Friday, January 27, 2012

သည်ည ကဗျာရေးပါဦး




အနုပညာရှင်တယောက်..

သူသိပ်မြတ်နိုးခဲ့တဲ့ သူ့ရဲ့ဖန်တီးမှူ့တွေထဲကတခုအတွက်..

အပြင်လူတယောက်အတွက်တော့ သူ့ရင်ထဲက ခံစားချက်တွေကို မှန်းရခက်ပေမဲ့..

အသံအဖြစ်ပြောင်းလဲသွားခဲ့တဲ့စကားလုံးတွေထက်..

အသံအဖြစ် မပြောင်းလဲပဲတည်နေခဲ့တဲ့ မျက်နှာပေါ်က အရိပ်တွေဟာ..

ပိုမြင်သာပါလိမ့်မယ်။

Wednesday, January 11, 2012

ဈေးပွဲတော် ၃

ဒါကတော့ အာဖရိက ဈေးရုံလေးပါပဲ။



အ၀င်ဝမှာ တစ်ယောက်က အရုပ်တခု လုပ်ပြနေတယ်။ အောက်က အတိုအစပုံ ကိုကြည့်ရတာ အတော်ပြီးနေပြီးသားကိုမှ အချောသပ်နေတာဖြစ်ပုံရပါတယ်။



အထဲမှာတော့ များသောအားဖြင့် အရုပ်တွေ။ ( ဒီလူက ရုပ်ရှင်မင်းသားတယောက်နဲ့ တူတယ်ထင်တယ် )






အစွယ်တွေ ထင်လိုက်မိသေးတယ်။ နောက်မှ ဒီလိုထားတဲ့ပုံထောက်တော့ အစွယ်အစစ် မဟုတ်လောက်ပါဘူးလေ ဆိုတဲ့ အတွေးဝင်လာမိတယ်။ အဲ့ဒီ့အတွေးနဲ့တင် ကျေနပ်ပြီး စေ့စေ့စပ်စပ် မကြည့်ခဲ့တော့ဘူး။




နောက်တနေရာက ယီမန်..
အထဲမှာ ဟင်းခပ်အမွှေးအကြိုင်တွေ အားရပါးရ ရောင်းနေတာ တွေ့ပါတယ်။ သူတို့ ရိုးရာဝတ်စုံကိုက ကျွတ်ဆင်ကြီး၊ ခါးကြားမြှ ဓါးကောက်ထိုးလျှက် …






ပျားရည်တွေ့လို့ စပ်စုမိပါတယ်။ အတော်ဈေးချိုတာပဲ။ ပျားရိုင်းတွေဆီက ရတယ်ဆိုပါတယ်။ အရသာ မြည်းလို့လဲရတယ်။ ၇၀ မီလီမီတာလောက် ဘူးဝိုင်း ( အဖုံးပါ အပါအ၀င် ၈၀ မီလီမီတာခန့်အမြင့် ) တဗူးအပြည့်မှ ၂၀ တဲ့ ( ဒေါ်လာ= ၂၀/ ၃.၆၈ )




နောက် ဗီယက်နမ်.. အ၀င်ပေါက်ဘေးမှာ သီးသန့် ရိုးရာ တူရိယာ ဖျော်ဖြေပွဲလေးနဲ့။ တယောလို သံရယ်၊ ၀ါးပတ္တလားသံရယ်၊ ပလွေရယ်သံရယ် ပေါင်းထားတဲ့ အသံလို့ပဲ ပြောပါတော့။




ကြည့်နေဆဲမှာ ကျွန်တော် မအီမသာဖြစ်လာတယ်၊ နောက် နေရထိုင်ရ ပိုခက်လာတယ်။ အသက်ကလေးက ရလာပြီလေ..။ ကြာရင် ပိုဆိုးလာမယ် သိလို့ ပြန်ဖို့ စိတ်ကူးရတော့တယ်။ နောက်ထပ်သွားဖြစ်မှပဲ ကျန်တဲ့ နိုင်ငံတွေက ဆိုင်တွေအကြောင်း အသေးစိတ်ထပ်ရေးပါ့မယ်။

ဂိတ်ကနေ အပြင်လှမ်းထွက်လိုက်တော့ စိတ်ထဲ မကောင်းဖြစ်သွားသေးတယ်။ ဂိတ်ကြေးတဆယ် ဒီမှာတင် ဆုံးသွားပြီလေ..

