Sunday, August 21, 2011
ဝမ်းသာရင်း ကျေးဇူးတင်နေမိပါသည်...( ၉ )
၎.၆.၁၁ စနေနေ့ ရောက်တော့ သားကလည်း စနေသားဖြစ်သူမို့ ဘုရားမှာ ဆွမ်း၊ ဟင်း၊သစ်သီး၊ပန်းကပ်လှူရင်း ကျမတို့ သာမက သားကိုပါ ရှိခိုး ဆုတောင်းစေခဲ့ကြပါသည်။သားကလည်း သူဆိုတတ်သလို ဆိုရင်း ကျန်းမာမမစေ….ပါ ရွတ်လို့ ရှိခိုးဦးခိုက်ပါသည်။
နေ့ လည်စာ ထမင်းစားပြီးကြတော့ မိတ်ဆွေတွေကို လိုက်ပို့ ရန်ဆေးရုံသို့ ထွက်ခဲ့ကြပါသည်။ ဆေးခန်းထဲ ၀င်လိုက်သည်နှင့် နှုတ်ဆက်သံကြားသဖြင့် ကြည့်လိုက်ကြရာ  သားအဖေ၏ မန်နေဂျာကို တိုက်တိုက်ဆိုင်ဆိုင် မထင်မှတ်ပဲ တွေ့ လိုက်ရပါတော့သည်။ တွေ့ ကြတော့ သားအကြောင်း ထပ်ခါမေးဖြစ် ပြောဖြစ်ခဲ့ကြပြန်ပါသည်။ မိတ်ဆွေတို့ လုပ်စရာပြီးတော့ ကံကောင်းစေဖို့ ဆုတောင်းပေးသည့် သားအဖေ၏ မန်နေဂျာနှင့် မိန်းမတို့ ကို  နှုတ်ဆက်ပြီး ပြန်ခဲ့ကြပါသည်။ 
ကားထားရာရောက်တော့ မိတ်ဆွေများကို လမ်းခွဲနှုတ်ဆက်ရင်း ကျမတို့  ကားဆီသို့ ထွက်ခဲ့ကြပါသည်။ ကားပေါ်မတက်ခင် မိတ်ဆွေက သားကို အရုပ်ပေးရန်ခေါ်သဖြင့် သားက သူတို့ ကားဆီသို့ သွားကာ ယူပါသည်။ 
သားပြန်လာတော့ ကျမက ကားပေါ် တက်ဖို့ အဆင်သင့်ဖြစ်နေသဖြင့် မိတ်ဆွေက ရတယ် ရတယ်အစ်မ ..ကျမ ခလေးကို ဒီဘက်က တင်ပေးလိုက်မယ်…ဆိုကာ သားထိုင်ရာခုံပေါက်သို့ လိုက်ပို့ ပေးပါသည်။ သားက သူ့ ဟာသူ တက်ထိုင်ရင်း ကားပေါ်ရောက်၊ ခါးပါတ်ပတ်ပေးပြီး ထွက်ခဲ့ကြပါတော့သည်။
ကျမတို့ သွားလိုရာ ရှော့ပင်းမောလ်အရောက် ကားပေါ်က ဆင်းဖို့ ပြင်ကြတော့ သားက အော်ပါတော့သည်။ သားသားဖပ်ဖပ်ရော သားသားဖပ်ဖပ်ရော…ဟု။ သားထိုင်ခုံအောက် ရှာကြည့်တော့ တစ်ဖက်က ပါမလာခဲ့တော့ပါ။ သားက ပါးစပ်က ရွတ်လို့ မဆုံး သူ့ ဖိနပ်ပျောက်သဖြင့်။ ကျမက.. မေမေအသစ် ၀ယ်ပေးမယ်နော် ခု ဖေဖေက ချီခဲ့မယ်တဲ့။ သား ဒီအတိုင်း လိုက်ခဲ့…ဟု ကျေနပ်အောင်ချော့ပြောပြီး ချီခဲ့ရပါတော့သည်။
လုပ်စရာရှိတာလုပ်အပြီး အပြန်လမ်းတလျှောက် ကျမနှင့် သားအဖေတို့ အတွေးတူစွာ တွေးဖြစ်သလို ပြောလည်း ပြောဖြစ်ခဲ့ကြပါသည်။ အယူသီးသည်ပဲ ပြောပြော၊ ဒါတွေနဲ့ မဆိုင်ပါဘူးကွာ…ဟုပဲ ဆိုချင်ဆို တွေးရင်း ပြောရင်း ကျမတို့ စိတ်ဖြေရာ စိတ်သက်သာရာရခဲ့ကြရသည်တော့ အမှန်ပါပင်။ စနေသား သားရဲ့ စနေနံ ဖိနပ်က စနေနေ့ မှာပဲ သားခွဲရမည့် ဆေးရုံမှာပင် တိုက်တိုက်ဆိုင်ဆိုင် ကျပျောက်ခဲ့ပါသည်။ စနေနံထွက်သွားသည့်အတွက် ကျေနပ်ခဲ့မိကြပါသည်။ 
ညရောက်တော့ အိမ်နားက ရှော့ပင်းမောလ်သို့ ထမင်းစားပြီး လမ်းလျှောက်သဘော ထွက်ခဲ့ကြပါသည်။ သားအတွက်ကတော့ ကျယ်ကျယ်ဝန်းဝန်း ပြေးလွှားဆော့ကစားရာ နေရာတစ်ခုပါ။ရောက်တော့ နွေရာသီ ဈေးရောင်းပွဲစနေပြီဖြစ်သဖြင့် အားလုံးက ၀ယ်ချင်စရာချည်း ဖြစ်နေပါသည်။
သားအဖေက ဖိနပ်တစ်ရံကို တကြည့်ကြည့်ကြိုက်နေသဖြင့် ကျမက.. လိုချင်ဝယ်နော် ဒီအချိန်ပဲ ဈေးချတုံး ၀ယ်ကောင်းတာ။သို့ မို့ ဆို ဈေးကကြီးနဲ့ ဝယ်မပေးဘူးနော်…ဟု ကျမက သူကြိုက်နေသည်ကို မြင်သဖြင့် ၀ယ်ဖြစ်ဖို့ တိုက်တွန်းနေမိပါသည်။ သူက.. အေးပါ သိပါတယ်။ ဒါပေမဲ့ နောက်မှ။ ခုမ၀ယ်သေးဘူး…ထပ်ခါ ထပ်ခါပြောနေသဖြင့် ကျမကလည်း ထပ်ခါ.. အေးနော် ပြီးခါမှတော့ ၀ယ်မပေးဘူး။ ခုချိန်ဝယ်ချင်ဝယ်ပဲ…ဟု ထပ်ပြောမိပြန်ပါသည်။ သူကလည်းထပ်ခါ.. ခု ၀ယ်သေးဘူး၊ ပြီးမှ  ။ ညီးမသိသေးပါဘူးအေ…ဟု ဆိုပါတော့သည်။ 
ကျမက ဇွတ်အတင်း ဘာလို့ လဲ … မေးကာမှ ဖိနပ်က စနေနံမို့ …ဟု တိုးတိမ်စွာ ဖြေပါသည်။ ကျမမှာလည်း ထိုခါမှ ရပ်ပါတော့သည်။ ဟုတ်ပေသားပဲ…ဆိုကာ ညီမငယ် ရွှေဖြူက သားအတွက် ရှူးဖိနပ်လေးလက်ဆောင်ဝယ်ပေးထားသည်ကို ပေးသူကိုမှ အားမနာနိုင်စွာ အယူသီးလှသည်မဟုတ်လှပဲ နောက်မှယူမယ်၊ သိမ်းထားပေးအုံး…ပြောခဲ့သည်ကို သွားသတိရမိပါတော့သည်။ သူမက ပေးချင် ၊ စီးစေချင်လှပေမဲ့ မတတ်နိုင်ပါ။ ငြင်းဆန်ခဲ့ကြပါသည်။ ကျမတို့ စိတ်ထဲတွင် ဒီအကြောင်းနဲ့ ပါတ်သတ်ပြီး စိတ်ထဲစွဲကာ ခါးခါးသီးဖြစ်နေသည်တော့ မဟုတ်ရပါ။သို့ သော် ဒါကြောင့်ဆိုပြီးတော့ဖြင့် နောင်တမရချင်ကြပါ။ သို့ ဖြင့် အစစ သတိထားပြီး ဘုရား၊တရားကို စိတ်ထဲမြဲမြဲစွဲလို့  အရာရာ အကောင်းဆုံး ပြင်ဆင်ခဲ့ကြပါသည်။
+                                                          +                                                          +
၅.၆.၁၁ ၊ တနင်္ဂနွေနေ့ ။ မနက်ဖြန်ဆိုလျှင် သားလေးခွဲရ စိတ်ရပါတော့မည်။ ပြီးလျှင်ဖြင့် ပူပန်နေရမှုတွေ ပျောက်လို့ သားလေးလည်း  နေကောင်းကျန်းမာဖြစ်လာပါတော့မည်။ စောင့်ရသည့် ရက်များလည်း မောပန်းစွာ ကုန်ဆုံးပါတော့မည်။ 
စိတ်က ဘုရားစာကိုသာ တွင်တွင်ရွတ်ရင်း လုပ်စရာရှိတာ စဉ်းစားကာ ဆက်တိုက်လုပ်နေဖြစ်ပါသည်။ စာတွေဖတ်ထားသဖြင့် ဆေးရုံက ဆင်းလာလျှင်လိုအပ်မည့်အရာများထဲက ကြိုတင် လုပ်လို့ ရသည်များ ကိုလည်း သတိတရ လုပ်နေဖြစ်၏။
ကျမက အိတ်တွေ အထုပ်အပိုးတွေပြင်တော့ သားက ခုန်ပေါက်ပျော်နေ၏။ ကျမက အိတ်ထဲသို့ သား၏ အ၀တ်သုံးလေးစုံ၊ အရုပ်နဲ့ ကားပုံစာအုပ်တွေ သေချာမမေ့အောင် ထည့်ရင်း သဘောပေါက်လိုက်ပါသည်။ သားအထင် ကျမတို့ မန်းလေးသို့ သွားဖို့ ပြင်ဆင်ထည့်သိုနေသည်ဟု။ ပါးစပ်ကလည်း .. ကိုကိုတို့ မမတို့ …တတွတ်တွတ်ပြောလို့ ။ ပျော်နေပါစေ။ ခုချိန်ထိ ကျမတို့ ခွဲသည်နှင့် ပါတ်သတ်သည့်အကြောင်း သူ့ ကို ပြောပြဖို့ ဆုံးဖြတ်ထားလင့်ကစား မပြောပြရသေးပါ။
ညနေ သားအဖေ ရုံးကပြန်ရောက်တော့.. ကဲ အားလုံး လုပ်စရာရှိတာတွေ လုပ်ခဲ့ပြီးပြီ။ ခလေးအတွက် လုပ်ဖို့ ပဲရှိတော့တယ်…ဆိုကာ စီစဉ်ထည့်သိုထားသမျှပြန်စစ်ရင်း မနက်ဖြန်အတွက် အဆုံးသတ် ရပါတော့သည်။ ကဲ လိုရင်လဲ ထွက်ဝယ်တာပေါ့၊ ထားလိုက်တော့။စိတ်အေးအေးထားပြီး မနက်ဖြန်အတွက်နဲ့ နောက် ၁၀ရက်အတွက် ပြင်တော့…ဟု ထပ်မံဆိုရင်း စိတ်လှုပ်ရှားနေမှုကို ဖုံးကာ အိပ်ရာ ၀င်လိုက်ကြပါတော့သည်။
ကျမမှာတော့ ဘုရားရှိခိုးဆုတောင်းမပျက် ဆုတောင်းလျှက်က စိတ်ပိုမောနေပါသည်။ အလူးလူး အလှိမ့်လှိမ့်ဖြင့် တော်တော်နဲ့ အိပ်မပျော်နိုင်ခဲ့ပါ။ အတွေးများ ပိုမိုပြီး ယောက်ယတ်ခတ်နေပါသည်။ ဘယ်လိုများခွဲမှာပါလိမ့်၊ ဘာတွေများဖြစ်….အို မဆုံးနိုင်သေးသော အတွေးဆိုးများဖြင့် စိတ်ရော လူပါ မငြိမ်သက်နိုင်ပါ။
