Friday, August 26, 2011
ဝမ်းသာရင်း ကျေးဇူးတင်နေမိပါသည်...( ဇာတ်သိမ်း )
အိမ်ပြန်ရောက်ကြတော့ အားလုံးက နဂိုပုံမှန်လိုပါပင်။ သားနဲ့ သူ့ အဖေက ကစားကြ စကားတွေပြောကြ။ တီဗွီ အတူတူ ကြည့်ကြ။ ကျမက ချက်လိုက် လျှော်လိုက် အိမ်ရှင်းလိုက်။ သားတို့ နဲ့ စားလိုက် စကားပြောလိုက်။
ဒီလိုနဲ့ တစ်နေကုန်လို့ ညအိပ်ချိန်ကို ရောက်တော့ သားက အိပ်ဖို့ ကြောက်နေပြန်ပါသည်။ တနေ့ လည်လုံး ဆော့ထားသဖြင့်အိပ်ချင်လှနေပါပြီ။သို့ သော် ဇွတ် ခေါင်းရမ်းပြီး သူ့ ကိုသူ မအိပ်အောင်ကြိုးစားနေသည်ကို တွေ့ ရတော့ ကျမတို့ သူ့ စိတ်အစွဲလျော့ဖို့ ကျိုးစားရပါတော့မည်။
စိတ်မချသလို အခန်းထဲကြည့်ရင်း ကုတင်ပေါ်တက်ပါသည်။ ကျမတို့ က.. ဟော ဖေဖေရော မေမေရော ရှိတယ်လေ။သားနဲ့ တူတူအိပ်မှာလေကြည့်...ဆို ပြီး ကျမက အိပ်ပြရပါသည်။ သားအဖေကပါ လိုက်လှဲရင်း..ကဲ ကဲ မအိပ်သေးရင်း ဖေဖေ့ပေါ်မှီပြီး တီဗွီ ကြည့်...ဆိုကာ အဖေ့ပေါ် လှဲခိုင်းရပါသည်။ ဒီလိုနဲ့ အချိန်အတော်ကြာပြီး မဟန်နိုင်လွန်းကာမှသာ အိပ်ပျော်သွားပါသည်။ တိုးတိတ်ညင်သာချောမွေ့ စွာနဲ့ ပါ။ 
ကျမတို့ နောက် ၂ည ၃ညလောက်တော့  ချော့ကာ နားလည်အောင်ပြောပြရင်း ပုံမှန်ဖြစ်အောင် ကြိုးစားရအုံးမည်ထင်ပါသည်။
တကယ်လည်းပဲ နောက် ၂ညကြာပြီးမှသာ အစစပုံမှန်ပြန်ဖြစ်သွားပါသည်။ တော်ပါသေးသည် ဟု ဟင်းချနိုင်ကြပါသည်။
သားလေး ခွဲအပြီး လေးရက်မြောက်နေ့ မှာတော့ ခေါက်ဆွဲပြုတ်ပျော့ပျော့ စ စားပါသည်။ ပထမ၃ရက်ကတော့ ရေနဲ့ နွားနို့ အေးအေးကိုသာ နဲနဲ နဲနဲ မကြာမကြာ တိုက်ပေးနေခဲ့ရပါသည်။ သားကိုယ်တိုင်က မစားလို မသောက်လိုခဲ့ပါ။ ရေခဲမုန့် ကလည်း ကျွေးမရတော့ ရေ အေးအေးကိုသာ တိုက်နေရပါသည်။ ဆေးတိုက်ရတာ အစက ခက်ပေမဲ့ သားသားနာနာပျောက်ဖို့ ဆိုတော့ သောက်ရှာပါသည်။ 
သို့ သော် အသံကတော့ အက်ကွဲကွဲ ရှတတ ဖြစ်နေဆဲ။ ပါးစပ်က ဟပြီးပြောနေတာလည်းပါပါမည်။ မပီမသဖြစ်နေဆဲ။ ထို့ ပြင် ပါးစပ်က အနံ့ လေးလည်း ထွက်နေပါသည်။ ကျမနဲ့ သားအဖေက အသံတိုးတိုးနဲ့ အနံ့ ရတဲ့အကြောင်းပြောကြတာကြားသွားပြီး သူ စကားပြောပြီးတိုင်း သတိရရသွားကာ သူ့ လက်ကလေးနဲ့ ပါးစပ်ကို ပိတ်ရှာပါသည်။ ကျမတို့ က စိတ်မကောင်းစွာ .. ဘာမှ မဖြစ်ပါဘူးသားရဲ့။ ပိတ်စရာ မလိုပါဘူး... ပြောကာ တားယူရပါသည်။ တော်ကြာ သူ့ စိတ်ထဲ မကောင်းဘူး စွဲသွားမှာ စိုးပါသည်။ သို့ သော် သားက သတိရတိုင်း ပိတ်တတ်ပါသည်။
ဒီရက်အတောအတွင်း အစားသိတ်မစားသဖြင့် ၀မ်းသွားရခက်တာက လွဲလို့ အဖျားမရှိ ၊ ည အိပ်ချိန်နီးလောက်မှသာ နာလာပုံရသော်လည်း ငိုလောက်အောင် နာပုံမပြသဖြင့် ၀မ်းသာရပါသည်။
၅ရက်မြောက်နေ့ ကျ ဆေးအားလုံးတိုက်ဖို့ မလိုတော့ပါ။ ခါတိုင်းက တစ်နေ့ ၂ကြိမ် နာကျင်တာ သက်သာအောင် ဆေးတိုက်ပေးခဲ့ရတော့ ညအိပ်ချိန်နီးလောက်မှသာ တခဏနာရှာပါသည်။ ခု ဆေးအားလုံးဖြတ်လိုက်တော့ နာပါတော့သည်။ မပြင်းထန်ဘူးဟု ထင်ရပေမဲ့ နာရှာပါလိမ့်အုံးမည်။ အော်..သနားရပါဘိ။
၅၊၆။၇ ရက်မြောက်နေ့ တွေကတော့ အာခေါင်ယား၊ချောင်ဆိုးနေပေမဲ့ နာကျင်မှုကတော့ သက်သာစပြုလာပြီထင်ပါသည်။ စကားပြောရုံသာမက သူ့ ဟာသူပါ စမ်းစမ်းပြီး အော်ကြည့်ပါသည်။ ကျမတို့ က .. သားသားလေး အာခေါင်နာမယ်လေ။ မအော်နဲ့ အုံးနော်... ဟု တားပါသော်လည်း ခဏခဏ အော်ကြည့်တတ်ပါသည်။ အစာပျော့ပျော့ အေးအေးကိုလည်း စ စားနိုင်ပါပြီ။ ၇ ရက်လောက် ရေနဲ့ နို့ သာ သောက်နိုင်ပေမဲ့ သားလေး အားမပြတ်သဖြင့် တော်ပါသေးသည်။ သို့ သော် ကိုယ်လေးချိန် ၂ကီလိုခန့် ကျ သွားတော့ လူလေးက ချောင်ချောင်လေး ဖြစ်သွားပါသည်။ 
၁၄.၆.၁၁ အင်္ဂါနေ့ ၊ ခွဲအပြီး ၈ ရက်မြောက်နေ့ ရောက်တော့ ခွဲစိတ်ဆရာဝန်နဲ့ သွားပြန်စစ်ရပါသည်။ ဆရာဝန်က လက်နှိပ်ဓါတ်မီးနဲ့ အာခေါင်တွင်းထိုးကြည့်ပြီး အားလုံး ပါဖက်ပါ။ အားလုံးကောင်းပါပြီ။ သို့ သော် နောက် ၃။၎ ရက်လောက်တော့ အသားနုတက်ချိန်မို့ အစာမာတွေမကျွးမိဖို့ နဲ  အသားနုကို ထိမိပါက သွေးထွက်ဒါဏ်ရာရတတ်ပြီး အနာပြန်ဖြစ်တတ်တာမို့ ဂရုစိုက်ဖို့ သတိပေးပါသည်။ ၂ပါတ်ကျော်ရင်တော့ အားလုံးကောင်းသွားပါပြီ။ အစာ အေးတာနဲ့ ခပ်ပျော့ပျော့ကို ခလေးကြိုက်ရာ ဘာမဆို ကျွေးနိုင်ကြောင်းပြောပါသည်။ ၆ပါတ်ကျော်ရင်တော့ အားလုံးပုံမှန်ဖြစ်သွားပါပြီ...ဟု ရှင်းပြပါသည်။ 
ကျမက သတိတရဖြင့် ခလေးပါးစပ်က အနံ့ ရကြောင်းပြောပြတော့ .. ဒီလိုခွဲရင် အနာနံ့ ထွက်တတ် ပါတယ်။ မကြာခင်ပျောက်သွားပါလိမ့်မယ်... ပြောတော့ စိတ်အေးရပါသည်။
