Wednesday, September 25, 2013

မြွေဆိုး

တလောက အိမ်ပြန်တော့ ငယ်ငယ်က သူငယ်ချင်းတယောက်နဲ့ ပြန်ဆုံဖြစ်တယ်။ အိမ်နီးချင်း အတူဆော့ဖေါ် သူငယ်ချင်း နှစ်ယောက်ရှိခဲ့ဖူးတဲ့အထဲက တယောက်။ သူနဲ့ လက်ဖက်ရည်ဆိုင်မှာထိုင်ရင်း  အတော်ကြာအောင်ပဲ စကားတွေပြောဖြစ်ခဲ့တယ်။
ကျွန်တော် သူတို့နှင့် မတွေ့ဖြစ်တော့တာ တက္ကသိုလ် ရောက်စဉ်ကထည်းကပဲ။ ကျွန်တော်တက္ကသိုလ် ဒုတိယနှစ်လောက်မှာ အိမ်ပြောင်းဖြစ်တော့ ကျွန်တော်တို့ပိုဝေးသွားတယ်။ အခုတော့ အိမ်ထောင်ကိုယ်စီ၊ ကလေးကိုယ်စီဖြစ်နေပြီ။ မတွေ့ဖြစ်တဲ့နောက်ပိုင်းကနေ အခုအချိန် ကျွန်တော်တို့ရဲ့အကြောင်းတွေထဲက သိချင်တာတွေမေးကြ၊ ကိုယ့်အကြောင်းကို ဖြေနိုင်သင့်သလောက်ဖြေကြနှင့်။ ကောင်းတာတွေ၊ ဆိုးတာတွေကောဆိုပေမဲ့ အကုန်ခပ်ဖေါ့ဖေါ့ပေါ့။
ပြောနေရင်း ငယ်ငယ်က အကြောင်းတချို့ကို ပြန်သတိရပြီး ပြောဖြစ်တယ်။ သူလဲ ကျွန်တော့်လို ငယ်ငယ်က ဆော့ရင်းပျော်ခဲ့ရတာ သေချာပေါက်ပြန်တွေးမိနေမှာပါပဲ။ လေသံကအစ အပျော်တွေကိုယ်စီနှင့်။ ကျွန်တော်တို့ သုံးယောက်မှာ သူရယ် နောက်တယောက်ရယ်က အမျိုးတော်တယ်။ အိမ်နှစ်လုံးအတူဆောက်ထားတဲ့ သူတို့ ခြံဝန်းအကျယ်ကြီးဟာ ကျွန်တော်တို့သုံးယောက်အတွက်ဆော့ အကောင်းဆုံးနေရာ။ သူတို့အိမ်နဲ့ ကျွန်တော့အိမ်အကြားမှာ ခြံစည်းရိုးရှိပေမဲ့ ကူးဖို့လူတကိုယ်စာချန်ထားတယ်။ ကျောင်းပိတ်ရက်တွေမှာ ကျွန်တော်က အချိန်ပြည့်နီးပါး အဲဒီ့မှာ။
ကလေးသဘာဝ စိတ်ကူးပေါက်ရာဆော့ကြတာပဲ။ ခဏခဏတက်ခဲ့တဲ့ တမာပင်ကြီးပေါ် နွယ်တက်နေတဲ့ ဂွေးတောက်ပင်ကြီးဆို ပင်စည်က အဲဒီ့အချိန်တုန်းက ကလေးလက်အရွယ်နှင့် လက်တဆုပ်မက၊ မြေကလဲ အပင်စိုက်ကောင်းတဲ့မြေဆိုတော့ ဘယ်အစေ့ ဘယ်လိုစိုက်စိုက် ပေါက်တယ်။ အပင်တွေ ကိုယ်စီစိုက်ကြရင်း သူ့ခြံ ကိုယ့်ခြံလုပ်ကြတာ သူတို့အိမ်ဝိုင်းထဲမှာ ကျွန်တော့ခြံတောင်ရှိနေခဲ့သေးတယ်။