+                                                          +                                                          +
၆.၆.၁၁ တနင်္လာနေ့ ။ မနက် ၇ နာရီအရောက်သွားရမှာမို့ စိတ်စောစွာ နိုးတ၀က် ပျော်တ၀က် တစ်ညတာကို ဖြတ်ရင်း စောစောစီးစီးနိုးနေပါသည်။
ကျမ မျက်နှာသစ် သွားတိုက်လုပ်စရာရှိတာလုပ်အပြီး ရေချိုးခန်းထဲက ထွက်လာတော့ သားအဖေသာမက သားပါ စောစီးစွာ နိုးပါတော့သည်။ မနက် ၆နာရီကျော်တာနဲ့ ရေကအစ မတိုက်ရတော့သည်ကို သတိထားပြီး သားကို အမြန်ပင် မျက်နှာသစ်၊ သွားတိုက်လုပ်ပေးပြီး ရေတိုက်ရပါသည်။
အားလုံးအဆင်သင့်ဖြစ်တော့ ကျမက ဘုရားမှာ ရှိခိုး ဆုတောင်းလုပ်ပါသည်။ ကျမ ရှိခိုးအပြီး သားက ကျမတို့ ဘာမှ မပြောရပဲ ဘုရားစဉ်ရှေ့သွားလို့ ရှိခိုး ဆုတောင်းပါတော့သည်။ ကျမတို့ နှစ်ယောက်လုံး .. အေးအေး သားသားက ဂွတ်ဘွိုင်းနော်။သားသား ကျန်းမာပါစေ…ဆုတောင်းပေးမိကြပါသည်။ ကျန်းမာပါစေကလွဲလို့ ကျန်တာ သတိမရမိတာလည်း ကြာခဲ့ပါပြီ။ ခလုတ်ထိမှ အမိတ ဆိုချင်ဆို။
၆နာရီကျော်တော့ အိမ်ကစထွက်ခဲ့ကြပါတော့သည်။ စိတ်ထဲတွင် အကောင်းဆုံးဖြစ်ဖို့ ဆိုသည်ကို စွဲထားပါလျှက် စိတ်မောပန်းလေးပင်စွာေ၀၀ါးနေပါသည်။ ခေါင်းလည်း တွေးရ မောရလွန်းသဖြင့် ထူနေ အုံနေပါပြီ။ ဘာမှလည်း ကြည်ကြည်လင်လင်ပြတ်ပြတ်သားသားရှိမနေပါ။
ဆေးရုံသွားရာလမ်းတလျှောက် ဘေးဝဲယာကြည့်ရင်း သားကိုသာ မကြာမကြာ ကြည့်နေမိသည်။ စိတ်ထဲကလည်း ဘာမှ စိုးစိုးဝါးဝါးမဖြစ်ပါစေနဲ့ တွင်တွင်ဆုတောင်းရင်း မောနေပြန်ပါသည်။ ကားမောင်းရင်း သားအဖေထံမှ သက်ပြင်းချသံကိုလည်းကြားနေရ၏။ သားအဖေရော ဘာတွေ အတွေးရောက်နေလို့ ပါလိမ့်… တချက်တချက် မျက်ရည်ဝေ့လာကာ ၀မ်းနည်းနေမိပြန်သည်။ 
သားကတော့ အိတ်များသယ်ကာ ကားနဲ့ သွားကြသည်ကို ပျော်နေပါသည်။ ၀ူး…ဟု သံရှည်စွဲရင်း လက်ကို အပေါ်မြှောက်ပြီး လေယာဉ်ပျံသလို လုပ်ပြရင်း.. ဟိုး အဝေးကြီးကိုသွားမှာနော်။တီတီတို့ မမတို့ ရှိတယ်လေ…ဆိုကာ မန်းလေးသွားသည်အထင်ဖြင့် ပျော်နေပါသည်။ ကျမမှာ သူ့ ကို အလိုက်သင့် စကားပြန်ပြောနေမိပေမဲ့ ဘာတွေပြန်ပြောနေမိမှန်းမသိပါ။
ကျမရက်ပေါင်းများစွာကို စောင့်စားကျော်ဖြတ်ခဲ့ပြီး ဒီနာရီပိုင်းအလို အချိန်လေးကို ခက်ခဲမွန်းကျပ်လှစွာ သီးမခံနိုင်လောက်အောင်ဖြစ်နေပါသည်။ ကျမ ဆေးရုံကို ရောက်ချင်လှပါပြီ။ ခွဲမည့် ၉နာရီ၁၅မိနစ်ကို ချက်ချင်းထိုးစေချင်ပါပြီ။ခွဲချိန် မိနစ် ၂၀ကို ကျော်လွန်စေချင်လှပါပြီ။ ပိုက်တွေတန်းလန်း ချိတ်ထားလင့်ကစား အားလုံးပြီးစီးလို့ အောင်အောင်မြင်မြင် ပြုံးပြုံးရွှင်ရွှင် မျက်နှာဖြင့် ကုတင်ပေါ်လဲလျောင်းနေသော သားလေးကို တွေ့ ချင်လှပါပြီ။ တကယ်ကို ကျမအတွက် အကြာဆုံးသော ၃နာရီပါပင်။
ဒီလိုနဲ့ ၇နာရီကျော်စမှာပင် ဆေးရုံသို့ ရောက်ပါသည်။ ကားသော့နဲ့ ကားကို ၀န်ထမ်း ဆီပေးခဲ့ပြီး ခွဲခန်းရှိရာ အဆောင်သစ်ဆီသို့ သုံးယောက်သား လှမ်းခဲ့ကြပါသည်။ သားလက်ကို ကျမကဆွဲလို့ ခေါ်လာတော့ သူထင်ထားသလို မဟုတ်သဖြင့် မျက်နှာက တမျိုးဖြစ်နေပါပြီ။ ခြေလှမ်းက လေးပင်စွာ လူကနောက်ချန်လို့ သူ အသိတစ်ခုခုဝင်လာပုံရပါသည်။ သိတ်မကြည်လင်တော့ပါ။
ဆေးရုံအဆောက်အဦးထဲရောက်တော့ သားအဖေက ရုံးခန်းထဲဝင်ကာ လိုအပ်သည့် စာရွက်စာတမ်း နှင့် ပေးစရာရှိသည်တို့ ပေးနေစဉ် ကျမနဲ့ သားက ထိုင်ခုံပေါ်ထိုင်ရင်းစောင့်နေရပါသည်။ ကျမစိတ်ထဲ စရေတွက်နေမိပါသည်။ ခုချိန်ကစလို့ သားလေး ခွဲဖို့ အတွက် စတင်ပါပြီ။ တကယ်ကို နဖူးတွေ့ ဒူးတွေ့ စပါပြီ။ ကောင်းဖို့ ကောင်းဖို့ ဆိုသည်ကို အသိထဲစွဲရင်း မှုန်ဝါးဝါးအတွေးတွေရှင်းဖို့ ကြိုးစားနေမိသည်။ကျမရင်တွေ တဒုန်းဒုန်းအခုန်မြန်နေပါပြီ။ သားကိုသာ မမှိတ်မသုန်ကြည့်ရင်း ဘုရားစာကိုသာတွင်တွင်ရွတ်ရင်း….။ နောက် ၃နာရီဆို … နောက် ၃နာရီဆို……
ဝန်ထမ်းတစ်ဦးခေါ်ဆောင်ရာနောက် ကျမတို့ ၃ယောက် လိုက်လာခဲ့ကြပါသည်။ လူနဲ့ စိတ်နဲ့ ကိုယ်နဲ့ တွဲနေသလား ဘာလားမသိ။ အခန်း၅၂၈ရောက် တံခါးဖွင့်ဝင်၊ အိတ်တွေချ ခုံပေါ်ထိုင်။ ပြီးထပ်စောင့်။ နောက်ထပ်တစ်ခါ ၉နာရီ၁၅ဆိုတာရောက်ဖို့ ။ မိနစ် ၂၀ကို ကျော်ဖို့ ။ နောက်ရှေ့မှာရှိနေသော ကုတင်ပေါ် သားလေးရောက်နေသည်ကို မြင်ရဖို့ ။
မနက် ၇နာရီ ၃၀ မိနစ်။ ၁၅မိနစ်ရှိသွားပါပြီ။ ဒီအခန်းထဲရောက်တာ။ ကျမရော သားအဖေပါ အိတ်တွေရွေှ့လိုက်၊ အခန်းထဲလျှောက်ကြည့်လိုက်၊ တီဗွီဖွင့်လိုက် ၊လိုင်းပြောင်းလိုက်။ တကယ်တော့ ဒါတွေအားလုံးကို လိုအပ်လို့ လုပ်နေကြသည်မဟုတ်ပါ။ စိတ်ရောကိုယ်ပါ မအားဖို့ ထင်ပါရဲ့ ။လုပ်မိလုပ်ရာ လုပ်နေမိခြင်းသာ။
သားကတော့ ခလေးဘာဝ နေရာသစ်ရောက်တော့လည်း ဆော့စရာရှာဆော့လို့ ။ မကြာပါ အဖေနဲ့ အမေတို့မျက်နှာကြည့်ရင်း သူပါ ငြိမ်သွားကာ အဖေနားကပ်လိုက် အမေနားကပ်လိုက်ဖြင့် ဘာမှန်းမသိ အဖြေရှာနေသလို။ကျမကတော့ ဘာမှ မပြောနိုင်တော့ပါ။
၇နာရီ ၄၅ မိနစ်။အမျိုးသား သူနာပြုလေးရောက်လာကာ သားကို အမည်မေးရင်း လိုအပ်သည်တို့ ပြန်စစ်ရင်း လက်မှာ အမည်၊ မွေးရက်ပါ အပတ်လေးပတ်ပေးသွားပါသည်။ သားလေး တရားဝင် လူနာလေးဖြစ်သွားပါပြီ။ ခဏအကြာ ဆေးရုံဝတ်အင်္ကျီလေးလဲလိုက်တော့ သားမျက်နှာ ချက်ချင်းပြောင်းသွားပါတော့သည်။
လက်ပတ်လေးတုံးက.. သားသားကို ဘန်တန်းလက်ပတ်လေးဝတ်ပေးတာနော် ဦးဦးက …ပြောထားသဖြင့် ငြိမ်သွားခြင်းဖြစ်ပါသည်။ ကျမတို့ ၃ယောက်သား အခန်းပြတင်းမှန်က ဖြတ်မြင်နေရသော ဘောလုံးကွင်းတွေ၊ လေယာဉ်ပျံတွေ၊ အဆောက်အဦးတွေဆီကိုသာ စိတ်ကိုပို့ ထားမိကြပါသည်။
၈ နာရီ ၁၅ မိနစ်။ သား ၏ ဘယ်ဘက်လက်ဖမိုးလေးမှာ ထုံဆေးကပ်ခွာလေးလာကပ်ပေးပါသည်။ အကြောအတွင်း အားဆေးသွင်းဖို့ ၊ လိုအပ်ရာ သွင်းဖို့ ။ သားလေးမျက်နှာ တစတစနဲ့ ပြောင်းလာပါပြီ။ သူ ဘာမှန်းမသိပေမဲ့ ပုံမှန်မဟုတ်မှန်းသိလာပါပြီ။ 
ကျမတို့  နှစ်ယောက်စလုံး ခေါင်းထဲ အချိန်ကျပြီဆိုသည်ကို အချက်ပေး ခေါင်းလောင်းထိုးလိုက်သလို အသိ ရောက်လာပါသည်။ သားအဖေက ချက်ချင်း သားကို သူ့ ပေါင်ပေါ်တင်ချီပြီး .. သားသား ဖေဖေ့ကို ကြည့်ပါအုံး… ဟုပြောကာ မျက်လုံးချင်းဆုံအောင် ကြိုးစားရပါသည်။ ပြီး စပြောပါတော့သည်။ ညင်သာစွာ၊ ချိုသာစွာ ၊နောက်ပြီး သားလေးအရွယ်နဲ့ နားအလည်နိုင်ဆုံး စကားလုံးတို့ ရွေးသုံးကာဖြင့်…။
