လက်ရှည်မောင်းဝင်လဲ ရပ်စရာနေရာမရှိနဲ့။ စောလေ ကောင်းလေပေါ့။

East coast ဖြစ်လို့ နေ၀င်ချိန်ရဲ့အလှ မရှိပေမဲ့ တောင်စွယ်ရယ်၊ ရေပြာပြာရယ၊် မျိုးစုံပျော်ပါးနေကြသူတွေရယ်နဲ့ လှနေပါတယ်။



ဒီနှစ်ယောက်ကတော့အတော်သတ္တိကောင်းသူတွေပါ။သူတို့အရင်နှစ်ရောက်က အဆင်းမှာ သဲထဲထွေးကနဲကျသွားပေမဲ့ ခတ်တည်တည်ပဲ သူတို့စီးပါတယ်။အဲဒီတော့ စီးနေတုန်း ရေထဲကျသွားပါတယ်။




နောက်အောက်က မြေပုံထဲပါတဲ့ ငမန်းကျွန်းကို  မော်တော်နဲ့သွားလို့ရပါတယ်။  နောက်တခေါက်မှသွားမယ်လို့ တေးထားပါတယ်။


ဒါကတော့သွားချင်လို့ စောင့်နေတဲ့အဖွဲ့နဲ့ မော်တော်ပါ။

 

ဒါမှမဟုတ်မြင်းစီးမလား သစ်ကုလားအုပ်စီးမလား၊ ဒီလိုလဲရတာပဲ။




သစ်ကုလားအုပ်ကိုတော့ တခါစီးဖူးပါတယ်။အတော်စီးရခက်တာပဲ။ ၀ပ်နေတဲ့ ကုလားအုပ်ပေါ်ကို သားကိုရှေ့ကတင် နောက်ကကျွန်တော်ကထိုင်၊ လက်တဖက်က ကလေးကိုကိုင်၊ တဖက်က လက်ကိုင်ကွင်းကိုကိုင်၊ အိုကေပြလိုက်တာနဲ့ ကုလားအုပ်ကို ထခိုင်းပါတယ်။

ကုလားအုပ်က သဲပြင်ကို သူ့ဝမ်းနဲ့ထိနေတဲ့အထိ ၀ပ်နေရာက သူ့ရဲ့ ရှည်လျှားလှတဲ့ နောက်ခြေနှစ်ဖက်ကို အရှိန်ယူပြီးထောက်လိုက်တယ်။ ရှေ့ရင်အုပ်က သဲနဲ့ထိနေတုန်းဆိုတော့ဇတ်ခနဲ ရှေ့စိုက်သွားတော့ ဘုရားတရင်း သားကို တင်းတင်းဆုတ်ထားတာ ကိုယ်ကိုယ်တိုင်ကပြုတ်မကျတာကံကောင်း၊ နောက် ရှေ့ခြေ နှစ်ချောင်းကို ဒူးထောက်တော့ သက်တောင့်သက်သာပြန်ဖြစ်၊ နောက်ခြေဆန့်ရပ်တော့ တခါ အရှိန်နဲ့ ရှေ့စိုက်သွားပြန်ရော။ ခြေစုံရပ်မှပဲဟင်းချရတယ်။ နောက်က ထိုင်ရတာဆိုတော့ ပိုမတ်ပါတယ်။ တဖက်ကလဲ ကလေးကို သေချာကိုင်ထားရသေးတယ်။လမ်းစလျှောက်တော့ ရှေ့က ကလေးက သဘောကျပြီး တဟီးဟီး၊ ကျွန်တော်ကနောက်တင်ပဆုံအရိုးပေါ်မှာဆိုတော့ လှမ်းလိုက်တိုင်း ယိုင်ယိုင်သွားပါတယ်။

ကလေးကိုသာ သားသားကြိုက်လားလို့  တွင်တွင်မေးနေမိပေမဲ့ ကိုယ်ကိုယ်တိုင်ရဲ့စိတ်ထဲမှာ တော့မပျော်လှ။ ပြန်အဆင်းမှာ ရှေ့စိုက်ကျသွားမှာကိုလဲ ကြိုတွေးပူနေမိတာပါပဲ။ နောက်ဆုံး ကလေးကိုအရင်ဆင်းခိုင်းပြီး ကုလားအုပ် ၀ပ်ပြီးမှပဲ ဟင်းချယူရပါတယ်။ စိတ်ချလက်ချစီးရရင်တော့ ကောင်းမှာပေါ့၊ အခုတော့ အတွေ့အကြုံတခု အနေနဲ့ပဲ တင်းတိမ်ရပါတယ်။

ကမ်းခြေမှာနေပြီး အတော်ကြာမှ ဖူဂျဲရားဖက် ပြန်လှည့်ပါတယ်။ သွားရင်းနဲ့ သဘောကျတဲ့အပင်စုစုလေးတွေ့တော့ ဓါတ်ပုံရိုက်ချင်လို့ အနီးဆုံးလမ်းထဲချိုးဝင်လိုက်ပါတယ်။