အခုနကပြောတဲ့ အိမ်နှစ်လုံးမှာ တအိမ်က ခြေတံရှည်အိမ်၊ ဒီတော့ နေပူတဲ့အချိန်ဆိုရင်တော့ အဲဒီအိမ်အောက်မှာ ကစားရတယ်။ အဲဒီ့အချိန်က ကျွန်တော်တို့ သုံးယောက်အတွက် ပိုအရေးပါတဲ့အချိန်။ အရုပ်တို့၊ သားရေကွင်းတို့၊ ကားချပ်တို့ ကုန်ကုန်ပြောရရင် မန်ကျည်းသီးပေါ်ချိန်ဆို မန်ကျည်းစေ့တို့ သူနိုင်ကိုယ်နိုင် ဆော့ကြတာ။ မန်ကျည်းစေ့လိုမျိုးကလွဲလို့ ကျန်တဲ့ ကားချပ်တို့ သားရေကွင်းတို့ကတော့ မုန့်ဖိုးကနေ၀ယ်ကြပြီးဆော့ရတာ။ အချင်းချင်းလဲ ကုန်သွားရင် ပိုက်ဆံနှင့် ပြန်ဝယ်လို့ရတယ်။ ဒီတော့ နိုင်ဖို့အသဲအသန်ဆော့ကြရတဲ့ပွဲ။
နှစ်ယောက်တယောက်ဖြစ်နေတဲ့အတွက် ကျွန်တော်ရှုံးမှာကိုတော့ သိပ်မပူရဘူး။ သူတို့နှစ်ယောက်က အမျိုးတော်ကြပေမဲ့ ကျွန်တော်နဲ့ ရွယ်တူ သူငယ်ချင်းက ဦးလေးဖြစ်နေပြီ ကျွန်တော်တို့ထက် တနှစ်ကျော်ကျော် ကြီးတဲ့နောက်တယောက်ကတူတော်တယ်တဲ့။ အဲဒါက သူတို့နှစ်ယောက် အချင်းချင်း မကျေနပ်ဖြစ်နေစေတဲ့အချက်။ ဒါ့ကြောင့် သူတို့နှစ်ယောက် ပေါင်းပြီး ဘယ်ကစားနည်းမှာမှ ကျွန်တော်အညစ်မခံခဲ့ရဘူး။
အဆော့အများဆုံးကတော့ မြွေကစားနည်းလို့ ကျွန်တော်တို့နာမည်တပ်ထားတဲ့ ကစားနည်း။အံစာတုံးလှိမ့်၊ အကွက်လေးတွေ ကို အံစာတုံးကျတဲ့ နံပါတ်အရေအတွက်အတိုင်းရွှေ့၊ ရောက်တဲ့အကွက်မှာ လှေခါးရှိရင် ဖြတ်လမ်းပေါ့၊ အကွက်အများကြီးကျော်တက်သွားပြီး၊ မြွေပါးစပ်ရှိတဲ့အကွက်ဆိုရင်တော့ ဆုံးတဲ့အကွက်အထိ တောက်လျှောက်ဆင်းပေတော့ပဲ။ မြွေမြိုတယ်ပေါ့။ အစွဲဆုံးကစားနည်း။  