ရိုးရှင်းစွာနဲ့ သူနားအလည်ဆုံး စကားနှစ်လုံးသာပင်။ ဖေဖေနဲ့ မေမေက သားသားကို ချစ်လို့ ၊ ခေါ်လို့ သားသားကောင်းဖို့ လုပ်ပေးမှာနော် ။ သားသားနဲနဲတော့ နာမယ်၊ ဒါပေမဲ့ ခဏပဲကြာမှာပါ၊ ပြီးကျ သားသား ကောင်းသွားမှာ။ သားသား မုန့် တွေ အများကြီးစားလို့ ရတော့မှာနော်…။ ထိုမျှသာပါ။ 
အဖေ့စကားဆုံးတော့ သားက.. ဖေဖေက ချစ်တယ်၊ ခေါ်တယ်နော်။ နာဖူးနော်…ဟု လိုက်ဆိုတော့ ကျမကပါ ၀င်ပြီး.. မေမေတို့ က ချစ်လို့ နော်။ သားသားကိုခေါ်လည်းခေါ်တယ်နော်… ဟု ပြောလိုက်ရပါသည်။ သားက ခေါင်းလေးတညိတ်ညိတ်ဖြင့် သဘောပေါက်နားလည်သွားသည့်အလား.. ချစ်တယ် ခေါ်တယ်နော်…ဆိုသည်ကို ထပ်ခါထပ်ခါရွတ်ရင်း ငြိမ်သွားပါသည်။
ကျမတို့ မှာ သားလေး ငယ်ငယ်ပေမဲ့ သဘောပေါက်တတ်သည်ကို ၀မ်းသာရမည့်အစား အသနားပိုကာ စိတ်မကောင်းဖြစ်သွားရပါသည်။ ငယ်ငယ်လေးနဲ့ သိတတ်လိုက်လေခြင်းဟုသာ…။
ကျမတို့ သားလေး၊ ငယ်ရွယ်သေးပေမဲ့ သိတတ်လွန်းသည့်သားလေး၊ လိမ်မာလိုက်သည့် သားလေး..သားလေးအပေါ် မကောင်းတာ ဘာမှ မဖြစ်ပါစေနဲ့ …ဟုသာ ရွတ်နေမိပါတော့သည်။ 
၈နာရီ ၄၅မိနစ်။ သူနာပြုလေးလာပြီး အိပ်ဆေးတိုက်ပါသည်။ ဆေးက ခါးသည်ထင့်။ ဆေးတိုက်ရလွယ်သည့် သားက တစ်ငုံအပြီး ခေါင်းတခါခါဖြင့် တိုက်မရတော့ပါ။ ကျမတို့ က ဘန်တန်းလို ပါဝါတွေရှိအောင်၊ သိုင်းချလို့ ရအောင် တိုက်တာလေ..လို့ ပြောတော့ နဲနဲ ပြန်သောက်ပါသည်။ တခါငြင်းပြန် ပြန်သောက်ပြန်ဖြင့် ၄၊ ၅ ခါလောက် တိုက်ယူရပါသည်။ အကုန်မကုန်ပေမဲ့ အိုကေ၊ အိုကေ ဆိုကာ သူနာပြုလေး ထွက်သွားပါသည်။ 
သူနာပြုထွက်သွားတော့ သားမျက်နှာက ပြန်ချိုလာပါသည်။သူဆေးမသောက်ရတော့ဘူးဆိုတာ သိသွားပါသည်။မကြာပါ သားလေး ရီဝေေ၀ဖြစ်လာပုံလည်း ရပါသည်။ 
အခန်းတံခါးဖွင့်လို့ ခွဲခန်းသွားရန် ကုတင်လဲ ရောက်လာပါပြီ။ ၉နာရီလဲ ထိုးပါပြီ။
ကုတင်ပေါ် သားအဖေက ချီတင်ပေးတော့ မျက်နှာက ပြုံးစိစိဖြင့်။ ကျမတို့ ဝမ်းသာနေရပါသည်။ တကယ်တော့ ကျမတို့ သာမကပါ။ သူနာပြုကောင်လေးရော ၊ ကုတင်တွန်းဝန်ထမ်းရော အပြုံးမျက်နှာဖြင့်။
ခွဲခန်းရောက်တော့ အမည်၊အသက်ပြန်စစ်ပြီးခဏ အကြာ မေ့ဆေးဆရာဝန်က သူ့ ဟာသူ မိတ်ဆက်လို့ သူတာဝန်ယူမည့်အကြောင်းနဲ့ အားလုံး အေးအေးဆေးဆေးချောချောမောမောဖြစ်မှာပါ။ …ဆိုကာ သားကို.. ဟိုင်း ဖိုက်..ပြောရင်း လက်လှမ်းတော့ သားက ပြန် လက်ချင်းရိုက်ကြပါသည်။ ဆရာဝန်က သဘောကျစွာ.. ကောင်းတယ် ကောင်းတယ်…ဆိုပါသည်။ မေ့ဆေးလက်ထောက်၊ သူနာပြုလက်ထောက်တို့ ကပါ မိတ်ဆက်ရင်း ခဏအကြာမှာတော့ သားလေး ခွဲစိတ်ခန်းထဲသို့ ဝင်သွားရပါပြီ။ 
ခွဲတာ ကြည့်ခွင့် မပြုပေမဲ့ ခွဲစိတ်ခန်းထဲအထိတော့ သားကို လိုက်ပို့ ခွင့် တစ်ယောက်ရသည့်အတွက် သားအဖေပဲ လိုက်သွားပါသည်။ ကျမကတော့ မကြည့်ရက် မမြင်ရက်ပါ။ ကျမ လူနာစောင့်များအတွက် အခန်းမှာ ပြန်စောင့်နေရပါသည်။ သားအဖေပါ ရောက်လာတော့ နှစ်ယောက်လုံး အခန်းဆီသို့ ပြန်သွား စောင့်ရပါသည်။
အခန်းပြန်ရောက်တော့ ၉နာရီ ၁၅မိနစ်။ စခွဲသည့် အချိန်။ ထိုင်ခုံပေါ်ပြစ်ထိုင်ချလိုက်ရင်း စကားမဆိုနိုင်စွာ ၂ယောက်သား တိတ်နေကြပါသည်။ စိတ်ထဲကတော့ မိနစ် ၂၀၊ မိနစ် ၂၀ ဆိုတာကိုသာ ရွတ်ရင်း နံရံပေါ်က နာရီကိုသာ ကြည့်ရင်း၊ခွဲ ပြီးလျှင်အကြောင်းကြားမည့် ဖုန်းမြည်သံကို နားစွင့်ရင်း….။
ကျမတို့ နှစ်ယောက် ဘယ်သူ့ ဘယ်သူမှ မကြည့်ဖြစ်ပါ။ ကျမက နာရီရှိသည့် နံရံကို မျက်နှာမူလို့ ။ သားအဖေနဲ့ က ဘေးတစောင်းတိုက်။သားအဖေက အခန်းဝင်ပေါက်ကို ရှေ့ရှုလို့ ။အချင်းချင်း တယောက်မျက်နှာ တစ်ယောက်မကြည့်မိအောင်ကြိုးစားနေမိကြသည်။ ပြိုတော့မည့် မိုးလိုလား၊ လိပ်ပြာလွင့်နေသလိုလား…။
သို့ သော် စတင်ပြီးစကားစသူက အဖေဖြစ်သူ။ သူက.. ညီး စိတ်ခိုင်ခိုင်ထားနော်။ အခြေအနေ ဆိုးဆိုး ၀ါးဝါးမြင်ခဲ့လို့ ရှိ….သူ့ စကား မဆုံးခင် ကျမက..  နေပါဦး၊ ဘာဖြစ်လို့ ဘာက အခြေအနေဆိုးရမှာတုံး….ဟု  စိတ်တိုတောင်းစွာ ဒေါသထွက်စွာ ပြောလိုက်တော့ ( ပြောလိုက်တော့ ဆိုသည်ထက် အော်လိုက်မိသည်ထင်ပါသည်၊) သူလည်း ရပ်သွားပါသည်။ 
ကျမ အခုအချိန်မှ မဟုတ်၊ ခွဲရတော့မည်ဟု စသိရစဉ်ကတည်းက ဆိုးဆိုးဝါးဝါး ဆိုတာ အကြိမ်များစွာ တွေးဖြစ်ခဲ့ပေမဲ့ သားအဖေဆီကတော့ မကြားခဲ့ရသလို မကြားချင်ပါ။ ငါ တွေးသလို သူလဲ တွေးရင် ဒါဖြစ်နိုင်လို့ များလားဆိုသော အတွေးပူမျိုး မတွေးချင်ခဲ့ပါ။
ဟို အရင်က မပြောခဲ့ပါပဲနဲ့ အခုလို တကယ့် အချိန်ကောင်းကျမှ ဒီစကားမျိုးပြောလာတော့ ထိတ်လန့် ရုံသာမက သွေးပါလန့် မတတ်ဖြစ်သွားခဲ့ပါသည်။ သူက ခွဲစိတ်ခန်းထဲထိ ရောက်ခဲ့သူ ဆိုတော့…ဘာတွေများ တွေ့ ခဲ့လို့ တုံး….။ ကျမ ကြိုးစားမေ့ဖျောက်ထားရသည်က လွယ်လှသည့်အရာ မဟုတ်ပါ။ တခုခုများ လွဲချော်လို့ …ဆိုတာ ခလေးကံ ၊ သူ့ ကံ ကိုယ့်ကံ ..အို စုံနေအောင် အတွေးထဲရောက်ခဲ့ဘူးတော့ ကြောက်နေမိတာပါ ပါသည်။ နှစ်ယောက်သား ပြန်တိတ်သွားပြန်ပါသည်။
၉နာရီ ၃၅မိနစ်။ မိနစ် ၂၀ ရှိသွားပြီ။ ပြီးပြီပေါ့။ ကျမ အတွေးဆုံးသွားပါပြီ။ ခွဲခန်းထဲမှာ ပြီးနေလောက်ရောပေါ့။ ထိုစဉ် အခန်းတံခါးခေါက်ပြီး ဖွင့်ဝင်လာသူကို မြင်လိုက်တော့ ၂ယောက်သား ဖင်ကြွသွားကြသည်။ 
ခွဲစိတ်ဆရာဝန်ကြီးက တံခါးကို ဘယ်လက်ကတွန်းဖွင့်ထားပြီး ညာလက်က လက်မထောင်လို့ အပြုံးမျက်နှာဖြင့်..  ခုလေးပဲ အောင်အောင်မြင်မြင် ချောချောမွေ့ မွေ့ ပြီးသွားပါတယ်။စိုးရိမ်စရာလဲ မရှိပါ။ ခုတော့ အိပ်နေသေးပါတယ်။ ခဏနေ သူနာပြုတွေ ဖုန်းဆက်ပါလိမ့်မယ်။ ဒါဆို သွားကြည့်လို့ ရပါပြီ…ဟု တစ်လုံးချင်း ပြုံးချို စွာ ပြောပြပါတော့သည်။ စကားဆုံးဆို ကျမတို့ လည်း ပြိုင်တူဆိုသလိုပင် ကျေးဇူးတင်ကြောင်းပြောလိုက်ပါတော့သည်။ ဆရာဝန်ကြီးပြန်ထွက်သွားတော့…
နှစ်ယောက်သား ၀ုန်းဆိုပြန်ထိုင်လိုက်ကြရင်း အချင်းချင်းကြည့်ကာ  ပြုံးမိကြပါတော့သည်။ ကျမတို့ ရင်ထဲ ခေါင်းထဲ စိတ်ထဲ ဘာဆို ဘာမှ မရှိတော့လောက်အောင်ကို ပေါ့ပါး လန်းဆန်းသွားသည် ထင်ရပါသည်။ အပေါ့ပါးဆုံးအရာဆိုတာ ဒါမျိုးပါလား..လို့ ပြောရမလိုပါပင်။