Tuesday, January 10, 2012

ဈေးပွဲတော် ၂

အဲဒီ့ ၃ နိုင်ငံနဲ့ဆိုင်ရာ ဈေးရုံလေးတွေ ထဲ ပတ်ပြီးတော့ ကျွန်တော် အလယ်က ကွင်းပြင်ဆီ လျှောက်လာခဲ့ပါတယ်။ ကွင်းအလယ်မှာ စဉ်လေးတခုရှိပြီး အဲဒီ့မှာ နိုင်ငံပေါင်းစုံက ယဉ်ကျေးမှူ့အဖွဲ့တွေ သူ့ရက်နဲ့ သူ၊ သူ့အချိန်နဲ့သူ အလှည့်ကျ ဖျော်ဖြေပေးလေ့ရှိပါတယ်။


စဉ်ရှေ့ရောက်ခိုက်မှာပဲ ကြေငြာသံပေါ်လာတာက အီကွေဒေါနိုင်ငံက အဖွဲ့တခုက သီချင်းရယ်၊ အကရယ်နဲ့ ဖျော်ဖြေပေးမှာဖြစ်ပြီး ငါးမိနစ်နေရင် စမယ်ဆိုပါတယ်။ ဒါနဲ့ ကျွန်တော်လဲ စောင့်နေတော့တာပေါ့။
စတော့ အတော်သဘောကျမိပါတယ်။ အဆိုရယ်၊ ဂစ်တာရယ်၊ ကီးဘုတ်ရယ်၊ Drum ရယ်၊ ပလွေတလက်ရယ် သွက်သွက် မြူးမြူးနဲ့၊ အမျိုးသမီးတယောက်ကလဲ သီချင်းနဲ့ အတူကတယ်။




ပုံထဲမှာ ခါးမှ ထိုးထားတဲ့ ပ၀ါ အနီလေးကို အစွန်းနှစ်ဖက်က ကိုင်ပြီး ဟိုဟိုဒီဒီပြေးကလိုက် ၊ ခါးကြားထိုး ကလိုက်နဲ့။ အဲ .. သီချင်းလဲ ဆုံးရော အဲဒီ့ပ၀ါ အနီလေးကို ကလေးလေးအလား ပွေ့ရင်းနဲ့.. ( သရုပ်ပေါ်မယ်ထင်တာပဲ.. )




နောက်တပုဒ်မှာ နောက်တယောက် ထွက်ကပါတယ်။ လှတပတလေး..




စပြီးကတဲ့အခါ အရင်တယောက်အတိုင်းပဲ ခက်သွက်သွက်၊ ဂါဝန်စ ကို ကိုင်ရင်း နဲ့ ကပါတယ်။ သီချင်းအလယ်လောက်ရောက်တော့ ခနထိုင်ပြီး ရေချိုး အလှပြင်တဲ့ ပုံ လုပ်ပါတယ်။ ( အရွယ်ရောက်လာပြီ သရုပ်ဖေါ်လေသလားပဲ ) အဲဒီ့နောက် ပြန်ထကတော့ အရင်လို မဟုတ်တော့ သိမ်သိမ် မွေ့မွေ့နဲ့ ( လက်ပုံစံက ဘဲလေးအကနဲ့ အတော်တူအောင် ) သီချင်းဆုံးတဲ့ အထိ ကသွားပါတယ်။





ဒီတယောက်ကို မျက်နှာလိုက်တဲ့အနေနဲ့ နောက်တပုံထပ်တင်လိုက်အုံးမယ်..