လှေခါးနဲ့တက်ရရင်ပျော်ပြီး အကြောကြီးနဲ့ ပြောရသလို၊ မြွေမြိုရင်တော့ ဝိုင်းလှောင်ကြတာ ခံပေတော့ပဲ။ တာထွက်တူပေမဲ့ မကြာခင်မှာပဲ ကျွန်တော်တို့ သုံးယောက် ရဲ့ ကိုယ်စားနေရာ အ၀ိုင်းပြားလေးတွေဟာ အကွက်ထဲမှာ ပြန့်ကျဲသွားတော့တာပဲ။ တယောက် ပန်းတိုင်ရောက်သွားရင်တော့ တပွဲပြီးပြီ။  အမှန်ပြောရရင် ကိုယ်လှေခါးနှင့်တက်ရရင် ပျော်ရတာနဲ့ သူတို့မြွေကြောင့် အောက်ပြန်ဆင်းရရင် ပျော်ရတာ သိပ်ကွာလှမယ် မထင်ဘူး။
ဒါလိုဖြစ်နေတာ ကျွန်တော်တို့ သုံးယောက်လုံး အတူတူလို့ပဲ ထင်တယ်။ ကျွန်တော်တို့ သုံးယောက်အပေါ် အတော်ရက်စက်ခဲ့တဲ့ ကစားနည်းဆိုရမှာပဲ။ အခုလို သူငယ်ချင်းနှင့် ပြန်တွေ့ချိန်မှာ ဒီကစားနည်းနဲ့ ကစားခဲ့တဲ့အကြောင်း ဖြတ်ကနဲပေါ်လာသေးတယ်။ သို့ပေမဲ့ စကားမစမိ။ သူလဲ တစွန်းတလေတော့ ပြန်တွေးမိမှာသေချာပါတယ်။ သို့ပေမဲ့ ကျွန်တော်တို့ ပြောဖြစ်တဲ့ ငယ်ငယ်ကအကြောင်းတွေထဲမှာ ဒီကစားနည်းက ပါမလာ။
 အသက်အကြီးဆုံး သူငယ်ချင်းကတော့ မရှိရှာတော့ဘူး။ ဆုံးသွားတာ တနှစ်နီးပါးရှိသွားပြီ။ အရင်နှစ်အနည်းငယ်ကစပြီး သူကျန်းမာရေးချို့ယွင်းနေခဲ့တာ( လေဖြတ်သွားတယ်ဆိုပဲ။ ) သတင်းသဲ့သဲ့ ကြားခဲ့ရတယ်။ နောက်ပိုင်း ပြောဖြစ်တဲ့စကားတွေက ဟိုရောက်ဒီရောက်နဲ့ နောက်ဆုံး လက်ရှိ စီးပွားရေး၊ နေရေး ထိုင်ရေး စပ်မိစပ်ရာ ဆက်ပြောဖြစ်ခဲ့ပါတယ်။ အစောက ငယ်ငယ်က အကြောင်းတွေ ပြောရတာလောက် မကောင်းလှ။ နောက်တော့ တဖြေးဖြေးနဲ့ ပြောစရာ စကားမရှိတော့သလိုဖြစ်လာတယ်။ မကြာခင်ပဲ သူနုတ်ဆက်ပြီးပြန်သွားတယ်။
သူ့နောက်ကြောပြင်ကိုကြည့်ရင်းနဲ့ ထူးဆန်းတဲ့ခံစားချက်တခုပေါ်လာတယ်။ ခဏတာ စကားလက်ဆုံကျနေစဉ်မှာ  ဒီကစားနည်းကို ခေါင်းထဲ ထပ်တလဲလဲ ပြန်တွေးမိနေစေခဲ့တာ၊ နောက် သူလဲ ဒီလိုကစားခဲ့ကြအကြောင်း တွေးနေမယ်ဆိုတာ သေသေချာချာကြီးကို သိနေတာ၊ အဲဒါက ထူးဆန်းနေတာ။