ထိုအခါကျမှပဲ .. ထင်ပြီးသားပါ။ ချောချောမောမောဖြစ်မယ်ဆိုတာ။ ဒါပေမဲ့ ဖြစ်နိုင်တာပဲလေဆိုပြီး ပူတော့ ပူတာပေါ့…ဟု ခုမှ သက်မ တကယ်ချနိုင်သလို အရင်က လွန်လွန်ကဲကဲ မပူခဲ့ကြသယောင် ပြောလိုက်ကြပါတော့သည်။
ကဲ အားလုံးပြီးသွားပြီ။ကောင်းသွားပြီ။…ဟု သားအဖေက ပျော်ရွှင်သံအပြည့်ဖြင့် ပြောလိုက်ပါသည်။ ကျမတို့   ထိုင်ရာက ပြန်ထပြီး ရေသောက်သူက သောက်၊ ရေချိုးခန်းဝင်သူက ၀င်ဖြင့် အလုပ်၇ှုပ် သွားကြပါသည်။ ကျမတို့ ပုံမှန်လေသံ ဟန်ပန်မျိုးဖြင့် စကားပြန်ပြောနိုင်လာကြပါပြီ။ ကျမတို့ ပျော်နေကြပါသည်။ ပျော်ကြရပါပြီ။ ပျော်နိုင်ကြပါပြီ။
သို့ သော် ခုချိန်ထိ ဖုန်းသံက မြည်မလာသေးပါ။ ပျော်စောင့် စောင့်ရပြန်ပါသည်။ ၅မိနစ်လောက်ကြာပြီးမှ ကြားရပါတော့သည်။ သားအဖေက ချက်ချင်းကောက်ကိုင် ဟုတ်ကဲ့ ဟုတ်ကဲ့ ကို စောတလျင် ပြန်ဖြေပြီး ၂ယောက်သား သားရှိရာ အခန်းသို့ ထွက်လာခဲ့ကြပါသည်။ 
အခန်းကို တော်တော်နဲ့ ရှာမတွေ့ နိုင်၊စိတ်က လော၊ အခန်းတွေက ဆင်တူမို့ မမှတ်မိ၊ မေးလိုက် မှန်ပေါက်ငယ်လေးများကနေ ချောင်းကြည့်လိုက် မမြင်လိုက် ထပ်မေးထပ်ရှာဖြင့် အချိန် တော်တော်ကြာသွားပါသည်။ နောက်ဆုံးမှ ရောက်ပါတော့သည်။
အခန်းထဲရောက်တော့ ခွဲစိတ်လက်ထောက်ဆရာဝန် အရပ်ရှည်ရှည် ခပ်ချောချော တစ်ယောက်နှင့် သူနာပြုဆရာမနှစ်ယောက်တို့ က သားကုတင်ဘေးဝိုင်းရံရပ်လို့ အသင့်စောင့်နေကြပါသည်။ ကျမတို့ အနားကပ်သွားတော့ အခြေအနေအားလုံးကို ရှင်းပြပါသည်။ အနှစ်ချုပ်ကတော့  အားလုံးကောင်းပါသည်။ စိတ်ပူစရာမရှိသလို အိပ်နေရာက အနိုးကို စောင့်ဖို့ သာ ရှိပါတော့သည်။
ကျမမှာတော့ သားတစ်ကိုယ်လုံးချုံကြည့်ပြီး စိတ်မကောင်းဖြစ်သွားမိပါသေးသည်။ အော် ဒါကြောင့်လည်း သားအဖေက တကယ်လို့ များ အခြေအနေ ဆိုးဆိုးဝါးဝါး တွေ့ ခဲ့ရင်လို့ သတိ ပေးခဲ့တာ ပါလား…ဟု အမှတ်ရသွားသည်။
ကျမမျက်နှာ ကြည့်ပြီး လက်ထောက်ဆရာဝန်က ... ဘာလဲ စိတ်ပူနေတာလား…ဟု မေးလာပါသည်။ ကျမက ခေါင်းညိတ်ပြတော့... မလိုပါဘူး။ ဒါပုံမှန်နဲ့  အကောင်းဆုံးအနေအထားပါ။ ခလေးက ကောင်းရှာပါတယ်… ဟုအားပေးစကား ပြောလာပါသည်။ ယုံကြည်ပါသည်။ သို့ သော် သားနှာခေါင်းမှာက မေ့ဆေးပေးပိုက်က တန်းလန်း၊ လက်ညှိုးထိပ်မှာက သွေးဖိအားတိုင်း ကလစ်က ညှပ်လျှက်၊ လက်ဖမိုးမှာက အားဆေးရည်နဲ့ ပိုးသတ်ဆေးရည်သွင်းပိုက်မှ ဆေးရည်က တသွင်သွင် ဆင်းလျှက်၊ ခွဲခန်းဝတ်အင်္ကျီ ဟပြဲအောက်က ကိုယ်ပေါ်မှာက ကလစ်လိုလို ဘာလိုလို အပြား ၄၊၅ ခုက ကပ်လျှက်ဖြင့် ပါးစပ်ကလေးဟလို့  ခွေခွေလေး အိပ်နေသည်ကို ကြည့်ရသည်မှာ သနားစရာပုံလေးပါ။ သားအဖေ မခွဲခင် မြင်ခဲ့ရသလို ဖြစ်နိုင်ပါသည်။ 
ကျမတို့ အတော်ကြာသားကိုကြည့်အပြီး ချက်ချင်း သတိထားလိုက်မိကြပါသည်။ သားအသက်ရှူသံ… တိုးတိတ်ငြင်သာစွာ ချောချောမောမောရှူလို့ ။ကြည့်စမ်း.. ခွဲပြီးချက်ချင်း ကွာခြားသွားလိုက်တာ…. လွန်စွာ ကျေနပ်နှစ်သက်မိရပါတော့သည်။ သူ တစ်နှစ်သား အရွယ်လောက်ကစလို့  ဒီလို အသက်ရှူပြီး အိပ်တာမျိုး တွေ့ ရခဲလေတော့ ပြောမပြနိုင်လောက်အောင် ၀မ်းသာသွားပါသည်။ ကျေးဇူးလဲ တင်မိပါတော့သည်။ 
+                                                          +                                              +
ထို့ နောက်တော့ ကျမတို့ အတွက် ၊ သားအတွက် အရေးအကြီးဆုံးအချိန်ရောက်ပါပြီ။ ခွဲအပြီး သား အိပ်ရာက နိုးလာပါက  ဘယ်လို တုန့် ပြန်မလဲ … ကျမတို့ ကရော သားလေး ရင်ဆိုင် ခံစားနေရမှုတို့ ကို  ဘယ်သို့ သော စကားလုံးများဖြင့်  နားလည်လက်ခံနိုင်အောင် ပြောရပါမည်နည်း….။
မခွဲခင် ပြောခဲ့ကြသော စကားလုံး၏ အတိမ်အနက်ကို လက်တွေ့ သိလာရတော့ သားလေး မည်သို့ ခံစားရလေမည်နည်း…။ ကြောက်လန့် သွားမလား…။ ထိတ်သွားမလား…။ သူ လက်ခံ ခံစားနိုင်ပါ့မလား…။ သူ့ ပါးစပ်အတွင်း ဖြစ်ပေါ်နေမှုကို ဝေခွဲမရနိုင်စွာ ကြေကွဲ နာကျင်သွားမလား…..။
ကျမတို့ အတွက် စာများပေါ်က အသိနဲ့ လက်တွေ့  ဘယ်လို ခြားနားပြီး ဘယ်လို စခန်းသွားရမှာပါလိမ့်…။ တထိတ်ထိတ်နဲ့ သား အနိုးစောင့်နေစဉ် သူနာပြုများက ပြောပြချိန်တန်အောင် စောင့်နေသည်လား မသိ။ ကျမတို့ အတွေးအဆုံး သူတို့ စကား အစ အချိန်ကိုက်ပါပင်။
ကျမတို့ သားခွဲရသည်နှင့် ပါတ်သတ်သည့်စာစောင်များဖတ်စဉ်က အသိရလာခဲ့ပေမဲ့ တကယ်လက်တွေ့ ရင်ဆိုင်ကြရမည်ဆိုတော့ သူနာပြုဆရာမတွေ ပြောသလို သား၏ တုန့် ပြန်မှုကို စောင့်နေကြရုံသာပါ။ ကျမမှာတော့ ဘုရားစာ တစ်ခါရွတ်ပြန်ရင်း သားလေး ထိတ်လန့် ပြီးကြောက်သွားမှာကိုပဲ စိုးရိမ်နေမိပြန်ပါသည်။ တော်ကြာ တသက်လုံး မေ့မရလောက်အောင် အစွဲကြီးစွဲသွားလောက်အောင်များ စိတ်အနာတရဖြစ်သွားလေမလား…. ပူရပြန်ပါသည်။ သားလေး တစ်ခုခုဖြစ်ခဲ့လျှင်တောင် ကျမတို့ ရှင်းပြသမျှ အခြေအနေမှန်ကို နားလည်လက်ခံနိုင်ဖို့ ဆုတောင်းနေမိပါသည်။
ဆရာမတွေလည်း ပြောသင့်တာပြောပြပြီးတော့ သားကို နားနေခန်းသို့ ပြန်ပို့ ပေးပါသည်။ အခန်းပြန်ရောက်တော့ ၁၀နာရီ ကျော်ပါပြီ။ ဆရာမက လိုအပ်သည့် ဆေးများချိတ်၊ စက်များချိတ်ပြီး သားနိုးပါက ဖုန်းဆက်ခေါ်ဖို့ သတိပေးအပြီး အခန်းမှ ထွက်သွားပါတော့သည်။
Wednesday, August 17, 2011
ဝမ်းသာရင်း ကျေးဇူးတင်နေမိပါသည်...( ၈ )
သို့ ဖြင့် နောက်ညများမှာ ဘယ်လို အလွယ်တကူ အိပ်မောကျစေမလဲ တွေးပြီး ညပိုင်း အပြင်ထွက်ဖြစ်ကြပါသည်။ ဘာပဲဖြစ်ဖြစ် အပြင်မှာ သားက ပျော်ခဲ့ မောခဲ့ပါက နဲနဲတော့ အိပ်ရလွယ်စေမည်ဟု ထင်မိဖြင်းဖြင့် တစ်နေ့ တစ်နေရာ သွားခဲ့ကြပါသည်။
သားကတော့ ညနေရောက်သည်နှင့် .. မှောင်လာပြီ၊ မီးလာပြီ၊ ဖေဖေလာတော့မယ်၊ ၀ူးကြီးနဲ့ ပြင်ပြင်သွားမယ်…ဆိုတာ ရွတ်ရင်း ညနေတိုင်း ပျော်နေပါသည်။ ထမင်းစားပြီးသည်နှင့် အဖေကို အ၀တ်လဲခိုင်းပါသည်။ အ၀တ်စဉ်က အကျီ င်္တွေ ဆွဲယူပေး ၊ ခါးပါတ်တွေ ဆွဲချဖြင့် ဇွတ်ခိုင်းတတ်ပါသည်။
အိမ်တံခါးဝ ထွက်ကတည်းက အော်ဟစ်ဆူညံနေပြီး ပျော်နေပါသည်။ ကားကို ဘယ်နားထားထား ဘယ်လောက်ဆင်တူကားတွေများများ အဝေးကပင်.. ဟိုးမှာ ဖေဖေ့ကား…ဟု ရွေးတတ်ပါသည်။ ကျမတို့ ပင် ကားနံပါတ်မြင်မှ သိပေမဲ့ သားကတော့ ဘယ်နေရာမှာ ဖြစ်ဖြစ်မှတ်မိ၏။ ဘာကိုမှတ်ပြီး သိနေသလဲတော့ မေးမရပါ။ ကားပေါ်ရောက်သည်နှင့် လက်နက်ချပြီးသား ဖွင့်ပေးပါ ဖေဖေ…ဟု လေးဖြူသီချင်းဖွင့်ပေးဖို့ တောင်းဆိုပြီးသား။