ဓါတ်ပုံရိုက်ရင်းဟိုဟိုဒီဒီကြည့်တော့ ခပ်လှမ်းလှမ်းမှ တောင်ကုန်းလေးပေါ်က အဆောက်အဦတခု၊ ကြည့်ရင်းစိတ်ဝင်စားပြီး သွားချင်စိတ်က ထိမ်းမရ။ သို့နှင့် တိုင်ပင်ပြီး တကယ်လို့တဦးတယောက်အပိုင် တက်မရရင်လဲ တောင်တက်လမ်းတ၀က်က ပြန်လှည့်မယ် ဆိုပြီးမောင်းသွားပါတယ်။



အနီးရောက်တော့တောင်ခါးပန်းမှာက Hill Top Restaurant  တဲ့။ နောက်ပြန်လှည့်စရာမလိုတော့။စိတ်ချလက်ချ ပျော်ပျော်ကြီးဆက်တက်ပါတယ်။ စိတ်ထဲမှာ ရောက်ရင် ဈေးမေးပြီး၊ဈေးကြီးရင်တော့ ကော်ဖီတခွက် တဖလားပဲ သောက်မယ်ပေါ့။ အတက်လမ်းက အတော်မတ်ပါတယ်။

အပေါ်ရောက်တော့ကားရပ်ဖို့နေရာလေးက အတော်ကျယ်ပါတယ်။ ရှု့ခင်းတွေကလဲ စိတ်ဝင်စားစရာ။ တဖက်မှာတောင်ခြေက အိမ်ယာတစု၊ တဖက်က အပင်ပုပုလေးများ၊ ကျန်တဖက်က ဖူဂျဲရား သွားရာလမ်း၊နောက်ကြောဖက်မှာတော့ တောင်နံရံကြီး။
 
နေရာစုံအောင်ရိုက်ပြီးတော့ ကျွန်တော်က ဆိုင်ဆီသွားပါတယ်။ ဘာရလဲ ဘယ်လောက်လဲ သိရအောင်ပေါ့။ဈေးလဲ မေးကြည့်ရော ဈေးတွေက ထင်တာထက် အများကြီး သက်သာနေတာတွေ့ရပါတယ်။ဆိုင်က အာရပ်စားသောက်ဆိုင်လေး။ 



ဒါနဲ့အာရပ်ကော်ဖီရယ် ဆူလေမန်လို့ခေါ်တဲ့ နို့မပါ၊ Mint အနံ့မွှေးမွှေးနဲ့လက်ဖက်ရယ်တခွက်ရယ် ရှီးရှ ( လီမွန်အနံ့နဲ့ ) မှာခဲ့ပါတယ်။ ကလေးအတွက်ကတော့နွားနို့တခွက်ပေါ့။




ဒါကတော့ကျွန်တော်တို့ထိုင်ခဲ့တဲ့နေရာပါ။



နေ၀င်ပြီးအတန်ကြာသည့်တိုင် ထိုင်ကောင်းကောင်းနဲ့ ထိုင်ပြီးမှ ဖူဂျဲရား ဆီခရီးဆက်ပါတယ်။ မြို့ထဲရောက်တော့မှောင်စပြုနေပါပြီ။


ဖူဂျဲရားဟာဘာတွေနဲ့ ဘယ်လို ရှင်သန်လှုပ်ရှားနေကြတယ် ဆိုတာကိုတော့ သိပ်မသိလှပါ။ မြို့ကြီးမှာ့အဆောက်အဦ အသစ်တွေနဲ့ တခေါက်ထက် တခေါက် ပိုများလာတာ တွေ့ရပါတယ်။ ရောက်ဖူးလို့ဖူရျဲရား သဘောင်္ကျင်းကတော့ အတော်စီးပွားဖြစ်မှန်းသိပါတယ်။ အိုမန် ပင်လယ်ကွေ့သွားလာနေသမျှ သင်္ဘောတွေ လိုအပ်လို့ အရေးပေါ်ပြင်စရာရှိရင် အတွင်းပင်လယ်ကွေ့ထဲကဒူဘိုင်းတို့ အဘူဒါဘီတို့ ၀င်မဲ့အစား နီးနီးနားနား ဖူဂျဲရားမှာပဲ ကပ်ကာ ပြင်သွားကြတာများပါတယ်။အမြဲစည်ကားနေတဲ့ သဘောင်္ကျင်းကြီးပေါ့။

သိပ်မသိတော့သိပ်မလည်ပဲ သွားနေကြ ဒီရှော့ပင်းမောဆီကို တန်းတန်း မတ်မတ်လာ၊ အောက်ပါပုံအတိုင်း ကြက်သားနဲ့ရှရောမား (Chicken Shawarma ) ၊ ထမင်းကြော်၊ ကြက်ကင်တို့စားပါတယ်။





နောက်အမှောင်ထဲမှာ ၊ လာခဲ့တဲ့ တောင်တွေကြားက  ကွေ့ကွေ့ကောက်ကောက်လမ်းတွေဆီမှတဆင့် အိမ်ပြန်လာခဲ့ကြ ပါတော့သည်။


 ပြီးပါပြီ.. 





Tuesday, August 30, 2011

လွမ်းသလေလေ့..