 အထူးဆန်းဆုံးအချက်ကတော့ ( သူရယ၊် ကျွန်တော်ရယ်၊ ဆုံးသွားတဲ့သူငယ်ချင်းရယ်) ကျွန်တော်တို့ ဘယ်အသက်အရွယ်အထိ ဒီကစားနည်းကို  ဆက်ကစားနေဖြစ်ခဲ့ကြတယ်ဆိုတာ့ ဘယ်သူမှသေသေချာချာမသိခဲ့ကြ... ... ...




25/09/2013

(title : Credit to Ko A Yate )

Thursday, July 11, 2013

တနေ့တာ အတွေး ( ၁၁၊၀၇၊၁၃ )



             အသက် လေးဆယ်စွန်းလာမှပဲ ခေါင်းလျှော်ရည်ဝယ်ရင် ဗူးပေါ်ကစာကို သေချာဖတ်ဖြစ်တော့တယ်။ ဟုတ်တယ်..ကျန်တဲ့ကောင်လေးတွေကိုတော့ ညှာမှဖြစ်တော့မယ်  ..

            ကျားထိုးတဲ့အခါ သုံးတဲ့စကားလုံးအရဆိုလျှင် ကင်းဝင်သွားတဲ့ ဆံပင်တွေကလဲ မနည်းလှ၊ သိသိသာသာ ဖြူလာပြီ...


Tuesday, May 14, 2013

မေ ၁၃


ချက်ကြိုးဟာ

၁၃ မေ မှာတိကနဲပဲ 
                                                                       
ဒီလိုနဲ့

မွေးရပ်မြို့ငယ်လေးမှာ

အဖေက အနောက်ဖက်ထိပ်

အမေက အရှေ့ဖက်ထိပ်။




ဇာတ်ဆိုတာ

ထိုင်ကြည့်နေရသူ ခံစားရဖို့သက်သက်ပဲ

ပုံပြင်လေးကတော့

ဒါပါပဲကွယ်လို့ မပြုံးမရယ် သူပြောသွားတယ်။


NA
14/05/13

Wednesday, April 3, 2013

၁၁၅ မိုင်



အိမ်ကို ခွင့်ပြန်တိုင်း ရောက်ခဲဘိခြင်းဆိုတဲ့ ခံစားမှူ့မျိုး အမြဲပေးတဲ့ ခရီးအစိတ်အပိုင်းတခုရှိပါတယ်။ ရန်ကုန်အထိ လေယာဉ်စီးနေတဲ့အချိန်မှာ စိတ်ထဲမှာ အေးဆေးပဲ။ ရန်ကုန်မှာ တထောက်နား၊ တညအိပ်ဖြစ်အုံးမှာမို့ထင်ပါရဲ့။ ရန်ကုန်မှ မန္တလေးကို ကားစီးစဉ်၊ ရန်ကုန်ကနေ ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းအထိ လမ်းဟာ ကျွန်တော့အတွက် အခက်ခဲဆုံးလမ်း။ ခက်တာကတော့ ၁၁၅ မိုင်ကို ၁၁၅ မိုင်လို့ သိနေတာက စတာပါပဲ။


သွားနေကြဆိုတော့ ၁၁၅ မိုင်မှာနားပြီးလျှင် တီဗီမဖွင့်တော့၊ ကားခဏနားစဉ် ကလေးကို တခုခုလေးကျွှေးလိုက်လျှင် ကားပြန်အထွက်မှာ ဗိုက်လေးလေးနှင့် သားကအိပ်လေ့ရှိသည်။ ဒီတော့ ကျွန်တော်ကော၊ ဇနီးပါ အိပ်လို့ရပြီး မိသားစု မန္တလေးရောက်မှပဲ နိုးလေ့ရှိကြသည်။ အိပ်ပျော်တော့ သွားနေတဲ့ခရီးလဲ ခဏလေးဖြင့် ရောက်သွားသလိုလို...


မရောက်ခင်တော့ တီဗီအသံက ကျယ်၊ ဝမ်းကွဲအကိုနှင့် အမကို တွေ့ချင်စိတ်များနေတဲ့ သားကမအိပ်၊ သက်သာစေချင်တဲ့အမေက ဇွတ်သိပ်နဲ့။ ကျွန်တော်လဲ သူတို့နှစ်ယောက်ဆီ အာရုံရောက်လိုက်၊ တီဗီထဲ အာရုံရောက်သည့်အခါရောက်လိုက်နှင့်။


နောက်တော့ လမ်းဘေးမှာ တရိတ်ရိတ်ဖြတ်ကျော်နေတဲ့ မိုင်တိုင်တွေကို သတိထားမိလာပါတယ်။ ၃/၉၂.. ၄/၉၂ စသည်ဖြင့်။ ၇ ဖာလုံပြီးသွားရင် မိုင်ဂဏန်းနောက်တခုပြောင်း။ အစမှာတော့ အမယ် ၁၁၅ မိုင်တောင် နီးနေပါပကောလို့ ၀မ်းသာသွားတယ်။


