Monday, August 15, 2011
ဝမ်းသာရင်း ကျေးဇူးတင်နေမိပါသည်... ( ၆ )
ထို့ ပြင် ယခုရက်အတွင်း သတိထားမိသလောက် အဘူဒါဘီကပြန်လာပြီးမှ ပါးစပ်ကို ပိတ်ပြီးစကားကို ပြောပြောနေတော့ စိတ်တိုမိကာ ငေါက်မိပါတော့သည်။ အလိုလို စိတ်က မကြည်ရတဲ့ကြားထဲ..အဲဒီ ပါးစပ်ကြီး ပိတ်ပိတ်ပြောနေ။ ခွဲမှာ စိတ်မှာမို့ စိတ်က လေးနေရတဲ့ကြားထဲ..အဲလိုလုပ်နေ .. မပြောကောင်းမဆိုကောင်း အသံတွေ ဘာတွေ မထွက်တော့မှဖြင့် ဟင်း… အော်မိပါတော့သည်။ ကျမမှာ ဒေါသတွေ ပူပန်မှုတွေ အယူသီးမှုတွေ အစိုးရိမ်လွန်မှုတွေ .. တွေ ပေါင်းများစွာခြင့် ဆောက်တည်ရာမရပါ။
ညရောက်တော့ သားအဖေနဲ့  စကားပြောဖြစ်ခဲ့ကြပြန်ပါသည်။ ထုံးစံအတိုင်း ခလေးအကြောင်း ၊ ကျမအတွေးတွေအကြောင်း။ သားအဖေက.. ညီးက လျှောက်တွေးနေတာကိုး၊ဘာမှ မဖြစ်ဘူး စိတ်ပူမနေနဲ့  ဆရာဝန်တွေက ခလေး ဘာဖြစ်တယ်ဆိုတာ သိသလို သူတို့ တာဝန်ယူထားတာ သူတို့ အကောင်းဆုံး ဖြစ်အောင်လုပ်ပေးကြမှာ ။ လျှောက်တွေးမနေနဲ့ ..ဟု။ ကျမက .. သိပါတယ် အဲဒါကို ။ ဒါပေမဲ့…ဆို ရပ်ကာ စကား မဆက်ဖြစ်တော့ပါ။ ကျမ၏ အတွေးဆိုး နမိတ်ဆိုး အကြောင်း နှုတ်က ဖွင့် မပြောပြလိုက်ပါ။ မပြောချင်မိပါ။ နှုတ်က ပြောမထွက်ပါ။ ညီး မသိဘာဘူးလေ…ဟုသာ သံရှည်ဆွဲရင်း ခေါင်းရမ်းနေမိပါသည်။ 
ကျမ ကိုယ့်ဟာကို ပြန်တွေးနေမိပါသည်။ ငါ့ အတွေးတွေ မှန်လား မှားလား.. လိုလား မလိုလား..တွေးတာတွေ ဖြစ်နိုင်လား မဖြစ်နိုင်လား…တွေးဆဲ ငေးဆဲပါ။ စိတ်တွေ မရပ်နိုင်သေးပါ။ ကဲ..ငါဘာလုပ်သင့် သလဲ… တစ်ခုပဲရှိပါသည်။ ဘုးရား၊ တရားအမြဲအောင့်မေ့နေဖို့ သာပင်။ ဖြစ်နိုင်သလား စဉ်းစား..မဖြစ်နိုင်ပါ။ ကိုယ့်ဟာကို သိနေပါသည်။
သို့ သော် ကျမဆုံးဖြတ်လိုက်ပါသည်။ ဥပုသ်စောင့်ဖို့ သာပင်။ မနှစ်ကလည်း ၀ါဆိုက စပြီး ဒီဇင်ဘာ ၃၀ရက်နေ့ ထိ ရက်ရှည်စောင့်ခဲ့ဘူးပါသည်။ အမှန်အတိုင်းဆိုရပါက အကြောင်းကြောင်းများကြောင့် ရာနှုန်းပြည့် မစောင့်နိုင်ခဲ့ပါ။ သို့ သော် အသိကလေးကပ်ထားတော့ လွတ်သွားပြန်ထိန်း၊ အသိလေးဝင် စိတ်ကလေးပြန်မတ်၊ ဘုရားစာလေးရွတ်ဖြင့် သာမန်ထက်တော့ဖြင့် စိတ်အေးချမ်းမှုရခဲ့သည် အမှန်ပါ။ အင်း အခုလည်း အနည်းနဲ့ အများတော့ စိတ်တည်ငြိမ်မှုရနိုင်ကောင်းပါသည်။
+                                                          +                                                          +
ကျမလည်း တွေးရင်း တောရင်း ခလေးနဲ့ အလုပ်ရှုပ်ရင်း ပုံမှန်ပင် နေ့ တွေကျော်ဖြတ် နေရပါသည်။ ၇.၅.၁၁ ရက်နေ့ က အဘူဒါဘီသွားလည်ပြီးလို့ တပါတ်အကြာ ၁၃.၅.၁၁ရက်နေ့ ကျ ထပ်ပြီး လာလည်ဖို့ ညိုက ဖိတ်ပြန်ပါသည်။ ကြာဇံကြော်နဲ့ ဝက်သားတုတ်ထိုး လုပ်စားမှာမို့ လာခဲ့ဖို့ ပါ။ 
သူတို့ ကလည်း ပြီးခဲ့တဲ့ အခေါက်က ကျမတို့ ကြေးအိုးဆီချက် ချက်ယူသွားပြီး သူတို့ အိမ်မှာ တပျော်တပါး စားခဲ့ကြသဖြင့် ပြန်လည် ကျွေးချင်တာလည်း ပါ ပါလိမ့်မည်။ သို့ သော် ကျမတို့ က သားလေး ခလေးဖေါ်နဲ့ ကစားရတာပေါ့ ..ဟု တွေးရင်း ၁၃ ရက်နေ့ က တစ်ခေါက် သွားခဲ့ကြပြန်ပါသည်။
ဆုံကြတော့ ထုံးစံအတိုင်း စကားတွေ ဖေါင်နေကြပါသည်။ စားလို့ ကလည်းကောင်း တော့ ဗိုက်တွေကလည်း တင်းနဲ့ ပါ။ ကျမတို့ လူကြီးတွေ စားဝင်သလောက် သားလေးကတော့ ကျွေးသမျှ ငြင်းနေသဖြင့် နဲနဲပဲ ၀င်ပါသေးသည်။ ကျမလည်း သားအဖေကို ကပ်ပြီး တိုးတိုး တိုင်ပင်မေး မေးမိ၏။ ပြီးကျမှ ရှော့ပင်းမော်လ်သွားပြီး သားအကြိုက် တစ်ခုခုကျွေးကြရန်ပါ။ 
ထိုစဉ် ညိုက ဧည့်ခန်းထဲက ရေခဲသေတ္တာဖွင့်လို့ ဗူးတစ်ဗူးကို ယူလိုက်ပါသည်။ ခဏတာ တံခါးအဖွင့်အပိတ်အတွင်း သားက ဘာကို တွေ့ သွားသည် မသိပါ။ ချက်ချင်း အပြေးသွားကာ ဇွတ်အတင်း တံခါးဆွဲဖွင့်ပါတော့သည်။ ကျမက မဖွင့်ဖို့ တားနေသော်လည်း  ညိုက မြင်သဖြင့် တံခါးပြန်ဖွင့်ပေးလိုက်တော့ သူက တံခါးရွက်က နွားနို့ ဗူးကို ထိုးပြပါတော့သည်။ ထိုအခါမှ ညိုက .. အော် ဟုတ်ပ ။ခလေးက စားချင်တာ သူ့ ဟူသူ ရှာရတယ်။ တီတီက အကြိုက်ကို မကျွေးတတ်ဘူးနော်… ဆိုကာ ခွက်လေးထဲ ထည့်ပေးလိုက်ပါသည်။ တခါတည်း မော့သောက်လိုက်ပြီး ထပ်တောင်း ၊ ထပ်မော့ ။ ပြီး ထပ်တောင်း ထပ်မော့၊ ၃ခါပြီးမှ ပြီးသွားတော့သည်။
ညိုတို့ အိမ်က ပြန်တော့ ရှော့ပင်းမောလ်ဝင်ပြီး ကျမတို့ က ကော်ဖီသောက်၊ သားကိုတော့ သူ့ အကြိုက် ပေါင်မုန့် မီးကင်ကျွေးကြပါသည်။ ကျမတို့ စားနေစဉ် ဘေးစားပွဲကို မျက်စိရောက်တော့ တစ်ခုသတိထားမိလိုက်ပါသည်။ လူကြီး နှစ်ယောက်ကြားက သားငယ်လေးက အော်တစ်ဇင် ရောဂါရှင်လေးပါ။ ၂နှစ်ကျော်အရွယ်လေးလောက်ပင်ဖြစ်ပါသည်။ ကျမမှာ သူ့ ကို ကြည့်ရင်း သူလေးကို သနားနေမိသလို ဘေးနားက အမေဖြစ်သူကိုလဲ ကိုယ်ချင်းစာနေမိပါသည်။ ထို့ ပြင် အတွေးလဲ ၀င်လာပါသည်။ 