ငယ်ငယ်က ဒီလို တော်သလင်းလထဲဝင်လာပြီဆို လွှတ်ပျော်တာပေါ့ဗျာ။ အနယ်နယ်အရပ်ရပ်မှ ၁၂ ပွဲဈေးသယ်တွေ အာရုံထားကြတဲ့ မိတ္ထီလာ ကန်ဘေးက ဖေါင်တော်ဦးဘုရားပွဲ၊  မကြာခင် စတော့မယ်လေ။

ဘုရားကို ဖေါင်တော်ကြီး ( ကရ၀ိတ်ငှက်ပုံ ) တည်ထားပါတယ်။ အဲဒီတော့ အတွင်းပိုင်းမှာ ခန်းမအရှည်ကြီးရှိနေပြီး၊ ဒီခန်းမကို တခါတရံ တရားပွဲကျင်းပရာမှာ သုံးလေ့ရှိပါတယ်။ အဲဒီ့ခန်းမ အစွန်တနေရာမှာ လှေနှစ်စင်းဟာ တနှစ်တာရဲ့ ကျန်တဲ့အချိန်တွေမှာ စဉ်ကြီးပေါ်မှာ မှောက်လျှက် ငြိမ်ငြိမ်သက်သက်နဲ့။ 

အခုလို တော်သလင်းလထဲရောက်လာရင်တော့ လှေနှစ်စင်းကို  ပွဲညှက်တွေနဲ့ဖာ.. အနက်ရောင် အောက်ခံ အနီရောင် ဘောင်အနားသပ်တွေကို ဆေးအသစ်သုတ်ပါတယ်။ လပြည့်ခါနီးလို့ ဘုရားပွဲနားနီးလျှင်သူတို့ဟာ ခန်းမအလယ်မှာနေရာယူပြီး  ဘုရားပွဲရဲ့ အဓိကကျသော  လှေပြိုင်ပွဲအတွက် အဆင်သင့် ဖြစ်နေပြီပေါ့။

လှေနှစ်စင်းမှာ သူ့နာမည်နဲ့သူရှိပါတယ်။ တစင်းက ကြံတိုင်းအောင်၊ နောက်တစင်းက ရန်ကင်းမောင်တဲ့။ ဘယ်လိုကစ စိတ်စွဲနေတယ်တော့မသိ၊ ကျွန်တော်တို့ သူငယ်ချင်းတစုမှာ အစွဲလေးတခုရှိပါတယ်။ လှေနှစ်စင်းမှာ ကြံတိုင်းအောင်က အကြီး၊ ရန်ကင်းမောင်က အငယ်၊ ရန်ကင်းမောင်က ပိုသွက်တယ်၊ တော်ရုံတန်ရုံအသင်း ရန်ကင်းမောင်ကို မဲနိုက်လို့ လှော်ခွင့်ရရင် နိုင်ဖို့များတယ်လို့ တရားသေမှတ်နေတာပါ။

ကန်အလယ် ဘုရားအရှေ့မှာ မြောက်ဖက်ကန်ကနေ တိုင်တွေတန်းစီစိုက်လာပြီး အလံတိုင် အနီရယ် အဖြူရယ် နှစ်တန်းလုပ်ပါတယ်။ တာလွှတ်တဲ့နေရာ ရေလည်ခေါင်မှာစဉ်တခုထိုး၊ အမိုးလေးတခုနဲ့၊ နောက် ပန်းအ၀င်မှာ တိုင်တွေကို အပ်ချည်ကြိုးနဲ့ ကန့်လန့်ချည်ထားပါတယ်။ လှေဦးမှာ ဓါးပြားပုံ  အလံလွင့်တဲ့တိုင်အပြားလေးကိုယ်စီရှိတော့ အဲ့ဒီတိုင်လေးနဲ့ အပ်ချည်ကြိုးအရင်ထိုးဖြတ်သွားတဲ့ အဖွဲ့ က အနိုင်ပဲ။ အငြင်းမပွားအောင်လို့ ဒိုင်တယောက်က လှေနဲ့ ပန်းဝင်မှာစောင့်ကြည့်နေပါတယ်။ ရေလယ်မှာဆိုတော့ ဘုရားပေါ်ကအဖွဲ့သိသာအောင် နိုင်တဲ့ လိုင်းရဲ့အလံအရောင် ( အနီ၊ အဖြူ ) ထောင်ပြလေ့ရှိပါတယ်။

တာလွှတ်လိုက်ပြီဆိုတာနဲ့ အသံချဲ့စက် ( လော်စပီကာ လို့ကျွန်တော်တို့ခေါ်တဲ့ အော်လံ ) မှာ ဆိုင်းသံ ဗုံသံတွေဖွင့်ပြီး အဲ့ဒီံတီးလုံးနောက်ခံနဲ့ ပြိုင်ပွဲအကြောင်းကို တဦးက ကြေညာပေးပါတယ်။ ဆိုပါတော့ ကန်စွယ်အရပ်က အနီလိုင်းကနေ ရန်ကင်းမောင်လှေကို လှော်ခပ်လာတာ လှေဦးတဖျားသာနေပါတယ် ဆိုတာမျိုး။ ကြေညာပုံက  ရင်ခုန်လှုပ်ရှားဖွယ်အတိ။ လှေတလျားလုံး အပြတ်နိုင်တဲ့အဖွဲ့က ဂုဏ်အရှိဆုံးပါ။ 