သွားပြီဆိုသည်နှင့် ပါးစပ်က သီချင်းလိုက်ဆိုတတ်သလို တွေ့ သမျှ မြင်သမျှကို မေး၊ ကျေနပ်သည့်အဖြေမရမချင်းမေးလို့ မပြီးတတ်။ သူအကြိုက်ဆုံးက ရထား။ ဂျုံးဂျုံးဂျက်ဂျက်ရထားတွေမှာ ဘီးပါလား၊ မီးခိုးထွက်လား…ဒါက သူအမြဲမေးနေကျ။ သူကြည့်နေကျ တီဗွီထဲကလို၊ သူ့ အရုပ်လို ရထားက ဘီးလုံးတွေ မီးခိုးတွေ မမြင်ရတော့ ကျမ အဖြေတိုင်းကို မကျေနပ်။
နောက်တစ်မျိုးက မမုန်းတမ်း တွေ့ သမျှ ကားကို ၀ယ်တော့၏။ ဖြတ်သွားသမျှ ဘေးနားက ကားတွေကို လက်ညှိုးထိုးပြီး ဟို ကားဝယ်မှာနော် ဒီကားရော ၀ယ်မှာနော် ဒီကားနီရောင်လေးဝယ်မှာ …ဖြင့် မဆုံးနိုင်ပါ။ သူ့ အကြိုက်  အနီရောင် မာစီးဒီး အမြဲဝယ်၏။ ခရီးအနီး အဝေးလိုက်လို့ တစ်နေ့ တစ်နေ့ အစီး ၂၀က ၅၀လောက်ဝယ်၏။ ကျမတို့ က.. အေးအေးဝယ်ဝယ် သားသားကြိုက်ရင် ၀ယ်…ဟု ပြောလိုက်ပါက .. ဟေး ၀ယ်မှာ နီရောင်လေး ၀ယ်မှာ မာချီဒီး…ဟု ဆိုတတ်၏။
တစ်ခါတလေကျ အဆောက်အဦးတွေဝယ်မှာ…ဟု ဆိုတတ်ပြန်၏။ တစ်ရက်ကတော့  ဒူဘိုင်းကို ၀ယ်မယ်နော်…ဟု ပြောပါတော့သည်။ ၀ယ် ၀ယ် မပြောမချင်း ပြောနေသဖြင့် ကျမက.. ကဲကဲ ၀ယ်ဝယ်..လို့ ပြောလိုက်တော့ ပျော်နေပါတော့သည်။တစ်ခါ အဆောက်အဦးတွေ ၀ယ်အုံးမှာ…ဟု ပြောပြန်တော့ ကျမက.. ဒူဘိုင်းဝယ်ပြီးမှတော့ အကုန်ပါတယ် ၀ယ်စရာ မလိုတော့ဘူးနော်…ဟု ပြောလိုက်ရပါတော့သည်။ မပြီးနိုင် မစီးနိုင် တွေ့ သမျှ ၀ယ်လို့ မဆုံးသလို ၀ယ်ဝယ်လို့ ပြော၇တာလည်း မောလှပါပြီ။ ဒါကိုတောင် မရပ်သေးပဲ မက်ကွင်း နီရောင်ဝယ်မှာ…လို့ အော်ရင်း .. ၀ယ်ပေးမှာနော် ၀ယ်ပေးမှာနော်…နဲ့ စကားပြန်စောင့်နေသေး၏။
+                                                          +                                                          +
ဒီလိုနဲ့ မောလိုက် ပူလိုက် ရင်တုန်လိုက်ဖြင့် မျှော်နေသော ၁.၆.၁၁ ရက်နေ့ ကိုရောက်လာပါပြီ။ ခွဲစိတ်မည့် အဖွဲ့ များဖြင့် တွေ့ ဆုံ ဆွေးနွေးရမည့်နေ့ ။ခွဲစိတ်မည့် အကြိုနေ့ ဆိုပါတော့။ သိချင်သမျှ မသေချာခဲ့သမျှ သိရပါတော့မည်။
ဆေးရုံကို နေ့ လည် ပိုင်း ချိန်းထားသည့်အချိန်ထက်စောစွာ ရောက်သွားကြပါသည်။ စိတ်စောနေတာလည်း ပါ ပါမည်။ ဧည့်ကြိုကောင်တာမှာ ရောက်ကြောင်းစာရင်းပေးအပြီး ခဏပါကို တော်တော်စောင့်လိုက်ရပါသည်။သားကတော့ဖြင့် ခလေး ကစားခန်းမှာ စိတ်ကြိုက်ဆော့လို့ ။ ဘာမှ မသိရှာပါ။
ခဏအကြာ နာ့စ်က လာခေါ်တော့လိုက်သွားပြီး အခန်းထဲမှာ ထပ်စောင့်ရပြန်ပါသည်။ ပထမဦးဆုံး မေ့ဆေးဆရာဝန်ရောက်လာတော့ အချင်းချင်းနှုတ်ဆက်အပြီး စကားမရှည်တော့ပဲ tonsils & adenoids ဖြတ်ရပါမယ် ...လို့ ပြောပါသည်။ သူ့ လုပ်ငန်းစဉ်ကို ရှင်းပြပြီး သိလိုသမျှ မေးပါဟု ဆိုပါသည်။ သားအဖေကလည်း မေးဖို့  ကြိုတင်စဉ်းစားထားသည့် အကြောင်းများကို မေးဖြစ်ပါသည်။ ပြန်ရှင်းပြပါသည်။ နောက်ဆက်တွဲအဖြစ် စိုးရိမ်စရာမဟုတ်ကြောင်း၊ မိနစ် ၂၀ သာကြာမဲ့ ခွဲစိတ်မှုဖြစ်ကြောင်း ထပ်ပြောပါသည်။ သားအဖေက နောက်ဆက်တွဲ ဆိုးကျိုးတွေရှိလား မေးတော့ တကယ်လို့ များ ခလေးက နှာစီးနေမယ်၊ ချောင်းမပြတ်ဆိုးနေမယ်၊ ဖျားနေမယ် ၊ နားမှာ တစ်ခုခုခံစားနေရမယ် ဆိုရင်တော့ ဒါတွေ အားလုံး ပုံမှန်အခြေအနေဖြစ်အောင် လုပ်ပြီးမှ ခွဲလို့ ရမယ်။ နောက်ပြီး အဲလို ဖြစ်နေမှလဲ ခွဲတာမှာ အခက်တွေ့ စေမှာဖြစ်တယ်လို့ ..ရှင်းပြပါသည်။ သားက ဘာမှ မဖြစ်သလို ပျော်ပျော်ပါးပါးဆော့ကစားနဲ့ မို့ ဘာမှ စိုးရိမ်စရာ မရှိကြောင်း ပြောပြပါသည်။ ကျမတို့ လည်း သိလိုသမျှ မေးပြီး နောက်တစ်ယောက် နဲ့ တွေ့ ဖို့ စောင့်ရပြန်ပါသည်။
            နောက်တစ်ခန်းကို ကူးပြီး ခွဲစိတ်မှု စီစဉ်သူနဲ့ တွေ့ စဉ် ခွဲစိတ်မှုအဆင့်ဆင့်နဲ့ လာရမဲ့အချိန် နေရာတို့ ကအစ အသေးစိတ်ပြောပြပါသည်။ သူတို့ ဘက်က အစစ အဆင်သင့်ဖြစ်နေကြပါပြီ။ ကျမတို့ ကလည်း သိသင့်သမျှသိလိုသမျှ အားလုံးသိလို့ ခွဲမဲ့နေ့ စောင့်ရုံသာ ကျန်ပါတော့သည်။ သေချာတာတစ်ခုကတော့ tonsils ရော adenoids ပါ ဖြတ်ရမည်ဆိုသည်ပါပင်။ သူတို့ အဆိုအရ မိုင်နာပါ။ လွယ်ပါသည်၊ စိုးရိမ်စရာမလိုပါ။ ကျမတို့ ကို စိတ်အေးစေပါသည်။ ကံကောင်းသည်ဟုလည်း ဆိုချင်ပါသည်။ သားက ကျန်းမာရေးကောင်းသလို အခြေအနေ စောစောကြိုသိခဲ့သည့်အတွက် ရိုးရှင်းသော ခွဲစိတ်မှုတစ်ခုအဖြစ်သာ။
            +                                                          +                                              +
            အိမ်ပြန်ရောက်တော့ ၄ရက်အတွင်း လိုအပ်သည်များ ပြင်ဆင်ဖို့ စာရင်းလုပ်ကြပါတော့သည်။ ချောချော သတိပေးသလို သားအကြိုက် အရုပ်တွေ စုထားရမည်။သားရဲ့  မူပိုင်စိတ်ကြိုက် ကားရုပ်ရှင်ကားနှင့် သိုးလေးတွေပါသော ကာတွန်းကားကြည့်ရန် အဖြစ်မနေယူရမည့် ကွန်ပြူတာကို အားဖြည့်ထားဖို့ သားအဖေကို သတိပေးရသေးသည်။ ထို့ ပြင် သား အကြိုက် ကားပုံများပါသည့် စာအုပ်အသစ်တစ်အုပ်ထပ်ဝယ်ရမည် ဟု သားအဖေက ဆိုပါသည်။ လက်ရှိစာအုပ်က ၀ယ်ချင်သည့် ကားကို နေ့ စဉ်ကြည့်သဖြင့် ဟောင်းနေ စုတ်နေပါပြီ။ ဒါတောင် လွန်ခဲ့သည့် ၂ရက်လောက်က သား ဘယ်လို စိတ်ကူးရသည်မသိပါ။ ဘီရိုထဲက တိပ်အကြည်ခွေကို ယူလာပြီး ပြဲနေသည့် စာရွက်တွေ ကပ်ခိုင်းသဖြင့် သားစိတ်ကြိုက် ကပ်ပေးထားရပါသည်။
            သားအဖေကလည်း ရုံးမှာ မှာစရာရှိသည်တို့ မမေ့အောင်သတိထားရင်း မှာကြားရပါသည်။ လိုအပ်ပါက ဖုန်းဆက်ဖို့ ပါ မှာဖို့ သတိပေးရပါသည်။
            ၆.၆.၁၁ ရက်နေ့ မရောက်မှီ ကြားရက်တွေမှာတော့ လိုမယ်ထင်တာလေး ကောက်လုပ်လိုက်၊ ထည့်လိုက်၊ လုပ်စရာရှိတာ စာရင်းမှတ်ထားလိုက် အားရင် ချည်ထိုးလိုက် သားနဲ့ စကားတွေ အပြန်အလှန်ပြောလိုက် မေးလိုက် ဖြေလိုက် ။ 