အော် ကျမတို့ သူတို့ နဲ့ နှိုင်းစာပါက ကံကောင်းလှပါသည်။ ကျမ အပူကြီးပူပြီး သားလေးအတွက် စိတ်မကောင်းနေရသည်က ကုရသည့်အခြေအနေမျိုးပါ။ သူတို့ လိုများ..အို ကျမဆက်မတွေးချင်သလို သားအဖေကိုလည်း ပြောပြနေမိပါသည်။သားအဖေက.. ဒါကြောင့်ပြောတာပေါ့ လျှောက်တွေးမနေပါနဲ့ ။ အေးဆေးပါ။ ပူစရာမလိုတဲ့ အခြေအနေပါ..ဟု ကြုံတုံး သူပြောချင်တာ ပြောလိုတာလည်း ပါပါမည်။ ကျမကို အားပေးပါသည်။ ကျမ သူတို့ အတွက် စိတ်မကောင်းဖြစ်မိသလို သားအတွက်တော့ စိတ်အားတက်မိပါသည်။
အပြန်လမ်းမှာတော့ သားက မောပန်းပြီး ချက်ချင်း အိပ်မောကျသွားသလို ကျမကတော့ စိတ်သက်သာပေါ့ပါ့းနေပါသည်။ သားအဖေကတော့ သား သူ့ ဟာသူ နို့ ဗူးလက်ညှိုးထိုးပြီး ရှာသောက်တာကို သဘောတကျ ပြန်လှန်ပြောနေပါသည်။ ဘာပဲဖြစ်ဖြစ် သူ့ ဟာသူ သူလိုချင်တာ သူရှာဖွေတတ်တဲ့ သူ့ စိတ် ကလေးကို နှစ်သက်နေလေသည်။ ကြီးလာခဲ့လျှင် ကိုယ့်အားကိုယ်ကိုးစိတ်ကလေးရှိလာမဲ့ သူ့ စိတ်ဓါတ် အစပျိုးလေးဖြစ်လေမလား...။
 ( ကျမတို့ တုံးကတော့ အသက် ၃၀ကျော်ထိ မိဘများနဲ့ အတူနေတုံး ၊ အမှန်အတိုင်းဆိုရပါက မှီခိုတုံး။ သားတို့ ခေတ်ကျလျှင်တော့ အစစပြောင်းလဲလာသည့် အခြေအနေများအရ ငယ်စဉ်ကတည်းက ကိုယ့်အားကိုယ်ကိုးပြီး လျှောက်လှမ်းရမည့် အနေအထားမျိုး။ ကျမတို့ တတွေ သူ့ ပင်ကိုယ် မူလ စိတ်ဓါတ်၊ အတွေးအခေါ်။ အပြုအမူလေးများကို စောင်ကြည့်မှတ်သားရင်း ထိုအချက်များအပေါ်အခြေခံပြီး မည်သို့ သော ရှေ့ဆောင်လမ်းညွှန်မှုကောင်းများ ပေးရမည်နည်းဟု လေ့လာနေရချိန်ဖြစ်ပါသည်။)
ဒီတစ်ခါ အဘူဒါဘီက ပြန်လာအပြီး လည်း မေ့ပျောက်သွားပြီထင်ထားသော ပါးစပ်ပိတ် စကားပြောသည်ကို သားက ပြန်ပြောပြန်ပါသည်။ ကျမက တစ်ခါ စိတ်တိုကာ.. ပြောပြန်ပြီလား ဒီပါးစပ်ကြီး ပိတ်ပိတ်ပြီး..စကား မပြောတတ်တဲ့သူတွေလို...နဲ့ အော်မိပြန်ပါသည်။ ညရောက်တော့ သားအဖေကို ပြောပြတော့ သားအဖေက ကွမ်းဝါးရင်း စကားပြန်ပြောပါသည်။ ထိုအခါမှ ကျမလည်း သူ ပါးစပ်ပိတ်ပြီး စကားပြောတာကို သတိထားမိသွားကာ ၀မ်းသာသွားပါသည်။ သားအဖေကို တော့ စိတ်တိုလျှက်ပါ။
သားအဖေက အဘူဒါဘီကနေ ကွမ်းဝယ်ဝယ်လာပြီး ကွမ်းကိုဝါး၊ စကားပြောဖို့ လိုလာလျှင် ကွမ်းဝါးလျှက်ဆိုတော့ ပါးစပ်စိပြီး စကားကိုပြော၊ ဒါကို သားက အတုယူပြီး အဖေပြောသလို လိုက်ပြော။ ဟင်း..ခုမှ ဟင်းချနိုင်ပါသည်။ ကျမမှာ ဘာမှန်း ညာမှန်းမသိနိုင်စွာ အတိတ်နမိတ်တွေကောက်ပြီး စိတ်တွေပူနေမိခဲ့ရပါသည်။
ကျမမှာ မနေနိုင်စွာ ထိုအကြောင်း မန်းလေးမှ သူငယ်ချင်းကို ပြောပြတော့ .. ခလေးကတော့ ကြံကြံဖန်ဖန် အမေကို စတတ်တယ်...ဟု မှတ်ချက်ချခဲ့ပါသေးသည်။ အေးဟာ...လူကြီးက စိတ်ပူလို့ ပြောလေ သူက သဘောတွေကျလို့ ထပ်ပြောလေနဲ့ ...ဟု ပြောပြဖြစ်ခဲ့သေးပါသည်။ 
+                                                          +                                                          +
ဒီလိုနဲ့ ၁၇.၅.၁၁ ရက်နေ့ ညောင်ရေသွန်းပွဲတော်နေ့ ကဆုန်လပြည့်နေ့ ကစ သီလယူဖြစ်ခဲ့ပါသည်။ ကျမမှာ ကိုယ့်ဟာကို အထိန်းအကွပ်လေးရှိနေဖို့ ဂျီတော့ခ်မှာပင် ဥပုသ်ယူထားကြောင်း ရေးထားလိုက်ပါသည်။ အများသိထားပြီဖြစ်သဖြင့် တော်ရုံနဲ့ ဖျက်ဖို့ မလွယ်တော့ပါ။ ကျမမှာ ကိုယ့်စိတ်ကို ထိန်းဖို့ ချည်ကြိုးများစွာနဲ့ ပါ။
ထုံးစံအတိုင်း ပထမဦးစွာ ချောချောက ..  ရည်ရှည်ကြီး..အဲလောက်တောင် မစောင့်ပါန့ဲ ။ ခလေးတင် မဟုတ်ဘူး လူကြီးတွေပါ ခလေးကို ကောင်းကောင်းပြုစုဖို့ အားပြည့်နေမှ...ဟု စေတနာအပြည့်ဖြင့် ပြောလာပါသည်။ ကျမက ခလေးခွဲမှာမို့ အကြောင်းပြလိုက်တော့ အင်း ဒါလဲ ဟုတ်တာပါပဲ..ဟု လက်ခံသွားပါသည်။ သားအတွက် ဆုတောင်း ဘုရားစာရွတ်ဖို့  အဓိက ဖြစ်သလို အဆိုးမြင်အတွေးများကို မေ့ပျောက်နေဖို့ ကလဲ အကြောင်း တစ်ကြောင်းပင်။
ထို့ ပြင် ဟိုးအရင် သားမမွေးခင်က ထိုးခဲ့ဘူးသော နှစ်ချောင်ထိုးအပ်များနှင့် ၀ယ်ထားပြီး ဆက်မထိုးဖြစ်ပဲ သိမ်းထားခဲ့သော ချည်များကို ပြန်ရှာဖြစ်ခဲ့ပါသည်။ ကျမ ချည်ပြန်ထိုးဖို့ ဆုံးဖြတ်လိုက်ပါသည်။ သားအတွက် ဆောင်းတွင်းဝတ် အနွေးထည်လေးများ ဆောင်းအမှီပြီးဖို့ အတွက်။ နောက်တစ်ခုက အဒေါ်တစ်ယောက်ပြောဖူးသလို ချည်ထိုးတာ တရားထိုင်သလိုပဲ စိတ်ကို ချည်ထိုးတာမှာ နှစ်ထားရင်တဲ့။ ကျမ အစ်ကိုကြီးကတော့ ပြောဖူးပါသည်။ မိန်းခလေးတွေ ချည်ထိုးတာ ကြည့်ရတာ အိနြေ္ဒရသလို ကျက်သရေရှိတယ်…ဟု။ ကျမအတွက်ကတော် လူ အိနြေ္ဒရဖို့ ထက် စိတ်တည်ငြိမ်အိနြေ္ဒရဖို့ အရေးကြီးသည့် အချိန်ပါ။