ထုံးစံအတိုင်းကော်ဖီသောက်ပြီး ပျော်ရွှင်စွာ ပြန်လာခဲ့ကြပါသည်။
+                                                          +                                                          +
၁၅.၆.၁၁ရက်နေ့ ညရောက်တော့ လငပုတ်ဖမ်းတာကို သားလေးပါ မအိပ်နိုင်ပဲ ထွက်ကြည့်ကြပါသည်။ သားလေးလည်း အားလုံးနီးပါး ပုံမှန်ဖြစ်နေပါပြီ။ တချို့ ညများမှာတော့ ဆေးများအားလုံးကို လည်း ရပ်လိုက်ပြီမို့ ညမအိပ်ခင် နာသည်ထင့် အနည်းငယ် အီချင်သဖြင့် သားအကြိုက် ကားများကို လိုက်ပြပေးရပါသည်။
 မြို့ လယ်လမ်းဘေးတလျှောက်က ကားအရောင်းပြခန်းများရှေ့မှ ကားမောင်းပို့ ပေးဖြစ်ပါသည်။ သားက သူ့ အကြိုက်ကားများတွေ့ ပါက .. မေမေရေ ဟို ကားဝယ်မှာနော်...သားသား ဓါတ်ပုံရိုက်ထားမယ်နော်..ဒီမှာ ရိုက်ပြီးပြီ အိတ်ထဲထည့်ထားမယ်နော်... ဖြင့် သူ့ လက်နဲ့ သူ ဓါတ်ပုံရိုက်၊သူ့ လက်ဖ၀ါးနှစ်ဖက်ကို ကျမဘက် လှည့်ပြရင်း သူရိုက်ထားသည့် ဓါတ်ပုံကိုပြလိုက်၊ပြီးကျ သူ့ အကျီ င်္အိတ်ထဲ လက်ထိုးထည့်ဖြင့် သဘောတွေကျနေတတ်ပါသည်။ နာကျင်မှုတွေကိုလည်း မေ့ပျောက်သက်သာစေပါသည်။
အသံလေးလည်း ၂လကြာ မစောင့်ရပဲ ကြည်လင်စပြုနေပါပြီ။ ထမင်းပျော့ပျော့လည်း စစားနိုင်ပါပြီ။ အစားအစာတွေ ပူသည်က သူ့ အနာကို ပိုမိုဆိုးစေသည်ကို သိသည်ထင့် သူကိုယ်တိုင်က သူ့ လက်ဖြင့် အကြိမ်ကြိမ်စမ်းပြီးမှသာ ... အေးတွားပြီနော် စားလို့ ရပြီနော်... ဆိုကာ စားတတ်ပါသည်။
ကျမတို့ တွေ သူ့ ပါးစပ်အတွင်း ဘယ်လိုနေလဲ သိချင်ကြပေမဲ့ မကြည့်ဖြစ်ခဲ့ကြပါ။ တော်ကြာ သူ့ မှာ တစ်ခုခု ထူးခြားနေသည်ကို အသိအမှတ်ပြုပေးသလို ဖြစ်ပြီး စိတ်ထဲ တစ်ခုခုစွဲသွားမှာ စိုးသောကြောင့်ပင်။ သိချင်လျှက်က မသိချင်ယောင်သာ ဆောင်ခဲ့ကြရပါသည်။ နောက် အားလုံး ပုံမှန်ဖြစ်ခါမှပင် ကြည့်ဖို့ ဆုံးဖြတ်ထားပါသည်။
၁၀ ရက်ကျော်အတွင်းမှာပင် ဟိုးအရင်ကလိုလည်း ဆော့နိုင် ကစားနိုင် ပါပြီ။ အားလုံးပုံမှန်ဖြစ်နေပါပြီ။ ကျမတို့ လည်း စိတ်အေးချမ်းရပါပြီ။ ပူပင်သောကတွေကင်းလို့ ပျော်ရွှင်ရပါပြီ။
နေ့ အချိန်တွေမှာတော့ သားလေးအကြိုက် အပေါ်တက် အောက်ဆင်း ကားရုပ်များဝယ်ပေးထားပြီး ဆော့နေခြင်းဖြင့် သူ့ ကို သက်သာစေတဲ့အတွက် သူ့ အကြိုက် အရုပ်များကိုပဲ ၀ယ်ပေးခဲ့ကြပါသည်။ သူ့ ကိုယ်ပေါ်က ကပ်ခွာရာများကေ၇ချိုးပေးရင်း ပွတ်တိုက်ပေးပါသော်လည်း မပျောက်သေးပါ။ရေချိုးပေးတိုင်း စမ်းစမ်းကြည့်ပြီး မျက်နှာက မဲ့မဲ့သွားတတ်သဖြင့်  ဘန်တန်းလို ပါဝါတွေ ရအောင်…ဟု ပြောပေးရပါသည်။ ကျမမှာ တူနဲ့ သားတို့ ဘန်တန်းကားကြည့်တိုင်း မျက်စေ့နောက်ကာ မကြိုက်ခဲ့သမျှ ခုချိန်မှာ သား စိတ်ဖြေသက်သာရာရအောင် အားပေးစရာအကြောင်းရသဖြင့် ဘန်တန်းကိုပါ ကျေးဇူးတင်ရပါတော့သည်။
ညအိပ်ချိန်တွေကတော့ ကျမတို့ အတွက် စိတ်အချမ်းသာရဆုံး အချိန်များပါ။
ခွဲပြီးကတည်းက အိပ်ချိန်ရောက်ပါက ငြင်းဆန်နေမှုမရှိ အိပ်ဖို့ ပြင်ပါသည်။ မေမေသိပ်ပါ ဖေဖေသိပ်ပါ ရွေးမနေတတ်တော့ပါ။ ဖေဖေနဲ့ အိပ်နော် …ဆိုပါကလည်း အိပ်ပါသည်။ မေမေနဲ့ အိပ် ဒီည.. ဆိုလည်း မငြင်းပါ။ လက်မောင်းပေါ်ခေါင်းအုံးလို့ ခဏအတွင်း အေးဆေးတည်ငြိမ်ချောမွေ့ စွာအိပ်ပျော်သွားတတ်ပါသည်။
ဟိုးအရင်ကလို လူးလိမ့်ဂျီကျနေစရာမလိုသလို အချိန်ပေးစရာမလိုတော့ပါ။ ခေါင်းချွေးများလည်း မထွက်သလို ပင်ပင်ပန်းပန်းပုံလည်း မရှိတော့ပါ။ တချို့ ညတွေများ အိပ်ပျော်သွားသည်ကို မသိလိုက်သဖြင့် သေချာကို ထကြည့်ရသည်ထိ ညင်သာချောမွေ့ စွာ အိပ်နိုင်သွားပါပြီ။ ပါးစပ်ကလေးပိတ်လို့ နှာခေါင်းလေးဖြင့်သာ ညင်သာစွာရှူလို့ ရနေပါပြီ။ သို့ အတွက် ရှေးယခင် ပါးစပ်ကလေးဖွင့်ရှူစဉ်ကဲ့သို့  မပင်ပန်းတော့သလို သွားရည်များလည်း မကျတော့ပါ။
ထိုအခါကျမှပင် …အော် ကျမတို့ မှာ အဆော့မက်လို့ အအိပ်ခက်တာပဲထင်ပြီး ဆူခဲ့ ငေါက်ခဲ့ အော်ခဲ့ ဟစ်ခဲ့ရတာတွေအတွက် စိတ်မကောင်းကြီးစွာ ဖြစ်ကြရပါတော့သည်။ လူးလိမ့်မောပန်းလို့ ချွေးတွေ ထွက်သည်ထင်ခဲ့ကြသည်က မှားနေမှန်းသိလိုက်ရပါသည်။ သားလေး အသက်ရှူရခက်သည်နှင့် ဆက်စပ်ပြီး ခေါင်းချွေးတွေ ထွက်ဖြင်းဖြစ်ပါလိမ့်မည်။
 နှာစီးခြင်းလည်းမရှိတော့ပါ။  ခုများကျမှ အခြေအနေမှန်အားလုံးကို သိလိုက်ရပါတော့သည်။ သိလိုက်ရတော့ စိတ်မကောင်းဖြစ်ရ အသနားပိုရပါတော့သည်။ ကျမတို့ မှား ခဲ့ကြပါသည်။ ပြီးခဲ့သမျှတွေအတွက်တော့ မတတ်နိုင်တော့ပါ။ နောက်ကိုသာ ဘာမဆို စဉ်းစားချင့်ချိန်ပြီး ဆုံးဖြတ်ဆောင်ရွက်ဖို့ ကြိုးစားရပါတော့မည်။