တစ်ချက် တစ်ချက် တွေးရင်းငိုင်သွားပါက သားက ကျမနား အပြေးလာပြီး .. မေမေ နေကောင်းပါတယ်နော်...လို့ မျက်နှာငယ်လေးနဲ့ လာမေးလိုက်။ ကျမက.. ကောင်းပါတယ် ကောင်းပါတယ် သားရယ်...လို့ ပြောရင်တော့ ၀မ်းသာသွားကာ.. မေမေနေကောင်းပါတယ် သားသားကြီးလဲ နေကောင်းပါတယ်နော်...ဟု ပြောတတ်၏။ ကျမက မကောင်းဘူး တကယ်မကောင်းဘူး...ဟု ပြောရင်တော့ နာလို့ လား...ဟုမေးရင်း ..   ဥုံဖွ လုပ်ပေးမယ်နော်..ဆိုကာ သူပါးစပ်ကို ကျမတစ်ကိုယ်လုံးအနှံ့ လိုက်ထိရင်း ပါးစပ်ကလည်း .. ဥုံဖွ ဥုံဖွ.. ဆိုပြီး လုပ်ပေးပါတော့သည်။ ကျမက .. ကောင်းပြီ ကောင်းသွားပြီ...ဟု ပြန်ပြောမှသာရပ်ပါတော့သည်။ မျက်နှာကတော့ စိတ်ပူနေဟန်လေးက မပျောက်သေးပါ။ ကျမက သေချာထပ်ပြောလိုက်ရင်တော့ ၀မ်းသာသွားတတ်ပါသည်။ တစ်ခါတစ်လေကျလည်း ဘာစိတ်ကူးရသည် မသိပါ။ မျက်နှာကို ပါး ဘယ်ညာ နဖူး မေးစေ့အနှံ့ လာနမ်းတတ်ပြန်၏။ ကျမမှာ သတိထားရင်း သူ့ ရှေ့မှာ ပြုံးနေရပါသည်။ 
ဒီကြားထဲ တစ်ညကတော့ သားအဖေက ဘယ်လိုစိတ်ကူးရသည်မသိ သားကို  အား... ဟု သံရှည်ဆွဲ အော်ခိုင်းပြီး သား အာခေါင်ထဲ ဓါတ်ပုံရိုက်ကြည့်ပါသည်။ ကျမတို့ ဓါတ်ပုံကို ကွန်ပြူတာထဲ အကြီးချဲ့ ကြည့်တော့ ဘယ်ညာ tonsils နှစ်ခုကို လုံးဝ ထင်မထားသည့်ပုံစံမျိုးဖြင့် တွေ့ လိုက်ရပါသည်။ တကယ်ကို ကြီးနေသည်မှာ အလယ်က အာသီးလေးအတွက်သာ နေရာ ကျန်တော့သလောက်ပါ။ ကျမတို့ မှာ ထိုအခါမှ အံ့သြကြီးစွာ ဖြစ်ကြရပါသည်။သားအဖေက .. ဒါကြောင့် အစား စားရင် အတုံးကြီးတာမမျိုနိုင်တာကိုး ...ဟု ဆိုရင်း အခြေအနေမှန်ကို သိလိုက်ရပါတော့သည်။ ဘာပဲဖြစ်ဖြစ် တစ်ခြားနောက်ဆက်တွဲ ရောဂါတွေ မခံစားရသေးတာကပင် ကံကောင်းဖို့ လုံလောက်နေပြီ ခံစားရပါသည်။ စောပေလို့ စောပေလို့ သာ..ဟုသာ ရွတ်နေမိပါသည်။
နေ့ လည်ပိုင်းတွေမှာတော့ ထုံးစံအတိုင်း ကျမနှင့်သား စကားပြောလိုက် စားလိုက် ။သူကကစားလိုက် ကျမက တွေးလိုက် ငေးလိုက်။ သတိရလိုက် ဘုရားစာရွတ်လိုက် ဆုတောင်းလိုက်။မအားရပါ။ 
တွေးရင်းက သားအကြောင်းပါမက သားအဖေပါ တစ်ခါတစ်လေမက ပါတတ်၏။ တကယ်ဆိုပါမူ သားအဖေသည်လည်းပဲ သားကဲ့သို့ အသက်ရှူသံပြင်းသည်သာပါ။ ကျမ ဒီဆေးရုံကို စပြစဉ် ၂၀၀၄ကတည်းက ပြောခဲ့ပါသည်။ ပြကြည့်ပါ၊ အကြောင်းရင်း သိရတာပေါ့၊ ဒီဆေးရုံမှာ ကုတာ မကုတာကနောက်မှ စဉ်းစားကြတာပေါ့…။ ကျမက ပြောတိုင်း သူက ဝေေ၀၀ါးဝါးသာ ။ တစ်ခါတစ်လေတော့ ရီမောနေတတ်သည်။အခြေအနေ သိတ်မဆိုးခင် ဘာကြောင့်ဆိုတာ သိရရုံပါ..ပြောလည်း မရခဲ့ပါ။ခုတော့ သူလည်းနဲနဲ တော့ စိတ်ဝင်စားလာသည် ထင်ပါသည်။ ထင်ရုံပါ။ 
ဒါကြောင့်လည်း ကျမ အတွေးက သားအဖေဆီပါ ရောက်ဖြစ်နေလေသည်။ သားအကြောင်းသိစက အဘူဒါဘီက ညီမငယ်မှ ပြောဖူး၏။ မကြီး ခလေးပဲ လုပ်ပေးမနေနဲ့ အုံး။ကိုကြီးလဲ ဖြစ်နေတာပဲ သူ့ လဲ ကုပေးအုံးလေ…ဟု ပြောဖူး၏။ ကျမက.. အေးဟေ ခလေးက အရင်ပဲ။ဒီမှာက ဈေးကြီးတော့ ။ အကြောင်းရင်းသိရပြီပဲ သူ့ တော့ အိမ်ပြန်ပြီး လုပ်တာပေါ့။… ဟု ပြန်ဖြေခဲ့ပါသည်။ တကယ်ဆိုပါက သားအဖေကိုလည်း တစ်ပြိုင်နက် လုပ်စေချင်ပါသည်။ ငွေကုန်တာတော့ ကုန်တာပေါ့လေ…ဟု စဉ်းစားမိပေမဲ့ လက်တွေ့ က .. သားအရင် သားက အရင်နဲ့ ..ဟုသာ ခလေးက ဦးစားပေးဖြစ်နေခဲ့ရပါသည်။ စိတ်ထဲတော့ မကောင်းလှပါ။
ဒီအကြောင်းစိတ်ကရောက်တိုင်း ကျမအမေပြောဖူးသော အကြောင်းကို သတိရမိပြန်တတ်သည်။ ၂၀၀၀ခုနှစ်ပါတ်ဝန်းကျင်ကပါ။ကျမအစ်ကိုငယ်ဆီသို့ ရွာငံမှ မိသားစု လစဉ်လိုလို ဆေးလာကုပါသည်။ ကုသည်ထက် ပြန်လာစစ်သည်ဟု ပြောမှ မှန်ပါလိမ့်မည်။ ၈ နှစ်အရွယ် သားလေး တီဘီရောဂါရနေသဖြင့် ဆေးစားပြီး လစဉ် လာလာစစ်ခြင်းပါ။ 
လာခဲ့ပါက အဖေ၊အမေ၊ သားရောဂါသည်နှင့် သမီးငယ်ပါ မိသားစုလိုက်လာကြပါသည်။ ခရီးစရိတ်က မထောင်းလှသည်မို့ ရွာငံက ဆရာဝန်နဲ့ ပဲ ပြပါ။ မန်းလေးထိ ဆင်းလာဖို့ မလိုပါ ပြောလည်း မရပါ။ ဆေးကုခက မယူတော့ လက်ဆောင်အဖြစ် လက်ဘက်ခြောက်မျိုး ၊ဒေသထွက် အသီးအနှံမျိုးကလည်း ယူလာသေး၏။ ကျမအမေကပါ ၀င်ပြောလည်း မရပါ။ ရိုးသားလှစွာသော တောင်ပေါ်သားများအစွဲကလည်း ဘယ်သူမှ ၀င်ပြောလို့ မရပါ။လာမြဲ လာဆဲ ၊ ဆေးသောက်ရသည့် ၂နှစ်ကျော်ကာလအတွင်း အခေါက်ပေါင်းများစွာ မိသားစုလိုက်။
ကျမက အမေ့ကို ဘာကြောင့် ဒီပဲလာရတာလဲမေးကြည့်တော့ သူတို့ မိသားစု မန်းလေးကို အလည်လာတုံး ခလေးက ဖျားရော။အဲဒီတော့ နီးရာ အစ်ကို့ ဆေးခန်းမှာ ၀င်ပြရင်း ရောဂါနဲ့ ဆေးနဲ့ ကိုက်ပြီး သက်သာလို့ အမြဲ ဒီကိုပဲ လာပြပါသည်တဲ့။ ခဏခဏဖြစ်ခဲ့ပြီး ဆရာဝန်တွေနဲ့ ပြဘူးပေမဲ့ မသက်သာပဲ ကျမအစ်ကိုနဲ့ ကျမှသာ အဆင်ပြေသွားသဖြင့် ရွာငံမှ တကူးတက လာကြပါသည်တဲ့။ ကျမက ဒိအကြောင်းကို အော် …ဟုသာ အကြောင်းသိသွားသဖြင့်ရွတ်မိပါသည်။ ကျမအမေက ဆက်ပြောပါသည်။
အင်း..တစ်ခုတော့စဉ်းစားမိတယ်။ ကိုယ့် သား၊သမီးအတွက်ဆိုတော့  ဘယ်လောက် ကုန်ကုန် မိဘတွေက ဖြစ်အောင်ကုကြတယ်။ တကယ်လို့ များ အဖေ၊ အမေ တစ်ယောက်ယောက်ဖြစ်ခဲ့ရင်ရော ဒီလောက်ထိ ကုပေးပါ့မလား…လို့ ဟု ပြောပါသည်။ ထိုစဉ်က ကျမအတွက် ထိုမျှသာပါ။ ယခုတိုက်ဆိုင်လာတော့ အတွေးထဲ ထိုအကြောင်းက ပြန်ဝင်လာပါသည်။ ငါ ဆိုရင်ရော ငါဆိုရင်ရော….။
ကျမ ယခုပင် တွေးဖြစ် ပြောဖြစ်နေပါပြီ။ သားအဖေကျ ငွေကုန်နည်းမည့် နေရာမှာ ကုဖို့ ။ တရားသလား မတရားသလား၊ ဒါသားအဖေကိုယ်တိုင်က ငြင်းနေခဲ့တဲ့အရာလား….။ ကျမ စိတ်တော့ မကောင်းဖြစ်မိတာအမှန်ပါ။ ဒါဆို ကျမတို့ မိဘများဆိုခဲ့ရင်ရော…။
သေချာတာကတော့ ယခုအချိန်ထိ မိဘများကို တတ်နိုင်သလောက် ဂရုစိုက်ခဲ့ကြပါသည်။ သူတို့ လိုအပ်တာမှန်သမျှ တတ်နိုင်သလောက်ဖြည့်ဆည်းပေးခဲ့ကြသည်သာ။ လိုအပ်သည့် ဆေးဝါးကုသမှုများလည်း ကုပေးခဲ့ကြပါသည်။ စဉ်းစားရင်း တွေးရင်းသာ ကျန်းမာရေးကောင်းကြသော မိဘများကို ကျေးဇူးအထူးတင်နေမိပါသည်။ ဂရုစိုက်စောင့်ရှောက်နေကြသော အစ်ကိုမောင်ဖွားမိသားစုဝင်များကိုသာ ကျေးဇူးတင်လျှက် အားလုံးကျန်းမာစေဖို့ ကို ဆုတောင်းနေမိပါသည်။ ကျမတို့ အလှည့်ကျ လုပ်ပေးမလား မပေးဘူးလားဆိုသော အကြောင်းကိုတော့ မိဘများ မကျန်းမမာဖြစ်စေပြီး လက်တွေ့ မသိချင်ပါ။ သူတို့ အားလုံးကို ကျန်းမာစေချင်ပါသည်။ ကျမမှာ အဝေးတစ်နေရာမှ သတိရရင်း ဘုရားစာရွတ်ရင်း ဆုတောင်းရင်းဆိုတာပဲ တတ်နိုင်ပါသည်။
ကျမတို့ က သူတို့ အတွက် ဆုတောင်းသတိ၇နေသလို သူတို့ ကလည်း နေ့  ညမပျက် ဆုတောင်း ဘုရားစာရွတ်ပေးနေသည်မှာ ကျမတို့ သူတို့ ဆီက ခွဲခွာခဲ့သည့်နေ့ က စလို့ တစ်ရက် မပြတ်ခဲ့ပါတဲ့။ ယခုတဖန် သားအတွက် စိတ်ပူဆုတောင်းလုပ်နေကြရပြန်ပါသည်..တဲ့။  ကျမ ယောင်းမနဲ့ ဂျီတော့ခ်က စကားပြောကြတိုင်း ပြောပြတတ်၏။ 