နောက်ဆုံး အပုဒ်မှာတော့ နှစ်ယောက် အတူ။ စစချင်း ရှေ့ကတယောက်ထိုင် ဂါဝန် အစကို ကိုင်ပြီးအပ်နဲ့ ချုပ်နေတဲ့ပုံ၊ သူ့နောက်က တယောက်ကထိုင်ပြီး နောက်ကျောဘက်ကနေ ချုပ်ပေးနေတဲ့ပုံ လုပ်နေတယ်။ နောက်တော့ နှစ်ယောက်လုံး အ၀တ်အစား တကိုင်ကိုင်နဲ့ ကတော့တာပဲ။ ( အ၀တ်အစားသစ်ရလို့ ၀မ်းသာတယ် ပြချင်တာထင်တယ် ) ဒီလို ဖြစ်တဲ့အထိ ကသွားပါတယ်..




တခုအံ့သြမိတာက လူလောက်လူအများကြီးကြားထဲ ဘယ်လိုလုပ် တွေ့အောင်ရှာနိုင်တယ် မသိ..




နောက်ဖွဲ့က ယီမန်အဖွဲ့.. ဗုံနဲ့ လူလေးယောက်က ဓါးတရမ်းရမ်းနဲ့ ကတယ်။ ဘယ်ရမလဲ လစ်တော့တာပေါ့..





ဒီစဉ်နဲ့ မလှမ်းမကမ်းမှာ ကွန်တိန်နာတွေချထားပြီး အပေါ်မှာ ဒီလိုအလုံးတခုတင်ထားတာ တွေ့ရပါတယ်။ ဒါနဲ့ သွားကြည့်တာ ဆိုင်ကယ် ငါးစီးလဲတွေ့တယ်ဆိုတော့ ( သေချာပါပြီ )ကျွန်တော်တို့ဆီက ဆပ်ကတွေထဲကလို ကမ္ဘာလုံးထဲ ဆိုင်ကယ်စီးမယ်ထင်တာပဲ။ မေးကြည့်တော့ စတော့မယ်တဲ့။ ဒါနဲ့ ဆိုင်ခန်းတွေဆီပြန်မသွားသေးပဲ စောင့်နေပါတယ်။
စတော့ လူလေးယောက် ဆိုင်ကယ် ၄ စီးနဲ့ ကွန်တိန်နာ အမိုးပေါ် တက်သွားတယ်။ ကျန်တဲ့တစီးကို အပေါ်တင်ပြီး ရပ်ထားတယ်။ နောက် မကြာပါဘူး တယောက်ပြီးတယောက် ကမ္ဘာလုံးထဲဝင်ပြီး စီးကြတာ ၄ ယောက်လုံး တပြိုက် စီးတဲ့အထိ ဖြစ်လာတယ်။ သိပ်မကျယ်လှတဲ့အထဲ ၄ ယောက် စီးကြတာဆိုတော့ ချိန်သားကိုက်ဖို့ အတော်လေ့ကျင့်ထားကြပုံပေါ်ပါတယ်။



၅ယောက်မြောက် နောက်ဆုံးတယောက်က အဲဒီ့အချိန်ရောက်မှ ကွန်တိန်နာထဲက ထွက်လာပြီး အပေါ်တက်လာတယ်။ အမျိုးသမီးဗျ။ ပြီးတော့ ၅ ယောက်လုံး တပြိုက်နက် စီးပြပြီး အထိအခိုက်မရှိ ပွဲပြီးသွားပါတယ်။
ဒီတော့မှ ကျွန်တော်လဲ ဆိုင်ခန်းတွေဆီ ပြန်လှည့်ဖြစ်တော့တယ်…

Monday, January 9, 2012

ဈေးပွဲတော်..