သားလေး၏ အဖြစ်အပျက်အပေါ်က သားအတွက်သာမက ကျမတို့ ရှေ့ရှောက်တွေ့ ရမည့် ဘာအတွက်မဆို ပါ အရာရာကို အလွယ် မဆုံးဖြတ်ပဲ ချင့်ချိန်တတ်ဖို့ သင်ခန်းစာရသွားပါသည်။ အဆိုးထဲက အကောင်းလို့ ပဲ ဆိုရပါလိမ့်မည်။
+                                                          +                                                          +
အားလုံးပြီးဆုံးကောင်းမွန်သွားပါမှ အစအဆုံးပြန်လည် စဉ်းစားပြောဖြစ်ကြပြန်ပါသည်။ နှာစီးခြင်းဆိုးဆိုးဝါးဝါးမဖြစ်ခဲ့တာ၊ ချောင်းဆိုးတာ၊ နားအူတာ၊လည်ချောင်းနာတာ၊ ရေရှည်ဖျားတာမျိုးမရှိခဲ့တာ။ သားလေးဘာမှ ဆိုးဆိုးရွားရွားမခံစားခဲ့ရခင် အချိန်စောစွာ သိခဲ့ ခွဲခဲ့ရသည့်အတွက် ကံကောင်းခဲ့သည် ထင်ပါသည်။ ဘာ ဘေးဆိုးကျိုးမှ မရှိခဲ့ သလို ခွဲစိတ်မှုလည်း အဆင်ပြေချောမွေ့ ခဲ့သဖြင့် အားလုံးကို ကျေးဇူးတင်ရပါသည်။ 
အသံလေးလည်း ပြန်လည်ကြည်လင်လာကာမှ သားအဖေက ပြောပြလာပါသည်။ တကယ်လို့ များ ခွဲတာအဆင်မပြေခဲ့ပါက အသံက ပုံမှန်ပြန်မရတော့သဖြင့် ထပ်မံခွဲစိတ်ပြုပြင်မှုလုပ်တတ်ရပါသည်တဲ့။ တစ်ခါ ခွဲသည်က အဆင်မပြေပါက အမြစ်ကျန်သလို ဖြစ်ကာ ပြန်ပြန် နာတတ်ပြန်ပါသည်တဲ့။ ကျမမှာ ဘုရားသာ တမိတော့သလို ကံကောင်းလိုက်လေခြင်းဟုသာ ရွတ်နေရပါသည်။ ဖြစ်တတ်သည့် အနာရှိန်တက်ဖျား နာခြင်းမရှိ၊ သွေးထွက်မှုမရှိ၊ သွေးအန်မှုတို့ လည်း မရှိခဲ့သဖြင့် အလွန်တစ်ရာမှ ကံကောင်းလှသည် ထင်ပါသည်။
ကျမကိုယ်တိုင် တတိယနှစ်ကျောင်းတက်စဉ်က အံသွား၃ချောင်းလုံး ကန့် လန့် ပေါက်နေသဖြင့် ခွဲထုတ် ပြန်ချုပ်လုပ်ဖူးခဲ့ပါသည်။ ဘယ်လောက်ထိ ခံ၇ခက်တာ နာကျင်တာကို ခံစားဖူးသူပီပီ သားလေးဘယ်လောက်ထိ ခံစားနာကျင်ရမည်ကို သိနေပါသည်။ မိဘများ ပြောစကားနားထောင်ပြီး သူ့ ကောင်းဖို့ အတွက် ကြိတ်မှိတ်သီးခံခဲ့သည်ကို ကျေးဇူးတင်ရင်း သနားနေမိရပါသည်။ 
ယောင်းမကလည်း ဂျီတော့ကနေ ပြောကြတိုင်း.. သားလေးတော့နာမှာနော်။ကိုယ်တွေ ပါးစပ်ထဲ အနာသေးသေးလေးတွေ ပေါက်ရင်ကို စားရခက်၊ရေသောက်ရင်တောင် စပ်နဲ့ ။ ခလေးက ခွဲတောင်ခွဲရတာဆိုတော့ ဘယ်လောက်တောင်နာနေမလဲ မသိဘူး…နဲ့ အဝေးကနေ ကိုယ်ချင်းစာကာ သနားနေပါသည်။ အိမ်က မိသားစုဝင်များကလည်း နေ့ ညမပြတ်ဆုတောင်းပေးနေကြကြောင်းလည်း သတင်းပေးတတ်ပါသည်။ မိသားစုဝင်များကိုတော့ အထူးပြောစရာမလိုအောင် သူတို့ ကျေးဇူးက နှိုင်းစရာမရှိပါ။
+                                                          +                                              +
ဆေးရုံမသွားခင်က သားလေးရှိခိုးနေသည်ကို ဓါတ်ပုံရိုက်ပြီး ဖေ့ဘွတ်မှာ တင်ထားခဲ့ကြသေးသည်။ အဘူဒါဘီက ညီမက အားလုံးသိထားသူမို့ သားအတွက် ကျမတို့ အတွက် ဆုတောင်းပေးတော့ ကျန် သူငယ်ချင်းများကပါ မေးလာ ဆုတောင်းပေးလာကြပါသည်။ အားလုံးကို ကျေးဇူးတင်ပါသည်။ ထိုဆုတောင်းများကြောင့်လည်း သားလေး အမြန်သက်သာ ဘေးကင်းကွာပြီး အဆင်ပြေချောမွေ့ ခြင်းဖြစ်သည်လည်း ယုံကြည်ပါသည်။ ကျမတို့ သားလေး အတွက်ခုချိန်မှာ ၀မ်းသာနေရပြီး အသေးစိတ်ဂရုစိုက်ပေးကြသော ဆေးရုံမှ အားလုံးသော ၀န်ထမ်းများနှင့် သူငယ်ချင်းများအားလုံးကိုလည်း ကျေးဇူးတင်နေမိပါသည်။ 
+                                                          +                                              +
အော်ပါတယ်။ ကျယ်နိုင်သမျှကျယ်၊ ပါးစပ်ကို ဟနိုင်သမျှဟလို့ ။
ပြောပါတယ်။ မရပ်တမ်း မနားတမ်း တစ်နေကုန်။
 ခုန်ပါတယ်၊ မြင့်နိုင်သမျှ အားကုန်ပါ။
ဒီနေ့ ကတော့ ၁၇.၆.၁၁ သောကြာနေ့ ပါ။ သားလေး ဆေးကုမှုယူပြီးလို့ ၁၁ရက်မြောက်နေ့ ပါ။ ကျမတို့ နှစ်ယောက်လည်းပဲ သူလုပ်သမျှ သူပျော်သမျှ သူနဲ့ အတူ လိုက်ပျော်နေမိကြပါတယ်။ ပျော်နေကြပါသည် ကျမတို့ မိသားစု၃ယောက်.....................................။
                                                                                    ၂.၈.၁၁ ၊ အင်္ဂါနေ့ 
Wednesday, August 24, 2011
ဝမ်းသာရင်း ကျေးဇူးတင်နေမိပါသည်... ( ၁၁ )