ပျင်းပျင်းနဲ့ ကားမီးအရောင်ကြောင့် ကွက်ကွက်ကလေး မြင်နေရတဲ့ အလင်းရောင်ထဲက တရိပ်ရိပ်ဖြတ်ကျန်ခဲ့တဲ့ မိုင်တိုင်တွေကို ငေးနေမိတယ်ဗျာ။ တဖာလုံချင်း တရွေ့ရွေ့တက်နေတဲ့ မိုင်တိုင်ပေါ်က ဂဏန်းတွေ..တတိုင်ဖြတ်သွားပြီးရင် နောက်တတိုင်ကိုစောင့်၊ ဖာလုံ/မိုင်အမှတ် ဘာလာမယ်ဆိုတာ သေသေချာချာ ကြိုသိနေတဲ့ မိုင်တိုင်၊ အဲဒီ့မိုင်တိုင်ပြီးရင် နောက်တခုဘာလာမယ်ဆိုတာလဲ သေသေချာချာသိနေပြီ။


 ဒီလိုပဲ တခုပြီးတခု မဖြစ်မနေ ဖြတ်သွားလိမ့်မည်။ တခြားနည်းလမ်းမရှိ။ ရှေ့မှ ၇/၉၂ ကို ဖြတ်မသွားနိုင်လျှင် ၁၁၅ သို့ ဘယ်လိုနည်းနှင့်မျှ မရောက်။ ထို့အတူ ကျန်သောမိုင်ကို ၈ ဆ ပွားထားတဲ့ မိုင်တိုင်လေးတွေ တခုပြီးတခု ရောက်မလာခဲ့လျှင် ၁၁၅ သည်လည်း ရောက်လာတော့မည်မဟုတ်။


မိုင်တိုင်လေးတွေ တခုပြီးတခု စောင့်ကြည့်နေမိတော့ အရင်က အတော်မောင်းတယ်နောလို့ ပြောခဲ့ရသော အရှိန်ဖြင့် မောင်းနေသည့် ကားဟာ နှေးလာသယောင်ယောင်။ ကိုယ်လုပ်ရမည့်အလုပ် သေချာသိနေသူက သင့်တော်သော အရှိန်ဖြင့် မောင်းနေသောကားပ်ါမှာ ကျွန်တော်ဟာ စိတ်မရှည်ဖြစ်လာသည်။ အရှေ့ ခပ်လှမ်းလှမ်းမှာ  မြင်နေရသော ကားဆီ နီးကပ်လာပြီး ကျော်ဖို့မကြိုးစားတာကိုလဲ စိတ်ထဲဇနိုးဇနောင့်။ ( တကယ်တော့ သူ့လဲသူ့အမြန်နှုန်း နှင့်သူမောင်းနေတာဆိုတော့ ကျော်ဖို့မလွယ် )


စိတ်မသက်မသာဖြစ်လာတော့ ဒီမိုင်တိုင်တွေ ကြည့်နေရာက ရပ်ဖို့ပြင်တော့သည်။ တီဗီဖက်ကို အာရုံပြောင်း၊ ရသလောက်ဆော့နေသည့် သားဖက်ကို အာရုံလှည့်။ သို့သော် စိတ်ထဲမှာ အခုဆိုဘယ်မိုင်တိုင်ရောက်နေပြီဆိုတာ မသိမသာမှတ်နေသလိုပါပဲ။ ခနနေတော့ အတော်လေးရောက်နေလောက်ရောပေါ့ဆိုပြီး ဖြတ်ခနဲ ပြန်ကြည့်မိသည်။ စိတ်ထဲထင်နေသည်ထက် နည်းနေသော ဂဏန်း။ ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း အာရုံပြန်ပြောင်း။ ဒီလိုနှင့် သံသရာလည်နေတော့သည်။