နောက်တစ်ချက်က ကျမ သေသေချာချာတွေးဖို့ လိုလာပါပြီ။ ဒီလို အတွေးတွေ တွေးနေဖို့ ထက် အခုနေ ဘာလုပ်သင့် သလဲ ဆိုတာကိုပါ။ ဥပုသ်လဲ ယူထားတော့ စိတ်ကလေးက အတန်အသင့် ငြိမ်နေပါပြီ။ ကောင်းကောင်း တွေးဖြစ်သလို အမြင်လဲ ကြည်နေပါပြီ။ ထို အခါမှပင် ငါ့နှယ်နော်..ဘာဖြစ်လို့ များ သားအပေါ် မကောင်းတဲ့ အတိတ်နမိတ်တွေ ထားမိနေပါလိမ့်..ဟု ကျမကို ကျမ ဒေါသထွက်နေမိပါသည်။ 
ကျမတို့ သားလေး..၂နှစ်၇လသာ ရှိသေးပေမဲ့ ဘုရားမှန်း တရားမှန်းသိသူလေး။ မနက်တိုင်း ကျမ ရှိခိုးတိုင်း ကျမနောက်က ထိုင်လို့ ဦးတော်လုပ်မြဲ။ ညအိပ်ရာဝင်တိုင်း မိဘတွေက ပြောစရာ မလို … သူ့ အသိလေးနဲ့ သူ ဦးချပြီးမှ အိပ်တတ်သူလေး။ အိပ်ဖို့ ပြင်ပြီးမှ ဦးမချရသေးတာ သတိရပါက သားသားကြီး ဦးချရသေးဘူးလေ… ဆိုကာ ထထိုင်ပြီး ဦးချတတ်သူလေး။ ဆော့ရင်း ကစားရင်း အသားတုံးလေးတွေ အကြီးအပေါ်အသေး ထပ်ဆင့်စီရင်း သားသားဦးတော်လေးဆိုကာ ဦးချတတ်သူလေး။ ပုဂံက ပြန်လာပြီးချိန်ကစလို့  တီဗွီကြည့်ရင်း အဆောက်အဦး ချွန်ချွန်တွေ့ တိုင်း ဦးတော်တွေလေ ဆိုကာ ဦးချတတ်သူလေး။ 
အဖွားတွေနဲ့ အတူ အခင်းလေးတွေခင်း လို့ အခင်းပေါ်ထိုင် ဘုရားရှိခိုးတတ်ပြီးနောက်  ဖျာလို အခင်းသေးသေးတွေတွေ့ တိုင်း ထိုင်ကာ ဦးချတတ်ပါသေးသည်။  ခြေသုတ်ခုံပေါ်လဲထိုင်ဦးချတတ်၏။ သူ ၁နှစ်ကျော်ကျော်က မှတ်မှတ်ရရအဖြစ်တစ်ခုပါ။ ကျမတို့ မျက်မှန်ဆိုင်သို့ မျက်စိစမ်းရန်သွားခဲ့စဉ်ကပါ။ ကျမတို့ သုံးယောက် ဆိုင်ထဲရောက်ဆို သားက ဆိုင်အလယ်သို့ အပြေးသွားကာ ဒူးကလေးထောက်ထိုင်ပြီး ဦးချပါတော့သည်။ သူ့ ရှေ့မှာက မျက်မှန်ကောင်တာတွေပဲရှိပါသည်။ ကျမတို့ က ပြုံးမိသွားသလို ဆိုင်က ၀န်ထမ်းက ဝေခွဲမရတဲ့ အကြည့်နဲ့ ကြည့်လို့ ။ ကျမတို့ သေချာ ကြည့်မိတော့မှ အဖြစ်မှန်ကို သိရပါတော့သည်။ ဆိုင်အလယ်တွင် ခင်းထားသည့် ကြွေပြားလေးပြားက ပန်းဒီဇိုင်းနှင့်ဆိုတော့ သူ့ အမြင်မှာ ဘုရားရှိခိုးစဉ် ခင်းသည့် အခင်းလို့ ထင်ပုံရပါသည်။ ထို့ ကြောင့် ကြွေပြားလေးပြားအလယ်မှာထိုင်ပြီး မှန်ကောင်တာများကို ဦးချခြင်းဖြစ်ပါသည်။
ဦးချလျှင်လည်း ကျမတို့ သင်ပေးထားသည့်အတိုင်း ထိခြင်းငါးပါးအပြည့်ဖြင့် ပီပီပြင်ပြင် ချတတ်ပါသည်။ ငယ်ရွယ်သူကိုယ်ပိုင်အသိကလေးဖြင့် ဘုရားကိုဦးတည်လို့ မဟုတ် ပုဂံမှ ဘုရားများလိုအထင်ဖြင့် တွေ့ သမျှ အဆောင်အဦးချွန်ချွန်ကို သော်လည်းကောင်း၊ အခင်းသေးသေး ပုံစံတူကိုပေါ်ထိုင်လို့ သော်လည်းကောင်း ဦးချတတ်ခဲ့၏။ မည်သို့ သော အကြောင်းဖြစ်ပါစေ ကျမတို့ ကျေနပ်ခဲ့ကြ ပီတိဖြစ်ခဲ့ကြပါသည်။ 
ယခုသော် သားလေး ကောင်းကောင်းသိသွားသလို ဗုဒ္ဓ ပူဇေမိ၊ ဓမ္မံ ပူဇေမိ၊ သံဃံ ပူဇေမိ ရွတ်ပြီး ဦးချတတ်နေပြီ ဖြစ်သလို ကျန်းမာကြပါစေ ကိုလည်း သူ ရွတ်တတ်သလို .. ကျန်းမာမမစေ…လို့ ညတိုင်း မပျက်မကွက် ဆုတောင်းတတ်ပါပြီ။ ရေချိုးတိုင်း ကျမက ပထမတစ်ခွက်ကို ဘုရားရေလို့ ရွတ်ရင်း လောင်းလိုက်၊ ဒုတိယခွက်ကို တရားရေ၊ တတိယခွက်ကို သံဃာရေ၊ မိဘရေ၊ ဆရာရေလို့ ငါးခွက် ရွတ်ဆိုလောင်းပေးပြီးမှ ကျန်တာဆက် ချိုးပေးခဲ့သဖြင့် ယခုဆို သူ့ ဟာသူ ရွတ်ရင်း ချိုးတတ်နေပါပြီ။ ဘုရား၊ တရားနဲ့ မဝေးသူလေးပါ။
ထိုကဲ့သို့ ဘုရား တရားသိတတ်လှသည့် ခလေးအပေါ် ဘာကြောင့်များ အဆိုးတွေး တွေးနေမိပါလိမ့်။ ကျမကို ကျမ စိတ်တိုနေမိပါသည်။ စိုးရိမ်စိတ်လွန်အတွေးဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မည်။ သူ ၏ ကောင်းသော အလုပ်အတွက် ကောင်းသောကံလေးရှိနေမှာ တွေးမိတော့ စိတ်ပါ့ပါးသွားပြန်ပါတော့သည်။  
ကျမအသိကောင်းလေးဝင်လာတော့ တဖန် နောက်တမျိုးဝင်လာပြန်ပါသည်။ ယခုချိန်ထိ ကျမမှာ စိတ်အေးချမ်းမှု မရှိသေးပါ။
အတွေးတွေ ပျံ့ လွင့်တော့ အသိလေးပြန်ကပ် ဘုရားစာပြန်ရွတ်။ တစ်ခါ အတွေးကပြန်ရောက်  အသိပြန်ဝင် ပြန်ရွတ်ဖြင့် စိတ်ကို ထိန်းနေရပါသည်။ သို့ သော် စိတ်ကို ထိန်းရခက်မှန်း ကိုဟိုးအရင်ကတည်းက အတွေးများသူမို့ ကိုယ့်ဟာကို သိခဲ့ပါသည်။ ခုလောက် ခက်မှန်းတော့ ခုမှ သိရတော့သည်။ ဘယ်လောက် အသိ သတိရှိရှိ စိတ်က လွင့်တုံး တွေးတုံးသာပင်။ 
ကျမ တကယ်ကို ထိုသို့ တွေးနေမိပါသည်။ ငါ့ကြောင့်…ငါ့ကြောင့်…ငါ့ကြောင့်…ကျမကိုယ် ကျမ သိပါသည်။ ဆိုးခဲ့ဘူးသလို တစ်ခါတစ်ရံ ဆိုးဆဲပါ ။ ထို့ ကြောင့်လည်း ငါ မိဘ မောင်ဖွားတွေပေါ် ဆိုးခဲ့တာများ သားလေးပြန်ခံစားရမလား..ဟု တွေးရင်း ပူပန်လာပြန်ပါသည်။ ငါ့နှယ်နော် မဆီမဆိုင်..ဟု စိတ်က ရောက်ပေမဲ့ တကယ်ကို တွေးမိပါသည်။ မဖြစ်ပါစေနဲ့ ..မဖြစ်ပါစေနဲ့ ..သာ တွင်တွင် ရွတ်ရင်း ဘုရားမှာ ဆုတောင်းနေမိပါသည်။  တစ်ခါတစ်ရံလည်း စိတ်ဆင်းရဲနေမိပါသည်။ ဘာကြောင့်မှန်းတော့ မရေရာခဲ့ပါ။
Sunday, August 14, 2011
ဝမ်းသာရင်း ကျေးဇူးတင်နေမိပါသည်... ( ၅ )