အခန်းထဲက ထိုင်ခုံရှည်ပေါ် ခြေပစ် လက်ပစ် ထိုင်ချလိုက်အပြီး မှန်ပြုတင်းပေါက်ကနေ ဆေးရုံဝင်ပေါက် မျက်နှာစာကို ကြည့်နေမိပါသည်။ ကားတွေ ကားတွေ တစ်စီးပြီး တစ်စီး ၀င်လာလိုက် ထွက်သွားလိုက်နဲ့ က မပြတ်သလောက်ရှိနေပါသည်။ ခုကျမတို့ ရောက်နေရာ ခလေးဆောင်က ဟိုး အရင်ဦးဆုံး ပင်မဆောင်ပါ။ ကျမ စပြီး ဆေးစစ်စဉ် ၂၀၀၄တုံးက ဒီ ပင်မဆောင် တစ်ခုပဲ ရှိခဲ့ပါသေးသည်။
ပင်မဆောင် ညာဘက်က ပြင်ပလူနာဆေးခန်းများရှိရာ အဆောက်အဦးက မှတ်မိသလောက် ၂၀၀၇ လောက်က ဆောက်ပြီးသည် ထင်ပါသည်။ သားလေး ခွဲစိတ်ရသည့် အဆောင်က ပင်မဆောင် ဘယ်ဘက်က နောက်ဆုံး ဆောက်ထားသည့် အဆောက်အဦး ၂၀၁၀က ပြီးခဲ့ပါသည်။ အကြီးဆုံးနဲ့ အကောင်းဆုံးပါ။ ယခုတော့ ဆေးရုံသည် စီပုံ အဆောက်အဦး ၃ခုဖြင့် ၂၄နာရီ မပြတ်လည်ပတ်နေရပါသည်။ ကျမကြည့်နေမိပါသည်။ တကယ်ကို ၂၄နာရီမပြတ်ပါ။ လူနာများ တစ်ယောက်ပြီး တစ်ယောက် ရောက် ရောက်လာပါသည်။ အော်..မကျန်းမာသူတွေ ပေါလိုက်တာ… ဟုတွေးနေဖြစ်ပါသည်။
ခလေးများတွေ့ ရရင်တော့ သားလေးပမာ စိတ်မသက်မသာ ဖြစ်ရပါသည်။ ကုလို့ ရသည့် ရောဂါလား…ဒီထက်မက ဆိုးသည့် ဝေဒနာများ ခံစားနေရသလား…။လူကြီးများဆိုပါကလည်း မိဘများနှင့်ယှဉ်လို့ သာမာန်လူကြီးရောဂါလား…ဒါ သူတို့ နောက်ဆုံးချိန်အတွက်ပဲလား…။ကျမမှာ ကြည့်စရာ မရှိသဖြင့် လျှောက်ကြည့်ရင်း မောနေမိပါသည်။
ခဏကြာတော့ သားအဖနှစ်ယောက်ကစားခန်းက ပြန်ရောက်လာကြပါသည်။ ရောက်မဆိုက်ဆိုသလို သားအဖေက ..နဲနဲစ နာလာပြီထင်တယ်။ ကစားနေရာက အီလာလို့ ပြန်လာတာ…ဟု သတင်းပေးလာပါသည်။ ကျမက သားကို ချီလိုက်ရင်း စကားတွေ ပြောနေလိုက်ပါသည်။
မကြာပါ သူနာပြုဝင်လာပြီးသွေးပေါင်ချိန်တိုင်း၊ အဖျားတိုင်း၊ နာတယ်ထင်လား၊ ဘာဖြစ်သေးလဲ…အစရှိသဖြင့်မေးရင်း ဆေးတိုက်ဖို့ ပြင်ပါသည်။ ပိုးသတ်ဆေးနဲ့ အနာသက်သာစေမည့်ဆေးတို့ ရော တိုက်ပါသည်။ သားမှာ ကြောက်နေပါပြီ။ ချိုပေမဲ့ ပထမဆုံးဆေးက ခါးလိုက်သဖြင့် နောက် ဘာဆေးတိုက်တိုက် မလွယ်တော့ပါ။ ချော့ကာ ပြောကာဖြင့် တစ်ဝက်ဝင် တစ်ဝက်ဖိတ်ဖြင့် ပြီးသွားပါသည်။
ဆရာမထွက်သွားတော့ သားက ပုံမှန်ပြန်ဖြစ်သွားပါသည်။ တစ်ခါ သားအဖေနဲ့ ကစားခန်းသွားဖို့ ပြင်ကြပြန်ပါသည်။ ဒီတစ်ခါ ကျမပါ လိုက်သွားပါသည်။ ကျမတို့ ထွက်လာကြတော့ သူနပြုဆရာမနဲ့ လမ်းမှာ ဆုံစဉ် သူမက ... ခလေးကို သက်သာအောင်ဒီ ရေခဲခြစ်လေးတွေ ကျွေးကျွေးပေးပါ … ဆိုကာ ရေခဲခွက်ကလေးပေးရင်း ကုန်ရင် ထပ်ယူဖို့ ပါ ရေခဲခြစ်စက်ထားရာနေရာ၊ ရေဗူးထားရာနေရာတို့ ကို လိုက်ပြပါသည်။ 
သား ကစားနေစဉ် ကျွေးပါသော်လည်း သားက မစားပါ။ ရေခဲမုန့် ကျွေးစဉ်ကလည်း မစားပါ။ သူ ကြိုက်လှသည့် အစားမဟုတ်သည့်အတွက် ခုလိုချိန်ဆိုတော့ ပိုလို့ ကျွေးရခက်လှပါသည်။ ရေခဲ၏ အအေးက လည်ချောင်းကို ထုံသွားစေပြီး အနာသက်သာစေသည့်အတွက် ဆေးများတိုက်သည်ထက် ရေခဲမုန့် နဲ့ အအေးစာများသာ စားသလောက်ကျွေးပေးရန် အကြံပေးပါသည်။ သို့ သော် သားက ဘာမှ မမျိုချင်လောက်အောင် ရှိနေပါသေးသည်။ သူ မစားချင်သည်ကို ဇွတ်တော့လည်း မကျွေးချင်သဖြင့် စိတ်သက်သာစေရန် ကစားတာကိုပဲ အဖေါ်လုပ်ပေးနေရပါတော့သည်။
ကစားနေစဉ် ကောင်းကောင်းမထိုင်နိုင်သဖြင့် တစ်ခါ ထပြီးကစားရသည်ကိုပဲ ထပ်ခါထပ်ခါ ကစားနေရတော့ ပျင်းလာသည်ထင်ပါသည်။ အခန်းကိုပဲ ပြန်ခဲ့ကြပါတော့သည်။ 
အခန်းရောက်တော့ စကားတွေကိုသာ ဘာရယ်မဟုတ် အဆက်မပြတ်ပြောပေးနေရပါသည်။ ညနေရာက်နေပေမဲ့ အိပ်ချင်ပုံမရပါ။ ကျမတို့ က အိပ်စေချင်ပါသည်။ သူ့ အတွက် အကောင်းဆုံးက အိပ်ပျော်နေခြင်းပဲ ရှိပါသည်။ သို့ သော် အိပ်မဲ့ပုံ မရှိသေးပါ။ ကားရုပ်ရှင် ကြည့်မလား… မေးတော့  ခေါင်းညိတ်ပြသဖြင့် ကုတင်ပေါ်ကျမက ထိုင်၊ သူက ရင်ခွင်ထဲထိုင်လို့ ကြည့်ကြပါသည်။ အစပထမတစ်ခါလောက် အော်ဖို့ စိတ်မရှိရှာပါ။ ညနေစောင်းပြီမို့ နေရကောင်းပုံမရပါ။ သို့ သော် ငြိမ်နေသည်ကလွဲလို့ ဘာမှတော့ မပြောရှာပါ။ကျမတို့ မှာလည်း သူ့ ကိုသာ ကြည့်နေရပါသည်။
ညနေ၆နာရီရောက်တော့ သူနာပြုရောက်လာကာ တစ်ခါ အဖျားတိုင်း၊ သွေးပေါင်ချိန်တိုင်းပါသည်။ ကံကောင်းပါသည်။ အဖျားလုံးဝမရှိပါ။ တော်ပါသေးသည်။ အဖျားဆေးပါ တိုက်စရာ မလိုလို့ ပါ။ ခုချိန်မှ မဟုတ်ပါ။ မွေးစမှစ ထိုးခဲ့ရသည့် ကာကွယ်ဆေးများထိုးပြီးတိုင်းလည်း ဘယ်တော့မှ အဖျားမရှိခဲ့ပါ။ ခလေးနာလာသည်ထင်ပါက လာပြီး အကြောင်းရန်နှင့် တစ်ခုခု အခြေအနေထူးလာပါက လာခေါ်ပါရန်ပြောအပြီး သူနာပြုလည်း ပြန်ထွက်သွားပါသည်။ ကျမတို့ ညစာ စားချိန်လည်း ကျလာပါပြီ။