အခုအချိန် ဒူဘိုင်းမှာက ဈေးရောင်းပွဲတော်အချိန်၊ ခေါ်ကြတာကတော့ Dubai Shopping Festival ( DSF )၊ အချိန်အားဖြင့် တလ၊ ပုံမှာပါတဲ့အတိုင်းပါပဲ။




ရောင်းတဲ့သူတွေကလဲ နည်းမျိုးစုံပဲ လျှော့ရောင်းကြ၊ တွဲရောင်းကြနဲ့ မက်လောက်စရာအခင်းအကျင်း၊ ၀ယ်တဲ့သူတွေကလဲ အားရပါးရ၀ယ်နဲ့။ ကျွန်တော်ကတော့ ဘယ်ဖက်ကမှ မပါဘူး။


ဒီလိုပဲ ဒူဘိုင်းမြို့ပြင်တနေရာမှာ ( အနီးနားမှာ အိမ်ယာ စီမံချက်တွေရှိသော်လဲ မပြီးပြတ်သေးလို့ မြို့ပြင်လို့ပဲ ပြောနိုင်သေးပါတယ် ) Global Village ဆိုပြီး ဈေးပွဲတော် တခုကိုလဲ ကျင်းပနေပါတယ်။ သူကတော့ DSF ကို အခြေခံထားတယ်ဆိုပေမဲ့ အချိန်ပိုယူထာားပါတယ်။ နိုဝင်ဘာလ ၁ ရက်နေ့ကနေ မတ်လ ၃ ရက်နေ့အထိတဲ့။ ရောင်းပေတော့ပဲ။


ပြီးခဲ့တဲ့ သောကြာနေ့က ကျွန်တော် အဲဒီ့ကို သွားဖြစ်ခဲ့ပါတယ်။ အရင်နေ့တွေမှာ စိတ်ကူးထားတာက ကားမကျပ်ခင် စောစောသွားပြီး အဲဒီ့မှာ အေးအေးဆေးဆေးနေမယ်ပေါ့။ ပိတ်ရက် ထုံးစံအတိုင်း လူစည်နေလိမ့်မယ်၊ စောလေ ကောင်းလေပေါ့။ စဖွင့်တာက ၄ နာရီဆိုတော့ ၅ နာရီလောက် အိမ်ကထွက်ရင် အဆင်ပြေနိုင်မယ်ပေါ့။


သို့သော် ပိတ်ရက်တို့ထုံးစံအတိုင်း နေ့လည်စာ ၂ နာရီကျော်မှာစား၊ ပြီးတော့ စာအုပ်တအုပ်ဖတ်ရင်းနဲ့ မထင်ပဲ အိပ်ပျော်သွားရာက နိုးတော့ ၆ ခွဲနေပြီ။ အရင်လို အဆင်မပြေနိုင်တော့ဘူးဆိုတာသိပေမဲ့ ဒီလိုပိတ်ရက်တွေမှ လုပ်လေ့ရှိတဲ့ သူတို့အခေါ် Events & Shows ဆိုတဲ့ ဖျော်ဖြေပွဲလေးတွေ မက်တာကြောင့် ဇွတ်ထွက်လာဖြစ်ပါတယ်။ ရောက်တော့ ၇ နာရီခွဲ။
ထင်တဲ့အတိုင်းပဲ ရောက်တဲ့အချိန်မှာ ကားကျပ်တဲ့အပြင် ရဲတွေက လမ်းပိတ်ပြီး အဝေးဆုံးက ကားပါကင်တွေကို ဖြည့်နေတဲ့အချိန်။ ရပ်ရတဲ့နေရာနဲ့ ၀င်ပေါက်က အတော့ကိုလှမ်းသေးတာ တွေ့ရပါတယ်။ တကယ်တမ်းတော့ ၂ ဦးနှစ်ဖက် အကျိုးရှိတယ် ပြောရမှာပဲ။


ကျွန်တော့်တို့ဖက်ကတော့ လမ်းလျှောက်ရတာပေါ့ဗျာ.. လျှောက်ပေတော့ တမျှော်တခေါ်၊ သူတို့ဖက်ကတော့ အောက်ကပုံလို ( ဆိုက်ကားပဲ ပြောပါတော့ ) စီးစရာယာဉ်လေးတွေစီစဉ်ထားတယ်။ စီးချင်ရင် ပိုက်ဆံပေးလေ၊ သက်သက်သာသာရောက်စေရမယ်ပေါ့။