ဒီလိုန့ဲ ဒီမှာပဲ ခွဲစိတ်ဖို့ စိတ်ဆုံးဖြတ်ချအပြီး ၇.၅.၁၁ နေ့  စနေနေ့ ရောက်တော့ သားအဖေက ဆေးရုံသို့ သွားကာ စရံငွေပေးခဲ့ပြီး ခွဲမဲ့ရက် သတ်မှတ်ခဲ့ပါသည်။ ဆေးမှတ်တမ်းများလည်း တောင်းလာပါသည်။ (ဓါတ်မှန်အဖြေထဲမှာက Adenoids က ကြီးနေတယ်လို့ ပါတော့ တစ်ခါ Adenoidsကိုပဲ ဖြတ်ရမှာလား ဆိုသည့် အတွေးက ၀င်လာကြပြန်ပါသည်။ မရေမရာနဲ့  မသေချာဆဲ။ဆရာဝန်များနဲ့ ဆွေးနွေးသည့်နေ့ ကျမှပဲ သိရပေတော့မည်။)
 ၁.၆.၁၁ ရက်နေ့ ကို ခွဲ မဲ့အဖွဲ့ နဲ့ တွေ့ ဆုံပြီး သိလိုရာ၊ သိသင့်ရာ ဆွေးနွေးဖို့ နဲ့ ၃.၇.၁၁ရက်နေ့  နေ့ လည်မှာ ခွဲဖို့ ရက် အချိန် ရလာပါသည်။ ကျမတို့ ဝမ်းသာသွားပါသည်။ ၃.၆.၁၁ ရက်က သောကြာနေ့ ကျတော့ သားအဖေအတွက် ရုံးက ခွင့်ယူဖို့ လွယ်သွားပါသည်။ သောကြာ၊ စနေက ရုံးပိတ်ရက်မို့ နောက် ၂ရက် ၃ရက်သာ ခွင့်ယူရပါတော့မည်။
၃.၆.၁၁ ရက်က နေ့ လည်ပိုင်းပဲ ရနိုင်လို့ ၆.၆.၁၁ ရက်နေ့ ကို ပြောင်းလိုက်ကြောင်း ဖြစ်ပါသည်။ခလေးက မခွဲမီ ဘာမှ စားလို့ မရကြောင်း၊ နေ့ လည်ဆိုပါက တမနက်ခင်းလုံး မစားရလို့ ခလေးအတွက် အဆင်မပြေနိုင်ကြောင်းနဲ့ ၆.၆.၁၁ နေ့ က မနက်ပိုင်းမို့ ညပိုင်းကတည်းက အစာ မစားရတာ အိပ်ချိန်မို့ ခလေးအတွက် အဆင်ပြေကြောင်း ရှင်းပြပါသည်။ ကျမတို့ လက်ခံပါသည်။
သားအဖေက ဆက်ပြီး ၁၁.၅.၁၁ ရက်နေ့ လဲ ရတယ်ပြောတယ်။ဒါပေမဲ့ ဒီနေ့ ကို ၇ ရက်နေ့ ဆိုတော့ ရက်က ကပ်နေတော့ ဘာမှ အဆင်သင့် မဖြစ်သေးဘူးဆိုပြီး မယူခဲ့တာ။ ..လို့ ကျမကို ပြောပြပါသည်။ ကျမကလည်း အင်း..၁၁ ရက်နေ့ ကျ နီးလွန်းတယ်။ ခွင့် ပြောဖို့ နဲ့ ပြင်ရ ဆင်ရနဲ့  ။ ကောင်းပါတယ်..ရှေ့လထဲကျမှပဲ..။ 
ဒီလိုနဲ့ ကျမတို့ ၆.၆.၁၁ ရက်နေ့ ကိုပဲ ရွေးလိုက်ကြပါသည်။ အင်း..ဒီအတွင်း ဘာမှ ဆိုးဆိုးရွားရွား မဖြစ်ပါစေနဲ့ ဆုတောင်းနေရမှာပဲ။ ဘာမှ မဖြစ်နိုင်လောက်ပါဘူးနော်.. တစ်ယောက်ကို တစ်ယောက် အသံတိတ်မေးလို့ ... ကျမတို့ စိတ်မတင်မကျနဲ့ ပါ ။ ၆.၆.၁၁ ရက်နေ့ ဆိုတော့ နောက် ရက် ၃၀ ကို ဘယ်လိုများ ဖြတ်ကျော် စောင့်စားရမှာပါလိမ့်။
                        +                                              +                                              +
ပထမဦးဆုံး အဖြစ် သားအဖေက ရုံးမှာ ခွင့်ယူဖို့ ပြောရပါသည်။ ရက် သေချာသိလာပြီဖြစ်သဖြင့် ကြိုတင် စီစဉ်လို့ ရတာ စီစဉ်နိုင်ပါပြီ။ ဘော့စ် နှစ်ယောက်လုံးကလည်း ခရီးထွက်နေရာက ပြန်ရောက်နေပါပြီ။ အစီအစဉ်အားလုံး အသေးစိတ်ပြောပြတော့ မင်းတို့ တွေ အဲဒီ ဆေးရုံအပေါ် ယုံကြည်မှုရှိတယ်ဆို လုပ်ပါ။ ခွင့်အတွက် အလုပ်အတွက် ဘာမှ မပူပါနဲ့ ။ လိုတာရှိရင်လည်း ရုံးကိုပြောပါ။  ကိုယ် အဆင်ပြေ နိုင်လောက်သည်ထိ ရက်ယူပါ။ ခလေးအတွက် ကျန်းမာရေးက အရေးကြီးတယ်လေ။ နောက်ပြီး ခွဲပြီးရင် ခလေးကို အအေးစာ ရေခဲမုန့် ကျွေးခိုင်းလိမ့်မယ် ..ကအစ သူတို့ သိသမျှပါ ပြောပြလိုက်ပါသေးသည်။ စိတ်ပေါ့ပါးစွာ ကျေးဇူးတင်ရပါသည်။ လူပို မရှိသည့် ကျမတို့ မိသားစုမှာ ဒီအချိန်လေးတော့ နှစ်ယောက်လုံး သားအနား အနီးကပ်ရှိနေချင်ကြပါသည်။
သားအဖေက...ရုံးက မိသားစုအတွက် ပြုလုပ်ပေးထားသည့် ကျန်းမာရေး အာမခံရသည့် ဆေးရုံများကို သိတ်မကြိုက်လှသည့်အတွက် ကျမတို့ အမြဲကုသနေကျ အမေရိကန်ဆေးရုံမှာပဲ ကုဖို့ ဆုံးဖြတ်ထားကြောင်း ပြောပြခဲ့ပါသည်။
နောက်တစ်ခုက ရုံးမှာ တာဝန်ယူရသည်ကလည်း အမြဲမပြတ် ပိုပိုကောင်းနိုင်မည့် ဒီဇိုင်း အသစ်တွေ စဉ်းစား၊ ပြီး စက်တွေဆင်၊ တကယ်လည်း ဒီဇိုင်း တစ်ခု ပြီးတစ်ခု ပိုပို ကောင်းလာသဖြင့် အောင်မြင်လာခဲ့သည် ဆိုနိုင်ပါသည်။ထိုသို့  ဦးနှောက်ကို အမြဲမပြတ်သုံးနေရပြီး အသစ်အသစ်တွေ တီထွင်နေရသည့် အလုပ်သဘောကို ကြိုက်တာလည်းပါ ပါသည်။ )
ခွင့်စိတ်ကြိုက်ရပြီဖြစ်သဖြင့် တစ်ခုစိတ်အေးသွားရပါပြီ။ ကဲ..ဒီတော့ ဘာဆက်လုပ်ကြမည်နည်း။ဒီ ရက် ၃၀ အတွင်း…။ စောင့်ရုံ စောင့်ရုံ စောင့်ရုံ...။
+                                              +                                              +
ဒီအတောအတွင်း သားလေးကတော့ သိသိသာသာကြီးထွားလာသလို သိနားလည်လို့ လည်း လာပါပြီ။ အဖေနဲ့ အမေ အရိပ်အခြေကြည့်လို့ တစ်ခုခုမှန်း သူသိနေပါပြီ။ တစ်ခါတစ်လေ သူ့ ကို စိတ်မကောင်းတဲ့ အကြည့်နဲ့ များကြည့်မိပါက မိဘများ အနားကပ်လို့ …ဘာမှ ဖြစ်ဘူးလေ။ သားသားကြီး နေကောင်းတယ်လေ…တဲ့။ ရိပ်မိသလို တတွတ်တွတ်ရွတ်လို့ ။ 
တစ်နေ့ တစ်မျိုး စိတ်ကူးတီထွင်ဥာဏ်လေးနဲ့ ကားလမ်း၊ ရထားလမ်းလေးတွေ အဖြတ်အကျော် အထက်အောက် ကိုယ်တိုင် ဆက်လို့ ။ ပြီးကျ သူ့ လမ်းတွေပေါ် ကားတွေ ရထားရုပ်တွေမောင်းလို့ ။ အပြင်ထွက်ပါကလည်း တွေ့ သမျှ လက်ညှိုးထိုးမေးလို့ မဆုံး။ တစ်ခါပြောပြထားပါကလည်း ဘယ်တော့မှ ထပ်မေးစရာ မလိုအောင် မှတ်မိ၏။ နောက်တစ်ခါမေးလို့ များ အရင်အဖြေနဲ့ မတူပါက ချက်ချင်း ပြန်ပြင်တတ်၏။ ကျမမှာ သတိထားရင်း မဟုတ်တာမပြောမိအောင်၊ ဘယ်တော့မှ ပြီးစလွယ် မပြောမိအောင် ကြိုးစားရပါသည်။ စိတ်အစွဲကြီးတတ်သူပါ။ 