၇ နာရီကျော်တော့မှ ညစာပြီးကြပါသည်။ သားကတော့ သူ့ အတွက် အစားကို နဲနဲသာ စားနိုင်ပါသည်။ ရေခဲမုန့် ကိုဖြင့် ထိတောင် မထိပါ။ ရေအေးအေးကိုသာ နဲနဲချင်း ခဏခဏတိုက်ပေးနေရပါသည်။ မငို မအီ မဂျီ မဖျားသဖြင့်လွန်စွာ ၀မ်းသာရပါသည်။  
၇နာရီကျော်တော့ တစ်ခါ ကစားခန်းသွားကြပြန်ပါသည်။ ညပြန်လာကြတော့ တစ်ခါ ရုပ်ရှင်ကြည့်ပြန်ပါသည်။ ခါတိုင်းလို မက်ကွင်း မက်ကွင်း.. တို့ ဂွတ်ချ..တို့ နိုးနိုးနိုး ရက်စ်ရက်စ်ရက်စ်..တို့ တော့ လိုက် မအော်နိုင်ရှာသေးပါ။ ငြိမ်လို့ သာ ကြည့်နေပါသည်။
ဒီလိုနဲ့ သာ ညအိပ်ချိန်ရောက်လာပါပြီ။ ညဆေးများလည်း တိုက်ပြီးပါပြီ။ သို့ သော် အိပ်မည့်ပုံမပြသေးပါ။ အိပ်ရအောင်နော် သားသား…ပြောလည်း ဘာမှ ပြန်မဖြေပါ။ တဖြည်းဖြည်းနဲ့ ကျမတို့ တစ်ခုကို သွား သတိရလိုက်ပါသည်။ သားလေး အိပ်ဖို့ ကြောက်နေတာများလား…ဆိုတာကိုပင်။
မျက်လုံးများက ဆေးရှိန်များကြောင့် တစ်နေ့ လည်လုံး မအိပ်ရသေးသောကြောင့် အိပ်ချင်လှနေပါပြီ။ သို့ သော် အိပ်ဖို့ ပြောတိုင်း ခေါင်းခါပြီးသာ ငြင်းနေပါသည်။ သားအဖေကတော့ .. ဆေးတွေလည်းသောက်ထားတာ၊ တစ်နေ့ လည်လုံးလည်း မအိပ်ရသေးဘူး။ အိပ်ကို အိပ်မှ ရမယ်၊ အိပ်တာ သူ့ အတွက် အကောင်းဆုံးပဲ…ဆိုကာ ဇွတ် အိပ်ခိုင်းပါသည်။ သူပါ ကုတင်ပေါ်တက်လှဲပြီး အတူတူ အိပ်ဖို့ ကြိုးစားပါသည်။ 
ကျမကတော့ ဇွတ်မသိပ်ချင်ပါ။ သူ့ ဟာသူ အိပ်ချင်လွန်းပါက အလိုလို အိပ်ပျော်သွားနိုင်ပါသည်။ ထိုသို့ အိပ်ပျော်သည်ကိုပဲ အချိန်ကြာချင်ကြာပါစေ စောင့်ချင်ပါသည်။ ဒီလိုအချိန်မျိုးမှာတော့ လုပ်သင့် အိပ်သင့်တာပဲဆိုတာထက် သူ့ စိတ်အလိုကို လိုက်ပြီး သူ့ သဘောအတိုင်းသာ ထားချင်ပါသည်။ ဘာကိုမှ ထပ် ၀န်မပိုစေချင်ပါ။ သူ့ မှာ ခုလို ခံစားနေရတာပင်များလှပါပြီ။
သားကတော့ ကျမတို့ ထင်သလို ဖြစ်နေပါသည်။ အိပ်ဖို့ ကြောက်နေပါပြီ။ မနက်တုံးက အိပ်ပျော်သွားရာကနိုးလာတော့ သူ့ ပါးစပ်အတွင်း တစ်ခုခုဖြစ်နေတာသိသွား ခံစားလိုက်ရတော့ အိပ်ရမှာ ကြောက်နေပုံရပါသည်။ ကျမတို့ မည်သို့ သူ့ စိတ်အစွဲကို ရှင်းရပါမည်နည်း? တကယ့် အခက်အခဲကို ယခုမှ စတွေ့ ရတော့ပါသည်။ ကျမတို့ မျှောင်လင့်ထားခဲ့ပါသည်။ သို့ သော်ကြုံလာရတော့ နည်းနည်းတော့ စိတ်ပူသွားကြရပါသည်။
ကျမတို့ စောင့်ကြည့်ဖို့ ပဲ ညှိလိုက်ကြပါသည်။ လုံးဝကို ငြင်းဆန်ပြီး လုံးဝမအိပ်မှသာ ဆရာမတွေမေးပြီး တစ်ခုခု စီစဉ်ရပါတော့မည်။ ခုတော့ စောင့်ကြည့်နေရုံနဲ့ သူ လုပ်ချင်တာ လိုက်လုပ်ပေးရုံသာ ဆုံးဖြတ်လိုက်ပါသည်။
စောင့်ကြည့်နေရင်းက သားခေါင်းက ညိတ်ညိတ်ကျသွားတာ တွေ့ ရတော့ ကျမနဲ့ သားအဖေတို့ နေရာလဲ ယူလိုက်ပါသည်။ ကျမနဲ့ အတူ ကုတင်ပေါ်လှဲရင်း ရုပ်ရှင်ကြည့်နေကြပါသည်။ သားက အိပ်ရမှာကြောက်နေသလို လှဲနေရာက ဇွတ်ထထိုင်ပါသည်။ ကျမက .. သားသားဇိမ်ကျအောင် မေမေ့လိုလေး လှဲကြည့်ပါလား…ပြောပါက မယုံရဲစွာ မလှဲချင်လှဲချင်လှဲပါသည်။ ခဏအကြာ ပြန်ထ ပြန်ထိုင်ပြန်ပါသည်။
ကားရုပ်ရှင်လည်း ဘယ်နှကြိမ်ရှိနေပြီလဲတောင် မသိတော့ပါ။ ဒီလိုနဲ့ ပဲ ကျမရင်ခွင်တွင်း မှီထိုင် ကြည့်နေရင်းက အိပ်ပျော်သွားပါတော့သည်။ သားအဖေက ၀မ်းသာသွားကာ လေသံခပ်တိုးတိုးဖြင့်.. ပျော်သွားပြီ… ပြောအပြီး သားက တစ်ချက် လူးလွန့် လိုက်ပါတော့သည်။ ကျမတို့ လည်း ငြိမ်နေလိုက်ကာ စောင့်ကြည့်နေကြပါသည်။ တခဏ ခြေ လက်တွေ လူးလွန့် ပြီးတော့ ပြန်အိပ်ပျော်သွားပါတော့သည်။ ည ၁၂နာရီလည်းကျော်နေပါပြီ။ ကျမတို့ လည်း သက်ပြင်းချနိုင်ပြန်ပါပြီ။
ဆရာမ တစ်ခါ ၀င်လာပြန်ကာ အဖျားတိုင်း သွေးပေါင်ချိန်တိုင်းလုပ်ပါသည်။ အားလုံးကောင်းပါသည်။
ကျမတို့ လည်း နားဖို့ ပြင်ကြပါသည်။ သားအဖေက သားဘေးမှာ အိပ်ဖို့ ပြင်ချိန် ကျမက ခုံတန်းရှည်ပေါ် ခြေပစ်လက်ပစ် လှဲလိုက်ပါတော့သည်။ မကြာပါ အိပ်ပျော်သွားပါတော့သည်။ ၃နာရီလောက်ကျ တစ်ခါ ဆရာမ၀င်လာကာ အကြောဆေးသွင်းတာ စစ်ဆေးပြီး ပြန်ထွက်သွားပါသည်။
မကြာခင်ဟု ထင်ပါသည်။ သားက ချောင်းဆိုးကာ နိုးလာပါသည်။ ချောင်းဆိုးရင်း အန်ပါတော့သည်။ သားအဖေက ဆရာမခေါ်သည့် အရေးပေါ်ခလုတ်ကို နှိပ်ပြီး ဆရာမကိုခေါ်လိုက်ပါသည်။ ကျမလည်း ထိတ်နေပါပြီ။ သောက်ထားသမျှ ရေ၊ နို့ နဲနဲ အားလုံးကုန်ပါပြီ။ သားလည်း မောနေ ပင်ပန်းနေပါသည်။ ဆရာမရောက်လာတော့ သားက မအန်တော့ပါ။သို့ သော် မောနေ ငိုချင်နေပါသည်။
မျက်နှာလေးညှိုးနေကာ တကိုယ်လုံးလည်း ချွေးတွေ စို့ နေပါသည်။ သားကို အကျီ င်္အသစ်လည်းပေးလိုက်ပြီး ပြန်အိပ်ပျော်ဖို့ တဖန် ကြိုးစားရပြန်ပါသည်။ ကြောက်နေပြန်ပါပြီ။ သို့ သော် အချိန်ကြာတော့ ပင်ပန်းကာ အိပ်ပျော်သွားပါတော့သည်။ ကျမတို့ လည်း တစ်ခါ ဟင်းချနိုင်ပြန်ပါသည်။ 