ကားမီးတွေဖွင့်၊ မိုက်ကိုင်ပြီး မကြာမီ ၁၁၅ မိုင်မှာကားခဏနားမည်လို့ ကြေငြာချိန်မှာ အိပ်ပျော်နေသူတွေ နိုးလာကြပြီး အိပ်ရေးပျက်လို့ ညီးတွားသံတိုးတိုးတွေအကြားမှာ ကျွန်တော်လောက် ပျော်သောသူမရှိ။ ကျွန်တော့်မှာသာ ဒီဒုက္ခရှိနေပုံရသည်။


ကားတံခါးဖွင့်လိုက်တော့ အတူစီးလာသူတွေ သူ့အတွေးတွေနှင့်သူ စိတ်ကူးနှင့်သူ။ အပေါ့အပါးအတွက် ရေအိမ်ဆီ အသောနှင်သူကနှင်၊ မျက်နှာသစ်ဖို့ နေရာရအောင် သွက်သွက်လေးသွားသူသွား၊ ဆိုင်မှာ နေရာကောင်းရအောင် စားပွဲဦးသူကဦးနှင့်။


ကျွန်တော်က သွက်သွက်သွားနေသူ လူအုပ်အကြားမှာ သားငယ်ကိုလက်ဆွဲရင်း ဆိုင်ဆီကို အေးအေးဆေးဆေးပဲ လျှောက်လာနေမိသည်။ မန္တလေးသည် ဘယ်နှမိုင်မှာရှိသည်ကို သေချာမသိ၊ မသိချင်။ ကားပေါ်ပြန်ရောက်လျှင် သားငယ်အိပ်ပျော်တော့မည်။ ကျွန်တော်လဲအိပ်ပျော်မှာသေချာပါသည်။ ခရီးစဉ်လဲ တိုသွားပေလိမ့်မည်။


ခရီးသည်များ ကားမှဆိုင်ဆီ သွားနေသည့်အချိန်လေး ရောင်းပန်းလှရန် အဆင်သင့်ပြင်ထားသော အငွေ့တထောင်းထောင်းထနေသည့် မြေပဲပြုတ်ဗန်းတွေဆီ အာရုံအရောက်မှာ သားငယ်က ဆိုင်မှာမထိုင်ချင်ကြောင်း၊ ကားပေါ်ပြန်တက်ပြီး ကိုကိုနှင့် မမဆီ ဆက်သွားရအောင်လေ ပြောလာတော့ ကျွန်တော်ပြုံးမိလေသည်။

N/A
03/04/2013

Sunday, March 31, 2013

ကော်ဖီခွက်တခု အရင်းပြု၍



“ ဥာဏ်တော်လျှင် ရှေ့သွားမရှိခြင်းသည် မရှိ။ “

ကြည်ငြိုဖွယ် ဂုဏ်တော်တခုပါ။ ဆောင်ရွက်တာ၊ ပြောဆို ဆုံးမတာတွေထက်၊ တွေးတောကြံဆမှူ့တွေမှာပင် ဥာဏ်ကဦးဆောင်မှူ့ အမြဲရှိနေတဲ့သဘော။

သာမန်လူသားကျွန်တော်တော့ အခုအချိန်အထိ ရှေ့ကမရောက်နိုင်သေး။ များသောအားဖြင့်တော့ နောက်ကလိုက်နေဆဲပါပဲ။ လုပ်လိုက်တာ မှားသွားရင် စိတ်မကောင်းဖြစ်ရသလို၊ တခါတလေလေး လုပ်သင့်သလိုလေး မှန်မှန်ကန်ကန် လုပ်လိုက်မိလျှင် တွေးပြီးဝမ်းသာမဆုံး။


-------------------                      ------------------                              ------------------