ပြိုင်တာကတော့ ရှုံးထွက်ပွဲတွေပါပဲ။ အဲဒီတုန်းက နာမည်ကြီးတဲ့အဖွဲ့တွေကတော့ စောစောက ပြောခဲ့တဲ့ ကန်စွယ်ရပ်က။ သူတို့က တနေကုန် ကန်အလယ်မှာ ငါးဖမ်းနေတတ်တဲ့သူတွေဆိုတော့ လှေနဲ့ကျွန်းကျင်ပြီးသား။ ကျန်တဲ့ ရပ်ကွက် ကိုယ်စားပြု ၊ အစိုးရအဖွဲ့တွေကတော့ နီးပြီဆိုမှ လူစု၊ လှေငှားကြ၊ ကျင့်ကြနဲ့ဆိုတော့ နိုင်ခဲပါတယ်။ ဒါပေမဲ့ နိုင်လိုစိတ်အပြည့်နဲ့ အားလုံး အလေးအနက်ထား ပြိုင်ကြတဲ့ပွဲပါပဲ။

နိုင်သွားတဲ့အဖွဲ့က ပန်းတိုင်ကျော်သွားတာနဲ့ တက်တွေမြှောက်၊ ရေထဲကို တယောက်ပြီးတယောက်ခုန်ဆင်း အောင်ပွဲခံ၊ အတန်ကြာမှ လှေပေါ်တက် ဘုရားဆီသွား၊ နောက်နှစ်ဖွဲ့က လှေတွေယူ၊ အဲဒီနောက် တာလွှတ်တဲ့နေရာကို လှော်သွား ဆိုတော့ တပွဲနဲ့တပွဲ အတော်စောင့်ရပါတယ်။ ကျွန်တော်တို့တသိုက် အလွန်ဆုံး စိတ်ပါရင် ၂ ပွဲ ၃ ပွဲပဲ။ ဘုရားပွဲဈေးလှည့်ရတာလောက် မပျော်ကြပါ။

ဘုရားပွဲဈေးကတော့ မြို့လယ် မင်းရပ်၊ မြို့မ ရပ်ကွက်က ရှိသမျှလမ်းကြား ဘယ်ညာမှာ ဆိုင်တွေစီနေတာပဲ။ ဆိုင်ခန်းတွေကို ဘုရား ဂေါပကအဖွဲ့က အကွက်ရိုက် ပေးထားတာ။ အဲဒီရပ်ကွက်မှာရှိတဲ့အိမ် တွေအတွက် အိမ်ရှေ့မှာ အ၀င်ပေါက်သေးသေးလေးချန်ပြီး နေရာချပေးထားပါတယ်။ ဆိုင်ကြီးရင် ၃ ခန်း ၄ ခန်း ဆက်ယူပေါ့။ 

နေကြတဲ့သူ အတော်များများတော့ ဘုရားပွဲရက်တွေ မှာ စိတ်ညစ်ရပါတယ်။ လင်းထိန် ဆူညံနေတာပဲ။ ပြေလည်အောင် ပေါင်းကြသူတွေကျတော့လဲ နောက်ပိုင်းမှာ ဆိုင်တွေနဲ့ အမျိုးတွေလို ခင်သွားကြတာလဲရှိပါတယ်။ ဘုရားပွဲ စတော့မယ်ဆို သိထားတဲ့ဆိုင်တွေအတွက် နေရာကိုတောင် ကြိုယူပေးထားတတ်ပါတယ်။

ဘုရားပွဲ ကဆိုင်တွေမှာ နေ့ပိုင်းအချိန်တွေဆိုရင် မြို့ခံတွေ လည်ကြတာက နည်းပါတယ်။ အနီးနား ရွာနီးချုပ်စပ်က သူတွေကပိုများပါတယ်။ အရောင်လွင်လွင် အ၀တ်အစားသစ်တွေနဲ့၊ ပါးနီတွေနဲ့၊ ချွေးတပြိုက်ပြိုက်နဲ့၊ ပျော်ပျော်ပါးပါးနဲ့။ ကျွှန်တော်တို့လဲ တခါတလေ ဦးတည်ရာမဲ့ လျှောက်ကြတာပါပဲ။