သူ ဘာကို စိတ်ဝင်စားသလဲ..သီချင်းလား..ဒါဆို ဂီတပေါ့။ တီဗွီလား..ဒါဆို အပျော်ပေါ့။ စာဖတ်ချင်လား..အရုပ်တွေကြိုက်လား ကားတွေကြိုက်လား…။ သူ့ အကြိုက်ကို ကြည့်လို့ ကြီးလာရင် ဘာလုပ်ချင်မလဲဆိုတာ သိချင်ပါသည်။ သို့ ဖြင့် လွှတ်ထားပါသည်။ သို့ သော် စောင့်ကြည့်ပါသည်။ အထူးသဖြင့် တစ်နေ့ ထက်တစ်နေ့ တိုးတိုးလာသည့် သူ့ အသိကို တွေ့ နေရသဖြင့် ဘာမှ တွန်းအားပေး မသင်ခဲ့ပါ။ ကြက်တူရွေးသင်၊ ကြက်တူရွေးရွတ်၊ ကြက်တူရွေးရ ဆိုတာမျိုး မဖြစ်စေချင်ပါ။ သူ့ ဟာသူ လေး တွေ့ ရှိ၊သိမြင် သင်ယူ စေချင်ပါသည်။ 
တကယ်တော့ ၃နှစ်ကစလို့ မူကြိုသွား ဆရာတွေသင်သမျှ လက်ခံ လိုက်နာ ကျင့်ကြံရပေတော့မည်။ နောက် ကျောင်းစာတွေ သင်ယူ၊ ပါတ်ဝန်းကျင်က သင်တာ လက်ခံရအုံးမှာ ဖြစ်သလို ပါတ်ဝန်းကျင်ကို ပြန်လည် သင်ပေးရတာတွေလည်းကြုံရပေအုံးမည်။ နောက်တော့ ရှေ့လျှောက် လူလောကကြီးထဲဝင်လို့ လူလောကကြီးအကြောင်း  သူ့ ဘ၀တလျှောက်လုံး မရပ်မနား သင်ယူရပေတော့မည်။ ထို့ အတွက် ဒီ၃နှစ်တာလောက်တော့ သူ့ ကို လွတ်လပ်ခွင့် ပေးထားချင်ပါသည်။ 
တပြိုင်နက်တည်း သူ့ ကို လေ့လာနေခဲ့ပါသည်။ သူလုပ်ချင်တာ လုပ် လွှတ်ထားပေမဲ့ လျစ်လျူရှုမထားခဲ့။ ထို့ ပြင် သူလုပ်ချင်တာဟူသမျှကို ဖြည့်ဆည်းပေးခဲ့သလို မလုပ်သင့် မပြောသင့်တာ ဟူသမျှကိုလည်း တားမြစ်ဆုံးမသွန်သင် တည့်မတ်ပေးခဲ့ကြပါသည်။  နံပါတ်၁အချက် အဖြစ် သားလေး ပုံမှန် ဖွံ့ ဖြိုးတိုးတက်နေပါသည်။ ပြုပြင်စရာ မလိုသေးပါ။ နောက် စဉ်းစားတတ် ဆက်စပ်တွေးခေါ်တတ် ပါသည်။ ၀မ်းသာရပါသည်။ 
အဓိကကတော့ ဘာကိုပဲတွေ့ တွေ့  တွေ့ သမျှကို အဖေ၊ အမေ ၊သူကိုယ်တိုင်တို့ နဲ့ ယှဉ်ပြောတတ်ခြင်းပင်။ မိသားစုလေးကို သိကာ ခင်တွယ် တန်ဖိုးထာတတ်တဲ့အတွက် အလွန်ပင် ကြည်နူးဖို့ ကောင်းပါသည်။
ဥပမာ..တီဗွီကြည့်နေစဉ် ငါးလေးတွေလာပါက ငါးအကြီးတွေကို ဖေဖေငါးနဲ့ မေမေငါးလို့ ပြောတတ်သလို အသေးလေးတွေကျ သားသားငါးလေ.ဟိုဟာက ကိုကိုငါးနဲ့ မမငါးဟု အမည်တတ်တတ်၏။ ကားရုပ်ရှင်ကြည့်ရင်တော့ ဖေဖေကား၊ မေမေကား၊ ဦးချစ်ကား၊ တီတီကား၊ဦးအောင်ကား၊ နှုတ်ခမ်းမွှေးနဲ့ ကားကျ ဘဘကားဟု သူသိသမျှ အမည်တတ်တော့၏။ ပါသမျှကားမှာ သူ့ အဆွေအမျိုးများချည်း။ အဆုံးစွန်ပြောရပါက သူဝမ်းသွားပါကလည်း ငုံ့ ကြည့်လို့ သားသားတုံးလေးတွေလေ..သေးသေးလေးတွေ..ဟု ဆိုတတ်သေး၏။
ဆိုပါမူ ခလေးသဘာဝ ခလေးတိုင်း ဒီလိုလေးတွေပါပဲဟု ပြောလာခဲ့ပါမူ.. ကျမတို့ သဘောက ကျမတို့ ၏ သားလေးကသာ ပြောတတ်၊ဆိုတတ်ပါသည်ဟု ဆိုလိုရင်း မဟုတ်ပါ။ အဘယ်ကြောင့်ဆိုပါမူ ကျမအတွက် သားက သားဦးဖြစ်ရုံမက ခလေးဦးပါဖြစ်သောကြောင့်ပင်။
 သားအဖေက သူ့ တူ၊တူမများနဲ့ နေခဲ့သူမို့ ခလေးများဖြင့် ထိတွေ့ သိခဲ့ရပေမဲ့ ကျမကတော့ တူ၊တူမများရှိပေမဲ့ အတူမနေခဲ့ရ၊ မထိမ်းကျောင်းခဲ့ရတော့ ဘယ်အရွယ်မှာ ဘာတွေသိ၊တတ်၊လုပ်ဆိုတာမျိုး အတွေ့ အကြုံမရှိ၊ မသိ။ သို့ ဖြင့်လည်း ကျမတို့ သားလေး နေ့ စဉ် ပုံမှန်ကြီးထွားဖွံ့ ဖြိုးနေပြီး သူ့ အသိဥာဏ်လေး တိုးတက် ၊ ကျန်းမာနေခြင်းတို့ အတွက် ၀မ်းသာပြော ပြောနေရခြင်းပါ။ နောက်တစ်ချက်က သူ အခု ခံစားနေရသည့် အသက်ရှူသံပြင်းသည်နှင့် ပုံမှန် ကြီးထွားမှုတို့  မသက်ဆိုင်သဖြင့်ပါ။ 
+                                                          +                                              +
ဒီလိုနဲ့ ၂ရက်၊ ၃ရက် လွန်လာတော့ ပြက်ခဒိန်ထဲ ရက် ၃၀ အလို အမှတ်က ၂၇ ကိုရောက်လို့ လာပါသည်။ ထုံးစံအတိုင်း ညနေဆို သားက အဖေနဲ့ စက်ဘီးစီးမြဲ..ညစာစားပြီးလျှင်တော့ အပျင်းပြေ မြို့ ထဲ သွားဆဲ။ သားဖြစ်သူကလည်း ညနေ နေ၀င်ပြီဆိုသည်နှင့် .. မှောင်သွားပြီ။မီးလာပြီ။ ၀ူးကြီးနဲ့ အပြင်သွားမယ်..ဆိုကာ တောင်းဆိုမြဲ..ပို့ ရမြဲ။
၁၀.၅.၁၁ ရက်နေ့ မန်းလေးက သူငယ်ချင်းနဲ့ အွန်လိုင်းက ပြောကြတော့ သူမက သတိပေးလာပါသည်။ ခလေးကို ခွဲရင် အားရှိနေစေဖို့ အားမွေးထားပေးဖို့ ပါ။ အလွန်တန်ဖိုးရှိလှသော သတိပေးစကားလေးပါ။ ကျေးဇူး အထူးတင်ရပြန်ပါသည်။ ရုတ်တရက် စဉ်းစားပါမူ ပုံမှန်လည်းကျွေးနေတာပါပဲဟု ထင်ရပေမဲ့ ခွဲပြီး ၁၀ရက်ခန့် အရည်သာ သောက်နိုင်မှာမို့ ထို ၁၀ရက်ကို ကျော်လွန်ရန် ခံနိုင်ရည်ရှိနေဖို့ အတွက် စဉ်းစားရပါပြီ။ 
သားအဖေ ရုံးက ပြန်ရောက်..ညရောက် ..ထုံးစံအတိုင်း ခလေးအကြောင်းပြောကြပြန်တော့ နေ့ လည်က မန်းလေးမှ သူငယ်ချင်းသတိပေးသည့် အကြောင်း ပြောဖြစ်ပါသည်။ ၂ဦးလုံး သဘောတူ လက်ခံပြီး အနည်းဆုံး ပုံမှန်ထက် မပိုခဲ့လျှင်တောင်မှ မလျော့စေဖို့ သတိထားရပါတော့မည်။ အကြောင်းတစ်ခုခုကြောင့် အစားပျက်ပြီး အားနည်းသွားတာမျိုး မဖြစ်စေရ။ ထို့ ပြင် အားဖြစ်စေမဲ့ ကြက်စွပ်ပြုတ်၇ည်လိုမျိုးကို အရင်က ဟင်းချက်ရာမှာသာ သုံးရာက စွပ်ပြုတ်အရည်ပါ တိုက်ဖို့ လိုမျိုး..စဉ်းစားကြည့်ကြပါသည်။ တကယ်လည်း နောက်ရက်ကစ ပိုပြီး ဂရုစိုက်ခဲ့ကြပါသည်။ 