သို့နှင့်ပေါ့ဗျာ.. အတော်လျှောက်လိုက်တော့ ဂိတ်ရောက်ပါလေရော။ လက်မှတ်ဝယ်ရပါတယ်။ ၀င်ကြေး ၁၀ ( ဒေါ်လာ= ၁၀/၃.၆၈ )။ လူတွေစည်လွန်းတော့ ၀င်ကြေးကိုက အတော်ရမှာ။ အထဲမှာတော့ ( ဈေးရောင်းပွဲတော်ဆိုတော့ ) ဈေးရုံလေးတွေလို့ပဲ ခေါ်ပါတော့၊ သူ့နိုင်ငံနဲ့သူ ရုံလေးတွေဖွဲ့ထားပါတယ်။ ကျွန်တော်ဝင်လာခဲ့တဲ့ ဂိတ်နဲ့ အနီးဆုံးက အီရန်။




အ၀င်ဝနားက အရုပ်တွေထဲက ဒီအရုပ်ကိုသဘောအကျဆုံးပဲ။ ကာကွယ်နေတာလိုလို.. ရွယ်ပဲနေတာလိုလို..




အထဲမှာ အဓိက ရောင်းနေတာကတော့ ကော်ဇောဆိုင်တွေများပါတယ်။ အထင်ကရကိုး..




နောက် ပါကစ္စတန်။ လောကကြီးကို လှနေစေချင်သူတို့သည် ပါကီ အမျိုးသားများဖြစ်ကြသည်လို့ အဆိုရှိတယ်မဟုတ်လား။ အလှဆင်ပစ္စည်းလေးတွေ ဘုစုခရု အကုန်ဆွဲထားတာပဲ။ ရွှေခြည် ငွေခြည်၊ ၀ါး စုံနေတာပဲ။







နောက်တခုကတော့ နာမည်ကြီး ချိုင်းနား..




အထဲမှာ အစစ်တွေပဲရောင်းပါတယ်။ အကုန်လုံး တရုတ်နိုင်ငံတွင်ထုတ်လုပ်သည်ဆိုတဲ့ အာမခံစာတမ်းလေးတွေနှင့်။ အရင်နှစ်ခုလို သီးသန့်ရောင်းတာရယ်လို့မရှိ၊ ပစ္စည်းမျိုးစုံ။ ဒီအရုပ်ဆိုင်လေးတောင်၊ နာမည်ကြီးဇာတ်ကောင် အကုန်စုံအောင် ထည့်ထားနိုင်ပါတယ်။ ဈေးမျိုးစုံနဲ့..



ဆက်ရန်..

Saturday, December 31, 2011

၂၀၁၂





•မျက်လုံးများ

အဝေး ( မှုန် )
အနီး ( ကြည် )

•အတွေး

အဝေး ( ကြည် )
အနီး ( မှုန် )

•မျှော်လင့်ချက်


အဝေး ( အတော် မှုန် )
အနီး ( မဆိုး )


၂၀၁၂ ထဲ တလှမ်းပြီးတလှမ်း နင်းဝင်လိုက်တော့မယ်။ အဆင်ပြေမှာပါလေ....

Thursday, December 29, 2011

ပုဂံ ၂၀၁၁


ဆန့်ကျင်ဘက်တရားတွေ ပေါင်းဆုံခဲ့ရာမြို့..

မြင်နိုင်သေးသည်တို့ကိုကြည့်ကာ မမြင်နိုင်ခဲ့သည်တို့ကို တွေးမိစေသောမြို့..

ခံစားချက်ပေါင်းစုံအကြားမှ ဒီမြေကို ချစ်သောစိတ်သာထင်ထင်ရှားရှားကျန်ရစ်ခဲ့စေသောမြို့..

Saturday, December 24, 2011

သည်တော..သည်တောင်..သည်မြေ..