အဲဒီ့လိုနေ့ခင်းဖက်လည်ရင်း တရက်က ဘုရားပွဲဈေး ကန်စောင်းမှာ ရေချိုးနေတဲ့ အမျိုးသမီးတဦးတွေ့တော့ ကျွန်တော်တို့ အံ့သြတကြီးဖြစ်ခဲ့ပါတယ်။ အဲဒီ့အမျိုးသမီးဟာ အရင်ရက်က ငါးမူးပေး ကြည့်ခဲ့တဲ့ အာကာသမှ ပန်ကန်ပြားမယ်။  အဲဒီတုန်းက သူမဟာ ရုံထဲမှာ စားပွဲခုံပေါ်က ဒန်ပန်းကန်ပြားလေးပေါ်မှာ ခေါင်းလေးပဲရှိတဲ့သူ။ မိတ်ကပ်တွေနဲ့ မျက်နှာသေလေးနဲ့။ ကျွန်တော်ကိုယ်တိုင် သူ့ပါးစပ်ထဲ ကြောက်ကြောက်နဲ့ ဘီစကွတ်တချပ် ခွံ့ ပေးဖူးပါတယ်။ အကောင်းအတိုင်း မြင်ရတော့ အကုန် တအံ့တသြနဲ့ ၀ိုင်းအော်တော့ လစ်ရောပဲ။ 

တခါတလေ ဇာတ်ရုံတွေထဲ ညအတွက် ပြင်ဆင် နေတာတို့ ယိမ်းအတွက် ညှိကြ ပြင်ကြဆင်ကြ လုပ်နေတာတွေပါ ( ဗုံသံကြားရင် ) ၀င်ငေးတာပါပဲ။ ကလေးဆိုတော့ နေရာစုံအောင် လဲ ရောက်ပါတယ်။

သူငယ်ချင်းတယောက်ကတော့ မျက်လှည့်ဝါသနာပါတယ်။ အမြဲဝင်ကြည့်လေ့ရှိပါတယ်။ ပြီးရင် စာအိတ်လေးတွေနဲ့ ထည့်ရောင်းတဲ့လုပ်နည်းတွေဝယ်၊ ကျင့်ပြီး နောက် ဘုရားပွဲပြီးချိန်မှာ ပြန်လုပ်ပြလေ့ရှိပါတယ်။ 

ညပိုင်း အချိန်တွေမှာတော့ ကျွန်တော်တို့အပျော်ဆုံးပဲ။ ပွဲဈေးကို ဆိုင်တိုင်းစေ့ လျှောက်ကြည့်ကြပါတယ်။ ၀ယ်ချင်တဲ့ ကစားစရာတွေလဲ စိတ်ကူးယဉ်ကြပါတယ်။ အိမ်က စည်းကမ်းတခု လုပ်ပေးထားတာရှိပါတယ်။ ပွဲတော် နောက်ဆုံးနေ့ရောက်ရင် ကြိုက်တဲ့ကစားစရာ တခုပြော၊ လိုက်ဝယ်ပေးလေ့ရှိပါတယ်။ ဒီတော့ ဘယ်ဆိုင်က ဘာလိုချင်လဲဆိုတာကို စေ့စေ့စပ်စပ် လိုက်ကြည့်ထားမိပါတယ်။ အဲဒီတုန်းက သဘောကျတာက စတီးဆွဲကြိုးတွေ၊ ငြိမ်းချမ်းရေးသင်္ကေတတို့၊ သိမ်းငှက်တို့၊ အဆွဲအမျိုးမျိုးနဲ့။ အဲဒီတုန်းက အခုလို ဟစ်ဟော့တွေ မပေါ်သေးပေမဲ့ သိပ်ဆွဲချင်တာ။

အိမ်ကတော့ အဲဒီ့ဆွဲကြိုးတွေကို ဘယ်တော့မှ ၀ယ်ခွင့်မပေးပါ။ သူတို့ပြောတာက စတီးဆွဲကြိုးတွေက သိပ်ခိုင်တော့ တခုခုနဲ့ ငြိနေရင် ပြတ်မထွက်ဖူး၊ ကျွန်တော်ကလဲ အငေးသန်တော့ မြင်းလှည်းအဆင်းတို့ ဘာတို့မှာ ငြိမိရင် အသက်အန္တရာယ် ရှိတယ်တဲ့။ မ၀ယ်ရလေ ငမ်းလေပါပဲ။ နောက် သဘောကျတာကတော့ အရုပ်သေနတ်အမျိုးမျိုး။ များသောအားဖြင့်တော့ သေနတ်ပဲဝယ်ဖြစ်ပါတယ်။ ဘုရားပွဲအပြီးမှာ ကျွန်တော်တို့တသိုက် ကစားလေ့ရှိတာကလဲ သေနတ်အသစ်ကိုယ်စီနဲ့ သေနတ်ပစ်တမ်းပဲ။

အဓိကကတော့ ဘာဝယ်လာတယ်ဆိုတာကို ကြွားကြတာပဲ၊ အဲဒီတုန်းကတည်းက အကြွားမှာ ဇ'ကလေးနဲ့ သူငယ်ချင်းတစုပေါ့။ လေထိုး မှော်ဘီဘော်လုံး ၀ယ်ဖြစ်တဲ့နှစ်ဆိုရင်လဲ လက်ညှိုးမှာ ဘော်လုံး ကြိုးအိတ်ကလေးကိုချိတ် တဘုတ်ဘုတ်နဲ့ ကန်ရင်း လျှောက် သွားပြနေတာပေါ့။