ည ၉ နာရီမှာ ကျွန်တော်တို့မိသားစု ၃ ယောက် မပျက်မကွက်ကြည့်လေ့ရှိတာကတော့ MasterChef Australia  အစီအစဉ်ပဲ။ ဘယ်လောက်ကြည့်ဖြစ်လဲဆို သားငယ်က စပွန်ဆာလုပ်တဲ့ ချောကလက်မုန့်ကြော်ငြာမှ အာရပ်ဘာသာနှင့်အရှည်ကြီး တောက်လျှောက်ပြောသံကို အလွတ်ရပြီး တသွေမတိမ်းလိုက်ပြောတတ်နေပြီ။ ဘာပြောမှန်းတော့ နားလည်လှသည်မဟုတ်။

ပေးထားတဲ့အချိန်အတွင်းမှာ အပြိုင်အဆိုင်ချက်ကြတာကြည့်ရတာ သိပ်စိတ်ဝင်စားစရာ။ ဇနီးက အသားငါးတွေ၊ သီးနှံတွေလတ်ဆပ်ပြီး အမယ်စုံလှတာသိပ်သဘောကျပါတယ်။ တတောင်ကျော်လောက်ရှိတဲ့ ဆော်လမွန်ငါးလတ်လတ်ဆတ်ဆတ်ကြီးကနေ လက်တ၀ါးသာသာ အသားပြားကိုလွှာယူပြီး ကျန်တဲ့ငါးကို တဖက်တွန်းရွှေ့လိုက်လျှင် သူ့မှာစုတ်သပ်လို့မဆုံး။

စချက်ပြီး စားစရာများ ပုံစံတဖြည်းဖြည်းပေါ်လာလျှင် သားငယ်က ဖေဖေ၊မေမေ သားသားဗိုက်ဆာတယ် ပြောလာတတ်ပါတယ်။ ကြော်ငြာအလှည့်ရောက်ရင် သူစားဖို့ မုန့်ပေးမှငြိမ်တယ်။

ချက်ပြီးလို့ ဘယ်အစားအစာကပိုကောင်းလဲ ဆုံးဖြတ်ချိန်မှာတော့ ကျွန်တော့အလှည့်။ အစားအသောက်ပုံ၊ အဆင်း ဘယ်လောက်လှပကြောင်းတဖွဲ့တနွဲ့၊ မြည်းကြည့်ပြီး ဘယ်အနံ့လေးက ဘယ်လို၊ အရသာလေးကဘယ်လို၊ နောက် ကြွတ်ရွနေတဲ့ ဘယ်အပိုင်းလေး အစရှိသည်ဖြင့် တဖွဲ့တနွဲ့လုပ်လာလျှင်၊ ခေါက်ဆွဲ ထပြုတ်ရမလိုလိုဖြစ်လို့ဖြစ်၊ စားစရာတွေသိမ်းတဲ့နေရာနား မျက်စိက တဝေ့ဝေ့။ နောက်ဆုံးတော့ ဒီအစီအစဉ်လာပြီဆိုတာနဲ့ ကော်ဖီတခွက်ဖျော်ပြီး လက်ထဲအသင့်ကိုင်ထားမှ အဆင်ပြေပါတော့တယ်။

            အစီအစဉ်ပြီးချိန်၊ လက်ထဲက ကော်ဖီကုန်ချိန်မှာတော့ သားငယ်က ခွက်ကလေးလာယူပြီး ဆေးတဲ့နေရာ သွားထားပေးတတ်ပါတယ်။ တခါတလေ တခြားအာရုံရောက်နေချိန်မှာ မေ့နေတတ်ပေမဲ့ များသောအားဖြင့်တော့ သူပဲသွားထားပေးတတ်တာပါပဲ။ အသေးအဖွဲပေမဲ့ သူ့အရွယ်လေးနဲ့ သိတတ်တာ၊ လုပ်ပေးချင်စိတ်ရှိတာ ပီတိဖြစ်မဆုံး။