ထို့ ပြင် ယောင်းမက သားလေးအတွက် ဘုရားမှာ ရေသက်စေ့လောင်းလှူပေးပြီး ရွှေသင်ကန်းလည်း ကပ်လှူပေးကြောင်းနဲ့ အားလုံးအဆင်ပြေပြေဖြစ်မှာပါ၊ စိတ်မပူပါနဲ့ …ဟု ကျမစိတ်ပူနေမှန်းသိကာ အားပေးတတ်ပါသည်။ ထို့ ကြောင့်လည်း အားလုံး အားလုံးသော ဆုတောင်းများကြောင့် သားလေး ၏ ခွဲစိတ်မှု ချောမွေ့ အဆင်ပြေပြီး အမြန်ဆုံး ပြန်ကောင်းဖို့  မျှော်လင့်နေ၇ပါသည်။ ကျမမှာ မိဘများဆီက ခုချိန်ထိ ယူဆဲ ပါတကား။
Tuesday, August 16, 2011
ဝမ်းသာရင်း ကျေးဇူးတင်နေမိပါသည်... ( ၇ )
ဒီရက်အတောအတွင်း သားလေးကတော့ ဆော့မြဲ၊ စားမြဲ ၊ တီဗွီကြည့်မြဲ ။ သူသိချင်တာတွေ မေးမြဲ။စူးစမ်းမြဲ ။ 
တရက်ကတော့ တီဗွီကြည့်ရင်း ကုတင်ပေါ်မှာ တီဗွီထဲက အရုပ်တွေ လို ပတ်လည်လှည့်လို့  ကစားနေရာက မူးပြီး လဲပါတော့သည်။ သူလဲတော့ ကုတင်ဘောင်နဲ့ ခေါင်းနဲ့ စောင့်ပြီး ချိုစောင်းမှာ ဘုကြီးထလာပါသည်။ တော်ရုံဘာဖြစ်ဖြစ် မငိုတတ်ခဲ့သည့် ခလေး..ဒီတခါတော်တော်ငိုသဖြင့် သေချာကြည့်လိုက်တော့ စောင်းအလိုက် သွေးပါထွက်နေတာ တွေ့ လိုက်ရပါသည်။ ကျမမှာ အာပူမှုတ်ပေးရင်း၊ နှုတ်က ဘုရားစာလဲ ရွတ်ရင်း ၊ သူ့ ကိုလည်း ကောင်းသွားမှာ ခဏနော် ခဏပဲ..ဟု ပြောရင်း… တကယ်ပါပဲ ခဏနေတော့ အငိုတိတ်ပြီး ပြန်ဆော့ပြန်ပါတော့သည်။ဘုကြီးကတော့ တဖြည်းဖြည်း ကြီးလာပါသည်။
ကျမတို့ အသိ တစ်ခု ၀င်လာပါသည်။ သူမေးတိုင်း ဘယ်တော့မှ လက်လွတ်စပါယ် မဖြေမိစေဖို့ ၊ နားလည်လွယ်အောင် သူအသိလေးနဲ့ သိနိုင်စေမဲ့ အဖြေမျိုးဖြစ်ဖို့ နဲ့ မေးတိုင်း စိတ်ရှည်ရှည်နဲ့ သူသိချင်သလောက် မေးနေသလောက် ဖြေဖို့ ပါ။ သိလာရသလောက်ကလည်း သူကျေနပ်သည့် အဖြေမရမချင်း မေးနေတတ်၏။
+                                                          +                                                          +
ကျမ တကယ်ဖတ်ကြည့်တော့ ပိုသိလာပြီး ပိုစိတ်ရှုပ်လာပါသည်။ ထို့ ကြောင့် ချက်ချင်းပင် သားအဖေဆီ လင့်ခ်ကို ပို့ လိုက်ပြီး ..  ညီးပဲ ဖတ်ပြီး ပြန်ပြောပြ။ဖတ်ရင်း ခေါင်းတွေ ကိုက်လာလို့ ..ဟု သူ့ ကိုပဲ တာဝန်ပေးလိုက်ပါသည်။ ပိုလဲ သိချင်ပါသည်။ သိလည်း သိသင့်ပါသည်။သို့ သော် ပိုသိလာလေ ပိုတွေးလာလေဖြင့် ပို စိတ်ပူရပါသည်။ သားအဖေ ပြောသလောက်ပဲ သိလိုက်ပါတော့မည်။  ဘာတွေပြင်ဆင်ထားသင့်သလဲ... ကိုပဲ အဓိကအနေဖြင့် သိချင်ပါတော့သည်။ နောက် ခွဲပြီး မည်သို့ မည်ပုံ ပြုစုဖို့ လောက်။  တခြားမြောက်မြားစွာသော အကြောင်းအရာများ မသိလိုတော့ပါ။ 
+                                                          +                                                          +
ကျမ တစ်ယောက်တည်း တွေးလိုက် ပူလိုက် မေးလိုက်ဖြင့် ရှုပ်နေစဉ် သားကလည်း  ဘေးနားကပ်လို့ တစ်နေ့ တစ်နေ့ မေးခွန်းများ မပြတ်မေးဆဲပါ။ စကားများကလည်း သောကြာသားရှုံးလောက်အောင် မနားတမ်းပြောပါသည်။ တော်တော်လေးလည်း သိလာ တတ်လာပါပြီ။ ခုတလော သူနဲ့ ကျမ အပြန်အလှန် မေးခွန်းများ မေးရင်း ဖြေရင်း ရယ်မောခဲ့ရသည်များက ပူပန်စိတ်တွေ အတွေးပူတွေကို လျော့စေတာအမှန်ပါ။
ဘာရယ်မဟုတ် နေ့ လည် နေ့ ခင်း စကားပြောဖြစ်ကြစဉ် သူ့ ကို အမှတ်တမဲ့ မေးကြည့်လိုက်သည်က စပါသည်။ မထူးခြားသည့် အမေးပါ။ တစ်နေ့ ကျမက ..  သားသား မေမေက လှလား..ဟုပါ။ သူက မဆိုင်းမတွ ဖြေပါသည်။ လှဘူး...ဟုပါ။ ကျမက ရယ်ချင်မိကာ.. တကယ် မလှဘူးလား..မေးပြန်တော့ လှဘူးလေ... ဟု ဆိုပါသည်။
ကျမက ထပ်ပြီး .. မေမေ့ကို လှဘူး ပြောရင် မေမေက သားသားကို ခေါ်ဘူး...ဆိုတော့ ခဏစဉ်းစားပြီး သားသားက ခေါ်တယ်လေ...တဲ့။ သားသားက ခေါ်ပေမဲ့ မေမေက ခေါ်ဘူး... ဆိုပြန်တော့ သားသားက ချစ်တယ် ခေါ်တယ်လေ...တဲ့။ ဟုတ်တယ်လေ၊ သားသားက လှဘူးပြောမှတော့ မေမေကတော့ ချစ်လဲ ချစ်ဘူး၊ ခေါ်လဲ ခေါ်ဘူး... ဇွတ်ပြောကာ ကျမက ထပ်မေးကြည့်၏။
ကဲ ထပ်ပြော မေမေက လှလား... ဆိုတော့ အမေ့မျက်နှာကြည့်ပြီး လေးလေးတွဲ့ တွဲ့ ဖြင့်.. လှတယ်...ဟု ဖြေလေသည်။ ကျမက ပြုံးရင်း .. သေချာတယ်နော် မေမေလှတာ၊ အိုကေ မေမေက လှတယ် ဆိုရင် သားသားကို မေမေက ခေါ်တယ်... လို့ ပြောရင်း..  မေမေ တကယ်လှတာနော် ..လို့ ထပ်မေးလိုက်တော့  ချက်ချင်းပင် တိုတိုပြတ်ပြတ် လေသံဖြင့်.. ချစ်တယ် ခေါ်တယ် လှဘူး... ဟု အော်ပါတော့သည်။ 
ကျမမှာ ရယ်လို့ မဆုံး၊ သတိရတိုင်း မေးလို့ မဆုံး၊ မေးတိုင်းလဲ အဖြေက အတူတူပင် မပြောင်း။ သား ဖေဖေကရော လှလား ...မေးခဲ့ရင်တော့ မပြောင်းလဲစွာ.. ဖေဖေက လှတယ်...ဟု ဖြေပါသည်။ သားအဖေကို ကျမက.. ဘယ်အချိန်မေးမေး အဖေကိုတော့ လှတော်မူသတဲ့တော်...လို့  ပြန်ပြောပြတော့ အဖေဖြစ်သူက တပြုံးပြုံးနဲ့ သဘောတွေကျလို့ ။ ကျမကလည်း နေ့ တိုင်းလို မေး၊ သူကလည်း အသံအနိမ့် အမြင့်သာ ပြောင်းသွားပါသည်။ အဖြေကတော့ နှစ်ယောက်လုံး အပေါ် မခြားနားပါ။ ကျမတို့ ကတော့ သူ့ အမြင်ကို သဘောတွေ့ နေကြပါသည်။ 
ဒါတင်လားဆို မဟုတ်ပါ။  ကျမက သီချင်းဆိုပြလျှင်လည်း ကျမနား အပြေးရောက်လာတတ်ကာ သူ့ လက်ညှိုးကို ပါးစပ်ရှေ့မှာ ဘယ်ညာရမ်းပြီး.. နိုး နိုး နိုး ၊ ကောင်းဘူး။ ဆိုနဲ့ လေ... ဟု တားတတ်၏။ သူက တားလေ ကျမက ဆိုလေဖြင့် ပျော်ကြရပါ၏။  
သူကတော့ အပြင်ထွက်တိုင်း သူ့ အဖေကို တောင်းဆိုတတ်၏။ ဖေဖေ လုပ်နဲ့ လုပ်နဲ့  လက်နက်ချပြီးသား ..( လေးဖြူ၏ မလုပ်နဲ့  မလုပ်နဲ့ လက်နက်ငါ ချပြီးသား ) သီချင်းဖွင့်ပေးပါ...ဟု ။ အဖေက လေးဖြူ သီချင်းခွေ မပြတ်ဖွင့်တော့ သီချင်းအားလုံးနီးပါး လိုက်ဆိုတတ်နေပါပြီ။ ကျမက သီချင်း တစ်ပုဒ်မဆိုထားနဲ့ တစ်ကြောင်းပင် အစအဆုံး မမှန်ချင်။ သားကတော့ သူကြားသည့် အသံအတိုင်း ဆိုတတ်သလို လိုက်ဆို၏။ တီးလုံးများပင် ပါးစပ်တီးလုံးသံ လိုက်တတ်သေး၏။ သူက သီချင်းကို အလွန်ကြိုက်၏။ သူ့ ဟာသူတော့ဖြင့် .. တားတားဆိုတာ ကောင်းတယ်လေ...တဲ့။