+                                                          +                                                          +
ဒီလိုနဲ့ မနက်မိုးလင်းတော့ ကြည်ကြည်သာသာပင် နိုးလာပါသည်။ မနက် ၁၀နာရီလောက်ကျ ဆေးရုံက ဆင်းနိုင်ပါပြီ။ မနက်တာဝန်ကျ သူနာပြုဆရာမလည်း လိုအပ်တာများ လာလုပ်ပေးပြီးသွားပါပြီ။ မနက်စာကို ကျမနဲ့ သားအဖေက စားကောင်းသလောက် သားကတော့ ထိရုံသာ။အိမ်ရောက်မှ ကျွေးရပါတော့မည်။ 
သားကို သူ့ အကျီ င်္၊ ဘောင်းဘီတို့ ဝတ်ပေးပြီး ဆင်းဖို့ အဆင်သင့် ဖြစ်နေပါပြီ။ သားကလည်း ဆေးရုံမှ ဆက် မနေရတော့ဘူးဆိုတာ သိနေပါပြီ။ ၈နရီခွဲလောက်ကျ ခွဲစိတ်ဆရာဝန်လက်ထောက်ရောက်လာကာ လိုအပ်သည်များ ပြောပြ ရှင်းပြပါသည်။ ခွဲစိတ်ခနဲ့ ဆေးဖိုးများ ရှင်းပြီးပါက ဆင်းနိုင်ပါပြီ။ အားလုံး အဆင်ပြေပြေမို့ ဝမ်းသာကြရပါသည်။
သားနဲ့ သူ့ အဖေတို့ ကစားခန်းထွက်သွားကြပြန်ပါသည်။ ကျမကတော့ သိမ်းစရာရှိသည်များ သိမ်းဆည်းနေရပါသည်။ မကြာပါ သားတို့ သားအဖ ပြန်ရောက်လာပါသည်။ သားအဖေက ပြုံးလို့ ။ ကျမက ဘာဖြစ်လာကြတာလဲ… မေးတော့ သားအဖေက … ဟား ညီးသားကအလည်။ မနက်က အကျီ င်္မလဲခင် ကစားခန်းသွားတုံးက သူနာပြုဆရာမက ဟိုင်း ဖိုက် ဆိုပြီး လက်ချင်းရိုက်ဖို့ လက်ပေးတာ ဆရာမကို မျက်စောင်းထိုးကြည့်ပြီး ခြေက ဆောင့်လိုက်သေးတယ်။ ဆရာမကို ရှောင်ကွေ့ ပြီး ထွက်လာတာ။ အဲဒါ ဆရာမက ရီကျန်ရစ်တယ်။ နောက်ပြီး ဆေးတိုက်မှာ ကြောက်လို့ နေမှာ လို့ ပြောပြီး ဆက်ရီနေတယ်။ ခုတွေ့ တော့ ဆရာမက ဟေး ဘေဘီ ပြန်ရတော့မှာပေါ့လေ ဆိုကာရှိသေး ဘိုင့်ဘိုင် လုပ်နေတာ မပြီးတော့ဘူး။ ဆရာမတွေက သူသိတယ် သူသိတယ် ပြန်ရတော့မယ်ဆိုတာ လို့ ပြောပြီး သဘောတွေကျနေကြတယ်… ဟု ပြောပြပါသည်။
ကျမတို့ လည်း ပြန်ချင်လှပါပြီ။ အိပ်ရောက်ရင်တော့ဖြင့် ကြောက်နေ ထိတ်နေ လန့် နေတာတွေ ပျောက်ကောင်းပါပြီလည်း မျှော်လင့်ရပါသည်။ ပုံမှန်အိပ်တတ်ဖို့ စားဖို့ သောက်ရမည့်ဆေးများ မငြင်းမဆန်သောက်ဖို့ …အားလုံးလွယ်ကူလိမ့်မည် ထင်ပါသည်။ သို့ အတွက် အိပ်ပြန်ဖို့ စိတ်စော နေကြပါသည်။
၁၀နာရီထိုးတော့ ဆရာမက သောက်ဆေးများနဲ့ လိုအပ်သည့်ဆေးများ လာပေးရင်း တိုက်နည်း တိုက်ချိန်များရှင်းပြပေးပါသည်။ နောက်တော့ ဆင်းနိုင်ပါပြီ ပြောပါသည်။ သားအဖေလည်း ငွေရှင်းရာက ပြန်ရောက်လာပါသည်။ ကျမတို့ ၃ယောက်လည်း ချက်ချင်း အိတ်များဆွဲလို့ ဆေးရုံ အခန်းက ထွက်လိုက်ကြပါတော့သည်။
အခန်းဝက တံခါးဖွင့်ထွက်တော့ မျက်နှာချင်းဆိုင် အခန်းက ခလေးငယ်လူနာသမီးလေးက တောင်ကြည့် မြောက်ကြည့်ဖြင့် ကုတင်ပေါ်ထိုင်လို့ ။ အဖေနဲ့ အမေက ကုတင်ဘေးက လိုက်လို့ ။ ခွဲခန်းကို သွားမည့်ပုံပါ။ ကျမ မထင်မှတ်စွာ အဖေနဲ့ အမေကို ကြည့်တော့ သူတို့ မျက်နှာများက မနေ့ မနက်က ကျမတို့ နှစ်ယောက်မျက်နှာများပမာ စိုးရိမ်ပူပန်စိတ်အပြည့်ဖြင့်။ ကျမလည်း ကိုယ်ချင်းစာလို့  အစစအဆင်ပြေဖို့  စိတ်ထဲက ဆုတောင်းပေးနေမိပါသည်။ ကျမတို့ က လွန်မြောက်ခဲ့ပေမဲ့ သူတို့ တွေအတွက်က ခုမှ အစ။
ကျမတို့ သားအမိ တတွေ ထပ်ဆိုင်းမနေတော့ပဲ ထွက်ခဲ့ကြပါတော့သည်။ သားပုံက ဆေးရုံတက် လူနာပုံမျိုးမဟုတ်။ ဆေးရုံမှ သာမာန်ကာကွယ်ဆေးထိုးပြီး ပြန်ကြသည့်ပုံ။ သားအဖေက တိုးတိုးပြောရင်း ၀မ်းသာနေပါသည်။ သားကတော့ တွေ့ သမျှ ၀န်ထမ်းများကို လက်တပြပြနဲ့ ဘိုင့်ဘိုင် လုပ်လို့ မပြီးတော့ပါ။ သူလည်း ၀မ်းသာနေပုံရပါသည်။ ကျမတို့ ဆေးရုံက ကားမောင်းထွက်လာတော့ ၀မ်းသာစွာ ပေါ့ပါးစွာ စိတ်ချမ်းသာစွာ အားလုံးကို ကျေးဇူးတင်စွာ ပျော်ရွှင်စွာနဲ့ ပါ။
၇.၆.၁၁ ရက်နေ့  နေ့ လည် ၁၂နာရီထိုးတော့ အိမ်ပြန်ရောက်ကြပါပြီ။ စားပွဲခုံပေါ်မှာက ဆေးရုံမသွားခင်သောက်ဖို့ ဖျော်ထားခဲ့သော ကော်ဖီနှစ်ခွက်က တစ်ဝက်တပျက်နဲ့ ကြိုလျှက်။  မနေ့ က ဆေးရုံမသွားမီ သောက်နိုင်မည်ထင်ပြီး ဖျော်ပေမဲ့ မသောက်နိုင်ခဲ့ကြပါ။
အိမ်ရောက်သည်နှင့် သားမျက်နှာက ပြုံးချိုရွှင်လန်းနေပါပြီ။ လက်က အပါတ်ကလေးလဲ ဖြုတ်မပေးရသေးတော့ သားအဖေက.. ဟာ သားသားလက်က ဘာလေးတုံးဟ။ အော် ဘန်တန်း လက်ပါတ်လေးထင်တယ်။ မိုက်တယ်ကွာ...ဆိုတော့ သားကပါ.. ဘန်တန်းလိုလေ ဘန်တန်းလို ...လို့ အော်ဟစ်နေပါသည်။
Monday, August 22, 2011