            တနေ့က ကော်ဖီအကုန်မှာ သူက ပုံဆွဲနေလို့ “ သားသားရေ၊ ဖေဖေ့ ကော်ဖီခွက်သိမ်းပေးပါအုံး” လို့ ပြောလိုက်တော့ “ ဟုတ် ”  ဆိုပြီးလာယူပါတယ်။ ပုံဆွဲနေတဲ့အထဲ စိတ်ကသန်နေတော့ အမြန်ပြေးသွားပြီး အထားမှာ ခွက်က လွတ်ကျပြီး ကိုင်းကျိုးသွားပါတယ်။

                     အိုး.. ဆိုပြီး မျက်လုံးလေးပြူး၊ ငိုခါနီးလုပ်နေကြ လက်နှစ်ဖက်နှင့် ပါးစပ်လေးပိတ်က ကျွန်တော်တို့ဖက် လှည့်ကြည့်ပါတယ်။ မျက်နှာငယ်ငယ်လေးမှာ ၀မ်းနည်းနေသောစိတ်ကလေးက အထင်းသား။
            သူ့ကိုသနားစိတ်နဲ့ လွတ်မကျအောင် ဘယ်လိုဘယ်ညာ လက်ချာမရိုက်တော့ပဲ ကိုင်းကျိုးလေးကို လက်ညိုးညွန်ပြီး ရယ်သံနဲ့ ဟေဟေး..ဖေဖေ့ကော်ဖီခွက် ကိုင်းလေးကျိုးပီ ဆိုပြီးသီချင်းလိုလို ကဗျာလိုလို ကျွန်တော်စရွတ်ပါတယ်။ ဒီတော့ အမေဖြစ်သူကလဲ နောက်က လက်ခုပ်တီးပြီး လိုက်ဆိုပါတယ်။ ဒီတော့မှ မျက်နှာငယ်လေးက ချက်ချင်းဝင်းလာပြီး ပြုံးကာ ပျော်သံအပြည့်နဲ့ သူလိုက်ဆိုပါတယ်။

            နောက် ဇနီးသယ်က ကိုင်းကျိုးသွားတဲ့ ခွက်လေးကို သိမ်းဖို့အသွားမှာ သားငယ်က ပျော်ရွှင်ကျေးဇူးတင်စွာနှင့် သူ့အမေကို အားရပါးရ ပြေးဖက်ပါတယ်။ဇနီးသယ်က  အသင့်ဝယ်ပြီး သိမ်းထားတဲ့ ခွက်အသစ်နှစ်ခွက်ကိုထုတ်လာပြီး ဒါက ရှင့်ဖို့ အပြာ၊ နောက်ပန်းပွင့်နဲ့ ခွက်အသစ်က သူ့အတွက်တဲ့။ သူ့အရင်ခွက်ကို ရေနွေးကြမ်းသောက်ဖို့ထားမယ်တဲ့။ ၀ယ်ထားတာကြာပြီဖြစ်တဲ့ ခွက်အသစ်တစုံ အခုမှပဲ နေရာရတော့တယ်။

 ခဏနေတော့ သားငယ်ကျွန်တော့ဆီရောက်လာပြီး သူနဲ့ချတမ်းကစားဖို့ပြောပါတယ်။ ကုတင်ပေါ်မှာ သားအဖနှစ်ယောက် ကစားနေတုန်း သားငယ်က မသိမသာ ကျွန်တော့ကို၂ခါခိုးနမ်းတယ်။  ကျွန်တော်လဲ မသိသယောင်ယောင်။ သားအဖနှစ်ယောက်က ဒီနေရာမှာတော့ တဖြတ်ထဲပဲ၊ ရှက်တက်တက်ရယ်...

Sunday, March 24, 2013

လက်သွေးခြင်း..


မရေးတာ ကြာလာတော့ ပြန်စဖို့ဆိုတာ တော်တော်ခက်တာပဲ။ ဟိုလိုလိုဒီလိုနဲ့ တနေ့ပြီးတနေ့ ကုန်သွားရော..
မှန်တာပြော ဘလော့ကြပါစေဗျာ...

N/A  ( ၂၄၊၃၊၁၃ )