ပွဲဈေးလည်ဖို့ မုန့်ဘိုးကတော့ ညတိုင်းလိုလိုပေးပါတယ်။ သိပ်တော့မများပါဘူး။ ဒါကိုစုထားနိုင်ရင်တော့ ကိုယ်ကြိုက်တာ ကိုယ်ဝယ်ပေါ့။ ဒါပေမဲ့ စုခဲပါတယ်။ ပွဲဈေး တပတ်ပတ်ရင် ၀ယ်စားချင်တဲ့မုန့်တို့ တကျပ်ဖိုး သုံးကား ကြည့်ချင်တဲ့စိတ်တို့၊ ထူးထူးဆန်းဆန်းလေးတွေ ( မျက်လှည့်တို့  အာဖရိကက မြွေကြီးတို့ ) ကြည့်ချင်တဲ့စိတ် ပေါ်လာလေ့ရှိတယ်ဆိုတော့ များသောအားဖြင့် အိမ်ပြန်ရင် အိတ်ကပ်ဗလာပါပဲ။

အချိန်အကုန်ဆုံးနေရာကတော့ တကျပ်ဖိုး သုံးကားအရှေ့မှာပါပဲ။ အသံချဲ့စက်နဲ့ သူညွှန်းနေတာကို သိပ်သဘောကျတယ်၊ နောက် လိုက်ကာဖွင့်အပေး အမြည်းကြည့်ရတာကို ကြိုက်တယ်၊ ဒီတော့ ရုံထဲဝင်ကြည့်မိသလို ရုံအရှေ့မှာစောင့်ရင်း သူတို့အခေါ် နမူနာ.. ဆိုတဲ့အမြည်းကိုလဲ စိတ်ရှည်လက်ရှည် စောင့်ကြည့်လေ့ရှိပါတယ်။အကြိုက်ဆုံးကားတွေကတော့ လူကိုနေထိ အရည်ပျော်ခြင်း၊ စွမ်းအားရှင်တိုက်ပွဲ၊ ပညတ်တော် ၁၀ ပါး ၊ လူရိုင်းနီရဲ့ ဂလဲ့စား တို့ပါ။ 

နှစ်တိုင်း ဒီကားတွေပဲ ပြတာဆိုပေမဲ့ ကြည့်ရတာ ရိုးသွား အီသွားတယ်လို့မရှိ၊ နောက်ပိုင်း ရုံထဲက အသံကြားရုံနဲ့ ဒါဘယ်အခန်းဆိုတာ အလွတ်ရလာသည်အထိ ကြည့်နေမိတာပါပဲ။

နောက် အခုတိုင် သတိတရ အရှိဆုံးက  ပွဲဈေးတန်းက မုန့်ပေါင်းစုံ။ မုန့်သိုင်းခြုံ၊ မုန့်လင်မယားကအစ နောက်ဆုံး ကြံပန်းခိုင်အထိ ခုံခုံမင်မင် ၀ယ်စားဖြစ်ပါတယ်။ အဲဒီတုန်းက ရောင်းသူတွေနဲ့ စားသူတွေအကြား ယုံကြည်မှု့မှာ အစွန်းအထင်းလဲ မရှိ၊ အိမ်ကလူကြီးတွေက ဘာဘာညာညာ ၀ယ်စားမနေနဲ့လို့ မှာလေ့မရှိ၊  သူတို့ကိုယ်တိုင်တောင်  ပွဲဈေးမှ ၀ယ်လာတဲ့မုန့်ဆိုပြီး အိမ်နီးချင်းတွေပါ ဝေငှနေကြပါသေးတယ်။

အိမ်အတွက် ပရိဘောဂတို့ ဘုရားစဉ်၊ ဖျာ စတာတွေကိုတော့ ဘုရားပွဲ နောက်ဆုံးရက်တွေမှာ လူကြီးတွေ ထွက်ဝယ်ကြပါတယ်။ အဲ့ဒီ့အချိန်ဆိုရင် ဈေးက အတော်လျှော့ပေးပါတယ်။ နောက် ကျွန်တော်ကြိုကြည့်ထားတဲ့ ကစားစရာ လိုက်ဝယ်ပေးပါတယ်။ အပျော်ဆုံးနေ့ပါပဲ။ 

ဒီဘုရားပွဲဈေးကို ငယ်စဉ်ကနေ ၁၀တန်းအောင်သည်အထိ ပျော်ပျော်ကြီး လည်လေ့ရှိခဲ့ပါတယ်။ နောက်ပိုင်းနယ်ဝေးမှာ ပညာသင်၊ နောက်အလုပ်ထဲရောက် နဲ့ ဝေးသွားလိုက်တာ အခုဆိုရင် ဝေးခဲ့တဲ့နှစ်တွေဟာ များလှပြီပေါ့။

သို့ပေမဲ့ စိတ်ထဲ စွဲနေအောင်မှတ်မိနေလို့ တခါတလေ စိတ်ကူးထဲမှာ တံတားထိပ်ကနေ တလှမ်းချင်း ဈေးဆိုင်တန်းထဲဝင်.. ညာဖက်မှာက ရဟတ်ကြီးနဲ့ ရုပ်ရှင်ရုံ၊ တဖြေးဖြေးနဲ့ နိဗ္ဗန်ကုန်ဆိုင်တွေ.. နောက် ဖျာတွေ...ထိုးမုန့်ဆိုင်တွေနဲ့ ချိုအီအီရနံ့များနဲ့ မုန့်သိုင်းခြုံဆိုင်တွေ၊ ဈေးဝယ်ခေါ်နေတဲ့ အသံတွေ... မှတ်မိနေတုန်းပါ။