မိတ္ထီလာမှတဆင့် ကျွန်တော်တို့ ညောင်ဦးမြို့ဆီ ခရီးဆက်ပါတယ်။ အစီအစဉ်ကတော့ ညောင်ဦးမှာ ၃ ညအိပ် ၄ ရက် နေမယ်။ ကျွန်တော်တို့မိသားစု ၃ ယောက်က မိတ္ထီလာကနေ သွားနေချိန်မှာ မန္တလေးမှ ဇနီးသယ်ရဲ့ အကို မိသားစု ၃ ဖွဲ့ကလဲ ညောင်ဦးကိုလာနေပြီ။ နယ်ခံ ၀န်ထမ်းအကိုရဲ့အိမ်မှာတည်းမယ်၊ နောက် ပုဂံမြို့ဟောင်းမှဘုရားတွေ ဖူးကြမယ်။




မိတ္ထီလာမြိုအထွက်ရောက်တော့ ၉ နာရီထိုးနေပါပြီ။ ဒီတခေါက်လောက် လမ်းခရီးတလျှောက် လှနေတာ မကြုံဖူးခဲ့။ မိုးကင်းတာမကြာသေးလို့ သစ်ပင်တွေကစိမ်းစိမ်းစိုစို၊ အရင်အခေါက်တွေက ခြောက်သွေ့နေသော သဲချောင်းတွေအဖြစ်သာရှိနေခဲ့တဲ့ ချောင်းတွေ မြောင်းတွေမှာလဲ ရေတင်နေသေးတော့ ဒီခရီးဟာ ကျွန်တော်တို့အတွက် မမေ့ချင်စရာ။



လမ်းက အတော်ကြီးကို ကောင်းနေတာတွေ့ရပါတယ်။ အပေါက်မရှိ၊ လမ်းလဲကျယ်၊ အရင်အခေါက်တွေတုန်းက ကုမ္ပဏီတခုက ခင်းနေလက်စတွေ့ခဲ့ရတာ ဒီတခေါက်မှ အချောသပ် ပြီးစီးနေပါပြီ။


ဓါတ်ဆီရောင်းတဲ့ ဆိုင်လေးတွေတော့ ရှိနေတုန်းပါပဲ။ ပိုတောင် စုံအောင်တင်လာကြပါတယ်။ ရောင်စုံဗူးလေးတွေ၊ အဖြူရောင် ( ဓါတ်ဆီ )၊ အ၀ါရောင် ( ဒီဇယ် )၊ အနီရောင် ( အောက်တိန်း )။ ညပိုင်းဆို မီးရောင်လေးနဲ့ လှတောင်နေသေး။



တလမ်းလုံး အများဆုံးတွေ့ရတာကတော့ ထနောင်း၊ ရှား၊ ထန်းပင် နဲ့ ကုက္ကိုပင်တွေပါပဲ။ အညာတလျှောက် အတွေ့ရဆုံးအပင်တွေပါ။ ထနောင်းပင်ကတော့ အကိုင်းအလက် ကွေ့ကွေ့ကောက်ကောက် လှလှပပ။ နွေရာသီမှာ အားအကိုးရဆုံးအပင်။ နွေထနောင်း ဆောင်းမန်ကျည်းလို့ ဆိုထားသလို နွေမှာ ထနောင်ပင် အပင်ရိပ်ဟာ အေးတယ်တဲ့။




တခါက ကိုရင်ဝတ် ဓူဒင်ဆောင်တော့ နေ့ပိုင်းဆို ထနောင်းပင်ရိပ်အောက် တနေကုန်နေဖြစ်ရတဲ့အခါ တခါတရံ ကျလာတတ်တဲ့ ရေမှုန်မွှားလေးတွေတောင် သတိထားမိခဲ့ပါတယ်။ ရှားပင်က အနှစ်များပြီး အသားမာတော့ ထွန်သွားတွေအဲဒီ့အသားနဲ့ပဲလုပ်ကြပါတယ်။ ကျန်တဲ့အပင်တွေကတော့ အသိများတဲ့အပင်တွေပေါ့။ ခရီးပြန်ဆက်ကြစို့ရဲ့..