ဝမ်းသာရင်း ကျေးဇူးတင်နေမိပါသည်... ( ၁၀ )
ကဲ ဘာလုပ်ကြမလဲ ကျမတို့ နှစ်ယောက်…တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း သက်ပြင်း မသိမသာချဖြစ်ပါသည်။ ခုချိန်ထိတော့ သားလေး ပုံမှန်အိပ်သလို အိပ်ပျော်နေရှာပါသေးသည်။ ရင်ဆိုင်ဖို့ အသင့် အနေအထားဖြင့် ကုတင်ဘေးရပ်လို့ သားကိုသာ ကြည့်နေမိကြပါသည်။ 
ကြာလာတော့ သားအဖေက …ညီး နားပါအုံး။ နိုးလာတော့ လုပ်စရာ ရှိတာလုပ်ကြတာပေါ့။… ဆိုတော့ ကျမလည်း ထိုင်ခုံပေါ်ပြန်ထိုင်ချလိုက်ရင်း မျက်စိကတော့ သားဆီက မခွာဖြစ်ပါ။ ရေသောက်လိုက် ထလိုက် လျှောက်လိုက် ထိုင်လိုက်ဖြင့် လူအငြိမ်မနေနိုင်ပါ။ စိတ်ကလည်း လှုပ်ရှားလျှက်။ သား နိုးလာပါက ဘယ်လိုများ နေပါမလဲ…တွေးလျှက်။
ဒီလိုနဲ့ ၁၁နာရီ ခွဲလုပါပြီ။ သားလေးလည်း လူးလွန့် စပြုလာပါသည်။ ကျမတို့ ပြိုင်တူပင် သားအနားကပ်သွားပြီး ငုံ့ ကြည့်လိုက်ကြပါသည်။ ဆရာမလည်း ရောက်နေပါပြီ။ ထင်ထားသလိုပင် မကြာပါ သား နိုးလာပါတော့သည်။ ကိုယ်ကို လှုပ်တော့ ထူးခြားနေတာ သိပြီး ရုန်းကန်စပြုပါတော့သည်။ နောက်တော့ တစ်ခုခုဖြစ်နေတာ သိသွားသည့်အလား လက်တွေ၊ ခြေတွေ လှုပ်ကြည့်ပြီး ၊ မျက်စိကလည်း သူ့ တစ်ကိုယ်လုံးကို လိုက်ကြည့်ရင်း ငိုပါတော့သည်။ 
အဆင်သင့်အနေအထားဖြစ်နေကြသည့် ကျမတို့ တတွေ ချက်ချင်းပင် ကောက်ချီသူက ချီပြီး နှုတ်ကလည်း ချော့နေကြပါသည်။ အားလုံးပါးစပ်က မတိုင်ပင်ရပဲ ချော့နေ ပြောနေကြပါသည်။ သားကတော့ ဘာမှ မကြား မသိ နားမလည်နိုင်သလို သူ့ ကိုယ်သူကို သာ ကြည့်ရင်း ငိုရင်း ငိုရင်းနဲ့ သာပါ။
ပထမ သားအဖေ ချီနေရာက ကျမ တလှည့် ပါးစပ်ကလဲ ချော့ရင်း လက်လွှဲယူချီလိုက်ပါသည်။ သူနာပြုမကလည်း ချော့ရင်း လက်တွေက ဆေးပိုက်နဲ့ လက်မောင်းက သွေးဖိအားတိုင်းအပါတ်တို့ ကို ပြန်ပြင်ပေးရင်း… မေမေက ချီလိုက်။ နောက် မေမေပါ ကုတင်ပေါ် သားနဲ့ အတူ ထိုင်လိုက်။ရတယ်၊ ရတယ်။ သူ စိတ်သက်သာအောင်လုပ်ဖို့ က အရင်ပဲ… အကြံပေးတော့ ကျမက …
သားသား မေမေရှိတယ်လေ။ မေမေ ချီထားတယ်လေ၊ သားသားနာတာ မေမေတို့ သိပါတယ် သားရယ်။ ခဏပါ သားရယ် ခဏပါ။ ခဏနေကျ ကောင်းသွားမှာပါနော်။သားသား ကောင်းအောင်လို့ လေ၊ မုန့် မုန့် တွေ များကြီး စားလို့ ရအောင်လို့ လေ။ မေမေတို့ ဖေဖေတို့ က ချစ်တယ်၊ ခေါ်တယ်လေ။ သားသားက ဂွတ်ဘွိုင်းလေးလေ….အို ကျမ ပါးစပ်က မနားတမ်း တတ်သမျှ ချောပြော ပြောရင်း လက်ကလဲ သူ့ ကိုယ်လေးကို ပုတ်ပေးရင်း .. သားသားကောင်းတော့မှာနော်…ကိုပဲ ထပ်ခါထပ်ခါ ပြောနေမိပါသည်။ သားအဖေကလဲ တတွတ်တွတ်ရွတ်လျှက်…။
မကြာပါ သားလေးငြိမ်လို့ အငိုရပ်သွားပါသည်။ ကုတင်ပေါ်မှာ ကျမက ခြေဆင်းထိုင်လျှက်၊ သားက ကျမ ပုခုံးပေါ် ခေါင်းမှီပြီး ကျမ ကိုယ်ကို တင်းတင်းဖက်လို့ ။ ဆရာမနဲ့ တကွ ကျမ ၊ သားအဖေတို့ ပါ နှုတ်က မရပ်ကြသေးပေမဲ့ အငိုတိတ်တာ သတိထားမိပြီး ၀မ်းသာသွားကြပါသည်။ ပါးစပ်ကလေးဟ အသက်ရှူရင်းလုံးဝ အငိုတိတ်သွားပါတော့သည်။ 
ကျမတို့ ၃ယောက်လုံး ၀မ်းသာသွားကြကာ …သားသားက လိမ်မာတယ်နော်၊ လိမ်မာတယ်နော်…နဲ့ တွင်တွင်ပြောရင်း သူ့ ကိုယ်လေးကို ကိုင်ကာ နှစ်သိမ့်ပေးနေကြပါသည်။
သားလေး ခံစားရမှာပါ။ နာမှာပါ၊ နာမှာပါဆိုတာထက် ခံရခက်နေမှာပါ။ တိတ်စေချင်သည်။ တကယ်တမ်း ကြိတ်မှိတ်ပြီး သီးခံ နေရှာတာလေးတွေ့ ရပြန်တော့ ၀မ်းသာရင်း သနားနေမိရပါသည်။ ဆရာမကတော့ ကြုံနေကျ ငိုယို ကန်ကျောက် ပြေးလွှားတွေကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေရာက ခဏတာအတွင်း ချော့ရုံ၊ ပြောရုံလေးနဲ့ အငိုတိတ်လို့ ငြိမ်နေရှာတော့ သူမအတော် ၀မ်းသာသွားပုံရပါသည်။ ပါးစပ်ကလည်း ဂွတ်ဘွိုင်း၊ ဂွတ်ဘွိုင်း …နဲ့ အကြိမ်ကြိမ်ရွတ်ရင်း ဆေးပိုက်များကို ပိုမို အဆင်ပြေအောင်ပြန်ဆင်ရင်း .. မေမေ ၊ ဖေဖေတို့ ဂုဏ်ယူကြပါ။ဒီလို သားမျိုးလေးအတွက်…ဟု ၀မ်းသာသံအပြည့်ဖြင့် ပြောနေပါသည်။ သူမလည်း စိတ်သက်သာရာ ရသွားဟန်ပါ ပါသည်။ ပြုံးပြုံးဖြင့် လုပ်စရာရှိတာတွေ လုပ်အပြီး … မေမေ ဖေဖေတို့ ဂုဏ်ယူပါ ဒီလို သားမျိုးအတွက်…ဆိုတာကိုသာ ရွတ်ရင်း နှုတ်ဆက်ထွက်သွားပါတော့သည်။
ကျမတို့ ဝမ်းသာမှု ဂုဏ်ယူမှုကိုတော့ ဘယ်လောက်တောင်ဆိုတာ ပြောပြဖို့ လိုမည် မထင်တော့ပါ။ ခွဲစိတ်မှုအောင်မြင်သလို၊ တနာရီအတွင်း သားလေး အသက်ရှူတာ ထူးခြားကောင်းမွန်လာသည်ကို တွေ့ လိုက် ရပြီးပါပြီ။ သားလေးအနိုး ဆိုးဆိုးရွားရွား ထိတ်လန့် မှုမဖြစ်လိုက်သလို ၊ မိဘတို့ အကြိုက် နာကျင်မှုနဲ့ ခံရခက်မှုတို့ ကို သီးခံနေရှာတာကို … အို ပြောစရာ စကားမရှိအောင်ကို ၀မ်းသာနေရပါသည်။ စိုးရိမ်ခဲ့ရမှုတို့ လည်း အဝေးသို့ လွှင့်သွားလို့ သားလေးကို ကြည့်ရင်း အသနားပို ကျေးဇူးတင်နေပါတော့သည်။