သို့ သော် ညရောက်တော့ လုံးဝထင်မှတ်မထားတာ ကြုံလာရပါသည်။ သားက သူ့ ကုတင်လေးထဲမှာ သူ့ ဟာသူ အိပ်ချင်ပါသည်တဲ့.. တောင်းဆိုလာပါသည်။ ကုတင်ထဲမှာက သူ့ ကစားစရာများ ထဲ့ထားသည်မို့ အဖေဖြစ်သူက သား..ဒီထဲကြည့်အုံး၊ အိပ်လို့ မရသေးဘူး။ နောက်ရက်ကျမှ ရှင်းပေးမယ်.မနက်ဖြန်ကျမှ အိပ်နော်…ဆိုသော်လည်း မရပါ။ အိပ်ကို အိပ်ချင်ပါသည်တဲ့။ သားသား ကိုယ့်ဟာကို အိပ်မှာ..ချည်း တွင်တွင်ရွတ်ရင်း ပူဆာနေပါတော့သည်။ 
ကျမက ၀င်ပြီး ကဲ..ဒီလောက်အိပ်ချင်ရင်လဲ အိပ်…ဆိုကာ အထဲက အရုပ်များကို အပြင်မှာ ပုံရင်း အိပ်ရာပြင်ပေးလိုက်ပါသည်။ သူ့ အဖေက ချီပြီး ကုတင်ထဲ ချပေးလိုက်တော့ ခုန်ပေါက်ဆော့နေသေးသည်။ မခုန်ဖို့ ၊ ကောင်းကောင်းအိပ်ဖို့ ပြောတော့ လှဲချပြီး ဘယ်ညာလူးလိမ့်ဆော့တော့သည်။ ကျမက .. အလကား ဆော့ချင်လို့ တမင်လုပ်တာနေမှာ..ဆိုမိပါသေးသည်။ 
ခဏအကြာကျမတို့ ပါ အိပ်ဖို့ ပြင်တော့ သူပါငြိမ်လို့ အိပ်ပျော်သွားပါတော့သည်။ ခါတိုင်းကဲ့သို့ မကြာပဲ ဘယ်ညာ ၄။၅။ ၁၀ခါလူးအပြီး အသက်ရှူသံမှန်သွားပါတော့သည်။ ကျမမှာတော့ သူ့ ကို မြင်နိုင်မဲ့ အနေအထားကို ပြင်လို့ သူ့ ကိုသာကြည့်ရင်း အိပ်မပျော်နိုင်ခဲ့ပါ။
အမှန်တကယ်တော့ ကျမ၀မ်းနည်းနေမိတာပါ။ တစ်ခါမှ မခွဲဘူးတာပါသလို ၂နှစ်၇လနဲ့ မိဘတို့ နဲ့ ခွဲအိပ်ချင်နေပြီလား..။ အနောက်နိုင်ငံများမှာ ဆိုလျှင် ၆လဆိုရင်ကို ခွဲအိပ်ကြသလို ခွဲဖို့ လဲ အဆင်သင့် ဖြစ်နေပါပြီဟု ဆေးရုံက သင်တန်းပေးစဉ်က သိခဲ့ပါလျက်နဲ့ ငယ်သေးပါသည် တွေးနေမိပါသည်။
တကယ်တော့ ကျမ စိတ်တွေဆင်းရဲနေမိတာပါ။ ဘယ်လိုက ဘယ်လို အတွေးဝင်လာမှန်းမသိ ၀င်လာခဲ့သောကြောင့်ပင်။ သားလေးက ကျမတို့ ဆီက ခွဲခွာဖို့ အတိတ်နမိတ်ပြတာများလား..ဟုပင်။ ကျမ ဘယ်လိုမှ နေမရအောင် စဉ်းစားရင်း အိပ်မပျော်နိုင်သလို ဘယ်ညာလူးရင်း သားကို လှမ်းကြည့်ရင်း ညတာရှည်ခဲ့ရပါသည်။
မနက်အိပ်ရာက နိုးတော့ သားအဖေကို ညက အိပ်မရကြောင်းပြောပြမိပါသည်။ သားအဖေကတော့ ကျမကို သားနဲ့ တညလေးခွဲရတာနဲ့ ပဲ ဖြစ်နေလိုက်တာ..ဟုဆိုချင်ပုံရပါသည်။ သို့ သော် ကျမအတွက်က ခွဲအိပ်ခြင်း သက်သက်မဟုတ်ပါ.. ခွဲသွားဖို့ ...ဟု အတွေးတွေ များနေမိခြင်းပါ။ အယူသီးနေမိခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ကျမအတွက်ကတော့ ဒီအချိန်မှာ ဘာလေးပဲဖြစ်ဖြစ် အဓိပ္ပ္ပါယ်ကောက်ကာ တွေးနေမိတတ်ပါသည်။ 
သားကတော့ အိပ်ရာကပုံမှန်နိုးလို့ ။ ကျမက ချီရင်း..သားသား..ဒီညလဲ ကိုယ့်ဟာကို အိပ်အုံးမှာလားဆိုတော့ ..၀မ်းသာစွာ .. သားသားကြီး ကိုယ့်ဟာကိုအိပ်မှာ..ဟု ပြန်ပြောပါတော့သည်။ ကျမမှာ ပို စိတ်မကောင်းဖြစ်သွားပါသည်။ 
ညရောက်တော့ တကယ်ပဲ သူ့ ကုတင်ထဲမှာ အိပ်ဖို့ ပြင်ပါသည်။ သို့ သော် ဘယ် ညာလူးရင်း ခြေထောက်ထောင် ဆော့ရင်း ပါးစပ်က တောင်တောင်အီအီလျှောက်ရွတ်ရင်း မတ်တပ်ထရပ်ရင်း ခုန်ရင်း ပြန်လှဲချရင်း ဖြင့် နာရီဝက်ကျော်သည့်တိုင် အိပ်မပျော်သေးပါ။ အဖေလုပ်သူက .. ဆော့မနေနဲ့ ။ အိပ်မှာဆိုအိပ်…ပြောတော့.. သားသားကြီး အိပ်မှာလေ…လို့ ပြန်ဖြေပေမဲ့ ဆော့မြဲဆော့လျက်။
ခဏနေတော့ငြိမ်သက်ကာ အိပ်ဖို့ ကြိုးစားနေပါသည်။ မကြာပါ။ဗြုန်းဆို ထရပ်ပြီး .. မေမေသိပ်ပါ။ သားသားကို မေမေသိပ်ပေးပါ…ဟု ကျမကို ကြည့်ရင်း အော်ပါတော့သည်။ သားအဖေကတစ်ခုခုပြောဖို့ အချိန်မရခင် ကျမက ထပြီး သွားချီလိုက်ပါသည်။ နှုတ်ကလည်း.. အေးအေး မေမေသိပ်မှာပေါ့။ အေးအေး..ဆိုကာ တင်းတင်းဖက်ထားမိပါသည်။ ကျမအတွေးထဲမှာတော့ ကျမတို့ သားလေး ကျမတို့ ဆီပြန်လာပြီ..ဆိုကာ ပျော်နေမိပါတော့သည်။ ကျမ ၀မ်းသာသွားပါသည်။ စိတ်လဲ အေးသွားပါသည်။ ကျမမှာတော့ ကျမအတွေးနဲ့ ကျမ ကျေနပ်နေပါသည်။ သားအဖေကတော့ဘယ်လို တွေးနေမည်မသိပါ။
ဝမ်းသာရင်း ကျေးဇူးတင်နေမိပါသည်... ( ၄ )
၃.၅.၁၁ ရက်နေ့ ။မနက်ထ လုပ်စရာရှိတာလုပ်အပြီး ကွန်ပြူတာဖွင့်..ဖေ့ဘွတ်ဖွင့်။
တကယ်တော့ ကျမ အလွန်စိုးရိမ်နေခြင်းပါ။ ဘာကြောင့် ဘာကို တွေးပူနေမှန်းမသိပါ။ ကြီးမားတဲ့ ရောဂါမဟုတ်ဘူးဆိုတာ သိပါလျှက်နဲ့ ကို ပူနေမိသူပါ။ သူ့ ရဲ့ အားပေးမှုက သတိတချက် ၀င်လာပါသည်။ ဆရာဝန်ပြောလိုက်တဲ့ မိုင်နာပါ ဆိုတာကိုပါ သတိရရင်း ပူပန်မှုကို ပြန်ထိန်းမိပါသည်။ 
သို့ သော် ခဏတာပါ။ အတွေးက ပြန်ရောက်။ တွေးရင်း စိတ်က ပြန်ပူ၊ စိတ်ပူရင်း ပြန်တွေးနဲ့ လုံးချာလည်နေပါသည်။ နေ့ လည်ရောက်တော့ အဘူဒါဘီက ညီမငယ်  ဖုန်းဆက်လာပါသည်။ သူမက..