အခုနေများ အကြောင်းတိုက်ဆိုင်လို့ ပြန်ကြုံဖြစ်ခဲ့ရင် ဆိုင်တန်းတွေအကြားမှာ သွားရင်း ပျော်နေမဲ့အစား အရင်တုန်းက ပျော်ခဲ့တာတွေပဲ ပြန်တွေးဖြစ်နေမလားပဲ မသိ.....

Sunday, August 28, 2011

ဘလော့ဒေး ( ၂၀၁၁ )


ကျွန်တော် ၄လသားအရွယ်တုန်းကပေါ့။ ကျွန်တော့အကိုက ၄ နှစ်ကွာတော့ အမေ မအားတဲ့ချိန်တွေဆို ကျွန်တော်အိပ်နေလျှင်ဖြစ်ဖြစ်၊ နိုးပေမဲ့ ရစ်မနေတဲ့အချိန်တွေဆို စောင့်ကြည့်ဘို့ တာဝန်ယူရပါတယ်။ ဒီလိုနဲ့တရက် ကျွန်တော်နိုးနေပြီး အုအုအဲအဲ လုပ်နေချိန်မှာ သူက မြူဖို့ကြိုးစားပါတယ်။ သူတတ်သမျှ မှတ်သမျှပေါ့။ “ ခေါင်းတုန်တုန် လည်တုန်တုန်ရေ့.. ခေါင်းတုန်တုန် လည်တုန်တုန်ရေ့..”တဲ့ ။ ၄လ သားဆိုတော့ ဇက်က မခိုင့်တခိုင် လက်တွေခြေတွေကလဲ သန်သန်စွမ်းစိမ်းမရှိသေးတော့ သူက တုန်ချိတုန်ချိလို့ပဲ မြင်နေတာပေါ့။

အခု ကိုညိမ်းနိုင်က ဘလော့ဒေးအတွက် တက်ဂ်လုပ်တယ်ဆိုတဲ့ စာဖတ်နေချိန်မှာတော့ အဲဒီ့ “ ခေါင်းတုန်တုန် လည်တုန်တုန်ရေ့.. ခေါင်းတုန်တုန် လည်တုန်တုန်ရေ့..” ဆိုတဲ့အသံ ကိုပဲ ပြန်ကြားမိနေပါတယ်။

ရေးမယ်ဆိုတော့ ထုံးစံအတိုင်း ရှေ့က ရေးထားကြတာတွေကိုလိုက်ဖတ်ပါတယ်။ သိရတာကတော ဒီနှစ့်မှာ ကိုအောင် ( ပျူနိုင်ငံ) က စတင်လှုံ့ဆော်ပေးပါတယ်တဲ့။ နောက် ရို့ ကနေပြီး ဘယ်လိုရေးလေ့ရှိတယ်ဆိုတာကို အသေးစိတ် ရှာရှာဖွေဖွေ ဖေါ်ပြထားပါတယ်။ အဲ့ဒီအတိုင်းပဲ ပုံစံဖွဲ့ ရေးပါရစေ။

ဘလော့တွေရေးတဲ့သူတွေမှာ တချို့က သိထား တတ်ထားတဲ့ ပညာရပ်အမျိုးမျိုး ကို စေတနာတွေနဲ့ ရေးကြပြီး၊ ရင်ဘတ်ကြီးနဲ့လာပြီး ရသအမျိုးမျိုးကို သေသပ်လှပစွာဖွဲ့ကြသူများ၊ နောက် ကဗျာများကို ချစ်မြတ်နိုးကြသူ ကဗျာရေးဖွဲ့နေကြသူများ၊ တနေ့တာအကြောင်းလေးများကို ဒိုင်ယာရီသဖွယ် နှစ်လို့ဖွယ် ရေးကြသူများ၊ သီချင်းနှင့် ဖွယ်ဖွယ်ရာရာ စားစရာလေးများအကြောင်းရေးနေကြသူများ၊  သိကြ ကြားရသည်များကို ဝေမျှပေးနေတဲ့ သတင်းရေးသူများများ စသည်ဖြင့် အမျိုးမျိုးရှိနေကြပါတယ်။

အဲဒီတော့ ဒီဘလော့ရွာကြီးကို မင်းက ဘာတွေများ ယူလာပါသလို့မေးရင် ကျွန်တော့ပုံက အရင်ဆုံး ဒီလိုဖြစ်သွားပါလိမ့်မယ်။