၁၁နာရီ ၅၅မိနစ်ရောက်တော့ သားက ကျမရင်ခွင်အတွင်းထိုင်လို့ ကွန်ပြူတာနဲ့ ကားရုပ်ရှင်ကို ကြည့်လို့ .. မက်ကွင်းကြီး၊ မက်ကွင်းကြီး…နဲ့ ပါ အော်ဟစ်နိုင်နေပါပြီ။ သို့ သော် သားလေးအသံကတော့ ကွဲရှရှ ခြောက်ကပ်ကပ်…။
ကျမတို့ အချိန်ကို စောင့်ရပါလိမ့်အုံးမည်။ အချိန်တန်ရင်တော့ အားလုံးပုံမှန်ပြန်ရောက် လိမ့်မည် မျှော်လင့်ရပါသည်။
သို့ သော် ခုအခြေအနေမှာပင် ကျမတို့ ကျေနပ်ရပါပြီ။ ဆရာဝန်တို့ အဆိုအရ ၆ပါတ်ကို ကျော်လွန်ပါက ပြန်လည် ကောင်းသွားပါလိမ့်မည်။ စောင့်နိုင်ပါသည် ၊ အရာရာ ကောင်းဖို့ အတွက်၊ စောင့်ခဲ့လည်း စောင့်ခဲ့ပြီးပြီမို့ ဒီ့အတွက်တော့ဖြင့် ကျမတို့ အတွက် ၀န်မလေးတော့ပါ။
သားလေး အော်ဟစ် ပြီး ရုပ်ရှင်ကြည့်နေနိုင်ကာမှပင် ကျမတို့ လည်း ဗိုက်ဆာတာသတိရသလို သားကို ကျွေးဖို့ ကိုပါ သတိရ လာပါသည်။ သားက မနေ့ ညကတည်းက ဘာမှ မစားခဲ့ရသေးတော့ ဆာလှရောပေါ့။ သားအဖေက စားသောက်ဆောင်သို့ ဖုန်းခေါ်ပြီး ကျမတို့ အတွက် ၊ သား လူနာအတွက် စပါယ်ရှယ် စားစရာတို့ ကိုမှာလိုက်ရပါတော့သည်။
ဘာပဲပြောပြော အားလုံးကျေနပ်စရာ အခြေအနေတွေချည်းပဲ…ဟု သားအဖေက ဆိုရင်း အပြုံးမျက်နှာကို မရပ်နိုင်ပါ။ သူလည်းပဲ ကျမအတွက် အားတင်းဖုံးဖိထားခဲ့ရပေမဲ့  အဖေတစ်ယောက်အနေနဲ့ သူလဲ တွေးဖြစ် စိုးရိမ်ခဲ့ဖြစ်ပါလိမ့်မည်။
အေးအေ ကျုပ်ဖြင့် ညီးမျက်နှာကို မကြည့်ရဲဘူး။တစ်ခါတည်း ဖြစ်နေလိုက်တာ မျက်နှာက…ဟု နောက်တော့ ပြန်ပြောပြပါတော့သည်။ ဘာပဲဖြစ်ဖြစ် ကျမနဲ့ လိုက်ပြီး ကျမလို လိုက်ပူပန်ဟန် မပြတာကိုပဲ ကျေးဇူးတင်ရပါသည်။
တဖန် သားက ပါးစပ်ကလေး ဟ ဟ ပြောနေသည်ကို ကြည့်ရင်း သူ့ အတွက် မသက်မသာ ခံစားရပြန်ပါသည်။ ဘယ်လောက်ထိ ခံရခက်နေမလဲ..ဟုလည်း တွေးနေမိပါသည်။ ခွဲစဉ်က ပါးစပ်ကို အကြာကြီး ဟ ထားခဲ့ရသဖြင့် ပါးစပ် ပိတ်ဖို့ ခက်နေသည်ပဲလား…။ ခံရခက်သဖြင့် နေရခက်ကာ ဟ ထားသည်ပဲလား..။ အစဉ် ပါးစပ်ကလေး ဟ ထားသဖြင့် ပါးစပ်က သွားရည်လေးများက စီးကျလို့ ပါ။ 
ကျမ ပါးခုံးပေါ် မှီနေစဉ်ကလည်း  သူ့ သွားရည်များ ကျကုန်သဖြင့် ကျမ အကျီ င်္ကို သူ့ လက်ကလေးဖြင့် ပွတ်တိုက် သုတ်ပေးနေပါသေးသည်။ ကျမက ဘာလို့ လဲ..ဟုမေးစဉ် ပါးစပ်က ပီပီသသ မပြောနိုင်သေးသဖြင့် လက်ဖြင့်သာ ပွတ်ရင်း ဟင်း ဟင်း..ဆိုကာ လက်ဖြင့် ပုခုံးကို ပုတ်ပြတော့သည်။ ကျမတို့ နားလည်သွားကာ .. အော် ရတယ် သားသား ရတယ်။နေနေ မေမေ့ဘက်သူ လုပ်ပါမယ် သားရယ်…ပြောမှ ရပ်တော့သည်။
နာကျင်မှုသက်သာအောင်ပေးထားသောဆေး အာနိသင် မကုန်မချင်းတော့ သားလေး နာကျင်မှု ပြင်းပြင်းခံစားရလိမ့်အုံးမည် မထင်ပါ။ ကျမတို့ စောင့်ရပါအုံးမည်။ ညနေချိန် ဆေးအာနိသင်ကုန်ချိန်၊ နာကျင်မှုစချိန်။ သူနာပြုက မှာထားပြီးသဖြင့် တစ်ခါ ထိုအချိန်ကို စောင့်ရပြန်ပါသည်။ ခုချိန်ထိတော့ အဆင်ပြေနေသဖြင့် ကျေးဇူးတင်ရပါသည်။
ကျမတို့ နေ့ လည်စာစားပြီးတော့ ၂နာရီကျော်ပါပြီ။ ဗိုက်ဆာနေပေမဲ့ ၂ယောက်လုံး တို့ ကနန်း ဆိတ်ကနန်းသာ စားနိုင်ပါသည်။ စားနိုင်ပါသည် ဆိုသည်ထက် စားဖြစ်ကြပါသည်။ အလိုလို ၀ သွားသလိုပင် မစားနိုင်ကြပါ။
စားအပြီး သူနာပြုဆရာမ ၀င်လာကာ ခွဲစိတ်ဆောင်မှ ခလေးဆောင်သို့ ပြောင်းရန် ပြင်ကြပါတော့သည်။ သားအတွက် လက်တွန်းလှည်းယူလာတော့ မေမေပါ ထိုင်လိုက်ပါ … ဟု သူနာပြုက အကြံပေးသဖြင့် ကျမက ထိုင်၊ သားက ကျမအပေါ်ထိုင်ကာ အဆောင်ပြောင်းကြပါသည်။
ခလေးဆောင်အသွား လမ်းမှာ ခလေး ကစားခန်းမြင်တော့ သား က ပျော်ရွှင်စွာ.. ကစားမယ် ကစားမယ်… အော်နေသဖြင့် ၀မ်းသာသွားရပါသည်။ ကစားချင်စိတ်ရှိနေသည်က သားလေး ပုံမှန်ပါ ပြနေသလိုပါပင်။ လူကြီးများပြောဖူးသလို ခလေးတွေငြိမ်နေပြီဆို ဒါ သူတို့ နေမကောင်းဘူးဆိုတာ ပြောတာပဲ..ဆိုခဲ့ကြဘူးတော့ ကစားချင်စိတ်ရှိနေတာ ပုံမှန် ခလေးသဘောလေးမို့ သဘောကျနေကြပါသည်။
သားအဖေက .. အေးအေး ဖေဖေတို့ သွား ကစားကြမယ်နော်…ကို ၀မ်းသာအားရ ပြန်ပြောလိုက်ပါသည်။ အခန်းရောက်တော့ အိတ်တွေ နေရာချအပြီး သားနဲ့ သားအဖေတို့ ကစားခန်းသွားဖို့ ပြင်ကြပါသည်။ နောက် ထွက်သွားကြပါသည်။ ကျမမှာ ခုမှ စိတ်အေးချမ်းစွာ နားနိုင်ပါတော့သည်။