ဒါကတော့ မုန်တိုင်ဆည်။ မိတ္ထီလာကန်ရဲ့ ရေထိမ်းဆည်။ ငယ်ငယ်က ၄တန်းမှာ ဒီဆည်ကို လေ့လာရေးတခေါက် ရောက်ဖူးခဲ့ပါတယ်။ မှတ်မိနေတာကတော့ ဒီဆည်သာ မဆောက်ဖြစ်ရင် နုန်းမြေတွေနဲ့ ကန်ဟာ ကောသွားမယ်တဲ့။ နောက်ရေလွှတ်တံခါးက ကိုရီးယားနည်းပညာတဲ့။




နောက် ဘုမသဘမသိနဲ့ ဆည်ရဲ့လယ်ရေသောက်ဧရိယာတွေ၊ သိုလောင်ပမာဏ ဘာညာ ကိန်းဂဏန်းတွေ ကူးရေးနေမိခဲ့တယ်။ ဆည်ဘောင်ကြီးပေါ်လျှောက်ကြတော့ ဘောင်ရဲ့တဖက်မှာ ရေမျက်နှာပြင်နဲ့ နီးနီးလေး၊ တခြားတဖက်မှာ ရေလွတ်တဲ့မြောင်းရှိတဲ့ မြေပြင်က ချောက်ကြီးပမာ အနက်ကြီး။ အဲဒီ့တချက်ပဲ ကျွန်တော့အတွက် အံ့ခမန်းဖြစ်ခဲ့ပါတယ်။


ကလေးဆိုတော့ ဒီဘက်က လှောင်ထားတဲ့ ရေပမာနတွေ ဘာတွေမသိ။ အိမ်ရောက်တော့ အမေ့ကို အားပါးတရ ပြန်ပြောနေခဲ့မိတယ်။ ထူးဆန်းတယ် အမေရယ်.. ဘောင်ကြီးပေါ်မှာလေ ဒီဖက်က ရေက လေ နီးနီးလေး၊ ဟိုဖက်မှာလေ ချောက်ကြီးက အနက်ကြီးပဲလို့။ အခု ဒီနေရာရောက်တော့ ပြန်သတိရလို့ ပြုံးမိနေခဲ့ပါတယ်။




ခရီးဆက်ရင်း ချောင်းလေးတွေ တွေ့တော့လဲ ခန ရပ်ဖြစ်ပါတယ်။ တခြား သဘောကျသော နေရာလေးတွေမှာလဲ ရပ်တာပါပဲ။
ဒါကတော့ကြက်မောက်တောင်ဆည်နားက အဆင်းနားမှာရိုက်ထားတာပါ။




ကျောက်ပန်းတောင်းရောက်တော့ လမ်းမှာ ဟိုဟိုဒီဒီနားခဲ့တာများလို့ မရပ်ပဲ ညောင်ဦးကိုဆက်မောင်းပါတယ်။ ကျောက်ပန်းတောင်းနဲ့ ပုပ္ပါးမှလာတဲ့ ဗျတ္တပန်းဆက်လမ်း အဆုံအထိ လမ်းက အတော်ကြမ်းနေတယ်။ နေကလဲ မြင့်လာ နောက်ပြီးတော့ လမ်းကိုလဲ ဂရုစိုက်ရနဲ့ သိပ်မကြည့်အားတော့ပါဘူး။




နောက် နေ့လည်စာအမှီ ညောင်ဦးကိုရောက်လာပါတယ်။ နောက်တနာရီလောက်နေတော့ မန္တလေးမှအဖွဲ့လဲ ရောက်လာပါပြီ။ နေ့လည် တရေးတမောအိပ်ပြီးတာနဲ့ ဘုရားဖူးဖို့ အသင့်။ လူကြီး ၇၊ ကလေး ၆၊ ပေါင်း ၁၃ ရောက် ဗျ။း)