နောက် အကျီ အိပ်ကပ်တွေနှိုက်ကြည့်လိုက်၊ ဘောင်းဘီအိပ်ကပ်တွေစမ်းကြည့်လိုက် ၊ ဟိုရှာသလိုလို ဒီရှာသလိုလိုနဲ့ အတော်ဗျာများပြနေဖြစ်မှာပါပဲ။ ရေးနေတာကတော့ ကျွန်တော်က ဟိုရောက် ဒီရောက် အကြောင်းများ၊ ကျွန်တော့ဇနီးက သူမအတွေးဆိုတဲ့ခေါင်းစဉ်နဲ့ သားအကြောင်း မှတ်မိနေစရာလေးများကို ရေးနေဖြစ်တာပါပဲ။ ဒီတော့ ဖတ်လို့ အဆင်ပြေရုံကိုပဲ ကြိုးစားရေးနေရတဲ့ အားထုတ်မှု့ကိုသာ ကောက်ရိုးတမျှင်လိုပဲ ဖက်တွယ်ထားရပါတယ်။

အရင်တုန်းက ဘလော့တခု ရှိခဲ့ဖူးပါတယ်။ စိတ်ဖြေရာ ကနေ ဝေး..စိတ်ဖြေ ဆိုပြီး နာမည်ပြောင်းရေးခဲ့ပါတယ်။ အဲဒီဘလော့ကတော့ ရေးလို့ သက်တမ်းတနှစ် ကျော်ကျော်မှာ အကြောင်းကြောင်းကြောင့် ပျက်သွားပါတယ်။ အခု ဒီဘလော့လေးတော့ အဲဒီလိုမဖြစ်အောင်၊ ရေရှည်လေးတည်တံ့အောင် ကျိုးစားနေမိပါတယ်။

မှတ်မိပါသေးတယ်။ ကျွန်တော် ဘလော့တခုလုပ်တော့မယ်ဆိုတော့ သူငယ်ချင်းတယောက်ဆီမှာ အကူအညီတခုတောင်းဖူးပါတယ်။ သူက လိုအပ်တာ ကူညီရင်း တလက်စထဲ ဘာသတိပေးလဲဆိုတော့ မင်းသတိတော့ထားနော်.. သိပ်ပြီးစိတ်နစ်မသွားစေနဲ့၊ No Turning Point ကိုသတိထား၊ ပြီးရင်ရပ်ဖို့မလွယ်တော့ဘူးတဲ့။

 အခုတော့ သူ့ကို အရပ်ဟာသတခုနဲ့ ပြန်ပြောရလိမ့်မယ်။ မူးနေတဲ့သူတယောက်က ပြောတာ  “ မင်းတို့အရက်ကွာ  စွဲတယ်.. စွဲမယ်နဲ့ ငါသောက်လာတာဖြင့် ၁၀နှစ်တောင်မကတော့ဘူး.. ဘယ်မှာစွဲလို့လဲ ”  တဲ့။

ဘယ်တွေရောက်ဖြစ်သလဲဆိုတာကတော့ အမြဲရောက်ဖြစ်တာက ကျွန်တော့ ဘလော့စာရင်းထဲကအတိုင်းပါပဲ။ အသစ်ညွှန်းဖို့ဆိုတာကတော့ ကိုယ်ကိုယ်တိုင်က လပိုင်းပဲရှိသေးတာဆိုတော့  သူလဲအသစ် ကိုယ်လဲအသစ်ပေါ့။ အဲဒီ့ဘလော့တွေကတော့

Let me think... ( မိသားစု အကြောင်းနဲ့ သူ့အတွေးတွေကို တိုတိုရှင်းရှင်း ရိုးရိုး ရေးနေသော သူငယ်ချင်းတဦး)

သနပ်ခါးမေ ( အမျိုးသမီးတွေအတွက် သိသင့်တာတွေကို စေတနာများစွာနဲ့ ရှာဖွေတင်ပြနေသူ )

ကျေးဇူးတင်မိသူတွေကတော့ ဒီဘလော့ကို စေတနာထားပြီး လူသိအောင် ဘလော့စာရင်းမှာ တင်ပေးခဲ့သော ကိုညီလင်းသစ်၊ ကိုညိမ်းနိုင်၊ ကိုမန်းကိုကို၊ အပြုံးပန်း၊ မမြတ်ကြည်၊ လိုအပ်တာရှိလျှင် ခင်မင်စွာ ပြောပြပေးနေသော မခင်ဦးမေနှင့် ပေါက်နှင့်  တို့ပါပဲ။ ထို့အတူ စိတ်ရှည်လက်ရှည်ဖတ်ကာ အားပေးတတ်သော မရီတာနှင့် တစက္ကန့်မျှကအစ အမြဲမပြတ် လာရောက်ဖတ်ကြ အားပေးကြသူများကိုလဲ အထူးပဲ ကျေးဇူးတင်မိပါတယ်။

မည်သည့် လိုအပ်ချက်မဆို ထောက်ပြ လမ်းညွှန်ပေးကြပါ။

ဒါနဲ့ ဘလော့ဒေးရှေ့မှာ ဟဲပီးတို့ ဂွတ် တို့ဘာတို့တပ်လို့ရမလားတော့မသိ၊ ရရင်တော့ မင်္ဂလာရှိသော ဘလော့ဒေးပါလို့  ဗျိုးဟစ်ချင်မိပါတယ်။