ဒါတင်မက ကျမတို့ ကများ .. သားသား ဒီလို မလုပ်ရဘူးလေ၊ ဟိုဟာ မလုပ်နဲ့ ... လို့ များ တားမိရင် သူက.. လုပ်နဲ့ လုပ်နဲ့ လက်နက်ချပြီးသား...လို့ ဆိုတော့၏။ နားလည်နေသဖြင့် ဆိုနေသလိုလိုပါ။ ၂နှစ် ၇လကျော်မှ တော်တော်ကို သိနေ နားလည်နေပါပြီ။ ကျမတို့ သူ့ ရဲ့ နားလည်သိတတ်မှုလေးက သူ့ ခွဲစိတ်မှုကျ အထောက်အကူပြုလိမ့်မည်လို့  မျှော်လင့်ထားပါသည်။ ကျမတို့ ဖတ်မိသမျှ စာတွေကလည်း ဆိုထားပါ၏။ မခွဲခင် ဖြစ်လာမဲ့ အခြေအနေမှန်ကို ရှင်းပြထားခြင်းဖြင့် တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ပါသည်.ဟု သူတို့ တွေ၏ အတွေ့ အကြုံ အရပါ။
ကျမတို့ လည်း တိုင်ပင်ထားကြပါသည်။ ရှင်းပြပါမည်။ သူနားလည်ခဲ့ပါက ကျမတို့ အတွက် အမြတ်ပါ။ သားလေး ငယ်သေးပေမဲ့ အနည်းငယ်တော့ နားလည် လက်ခံနိုင်လိမ့်မည်ဟုလည်း မျှော်လင့်ထားပါသည်။ 
+                                                          +                                                          +
တစ်ရက်ပြီးတစ်ရက်လွန်လာခဲ့ရာက ၂၀ ရက်ကျော်များကိုရောက်လာပါပြီ။ စောင့်ရတာလည်းကြာလှပါပြီ။ ဒီရက်တွေအတွင်း သားလေးက ကစားလိုက် စားလိုက် တီဗွီကြည့်လိုက်ကနေ ၀လုံးလည်း အနားနှစ်ဖက် ထိစပ်အောင်ရေးတတ်သွားပါပြီ။ သူ စရေးတတ်သည်ဆိုကာနဲ့ .. တားတားကြီး ၀ရုံးရေးတတ်ပြီ…ဆိုကာ အော်ဟစ်ပြီး သူရေးထားသည့် ၀ှိုက်ဘုတ်ကို အဖေနဲ့ အမေကို ပြရသည်မှာ အမောပါ။ မှတ်မှတ်ရရ ၂၃.၅.၁၁ ရက်နေ့ ပါ။
ထို့ ပြင် ကျမတို့ သားကို သတိထားကြည့်နေရာ ပိုပိုသိလာ တွေ့ လာရသည် က များလာပါသည်။ နှာစီးသည်က ၂လနီးပါးရှိလာပါပြီ။ ညအိပ်တိုင်း ခြေဖ၀ါးနှစ်ဖက်နဲ့ ရင်ပတ်ကို ပရုတ်ဆီလေးလိမ်းပေးရ၏။ သားကလည်း နေရသက်သာသလိုပင် လိမ်းပေးပါ ဟု ညတိုင်း တောင်းဆိုတတ်၏။ ကျမတို့ စာတွေ ဖတ်ကြည့်မိခါမှ နှာစီးသည်က သားအသက်ရှူခက်ရခြင်းအကြောင်းနဲ့ ဆက်စပ်မှုရှိနေသည်ကို သိလာရပါသည်။ 
ကျမတို့ ညအိပ်ချိန်တိုင်း ရင်ဆိုင်ရမြဲ ။ သားက အလွယ်တကူ အိပ်ဖို့ ပိုပိုပြီး ငြင်းဆန်လာသလို ကျမတို့ က  ပိုပိုပြီး အော်ရ ပြောရ ချော့ရ ကြာလာပါသည်။ ညစဉ်အိပ်ခါနီးပြီဆိုသည်နှင့် .. ဖေဖေသိပ်ပါ မေမေသိပ်ပါ သားသားကို…ဆိုတာက စပါသည်။
နောက်ဆုံးတော့ ထုံးစံအတိုင်း ကျမဘယ်လက်မောင်းပေါ် ခေါင်းတင်ပြီး ပက်လက်အနေအထား အိပ်ဖို့ ပြင်ရာ ကနေ ခဏအကြာ ဘယ်ဘက်ကို စောင်းဖို့ ပြင်ပါသည်။ စောင်းအပြီး ကျမ ညာလက်ကို သူ့ ခါးပေါ်တင် ဖက်ခိုင်းပြီး ငြိမ်လို့ အိပ်ဖို့ ပြင်ပြန်ပါသည်။ တအောင့် အကြာ ဘယ်ဘက်မှ ညာဖက်လှည့်ရင်း ကျမနဲ့ မျက်နှာချင်းဆိုင် အိပ်ဖို့ ပြင်ပြန်ပါသည်။ ကျမက ကဲ..သားသားအိပ်တော့နော် မေမေရှိတယ် ဖက်ထားတယ်…ဟုဆိုကာ တင်းတင်းဖက်ရင်း သိပ်ရပါသည်။ ငြိမ်လို့ အသက် ရှူသံပြင်းပြင်း မှန်မှန်ထွက်လာသဖြင့် အိပ်ပျော်တော့မည်ဟု ထင်ကာရှိသေး ထ ထိုင်ကာမှောက်ရက် အိပ်ဖို့ ပြင်ပြန်ပါသည်။ လက်နှစ်ဖက်ပေါ် မျက်နှာမှောက် ဖင်ထောင်အိပ်ဖို့ လုပ်နေရာက တစ်ခါ ပက်လက်ပြန်လှန် လက်နှစ်ဖက်ကို ဟိုလုပ် ဒီလုပ်ဆော့နေပြန်ပါသည်။ 
ကျမတို့ နှစ်ယောက်အနက် တစ်ယောက်ယောက်က တစ်ခုခုပြောလျှင် ပြောသလို လုပ်ပေမဲ့ ဒီကြားထဲ ဟိုလှည့် ဒီလှည့်က လေး၊ ငါးခါထက်မနည်းပါ။ ထိုအတိုင်း အကြိမ်ကြိမ်လုပ်လို့ မောကာမှ အနည်းနဲ့ အများချော့မှ ငေါက်မှသာ နောက်ဆုံးပိတ် မောမောနဲ့ လူးလူးလိမ့်လိမ့် အိပ်ပျော်သွားတတ်ပါသည်။ လူးလူးလိမ့်လိမ့်ဖြင့် ခေါင်းမှာပင် ခေါင်းချွေးများထွက်လို့ စိုနေတတ်၏။ တစ်ည မဟုတ်သလို ညစဉ် ညတိုင်းဆိုသလိုပါ။ အလွန်အအိပ်ခက်သည့် ခလေးလို့ ပဲ မှတ်ချက်ချလိုက်ကြပါသည်။
ဒီလိုနဲ့ တစ်ညကတော့ ထုံးစံအတိုင်း တော်တော်မောမှ အိပ်ပျော်သွားခဲ့ပါသည်။ ကျမတို့ နှစ်ယောက် သူ အိပ်တာကို သတိထားကြည့်မိလိုက်ကြပါသည်။ တိုင်ပင်ထားသလို ၂ယောက်လုံး သူ အသက်ရှူတာကို စိုက်ကြည့်နေမိကြပါသည်။ နောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း အခြေအနေတစ်ခုကို သိလိုက်ရပါတော့သည်။ သားလေးအသက်ရှူရတာ တော်တော်ခက်နေပါပေါ့လား ဆိုသည်ကိုပင်။
သားက ပက်လက်က ခေါင်းအုံးနှစ်လုံးကြား ၁၀ဒီကရီလောက် စောင်းပြီးအိပ်ပျော်နေပါသည်။ ပါးစပ်ကပါဟလို့ အသက်ရှူနေရပါသည်။အသက်ရှူသံပြင်းပြင်းက လမ်းတစ်ဝက်မှာပင် ရပ်ရပ်သွားပါသည်။ သူများတွေ တစ်ဝက် အသက်အောင့်သလိုပါပင်။ ခဏကြာမှ ပါးစပ်က လေပြန်မှုတ်ထုတ်ပါသည်။ 
တစ်ခါတစ်ခါပြီးဖို့ အရေး တော်တော်ခက်ခဲသလို ပင်ပန်းလှရှာပါသည်။ ကျမတို့ ကြည့်ရင်း စိတ်မောမောဖြင့် ထထိုင်ကာ ဆက်ကြည့်နေမိကြပါသည်။ နောက်တော့ သားအဖေက စလို့ .. ဆေးရုံက ၁၁.၅.၁၁ ရက်နေ့ ရတယ် ဆိုတာ မယူခဲ့မိတာ မှားများနေပြီလား မသိဘူး…ဟု တိုးတိတ်စွာ ပြောလာပါသည်။ ကျမဘာမှ ပြန်မပြောနိုင်လောက်အောင် စိတ်မကောင်းပဲ ဖြစ်နေမိပါသည်။
ကျမတို့ ၆.၆.၁၁ ရက်ကိုရွေးခဲ့စဉ်ကတည်းက ဆုတောင်းခဲ့ကြပါသည်။ ဒီရက် ၃၀ အတွင်း ဘာမှ မဖြစ်ပါစေနဲ့ ဟု။ယခု ကြုံလာရပြီလား။ မတွေးချင်ပါ။နောင်တ မရချင်ပါ။ ကျမတို့ အတတ်နိုင်ဆုံး ဂရုစိုက်ခဲ့ကြပါသည်။ ကျမတို့ သက်ပြင်းမောချရင်း စိတ်မကောင်းစွာနဲ့ ပဲ အိပ်ခဲ့ကြရပါသည်။ ကျန်တဲ့ ၁ပါတ်အတွင်းဘာတွေများဖြစ်လာမလဲ တွေးရင်း စိတ်မောနေပြန်ပါသည်။
ကျမတို့ ထင်မှတ်ခဲ့ကြသော ယုံကြည်ခဲ့ကြသော ခလေးသဘာဝ အဆော့မက်လို့ အအိပ်ခက်တာ ဆိုသော အကြောင်းထက်ပိုသော အကြောင်းရင်း ရှိနေပြီဆိုသည်ကို သိလာ လက်ခံလာရပါပြီ။
ထိုညက မှတ်မှတ်ရရ ၂၈.၅.၁၁ရက်နေ့ ညကပါ။ကျမက သားအဖေကို ဗွီဒီယိုရိုက်စမ်းပါ ဆိုသဖြင့် ကင်မရာယူပြီး  ရိုက်ပါသည်။ နောက်ရက်တွေ  ပြန်ကြည့်မိကြတိုင်း  စိတ်မကောင်း တော်တော် ဖြစ်ကြရပါသည်။
အမှန်တကယ်တော့ တဖြည်းဖြည်းနဲ့ မသိမသာလေး ပိုပိုဆိုးလာတာကိုတော့သိနေပါသည်။ လက်မခံချင် မဖြစ်စေချင်ပေမဲ့ အမှန်တရားမို့ မြင်နေသိနေရပါသည်။ အစာ စားပါကလည်း တဖြည်းဖြည်း ပိုပို ဂရုစိုက်လာရပါပြီ။ အစက အဖတ်နဲနဲကြီးတာလောက် မျိုချနိုင်ပေမဲ့ ခုတော့ မမျိုချနိုင်သလောက်မို့ အားလုံးကို ဂျစ်နဲ့ ခြစ်ပြီး ချက်နေရပါပြီ။ ခရမ်းချဉ်သီးလည်း အခွံအကာမပါအောင် အလယ်သားကို ပဲ ဂျစ်နဲ့ခြစ်၊ ကြည်သွန်နီ ဖြူကိုပါမကျန်ခြစ်ပြီး အရည်နီးပါးထိ ကျေအောင်ချက်ပြီး ကျွေးနေရပါသည်။ 
အစားမပျက် အဆော့မပျက်နဲ့ ကျန်းမာနေသဖြင့် ၀မ်းသာနေရပါသည်။ အားမပျက်သလို ကျန်တာအားလုံးကတော့ ပုံမှန်မို့ တော်ပါသေးသည် တွေးနေရပါသည်။