မကြီး..ညကလေ စဉ်းစားနေတာ။ညီမတူအတွက် ဘာလုပ်ပေးနိုင်မလဲလို့ ။ ကိုယ်ကလဲ ဘာမှ မလုပ်တတ်နဲ့ ။ အဲဒါ မကြီး..ဟို ငွေတွေကလဲ အများကြီးကုန်မှာဆိုတော့လေ..ညီမက အိမ်ကို မပို့ ရသေးတော့ လက်ထဲ လခကရှိသေးတယ်။လိုရင် ပြောနော် ဟို အားမနာပါနဲ့ ..ဟု ။
ကျမကလည်း ချက်ချင်း ရတယ်ညီမရေ။ ကျေးဇူးပါပဲ။ လိုချင် ရင်တော့ လိုမှာ။အတိအကျက ခွဲပြီးမှ သိရမှာဆိုတော့လေ။ အဲဒါ လိုခဲ့ရင်လဲ ရုံးကပဲ ယူလိုက်တော့မယ်။ အဆင်ပြေမှာပါ။ကျေးဇူးပါပဲ။ တကယ်ပြောတာနော်.။ အဲ ဒါထက် တကယ်လို့ ဘယ်တော့မှ တပြားမှ ပြန်မပေးရတော့ဘူးဆိုရင်တော့ ရသလောက်ယူချင်သား..လို့ ကျမက စလိုက်ပါသည်။ သူမကလည်း ချက်ချင်းပင် ထီထိုးထားတယ် မကြီးရေ..သန်းထီပေါက်လို့ ကတော့ ရတယ် ကြိုက်သလောက်ယူ ပေးမယ်လို့ ...ပြောပါသည်။ ကျမက အေးအေးဟာ ယူမယ်ဟာလို့ ...ပြန်ပြောရင်း တကယ်ပေါက်ပါစေ ဆုတောင်းပါတယ်.လို့ ဆုတောင်းပေးဖြစ်ခဲ့ပါသည်။ 
ညနေရောက်လို့ သားအဖေ ရုံးက ပြန်ရောက်..ခါတိုင်းနေ့ များလို သားနဲ့ စက်ဘီးသွားစီး..ပြန်ရောက်။ ပြန်ရောက်လာကြတိုင်း မေးနေကျ .. သားသား ဒီနေ့ လဲခဲ့သေးလား...ကိုမေး၊ သားကလဲ ဖြေနေကျ ... ဖေဖေက ရှေ့ကိုကြည့်ပါ ရှေ့ကို ကြည့်ပါလို့ ပြောတော့ တားတားကြီးလဲ လဲတွားရော...ကို နေ့ တိုင်းဖြေ။ စစီးတတ်ခဲ့ကတည်းက စီးရင်း တွေ့ သမျှကိုငေးလို့ အဖေက ဘေးနားက သတိအမြဲပေးနေရပါသော်လည်း ငေးမြဲငေး၊ တွေ့ ရာ တိုက်မြဲတိုက်၊ လဲမြဲလဲတဲ့...အဖေလုပ်သူက ပြန်လာတိုင်းပြောတတ်၏။
 ဒီလိုနဲ့ ပဲ ညနေတိုင်းကို ကျော်ဖြတ်လို့ ညရောက် ... ညစာစား။ စားပြီးတော့  အင်တာနက်ကနေ ယောင်းမကိုစောင့်။ မနေ့ က ရ၊မရ မသိရခင် လိုင်းက ထွက်သွားတော့ ရလား သိချင်နေမိပါသည်။
စောင့်ရင်းနဲ့ ဖုန်းထဲက ပြောဖြစ်ခဲ့သည်များကို သားအဖေကို ပြန်ပြောပြ။ ဘာပဲဖြစ်ဖြစ် မိဘများနဲ့ ဝေးနေချိန်မှာ ဒီလို မိတ်ဆွေများရှိနေသည်က အားရှိရပါသည်။ ကျေးဇူးတင်နေမိပါသည်။
            +                                                          +                                                          +
၎.၅.၁၁ နေ့ ရောက်တော့ မနက်လင်း လင်းချင်း မန်းလေးမှ သူငယ်ချင်းဆီ အီးမေးလ်ပို့ လိုက်ပါသည်။ပရင့်ထုတ်ပြီး အိမ်ကို ပေး ပေးဖို့ ပါ။ ချက်ချင်းမကြာပါ ပြန်လာပါသည်။ စိတ်ချပါ ထုတ်ပြီး နေ့ လည်စာပြန်စားရင်း  အိမ်ကို ၀င်ပေးလိုက်ပါမည်..ဟု။ ညီမငယ်ချောချောဆိုတာ ဟိုး အရင်ကတည်းက ကျမနဲ့ အိမ်ကြား ဆက်သွယ်ပေးသူ ၊ သတင်းပို့ သူ ၊ ယူသူ တစ်ယောက်ပါ။ ကူညီဖို့ အမြဲ အဆင်သင့်ဖြစ်နေသလို အမြဲတမ်းလဲ ချက်ချင်းကူညီပေးခဲ့သူပါ။ ကျေးဇူးတင်ရပြန်ပါသည်။ သူမက ခလေးအကြောင်း မေးလာပြန်တော့ ရှင်းပြရပြန်ပါသည်။ သူမသည် ကျမ ကိုယ်ဝန်စရှိစဉ်က စလို့ ယခုချိန်ထိ မပြတ်တမ်း ခလေးအကြောင်း၊ လူကြီးအကြောင်း အဝေးကနေ စိတ်ပူပေး၊ နှစ်သိမ့်ပေးသူ၊ အကြံဥာဏ်ပေးနေသူ ပါ။
သူမကတော့ အကြောင်းစုံသိသူမို့ ကျမကို မစိုးရိမ်ဖို့ အားပေးရင်း ကုသမှုနဲ့ ဆရာဝန်များအပေါ် ယုံကြည်ပြီးသားပဲ.. ဘာမှ ပူစရာမလိုကြောင်း ပြောလာပါသည်။
ဒီလိုနဲ့ ၆.၅.၁၁ ရက် သောကြာနေ့ ရောက်လာတော့ လုံးဝသီးမခံနိုင်စွာပဲ ညောင်ဦးက အစ်ကိုလတ်ဆီ ဖုန်းဆက်ပြောဖြစ်ခဲ့ပါသည်။ ယောင်းမကို ကြိုတင် ပြောခိုင်းထားသဖြင့် အစ်ကိုလတ်က နဲနဲသိနေပါပြီ။ သို့ သော် သူက..နေပါအုန်း ဘာဖြစ်တာတဲ့တုံး..လို့ ထပ်မေးလာတော့ ကျမ က Adenoidsကြီးလို့ တဲ့ အသက်ရှူရခက်နေတာ။အဲဒါခွဲရမယ်တဲ့။...ဆိုတော့ သူက ဟေ..ဟုတ်လား။ငါတော့ ငါ့လုပ်သက် ၁၆နှစ်အတွင်း Adenoidsကြီးလို့ ခွဲရတယ်လို့ တစ်ခါမှ မကြားဖူးဘူး။ အော် ဒီခလေးမှ လာဖြစ်ရတယ်လို့ ။ အေးပေါ့ဟာ လိုအပ်ရင်တော့ ခွဲရမှာပဲ။ဒါနဲ့ ငွေက ဘယ်လောက်ကုန်မှာလဲ။ အင်း မေးကြည့်တာပါ။ငွေကုန်လဲ လုပ်စရာရှိတာလုပ်ရမှာပဲ။ အေးအေး.ဒါနဲ့ ဘယ်တော့လဲ..လို့ မေးပါသည်။ ကျမ က မသိသေးဘူး။ ဆေးရုံကို သွားပြီး ရက် မချိတ်ရသေးဘူး။မနက်ဖြန်သွားမှ ရက်က သိရမှာ။..လို့ ပြန်ဖြေရင်း ကျမက ဒါနဲ့ ကိုလတ် အဲဒါကဆိုးလားဟင်။ ခွဲစိတ်ဆရာဝန်ကတော့ မိုင်နာပါလို့ ပြောတာပဲ..ဆိုတော့ သူက... 
အေးဟ..ခွဲစိတ်ဆရာဝန်တွေကတော့ ခွဲမယ်၊ဖြတ်မယ်၊လှီးမယ်၊ထုတ်မယ် ဒါသူတို့ အလုပ်ကိုး။ အဓိကကျတာက ခွဲတုံး အစစအဆင်ပြေအောင်လုပ်ပေးရတဲ့ မေ့ဆေးဆရာဝန်ပဲ။ နင်တို့ မခွဲမီ ဆရာဝန်တွေနဲ့ ဆွေးနွေးတဲ့အခါကျ မေးကြည့်ပေါ့။ ငါမြင်ကြည့်တာ လည်ချောင်းမှာ လုပ်ရမှာ ဆိုတော့ ခွဲတုံး အသက်ရှူလမ်းကြောင်းက လေ၀၀ရဖို့ လိုမယ်။ အဲဒါသူတို့ ဘယ်လို လုပ်မလဲဆိုတာ မေးကြည့်ဖို့ ။ နောက်ခွဲပြီးလို့ ၂ရက် ၃ရက်ကြာ ဒါဏ်ကြောင့် ယောင်နိုင်သလို ယောင်ခဲ့လို့ အသက်ရှူရခက်ရင် ဘယ်လို လုပ်ရမလဲဆိုတာရယ်..နောက်ပြီး ဘာတွေ ဆိုးကျိုးရှိနိုင်သလဲဆိုတာပေါ့။မေးထားတာ မလွန်ပါဘူး။ ဘာလို့ လဲဆိုတော့ လည်ချောင်းမို့ ..အသက်ရှူလမ်းကြောင်းမှာမို့ ။ပြင်ပကဟာ ခြေတို့ လက်တို့ ဆို ဘာမှ စိုးရိမ်စရာ မရှိဘူးလေ။ အေးပါဟာ..ငါကတွေးကြည့်တာပါ။ သူတို့ က ကြုံဘူးရင်ပိုသိကြမှာပါ။ အေး..လုပ်စရာရှိတာတော့ ဆွဲမနေနဲ့ မြန်မြန်သာ အဲဒီမှာပဲ လုပ်လိုက်ပါ..ဆိုကာ စကားဖြတ်လိုက်ပါသည်။ကျမလည်း အင်းပါလုပ်မှာပါ..လို့ ပြန်ပြောရင်း ဖုန်းဖြတ်လိုက်ပါသည်။
ကျမက ချက်ချင်းဆိုသလို သားအဖေကို အကုန် ပြန်ပြောပြလိုက်ပါသည်။ ကျမတို့ ၂ယောက်လုံး သူပြောသလို လည်ချောင်းခွဲစိတ်မှု၊ နောက် အသက်ရှူလမ်းကြောင်းဆိုတာတွေ ထပ်ခါစဉ်းစားရင်း စိတ်ပူလာပြန်ပါသည်။ မသိခင်ကထင်ရာတွေးလို့ ပူပန်မိသလို အကျိုးအကြောင်းသင့် သိလာပြန်တော့တစ်ခါ ပူလာပြန်ပါသည်။ 
ကျမက သားအဖေကိုပြောပြစဉ် ..Adenoids ခွဲရမှာလို့ ကိုလတ်ကို ပြောပြကြောင်း ဆိုမိတော့ သူက မဟုတ်ဘူးလေ..ဆရာဝန်ပြောတာက Tonsilsလို့ ပြောတာ။ ..ဟု ဆိုပါတော့သည်။ ဟင်.ဒါဆို သူငယ်ချင်းကို ဖေ့ဘွတ်ထဲမှာ ရေးကတည်းက ဘာလို့ မပြောတာတုံး။ဒါဆို အမှားကြီး ပြောမိတာပေါ့။ ဆရာဝန်ပေးတဲ့စာရွက် ဖတ်ကြည့်တော့ Adenoids က လည်ချောင်းအနောက်မှာ ရှိတာဆိုထားတော့ အသက်ရှူရခက်တာက Adenoids ကြောင့် မဖြစ်နိုင်ဘူးလား။ အဲလိုထင်လို့ ပြောလိုက်တာ။ဆရာဝန်ပြောတုံးက Tonsilsဆိုတာတော့ ကြားလိုက်တယ်။..ကျမ ဇဝေဇ၀ါဖြစ်သွားပါတော့သည်။ နောက်ပြီး ၀မ်းသာသွားပါသည်။
ကိုလတ်က .. Tonsils ဆိုရင်တော့ ခွဲဘူးသလို သိတ်မစိုးရိမ်ရကြောင်းနဲ့ လူတွေအတွက် လိုအပ်ပေမဲ့ မရှိလို့ လဲ အရေးမကြီးကြောင်း..ရှင်းပြသည်ကို သားအဖေအား ထပ်ပြောပြ လိုက်ပါသည်။ သားအဖေပြောသလို Tonsils ဆိုရင်ရော ဘာတွေသိသင့်သလဲ သိချင်သွားကာ ကိုလတ်ဆီထပ်ခေါ် လိုက်ပါသည်။
ကိုလတ်က ရယ်မောရင်း ..Tonsils ဆိုရင်တော့ လွယ်ပါတယ်။ ဒီမှာတောင်ခွဲနေကြတာပဲ။သူက ပါးစပ်ကတဆင့် ၀င်လာတဲ့ ပိုးတွေကို ကာဆီးပေးတယ်ဆိုပေမဲ့ မရှိလဲ သိတ်တော့ ပြသာနာမရှိပါဘူး။ အေးဟာ နင်က Adenoids ဆိုလို့ ငါကလဲ တစ်ခါမှ မခွဲဘူးလို့ ပါ။ Tonsils ဆိုရင် မခက်ဘူး။ ပါးစပ် အ၀နားတင်။ နာတာ ၊ စားရခက်တာ ဘာညာတော့ရှိမှာပေါ့။ ခလေးဆိုတော။့ ကျန်တာက အေးဆေးပါ။ ဒီမှာတောင် ဒီလိုပဲ ခွဲနေကြတာပဲ..အေးအေး ဘာပဲဖြစ်ဖြစ် လုပ်စရာရှိတာ လုပ်လိုက်ပါ။ငယ်တုန်း နုတုန်း...ဟု ပြောလာပါသည်။ 
ကျမ အင်မတန်မှကို စိတ်အေးသွားပါသည်။ သားအဖေပြောသလို Tonsils ပဲဖြစ်ဖို့ ဆုတောင်း မိပါတော့သည်။ သားအဖေကလည်း နဲနဲစိတ်အေးသွားပုံရပါသည်။
သို့ သော် ကျမတို့ နှစ်ယောက်စကားဝိုင်းက မပြီးဆုံးသေးပါ။ ကိုလတ်က အဲဒီမှာတောင် ခွဲကြတယ်ဆိုတော့ အိမ် ပြန်ပြီးခွဲကြရင်ကောင်းမလား။ အားလုံးဝိုင်းဝိုင်းဝန်းဝန်းဆိုတော့ ကိုယ်ရော ခလေးရော အားရှိတာပေါ့။ငွေကုန်လဲ သက်သာတာပေါ့။ခွဲပြီး ပြုစုတာလဲ အခက်အခဲမရှိတော့ဘူးပေါ့။ ..ကျမက အဆိုတင်သွင်းတော့ သားအဖေကလည်း...
အင်း..ကိုလတ်ပြောဖူးသလိုပေါ့။ကုန်စရာရှိလို့ သာ ငွေရှာနေကြတာပေါ့။ကုန်စရာမရှိရင် ရှာစရာလဲ မလိုဘူးပေါ့။ ငွေကိုသုံးတာမဟုတ်ပဲ ဖြုန်းတာမျိုး မဖြစ်ရင်ပြီးတာပဲ။အင်း..ခုလဲ ခလေးအတွက် အရေးအကြီးဆုံးကျန်းမာရေးအတွက် ကုန်ရတာပဲ..ဟု နှစ်ယောက်သား ပြန်လည်ပြောရင်း ဆုံးဖြတ်ချက်လဲ တစ်ခါတည်း ချလိုက်ကြပါတော့သည်။